တီချမ်း ပိန်ဆေး သံပရာရည်

ကဲ တောင်းဆိုသော ပရိတ်သတ်များအရ ကိုယ့်ရဲ့ လျှို့ဝှက်ချက် ပိန်ဆေး ကိုဖော်ပြပါမယ်။ ဒေါ်ဝင်ဒီက တဂျီဂျီပါ။ စကားမစပ် ပြောရမယ်ဆိုရင် ကိုယ် ခုတလော သိပ်သိပ်သိပ်သိပ်ကြိုက်နေတဲ့ ဘလောခ်ဂါ မ နာမည်ကလဲ ဝင်ဒီပါတဲ့နော်။ စလုံးက တရုတ်မပါ။ (အော် လောကကြီးမှာ တီချမ်း ကြိုက်တယ်ဆိုတဲ့ ဘလောခ်ဂါ လဲရှိသေး တယ်နော်။ အင်းရှိတာပေါ့…….တီချမ်းလဲ လူပဲ) ထားတော့။ အမှန်ကတော့ ပိန်ဆေး အဖြစ်ရယ်လို့ သောက်တာ လဲ မဟုတ်ပါဘူး။ ခုတလောက ဖရက်ရှ် မာ့ကက် ကိုသွားရင် သံပရာသီးတွေကို ကီလိုလိုက်ကို အားရပါးရ ဝယ်
လေ့ရှိတာပါ။ အဲ့တာကြောင့် သံပရာရည်က ခဏခဏ ကိုသောက်ဖြစ်နေတယ်။ အဲ့တာကြောင့်ပိန်သွားသလား ဆိုရင်တော့ တီလဲ မပြောတတ်ဘူး။ စကားမစပ် ပြောပြအုံးမယ် ဘီယွန်စေး ကိုသိကြတယ်မှလား။ သူက အိပ်မက်မက်သော မိန်းကလေးများ ရုပ်ရှင်ရိုက်တော့ အသက်အရွယ် အပိုင်းအခြား ၃ မျိုးလား မသိ သရုပ်ဆောင်
ရတယ်လေ။ အဲ့ဒီမှာ သူက ဆယ်ကျော်သက် သရုပ်ဆောင်ဖို့ လိုတော့ အခု ပြောပြမယ့် နည်းကို သုံးတယ် ပြောပါ
တယ်။ တီချမ်း နည်းမဟုတ်ဘူးနော်။ နောက်ပြီး သူကလဲ အခု လုပ်နေသေးတာ မဟုတ်ဘူးနော်။ တော်ကြာ လုပ်ချင်တာတွေ လျောက်လုပ်ပြီး မဟုတ်က ဟုတ်က တွေဖြစ်မှ တီချမ်းကြောင့်ဖြစ်မယ်။ ဘာလို့ဘီယွန်စေး ကိုထည့်ပြောတာလဲ ဆိုတော့ သံပရာရည်ချင်းတူလို့ပါ။ နောက်ပြီး ဒီနည်းကို နာအိုမီ လို နာမည်ကျော်မော်ဒယ်တွေကလဲ တနှစ်တခါ လုပ်ပါတယ်တဲ့။ သူက ပိန်တာ တင်မက ဒီတော့စစ်ဖီကေးရှင်း လို့ ခေါ်တဲ့ ကိုယ်တွင်း အဆိပ်ပြန်ဖယ်မှုတွေပါ လုပ်ပေးတဲ့ သဘောပေါ့။ နာမည်ကတော့ Master Cleanse Diet လို့ခေါ်ပါတယ်တဲ့။ Maple Syrup Diet, Lemonade Diet လို့လဲ ခေါ်ပါသေးတယ်တဲ့လေ။ အကျယ်သိချင်သူများ ဒီမှာ ဘတ်ပါနော်။ သေချာဘတ်ပါနော်။

သူ့နည်းက သံပရာရည် နဲ့ မေပယ်သကြားရည် ကို ငရုတ်သီးမှုန့် နဲ့ ဖျော်ပြီး အနည်းဆုံး ၁၀ ရက် ဆက်တိုက်
သောက်တာပါ။ တခြားဖြည့်စွက်စာ မစားပါဘူး။ ဒီနည်းကို မွေးစားသမီး က တခါ စမ်းကြည့်လို့သိရတာပါ။ ပိန်လားဆိုတော့ သူကတော့ မပိန်ပါဘူး။ ချီးကျူးစရာကတော့ မိန်းကလေးတွေ ရဲ့ ပိန်ချင်တဲ့ စိတ်က သူတို့ ကို တော်တော် လုပ်နိုင်စေတာပဲ။ သူလဲ ၁၀ ရက်လုံးလုံး ဘာမှမစားဘဲ အဲ့ဒီ ဘီယွန်စေး သံပရာရည်ကို ဗူးနဲ့ ကို သောက်ပါတယ်။ ထားတော့။

တီချမ်းကတော့ ခုနက အပေါ်မှာ ပြောခဲ့ပြီးသလို ပိန်ချင်လို့သောက်တာ မဟုတ်ပါဘူး။ ကြိုက်လို့သောက်တာပါ။
နောက်ပြီးတော့ ခုလို ပိန်သွားတာကလဲ သံပရာရည်ကြောင့်လို့ မပြောနိုင်ပါဘူး။ အကျယ်ကို အောက်မှာ ရှင်းပြပါမယ်။ ခုတော့ လောလောဆယ် တီချမ်းရဲ့ လျှို့ဝှက်ချက် သံပရာရည်ဖျော်နည်းလေးကြည့်ကြရအောင်နော်။

သံပရာသီး ကြီးကြီး အရည်ရွှမ်းမျိုး ၃ လုံးရှာပါ။ ပြီးတော့ ပုံမှာ ပြထားသလို ထက်ခြမ်းလှီးလိုက်ပါ။ ခွက်ကို ကြည့် ပါ။ တီက အိမ်မှာ ရေများများသောက်ဖြစ်အောင် အဲ့လို ခွက် အကြီးစားဝယ်ထားပါတယ်။ တခွက်ကို ၅၀၀ မီလီလီ တာ ရှိလို့ တနေ့ကို ၆ ခွက်လောက်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်အောင် သောက်နိုင်တာပေါ့။ လူတယောက်တနေ့ လိုအပ်တဲ့ ၂ လီတာ အပြင် တီက တီသောက်နေတဲ့ ဆေးတွေ အတွက် ၁ လီတာ ပိုသောက်ပါတယ်။

ပြီးရင် ကိုယ့်ကို ခုလို သံပရာသီးတွေကို စိတ်ရှည်လက်ရှည် ညစ်ပေးမယ် အားကောင်းမောင်းသန် ယောက်ျား တယောက်ရှာပါ (not a MUST just optional) ကပ်ကြွားနော်။ ပုံမှာ ကြည့်ပါ ညှစ်ပြီးသား သံပရာသီးအခွံတွေကို အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပါ။ ဟိဟိ။

သံပရာခွံ တဖတ် ကျသွားလို့ပြန်ဆယ်ရသေးတယ်။ တကယ့်မောင်ပဲ။ ကြည့်လိုက်နော် ခွက်က ၅၀၀ မီလီ ဆိုတော့ သံပရာရည် ကကို ၄ ပုံ ၁ ပုံလောက်ရှိနေတော့ ၁၂၅ မီလီ လို့အကြမ်းဖျင်းပြောလို့ရပါတယ်။ နောက် တတိယပုံမှာ ပြထားတဲ့ အတိုင်း ဆားထည့်ပါ။ ထုံးစံအတိုင်းပဲ ကြည့်ထည့်နော်။ ပြီးရင် သံပရာသီးနဲ့ ဆားကို သမအောင် ခလောက်ပြီးမွှေပါနော်။

ပုံ ၁ က သကြားရည်ပါ။ တီက သကြားတအိတ် ကို ရေ ၂ လီတာ ခန့် နဲ့ ဖျော်ထားတာပါ။ သကြားက တအိတ်ကို ၁ ကီလို ထင်ပါတယ်။ ရေကိုတော့ အရင်ဆူအောင်တည်ပြီး အိုးတခုထဲမှာ သကြားတွေကို ထည့်ပြီး မွှေတာပါပဲ။ မကြိုပါဘူး။ နောက်ပုံ ၂ မှာ တော့ ပျားရည်ပါ။

ခုနက ဆားနဲ့ ဖျော်ထားတဲ့ သံပရာရည်ထဲကို သကြားရည် ပုံမှာ ပြထားတဲ့ အတိုင်း ထည့်ပါ။ ၁၀၀ မီလီလောက်
ပေါ့။ နောက်တော့ ပျားရည် ထည့်ပါ။ ပျားရည်တော့ တီက အားမနာတမ်း များများလေးထည့်လိုက်ပါတယ်။ များတော့ သောက်လို့ကောင်းတာပေါ့။ ချဉ်ချဉ်ကြိုက်ရင်တော့ လျော့ထည့်ပေါ့နော်။ အဲ့တာဆို ခုနက ပျားရည် သကြားရည် သံပရာရည် တို့သည် ခွက် တဝက် မပြည့်တပြည့် ရပါပြီနော်။

သမ အောင် ခလောက်လိုက်ရင် ပုံပါအတိုင်း အရောင်လေးနဲ့ ရပါမယ်။ ပြီးရင် ရေရောပါ။ ရေရောလိုက်ရင် အရည် စုစုပေါင်းက ၃၅၀ ကနေ ၄၀၀ မပြည့်တပြည့် မီလီ လောက်ရပါမယ်နော်။ ပြီးရင် မွှေပါ။

နောက်ဆုံး အဆင့်ကတော့ ရေခဲ ထည့်လိုက်ရင် ပုံမှာပြထားတဲ့ အတိုင်း အရသာရှိတဲ့ ပျားသံပရာ တခွက်ရ တာ
ပေါ့။ တီကတော့ နေ့တိုင်းမဟုတ်တောင် တရက်ခြားတော့ သောက်ပါတယ်။ တခါတခါ တနေ့ နှစ်ခွက်တောင် သောက်သေးတယ်။

ပြီးရင် လဲဒီလိုတွေ မတရားစားပါသေးတယ်။ အဲ့တော့ ပိန်တာ ဘာ့ကြောင့်လဲ မေးရင် တော်တော်ဖြေရခက်ပါ တယ်။ တချို့ လူတွေကျတော့လဲ ရေသောက်ရင်ကို ဝတာပါပဲ။ ညီမ တယောက်ရှိပါတယ် ကြောင်စာလောက် စားတာကို ပြည့်ပြည့်လေးဖြစ်နေလို့သူ့ခများ စိတ်ဆင်းရဲရပါတယ်။ တီကတော့ အသေစားတာပဲ မဝလာပါဘူး။ အရင်ကတော့ ပေါင် ၁၆၀ လောက်ရှိဖူးတယ်။ နောက်တော့ ၁၅၀ က ပုံမှန်တမ်းပဲ။ ခုတော့ ၁၄၀ ပါ။ ဒေါ်သလင်း ပြောသလိုပဲ ဝတာ ပိန်တာ ထက် ကျန်းမာ ဖို့က ပိုအရေးကြီးတာပါနော်။

နောက်ပြီး တီက မနက် ၉ နာရီ တခါတခါ ၉ နာရီ ခွဲလောက်မှ ထတော့ ၁၀ နာရီ ရုံးရောက်ဖို့ ကို မနည်း ပြေးရပါ တယ်။ အဲ့တော့ နေ့တနေ့ ရဲ့ အဓိက အစာအဟာရဖြစ်တဲ့ ဘရိတ်ဖတ်စ် ကို အမြဲ လွတ်ပါတယ်။ ချစ်မောင် ထထ ဖျော်ထားပေးတဲ့ ပရီးမီးယား နှစ်ထုပ် ပလပ်စ် နွားနို့ ကော်ဖီ တခွက်နဲ့ပဲ ရုံးရောက်ရတာ များပါတယ်။ ခုတလောက နေ့လည် ကို ပူလို့ရယ် ရုံးနားက ဆိုင်တွေ ကို အီလာလို့ရယ် ဆိုပြီး နေ့လည်စာ မစားဖြစ်တာ များပါ တယ်။တနေ့လုံး ကော်ဖီ တခွက်ပဲ ဗိုက်ထဲမှာ ရှိတယ်။ တခါတခါ ဆာလာရင်တော့ နေ့လည်ကို တခုခု မုန့်လိုမျိုး နဲ့ ကော်ဖီ နောက်တခွက် ထပ်သွင်းဖြစ်ပါတယ်။ ညနေပိုင်းတော့ အိမ်ရောက်ရင် ခေါက်ဆွဲလိုမျိုး ထမင်းလိုမျိုး တခုခု စားလိုက်ပါတယ်။ နောက် ညကျတော့ မောင်နဲ့ တခုခု ထပ်ချက်စားကြပါတယ်။ ပြီးတော့ ညအိပ်ခါနီးကျရင်
တော့ ကော်ဖီနဲ့ ပေါင်မုန့် လိုမျိုး ခေါက်ဆွဲပြုတ်လိုမျိုး တခုခု စားပါသေးတယ်။ အဲ့တော့ အဲ့လောက်စားနေတာ
တောင်ပိန်သေးသလား မမေးပါနဲ့။ တီချမ်းတို့ က ဆုတောင်ကောင်းတာ ဦးနှောက် ကောင်း တော် မျက်နှာလှ တာတင်မက ဝလဲ မဝ တတ်ပါဘူး။ အဲ့တာကြောင့် စာဘတ်သူတွေလဲစိတ်ထားကောင်းကောင်းထားပြီး ကောင်းမှု များများ လုပ်ရင် ကောင်းကျိုးက ကိုယ်တင်မက အဆီတွေမှာပါ သွားတည်မှာပေါ့နော်။

အာဘွား။

A Chen
8:55 PM
Wednesday
15th Feb 2012
Home
Bangkok

ထောပတ်သီးလက်ဖျော်

မြန်မာပြည်က ပြန်လာကတည်းက ချဉ်ချင်းတခု ပါလာပါတယ်။ ထောပတ်သီး စားချင်တာပါ။ မြန်မာပြည် ကို ၂ လပိုင်းက ခဏ ပြန်လိုက်တာ နေ့တိုင်းလိုလို စားဖြစ်ပါတယ်။ စဉ့်အိုးတန်း လမ်း အောက်ဘလောခ် အလယ်လောက်က အသီးဖျော်ရည်ဆိုင်မှာပါ။ နောက်မှ ပုံသပ်သပ်တင်ပေးပါမယ်။ လိုရင်းကတော့ ပြန်ရောက်ပြီး ကတည်းက စားချင်နေသေးတာ ထောပတ်သီးပါ။ ထောအောင် မဟုတ်ပါဘူး။ ယတြာ ချေတာလဲမဟုတ်ပါဘူး။ ဗိုက်ကြီးနေတာလဲမဟုတ်ပါဘူး။ စားချင်တာ သက်သက်ပါ။ ရှာတော့လဲ တွေ့ရတာပါ့။ လျာရှည်လေ တွေ့ရှိလေမှလား။ တခုပဲ ရင်နာနာနဲ့တွေ့ရတာပါ။ မိန်းမယူသွားတဲ့ ရည်းစားဟောင်းလိုပေါ့။ အင်းတီချမ်းလဲ ဘာတွေပြောနေမိပြန်ပြီလဲမသိပါဘူး။ ကလူ ကလူ ကလူ…

ခုနက ပြောသလိုပါပဲ ရှာတော့လဲတွေ့ပါတယ်။ တခုပဲ ပြောစရာရှိတယ် ဈေးကြီးနေတယ်။ ဈေးတော်တော်လေးကြီးနေတယ်။ ဈေးကြီးနေတယ်ဟေ့……………………………….ပြောရင်းနဲ့ ဒေါသတောင်နည်းနည်း ထွက်လာပါတယ်။ ထောပတ်သီး အစိမ်းကိုလိုက်ရှာတော့ တော်တော်နဲ့မတွေ့ပါဘူး။
သူက ဘန်ကောက်မှာ မပေါပဲ ချင်းမိုင်မှာပဲ ပေါတယ် ဆိုပါကလား။ အဲ့တာနဲ့ ပဲ ဘယ်ရမလဲ ပါရာဂွမ် ကို သွားတာပေါ့။ တီက အသားဆိုလဲ အဲ့ဒီ ပါရာဂွမ် မှာပဲ ဝယ်လေ့ရှိပါတယ်။ အဲ့တာကြောင့် သူငယ်ချင်း အမ ကြီးတယောက်ကတောင် ကြီးကျယ်လိုက်တာလို့ပြောပါတယ်။ ပါရာဂွမ် က ဝက်သား ပဲဝယ်စားလို့လို့ ဆိုပါတယ်။ အမှန်ကတော့ ဈေးနည်းနည်းပိုကြီးတာမှန်ပါတယ်။ သို့သော် အသားကွာလတီက ကွာတယ်လေနော့ ကောင်းကောင်းစားချင်ရင် ဈေးကြီးပေးရမှာပေါ့လေ မဟုတ်ဘူးလား။ ပြောရင်းနဲ့ လိုရင်းက လွဲပြန်ပြီ အဲ့လိုပဲ ကြွားနေရရင် စားဝင်အိပ်ပျော် ကျန်းမာ လှပ လုပ်ပြန်ပြီ (အင်းလေ ဒီလိုပေါတောတောတွေမရေးရတာကြာလို့ ရေးမိပြန်တယ်တော့တယ် ခွင့်လွှတ်ပါ အသင် စာရှု့သူ)

အဲ့တာနဲ့ပဲ ခုန က ဘန်ကောက်မှာ ရှားနေတဲ့ ထောပတ်သီး အစိမ်း ကို အင်ပိုထ့်သီးတွေ အကုန်နီးပါးရတဲ့ ပါရာဂွမ်မှာ သွားရှာဝယ်ရပါတယ်။ အဲ့မှာ စိတ်နာတဲ့ ဇာတ်လမ်းက စတာပဲ။ အချင်း ထောပတ်သီးက တလုံး ကို ယိုးဒယား ငဝက်နဲ့ ၅၅ ဘတ်ပေးရပါတယ်။ အဲ့မှာ စိတ်နာတဲ့ ဇာတ်လမ်း ရဲ့ အစပေါ့။ မြန်မာပြည်မှာတုံးက ၁၀၀၀ ဖိုး ကို ၅ လုံး အီစိမ့်နေအောင်စားရတာ ခုတော့ တလုံးကို ၅၅ ဘတ် အကြမ်းဖျင်းတွက်ရင်တောင် ၁၈၀၀ ၂၀၀၀ ကျပ်လောက်ကျပြီ။ အဲ့တာနဲ့ မထူးပါဘူးဆိုပြီး စိတ်နာနာနဲ့ ၅ လုံးဝယ်လိုက်ပါတယ်။ နောက်တခါ ဝယ်မစားဘူးပေါ့။ အော် ပြောရအုံးမယ် အဲ့ဒီ သောက်ဈေးကြီးတဲ့ ရွှေထောပတ်က သြစတြေးလျ က လာတာပါတဲ့ အရပ်ကတို့ရေ……………………………ပုံကိုကြည့်ကြပါ။ သေချာမြင်ရအောင် တံဆိပ် ကိုပါ အနီးကပ် ရိုက်ပေးလိုက်တယ်………….

ကဲ ကြွားတာတွေလဲ ပြီး……………အဲလေ စိတ်နာစရာတွေ ပြောပြီးတော့ အချိုလေးတွေနဲ့ ပြန်ဖြေရအောင်နော်…
ပထမ ဆုံး ထောပတ်သီး မှည့်လေးတွေ ကို နှစ်ခြမ်းခြမ်းပါတယ်။ နောက် စတီးဇလုံလေးထဲကို ဇွန်းတွေ နဲ့ ခြစ်ချပါတယ်။ ပုံ ၁ ပုံ ၂ ပုံ ၃ တွေ ကိုကြည့်ပါ။

ပုံ ၄ ပုံ ၅ ပုံ ၆ ကတော့ ခုန က ဇွန်း နဲ့ခြစ်ချထားတဲ့ ထောပတ်သီး တွေကို ဇွန်းနဲ့ပဲ ခေါက်ပေးပါ အဖတ်လေးတွေ ညက်ညက်လေး ဖြစ်အောင်ခေါက်ပေးပါ။ အိမ်သား (မောင် မှတ်ချက် ဝစ္စနှစ်လုံးပေါက်ပါပါတယ် သေချာဘတ်ပါ) ကတော့ စက်ဖျော် ကိုကြိုက်ပါတယ်။ ဒါပေမယ့်လဲ အိမ်သူ ကိုယ်က လက်ဖျော် ကိုပိုကြိုက်တော့ အိမ်သားက အိမ်သူ အကြိုက် ကိုလိုက်ရတာပေါ့နော်။ ထားပါ စကားစပ်လို့ တခုပြောချင်သေးတယ် တနေ့ကပေါ့ အိမ်သားက ပြောလာပါတယ် စိုင်းထီးဆိုင်သီးချင်းထဲကလိုပဲတဲ့ လိုချင်တာက မိဖုရား ညားတော့ ဘုရင်မ ဆိုပဲ သူကပြောတာပါ ကိုယ်ကပြောလိုက်တယ် ခုတော့ ဘုရင်ဖြစ်ချင်တဲ့လူ သုံ့ပန်းဖြစ်နေပေါ့လို့ (အချစ်သုံ့ပန်းပေါ့လေ) ငှဲငှဲငှဲ… ထားပါ…လွတ်ပြန်ပြီ အလယ်ပုံက သကြားခဲလေးတွေ ထည့်လိုက်တဲ့ပုံပါ အိမ်မှာ သကြားမှုန့် အလွယ်မရှိလို့ ကော်ဖီသောက်တဲ့ သကြားခဲပဲ အလွယ်ထည့်လိုက်ပါတယ်။ (စဉ်းစားမိသေးတယ် တီချမ်းသာဆို ဒီလိုဘယ်တော့မှ အလွယ်မလုပ်ဘူးလို့ အလွယ်လုပ်တာ ဟင်းကို ဖြစ်ကတတ်ဆန်းချက်တာ မိစနိုးတို့ လို မိန်းမတွေအလုပ်လို့ ) ထားတော့….နောက်ဆုံးပုံက နို့ဆီ တွေ ထည့်ပါတယ် ပေါပေါရသလို များများသာထည့်ပါ အဲ့တာမှအရသာရှိမှာ………….

ပုံ ၇ က နွားနို့ထည့်ပါတယ်။ ဘူးထဲက ထွက်သလောက်သာ ဒလဟော လောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ပုံ ၈ မှာ ပြထားသလို ဇွန်းလေးနဲ့ မွှေမွှေမွှေပေါ့။ ပစ်နေအောင်မွှေပါ။ လိုအပ်တယ်ထင်ရင် နို့ဆီနဲ့ နွားနို့ သကြား ကြိုက်သလောက်ထပ်ထည့်ပါ။ (ဆီးချိုရှိသူများ တီချမ်းပို့စ် အတိုင်းလိုက် မလုပ်ရ) နောက်ဆုံး ပုံကတော့ သေချာမွှေထားပြီးသား ထောပတ်သီး လက်ဖျော်တွေကို ဘူးလေးနဲ့သေချာထည့်ပြီးတော့ မှရေခဲသေတ္တာ (အသစ်) ထဲ ကို ထည့်ထားလိုက်ပါတယ် နောက်နေ့ စားဖို့ ဟိဟိဟိ………..တော်သေးပြီ။

A Chen
3:12 AM
21st march 2011
Monday
Home
Bangkok