ချစ်တာ အပြစ်လား? Goodbye ……my love

ချစ်တာ အပြစ်လား?  Goodbye ……my love  
ခုတလော မယားငယ် ကိစ္စတွေ၊
လင်ရှိယောက်ျားကို ရည်းစားတော်တဲ့ ကိစ္စတွေ ဖောက်ပြန်တဲ့ ယောက်ျားကိစ္စတွေ အများအပြားကြားရပါတယ်။
ဒီကြားထဲ သခွပ်ပင်က မီးကျီကျီ ဆိုသလို ပေါ်လာတဲ့ ဥပဒေ အသစ်က တမှောင့်ပေါ့လေ။ ထားပါတော့
ပြောချင်တာက ခုနက မယားငယ် ကိစ္စတွေ ရည်းစား ကိစ္စတွေ နှစ်ပေါင်များစွာ တွဲလာပြီး တော့မှ
ယူဖို့ ကျတော့ နှောင့်နှေးနေတဲ့ တွေဝေနေတတ်တဲ့ မောင်တို့ ယောက်ျားတွေ အကြောင်း နည်းနည်းလေး
ပြောချင်ပါတယ်။
မနေ့ကလဲ တရုတ်ကား တကားကြည့်ဖြစ်တယ်။
တရုတ် နဲ့ ကိုရီးယား ပေါင်းရိုက်ထားတာ (စုန့်ဟွေ့ချောဝ်)လို့ခေါ်တဲ့ အွန်စောလဲပါတယ်။
သူက မင်းသမီးပါ။ မိန်းမတွေ ရဲ့အချစ် အပေါ် အောက်ကျ နောက်ကျ နိုင်မှု နဲ့ နှာခေါင်းမပါရင်
ချီးစားမယ့် အမှုတွေကို ရှုထောင့် ပေါင်းစုံက ရိုက်ပြထားတာပါ။ မနာပါနဲ့ ချစ်လို့ပြောတယ်မှတ်ပါ။
မိန်းမတော်တော်များများ ဟာ သူတို့ရဲ့ငယ်ရွယ်မှု၊ နုပျိုမှုတွေကို ဦးနှောက်မပါမှုတွေ
အချစ်ဆိုတဲ့ ခေါင်းစဉ်တွေ တပ်ပြီး လဲပစ်နေကြတာပါ။ ကိုယ့်ဘဝအတွက် မသေချာတဲ့ မပိုင်နိုင်မှု၊
မပိုင်ဆိုင်နိုင်မှု တွေကို အချစ်လို့ ပုံရိပ်ယောင်ထင်နေကြတာ။ ကိုယ့်ကို တာဝန်ယူမှာ
မယူမှာ မသေချာတဲ့ ယောက်ျားတယောက်ကို တချိန်တော့ သူငါ့ကို ယူမှာပါလေ ဆိုတဲ့ အတွေးမှားတွေ
နဲ့ စောင့်နေတာဟာ ကိုယ့်ရဲ့နနယ်ပျိုမြစ်မှုတွေကို မီးရှို့ပစ်နေတာနဲ့အတူတူပါပဲ။ အချိန်ဖြုန်း
မှု သက်သက်တွေရယ်ပါ။
ဒီနေ့လဲ ခုနကပဲ တရုတ်ရုပ်ရှင်
တကားကြည့်နေတာ ဇာတ်လမ်းထဲမှာ ကောင်မလေးက လေယာဉ် ကပ္ဗတိန်နဲ့ ကြိုက်နေ၊ တွဲနေ လစ်ဗင်းတူဂဲသား
နေနေကြတာပေါ့။ ဒါပေမယ့် တနှစ် စောင့်တယ် မယူဘူး၊ နောက်တနှစ်စောင့်တယ်၊ ဘာစကားမှ မဟဘူး၊
မစဘူး။ ဒီလိုနဲ့ပဲ နှစ်တွေ ကြာသွားပြီ။ သူလဲအသက် ၃၀ နားနီးလာပြီ။
မ –     ရှင်တခါမှ
ကျမ ကို လက်ထပ်ယူမယ် လို့ မစဉ်းစားထားဘူး မှလား
ကျား –          မင်းစကားတွေကို
မလွဲပါနဲ့။ 
မ –     ကျမ
မေးတာကို ဖြေပါ။
ကျား –          မင်း
က ဘာတွေ လောနေတာလဲကွာ။ လက်ထပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် စိတ်လုံခြုံမှု မရှိတဲ့သူတွေ၊
ကိုယ့်ချစ်သူကို ယုံကြည်မှု မရှိတဲ့ သူတွေရဲ့ လုပ်ရပ်တွေပါ။ စာရွက်တရွက် နဲ့ တယောက်ကို
တယောက် ချည်နှောင်ချင်ကြတာပဲ။ ဘာများ အဓိပ္ဗါယ်ရှိလို့လဲကွာ။
မ –     ရှင့်ပါးစပ်က
တတွတ်တွတ် ကျမ ကို ချစ်တယ် ပြောနေပြီးတော့ စာချုပ်လေး နဲ့ အဲ့တာ ကို သက်သေပြဖို့ကျတော့
အဲ့လောက်တောင် ခက်နေလား။ ရှင်ဘာကို ကြောက်နေတာလဲ။ ဒါမှ မဟုတ် အချိန်မရွေး နောက်ပြန်လှည့်
လို့ ရအောင် ကိုယ့်ကိုကိုယ် တကွက်ချန်နေတာလား။ နောက် နှစ် ဆို ကျမ ၃၀ ပြည့်ပြီ။
ဒီတလထဲမှာပဲ ကျမ ကျောင်းတုံးက သူငယ်ချင်း ၅ ယောက် ဆီကနေ ဖိတ်စာတွေရတယ်။ ၃ ယောက်က မင်္ဂလာ
နှစ်ပတ်လည်ဖိတ်စာတွေ။ တယောက်က ကလေး ရက် (၁၀၀) ပြည့် ဖိတ်တာ။ နောက်တယောက်က မင်္ဂလာဆောင်မယ့်
ဖိတ်စာ။ ဒါပေမယ့် ဒီဖိတ်စာက သူ့ရဲ့ဒုတိယ အကြိမ်မြောက်ဆောင်မှာ။ ဒီကိစ္စ ကို ရှင်နဲ့ပြောတိုင်း
စောင့်ပါဦး စောင့်ပါဦး နဲ့။ ကျမ က ဘယ်တော့မှ မရောက်နိုင်မယ့် ပန်းတိုင်ကို ပြေးနေရသလိုပဲ။
ကျမ ပြေးရတာ မောလှပြီ။ ကျမ ဆက်ပြီး မပြေးနိုင်တော့ဘူး။ ကျမ မီခိုနိုင်မယ့် ပခုံးတခု
လိုချင်ပြီ။ ကျမ ကိုယ့် ကိုယ်ပိုင် အိမ်လေးတခု မိသားစုလေး တခုလိုချင်ပြီ။ ကျမ
မှားသလား?။  
(ဒီနေရာမှာ တခုပြောချင်ပါတယ်။
ခေတ်တွေပြောင်းလဲပြီး ပွင့်လင်း လွတ်လပ်လာကြတာ လူတွေက အိမ်ထောင်တခု အလွယ်ထူထောင်ဖို့
ခက်လာကြပါတယ်။ စီးပွားရေး မပြေ လည်ရင် ယူဖို့မလွယ်တာ။ လူမှုရေး ကိစ္စတွေကြောင့် မယူနိုင်ကြတာ။
အတ္တတွေပိုကြီး လာကြတာ။ ငါစွဲလာကြတာ။ လူတယောက် ကို တရားဝင် လက်ထပ်ယူပြီး တာဝန်ယူ ဖို့ထက်
ဖြစ်နိုင်ရင် မယူဘဲ အတူနေကြ တွဲကြ။ အဆင်ပြေတော့ မှ လက်ထပ်ကြ။ ကလေးရမှ မယူမဖြစ် ယူကြ။
အလုပ်ကို ဦးစားပေးကြ၊ ဘဝတိုးတက်မှုကို ဦးစားပေးကြ စသဖြင့်ပေါ့လေ။ တီ ကိုယ်တိုင်လဲ
အမှန်တော့ မယူဘဲ အရင် အတူနေကြည့်တာကို အားပေးပါတယ်။ သို့သော် ဆိုလိုချင်တာက လေ့လာဖို့ပါ။
အိမ်ထောင်ပြုပြီးမှ တယောက်နဲ့ တယောက်အဆင်မပြေရင် ကွဲရတာလွယ်တယ် ကွဲလိုက်တာနဲ့ယောက်ျားဖြစ်စေ
မိန်းမ ဖြစ်စေ အပျို လူပျို ပြန်မဖြစ်တော့ပါဘူး။ တခုလပ် ဖြစ်သွားပါပြီ။ နောက်အိမ်ထောင်
ထပ်ပြုတယ်ဆိုလဲ အိမ်ထောင် နှစ်ဆက် တို့ ဒုတိယ အိမ်ထောင်ပေါ့ ဆိုတဲ့ အမည် တပ်မှုတွေကို
မလွဲမသွေကြုံရမှာပါ။ မယူဘဲ အတူနေတော့ လေ့လာလို့ရတယ် အဆင် မပြေလို့ လမ်းခွဲရင်တောင်
သူသူကိုယ်ကိုယ် အပျိုလူပျိုပဲ ဖြစ်လို့ အရင်က အိမ်ထောင်ကျ ခဲ့တယ် ဆိုတာမျိုးမဖြစ်ဘဲ
ရည်းစားထားခဲ့ဖူးတယ် ဆိုတာလောက်ပဲလေနော်။ ဒါပေမယ့် အဲ့တာကို လေ့လာဖို့ နဲ့ အတူနေမှု
ကို မျှော်လင့်ချက်အမှားတွေ နဲ့အချိန်ဖြုန်းတာနဲ့ တော့ သေသေချာချာ ကွဲစေချင်တယ်။ မဟုတ်ရင်
ဘဝမှာ တကယ့်အလွဲတွေက ဖြေရှင်းရခက် ပါတယ်။ မိန်းမတွေကို အလဟသတ် အချိန်တွေ မဖြုန်းစေချင်တာပါ။
ယောက်ျားတွေ အတွက် တော့ အထွေအထူး ပြောစရာမလိုပါဘူး။ ကိုယ့်သူငယ်ချင်းတယောက် အသက်
၄၀ ကျော် (တော်တော်လေးကျော်) တောင် သူ့ထက် အသက် တဝက်ငယ်တဲ့ မိန်းကလေး နဲ့ ရပါတယ် ပြောချင်တာ
မိန်းမတွေလောက် ယောက်ျားတွေက တန်ဖိုးကျမလွယ်ဘူး။
မိန်းမတွေကတော့ ပြောင်းပြန်ပါ။
မိန်းမတွေရဲ့တန်ဖိုးက ၁)
မိမိကိုယ်ကို တန်ဖိုးထားမှု၊ ၂) ဉာဏ်ပညာ နဲ့ မိမိဘာသာ ရပ် တည်နိုင်မှု ၃) ငယ်ရွယ်နုပျိုမှု
စတာတွေပါပဲ။ အမှတ်စဉ် တပ်ထားပေမယ့် အရေးအကြီး ဆုံးက နောက်ကနေ ပြောင်းပြန်ရေရမှာပါ။
အရှေ့ကဟာတွေက ဘယ်လိုပဲ လှအောင် ပြောပြော ရေးရေး ယောက်ျားတွေအမြင်မှာကော မိန်းမတွေအမြင်မှာကော
အရေးကြီးတာ နောက်ဆုံးက တချက်ပါ။ အဲ့တာကြောင့် ယောက်ျားတွေကလဲ မိန်းမတွေရဲ့ အလှပတရား
ကို တန်ဖိုးထားသလို မိန်းမတွေကလဲ (ကိုယ့်အတွက်လို့) ဘယ်လိုပဲ နာမည်တပ်တပ် လှအောင်နေကြ
ဖန်တီးကျ ပြုပြင်ယူကြပါတယ်။
(စာပေဟောပြောပွဲဆိုရင်တော့
ဒီနေရာမှာ လက်ခုပ်တီးရမှာပါ ပရိတ်သတ်ကြီး ရှင့်)
အဲ့တော့ နောက်ဆုံးမှာ မျှော်လင့်ချက်ပေါင်းများစွာ
ရင်မှာ ပွေ့ပြီး တစောင့်တည်း စောင့်နေ တဲ့ မိန်းကလေးတွေကို ဒီစာလေး နဲ့ နှုတ်ဆက်လိုက်ချင်ပါတယ်။
“ချစ်သူ”
ကျမ ရှင့်ကို အချိန်တစ်ခု ပေးခဲ့တယ်နော်။ ဒါပေမယ့်
ရှင့်ဆီက ဘာမှ ဆက်သွယ်မလာတဲ့ အတွက် ကျမ သဘောပေါက်လိုက်ပါပြီ ချစ်သူ။ ကျမ တို့ အတူတူ
ကာလအတော်ကြာ နေခဲ့တယ်။ အဲ့ဒီ နေ့ရက်တွေ အချိန်တွေ ကျမ သိပ်ပျော်ခဲ့ရပါတယ်လေ။ ဒါပေမယ့်
ဘဝက ကျမ ထင်သထားသလို ဖြစ်မလာမှတော့ ကျမ ဆုံးဖြတ်ချက်ချရတော့မယ်။ ကျမ ရှင့်အတွက် အချိန်တွေ၊
ကျမ ရဲ့ ငယ်ရွယ်နုပျိုမှုတွေ အများကြီး စတေးခဲ့ပါတယ်။
ဒီအိမ်ကလေးထဲမှာ၊ ဒီမြို့တော်ကြီးမှာ၊ ဒီအလုပ်မှာ
ကျမ အတွက် ရှင့်ကို သတိရစရာတွေ၊ အမှတ်ရစရာတွေသိပ်များလွန်းပါတယ်လေ။ အဲ့တာကြောင့် အဲ့တာတွေ
အားလုံးကို ကျမ ပြည်ဖုံးကားချ ဖို့ လိုအပ်ပြီလို့ ကျမ တွေးမိတယ်။ ရှင့်အတွက်
ကျမ အချိန်တွေ အများကြီး စတေး ခဲ့ပြီးပြီ။ ခုတခေါက်တော့ ကျမကို ကျမ အတွက် စဉ်းစားခွင့်ပြုပါချစ်သူ။
ကျမ နှုတ်ဆက်ခဲ့ပါတယ်။
တခါက
“ချမ်း” 
T Chen
11:56 PM
Oct 6th 2015,

D Lax Spa | Yangon

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်

အသစ်ပြန်ဖြစ်တဲ့ သက်ငင်အချစ်
ဂျူးရဲ့ သက်ငင်ချစ်မှာပါတဲ့ ဇာတ်ကွက်တခုပါ။ ခင်လေးငယ် ကို သူ့
ရည်းစားက ဖြတ်တော့မယ့် အခန်း၊ သီသီလွင်ဆိုတဲ့ နောက်တယောက်နဲ့ ချစ်သွားတဲ့ ကိုကိုက
ထားခဲ့တော့မယ့် အခန်းမှာ ဂျူး က ဒီလိုဖော်ကျူးထားပါတယ်။
အို….သီသီလွင့်ကို ပိုချစ်ရင်….။
ဟင့်အင်း……၊ သူများ ကိုကို့ ကိုမခွဲနိုင်ပါ ကိုကို။
ယောင်ယမ်း၍ ကိုကို့မျက်နှာကို အထိတ်တလန့်မော့ကြည့်မိပါသည်။ ကိုကိုသည်
သူများကို ငုံ့ကြည့်နေခြင်းမရှိပါ။ ဟိုးဘက်မြစ်ပြင်ဆီသို့ ငေးနေပါသည်။
မေးဖို့မလိုပါ။ သည်မေးခွန်းကို မေးဖို့မလိုပါ။ သူများရိပ်မိပါသည်။
ကိုကိုလိမ်လည်၍ ဖြေသည့်တိုင်အောင် သူများရိပ်မိပါလိမ့်မည်။  သည်အဖြေကိုလည်းမကြားရဲပါ။
သည် သုံးလေးလအတွင်းမှာ..ကိုကိုနှင့် နှစ်ယောက်ချင်းချိန်းတွေ့သည့်ရက်သည်
သည်နေ့ရော ပေါင်းပါမှ နှစ်ခါပဲ ရှိပါသေးသည်။
ဟုတ်ပါသည် ကိုကို၊ သူများချိန်းတိုင်း ကိုကို့မှာ အကြောင်းပြချက်တခုက
ရှိနေတတ်သည် မဟုတ်ပါလား။
ဘောလုံးကွင်းသို့ သွားစရာရှိပါနေသည်ဆို…..
တင်းနစ်ကုတ်သို့ သွားရပါဦးမည်ဆို…….။
တီးဝိုင်းအတွက် သီချင်းအသစ်တိုက်ရပါဦးမည်ဆို……။
နောက်ပြီး ဘယ်အဖွဲ့က ဘယ်တယောက်နေမကောင်း၍ လိုက်တီးပေးနေရပါသည်
ဆိုတာမျိုး။ သြော်…… ဒီလိုတော့လည်း ကိုကို့မှာ အလုပ်က အများသားပါကလား။
ညည အိမ်ရှေ့သို့ ဂစ်တာလာမတီးသည်ကလည်း ဘယ်နှစ်လ ရှိနေပြီလဲ။ စေ့စေ့တွေးတော့လည်း
ရေးရေးပေါ်ပါသည်။
အရိပ်မြင်ရုံနှင့် အကောင်မထင်ခဲ့မိဘဲ၊ အကောင်မြင်ခါမှ ရိပ်မိရသော
သူများအဖြစ်သည် မည်မျှရယ်ဖို့ကောင်းလိုက်ပါသလဲ။ ရယ်နိုင်လျှင် တင်းကြပ်နေသော ဝေဒနာ
သက်သာသွားမည်လား……..?
ဒါ ဂျူးက ၁၉ ၈၁ ဇွန်လ ရှုမဝမှာ ရေးခဲ့တဲ့ သက်ငင်ချစ်ထဲကပါ။ ကိုယ်မမွေးသေးပါဘူး။
သူငယ်ချင်းကောင်လေးတယောက်ရှိပါတယ်။ သူက သူ့ရည်းစားကောင်မလေးတွေနဲ့
အီစီကလီ အဆင့်မှာပဲ ပျော်ပိုက်လေ့ရှိတယ်။ ရည်းစားသက်တမ်းကြာလာလို့ တည်တည် တံ့တံ့
ဖြစ်လာပြီဆိုရင် သူ ယောက်ယက်ခတ်ပြီး အဲ့ကောင်မလေးနဲ့ ပြတ်တော့တာပဲ။ ဘာလို့လဲ လို့မေးကြည့်တော့
“သမီးရည်းစား သားရည်းစားဘဝမှာ အတည်ရယ်လို့ ဖြစ်လာကြပြီဆိုရင်  မိန်းကလေးတွေက အရမ်းတွယ်ကပ်တတ်လာတယ်၊ နေ့တိုင်းနေ့တိုင်း
ဘယ်သွား ဘာလုပ် ဘယ်သူနဲ့တွေ့ စတာတွေကို နာရီမိနစ် စက္ကန့်မလပ် သတင်းမပို့ချင်ဘူး”
တဲ့လေ။ စိတ်ရှုပ်စရာတွေပါတဲ့။
အဲ့တော့ ကိုယ်ကသူ့ကို မေးခွန်းလေးတွေမေးမိတယ်လေနော်။
“မိန်းကလေးတယောက်ကို ကြိုက်လို့ ချစ်လို့ စိတ်ဝင်စားလို့ဆိုပြီး
လိုက်ဖူးလား?”
“လိုက်ဖူးတာပေါ့”
“ဘယ်လိုပုံစံနဲ့လိုက်လဲ”
“ဖုန်းတွေ နေ့တိုင်းဆက်တယ်၊ အီစကလီထုတယ်၊ တွေ့ဖို့ချိန်းတယ်”
“တကယ်လို့ သသက ဂရုမစိုက်သလိုနေရင်ကော”
“တောက်တဲ့ကပ်သလို တွယ်ကပ်နေတာပေါ့။ နေ့ရော ညကော သူ့အိမ်ရှေ့မှာ
ခြေအေးဝမ်းယောင် လုပ်တယ်၊ ဂစ်တာတီးတယ်၊ သူသွားတတ်တဲ့ စာအုပ်ဆိုင်တွေ လိုက်တယ်၊
အကြည့်မြှားတွေပစ်တယ်၊ ဈေးသွားမယ့်လမ်းမှာ ထိုင်စောင့်တယ်၊ ကျောင်းဆင်းချိန် စောင့်တယ်၊
ကျူရှင်သွားရင် နောက်ကလိုက်စကားပြောတယ်၊ နှင်းဆီပန်းတွေပေးတယ်၊ အက်စက်ထရာ အက်စက်ထရာပေါ့။
လူက ခရီးတွေဘာတွေထွက်ရင် ဖုန်းဆက်ပြီးတော့ ဘယ်ရောက်နေပြီလဲ ဘာလုပ်နေလဲ ဘယ်တော့ပြန်လာမလဲ
ပြောတယ်၊ ခရီးက ပြန်လာရင် လက်ဆောင်တွေ ဝယ်လာ တကူးတက သွားပေး၊ ခရီးမထွက်ဘူးဆိုရင်လဲ
တနေ့ ၃ ခါ သတင်းပို့တယ်၊ မနက် နေ့လည် ည စားပြီးပြီလား ဖုန်းဆက်မေးတယ်၊ အခုပြောခဲ့တဲ့နည်းတွေအကုန်က
အလုပ်ဖြစ်တယ်၊ ကောင်မလေးတွေအရမ်းကြွေတယ်” သူက ဂုဏ်ယူဝင့်ကြွားစွာဖြေပါတယ်။ 
“ချစ်ကြိုက်သွားကြပြီးတော့ကော နေ့တိုင်းတွေ့ဖြစ်ကြလား?”
“တနေ့မတွေ့ဘဲ မနေဘူး၊ မတွေ့တဲ့နေ့ရယ်လို့ကို မရှိဘူး”
“သူက အလုပ်မအားရင်ကော?”
“အလုပ်မှာ သွားကြိုတာပေါ့”
“တကယ်လို့ နင်က မအားရင်ကော”
အလုပ်ပြီးတာနဲ့သူ့ဆီချက်ချင်းပြေးတာပဲ”
“တနေ့ကို ဖုန်းဘယ်နှစ်ခါလောက်ပြောဖြစ်ကြလဲ?”
“အရမ်း “ဟိ” (အပူ – အန်တီချမ်းဆို့ကဲ့သို့ ဘေးလူအမြစ်ကပ်လောက်အောင်
အရမ်း သည်းသည်းလှုပ် ချစ်နေကြသည့်အချိန်) တက်နေကြတုံးကဆိုရင် တနေ့ကို အများဆုံးက
၁၀ ခါထက်မနည်းဘူး။ တခါတခါ ပြောရင်လဲ နာရီ ပေါင်းများစွာနဲ့ချီပြီး စံချိန်တင်ဖူးတယ်”
ကဲ အဲ့ဒီတော့ မေးစရာတခုပဲကျန်တော့တယ်။
“အဲ့ဒီအချိန်တုံးက နင်က သူ့ကို သိပ် ကပ်တာပဲလို့ မမြင်ဘူးလား?”
သူက ရှက်ရယ် နဲ့ မဲ့ပြုံးပါတယ်။ ယောက်ျားတွေက မိန်းမတွေ သိပ်ကပ်တာပဲ၊
သိပ် ချုပ်ချယ်တာပဲ၊ သိပ် ပစီပစပ်များတာပဲ လို့ပြောလေ့ရှိကြတယ်။ တချိန်တုံးက တောက်တဲ့
တွယ်သလိုတွယ်ကပ်နေခဲ့တာ၊ အရှက်မရှိ သရက်စိခဲ့တာ၊ တနေ့တနေ့ အရည်မရအဖတ်မရ ဖုန်းဆက်ဆက်ပြီး
သူများသိချင်လားမသိ မသိချင်လားမသိ သူ့တို့ ဘာလုပ်တယ်ဆိုတာ ဖုန်းဆက်ဆက်ပြောတတ်တာ၊
အားအားယားယား ဖုန်းခွက်ကို လျှာနဲ့ ယပ်ခတ်တာ၊ တနေ့မတွေ့ရရင် ကိန္နရီချောင်းချား အာဝါဒါး
တတ်တာ သူတို့ပဲ မဟုတ်လား။ ဘာလို့များ အဲ့တာတွေ အကုန် လွယ်လွယ်နဲ့ မေ့ကုန်ကြတာပါလိမ့်နော်။
တီချမ်း ပြောချင်တာ အဲ့တာ ပါပဲ။
T Chen
3rd Feb 2014
6:39 PM | Monday |   
Royal Nay Pyi Taw Hotel |
Nay Pyi Taw | MYANMAR

စကားကြားက စကားများကို နားလည်ခြင်း

စကားကြားက စကားများကို နားလည်ခြင်း
လူတယောက် လောကကြီးမှာ အနှစ်
၂၀ အစိတ်လောက် အသက်ရှင်လာပြီးပြီဆိုရင် လူအချင်းချင်း စကားပြောကြတဲ့ အခါမှာ စကားကြားက
စကားတွေက နားလည်ဖို့လိုပါတယ်။ အသက်အရွယ် ရလာပြီဆိုရင် လူ့ဘောင်လောက ပတ်ဝန်းကျင်မှာ
ရှင်သန် လည်ပတ်ရတဲ့အခါ သိပ်ပြီး ကလေးဆန်လို့ ရိုးသားလို့တုံးအ လို့မရတော့ဘူးလေနော်။
“ဘာကြောတာလဲဟင် မီးမသိလို့ညော်” ဆိုပြီး နားမလည်ချင်ယောင်ပြီး အရူးကွက်နင်းလို့လဲ
မရတော့ဘူး။ အဲ့တာမှသာ တခါတခါ ပါလာတတ်တဲ့ စကားကြားက ဓါးတွေကိုလဲ မြင်နိုင် ရှောင်နိုင်မယ်လေနော်။
တနေ့ နည တင်ထားတဲ့ ဖဘ စတေးတပ်စ်
တခုကို မြင်ပြီးတော့ အတွေးလေးတွေ ဝေမိတာပါ။ ဒါမျိုးလေးတွေကို သတိထားနေမိတာတော့ကြာပြီ။
ပိုစ့်အနေနဲ့ ရေးဖြစ်ဖို့ အကြောင်းက မဖန်လာသေးတာ။ ကိုယ်တို့တွေလဲ နေ့တဓူဝ ပြောပြောဆိုဆို
ပြောနေမိကြတာမျိုးတွေပါ။
ဥပမာ ဆိုပါတော့….
သူငယ်ချင်းတယောက်မေးတယ်…“နင်ငါ့ကို
ကူမယ် မဟုတ်လားဟင်?”
နောက်တယောက်က……“ဘယ်လိုကိစ္စမျိုးလဲ”
အဲ့တာ သူက ကိုယ့်အကူအညီတောင်းဆိုချက်ကို
ဘယ်လိုငြင်းရမလဲလို့ စဉ်းစားဖို့ ၊ အကြောင်းပြချက်ရှာဖို့ စကားလမ်းကြောင်းနေတာပါ။
ဘာလို့လဲဆိုတော့ နောက်ထပ် သူဆက်ပြောလာမယ့် တခွန်းက “အဲ…..အဲ့ဒီကိစ္စ ဆိုရင်တော့ ငါမကူနိုင်ဘူးထင်တယ်ဟ”
ဆိုတာမျိုးပါ။
တချို့ကတော့ ပြောတတ်ပါတယ်…..“နင့်ကိစ္စ
ဆိုတာ ငါ့ကိစ္စပဲပေါ့ဟာ” ဆိုတာမျိုးလေ ကြုံဘူးကြလား?။ အဲ့လိုပြောတိုင်းလဲ တကယ့်တကယ်
အရေးကြုံလာရင် ကူလိမ့်မယ် မထင်ပါနဲ့။ ဘာကိစ္စမှန်းတောင်မသိသေးဘဲနဲ့ ကူညီမယ်ပြောနေတဲ့
သူမျိုးဟာ စကားတခုကို လွယ်လွယ်ပေါ့ပေါ့ ပြောတတ်တဲ့သူမျိုး ဖြစ်ဖို့ ပြောဖူးတဲ့ စကားတခုကို
အလွယ်တကူဖျက်လိုက်ဖို့ မတည်ဖို့ လူမျိုးဖြစ်ဖို့ % က ပိုများပါတယ်။
အရေးကြီးတဲ့ ကိစ္စတွေမှာ တတ်နိုင်ရင်
သူများအကူအညီ မတောင်းပါနဲ့လေ။ ခင်မှုမှုဆိုတာ တကယ်တော့ အစမ်း (အဆန်းသတ်) သတ်ခံနိုင်တာမျိုးမဟုတ်ပါဘူး။
ဒါနဲ့ပတ်သက်လို့ ဂျူး က ဝတ္တု တိုတပုဒ်ရေးဖူးတယ်ထင်ပါတယ်…..အဝါရောင်ရထားလို့ မှတ်မိနေတာ
တကယ်တော့ အဝါရောင်ရထားမဟုတ်ဘူး။ မိန်းမနှစ်ယောက်လား ဘာလား မသိ နာမည်တော့ မေ့နေပြီ……သူငယ်ချင်းနှစ်ယောက်
တယောက်က စာလှမ်းရေးပြီး ပိုက်ဆံချေးတာ အဲ့တာ သူ့တကယ့်အဖြစ်အပျက်ကိုရေးတာထင်တယ်။ သူက
ဂျီပီ ထိုင်ပြီး ဘဝကို ရုန်းကန်နေရချိန်လေ။ တဘက်က ပိုက်ဆံ ၅၀၀ လားမသိ လှမ်းချေးတာ
အမှန်ကတော့ သူ့သူငယ်ချင်းက သူ့ယောက်ျား နဲ့အလောင်းအစားလုပ်ပြီး ချေးတာလေ….ကျီစားပြက်ရယ်
လား မဟုတ်သေးပါဘူး။ ထားလိုက်တော့ မမှတ်မိတော့ဘူး။
(ဂျူး ပရိသတ် စစ်စစ်တွေကတော့
သိကြမယ်)
ချစ်သူက “ဒီလိုဆုံးဖြတ်ရတာ
နှစ်ယောက်စလုံးအတွက်ပါ” လို့ပြောရင် သေချာတယ် အဲ့တာ သူ့အတွက် ကောင်းဖို့ ဒီလိုဆုံးဖြတ်တာပါလို့ပြောတာပဲ။
အင်္ဂလိပ် ရုပ်ရှင်တွေမှာ
တွေ့ဖူးကြတယ်မှလား လူငယ်ကားတွေမှာလေ…….“It is not you, it’s me” ဆိုတာ။ အဲ့လိုပြောရင်
ကောင်လေးက ပြောတာပဲ ဖြစ်ဖြစ် ကောင်မလေးကပြောတာပဲ ဖြစ်ဖြစ် အဲ့တာ ဖြတ်စကားပဲ။ နင်နဲ့
ငါ ပြတ်လိုက်ကြစို့ လို့ အဓိပ္ဗါယ်ရပါတယ်
ကောင်လေးက ကောင်မလေးကို
“နင်ငါ့ကို မချစ်ဘူးဆိုပေမယ့်လဲ ငါကတော့ နင့်ကို တသက်လုံး စောင့်ရှောက်နေမှာပါဟာ”
ဆိုရင် အဓိပ္ဗါယ်က မကြာဘူး ဒီကောင် နောက် တယောက်ပြောင်းကြိုက်ပြီ။ နင်မချစ်ရင်လဲ နေခဲ့လိုက်တော့
ငါကတော့ ဒိုးပြီ ဆိုတဲ့ အဓိပ္ဗါယ်ပဲ။
မိန်းမက “ဒီအကျီ င်္က ဈေးအရမ်းကြီးတယ်။
အဲ့လောက် ဈေးကြီးတာကြီး ကို ဝယ်မပေးပါနဲ့ကွယ်” လို့ပြောရင် အဓိပ္ဗါယ်က အဲ့အကျီ င်္လေးကို
ကျမ ကြိုက်လိုက်တာ ဝယ်ပေးရင်တော့ သိပ်ကျေးဇူးတင်မှာပဲ လို့ ပြောချင်တာ။
ရည်းစားဟောင်းက….“အချိန်တွေ
နှစ်တွေလဲ ဒီလောက်ကြာခဲ့ပြီ၊ အရာရာ ပြောင်းလဲသွားခဲ့ပြီလေ” လို့ ပြောရင် ဆိုလိုချင်တာက
နင့် နဲ့လွဲသွားတာ တော်သေးတာပေါ့။ အခု ငါ့ဘဝ အရာရာ နင့်ထက်သာနေပြီလေ လို့ပြောချင်တာပါ။
ယောက်ျားက ထမင်းစားနေတုံးဖြစ်ဖြစ်
မိန်းမနဲ့ တူတူ ရှိနေတုံးမှာ ဖုန်းဆက်လာလို့ ခဏတဖြုတ် တိုးတိုးလေးပြောပြီး ချလိုက်ပြီးရင်
“ဖုန်းမှာတာပါကွာ” လို့ပြောရင် သေချာတယ်  အဲ့တာ သူ့ကို ရှာတဲ့ ကိုယ့်ကိုမသိစေချင်တဲ့ဖုန်းပဲ။
မိန်းမက “ဒီအကျီ င်္လေးက ဈေးလျော့နေတာလေ
၁ သောင်းခွဲ ပဲ ပေးရတယ်” လို့ပြောရင် အဲ့ဒီ အကျီ င်္က အနည်းဆုံး ၄ သောင်းခွဲ တန်တာ
သေချာပြီ။
တချို့လူတွေက ပြောတတ်တယ်……“သူ့ကိုမကြိုက်လို့
မဟုတ်ပါဘူး စည်းကမ်း အရ လုပ်ရတာပါ” လို့ အမှန်တော့ သူ့ကို မကြိုက်လို့ ကို စည်းကမ်း
နာမည် ခံပြီး လုပ်တာ ပညာပေးတာပါ။
ကဲ အဲ့တော့ ဘဝမှာ ဒီလောက်နှစ်တွေ
အထိ အသက်ရှင်လာပြီးပြီးဆိုရင် သူများတွေ ပြောတဲ့ စကားတွေ ကြားက စကားတွေ ကို သေသေချာချာ
နားထောင် အာရုံစိုက် နားလည်သဘောပေါက်ပြီး ပတ်ဝန်းကျင်မှာ အောင်မြင် ဝင်ဆံ့တဲ့ သူတွေဖြစ်ကြပါစေနော်။
သူများ အလွယ်တကူ ပညာပြခံအနှိမ် ခံရတာမျိုးကလဲ လွဲကြပါစေကွယ်။
T CHEN
7:34 PM |
18th Jan
2014 | Saturday
The D’s Place Office

Yangon | MYANMAR  

(၃၄) ရက် ကြာသော အခါ…….


(၃၄) ရက် ကြာသော အခါ…….
ယောက်ျားတယောက်နဲ့မိန်းမတယောက် လစ်ဗင်းတူဂဲသားနေလာကြာတာ (၁၀) နှစ် လောက်ကျော်လာပြီးတဲ့နောက်မှာ
လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပြီး (၃၄) ရက်လဲ ကြာရော မိန်းမဘက်က ကွာရှင်းခွင့်တောင်းတယ်။
အချစ်သစ်တွေ့နေပြီတဲ့လေ။
ယောက်ျားက ရင်နာနာ နဲ့ရင်ဖွင့်လာတယ်။ ကျတော်တို့ လက်ထပ်ထားတာ (၃၄) ရက်ပဲ
ရှိပါသေးတယ်။ (၃၄) ရက်ထဲနဲ့ သူ့ဘက်က စိတ်ပြောင်းသွားပြီလားဗျာတဲ့လေ။
တကယ်လို့သာ သူ့ဘက် က ကိုယ့်ကို မချစ်တော့ဘူးဆိုရင် (၃၄) ရက်ပဲဖြစ်ဖြစ်
(၃၄) နှစ်ပဲ ဖြစ်ဖြစ် ဘာများထူးဦးမှာမို့လို့လဲ။ တကယ်လို့အိမ်ထောင်သက် (၃၄) နှစ်ကြာလာမှ
သူက ကိုယ့်ကို မချစ်တော့ပါဘူးဆိုရင် ပိုပြီးတော့ ရင်နာစရာမကောင်းပေဘူးလားနော်?။
“ဟင့်အင်း” ယောက်ျားက ငြင်းပါတယ်။ “တကယ့်လို့ (၃၄) နှစ် လောက်သာ သူ့ကို
ချစ်ခဲ့ရမယ်ဆိုရင် အခုထက်တော့ ခံသာပါသေးတယ်”။
အမှန်တရားကို လက်မခံနိုင်တာ၊ လက်ခံနိုင်စွမ်းမရှိတာ အဖြစ်အပျက်က ရုတ်တရက်
ဆန်လွန်းလို့သာပါ။ အချိန် အတို အရှည်နဲ့ မဆိုင်ပါဘူး။
တကယ်လို့သာ (၃၄) နှစ် ကြာပေါင်းလာတဲ့ လူနှစ်ယောက် ရဲ့အိမ်ထောင်ရေး တခု
ပြိုကွဲ သွားမယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေက နှမြောကြမှာပဲ။ စုတ်သပ်ကြမှာပဲ။ ပြီးတော့လဲလူ့ဘဝဆိုတာ
ဒီလိုပါပဲလေ၊ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ် ဆိုပြီး လက်ခံ လိုက်ကြမှာပဲ။ အဲ့လိုပဲ
(၃၄) ရက်ကြာ ပဲ ခံတဲ့ အိမ်ထောင်ရေးတခုကိုလဲ စုတ်သပ်ပြီးတော့ စောစော စီးစီး မချစ်နိုင်တော့တာ
သိလို့လမ်းခွဲလိုက်တာ ကောင်းပါတယ်။ ကလေးတွေ ဘာတွေ မရှိတော့ သိပ်မခက်ခဲဘူးပေါ့ ဘာညာ
ပြောပြီးတော့ လူ့ဘဝမှာ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လေ ဆိုပြီး ပြီးသွားမှာပါပဲ။ ခံစားရတဲ့
သူ၊ ချစ်ရတဲ့ သူအဖို့တော့ ကောင်းကင်ကြီး ပြိုကျသလိုပေါ့လေ။ ဒါပေမယ့် ဒါသည်လဲလူ့ဘဝပဲ
မဟုတ်လား။
အချိန် ကြာတယ် တိုတယ် မြန်တယ် စောတယ် ဆိုတာ တကယ်တော့ ဘာမှ အဓိပ္ဗါယ်သိပ်မရှိလှပါဘူးလေ။
ချစ်တယ် မချစ်နိုင်တော့ဘူးဆိုတာကသာ အဓိက အခရာပါ။
ကိုယ်ကတော့ အဲ့ဒီယောက်ျားကို တခုပဲ ပြောပြချင်မိတယ်။ (၃၄) ရက်ပဲ ခံတယ်ဆိုတဲ့
အဲ့ဒီ အိမ်ထောင်ရေးတခုမှာ တကယ့် ပြဿနာဟာ အဲ့ဒီ (၃၄) ရက်ထဲမှာသာ ရှိတာ၊ အဲ့ဒီ (၃၄)
ရက်ထဲနဲ့ဖြစ်တာ မဟုတ်ပါဘူး။ တကယ့် ပြဿနာ အရင်းအမြစ် က အဲ့ဒီ လက်ထပ်ပြီးတဲ့ (၃၄) ရက်
မတိုင်မီ လစ်ဗင်းတူဂဲသား အတူတူနေလာခဲ့ကြတဲ့ (၁၀) နှစ် ထဲမှာ ရှိနေတာပါ။
ကိုယ့်ကိုကိုယ်လဲ မညာနေပါနဲ့လေ။ အဲ့ဒီ အတူတူနေခဲ့တဲ့ (၁၀) နှစ်တာ ကာလကလဲ
ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ဘဝရဲ့ခလုတ်ကန်သင်းတွေ ရှိခဲ့မှာပါပဲ။ ယောက်ျားလေးဘက်က
တခါတလေ ဘာမှမဟုတ်ပါဘူး လို့ သိပ်မခံစားခဲ့တဲ့ မခံစားတတ်တဲ့ လက်မခံတဲ့ အဖြစ်အပျက်တွေဟာ
မိန်းမတွေအတွက်တော့ ထိထိရှရှခံစားရတတ်ပါတယ်။ တခါတခါ မိန်းမတွေဘက်က တွဲလာတာလဲ ကြာလှပြီ။
ပတ်ဝန်းကျင်အမြင်တွေကလဲ ရှိသေးတယ်၊ ဒီလိုနဲ့ ဇာတ်မြောကြီးကို ယူလိုက်ကြရင်များ အသစ်စနိုင်လေရဲ့ဆိုတဲ့
စိတ်ကူးနဲ့ လက်ထပ်ဖြစ်လိုက်တာမျိုးလဲ ရှိနိုင်တယ်။ လက်ထပ်လိုက်ရင်များ ဘဝ အသစ်တခု
စလို့ ဖြစ်နိုင်မလားဆိုပြီးတော့ပေါ့။
ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်တုံးကမှ အက်ကြောင်းထနေတဲ့ ဒါဏ်ရာနဲ့
အချစ်ရေးတခုကို တကူကယ်နိုင်ပါဘူးလေ။ အက်ကြောင်းထနေတဲ့ အချစ်တခုဟာ အက်ကြောင်းထနေတဲ့
အိမ်ထောင်ရေး တခုကိုပဲ အစပြုစေမှာပါ။
A Chen
3:08 AM |
Thursday | January 2014  

Auruem Palace Hotel | Nay Pyi Taw | MYANMAR

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

“လည်” တာလား “အ” တာလား မောင်တို့ ယောက်ျားတွေရယ်…….

ယောက်ျားတွေဟာ တစ်ခါတစ်ခါ သိပ်ကို တုံးအ နေတတ်ပြန်ပါတယ်။ သူတို့တွေဟာ
မိန်းမတွေ စိတ်ထဲမှာဘာဖြစ်နေတယ် ဘာတွေးနေတယ် ဘာလိုချင်နေတယ်ဆိုတာ သိလေ့မရှိကြပါဘူး။

ဥပမာ လမ်းခွဲကြမယ့်အချိန်မှာ…..ကိုယ်က …..မျက်ရည်လည်ရွှဲနဲ့ ……..
“ကျမနောက်ကို ရှင့်မျက်နှာ ဘယ်တော့မှ မမြင်ချင်ဘူး။ ရှင်ထွက်သွား” လို့ပြောလိုက်ရင်
သူက တကယ်ပဲ ကိုယ့်စကားကို မြေဝယ်မကျ နားထောင်ပြီး ခေါင်းငိုက်စိုက်နဲ့ ထွက်သွားတော့တာပါပဲ။
သူကိုယ့်ကိုပွေ့ဖက်ထားတုံး ကိုယ်က……သူ့ကိုတွန်းလွှတ်ပြီးတော့………
“လွှတ် ရှင်ကျမ ကိုလွှတ်။ ကျမ အသားကို မထိနဲ့”…….လို့များပြောရင် သူတကယ်ပဲ
အူကြောင်ကြောင် (သူဘာများ အမှားလုပ်မိလို့လဲဆိုတဲ့ မျက်နှာ နဲ့) လွှတ်ပြီးတော့ ချောင်တစ်ခုမှာ
ကုတ်နေတတ်ပါတယ်။ (အမှတ်တရ ထဲက မောင့်ကိုတောင်သတိရမိသေးတော့)
တစ်ခါ ကိုယ်က
“ရှင့်အသံကို ကြားရတာ မီးလို ပူလောင်လွန်းလို့ ရှင့် အသံ ကို မကြားပါရစေနဲ့တော့”
လို့ပြောမိရင်……..သူက ဖုန်းတောင်မဆက်ရဲတော့ဘူး။
ကိုယ်က “ကျမတို့ လမ်းခွဲကြရအောင်…….ရှေ့ဆက်ပြီး တူတူနေလို့မဖြစ်တော့ဘူး”
လို့ပြောရင်……….။ အဲ့ဒီစကားတခွန်းကိုပြောတုံးက ကိုယ့်ပုံက အေးစက်စက်နဲ့ သိပ်ပြတ်သားပုံပေါက်နေပေမယ့်
တကယ့်တကယ်က ကိုယ် ဘယ်လောက်ထိ ပြတ်သားရမလဲ ကိုယ့်ဘာသာသေချာလဲမသိသေးပါဘူး။ တကယ်က ကိုယ်အဲ့လောက်ထိပြတ်သားသေးတာလဲမဟုတ်ပါဘူး။
တကယ်က ကိုယ်လိုချင်တာ သူ့ဆီက တောင်းပန်လာမယ့် စကားတခွန်း…….သူကသာ “ကိုယ်မှားပါတယ်ကွာ
ကိုယ့်ကို အမှားပြင်ဆင်ခွင့်၊ ကြိုးစားကြည့်ဖို့ နောက်ထပ် အခွင့်အရေးလေးပေးပါလို့များ
တောင်းပန်လာခဲ့ရင်…….ကိုယ်စိတ်ပျော့ပြီး ခွင့်လွှတ်မိအုံးမှာပါ။ ဒါပေမယ့် သူက စိတ်ဓါတ်ကျ
ကြေကွဲ မျက်ဝန်းတွေနဲ့ ကိုယ့်ရှေ့က ခေါင်းငိုက်စိုက်ထွက်ခွာ…….ပြီးတော့ ဖုန်းလဲ
ဆက်မလာရဲ……..အဆက်အသွယ်လဲ ထပ်မလုပ်ရဲ…….ကိုယ်ပြောတဲ့ စကားတခွန်းကို တကယ် အတည်ယူလို့………..ကိုယ်တကယ်ပဲ
သူနဲ့ လမ်းခွဲချင်ပြီ လို့ ထင်။
သူက မဆက်သွယ်လာတော့ ကိုယ်ကလဲ စပြီး သူ့ကို မဆက်သွယ်ချင်၊ ဆက်သွယ်လို့မရ
ကိုယ့်ရဲ့ခေါင်းမာမှုက ခွင့်မပြု၊  မာနတွေကို
မချချင်……ဒီလိုနဲ့ပဲ ကိုယ်တို့ နှုတ်မဆက်ရဘဲ လမ်းခွဲ ထွက်ခွာ……ကြေကွဲ။
အမှန်က ကိုယ်က တကယ်လမ်းခွဲရမလား မခွဲရဘူးလားကြားမှာ လူးလာခေါက်တုံု့ ဝေခွဲမရဖြစ်နေတုံးပဲရှိသေးတာ။
ဒါပေမယ့်လဲ နောက်ဆုံးတော့ လမ်းခွဲ ကြဖို့ ဆိုတဲ့ လမ်းကသာ ကိုယ့်အတွက် ရွေးချယ်စရာ
ကျန်တော့………
တကယ်လို့ သူသာ အဲ့လောက် မတုံးအခဲ့ဘူးဆိုရင်…ကိုယ်တို့ဇာတ်လမ်းက အဆုံးသတ်
နောက်တမျိုးဖြစ်အုံးမှာ။ သူဒီလောက်တောင် ချစ်တဲ့ မိန်းမတစ်ယောက် စိတ်ထဲမှာ ဘာတွေတွေးနေလဲ
ဆိုတာ သူအဲ့လောက်တောင် မရိပ်မိဘူးလား။ ဇာတ်လမ်းက မဆုံးသေးဘဲ နောက်ထပ် ဆက်ရန် ကျန်သေးလို့
ရတယ်ဆိုတာ သူမသိဘူးလား။ သူသာ တကယ်မပြတ်ချင်သေးရင် ကြိုးစားချင်စိတ်ရှိသေးရင် ကိုယ်တို့
တကယ်လမ်းခွဲစရာ မလိုဘူး ဆိုတာ သူ နည်းနည်းလေးမှတောင် မတွေဝေမိဘူးလား။
ဒါပေမယ့်လဲပေါ့လေ……မောင်တို့ ယောက်ျားတွေဟာ တကယ်တော့လဲ အဲ့လောက် မတုံးအ
ပါဘူးလေ။ တကယ်လို့သာ ကိုယ်ကများ……..“ရှင်သွားသေလိုက်လေ” လို့ ပြောရင် သူတို့ တကယ်
သွားမသေပါဘူး။ အဲ့လို အချိန်ကျတော့ သူတို့လောက် လည်တာ နှစ်ယောက်ျမရှိဘူး။ ကိုယ်တကယ်သေစေချင်လို့
ပြောနေတာ မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်း သဘောပေါက်ပါတယ်။
T Chen
11:11 AM | 5th Dec 2013 | Thursday
J’s Donut, Yaw Min Gyi St | Yangon | MYANMAR
Long live the King.   

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?

နောက်ဆုံးမှာ ကိုယ် ဘာကိုလိုချင်တာလဲ?
တနေ့က ဖဘ မှာ သူငယ်ချင်းတယောက်
သူ့ဘဝရဲ့အရေးကြီး ကိစ္စ နဲ့ ခေါင်းစားနေကြောင်း စတေးတပ်စ် တင်လာပါတယ်။ ထုံးစံအတိုင်း
အိမ်ထောင်ရေး ပွေလီပွေလာတွေပေါ့။ အရင်ကလဲ သူ့ကို ခဏခဏ ကွာလိုက်ပါတော့ ကွဲလိုက်ပါတော့
အကြံတွေပေးဖူးပါတယ်။ သို့သော်လဲ သူကပဲ ခေါင်းမာတာလား ခေါင်းမပါတာလားမသိပါဘူး။ မကွဲနိုင်သေးပါဘူး။
သို့သော် အဲ့လိုမျိုး ဖဘမှာ
တခါတခါ ဘာလုပ်ရမလဲ မသိတော့ဘူးတို့၊ စိတ်ညစ်လှပြီတို့ ရေးလာတဲ့အခါ ကိုယ့်သူငယ်ချင်းဆိုတော့
သနားပြန်ပါတယ်။ သို့သော်လည်း သူရွေးချယ်တဲ့လမ်းပဲလေလို့ အသက်တစ်ရာမနေဘဲ အမှုတစ်ရာပါချင်လို့မရဘူးမှလား။
တခါတခါ ကိုယ်တို့တွေ ဘဝမှာ
မေးခွန်းတွေနဲ့ တွေဝေတတ်ပါတယ်။ ဥပမာ…..
“သူနဲ့ တကယ် လမ်းခွဲရမှာလား?”
“သူနဲ့ တကယ်ကွာရှင်းရမှာလား?”
“A ကိုရွေးရမလား? B ကိုရွေးရမှာလား?”
“အငယ်အနှောင်းအဖြစ်ဆက်ချစ်နေရဦးမှာလား?”
“ကိုယ်ချစ်နေတာ သူသိအောင်
လုပ်ရမလား?”
“တိတ်တိတ်လေးပဲ အဝေးကနေ တဘက်သတ်
ဆက်ချစ်နေရမလား?”
“သူနဲ့ တကယ်လက်ထပ်သင့်ပြီလား?”
“သူ့ကို တကယ်ယူရမှာလား?”
“ဆက်ပြီးတော့ ဖောက်ပြန်ရမလား?”
“သူ့ မယားငယ်အကြောင်းကို
သိနေပြီလို့ ဖော်ထုတ်ရမလား? မသိချင်ယောင်ဆက်ဆောင်နေပေးရမလား?”
အက်စက်ထရာ အက်စက်ထရာ စတဲ့မေးခွန်းတွေအကုန်ဟာ
လူ့ဘဝရဲ့  “အရေးကြီး”တဲ့ အမှတ် (၂၀) ဖိုး မေးခွန်းတွေပါ။
အချိန်ကုန်ခံမနေပါနဲ့လေ။
နောက်ဆုံးတော့ လူ့ဘဝမှာ အဆုံးသတ်မှာ ကိုယ်ဘာလိုချင်လဲပဲ တွေးပါ။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ၊
ဘာလုပ်ချင်တာလဲ၊ ဘာလိုချင်တာလဲသိရင် အရာရာ အိုကေမှာ စိုပြေလို့ အဆင်ပြေသွားပါလိမ့်မယ်။
ဘဝဆိုတဲ့ အရာဟာလဲ လွယ်ကူရိုးရှင်း သွားပြီး လှပ လာပါလိမ့်မယ်။
တကယ်လို့ ကိုယ်လိုချင်တာက
လူပြောသူပြောများနေတဲ့ အရည်မရ အဖတ်မရ “အချစ်” ဆိုရင် သူကမှ ကိုယ့်မချစ်တော့တာ များများ
စဉ်းစားမနေနဲ့ ကွာလိုက် ကွဲလိုက် လမ်းခွဲလိုက်။ မိန်းကလေးမို့ကောင်းပါ့မလားတွေ၊
ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲတွေ၊ လင်မရှိသော မိန်းမ မောင်ရှိပေမယ့် မတင့်တယ်တွေ လျောက်တွေးမနေပါနဲ့။
လူ့ဘဝက တိုတိုလေးပါ။ စိတ်ချမ်းသာအောင်နေပါ။ အလကား ကိုယ့်အတွက် ရှေ့ဆက် အကျိုးမရှိနိုင်မှာ
သေချာနေတဲ့ အရာတွေကို ဆုပ်ကိုင်မထားပါနဲ့။ ဖက်တွယ်မထားပါနဲ့။ ကိုယ့်အတွက်လဲမကောင်းဘူး။
သူ့အတွက်လဲ ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ ကိုယ့်ကိုမှ မချစ်တော့တဲ့ သူတစ်ယောက်ကို  ဘာအတွက် ဆက် ဖက်တွယ်နေတော့မလဲနော်။ ကွာစရာရှိတာကွာ။
ကွဲစရာရှိတာကွဲ။ ပစ္စည်းဆိုတာ ခွဲယူလို့ရတယ်။ လွယ်တယ်။ ငွေဆိုတာကလဲ လူမသေမချင်း ဆက်ရှာနေရမှာ။
ပြန်ရှာလို့လဲရတယ်။ ကလေး ဆိုလဲ ဘယ်သူယူမလဲ ဆုံးဖြတ် ၂ ယောက်ရှိရင် တစ်ယောက် ကို
ကလေးတစ်ယောက်ခွဲယူ။ ၄ ယောက်ဆို တယောက် ၂ ယောက်ယူ။ သူ က သေချာယူချင်လား မယူချင်ဘူးလားမေး။
မယူချင်ရင် ကလေးစားရိတ် မယားစရိတ် တခါတည်းတောင်း။ မိန်းမ မာနတွေ ဘာတွေ ဒီနေရာမှာ မတွေးပါနဲ့။
ခေါင်းမမာပါနဲ့။ ယူစရာရှိတာယူပါ။ ကလေးက ကိုယ်တယောက်ထဲ လုပ်လို့ ထွက်လာတာ မဟုတ်။
ဒါတွေက မာနတွေ ဂုဏ်သက္ခာတွေ
စတဲ့ စိတ္တဇ နာမ်တွေနဲ့မဆိုင်ဘူး။ လက်တွေ့ကျတဲ့ တာဝန်ယူမှုနဲ့ပဲဆိုင်တယ်။ မွေးတုံးက
သူပါခဲ့တဲ့ ကလေးတွေရဲ့တာဝန်ကို သူလဲ ညီတူ မျှတူယူရမယ်။ ကိုယ်ကတော့ ကလေးတွေနဲ့ ဆက်ရုန်းကန်နေရမယ့်
အချိန်မှာ သူ့ကို စိတ်လွတ်ကိုယ်လွတ် လူလွတ် လုပ်ခွင့်မပေးထားနဲ့။    
တကယ်လို့ ကိုယ်လိုချင်တာက
ပိုက်ဆံ၊ တည်ငြိမ်တဲ့ဘဝ၊ တန်းမီ လူနေမှုအဆင့်အတန်း၊ ဂုဏ်ပကာသနတွေဆိုပါတော့ သူက ကိုယ့်ကို
မချစ်တော့ဘူး သို့သော် အဲ့တာတွေ ဖြည့်ဆည်းပေးနေနိုင်သေးတယ်ဆိုရင်လဲကွာစရာမလိုပါဘူး။
ရှင်းပါတယ်။ ကိုယ်ဘာလိုချင်လဲပဲ သေချာသိဖို့လိုတာပါ။
A က စိတ်တိုတယ်၊ ထက်တယ်၊
အတ္တကြီးတယ် သို့သော် လောလောဆယ်မှာတော့ နူးနူးညံ့ညံ့၊ ကြမ်းကြမ်းတမ်းတမ်း၊ ရိုမန်တစ်ဆန်ဆန်၊
ချစ်တတ်တယ်။ စွန့်စားမှုကို မြတ်နိုးတယ်၊ ဘဝမှာ အံချီဘနန်းစရာတွေ၊ ရင်သတ်ရှုမောစရာတွေကိုယ့်ကိုပေးမယ်။
အသက် ၇၀၊ ၈၀ တယောက်တည်း အပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ အသက်ကြီးလာရင် အထီးကျန်မှာ
မကြောက်ဘူး။ A ကိုရွေးပါ။
B ကတော့ ရိုးသားတယ်။ အေးဆေးတယ်။
အဲ့အတွက်ကြောင့်မို့ “ပျင်း”စရာကောင်းတယ်။ စိတ်လှုပ်ရှားစရာမရှိဘူး။ ဘဝကို တည်တည်ငြိမ်ငြိမ်
ဖြတ်သန်းချင်တယ် အသက် ၇၀၊ ၈၀ ထိလဲ တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက် ရိုးမြေကျ
ပေါင်းချင်တယ်။ ကိုယ့်ကို ဆံဖြူသွားကျိုး စောင့်ရှောက်မယ့် သူတယောက် လိုချင်တယ်
ဆိုရင်…. B ကိုရွေး။   
ကိုယ့် ကာမပိုင်လင် ယောက်ျား
နဲ့ တိတ်တိတ်ပုန်း ချစ်သူဆိုရင် ယောက်ျားကိုတော့ ပိုချစ်တတ်ကြတာ သဘာဝပါ။ ကိုယ်ကချစ်တဲ့
ကိုယ့်ကိုချစ်တဲ့ လင်ယောက်ျားနဲ့ပဲ ရိုးမြေကျ ပေါင်းဖက်ချင်ကြတာပေါ့။ အဲ့တာဆို
လွယ်လွယ်လေးပါ။ မဖောက်ပြန်ပါနဲ့။ တိတ်တိတ်ပုန်းချစ်သူတွေ ပွင့်ပွင့်လင်းလင်း ချစ်သူတွေ
မထားပါနဲ့။
လူ့ဘဝမှာ စိတ်အရှုပ်ရဆုံးဆိုတဲ့အရာဟာ
“ရွေးချယ်မှု” တွေမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်တကယ်လိုချင်တာက “ဘာဆိုတာ” မသိမှုပါ။ တနည်းပြောရရင်
ကိုယ့်ကိုယ်ကို နားမလည်တာ။ ဘာလိုချင်မှန်းသေချာ မသိတာ။ ဝေခွဲမရဖြစ်တာ၊ တွေဝေတာ။
ဘဝ ရဲ့အထွတ်အထိပ်တွေမှာ နောက်ဆုံးချိန်တွေမှာ
ကိုယ့်ဘေးနားမှာ ဘယ်လိုလူတွေ ရှိစေချင်တာလဲဆိုတာ မသိတာ။ 
အချိန်တွေ မဖြုန်းပါနဲ့တော့။ 
လုပ်နေတာတွေ ခဏလေးရပ်လိုက်။
အချိန်ယူ။
စဉ်းစား။
ဘဝမှာ “နောက်ဆုံး” ကိုယ်ဘာကို
(တကယ်) လိုချင်တာလဲ?……
T Chen
12:26 PM
5th Dec 2013
| Thursday
Ya Kun, Bread Shop,
Parksan Shopping Mall
Yangon | MYANMAR
Long Live the KING

အပြောင်းအလဲ

အပြောင်းအလဲ
ကိုယ်ရုပ်ရှင်ကြည့်နေရင်း အတွေးလေးပေါ်လာလို့ပါ။ Gossip Girl ကို အစကနေပြန်ကြည့် နေရင်းနဲ့  Rufus နဲ့  သူ့မိန်းမ Alison တို့ တယောက်နဲ့ တယောက် ပြန်သင့်မြတ်ဖို့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခု ကို မပျက်စီးအောင် ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေကြရင်းနဲ့ Rufus ကလဲ သူ့ရည်းစားဟောင်း Lilly နဲ့ ပြန်ဆက်မိသလို၊ Alison ကလဲ သူ့ ရည်းစား  Alex  နဲ့ ပတ်သက်မှု မရပ်နိုင်တာ ကြည့်ရင်း အတွေးလေးတွေပေါ်မိပါတယ်။
ကိုယ်လဲ ရည်းစားအသစ်ရနေတယ်။ အမှန်တော့ ကိုယ်နဲ့ မောင် အတူတူနေတာ ၂၀၀၅ ထဲကဆို ခု ၈ နှစ်ထဲမှာပေါ့။ ခုတလော ကိုယ်ခြေလှမ်းပျက်နေတာ မောင်ကလဲ ရိပ်မိပါတယ်။ ကိုယ်ကလဲ မဘုန်းကွယ်ခဲ့ဘူးလေ။ မောင်ကလဲ ပြောလာတာက သူ့ကို အခြားတယောက် ကလဲ ဇာတ်လမ်းတွေထွင်နေပါသတဲ့။ သူကတော့ အဲ့တယောက် သူ့ကို စ”ကျူ” နေကတည်း က သူ့မှာ မိန်းမ ရှိတယ်လို့ ပြောထားပါသတဲ့။
အရင်ကလဲ ကိုယ်ခုလို ခဏခဏ မကြာမကြာဆိုသလို ခဏချစ် ရှာတတ်ပါတယ်။ ကိုယ့် ဆင်ခြေကတော့ Relationship တခုက ကြာရင် ပျင်းလာလို့ “ဖြည့်အား” ရှာတယ်ပေါ့လေ။ အဲ့လိုဖြစ်တိုင်းလဲ မောင့် ခံစားချက်၊ ရပ်တည်ချက် စတာတွေကို မတွေးမိပါဘူး။ မောင့် အနေနဲ့သာဆိုရင် ဘယ်လိုဖြစ်မလဲ ဘယ်လိုခံစားရရှာမလဲ လို့ တခါမှ မတွေးကြည့်ခဲ့မိတာ အမှန်ပါ။ ကိုယ့်ဘာသာတော့ တယောက်ထဲ နဲ့ ကာလရှည်ကြာလာရင်  relationship တခုမှာ kick လိုတယ်ပေါ့။
အမှန်တော့ ကိုယ်တို့တွေဟာ ကိုယ်တို့တွေရဲ့ ငြီးငွေ့မှုကို တခြား အသစ်အသစ်တွေနဲ့ ရှာဖွေ ဖြေဖျောက်ဖို့ ကြိုးစားကြည့်ကြတယ်။ လူဟောင်းကိုပဲ အချစ်သစ် နဲ့ တဖန်ပြန်ချစ်ကြည့်ဖို့ မကြိုးစားကြည့်ကြဘူး။ အဲ့လိုပဲ တကယ်လို့နောက်ဆုံး တနေ့ ကိုယ့်တို့ နှစ်ယောက် အချင်း ချင်း မပြတ်နိုင်တဲ့ တနေ့ကျရင် အဲ့ဒီ ဘေးလူတွေ ဘယ်လို ကျန်နေခဲ့မယ်။ ဘယ်လို ခံစား ရမယ် ဆိုတာမျိုးလဲ မတွေးမိပေးကြပြန်ဘူး။
ကိုယ်တွေက ကိုယ့်ဘဝရဲ့ ပျင်းတဲ့ အချိန်တွေမှာ သူတို့ ကို ခဏတာ အစားဖြည့် ပျော်ပြီးတော့ ကိုယ်တို့ တွေအပျင်းပြေသွားတဲ့ တနေ့ ပြန်လည်သင့်မြတ်သွားကြတဲ့ တနေ့ကျတော့ သူတို့ တွေကို လွယ်လင့်တကူထားခဲ့ပြီး ပြန်လည်ပေါင်းဖက်ကြပေါ့လေ။
ဒါပေမယ့် နှာခေါင်းသွေးဆိုတာာ အပျက်အပျက်နဲ့ မှထွက်တာမျိုးပါလေ။ ဟော ခုလိုကျတော့ မောင်ကလဲ ကိုယ်က အသစ်ကို အတည်ချစ်နေပြီ ထင်လာတဲ့အခါမျိုးမှာ…….ကိုယ်ကလဲ မောင် ကိုယ့်အပေါ်ဖုံးကွယ်မှုတွေရှိလာပြီ ထင်လာချိန်မျိုးမှာ…….အစစ အရာရာ အသေးအဖွဲ လေးတွေက အစ အထင်လွဲစရာတွေချည်းဖြစ်လာတတ်ပါတယ်။ သံသယ နဲ့ အရာရာ ကို ကြည့်လာကြပြီလေနော်။    
ဒီလိုနဲ့ အပျင်းပြေ ခဏတာ လို့ ကိုယ်တွေ လိုသုံးသုံးခဲ့ကြတဲ့သူတွေဟာ ကိုယ်တို့ ရဲ့ ပြဿာနာ အရင်းမှန်မဟုတ်ဘဲ၊ တယောက်ကို တယောက် သံသယရှိတတ်လာတာ။ အကောင်းမမြင်နိုင် တော့တာ။ တယောက်ဘာပဲ လုပ်လုပ် အပြစ်လို့မြင်လာတာ စတာတွေကသာ ကိုယ်တို့ ရဲ့ ပြဿာနာ အစစ်အမှန်တွေဖြစ်လာတော့တာပဲ။
တကယ်တော့ အချိန်က ကိုယ်တို့ကို “ပြောင်းလဲ” ပေးလိုက်တယ်ထင်တယ်နော်။ ဘေးလူ တွေကို ဘယ်လိုပဲ အကြောင်းပြပြ၊ ဘယ်လိုပဲ အသုံးချချ၊ ဘေးလူတွေက  ဘယ်လိုပြောပြော ဘယ်လိုမြင်မြင် ကိုယ်တွေက သာ တကယ်ပြောင်းလဲ ကုန်ရင် Relationship ဟာ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ ကိုယ်တို့ အချစ်တွေလဲ ကိုယ်တို့ ပြောင်းလဲမှု တွေ နဲ့ အတူ ပြောင်းလဲ ကုန်တာကိုးနော်။
အဲ့တော့ ကိုယ့်ဘေးက လူကို တကယ်တန်ဖိုးထားတယ် ချစ်တယ်ဆိုရင် သူတို့ ရှိနေချိန်မှာ သူတို့ တန်ဖိုးကို သိပါ၊ မြင်ပါ၊ အလေးထားပါ။ တကယ်လို့ အရာရာ နောက်ကျကုန်မှ ပြန်လည် အဖတ်ဆယ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပျက်ပြီးသား ကြိုးက ပြန်ဆက်ရင် ဆက်ထုံးရှိ သလိုပဲ၊ ဒဏ်ရာ ရထားတဲ့ နှလုံးသားကလဲအမာရွတ်ရှိနေမှာပါ။ အဲ့တာကြောင့် တကယ်ချစ်တဲ့ သူကို တန်ဖိုးထားနိုင်ပါစေ၊ ပြဿနာကို မြင်နိုင်ပါစေ၊ ပြင်နိုင်ပါစေ၊ အပြောင်း အလဲတွေ ရှိခဲ့ ရင်လဲ အချိန်မနှောင်းခင် ပြင်နိုင်ပါစေလို့………….  
Tချမ်း
1:15 AM | 30th Sept 2013 | Monday | D’s Place Office | San Chaung T/S |
Yangon | MYANMAR

ပိုးဟပ် သီဝရီ

ပိုးဟပ် သီဝရီ

August 16, 2013 at 7:36am

ခုတလော စထရက်စ်တွေ အရမ်းများနေပါတယ်။ အလုပ်တွေ ပိနေတာပါ။ ငွေနောက်လိုက်မိတဲ့ ကိုယ့်အပြစ်ပဲပေါ့။ အမှန်က ကိုယ်ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိတာပါသလို၊ လုံးလုံးတော့လဲ ကိုယ့်အပြစ်ချည်းမဟုတ်ဘဲ အညာခံရတာပါပါတယ်။ ထားပါတော့။ ပြောချင်တာက အောက်မှာပါတဲ့ အီးအော် ကိုကြည့်ပါ မြန်မာပြန်ကတော့ ဒီလိုလေးပါတဲ့…….
ကိုယ့်ကိုကိုယ်တိုးတက်မှု အတွက် ပိုးဟပ် သီဝရီ ကို ကြားဖူးကြပါသလား? 
စားသောက်ဆိုင်တခုမှာဖြစ်ပါတယ်။ ပိုးဟပ်တကောင်ဟာ ဘယ်ကမှန်းမသိ ပျံသန်းလာပြီးတော့ အမျိုးသမီး တယောက်ရဲ့ ပေါင်ပေါ်မှာ သက်ဆင်းပါတယ်။ မိန်းမဆိုတာ အော်လိုက်တာ ကြွက်ကြွက်ညံ ဝက်ဝက်ကွဲ ပေါ့လေ။ (ဟုတ်ကဲ့ ပိုးဟပ်တင်မက ကြွက်တွေကော ဝက်တွေပါပါတယ်)။ မျက်နှာ တခုလုံး ရှုံမဲ့ပြီးတော့ အသံတုန်တုန်ပြာပြာ ဝါဝါ ကွဲကွဲ နဲ့ကို တုန်လှုပ်ခြောက်ခြားစွာ အော်ပါသတဲ့။ (အတိသရဝုတ္တိ များစွာနော်) ပြီးတော့ ခုန်တယ်၊ စွတယ်၊ အော်တယ် ထပ်ခုန်တယ်၊ လကနှစ်ဘက်နဲ့လဲ တုန်လှုပ်ခြောက်ခြားစွာနဲ့ ပိုးဟပ် ကိုဖယ်ဖို့ ကြိုးစားပါသတဲ့။ အဲ့လို သူမက ခုန်လိုက် အော်လိုက် လက်တရမ်းရမ်း လုပ်နေတာ သူမတို့ တဖွဲ့လုံးက မိန်းမတွေကို ကူးစက်ပြီး အကုန် ခုန်ဆွဆွ ဖြစ်ကြကုန်လေသတဲ့။
နောက်ဆုံးတော့ အဲ့ဒီ မိန်းမ အောင်မြင်စွာ နဲ့ သူ့ကိုယ်ပေါ်က ပိုးဟပ်ကို ခါထုတ်လို့ရသွားပါတယ်။ ဒါပေမယ့် ပိုးဟပ်က သူ့ကိုယ်ပေါ်ကနေ သူတို့ အဖွဲ့ထဲက နောက် မိန်းမတယောက်ဆီ ထပ်ကပ်သွားတော့ တခါ အကုန်လုံး ခုန်ဆွဆွ အော်ကြ ဟစ်ကြ လက်ခါ ကြ လုပ်ကြပြန်ပါတယ်။ 
လာပါပြီ။ မင်းသား ကယ်တင်ရှင် သူရဲကောင်း အမောင် မဟာ…………………………………………စားပွဲထိုး 
အဲ့အချိန်မှာပဲ ဒုတိယ မိန်းမ ခါထုတ်လိုက်တဲ့ ပိုးဟပ်က ကယ်တင်ရှင် စားပွဲထိုးပေါ် ကို ကျသွားပါသတဲ့ မောင်ညီမလေးတို့ရယ်။       
အမောင် စားပွဲထိုးဟာဆိုလို့ရှိရင် မကြောက်မရွံ ကြံ့ကြံ့ခိုင် တည်ကြည်တဲ့ မာန်တမျိုး နဲ့ သူ့ ရှပ် အင်္ကျီပေါ်က ပိုးဟပ်ကို လေ့လာပါသတဲ့……..သူလေ့လာလို့ အခြေအနေကို သေချာသိသွားတဲ့အခါကျတော့မှ ပိုးဟပ်ကို လက်နဲ့ သေသေချာချာဖမ်းပြီး ဆိုင်ပြင်ဘက်ကို တောက်ထုတ်လိုက်ပါသတဲ့ကွယ်။ 
ဘေးကနေ ကော်ဖီသောက်ရင်း အားယားနေတဲ့ စာရေးဆရာ [အဲ့သူထက် ပိုအားနေတဲ့ (အမှန်ကတော့ မအားပါဘူး မအားတဲ့ ကြားက စာပြန်ရေးပါ တစာစာတောင်းဆိုနေတဲ့ စာဘတ်သူတွေအတွက်ရေးတာပါ လေးစားဦးညွှန်ကြလေကုန်) ဘာသာပြန်သူကတော့ တီပေါ့လေ။ ] က အတွေးစလေးတွေ ကောက်ရပါသတဲ့။ အဲ့တာကြောင့်ပြောတာပေါ့ လျှာရှည်လေ တွေးမိလေ လျှာရှည်လေ တွေ့ရှိလေ ဟုတ်တယ်မှလား။ နယူတန်တောင် အားအားယားယား ပန်းသီးပင်အောက် သွားထိုင်တွေးနေလို့ နိယာမ အသစ်တွေ့သလို အာခိမီးဒီးစ် ကလဲ ရေချိုးတာ မြန်မြန်မချိုးပဲ လျောက် စဉ်းစားနေလို့ ဘောလောပေါ် နိယာမ တွေ့တာ မဟုတ်လားလေ။ တီ့ အမေ က ငယ်ငယ်က ရေချိုးရင် အမြဲ မြန်မြန်အော် လို့ တီ ဘာ နိယာမ မှမတွေ့ခဲ့တာနေမယ်။ ထားတော့ ခုန ဟာပြန်ဆက်ရရင်….ကော်ဖီသောက်နေတဲ့ နောင် ခုစာရေးတဲ့ သူဖြစ်လာမယ့် အားအားယားယား ကိုယ်တော်က တောရောက် တောင်ရောက် စဉ်းစားပါသတဲ့။ ခုန က မိန်းမ တသိုက် ကုလားသိုက် ကျားကိုက် သလိုဖြစ်တာ လက်ပံပင် ဆက်ရက်ကျတာ တရုတ် နှစ်ယောက် ရထားပေါ်တက်လာသလိုဖြစ်တာ ပိုးဟပ်မှာ တာဝန်ရှိသလားပေါ့။ ဒီကောင် သေသင့်သလားပေါ့။ မိုးနတ်မင်းကြီး နဲ့ တိုင်ပင်ဖို့ စဉ်းစားတယ်ပေါ့လေ။ အဲ့လိုဆိုရင် ဘာဖြစ်လို့ ဝိတ်တာ သူရဲကောင်း ကျတော့ မတုန်လှုပ်တာလဲပေါ့။ အိုင်ဆေး မိုးနတ်မင်း ဘယ်လိုသဘောရပါသလဲပေါ့။ အမောင် ဝိတ်တာ သူရဲကောင်းဟာဆိုလို့ရှိရင် အခြေအနေ ကို တည်တည်ငြိမ်ငြိမ် တုန်လှုပ်မှုကင်းကင်း နဲ့ ၁၀၀% ပြည့်နီးပါး ကစဥ့်ကလျားမှုကင်းစွာ ကိုင်တွယ်သွားနိုင်တယ်ပေါ့။ 
အဲ့တော့ အမောင် ပိုးဟပ်မှာ အပြစ်မရှိပေဘူးပေါ့။ တုန်လှုပ်မှု ကိုမထိန်းချုပ်နိုင်တဲ့ အချင်း မိန်းမ များတွင်သာ အပြစ်ရှိစေပေါ့။ ပိုးဟပ်ကြောင့်ဖြစ်ပေါ်လာစေတဲ့ အကြောက်တရား အရွံတရားတွေကသာလျှင် ထိုထို မိန်းမများကို ဆောက်တည်ရာမရ ဖြစ်စေတာပဲပေါ့။ 
ထိုနည်း နှင်နှင်ပဲ ကျွန်ုပ်တို့ ဘောစ့်များ မာတာမိခင် ဒယ်ဒီဖေဖေဖားသားများ ကွိစိကွစ ပွစိပွစိ မိန်းမများ က ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးတာ မဟုတ်ဘဲ အဲ့ဒီ ဆူညံ့ဆူညံ့ ပူညံ့ပူညံ့ ဒဏ်တွေကို မခံနိုင်တဲ့ သည်းမခံနိုင်တဲ့ လျှစ်လျှူမရှုနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓီစ ပါရမီနည်းပါးမှု ကသာ အနှောင့်အယှက်တွေရဲ့ အခရာဖြစ်ပါသတဲ့။    
လမ်းပေါ်က ကားတွေများလို့ ကားပိတ်တာက နှောင့်ယှက်တာ မဟုတ်ပါဘူးတဲ့။ အဲ့ဒီ အနှောင့်အယှက်တွေကို လက်ခံနိုင်စွမ်း မရှိတာကသာ တကယ့်အနှောင့်အယှက်ဖြစ်ပါသတဲ့။ 
ပြဿနာတွေထက် အဲ့ဒီ ပြဿနာတွေကို တုံ့ပြန်မှု တွေက ကိုယ်တို့ ဘဝတွေ မှာ ကစဉ့်ကလျားဖြစ်မှုတွေ ကို ပိုဖြစ်စေတာပါတဲ့။ 
အင်မတန် ဗုဒ္ဓဘာသာဆန်တာနော်။ 
ကဲ အဲ့တော့ ပုံပြင်လေးက ဘာကိုပြသလဲဆိုတော့……
ဘဝမှာ ဘာကိုမှ ဆန့်ကျင်ဘက် မတုံ့ပြန်ပါနဲ့တဲ့ လိုက်လျောစွာ တုံ့ပြန်မှု ပြုပါတဲ့ကွယ် (အင်း အီးလိုက ရှင်းတယ် မြန်မာလိုပြန်တော့ အဲ့လိုထွက်တာပဲ ဒါတောင် နှစ်ခုလုံးက တုံ့ပြန်ဖြစ်နေလို့ ဒစ်ရှင်နရီ ကြည့်လိုက်သေးတာ)။ မိန်းမတွေက ဆန့်ကျင်ဘက် တုံ့ပြန်လိုက်တဲ့ အချိန်မှာ သူရဲကောင်း မောင်ဝိတ်တာကတော့ လိုက်လျောစွာ တုံ့ပြန်လိုက်ပါတယ်တဲ့။ ဆန့်ကျင်ဘက်တုံ့ပြန်မှုတွေက အမြဲလိုလို အလိုအလျောက်ဆန်တဲ့ ပေမယ့် လိုက်လျောစွာ တုံ့ပြန်ဖို့ ကတော့ သေသေချာချာ စဉ်းစားပြီးမှ တွေးတောပြီးမှ အခြေအနေတခုကို လွန်သွားမှ ဖြေရှင်းရခက်တာမျိုး ကို ဆင်ခြင်စေနိုင်တယ်တဲ့။ ဒီလိုဆို တို့တွေ အားလုံး ချစ်ခြင်းထဲမှာ အက်ကွဲကြောင်းတွေ မဖြစ်စေဖို့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုနဲ့ လောလော မပြုမိပါစေနဲ့တဲ့ကွယ်။ 
ချစ်ခြင်းများစွာဖြင့် 
မသေသေးတဲ့ 
တီချမ်း 
Fri Aug 16 7:44 AM
2013
D’s Place Office
Original 
Have you heard of the Cockroach Theory for Self
Development?
At a restaurant, a cockroach suddenly flew from somewhere and sat on a lady. She started screaming out of fear. With a panic stricken face and trembling voice, she started jumping, with both her hands desperately trying to get rid of the cockroach. Her reaction was contagious, as everyone in her group also got panicky.
The lady finally managed to push the cockroach away but …it landed on another lady in the group.
Now, it was the turn of the other lady in the group to
continue the drama. The waiter rushed forward to their rescue.
In the relay of throwing, the cockroach next fell upon the waiter. The waiter stood firm, composed himself and observed the behavior of the cockroach on his shirt. When he was confident enough, he grabbed it with his fingers and threw it out of the restaurant.
Sipping my coffee and watching the amusement, the antenna of my mind picked up a few thoughts and started wondering, was the cockroach responsible for their histrionic behavior?
If so, then why was the waiter not disturbed?
He handled it near to perfection, without any chaos. It is not the cockroach, but the inability of the ladies to handle the disturbance caused by the cockroach that disturbed the ladies.
I realized that, it is not the shouting of my father or my boss or my wife that disturbs me, but it’s my inability to handle the disturbances caused by their shouting that
disturbs me. It’s not the traffic jams on the road that disturbs me, but my inability to handle the disturbance caused by the traffic jam that disturbs me.
More than the problem, it’s my reaction to the problem that creates chaos in my life.
Lessons learnt from the story:
Do not react in life. Always respond. The women reacted, whereas the waiter responded.
Reactions are always instinctive whereas responses are always well thought of, just and right to save a situation from going out of hands, to avoid cracks in relationship, to avoid taking decisions in anger, anxiety, stress or hurry.

ယောက်ျားတွေပေးတဲ့ ကတိ

ယောက်ျားတွေ ဟာ ကတိပေးတဲ့နေရာမှာ သိပ်ရက်ရောပါတယ်။ ယောက်ျားတွေသူတို့တသက်တာမှာ မိန်းမတွေ ကို ပေးတဲ့ ကတိတွေဟာ များလွန်လွန်းလို့ ရေတွက်လို့တောင် မနိုင်ပါဘူး။ တခါတခါ ပေးတဲ့ ကတိတွေများလွန်းလို့ သူတို့ ဘာသာတောင် သူတို့ပေးထားတဲ့ ကတိတွေကို ပြန်ပြန် မေ့နေတတ်ပါတယ်။ မိန်းမတွေ ရဲ့အချစ်ဟာ ကတိ စကားမပါရင်မပြည့်စုံဘူးဆိုတာလဲ ယောက်ျားတွေက သိနေကြပြန်ပါသေးတယ်။ ကတိစကားမရှိဘူးဆိုရင် အနာဂတ်လဲ မရှိတော့ဘူးပေါ့။ တကယ်လို့ကတိစကားရှိမထားဘူးဆိုရင် မိန်းမတွေ စိတ်ထဲမှာ ဒီယောက်ျားက တကယ်တော့ သူတို့ ကို ဘဝအတွက်ရည်ရွယ်ချစ်တာ မဟုတ်ဘဲခဏအတွက် သာယာဖို့ ချစ်တယ်လို့ ထင်မယ်
လေ။

ယောက်ျားတွေပေးတဲ့ ကတိက ဘယ်လောက်ပဲ စိတ်ပျော့ သွားအောင်၊ အရည်ပျော်သွားအောင် ပြောနေပါစေ၊ ရင်သတ်ရှုမော ဖြစ်နေပါစေ အများစု အဓိပ္ဗါယ်ကတော့ တသက်လုံး ချစ်ပါမယ် စောင့်ရှောက်ပါမယ်တွေထဲက မထွက်တဲ့ မွဲပြာပုဆိုးတွေပါပဲ။ လက်ရှိ သူနဲ့ ချစ်နေတဲ့ မိန်းမတယောက်ကို ယောက်ျားတယောက်က….

“နောင်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကိုယ်ကတိပေးတယ်။ ကိုယ်မင်းကို စောင့်
ရှောက်မယ်၊ ကာကွယ်မယ်၊ ချစ်မယ်။ အဲ့တာ တသက်လုံးအတွက် ယုံနော်” လို့ ပြောလေ့ရှိပါတယ်။ မဟုတ်ရင်လဲ ဒီနည်း နှင်နှင်ပါပဲ။ စကားလုံးပဲ ကွဲမယ် ကွာမယ် ဘာသာစကား လွဲမယ် ကမ္ဘာပေါ်မှာ ယောက်ျားက မိန်းမ ကိုပြောတဲ့ ပေးတဲ့ ကတိစကားတွေဟာ ဒီ နည်းနှင်နှင် ဒီအဓိပ္ဗါယ်သာသာတွေ ချည်းပါပဲ။

သူ့ကို ပြန်မချစ်တဲ့ သူက တဘက်သတ်ချစ်နေရတဲ့ သူငယ်ချင်း ကောင်မလေး သို့ သူ့ကိုမရွေးချယ်တဲ့ သူရည်ရွယ် ထားသူ၊ သူချစ်ခွင့်ပန်မှု ကိုငြင်းတဲ့ သူ ကောင်မလေးကိုလဲ….
“နောင်မှာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မင်းဘယ်သူနဲ့ပဲ ရှိနေနေ ကိုယ်မင်းကို ထာဝရ စောင့်ရှောက်မယ် ကာကွယ်မယ် မင်းလိုအပ်တာတွေကို မင်းဘေးကနေ အကုန်ဖြည့်ဆည်းပေးမယ်။ မင်းကို အနိုင်ကျင့်တဲ့ သူရှိရင် ဘယ်သူပဲ ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ် လုံးဝ ခွင့်မလွှတ်ဘူး”

မရနိုင်မှန်းသိလာတော့ ယောက်ျားတွေ ရဲ့ ကတိတွေကလဲ ပိုလေးနက်လာတယ်။ ပိုရက်ရောလာတယ်။ ပိုကြီး ကျယ်လာတယ်။ မိန်းမတယောက်ကို တကယ်မရနိုင်တော့ မှန်းသေချာလာလေ သူတို့ ပေးသမျှကတိတွေကို သူတို့ တကယ် ဖြည့်ဆည်းပေးရမယ့် အခြေအနေ က ပို နည်းနည်းလာလေဆိုတာ ယောက်ျားတွေကလဲ သိနေတယ်လေ။ အဲ့တာ သူတို့ပေးတဲ့ ကတိနဲ့ တိုက်ရိုက်အချိုးပဲ။ တကယ်ဖြည့်ဆည်းရမယ့် ကတိတွေကို
ယောက်ျားတွေက အင်မတန်မှာ သတိထားပြီး ပေးလေ့ရှိပါတယ်။ တကယ်ဖြည့်ဆည်းရမှာကိုး။ ယောက်ျားတွေ ရဲ့ စိတ်ကို နားလည်ပြီး ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေကလဲ တကယ် ကိုယ်က အချစ်မပေးနိုင်ပဲ နဲ့ကတိတွေ မတောင်းတတ်ပါဘူး။ ကိုယ်ချင်းစာတတ်တဲ့ မိန်းမတွေ လို့ ပြောရတာက ကိုယ်ချင်းမစာတတ်တဲ့ ကြိုးရှည်ရှည်နဲ့ လှန်ပြီး လိုရာ ခိုင်းချင်တဲ့ ယောက်ျားတွေ ကို အလှပြပြီး ကစားချင်တဲ့ မိန်းမတွေလဲ ရှိတတ်လို့ပေါ့။

ခုနက စကားကိုပြန်ဆက်ရရင် အချစ်ရေးမှာ ရှုံးနိမ့်တော့မယ် ယောက်ျားတယောက်ပေးတဲ့ ကတိဆိုတာက မိန်းမ ကို စိတ်များ ပျော့လာမလား။ သူ့ဘက်ပြန်လည်လာအုံးမလား။ သူများ ဒီကောင်မလေး စိတ်ကို နောက်ဆုံး အနေနဲ့ ကိုင်လှုပ်နိုင်အုံးမလား အဲ့တာမှ မဟုတ်ရင်လဲ သူ့ကို လက်မခံနိုင်ရင်တောင် နောင်မှာ သူ့ကို မေ့မသွား
အောင် အကြောင်းတိုက်ဆိုင်ရင် သတိရအောင်ပေါ့လေ။ တကယ်လဲအချိန်တွေ ကြာလာတဲ့အခါ မိန်းကလေးက အဲ့လို ကတိတွေအများကြီး သူ့ကို ပေးခဲ့တဲ့၊ သူ့အချစ်ကို မရလိုက်တဲ့ သနားစရာ အဲ့ဒီ ယောက်ျား အမောင် သကောင့်သားကို ကျိုးကြောင်း ဆုံခိုက် တိုင်ဆိုင်လာရင် သူ့ကိုရော သူပေးခဲ့တဲ့ ကတိတွေကိုကော သတိရနေ တတ်ပါတယ်။ သို့သော် ကတိပေးခဲ့တဲံ သူကတော့ သူပေးတဲ့ ကတိသူ သတိတောင်ရရဲ့ လားမသိပါဘူးပေါ့လေ။

ခေတ်တွေ က ပြောင်းလာတော့ စာတတ်လာတဲ့ မိန်းမတွေလဲ ကတိစကားတွေကို လွယ်လွယ် မယုံကြတော့ပါ ဘူး။ အဲ့လိုပဲ စာတတ်လာတဲ့ ယောက်ျားတွေကလဲ မိန်းမတွေကို ဘယ်လို ကတိမျိုးပေးရမလဲ ဆိုတာ ပိုနားလည် လာတာပေါ့။ Generic version promises လို့ပြောရမယ်ထင်ပါတယ်။

“ကိုယ် မင်းအရင် ဘယ်တုံးကမှ မိန်းမတယောက်ကို ဒီလို ကတိမပေးခဲ့ဘူးဘူး” ဆိုတာမျိုးပေါ့။

အဲ့လို အပြောခံရတဲ့အခါ မိန်းမတွေ က စိတ်မဆိုးတဲ့ အပြင် သြော်ဒီယောက်ျား တယ်ပွင့်လင်းပါလား။ ငါ့ကို အမှန်အတိုင်းပြောရှာတယ်၊ ရိုးသားရှာတယ်၊ မာယာမများရှာဘူး၊ ချစ်ဖို့ကောင်းလိုက်တာ၊ စသဖြင့် မဟုတ်တမ်း တရားတွေ လျောက်တွေးပြီး ကြည်နူးတတ်ပါတယ်။ အချစ်က မျက်လုံးကို ကွယ်စေပြီလေ။ ဘာလို့လဲဆိုတော့ ကောင်လေးက တခါမှ ဘယ်မိန်းမ ကိုမှ ဒီလို ကတိမပေးဘူးဘူး ဆိုတာကိုး။ တကယ်ဖြောင့်မှန်တဲ့ ယောက်ျားပဲ။ မသေချာ မရေရာတဲ့ အနာဂတ် အတွက် သူဘာမှ ကတိမပေးနိုင်ဘူး။ သေချာတာပဲ သူ တာဝန်ယူမယ်။ သူ့အတွက်မှသာ ကတိပေးတဲ့ အတွက် ဒီယောက်ျား သူနဲ့ တွေ့မှ တကယ်ပြောင်းလဲလာတာပေါ့။ အဲ့လိုနဲ့ ဒီယောက်ျားကို ပိုယုံကြည်၊ ပိုမြတ်နိုး၊ ပိုချစ်လာပါတယ်။

သြော်မိန်းမတွေများ ခက်ပဲ ခက်ရချည်သေးရဲ့နော်။

A Chen
11:28PM
3rd May 2012
Thursday
Home
Bangkok

ယောက်ျားတွေ ရဲ့ ပြိုင်ပွဲ

ယောက်ျားတွေ ရဲ့ ပြိုင်ပွဲ

ယောက်ျားတွေဟာ တခါတလေကျရင် သူတို့ခေါင်းမာတာကို သက်သေပြဖို့အတွက် မိန်းကလေးတယောက်ကို ချစ်ရေးဆိုတတ်ပါတယ်။ ဥပမာ ကောင်လေးတယောက်က ကောင်မလေးကို အဲ့လောက် ကြိုက်တာလဲ မဟုတ်ဘူး၊ တကယ် နှစ်နှစ်ကာကာ ချစ်သလားဆိုတော့လဲ မဟုတ်ဘူး။ အင်း ဒါပေမယ့် အဲ့ဒီ ကောင်မလေးကိုပဲ သူ့သူငယ်ချင်း တယောက်ယောက်က သို့မဟုတ် တခြား ကောင်လေး တယောက်ယောက်က လိုက်နေတယ် ချစ်ရေးဆိုဖို့ ကြိုးစားနေမယ်ဆိုရင် သူဟာ အဲ့ဒီကောင်မလေးကို သူ့သူငယ်ချင်းနဲ့ သို့မဟုတ် အဲ့ဒီ နောက် ယောက်ျား တယောက်ယောက် နဲ့ အပြိုင်လိုက်တတ်ပါတယ်။

ယောက်ျားတွေမှာ ဒရာမာ မရှိပါဘူး။ ဇာတ်လမ်း မရှုပ်ပါဘူး၊ ကစားကွက် ပရိယာယ် မရှိပါဘူး။ သူတို့မှာ ရှိတာ ပြိုင်ပွဲပဲ။ ဘယ်လို ကစားနည်းပဲ ဖြစ်ဖြစ် သူတို့ အတွက်တော့ ပြိုင်ပွဲပဲ။ ချက်စ်ထိုးတာပြောမလား၊ ဘောလုံး ကစားတာပြောမလား၊ အို ကုန်ကုန်ပြောရရင် ကွန်ပျူတာ ဂိမ်း ဆော့တာတောင် သူတို့အတွက်က ပြိုင်ပွဲပဲ။ အခုပြောနေတဲ့ အရာအကုန်လုံးဟာ သူတို့တွေအတွက်တော့ ပြိုင်ပွဲတွေချည်းပဲ။ ယောက်ျားတယောက်နဲ့ တယောက် ပြိုင်တာ မဟုတ်ရင် ကိုယ့်ဘာသာ ကိုယ်ပြန်ပြိုင်နေတဲ့ ပြိုင်ပွဲတွေပဲ။

မိန်းကလေးတွေကို လိုက်တဲ့ နေရာမှာလဲ ပြိုင်တာပဲ။

ပြိုင်တယ်ဆိုတဲ့ နေရာမှာ သူတို့ အတွက် ဖြတ်သန်းမှု က အဓိက မကျဘူး။ အနိုင်အရှုံး ဆိုတဲ့ ရလဒ်ကသာ ပဓာန။ အဲ့လို အောင်နိုင်မှု ကိုရဖို့အတွက် သူတို့တွေက တခါတခါ သူတို့ ချစ်မိတာက အဲ့ဒီဖြတ်သန်းမှု လို့ ထင်ယောင်မှား တတ်ကြတယ်။ အခုနက အပေါ်မှာ ပေးထဲ့တဲ့ ဥပမာလိုပဲ ကောင်မလေးကို တကယ်တော့မချစ်ဘူး သူငယ်ချင်းက
ချစ်တယ် ကြိုက်တယ် ဆိုတော့မှ ကိုယ်ကလဲ ချစ်တယ် ကြိုက်တယ် ထင်ပြီး အပြိုင်လိုက်ကြိုက်တာ လိုက်တာ ချစ်ရေးလိုက်ဆိုတာ ကောင်မလေး အချစ်ကို လိုချင်တာ။

ဥပမာ နောက်တခု အစက အဲ့ကောင်မလေးကို ရုပ်ရှင်ကြည့်ဖိတ်ဖို့ မရည်ရွယ်ဘူး။ သို့သော် နောက် ယောက်ျား တယောက်က ကောင်မလေးကို ရုပ်ရှင်ကြည့်ဖို့ ချိန်းတာ သိတဲ့ အခါ သူကလဲ ရုပ်ရှင်ကြည့်ဖို့ ချိန်းချင်လာရော။

သူ့ မှာ တခြားကိစ္စ ရှိလို့ ကောင်မလေးကို အိမ်ပြန်လိုက်မပို့နိုင်ဘူး။ ဒါပေမယ့် သူ့ သူငယ်ချင်း/ပြိုင်ဘက်က လိုက်ပို့မယ်လဲ ဆိုရော ချက်ချင်း သူပါ လိုက်ပို့ပါမယ် ဖြစ်ရော။

တခြားယောက်ျားလေးတယောက်နဲ့ ပြိုင်ပြီးတော့ ကောင်မလေးရဲ့ အထင်ကြီးမှု ဂရုစိုက်မှု အလေးပေးမှု တွေကို လိုချင်တဲ့ အတွက် အဲ့လို အချိန်မျိုးမှာ ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ တောင် အချို့ အမူအကျင့်တွေ ပုံစံတွေ ကို ပြင်ဆင်ပစ်တတ်ပါတယ်။ ဒီလိုနဲ့ ပဲ တဖြည်းဖြည်း သူတို့ ဟာ သူတို့ တကယ်ချစ်နေတာ။ တခြား တယောက်နဲ့ ပြိုင်နေတာ မဟုတ်ဘူး လို့ ထင်ယောင် မြင်မှားလာတတ်တယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ချစ်တတ်လာတယ်။ ကြိုးစားတတ်လာတယ်။ မနာလို ဖြစ်တတ်လာတယ်။ သဝန်တိုတတ်လာတယ်။

တကယ်လို့ ပြိုင်ပွဲမှာ အကြောင်းကြောင်းကြောင့် ရှုံးသွားခဲ့ရင်လဲ သူတို့ဟာအရှုံးဆိုတာ ကို အသည်းကွဲခြင်း လို့ လှပတဲ့ ပုံစံ တမျိုးနဲ့ အစားထိုး ခံစားတတ်ကြပါတယ်။ အနိုင်ရသွားခဲ့ရင်တော့ သူတို့ဟာ ပြိုင်ပွဲတပွဲရဲ့ အောင်နိုင် သူဖြစ်ရုံ ပါပဲလား၊ ကောင်မလေးကို တကယ်ချစ်တာ မဟုတ်ဘဲ ပြိုင်ဘက်ကောင်လေးကို အနိုင်လိုချင်မှု သက်သက်ပါပဲလားလို့ အသိတရား ရတတ်ပါသေးတယ်။

ဒါပေမယ့် နောင်နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့ သူတို့ဟာ တကယ်တော့ အဲ့အချိန်က အနိုင်ရခဲ့ပေ မယ့် သူတို့ ရဲ့ ခေါင်းမာမှု ကြောင့် သူတကယ် နှစ်နှစ်ကာကာ မချစ်တဲ့ မိန်းမတယောက်ကို ရခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ မိန်းကလေးကတော့ သူ့အပေါ်မှာ နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာ နဲ့ တကယ်ချစ်ခဲ့တာပါ။

A Chen
5:27PM
Thursday
26th Apr 2012
Home
Bangkok