မီ နှင့် သူမ၏ ကမ္ဘာ သုံးလွှာ

Me and her three worlds

 

ယနေ့ နံနက် က မီ အိပ်ရာထ နောက်ကျလေသည်။ အကြောင်းအရင်းက မနေ့က တနေ့လုံး ည ၈ နာရီ ခွဲထိ ၁၂ နာရီကျော်ကြာ အစည်းအဝေး ၃ ခု ဝင်ရလို့ပင်။ ဒီနေ့ ကားမောင် ပြန်ရန်မှ အပ လုပ်စရာထွေထွေထူးထူးလဲ မရှိတော့ နားနားနေနေပင် အိပ်စက်ဖို့ စဉ်းစားမိလေသည်။

 

၁၀ နာရီခွဲတွင် သိမ်းမည့် မနက်စာကို ၁၀ နာရီ ၁၅ တွင်မှ ကတမ်းကတန်းထ ကာ မျက်နှာ သစ်၍ သွားစားရလေသည်။ ထုံးစံအတိုင်း အလုပ်မရှိသော နေ့များတွင် မနက်စာကို အီလေဆွဲစားတတ်သည်မှာ မီ့ အကျင့်။ မကောင်းမှန်း သိပေမင့် မီ သည်လောက်တော့ အနားယူဖို့ ထိုက်တန်သည်ဟု ကိုယ့်ကိုကိုယ် ဆင်ခြေပေးလေသည်။

 

မနက်စာ စားပြီး ပြန်လာတော့ ရေကူးကန်နားအရောက်တွင် ကျေးငှက်တို့၏ တီတီတာတာ သံသာများ ကြားရလေသည်။ ရေကူးကန်ထဲသိုပ တသွင်သွင် တငြိမ့်ငြိမ့် ရေကျသံသည် ရေကူးကန်ပတ်လည်တွင် စဥ့်အိုးပုံစံ ရာဝင်အိုးများနှင့် လုပ်ယူထားသော ရေပန်းငယ်လေးမှ လာ၏။ ရေကျသံ ပလုံပလုံ နှင့် ကျေးငှက်သံ တီတီတာ သည် အင်မတန် ပနာကျလှသည်ဟု မီထင်မိလေသည်။ ရေကူးကန်ဘေးတွင် ထိုင်၍ စာအုပ်လေး ဘတ်ရသော် ကောင်းမလားဟုပင် တွေးမိ၏။ နောက်ဆက်တွဲ ရေပါကူးလိုက်ရင်ကော…….သို့သော် ၅ နာရီကြာ မောင်းရဦးမည့် ကားလမ်းကြောင်းတွင် အိပ်ငိုက်မည် စိုးသဖြင့် မီ့ စိတ်ကူး ဖျက်လိုက်ရသည်။ ရေကူးထားလျှင် အကြောအချင်များ ပြေ၍ အိပ်ငိုက်မည် မဟုတ်လား။ သို့သော် တငြိမ့်ငြိမ့်တိုက်လာသော လေညှင်းလေးများ၊ ကျေးငှက်တို့၏ ဘာသာဘာဝ မြည်ကျူးသံလေးများ နှင့် ရေကူးကန် ပတ်လည် သြကာသသည် အင်မတန်မှ နားနေချင့်စဖွယ် ဖြစ်နေပေတော့သည်။ မီသည် စိတ်ကို မနည်း ပိုင်းဖြတ်ကာ ………မီ့ အိပ်ခန်းရှိရာ အဆောင်ကြီး သို့ ဝင်လိုက်လေတော့သည်။

 

အဆောင်ခန်းမကြီးထဲ ခြေချလျှင် ချခြင်း ပထမဆုံး ခံစားမိသည်မှာ ပြင်ပ နှင့် မတူသော အပူချိန်ပင် ဖြစ်သည်။ အုတ်တိုက်၏ အေးစိမ့်ခြင်း နှင့် လေအေးပေးစက်၏ ထိန်းညှိပေးထားသော အပူချိန်သည် ခန်းမကြီးထဲ မအေး မပူ အနေအထားလေးကို ဖြစ်စေ၏။ လူတွေများ သူများဆီက ပိုက်ဆံရှာနိုင်ဖို့ ရှာကြံစဉ်းစားတတ်လိုက်တာ ဟု ကန့်လန့်တိုက် တွေးမိသော မီပင် အော် သူတို့က ဧည့်သည်တွေ နေရထိုင်ရ ကောင်းအောင် သက်တောင့်သက်သာ ရှိအောင် စေတနာ ထား တွေးပေးတတ်ပါလား ဟုပင် အကောင်းမြင်လာရသည်။ ခန်းမတလျောက် လှမ်းလျောက်လာရာတွင်လည်း တေးသံ ငြိမ့်ညောင်း သာယာသံများက မကျယ်လွန်း မတိုးလွန်း လှမ်းလျောက်ရာ ခြေလှမ်းတိုင်း ပါလာသလို ခံစားမှုကို ပေးလေသည်။ ခန်းမထောင့်ကျယ်များ၏ သန့်ရှင်းခြင်း သပ်ရပ်ခြင်း အမှိုက်တစ မရှိခြင်းများက ၂၄ နာရီ တပတ်လုံး အဆက်မပြတ် အလေးထား ဆောင်ရွက်မှုကိုလဲ ပြသေး၏။ မြန်မာ စီမံခန့်ခွဲမှုနှင့် နိုင်ငံခြား စီမံခန့်ခွဲမှု ကွာခြားချက်ပင်။ မီ သည် တိုင်းတပါးကို အထင်မကြီးတတ်ပေ။ ယဉ်ကျေးမှု တလေ့ထုံးစံကို မြတ်နိုးတတ်သော သူပင်။ သို့ရာတွင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာ နှင့် စည်းကမ်းရှိမှု၊ ကြီးမြတ်သော စိတ်ထား ရှိမှု၊ ကောင်းသော အလေ့ကို အတုယူမှု တို့၏ ကွာခြားချက်ကိုတော့ မီကောင်းကောင်းနားလည်သည်။ ဤသည်ကိုလည်းပဲ တိုင်းတပါးကို အထင်ကြီးသောကျွန်စိတ်ဟု မီမမြင်၊ တိုးတက် ထွန်းကားလိုသောစိတ်၊ နိုင်ငံကြီးသား ပီသသော စိတ်အခြေ ဟုသာ မီထင်လေသည်။ စည်းကမ်းသည်ပင် လူ၏ မူလ တန်ဖိုး ဖြစ်သည်မှလား။ စည်းကမ်းရှိမှလဲ တိုးတက်ပေမည်။ ဤသည်ကား စာအုပ်ထဲမှာ ဘတ်ရှု သိမြင်လာသော စာတွေ့မဟုတ် နိုင်ငံများစွာ လည်ပတ်သွားလာရာမှ မီရခဲ့သော ကိုယ့်တွေ့ အသိအမြင်ပင်။

 

မြောက်များစွာသော ကော်ရစ်တာ ထောင့်ချိုးများကို ဖြတ်ပြီးသည့်အခါတွင်တော့ မီ့ အိပ်ခန်းလေးရှိရာ လျောက်လမ်းလေး သို့ရောက်ခဲ့ပေပြီ။ သို့တိုင်အောင် မီ့မှာ ရေကူးကန်ဘေးတွင် ကျေးငှက်သာရကာများ၏ တေးသံကို နားဆင်ကာ စာဘတ်၍ ခေတ္တအနားယူရမလား၊ အိပ်ခန်းထဲပဲ ပြန်ကာ အပြန်အတွက် အဝတ်များ ထည့်ရမလား ဝေခွဲမရဖြစ်ဆဲ။

 

သို့သော် အခန်းတံခါး ဖွင့်လိုက်သည်နှင့် တပြိုင်နက် အအေးဓါတ် စိမ့်စိမ့်လေးက မီ့ကို ထွေးပွေ့ကြိုလေသည်။ (ထွေးပွေ့ ဟုသော စကားရပ်သည် နွေးထွေးမှု ကိုသာ သုံးလေသလား၊ အေးစိမ့်သော ထွေးပွေ့မှုကော မရှိနိုင်ဘူးလား……မီ စာအများကြီး ဘတ်ရန် လိုပေသေးသည်) မီ အခန်းထဲက မထွက်ခင် အအေးကို ၂၃ ဒီဂရီ စင်ဒီဂရိတ် ထားခဲ့သည်ကိုး။ မီသည် အအေး အင်မတန်ကြိုက်လေသည်။ နှစ်ရှည်လများ ဆေးစွဲသောက်ခြင်း၏ အကျိုးဆက်ပင်၊ မီ့ ကိုယ့်ခန္ဓာ အပူချိန်က သာမာန်လူ အဖျားတက်နေသလောက်ရှိလေရာ ညညတွင် မီသည် အိပ်သောအခါလည်း အဝတ်မကပ်ပေ။ လေအေးပေးစက်ကို အေးစိမ့်နေအောင် ဖွင့်ကာ စောင်ခြံထူထဲ ကွေးဝင်အိပ်စက်တတ်တာ မီ့အကျင့်။ ဒီဟိုတယ်ကိုလဲ မီအထူးသဖြင့် ကြိုက်နှစ်သက်သည်မှာ အိပ်ခန်းအတွင်း အသုံးပြုထားသော အမန်နတီများခေါ် မွေ့ရာ စောင် နှင့် ခေါင်းအုံးများ ဖြစ်သည်။ ခေါင်းအုံးများ ဖြစ်ပါသည်။ အများစုကို ဖော်ပြသော နာမ်ပင်။ သာမာန်အုံးနေကျ ခေါင်းအုံး လေး အုံးအပြင် သရိုးပီလို ဟုခေါ်သော ဆက်တီသုံး ခေါင်းအုံးသေးသေးလေး ၃ လုံးပါပေသေးသည်။ မီ့ ကုတင် ကျယ်ကြီးသည် ခေါင်းအုံးများ နှင့် ပြည့်နေကာ မီ့ ခန္ဓာကိုယ်လေးသည် စောင်အောက်တွင် ဖုံးကွယ်ပျောက်ရှနေသော ခံစားချက်ကို မီသိပ်ကြိုက်လေသည်။ ကမ္ဘာလောကကြီးကနေ ဘယ်သူမျှ လိုက်မရှာနိုင်အောင် ပုန်းကွယ်နေနိုင်သော ခံစားချက်မျိုး။

 

ထို့နောက် မီ ဖုန်းကလေးဖြင့် မီ ကြိုက်နှစ်သက်ရာ တေးသံလေးများ ဖွင့်ကာ စောင်ခြံအောက်ထဲ တိုးဝင်၍ ထွက်ခွာချိန် မနီးမခြင်း ခန ထပ်နှပ်ရန် အိပ်ရာပုံအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

 

အော်…..လူဖြစ်ရကျိုး နပ်လေစွ။

 

၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၈ ခု

ဟီလ်တန် ဟိုတယ်

နေပြည်တော်

၁၁ နာရီ ၂၇ မိနစ်

တက်ပမ်းနေပြီ

မောလှပါပြီလေ။ ဘဝကို ဒီလောက် ပင်ပင်ပန်းပန်း ရုန်းကန်ရတာ၊ တနေ့တနေ့ ဘာအတွက်လဲလို့ ကိုယ့်ကိုကိုယ် ခုတလော မကြာခဏ မေးမိနေတဲ့ မေးခွန်းတခုပေါ့။

ကိုယ်တို့တွေ နေ့တဓူဝ စားဖို့အတွက်၊ အမိုးအကာ (နေဖို့အတွက်)၊ ဝတ်ဖို့ အတွက် စတဲ့ အခြေခံ စားဝတ်နေရေး အပြင် တခြား အပို လိုချင်တာတွေအတွက် တနေ့တနေ့ ငွေနောက်ကို လိုက်နေရပါတယ်။ ကိုယ့်ကိုပဲ ကြည့်၊ နိုင်ငံရပ်ခြားမှာ မိကွဲ သူငယ်ချင်းကွဲ လာနေရတယ်။ ပြန်မေးကြည့်တော့ အလုပ်ထက် ငွေကပဲ အဓိက ဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင် လုပ်ငန်းက လက်ရှိရုံးမှာတော့ ဒီ့ထက် ပိုတိုးတက်ဖို့ မရှိတော့ဘူး။ အဲ့တာအပြင် လက်ရှိ လုပ်နေရတဲ့ အလုပ်တွေက တနှစ်နဲ့ တနှစ် ပုံစံ တူချည်းပဲ၊ လုပ်ငန်း သဘာဝ အရ စိန်ခေါ်မှု မရှိတော့ဘူး။ ပုဂ္ဂလ အနေနဲ့လဲ တိုးတက်ဖို့ မရှိတော့ သလို အသစ် သင်ယူမှုလဲ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် မပြစ်ခွာနိုင်သေးဘူး။ ကိုယ့် ဝင်ငွေ ကို မီခိုနေတဲ့ မိသားစုတွေအတွက်၊ ကိုယ့် လိုအင်တွေအတွက် ကိုယ် ဖက်တွယ်ထားရတယ်။ အဲ့တော့ ဘာဖြစ်လာသလဲ ဘဝ က ပိုပို မောလျလာတယ်။ ခုတော့ တနေ့ တနေ့ အလုပ် ကနေ အိမ်ပြန်တဲ့ အခါနွမ်းလျအိမ်ပြန် ဆိုတဲ့ စကားအသုံးအနှုန်းရဲ့ အဓိပ္ဗါယ် ကို ပိုမို နားလည် ခံစားနိုင်လာခဲ့ပြီ။

အိပ်မက်တွေလား ကိုယ့်မှာ ရှိတာပေါ့။ ရည်ရွယ်ချက် ဆိုတာ ထက် အိပ်မက် လို့ပဲ ကိုယ်က နာမည် တပ်ချင်ပါ တယ်။ ရည်ရွယ်ချက်ဆိုတာက ဖြစ်မြောက် အောင်မြင်ရမယ့် အချိန်ကာလ တခုရှိမယ်၊ အကောင်အထည် ဖော်နိုင် ဖို့ လုံလလဲ လိုတယ်။ ကိုယ်ကတော့ ဖြစ်ချင်စိတ်ပဲ ရှိတာ ဇွဲ မရှိခဲ့ဘူး။ ဖြစ်ချင်လဲဖြစ် မဖြစ်လာရင်လဲ ကျရာနေရာ မှာ အရုပ်ထင်အောင် နေခဲ့တယ်။

ငယ်ငယ်က အဆို ဝါသနာပါတဲ့ အတွက် ဝတ္ထုတွေ ဘတ်ပြီးတော့ အထဲက ဇာတ်ကောင်လို စားသောက်ဆိုင် တခု ခုမှာ သီချင်းဆိုတဲ့ လူတယောက် ဖြစ်ချင်ခဲ့ဘူးတယ်။ တနေ့လုံး အိပ်၊ စာအုပ်တွေဘတ်၊ စားချင်တာကို စားချင်တဲ့ အချိန်မှ စား၊ ထချင်တဲ့ အချိန်မှ ထ၊ အထိန်းအကွပ်မရှိတာ မျိုးမဟုတ်ဘဲနဲ့ လွတ်လပ်မှု ရှိတဲ့ ဘဝမျိုး လိုချင်ခဲ့ဖူး တယ်။ ညနေဘက်ကျတော့ ကော်ဖီဆိုင်လိုမျိုးမှာ ဂစ်တာလေးတီးပြီး သီချင်းဆို သုံးလောက်ယုံ လစာလောက်နဲ့ အသက်ရှုတာထက် အသက်ရှင်တာ ကို ပိုလိုချင်ခဲ့ဖူးတယ်။ ဆယ်ကျော်သက်အရွယ်လေ အိပ်မက် ရဲရဲမက်ခဲ့တာ
ပေါ့။ ဘဝ က ဘယ်လောက် ရုန်းကန်ရတယ် မွန်းကြပ်မှုတွေဘယ်လောက်များတယ် ဆိုတာ ဘာဆို ဘာမှ မသိခဲ့ အရာရာ ပေါ့ပေါ့တွေး ပေါ့ပေါ့နေ ခဲ့တာ။

ခုတော့လဲ ဘဝ က အရာရာ မောပန်းမွန်းကြပ်လှချည့်ရဲ့ လို့ မညည်းချင်ပေမယ့် ကိုယ်ထွက်ပြေးချင်တယ်။ လုံးလုံး
တော့ လွတ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ်ဖြစ်အောင် လုပ်မယ်။ အနည်းဆုံး ကြိုးစားမယ်။ ကိုယ်မလုပ်ချင်တာတွေ
တော်တော်များများကို ငွေအတွက်တောင်ဖြစ်အောင် ကိုယ်ကြိုးစားခဲ့ ဖူးတာပဲ။ ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ အတွက် ဘာ့ကြောင့် မကြိုးစားနိုင်ရမှာလဲနော်။

ခုတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ။ အလုပ်ထွက်မယ်။ အိပ်မက်နောက်ကို လိုက်မယ်။ တနှစ်လောက်တော့ အနည်း
ဆုံးပေါ့။ ဖြစ်မလာတော့ကော ဘာအရေးလဲ တနှစ်လို့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် အလုပ်ပြန်ရှာ မှာပေါ့။ ကိုယ် ရည်မှန်းထားတာတွေဖြစ်မလာတော့လဲ တနှစ် ကိုယ်နားရမယ်၊ စာအုပ်တွေ ကို တဝကြီး ဘတ်ဖို့
အချိန်ရမယ်။ အေးအေး လူလူ နားရမယ် စားချင်တာတွေ ချက်စားမယ်။

ကိုယ်နားမယ်။ တကယ်ပြောတာ။ မောင်ကပြောတယ် နားတဲ့ မောင်ရှာ (လျှာ) ကျွေးမယ်တဲ့။

A Chen
4:39PM
Saturday
25th Feb 2012
Phavina Hotel,
Rayong, THAILAND

ချစ်မိသွားခြင်း (၁၆ရက်နေ့ မေလ ၂၀၁၁ ခုနှစ်)

ချစ်မိသွားခြင်း

လူတယောက်ကို သူ့အကြောင်းဘာမှ မသိဘဲနဲ့၊ အပြင်မှာတောင် လူကိုယ်တိုင်မမြင်ဘူးဘဲနဲ့….ချစ်တတ်ပါသလား? ချစ်တတ်တယ်ဆိုရင်တော့ ကိုယ် မင်းကိုချစ်နေမိပြီ….“xxx” ကိုယ်မင်းကို မောင်လို့ မခေါ်ချင်ဘူး။ ကောင်လေး လို့မခေါ်ချင်ဘူး၊ ကိုလို့မခေါ်ချင်ဘူး (မင်း က ကိုယ့်ထက် အသက်ကြီးမကြီးမသိလို့) ချာတိတ်လို့လဲ မခေါ်ချင်ဘူး၊ ကိုကြီး လို့လဲ မခေါ်ချင်ဘူး…….ဘာလို့လဲဆိုတော့ အဲ့ဒီနာမ်စားတွေက မင်းနဲ့မတိုင်ခင် ကိုယ်တွေ့ခဲ့တဲ့ သူတွေအကုန်လုံး ကို သုံးခဲ့ဖူးပြီးပြီ။ ကိုယ်စဉ်းစားရတယ်…….အော် ခုတော့လဲ ကျယ်ဝန်းပါတယ်ဆိုတဲ့ မြန်မာစကား ကိုယ့်အတွက် နာမ်စားတလုံးတောင် ရှားနေခဲ့ပြီ။ ကိုယ်မင်း ကို သူလို့ခေါ်ရမလား…..။ ကိုယ်တခါမှ ဘယ်သူ့ကို မှ မခေါ်ဘူးတဲ့ နာမ်စားတလုံးပေါ့။ ဒါပေမယ့်လဲ ခေါ်ခွင့် ရှိမရှိမသေချာတဲ့ ဘဝမှာ ကိုယ်မင်း ကို ဝေးဝေးကနေပဲ ချစ်ပါ့မယ်

မင်းရဲ့ ဇင်ယော်တောင်လို တဝက်တပျက်လိုလို ဖြစ်နေတဲ့ မျက်ခုံး မှုန်မှုန်လေးကို ကိုယ်ချစ်တယ်၊ ယောက်ျားလေးတန်မဲ့ရှိနေတဲ့ မင်းရဲ့ ဘယ်ဘက်ပါးပေါ်က စံပယ်တင်မှည့်လေးကိုချစ်တယ်၊ အမေဘေးမှာ ရှက်ပြုံးနဲ့ ဓါတ်ပုံ အရိုက်ခံတတ်တဲ့မင်းကိုချစ်တယ်…..မင်း ညာဘက်နှုတ်ခမ်းအောက်နားက မှည့်လေး ကိုလဲ ချစ်တယ် ပြောရမယ်ဆိုရင် မဆိုစလောက် အနည်းငယ်လေး ပွနေတဲ့ မင်း နှာခေါင်းလေး ကိုလဲ ကိုယ်ချစ်ပါတယ်….

မင်းက ဘယ်လိုလူမျိုးလဲ…စိတ်ထား ဘယ်လိုရှိမလဲ….ရည်းစားရှိလား ချစ်သူရှိနေပြီးသားဖြစ်မလား…. ကိုယ်ဘာမှ မသိပါဘူး…..ဘာနဲ့ကျောင်းပြီးတာလဲ ဘာအလုပ်လုပ်နေလဲ……ဘယ်လို လူမျိုးတွေနဲ့ မင်း ပေါင်းသင်း သလဲ….ဘယ်လိုလူမျိုးကို မုန်းတတ်လဲ…..ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကို ကိုယ်ချစ်တယ်…….မင်းအချစ်ကိုလဲ ကိုယ်မလိုချင်ပါဘူး ကိုယ်မင်းကိုချစ်တာ က မွေးပွဝက်ဝံ ရုပ်ကလေးကို ချစ်သလိုမျိုး…..ဖန်အရုပ်လှလှလေးကိုချစ်သလိုမျိုး…..ဆွတ်ပျံ့ ကြည်နူးဖွယ်ညနေ တခုကို ချစ်သလိုမျိုး…နေဝင်ချိန်ကို ချစ်သလိုမျိုး….မှောင်နေတဲ့ညမှာ တခါတခါလင်းတဲ့ ကြယ်လေးကို ချစ်နေသလိုမျိုး….လင်းလုလု အာရုံ ကိုချစ်သလိုမျိုး……..ငွေနှင်းဖွေးဖွေးလေးတွေကို ချစ်သလိုမျိုး…….မိုးဦးရဲ့ မိုးစက်မိုးမှုန်လေးတွေကို ချစ်သလိုမျိုး……..

ခုတော့ ဖဘ ပေါ်က မင်းပုံလေးကို ခွင့်ပြုချက်မရဘဲ ဒေါင်းလုတ်လုပ် ကိုယ့် ကွန်ပျူတာ မှာ ဒတ်စ်စတော့ပ် စခရင် အဖြစ်တင်ထားတာ သိရင် မင်း ကိုယ့်ကို ခွင့်မလွှတ်လိုက်ပါနဲ့…….မင်း ကိုချစ်မိကတည်းက အပြစ်တွေပြည့်နေခဲ့ပြီးသားကိုယ်ပါ

ဒါပေမယ့် စကားကြီးစကားကျယ်ပြောရရင်တော့ လူ့အခွင့်အရေးကြေငြာစာတမ်း အချက် နံပါတ် (၁၉ ) မိမိ၏ အယူအဆ ကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အရ ကိုယ့် အချစ်ကို မင်းလိုချင်ချင် မလိုချင်ချင်…သိချင်ချင် မသိချင်ချင် တုန့်ပြန်ချင်ချင် မတုန့်ပြန်ချင်ချင်….ကိုယ့်အချစ်ကို ကိုယ် လွတ်လပ်စွာကြေငြာပါတယ် ကြေငြာချင်ပါ တယ် ကြေငြာရဲပါတယ်….

ထပ်ပြောမယ်နော်……
မင်းကိုကိုယ် ………….ချစ်တယ် တုံ့ပြန်ရန်မလို ………..မတုံ့ပြန်ရင်တော့…………

A Chen
10:23 Am
16th May 2011
Monday
Home
Bangkok

new year resolution….what the F…?

i don’t know why
why this is happening to me
i am good at what i do, no really any particular problem at work
love life is cool (in fact so cool)
family life stable
friends love me
but i am not happy
sometime i feel ups and downs
mostly ups but when down really down
may be just one of those time in every month
huuuuuuuu
where is my god damn tampons……….

မနေ့က…

မနေ့က…ကိုယ်ဘာလုပ်တယ်ထင်လဲ…?

မနေ့က…
ဘန်ကောက်မြို့ကြီး ရေလျှံမတတ် မိုးတွေရွာလိုက်တာ
(ရေတိမ်မြူပ်တယ် ဆိုတာ ဒါများလားလို့တောင်
ကိုယ်စဉ်းစားမိသေးတယ်)
တိမ်တွေဆိုတာလဲမဲပြီးမှောင်လို့
ဝမ်းနည်းနေတဲ့ ငါ့အတွက်
ကောင်းကင်ကြီးက ကူပြီး ငိုကြွေးပေးနေတာလား
ဒီလိုနဲ့ ကိုယ်လဲမိုးရေထွက်ချိုးလိုက်တယ်
ကိုယ်ဘာလုပ်တယ်ထင်လဲ…?

အလုပ်ကပြန်လာပြီး ကတည်းက
“ဝမ်းနည်းမိုးတိမ်” ကို
အခေါက်ခေါက်အခါခါ
အပြန်ပြန်အလှန်လှန်
နားထောင်နေမိတယ်
အရင်က နားနဲ့ ခံစားမိသမျှ
ခုတော့ ရင်နဲ့ ခံစားနေမိသလိုပဲ
“အချစ်တခု ကွဲပျက်” ဆိုတဲ့ စာသားလေးကို စိတ်ထဲစွဲမိလို့ပါ
အဲ့ဒီနောက်
ရေပန်းအောက်မှာ ထိုင်ပြီးအကြာကြီး “ငိုင်” နေမိပေါ့
ကိုယ်ဘာလုပ်တယ်ထင်လဲ…?

နောက်တော့ ကိုယ်မခံနိုင်တာနဲ့
ရေကူးကန် ကိုသွားပါတယ်
ရေကို
အခေါက်ခေါက်အခါခါ
အပြန်ပြန်အလှန်လှန်
ကူးနေမိတယ်
မောမှန်းမသိ ပန်းမှန်းမသိ
ရေကူးရင်းနဲ့ရော
ကိုယ်ဘာလုပ်တယ်ထင်လဲ…?

ကိုယ်အထိနာပါတယ်
တကယ်ပါ
ဒီလို….
ကိုယ်ခံစားနေရတာတွေ မင်းသိပါစ…?

(မောင့်အတွက် အမှတ်တရ)

A Chen
2:16 am
24th June 2010
Home
Bangkok

ကဲကဲကဲ ဘာတဲ့တုံး ဘယ်လိုတဲ့လဲ (ယုံချင်ယုံ မယုံချင်နေ —- ကိုယ်ကတော့မယုံဘူး)


မောင်အခုအလုပ်အဆင်ပြေအောင်လုပ်နေတယ်
သဲဆီပြန်လာချင်လို့လေ ပြီးတော့ သဲကိုအရမ်းလွမ်းနေတယ်
သဲကိုအရမ်းချစ်လို့ပြီးတော့စိတ်ပူလို့
မနက်မိုးလင်းရင်လူကကြောင်တောင်တောင်ဖြစ်နေတယ်
သဲအတွက် သွားတိုက်ဆေးထည့်ပေးတာရယ် ကော်ဖီဖျော်ပေးတာရယ်ကိုသတိရလို့
နေ့ခင်းဘက်ဖုန်းသံကြားရင် သဲကိုလွမ်းတယ်
သဲဖုန်းဆက်ပြီး ဆွိုင်ဟသွားပြီး သဲကြိုက်တဲ့သရက်သီးအချဉ်ရယ်
မာလကာသီးပျားရည်စိမ်ရယ် သဲအရမ်းကြိုက်တဲ့သီးစုံဟင်းချက်ဖို့
ဟင်းသီးဟင်းရွက်ဝယ်ရတာကိုလွမ်းတယ်
ညနေပိုင်းသဲပြန်လာရင် ပင်ပန်းလာတဲ့သဲကိုနှိပ်ပေးရတာလည်းလွမ်းတယ်
ညဘက်နှစ်ယောက်အတူတူ ထမင်းထွက်စားတာကိုလည်းလွမ်းတယ်
မအိပ်ခင်သဲအတွက်ကော်ဖီဖျော်ပေးရတာလည်းလွမ်းတယ်
ပြီးတော့XXXXXX ကိုလည်းလွမ်းတယ် ဇာတ်လမ်းလေးတွေနဲ့လေ
သဲပြောတဲ့ချစ်တယ်မောင်ရယ်ဆိုတဲ့အသံလေးကိုလည်းလွမ်းတယ်
သဲနှုတ်ခမ်းလေးကိုလည်းလွမ်းတယ်
ညအိပ်လို့မောင့်ဘေးမှာသဲမရှိတာလည်းလွမ်းတယ်သဲရယ်
မောင့်ဘေးနားမှာသဲမရှိတာ
မောင့်အတွက်တော့အရာရာဟာလွမ်းစရာတွေကြီးပဲပြည့်နေတယ်
စိတ်ချပါသဲ
မောင်တို့မြန်မြန်နီးဖို့ကြိုးစားကြမယ်
မောင့်ရင်ထဲမှာသဲတစ်ယောက်ပဲရှိတယ်
သဲကိုအရမ်းချစ်တယ်

လွမ်းနေတဲ့

သဲရဲ့

မောင်

Me Missing You

ဒီနေ့ ကိုယ့်အထက် အရာရှိ အိမ်ကိုလှမ်းဖုန်းဆက်မှ နိုးပါတယ်။ အကြောင်းက ဒီလိုလေ ပြီးခဲ့တဲ့ တနင်္ဂနွေက မောင် ပြန်မယ့် ရက် မို့လို့ စနေညက စပြီး မအိပ်ပါဘူး။ အလွမ်းသယ် ကြတယ်ပေါ့။ ပြီးတော့ တနင်္ဂနွေ တနေ့လုံး အိပ်ပါတယ်။ ညကျတော့ မအိပ်ဖြစ်တော့ ပြန်ဘူး။ မျက်လုံးတွေက တနေ့လုံးအိပ်ထားတော့ ကြောင်နေပြီလေ။ တနင်္လာနေ့ ကျတော့ ရုံးအစော ကြီးသွားလိုက်ပါတယ်။ တနေ့လုံး အလုပ်လုပ် (တော်တော်တောင်ပြီးသွားတယ်) ဒါပေမယ့် ညနေကျတော့ တခါတည်း အိမ်ရောက်တာနဲ့ အိပ်လိုက်တာ (အင်္ကျီတောင် မလဲနိုင်) အိမ်ဖော် အိမ်လာရှင်းတာလဲ မသိလိုက်။ တချိုးတည်းပါပဲ။ black out ဆိုတာကို မေ့လဲတယ်မသုံးပဲ ဒီနေရာမှာလဲ သုံးလို့ရရင် သုံးချင်ပါတယ်။ တကယ်ကို တခါတည်း “အသိစိတ်မဲ့” အိပ်ပျော် ခြင်း အဖြစ်ကိုရောက်သွားတာပါ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘာဆိုဘာမှမသိ။ အရာရာ နတ္ထိ။ မေ့ မှောက် မိုက် လဲ။

ပြန်ကောက်ရရင် မနက်ကျတော့ အထက်အရာရှိ ဖုန်းဆက်မှ နိုးပါတယ် (အဆူမခံရပါဘူး တော်သေးတယ်) သူက ကိုယ့်ကို သတိလှမ်းပေးတာပါ။ ဒီနေ့ ကိုယ့် အလုပ် ပါမစ် နဲ့ ဗီဇာ သက်တမ်း တိုးဖို့ရှိတယ်လေ။ သတိကရပါတယ် မနိုးတာ။ လူက တနေ့လုံး တညလုံး ကြောင် နေ၊ အူနေ၊ အူကြောင်ကြောင် ဖြစ်နေတာ။ မောင် ပြန်သွားကတည်းပါ။ အအိပ်လဲမမှန်၊ အစားလဲမမှန်၊ ရေတော့ မှန်မှန်ချိုးနေသေးလို့တော်သေးတယ် ဆိုရမယ်။ မဟုတ်ရင်တော့…။

အဲ့တာနဲ့ သွားနှင့်ပေါ့ အက်မင်ကို ကိုယ်တက္ကစီ (တက်ကစီ လို့ရေးရတာထက် ကကြီး နှစ်လုံး ဆင့်ရေးရတာ ပိုကြိုက်ပါတယ် ထားပါ) နဲ့လိုက်လာမယ်ပေါ့။ ပြီးတော့ ကျော်ပိုးအိတ်ကိုကြည့်တော့မှ မနေ့ က ပတ်စ် ပို့က အစက နီပေါလ် သွားမယ်ဆိုပြီး ဗီဇာ သွားယူခိုင်းထားတော့ ရုံးမှာ ကျန်နေတယ်။ သေရော။ အဲ့တာနဲ့ မထူးပါဘူး နောက်နေ့မှ သွားမယ်ဆိုပြီးတော့ ဖုန်းလှမ်းဆက်၊ တလက်စတည်း နေ့လည်တောင်ရောက်တော့မှာ ထမင်းစားပြီးမှ ရုံးသွားမယ်ပေါ့။ အဲ့တာနဲ့ လမ်းခုလတ်မှာ ရထားပေါ်ကဆင်းပြီး ပါရာဂွန် ဝင်ပါတယ်။ ဖူဂျီ ကိုမရည်ရွယ်ပဲ လျောက်သွားမိတယ်။ တခါမှ ဒီလို အသိမဲ့ လမ်းလျောက်ပြီး ရောက်သွားတာမျိုးမရှိဘူးဘူး။ (sleep walking) လဲမဟုတ်။ ကိုယ်လဲ အဲ့လိုရောဂါမရှိပါဘူး။ ခေတ်မှီအောင် သူများတွေလို ဘိုင်ပိုလာ တော့ရှိလားမသိ။

ဇာတ်လမ်းက ခုမှစတာပါ။ ဖူဂျီ ဆိုတာ ဂျပန်ဆိုင်ပါ။ မောင်နဲ့ ခဏခဏ ထိုင်နေကျ။ အရင်ပိုစ့် တွေမှာလဲရေးဖူးပါတယ်။ ရောက်သွားတော့ ဘာမှာရမလဲမသိဘူး။

အဲ့တာနဲ့ မောင်စားနေကျ salmon stake set ကိုမှာလိုက်ပါတယ်။ ငါးပဲစားချင်တာ။

ကိုယ်ကတော့ ထမင်းထက် ဂျပန် ခေါက်ဆွဲပိုကြိုက်တဲ့သူဆိုတော့ ကိုယ့်အတွက် Zaru Soba ဆိုတဲ့ ခေါက်ဆွဲအေးတမျိုးမှာစား ပါတယ်။ သူက ခေါက်ဆွဲ အအေးကို ဇာရူးဆောထ် နဲ့ စိမ်စားရတာမျိုးပါ။ ဆော်ထ်ထဲမှာမှ ဝါဆာဘီ ရယ် ကြက်သွန်မိတ်လေးတွေရယ် ထည့်ဖျော်ရပါတယ်။ ဝါဆာဘီ ပါတော့ ပူရှရှ အရသာလေးနဲ့ ခေါက်ဆွဲအေးက စားလို့ကောင်းပါတယ်။ ဂျပန်စာ ကြိုက်မိမှပဲ ကိုယ်လဲ ခေါက်ဆွဲကို အအေးစားတတ်နေပြီ။ တရုတ်တွေကတော့ ပူပူပဲစားကြတယ်လေ။

မှာထားတာတွေရောက်မလာသေးတော့ ကော်ဖီတခွက်အရင်မှာသောက်ပါတယ်။ အဲ့မှာ ဇာတ်လမ်းက စတာပဲ။

အရင်ကဆို မောင်က ကိုယ်မနိုးခင်နိုးပါတယ်။ ပြီးတော့ ကိုယ်နိုးပြီဆိုရင် ရေချိုးခန်း ဘေစင်မှာ တိုက်စရာသွားတိုက်တံက ဆေးဖြည့်ပြီးသား အသင့်ပါ။
ကော်ဖီက ထမင်းစားစားပွဲပေါ်မှာ အရံသင့်။ နေ့လည်ဆိုရင် ဖုန်းဆက်ပြီး “သဲ ဒီနေ့ ဘာစား ချင်လဲ” လို့မေးတတ်တယ်။ ပြီးရင် အိမ်နားက ညနေဈေးလေးကိုသွားပြီး ကိုယ်ကြိုက်တတ် တာတွေ ဝယ်ချက်ထားပေးတတ်ပြန်ပါတယ်။ တခါတခါတော့လဲ လင်မယားနှစ်ယောက် တူတူ ဈေးဝယ်ထွက်တတ်ပါတယ်။ ရုံးကနေ ကိုယ် အိမ်ပြန်ရောက်ရင် ပထမဆုံး ကိုယ့်လက်က အိတ်ကို လှမ်းယူပါတယ်။ စားပွဲပေါ်မှာ ရေခွက်က အသင့်၊ ပြီးရင် ကိုယ်က ရေသောက်ပြီးတာနဲ့ အိပ်ရာပေါ်ကို လှဲအိပ်ပြီး “မောင်ရယ် ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာ ခါး တွေကို ညောင်းကိုက်နေတာပဲ” လို့ ပြောလိုက်ရုံနဲ့ တက်နှိပ်ပြီးသားပါ။ ပြီးရင် ကိုယ်က ကွန်ပျူတာဖွင့် ပါလာတဲ့အလုပ်လေးတွေ လက်စသတ်။ ဘလောခ်လေး ဘာလေးရေး။ အဲ့အချိန်ဆို သူက အပြင်မှာ ကြော်လှော် ချက်ပြုတ် တကုတ်ကုတ်ပါ။ တခါတလေ ဘလောခ်တင်ချင်စိတ်၊ ချက်ချင်စိတ် ပေးလာမှ ကိုယ်က ချက်ပါတယ်။ များသောအားဖြင့် တော့ သူကချက် ကိုယ်က စားရုံပဲ။ စားပြီးရင်လဲ ကိုယ်က ဆေးစရာမလိုပါဘူး။ အကုန်ကို သူပဲလုပ်ပါတယ်။ maid က တပတ် ၃ ရက်ပဲလာတာဆိုတော့။ ပန်းကန်တွေကတော့ စားပြီး ရင် တခါတည်းဆေးလိုက်ပါတယ်။ ကိုယ်တယောက်တည်းနေလဲဆေးတာပါပဲ။ ကိုယ်က ညစ်ပတ်နေတာတွေရှိနေရင်မကြိုက်ပါဘူး။

ပြောရင်းနဲ့ အရင်ချိန်တွေကို ပြန်တမ်းတ ဖြစ်နေပြီ။ တကယ်ကလဲ မောင့်ကိုလွမ်းတဲ့အကြောင်း တွေရေးချင်တာပါ။ ညဘက်ဆိုလဲ မအိပ်ခင်ကိုယ်က တခုခုသောက်လေ့ရှိတော့ သူက ကော်ဖီ ဖြစ် ကော်ဖီ၊ အိုဗာတင်းဖြစ် အိုဗာတင်း တခုခု အမြဲဖျော်ပေးပါတယ်။ ညအိပ်ခါနီး ကိုယ်က ရေချိုးပြီးမှ အိပ်တတ်ပါတယ်။ မအိပ်ခင်ကို ချိုးရပါမှပါ။ သူ့ကိုလဲ အတင်းချိုးခိုင်းတတ် ပါတယ်။ သူကတော့ အိမ်မှာတနေ့လုံးနေနေရတဲ့ သူဆိုတော့ ချွေးတွေ ဘာတွေမထွက်ရင် မချိုးချင်ပါ ဘူး။ နည်းနည်း ပျင်းတတ်ပါတယ်။ ကိုယ်ကတော့ မရဘူး ချိုးရမှာ အိပ်ပျော်တယ်။ မချိုးရင် သူ့ကို တူတူပေးမအိပ်ဘူး ဧည့်သည်တွေအတွက် အခန်းပိုမှာ သွားအိပ်လို့ပြောတော့မှ ချိုးတာ ပါ။ ထားပါတော့ ပြောပြချင်တာက ရေချိုးပြီးရင် သူက အမြဲလိုရှင်းလူးပေးပါတယ်။ တကိုယ်လုံးပါ။ (မိုးဟေကို ထက်တောင်သာပါသေးတယ်။ သူကမှသူ့ဘာသာ လိမ်းနေရသေး တယ်နော် ကိုယ်ကတော့ အိပ်ရာပေါ်မှာ မှောက်နေလိုက်ယုံပဲ) အဲ့လိုပါ။

ခုလဲမပြန်ခင်က ရှိရှိသမျှ အင်္ကျီတွေအကုန်လျော်ဖွတ်ပြီးတော့ မီးပူတိုက်ပေးသွားပါသေးတယ်။ ဘယ်မှာသွား ရှာမလဲနော် အဲ့လိုယောက်ျား။

ခုလဲကိုယ်နေမထိထိုင်မသာဖြစ်နေတာပါ။ မနေ့က ညနေဘက် ရုံးကမပြန်ခင် အွန်လိုင်းတက် လာပါတယ်။ လွမ်းလို့တဲ့လေ။ စကားပြောကြတာပေါ့။

အဆိုးဆုံးက အတူတူနေနေကျ လူတယောက် ကိုယ့်ဘေးကနေရုတ်တရက် ပျောက်သွားတဲ့ အခါ နေရထိုင်ရခက်တာပါ။ လူက အူနေ ကြောင်နေတယ်လေ။ လွမ်းနေတာမျိုးလားဆိုတော့ အဲ့လိုခံစားချက်မျိုးမဟုတ်ဘူး။ လိုအပ်နေတာ။ အဲ့လိုပြောရင် ပိုမှန်မယ်။ သူ့ရဲ့ အလိုက်သိ တတ်မှုလေးတွေက ကိုယ့်ကို ခုတော့ ပျင်းနေ အကျင့်ပျက်နေအောင် လုပ်သွားပြီလေ။

အဆိုးဆုံးကတော့ တယောက်တည်းထမင်းစားရတာပါ။ သိပ်ခက်ပါတယ်။ ဘာခက်လဲမမေး ပါနဲ့။ တယောက်တည်းဆိုတဲ့ အသိက လူကိုအနေရခက်စေတာပါ။ နေ့လည်က လဲထမင်းမှာ ပြီးတော့ လက်တဘက်က ဝတ္ထုနဲ့စားရပါတယ်။ ရိုစီနဲ့ အဲလက်စ် နဲ့တူတူစားတာပေါ့လေ လိုပ ကိုယ့်ကိုယ်ကို စိတ်ဖြေရပါတယ်။ မပြေပါဘူး။ မပြေလို့ ခုဒီပိုစ့်ရေးပြီး စာဖတ်သူတွေကို ကိုယ့် အထီးကျန်မှုတွေ မျှဝေနေတာပေါ့။

နေ့လည်က ထမင်းစားရင်းနဲ့ လူက ငိုချင်သလိုလိုဖြစ်လာတယ်။ သူငယ်ချင်းကိုတောင် message ပို့လိုက်သေးတယ်။ ပြီးတော့ ခေါင်းထဲကို စာလုံးတွေ စာလုံးတွေ ပလူပျံ သလို ရောက်လာတာနဲ့ ချရေးလိုက်တော့ ဒီလိုထွက်လာပါတယ်။

Me missing you

A favorite restaurant of us two
A single red rose in the vase
A vacant chair on the other side of the table
A very fine salmon stake
A delicious Zaru Soba (cold noodle)
A good start of with a warm coffee
A nice hot green tea
A crying moody minded
A longing me
A far away you
A hundreds miles apart
A lonely me
A missing you


A Chen
6:00 pm
9th February 2010
Office
Bangkok

မင်းမဲ့ည (armif သို့)

မင်းမရှိတဲ့

ပထမဆုံးဒီည
…………
ငါတယောက်တည်း
ခံစားချက်တွေ မှော်ဝင်
အနုပညာတွေလျှံကျ
………..
စာရေးလို့ကောင်းတယ်
…………
…..
….

speechless

ချစ်တဲ့သဲ

မင်းအရိပ်လေးငေးမိရုံနဲ့
ငါ့အတွေးတွေအကုန်ယူသွားတတ်သူ
ယုံကြည်မှုဟာမင်းခြေလှမ်း
မင်းလမ်းလေးအပေါ်
ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ
ငါ့မေတာတရားသာစိမ်းခဲ့
ငါ့ကိုငါရုပ်သိမ်းလို့မရနိုင်
မင်းအတွေးနဲ့ဝေးဝေးမှာ
ငါကလွမ်းဖျားလွမ်းနာကျ
ရှင်သန်ခြင်းဟာ
ချိုမြိန်ဖို့အတွက်မင်းရှိနေမှဖြစ်မယ်
ခုချိန်မင်းရဲ့အိပ်စက်ခြင်းအပေါ်
လေညင်းလေးတစ်စဖြာကျရုံပဲဖြစ်ဖြစ်
ငါ့မေတာကိုမင်းရစေချင်တယ်
ငါကဘ၀နောက်ပြေးလိုက်ရတဲ့သူ
ငါလဲရင်ငါ့ဘာသာထူရတယ်
လောကဓံကိုမျက်ရည်ခံထိုးဖို့အတွက်
တူနှစ်ကိုယ်တဲအိုပျက်လေး
မဖြစ်သင့်ဘူးလေ။

သဲကိုအရမ်းလွမ်းတယ် 103း0 နာရီ ဆေးတိုက်ရတယလည်းလွမ်းတယ် ကော်ဖီဖျော်တိုက်ရတာလည်းလွမ်းတယ် ထမင်းဟင်းအတူချက်စားတာကိုလည်းလွမ်းတယ် အတူတူရုပ်ရှင်ကြည့်တာကိုလည်းလွမ်းတယ် တစ်ခါတစ်လေစကားများတာကိုလည်းလွမ်းတယ် မတွေ့ဖြစ်တဲကအချိန်တွေမှာဘာဖြစ်လို့အလွမ်းတွေပဲပေးထားရတာလဲသဲရာ အခုတော့သဲနဲ့ပတ်သက်တဲ့အရာတွေမှန်သမျှ မောင့်အတွက်လွမ်းစရာတွေချည်းပါပဲ သဲပေးထားတဲ့ကဗျာတွေမောင်တို့နှစ်ယောက်ဓာတ်ပုံတွေပြန်ပြန်ကြည့်ဖြစ်တယ် သဲကိုလွမ်းတိုင်းလေကျန်းမာရေးကိုဂရုစိုက်ပြီး စိတ်ပျော်အောင်နေပါ
သဲဘေးမှာမောင်အမြဲရှိနေတယ်

အရမ်းချစ်တယ်
မောင်

my guilt

တခါတခါကျ
ဘာပြောရမှန်းတောင်မသိဘူး
ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လိုလဲခံစားရတယ်
ဒါပေမယ့် ကိုယ်ဘာမှမတတ်နိုင်ဘူးလေ
ကိုယ်ကတော့
taking as granted ပေါ့
ကိုယ်က အနိုင်ပဲလိုချင်တယ်
ကိုယ်အရှူံးပေးရမယ့် လူကို
ကြာကြာမချစ်ချင်/နိုင်ဘူး

ဒါကိုယ့်ရဲ့ သဘာဝပါ