one more day with you

one more day with you

မနေ့ညက ဂျင်မီ ရဲ့ စာအုပ် မသစ်တသစ်လေးတအုပ်ကို ဘတ်မိတယ်။ အရင်ကလဲ ဂျင်မီစာလေးတွေ ဘာသာပြန်ခဲ့တာရှိပါတယ် ပြတင်းပေါက်က ကောင်လေး၊
ပတင်းပေါက်က ကောင်မလေး နဲ့ ပြတင်းပေါက်မှ စောင့်ကြည့်သူလေးများ ဆိုတာတွေရယ်၊
နောက် ပေးစာလေးတွေ တော်တော်များပါတယ်။ အခုလဲ ဘတ်မိတဲ့ စာအုပ်လေးတအုပ်ကို ပြန်ရေးပြချင်ပါတယ်။ တူတူခံစားကြည့်ကြရအောင်နော်။

ချစ်ရတဲ့ ရစ်ကီရေ….

ဒီနေ့ ငါတို့နှစ်ယောက်ရဲ့ ကတိကိုအကောင်အထည်ဖော်မယ်လို့ ငါဆုံးဖြတ်လိုက်တယ်။
ဒါက ငါ့အတွက် တယောက်ထဲ ဒီလောက်ဝေးဝေးကို ပထမဆုံးသွားဖူးတာပါ။
ငါ…..နည်းနည်းတော့ ကြောက်နေတယ်ဟ။

နေ့လည်စာကိုတောင် ကမန်းကတမ်း မြိုချလိုက်မိတယ်။
အချိန်မမီမှာစိုးလို့လေ……..

“လမ်းမှာ ဂရုစိုက်အုံးနော်”
“ဟုတ်ကဲ့ပါ….ဖြူတုတ်က စောင့်ရှောက်မှာပါ မေမေ”

“ဦးထုပ်ဆောင်းဖို့ မမေ့နဲ့နော်”
“ဟုတ်……..ကဲ့”

“သမီးတို့……သွားပြီနော် တာ့တာ”
“တာ့တာ”

ရာသီဥတုက သာယာလိုက်တာ၊
နေရောင်ခြည်ကလဲ နွေးနွေးထွေးထွေးလေးနဲ့၊
တောပန်းရိုင်းတွေတောင် လမ်းတလျောက်ပွင့်လို့၊
ဖြူတုတ်လေးကတော့ သုတ်သုတ် သုတ်သုတ်နဲ့ ရှေ့ကနေ ပြေးသွားနေလေရဲ့။

ငါတို့ အကွေ့တကွေ့ ကွေ့လိုက်တော့
တောအုပ်လေးနားကိုရောက်သွားတယ်
ဒီလျှို့ဝှက်လမ်းလေးကိုသိတာ နင်ရယ် ငါရယ် ဖြူတုတ်ရယ်ပဲနော်

ဆိတ်အုပ်စုလေးက တခါတခါ ခေါင်းငုံ့ပြီး မြက်တွေကို မဲစားနေတတ်တယ်
တခါတခါကျတော့ မြက်တောထဲမှာ ပြေးလိုက်လွှားလိုက်နဲ့သဘာဝ သရုပ်ကိုဖော်နေသလိုပဲ
ဖြူတုတ်က အရင်ကဆို တချိန်လုံး ဆိတ်ကလေးတွေနောက်ကို ပြေးလိုက်တတ်လို့
သူတို့တွေ တပဲပဲနဲ့ ကြောက်ပြီး လေးဘက်လေးတန်ကို လျောက်ပြေးလို့ အော်လိုက်ကြတာဆိုတာလေ။
ခုတော့ သူလဲ ငါ့နားမှာ လိမ်လိမ်မာမာလေး လျောက်ရမယ် ဆိုတာ သိနေသလိုပါပဲ။

နွေဆို ငါတို့အမြဲ ရေကူးနေကျစမ်းချောင်းလေးကိုမှတ်မိသေးလား
ကမ်းဘေးနှစ်ဘက်က ပရုပ်ပင်အရွက်တွေက စမ်းချောင်းထဲတောင်ကျနေပြီသိလား
နင်မှတ်မိသေးရဲ့လား?
မနှစ်က ငါတို့နှစ်ယောက် ချောင်းထဲမှာ တိတ်တိတ်လေး ခိုးလွှတ်လိုက်တဲ့ ရွှေငါးလေး ၃ ကောင်လေ
အခု သူတို့ ဘယ်ရောက်ကုန်ပြီလဲမသိဘူးနော်။

စမ်းချောင်းထဲမှာတော့ ဘဲရုပ်ဆိုးလေးတကောင် တကောင်တည်း အထီးကျန်ကျန်ကူးနေတယ်
အိမ်ပြန်လမ်းပျောက်နေတာများလား?

ဘာကိစ္စ ကိုမဆို ငါက အဆိုးဘက်က အမြဲစဉ်းစားတတ်တယ်
နင်ကတော့ ငါနဲ့ဆန့်ကျင်ဘက်နော်
ဘယ်ကိစ္စကိုမဆို အမြဲ အကောင်းဘက်ကတွေးတတ်တယ်

တကယ်လို့ နင်သာ ငါ့အနားမှာရှိရင် ငါ့ကိုနှစ်သိမ့်ပြီးတော့
“ဘဲကလေးက သူရဲ့ နွေးထွးတဲ့ အိမ်ကလေးကို ပြန်ရောက်မှာပါ၊ အများကြီးလျောက်မတွေးပါနဲ့” လို့ပြောမှာသေချာတယ်နော်။
ဒါပေမယ့် ငါကတော့ အဲ့လိုပဲ တောရောက်တောင်ရောက် လျောက်လျောက်တွေးနေတတ်တယ်။ ရပ်လဲရပ်လို့မရဘူး။

လေလေးတသိမ့်သိမ့်တိုက်လာတော့ ပန်းပွင့်ဖတ်လွှာလေးတွေ ငါ့ကိုယ်ပေါ်ကျလာကြတယ်။
ဖြူတုတ်ကိုယ်ပေါ်လဲ ကျကြတယ်။

အရင်တုံးက မေမေ့ကို ခဏခဏမေးချင်မိပေမယ့် အမြဲလိုလို မမေးဖြစ်ခဲ့ဘူး။
မေမေတို့ စက်ရုံက လုပ်ရင်းပျက်သွားတဲ့ မွှေးပွ ဝက်ဝံ ရုပ်လေးတွေ ဘယ်ရောက်သွားလဲလို့လေ။

သူတို့တွေလဲ တိတ်တိတ်ကလေး ကမ္ဘာတခုဖွဲ့ထားကြမလားမသိဘူးနော်။
မပျက်တဲ့ ဝက်ဝံ ရုပ်လှလှလေးတွေ ကိုပေးမဝင်တဲ့ ကမ္ဘာလေးလေ။

ငါတို့တွေကကော ဘုရားသခင် လုပ်ရင်း မတော်တဆပျက်သွားတဲ့ ကလေးလေးတွေလားဟင်?

တကယ်လို့ အရုပ်ဆိုင်လေးထဲက ယုန်ရုပ်လေးတွေ ထွက်ပြေးဖို့ တူတူဆုံးဖြတ်ကြတယ်ဆိုပါစို့…
သူတို့ ထွက်အပြေးချင်ဆုံးက ဘယ်နေရာများလဲ?

ငါကတော့ နင်လက်ဆောင်ပေးထားတဲ့ ယုန်ရုပ်အမဲလေးကို ကျောင်းတက်တိုင်းယူသွားတယ်။
တခါတလေ ဆို သူ့ကို နင့်ထိုင်ခုံလေးပေါ်ပေးထိုင်ထားတာပေါ့။
ငါတို့နဲ့ တူတူ စာသင်ကြတယ်လေ။

တကယ်လို့ ဝက်ကလေးကို မြေအောက်မှာ ချစ်စရာကောင်းတဲ့ အိမ်ကလေးတလုံးဆောက်ပေးရင်
သူကြိုက်မလားမသိဘူးနော်?

မေမေကတော့ ငါ့အခန်းလေးက ဝက်သိုက်လိုပဲ ရှုပ်ပွနေတယ်လို့ ပြောတာပဲ။
ဒါပေမယ့် ငါတို့နှစ်ယောက်ကတော့ တချိန်လုံး ငါ့အခန်းဝက်သိုက်ကလေးမှာပဲ ပုန်းနေ ဆော့နေရတာကိုကြိုက်ကြတာကိုးနော်။

တကယ်လို့ ဝက်သိုက်ကသာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဆို ဘယ်လာချစ်စရာကောင်းပါတော့မလဲလေ။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခေါင်မိုးအောက်ကြားထဲမှာ
ငှက်သိုက်ကလေးတခုတွေ့တယ်ဟ
ငှက်ဖေဖေ နဲ့ ငှက်မေမေက နေ့တိုင်း တီတီတာတာနဲ့ ဝင်လိုက်ထွက်လိုက် ရှုပ်နေလိုက်ကြတာ

မနေ့ကတော့ ခေါင်းမွှေးပြောင်ပြောင် ငုတ်စိလေးတွေနဲ့ ငှက်ပေါက်လေးနှစ်ကောင်ကို တွေ့ရတယ်
ပါးစပ်တွေဖြဲပြီး မရပ်စတမ်းအော်နေလိုက်ကြတာဆိုတာလေ။
အရင်တုံးက ငါတို့နှစ်ယောက်လိုပဲ
သောင်းကျန်းနေလိုက်ကြတာ။

နောက် ကျောင်းရာသီရောက်ရင် ကျောင်းမှာ ကပွဲလုပ်ကြတော့မယ်။
ဒီတခါ ငါ့ကို သစ်ပင်ထပ်မလုပ်ခိုင်းပါစေနဲ့လို့တော့ ဆုတောင်းတာပဲ။
ယုန်ကလေးဖြစ်ဖြစ်ပေးလုပ်ရင် သိပ်ကောင်းမှာ။
အဲ့တာဆို ပြေးလိုက် ခုန်လိုက်နဲ့ လှုပ်လှုပ်ရှားရှားတော့ လုပ်ရမှာပဲ။

ငါက ယုန်လေးလို ရှက်ကြောက်တတ်သလောက် နင်ကတော့ ခြင်္သေ့ကြီးလို ရဲရင့်တယ်နော်။
ဘာလို့များ ခြင်္သေ့လေးက ယုန်လေးနဲ့ သူငယ်ချင်းလုပ်ဖို့ သဘောတူခဲ့တာပါလိမ့်။

နင့်အကိုက ၆ နှစ်သားကတည်းက ၆မီတာ မြင့်တဲ့ ဘုတ်ကနေ ဒိုင်ဗင်ထိုးရဲတယ်လို့ ပြောဖူးတယ်နော်။
နင်တို့တအိမ်လုံးက သတ္တိသိပ်ရှိကြတာပဲ။

အခု ကျောင်းက ရေကူးအသင်းမှာ ငါပါခွင့်ရခဲ့ပြီဟ။
ဆရာက ငါဖားကူးကူးတာ သိပ်လှတယ်လို့ ချီးကျူးတယ်လေ။
အဲ့တာ နင်သင်ပေးထားတာလို့ ငါဂုဏ်ယူဝင့်ကြွားပြီးဖြေလိုက်တာပေါ့။

ကျောင်းမှာ နင့်မောင်လေးနဲ့အမြဲတွေ့တယ်။
သူတောင် အရပ်နည်းနည်း ပိုထွက်လာပြီ။
အရင်တခေါက် အားကစားပြိုင်ပွဲတုံးက သူက အပြေးပြိုင်ပွဲမှာ ပထမလေ။
ငါဝမ်းသာလွန်းလို့ အားပေးတာ လည်ချောင်းတောင်နာတယ်။

အရင်က နင်တို့ မောင်နှမတွေ ပွေ့ပွေ့ဖက်ဖက်လုပ်ကြရင်
အား… အီး… ရွံစရာကြီးလို့ ငါအမြဲ ရယ်ခဲ့တာလေ။
အမှန်ကတော့ ငါလဲ စောစောကတည်းက နင်တို့နဲ့ တူတူ
နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် တူတူ ပွေ့ဖက်တတ်အောင်သင်ခဲ့ရမှာနော်။

ဒီလမ်းမြောင်လေးက ကြည့်လိုက်ရင် ဖွားဖွားအိမ်ကို သွားတဲ့ လမ်းလေးနဲ့ သိပ်တူတယ်
ဖွားဖွားတောင် အရင်တပတ်က ရေချိုးခန်းထဲမှာ ချော်လဲသေးတယ်လေ။
တော်သေးတယ် အရမ်းမများလို့။

ဖိုးဖိုးရဲ့နားလဲ တဖြည်းဖြည်းနဲ့ မကြားရတော့ဘူး။
ငါ သူနဲ့စကားပြောတိုင်း အော်အော်ပြောနေရတယ်။
နောက်ဆုံးတော့လဲ ကြက်အော်တာ ဘဲနားမလည်ပါပဲဟာ။
သိပ်ရယ်ရတယ် သိလား။

ငါ့အမ ဒီနှစ် အဆောင်မှာ ဘောဒါ သွားနေရပြီဟ။
အိမ်မှာ ကလေးဆိုလို့ ငါတယောက်ပဲကျန်တော့တာ
တခါတခါ သိပ်အထီးကျန်တာပဲ။

မေမေလဲ ခုတလော ကျန်းမာရေးသိပ်မကောင်းဘူး
စိတ်လဲအမြဲလိုလိုတိုနေတတ်တယ်
ဖေဖေကတော့ အရင်လိုပါပဲ
အလုပ်ကပြန်လာတာနဲ့ TV ဖွင့်တော့တာပဲ
သူ့ ဗိုက်ကြီးလဲ တနေ့တခြား ပူပူလာပြီ

နင်ချစ်တဲ့ ကြွက်ကလေး မစ်ကီ တောင် အခု ငါ့အခန်းထဲ ပြောင်းလာပြီသိလား
ပူစီကတော့ တချိန်လုံး ငါ့အခန်းရှေ့ကနေ ကျားချောင်းချောင်းနေတာပေါ့
ငါကတော့ ဘယ်တော့မှ သူ့ကို အခန်းထဲ ပေးမဝင်ဘူး
ငါနဲ့ မစ်ကီပြောတဲ့စကားတွေ ကြားမှာစိုးလို့လေ

ကျောင်းဆင်းတိုင် နင်နဲ့ ငါ သွားသွားဆော့နေတဲ့ ပန်းဆိုင်လေးလေ
အဲ့ဆိုင်ပိုင်ရှင် အန်တီတောင် တလောကပဲ ဘေဘီလေး မွေးသေးတယ်
ဘေဘီလေးက ရယ်လိုက်ရင် နင်နဲ့သိပ်တူတာပဲ

ငါတော့ပန်းဆိုင်ကို ခဏခဏသွားပြီး ဘေဘီလေးကို ရယ်အောင် စစနေတော့တာပဲ။

ဖြူတုတ်ရေ ဖြေးဖြေးသွားပါဟ ငါမမီတော့ဘူး။
ခုတလော ကျောင်းမှာ ဆရာမ က ငါ့ကို အမြဲလိုလို….
“ကြိုးစားနော် သမီးစာတွေ လိုက်မမီတော့ဘူး” လို့ ပြောပြောနေတယ်။
တကယ်လို့ တခြားသူတွေက ရပ်မစောင့်ပေးဘူးဆိုရင် ငါက ဘယ်လိုလုပ် မီလာမှာလဲနော်။

ဒဲရစ်က နင့်ကို အိပ်မက်ထဲမှာ ခရမ်းရောင်ယုန်ကြီးကို စီးပြီး တိမ်တွေထဲ တိုးဝင်သွားတယ်လို့ မက်တယ်တဲ့။
ပြီးတော့ ကောင်းကင်ထောင့်စွန်းမှာ လှပတဲ့ သက်တံ့ကြီးတခုပေါ်လာရောတဲ့။
ဒါပေမယ့် ခဏလေးပါပဲ၊ ခဏလဲနေရော ကောင်းကင်တခုလုံးအရောင်ပြောင်းပြီ
မိုးရိပ်မိုးသက်တွေကျလာတော့တာပဲ။
သူလဲ နောက်ကနေ ပြေးပြေးပြီးတော့ လိုက်တာပဲတဲ့
ဒါပေမယ့် ဘယ်လိုပြေးပြေး နင်တို့ကိုတော့ လိုက်လို့ မမီဘူးတဲ့လေ။

မန်ဒီကလဲ ပြောသေးတယ်။ သူကျုရှင်က အပြန်ဆို နင်တို့ အိမ်ရှေ့ က အမြဲဖြတ်ပြန်ရတယ်တဲ့။
ဘယ်လောက်ပဲ နောက်ကျကျ နင့်အိပ်ခန်းလေးကတော့ အမြဲလိုလို မီးလင်းနေတာပဲတဲ့။
တခါတခါဆို နင် သိပ်ကြိုက်လို့ အမြဲလိုလို တီးတတ်တဲ့ ဆင်ဖိုနီ သံကိုတောင်ကြားရတယ်တဲ့။

ငါထင်တယ် အဲ့တာ နင့်မေမေ စန္ဒားယားတီးနေတာဖြစ်မယ်။

ခုထက်ထိကို ငါလမ်းတွေ ခဏခဏမှားနေတုံးပဲ။
“ငါတို့ လမ်းမှားမနေတာ သေချာရဲ့လား” လို့နင်အမြဲလိုလို ငါ့ကိုမေးတတ်တယ်လေ။

“လမ်းမှာတယ်ဆိုတာ လမ်းလျောက်တာရဲ့ တစိတ်တဒေသပါဟ” လို့ ငါက ဆရာကြီးလေသံနဲ့ အမြဲပြန်ပြောတတ်တာလေ။ နင်မှတ်မိသေးလား။

ခုထက်ထိလဲ ငါခဏခဏ လမ်းမှားနေတုံးပါပဲ။
ဒါပေမယ့်…..
လမ်းမကိုတော့ တယောက်ထဲ ကူးရဲပြီဟ။

ငါတိတ်တိတ်ကြိုက်နေတဲ့ ကောင်လေးလဲ ကျောင်းပြောင်းသွားပြီဟ။
သူကတော့ ငါ့ကို လိပ်စာနဲ့ ဖုန်းနံပါတ်ပေးသွားပါတယ်။
ဒါပေမယ့် ငါတို့တွေ နောက်ထပ်တွေ့ဖြစ်ကြတော့မယ် မထင်ဘူး။

နှုတ်ဆက်ခွဲခွာရတာကို ငါမုန်းတယ်ဟာ။
ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်….
ရင်ထဲမှာတော့ သိပ်ခံရခက်တာပဲ။

အရင်တုံးက ငါတို့နှစ်ယောက် အကသင်တန်းဆို သိပ်တက်ကြွကြတာလေ။
ခုတော့ နင်မရှိတော့ ငါ့မှာ ခဏခဏ စိတ်မပါဘူးဖြစ်ဖြစ်နေတယ်။

လူကြီးတွေက ငါတို့ရဲ့နာကျင်မှုတွေ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သက်သာသွားမယ်ထင်နေတာ။
လူကြီးတွေက ငါတို့ ရယ်နေတာတွေ့ရင် အဲ့ဒီ နာကျင်မှုတွေ ကိုမေ့ကုန်ပြီထင်နေတာဟ။
အဲ့လောက်လွယ်ရင် ဘယ်လောက်ကောင်းမလဲလေနော်။

အရင်တုံးကတော့ လူတွေကိုပျော်အောင်လုပ်ပေးတဲ့သူတွေက
ဘယ်တော့မှ မနာကျင်တတ်ဘူးလို့ ငါထင်ခဲ့တာဟ။

ခုတော့ တချို့လူတွေဟာ သူတို့ အနာကျင်ဆုံး အချိန်မှာတောင်
တခြားသူတွေကို ပျော်ရွှင်လာအောင် ကြိုးစားပေးတတ်တယ်ဆိုတာ
ငါသိလာခဲ့ပြီ။

လေတွေကလဲ အရင်လို တိုက်နေတုံးပဲ။
ပန်းတွေကလဲ အရင်လိုပွင့်နေကြတုံးပဲ။
နေမင်းကြီးလဲ နေ့တိုင်း နေ့တိုင်း ထွန်းလင်းနေတုံးပဲ။
ဒါပေမယ့် တချို့ ကိစ္စတွေကတော့ အရင်ကနဲ့ မတူတော့ပါဘူးဟာ……

အပူအပင်ကင်းတဲ့ အချိန်တွေကို ထာဝရ ရပ်ထားလို့ရရင်ကောင်းမယ်
စိတ်ညစ် ခေါင်းကိုက်ရတဲ့ ကိစ္စတွေလဲ ထာဝရ ဝေးကွားနေရင် သိပ်ကောင်းမယ်

တခါတလေကျရင် ဘယ်သူမှ ရှာမတွေ့မယ့် ချောင်ကလောင်တခုထဲမှာ ပုန်းနေချင်မိတယ်
ပြီးတော့ ငါတယောက်ထဲ အဖော်မပါပဲ ကြီးပျင်းရမှာလဲ ကြောက်တယ်
အရွယ်ရောက်ပြီးပြီဆိုရင် ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး

တူတူပျော်ခဲ့ရတဲ့ အချိန်တွေက မီးပန်းတွေနဲ့ တူတယ်
ကောင်းကင်တခုလုံးကို လှလှပပ ပြည့်စေပေမယ့်
ခဏပဲခံတယ်လေ

လွမ်းရတဲ့ စိတ်ကကျတော့ သစ်စေ့နဲ့တူတယ်ဟ
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ မြုပ်ထားရာကနေ
တဖြည်းဖြည်း အညှောင့်ပေါက်လာတာ

ဒီနေ့က နင်တို့အိမ်ရဲ့ဆပ်ကပ်စ် ဒီနေရာမှာ ပွဲပြတာ နောက်ဆုံးနေ့လေ
ငါသာအချိန်မီမရောက်ရင် နောင်ဘယ်တော့လောက်မှ
နင့်အိမ်သားတွေကို ထပ်တွေ့ရမလဲမသိဘူး။

ကျောင်းက ကလေးတတွေကတော့ ဆပ်ကပ်စ်အဖွဲ့ မိသားစုက ကလေးဖြစ်ရတဲ့ နင့်ကို သိပ်အားကျနေကြတာပေါ့
ဆပ်ကပ်စ်မိသားစု တခုရှိတယ်ဆိုတာ ဘယ်လောက် မိုက်ပြီး ဘယ်လောက်လန်းလိုက်သလဲနော်တဲ့
သူတို့ စိတ်ထဲမှာ နင်နေ့တိုင်း မိုမိုဆင်ကြီး ကိုစီးလို့ရတယ်ထင်နေတာ
ဒါပေမယ့် ဆင်ကြီးရဲ့ အီအီးတွေကျူံးရတာ ဘယ်လောက် ပင်ပန်းသလဲ သူတို့မသိကြဘူးလေ။

ခွေးလေး ပါပီကတော့ အတော်ဆုံးပဲနော်။
ဂျွမ်းထိုးတတ်တယ် သင်္ချာလဲ တွက်တတ်တယ်။
ဘာမဆို အကုန်သင်လိုက်ရင် တတ်တာပဲ။
ဒါပေမယ့် သူက သိပ်မလိမ်မာဘူး။ နင့် အရုပ်တွေကို အမြဲ ကိုက်ပစ်တတ်တယ်။
ငါတို့နှစ်ယောက် စိတ်ဆိုးလိုက်ရတာဆိုတာ။

ဖြူတုတ်လဲ ငါ့လိုပဲ သူ့ကို သတိရနေမှာပါ။

မြင်းကြီး ချီလီကတော့ အရင်ကအတိုင်းပဲ မျက်လုံးကြီး ပြူးထားပြီးတော့
ရှေ့ ခွာတွေနဲ့ မြေကို ပေါက်ပေါက်ပြီးတော့
ငါတို့ဆီက ပန်းသီး တောင်းတောင်းစားတတ်တာလေ
ဘယ်လောက်ပဲ ကျွေးကျွေး သူကတော့ ဝတယ်ကိုမရှိဘူး။

အခုဆို သူလဲ တော်တော် ဝနေပြီလား မသိဘူးနော်။

နင့်အိမ်သားတွေကို မကြာခဏ လာကြည့်မယ်လို့ နင့်ကို ကတိပေးထားခဲ့ပေမယ့်
တခေါက်မှ မရောက်ဖြစ်ပါဘူးဟာ။

သူတို့နဲ့ တွေ့ရင် ဘာပြောရမလဲ မသိဘူးလေ။
ပြီးတော့ သူတို့ ကိုတွေ့လိုက်ရင် ငါအရမ်းငိုမိမှာ
ငါ သတ္တိတွေမရှိသေးဘူးဟာ…
ငါ့ကို ခွင့်လွှတ်ပါ။

နင်မရှိတော့တဲ့ နေ့ရက်တွေ တုံးက
သူတို့တွေဘယ်လို စိတ်တွေနဲ့ အပူရုပ်ကို ဟန်လုပ်ပြီး
ဆပ်ကပ်စ်ပွဲလာတဲ့ လူတွေကို ဖျော်ဖြေသလဲဆိုတာ
ငါစဉ်းစားလို့တောင်မရဘူး။

ကိုကိုကြီး ကိုတွေ့တယ်။
မောင်လေးကိုရောပဲ။
နင့်မေမေနဲ့ ခြင်္သေ့ဖေဖေလဲတွေ့တယ်။

သူတို့ အားလုံးကလဲ ငါ့ကိုမြင်ရော ဝမ်းသာအားရ ပြေးဖက်ကြတာပဲ။

ငါတို့တွေ ဝိုင်းကြီးပတ်ပတ် နဲ့ က ကြတာပေါ့။
အရင်အချိန်တွေ အတိုင်းပဲ။

ငါ့ကိုငါ နင့်နေရာ ရောက်နေသလို ခံစားရတယ်။
ငါငိုမိပြန်ပြီ….
ဒါပေမယ့် ဒီတခါက ပူနွေးစိုစွတ်တဲ့ ဝမ်းသာမျက်ရည်ချိုတွေပါ။

ကိုကိုကြီးရေ…..
ဟိုမှာ ရစ်ကီတွေအများကြီး ကနေကြတာ တွေ့လား?

ခြင်္သေ့ဖေဖေကြီးရေ ရစ်ကီ့ရဲ့ အကြိုက်ဆုံး အရုပ်ကလေး သမီးကို လက်ဆောင်ပေးတာ သိပ်ကျေးဇူးတင်တာပဲ။
သမီး ကောင်းကောင်းတန်ဖိုးထားပါ့မယ်။
ဆပ်ကပ်စ်ပွဲ ကတာကိုတော့ စောင့်မကြည့်နိုင်တော့ဘူး။
အိမ်ပြန်ရမယ့် လမ်းက အဝေးကြီးလေ။

ခြင်္သေ့ဖေဖေကြီးရေ နောက်နှစ် နွေဦးကျရင်
ပြန်လာရမယ်နော်။

ချစ်ရတဲ့ ရစ်ကီရေ
ငါတို့နှစ်ယောက်ထားခဲ့တဲ့ ကတိကို ငါဖြည့်ခဲ့ပြီ။
ငါသိပါတယ်။
နင် လေပြေလေးပဲ ဖြစ်သွားသွား
တိမ်တိုက်လေးပဲ ဖြစ်သွားသွား
ကြယ်လေးပဲ ဖြစ်သွားသွား
အလင်းရောင်လေးပဲ ဖြစ်သွားသွား

နင်ဟာ ငါ့အတွက်တော့
အနွေးထွေးဆုံး အားပါ။
အရဲရင့်ဆုံး သတ္တိပါ။
အလှပဆုံး အတိတ်ပါ။

ငါ့အနားမှာ အမြဲရှိနေခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အက်ဒီ

Dedication:

(remembrance for my beloved friend Ricky,
even you are far far away you are always in our heart
may your soul rest in peace)

A Chen
3:52 AM
Saturday
21st Jan 2012
Home
Bangkok