တောင်းဆိုထားတဲ့ လျှို့ဝှက်ချက်များနဲ့ တီချမ်းရဲ့ တိုဟူးနွေး

ဟင်းချက်တာ မတင်တာကြာပါပြီ။ လူတွေကလဲ လာလာမေးကြတယ်။ ခုတီချမ်းတယောက် အပြီးပြန်ဖို့လဲ လုပ် နေတော့ ဘလောခ်ဘက်လဲ သိပ်မလှည့်အားတာပါတယ်။ နောက် အိမ်က အင်တာနက်ကလဲ သိပ်မကောင်း တာနဲ့ ဘလောခ် မရေးဖြစ်တာကြာပေါ့။ တင်ရင်လဲ စာများများ ပုံနည်းနည်း နဲ့ဟာပဲ တင်ရင်တင်ဖြစ်တယ်။ ဟင်း ချက်တာတွေက ပုံအများကြီးတင်ရတာကိုးနော် အပ်လုတ်လုပ်ရတာ အင်တာနက် နှေးရင် သိပ်စိတ်တိုဖို့ကောင်း တယ်။ နောက် မြန်မာပြည်ပြန်ရင် ဘလောခ်ကို ဆက်ရေးလို့ရအောင်လဲ ဒေါ့ကွန်း ပြောင်းဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုပြောင်းရမလဲ ထရန်စစ်ရှင်းပီးရိရက်ကို အဆင်ပြေအောင် လာဘတ်သူတွေ ဆက်ချိတ်ထားနိုင်အောင် စတာတွေအတွက်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်နေပါတယ်။

အလုပ်က ထွက်ဖြစ်ပါတယ်။ မေလကုန်ဆိုရင် အကုန်ပြီးပြီ။ ပြန်ပါမယ်။ ခု စဉ်းစားနေတာက နောက် အလုပ်တခု မလုပ်ပဲ ကိုယ့်ဘာသာ တပိုင်တနိုင်လေးနဲ့ မသေရုံလောက်လေး လုပ်မယ် လို့ တွေးနေပါတယ်။ လခစား ဘဝ ကို တော်ပါပြီ။ မောလွန်းလို့ တခါတလေ ကိုယ်မလုပ်ချင်တာကို ပိုက်ဆံယူထားလို့ လုပ်နေရတဲ့ ဘဝကိုမပျော်တော့ ဘူး။ ကိုယ့်ဘာသာ ကိုယ့်ကိုယ်ပိုင်အလုပ်ကို လုပ်ချင်လုပ် မလုပ်လဲ ရတယ်ဆိုတာမျိုးပဲ လိုချင်တယ်။ အရမ်းလဲ မချမ်းသာချင်ဘူးလေ။ ကိုယ်လိုချင်တာတွေ ဝယ်နိုင်ရင်တော်ပြီ။ ဥပမာ ပန်းသီး အဲ၊ ကန်နွမ်လန်းစ်၊ အယ်လ်ဗီ အိတ်တွေ စသဖြင့်ပေါ့။ ပြောရဲတယ်နော်။

နောက်တခုစဉ်းစားနေသေးတယ် မြန်မာပြည်ပြန်ရောက်ရင် အလုပ်မဝင်ပါဘူး။ အဲ့တော့ အားနေမယ် အဲ့တော့ ကျိုင်းတုံ (မွေးဌာနေ ဆီသို့ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် လွမ်းရပါသည်) ကို ခဏ သွားနေ မယ်လို့ စဉ်းစားနေတာ အသက်အရမ်းကြီးနေပြီဖြစ်တဲ့ အဘွားနဲ့လဲ တူတူနေရအောက် နောက် အဘွားဆီက ဟင်းချက်နည်းတွေသင်မယ် အဒေါ်တယောက်ကလဲ ရှမ်းစာတွေ ချက်တာ သိပ်တော်ပါတယ် သူတို့ဆီက သင် မယ် နောက်ပြီးတော့မှ ရန်ကုန်ပြန်လာ စာအုပ်ထုတ်မယ် ကဲ မပိုင်လား။ အဘွားက သက်သတ်လွတ်စားတာပါ အနှစ် ၃၀ ကျော်ပြီထင်ပါတယ်။ ခုတော့ အသက် ၈၀ ကျော်မှာ တော်တော် ကျန်းမာနေတုံး။ နောက်ဆိုတီလဲ အာသဝေါ အသားဝေါ ကုန်ခမ်းရင် သက်သတ်လွတ်စားဖြစ်မယ်ထင်ပါတယ်။ ခုတောင် တကယ်ပြောတာ လိင်စိတ်တွေလဲ ကုန်ခမ်းနေပါပြီ (မောင်က ပြန်သွားတာကိုးနော်) တဏှာတွေပဲ ကျန်တော့တယ် ခိခိ။ တော်ပြီ အတည်ပြောမယ်နော်။

ထားတော့ အဲ့တာက နောက်ဆုံး အပ်ဒိတ်ပေါ့။ ခုတောင် ကမ္ဘောဒီယား ရောက်နေတာ ဟိုတယ်က ကွန်နက်ရှင်
ကောင်းတာနဲ့ အရင်တခါ လက်ဆောင်တွေအများကြီးပေးတဲ့ စာဘတ်သူ တောင်းဆိုထားတဲ့ တိုဟူးနွေးလေး တင်ပေးလိုက်တယ်နော်။ ပုံတွေက ရိုက်ထားတာကြာပေါ့။ မြန်မာပြည်ပြန်တုံးက အမေနဲ့ ချက်စားဖြစ်တာလေးပါ။

တိုဟူးနွေးကို သိပ်ကြိုက်ပါတယ်။ စားရတာလဲ လွယ် ချက်ရတာလဲ လွယ် စားလို့လဲကောင်း အရသာလဲရှိ ဈေးလဲ
ပေါ၊ ကျန်းမာရေးနဲ့လဲ ညီညွတ် ကဲ ဒီလောက်ကောင်းတာ ဘယ်မှာ သွားရှာမလဲနော်။ ကဲ ချက်နည်းလေး ကြည့် ကြစို့။ အမှန်ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်ပြီးသုံးနိုင်ရင် ပိုကောင်းပါတယ်။ သို့သော်လဲ ပြောင်းလဲ လာတဲ့ခေတ်အရ လူတွေက အချိန်သိပ်မရှိကြပါဘူး။ အဲ့တာကြောင့် မြန်မြန်နဲ့ အလွယ် ကြိတ်ပြီးသား ပဲမှုန့် အရော မစစ်တစစ်တွေပဲ သုံးကြတာပေါ့။ ရေးနေတဲ့ လူကိုယ်တိုင်က မစစ်တစစ်ပဲလေနော်။ (everybody go awwwwwwww)

ကဲ ချက်လိုက်ကြစို့။ အလွယ် လို့ ပြောထားတဲ့ အတိုင်း ကြိတ်ပြီးသား မွှေးပဲ မှုန့် ကိုသုံးပါမယ်။ အစိမ်းမှုန့် ကိုသုံးပါ။ အကျက်မှုန့် မသုံးရပါဘူးနော်။ တီတို့ကတော့ မွှေးကို အဆင်ပြေလို့ သုံးဖြစ်တယ် သို့သော် နောက်ပိုင်း သူက ကွာ သိပ်မကောင်းတော့သလို ခံစားရလို့ ခုတော့ ရှမ်းပြည်ဘက်က လာတယ်ဆိုတဲ့ တခု (တံဆိပ် မမှတ်မိ) ကိုပြောင်း သုံးနေပါတယ်။ ထားတော့ ခုတော့ ရှိတာပဲသုံး။ ဘာမှ မရှိရင် ရှိတာ အကောင်းဆုံးပဲနော်။ မွှေးပဲမှုန့်စိမ်းကို တည
ရေစိမ်ထားပါ။ ပုံကိုကြည့်ပါနော်။ ရေထည့်လိုက်ရင် ပဲမှုန့်တွေက အစိအစိတွေဖြစ်ကုန်ပါမယ်။ လက်နဲ့သေသေချာ ချာချေပေးပါနော်။ ညက်အောင် အနည်ကျတဲ့အထိ ချေပေးပါမယ်။ နောက် အဲ့ရေ နဲ့ပဲ တညသိပ်ထားပါမယ်။ မနက်ကျတော့မှ ရေကို ဖြည်းဖြည်းချင်း လောင်းထုတ်လိုက်ရင် ပုံမှ မှာ ပြထားသလို ပဲနှစ် ကိုရပါမယ်။ တခုပြောပြ အုံးမယ် တချို့တွေက အဲ့အရေ ကို လောင်းမပြစ်ပဲ ချန်ထားပါတယ်။ တိုဟူးကျိုတဲ့အခါပြန်သုံးကြတာပေါ့။ ကုလားပဲ စစ်စစ် ကိုကြိတ်ရင် ကြိတ်ရည်ကို ချန်ထားတတ်ကြပါတယ်။ အဲ့တာကျတော့ ပဲနို့ရည်ချက်လို့ရတာကိုး။ တီတို့ ကျိုင်းတုံက ဈေးတန်းကြီးမှာ ဆိုင်တဆိုင်ရှိပါတယ် တိုဟူးနွေးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီးတော့ ပဲနို့ရည်ကလဲ ကောင်းပုံကနွားနို့ထက်ပို သောက်လို့ကောင်းပြီးတော့ မလိုင်လဲ ပိုတက်ပါတယ်။ သူတို့ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်သုံးပြီးတော့ ကြိတ်ရည်နဲ့ ပဲနို့ ကိုပြန်ချက်တာပါ။ ထားတော့နော်။

တီတို့ကတော့ ရေသန့်ပဲ ပြန်ထည့်တယ်။ စစ်ရေ ထည့်ရင် တိုဟူးက ပိုပြစ်တယ်လို့ ခံစားရလို့။ ကဲ ပြင်ဆင်လို့
ပြီးရင် ချက်မယ့် အိုးထဲကို ရေကြိုက်သလောက်ထည့်။ (လျှို့ ဝှက်ချက်တခုထပ်ပြောပြမယ်နော် အိုးထဲကို ရေထည့် ပြီးရင် ဆီ တစက်နှစ်စက်လောက်ထည့်လိုက်ပါအုံး အဲ့တာက ပဲကိုပိုညက်စေတယ်ပြောပါတယ်။ ပိုအိတာပေါ့။) ပြီးရင် အနှစ်ကို ဖြည်းဖြည်းချင်းလောင်းပါ။ တပြိုင်ထဲမှာ အောက်ကနေ မွှေပေးနေပါ။ ပုံကိုသေချာကြည့်နော်။
တွေ့လား အမေ့လက် ဝဝကြီး။ နောက် လျှို့ ဝှက်ချက်တခု ထပ်ပြောပြမယ်။ မွှေတဲ့အခါ တဘက်တည်းပဲ မွှေ ရပါမယ်။ clock wise or counter clock wise as you like but only one direction. နာရီလက်တံ အတိုင်းပဲ လှည့်ပြီးမွှေမွှေ ပြောင်းပြန်ပဲ မွှေမွှေ ကြိုက်ရာ တဘက်တည်းကို ရွေးပြီး မွှေပါ။ လက်သန်ရာပေါ့နော် ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်။ ဟိုဘက်မွှေလိုက်ဒီဘက်မွှေလိုက်တော့ မလုပ်ပါနဲ့။ လုပ်ရင်ဘာဖြစ်မလဲ ဟုတ်လား လုပ်ကြည့်လေ
နော် ပြီးတော့ ကွန်မန့်မှာ ပြန်လာပြောပြ ဘာဖြစ်သလဲဆိုတာနော်။ ဘာဖြစ်မလဲဆိုတော့ အနည်းဆုံးတော့ တီ့ ဘလောခ် ကွန်မန့် တက်တာပေါ့။ ညှင်းညှင်းညှင်း

တွေ့လား အိုးကသေးသေးလေးပဲဆိုတော့ ရေလဲ နည်းနည်းလေးပဲ ထည့်တယ်။ နှစ်ယောက်စာပဲကိုးနော်။ ပိုတဲ့ အနှစ်တွေကို ချန်ထားလို့ ရပါတယ်။ နောက်တခါ ချက်ရင် ပြန်သုံးလို့ရတယ်။ လျှို့ဝှက် ချက်နောက်တခုနော်။
ပြီးရင် မွှေနေတဲ့တလျောက်လုံး မီးကို အေးထားပါနော်။ မီးအေးလေးနဲ့ပဲ တောက်လျှောက်မွှေနော်။ ပြီးလို့ တိုဟူး နှစ်တွေပလုံ ပလုံဆိုပြီး ပွက်လာပြီဆိုရင် ရပါပြီ။ အော်မေ့သွားတယ် ဆား နည်းနည်းထည့်အုံးနော်။ နည်းနည်းပဲ ထည့်နော် နောက် ပန်းကန်ထဲကို အစာပလာ ထည့်ရင် ထပ်ထည့်အုံးမှာဆိုတော့ တော်ကြာ ငံကုန်မယ်။ ဒီတခုက ငံသွားရင် အရင်လို ရေရောလို့မရဘူးနော်။

ကဲ တိုဟူးနှစ်တော့ရပြီ။ စားပွဲပြင်ကြစို့။ နောက်ထပ် လျှို့ဝှက်ချက်တခု ထပ်ပြောပြမယ်နော်။ တချို့က ရေစိမ်ကို
ပြုတ်ပြီး တိုဟူးနွေးနဲ့စားပါတယ်။ တချို့က ညှပ်ခေါက်ဆွဲနဲ့ စားပါတယ်။ ရေစိမ်နဲ့စားတာက မန်းလေး လာရှိုးဘက် ကပါ ရှမ်းမြောက်ပေါ့။ တီတို့ ရှမ်းတောင်ဘက်ကတော့ ညှပ်နဲ့ အစားများပါတယ်။ နောက်သူတို့က အသားထည့်
လေ့ရှိတယ် တီတို့က သက်သတ်လွတ်။ ကြိုက်သလိုစားပါလေ။ အသားနဲ့ စားချင်ရင်တော့ အသားနှစ်လေး ချက်ထားပေါ့နော်။ ဒီမှာ ကြည့်ချက်နည်းကို…..ဝက်နဲ့ အမဲနဲ့။ တီတို့ကတော့ သက်သတ်လွတ်ပဲလွေးပါတယ်။
လျှို့ဝှက်ချက်ကဘာလဲဆိုတော့ အများစုက ခေါက်ဆွဲကိုပြုတ်ပြီးတော့ ပန်းကန်ထဲထည့် ပြီးတော့ အပေါ်ကနေ အနှစ်လောင်းကြပါတယ်။ တီတို့ကတော့ ရေစိမ်ဆိုလဲ ပြုတ်ပြီးတော့ ပန်းကန်ထဲမထည့်ပါဘူး စားမယ့် ခေါက်ဆွဲ ကိုပြုတ်ပြီးရင် တိုဟူးနှစ်အိုးထဲ ထည့်လိုက်ပါတယ်။ ညှပ်ခေါက်ဆွဲဆိုလဲ အဲ့အတိုင်းပေါ့ စားသလောက် ကို ထည့် လိုက်ပါ။ ပြီးတော့ တိုဟူးအိုးထဲမှာ ခဏ မွှေပေးလိုက် ခေါက်ဆွဲနဲ့ အနှစ် ထွေးထွေးလေးဖြစ်သွားမှာ အဲ့ခေါက်ဆွဲ
ထွေးကို ကော်ပြီး ပန်ကန်ထဲထည့်ပါ။ အဲ့တာဆို ခေါက်ဆွဲကြိုကြားထဲထိ တိုဟူးအနှစ်က ရောက်သွားတဲ့ အတွက် ပိုစားကောင်းပါတယ်။ ပြီးရင်တော့ အစာပလာထည့်ပါမယ်။ ကျန်ယို့ အငံအမဲ ကို နည်းနည်းထည့်ပါ။ အပြစ်အချို လဲတချို့ကထည့်ကြတယ် ကြိုက်တတ်သလိုပေါ့နော်။ တီတို့ကတော့ အငံပဲ စားတယ်နောက် သိပ်အရမ်းပြစ်တာ မသုံးဘူး။

ပြီးရင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက် နောက် ပါကော်ခြောက်ကော့လို့ ခေါ်တဲ့ တရုတ်မဆလာ ဆီချက် ထည့်။ နောက် မြေပဲဆံလေးတွေ ထောင်းထားတာထည့် နံနံပင်လေးအုပ်လိုက်ရင် အရသာရှိတဲ့ အိမ်ချက် တိုဟူးနွေးတပွဲ ရပါပြီ။ တွဲဘက်စားဖို့အချဉ်ကတော့ ရှမ်းချဉ်လေးကို ဆား အချိုမှုန့် နည်းနည်း နယ် ပြီး နံနံပင် အုပ်လိုက်ရင်ကို အိုအိရှိ စူပါရှယ် ကောင်းမှကောင်းပါပဲ။ ရှမ်းချဉ်တည်နည်းကိုတော့ ဒီမှာ ကြည့်နော်။

ကဲဒီလောက်ဆို တောင်းဆိုထားတဲ့ အေးစုစံနဲ့တကွ ကျန်တီ့ ဟင်းချက်ပရိတ်သတ် အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ မနက်စာလေးတခု လွယ်လွယ်ချက်စားလို့ရတာပေါ့။ အီကြာကွေးလေးရှိရင် ပိုတောင်ကောင်း
သေးတယ်။ တီ့အမ တယောက်ဆို သူက တိုဟူးနွေးကို ခေါက်ဆွဲနဲ့မစားပဲ အနှစ်ကိုပဲ အစာပလာ များများထည့်
ပြီးတော့ အီကြာကွေးကို အတုံးလေးတွေ ဖြတ်ပြီး ကလော်စားပါတယ်။ အဲ့လို စားတာလဲ တမျိုးကောင်းတာပါပဲ။ ကြိုက်သလိုပေါ့နော်။

A Chen
12:59 PM
Friday
30th Mar 2012
Juliana Hotel
Phnon Penh
Cambodia

ဖက်ထုပ်ဆီချက် နဲ့ တီချမ်းရဲ့ မနက်စာ ညနေစာ ညလယ်စာ

တကယ်ပါ အဟုတ်။ ဒီတခါနောက်ဆုံး နောက်ကို ဘယ်တော့မှ ခေါက်ဆွဲ ဆီချက် ဖက်ထုပ် တွေနဲ့ မနှိပ်စက်တော့ဘူး ကတိ ကတိ ကတိ။ အဲ့လို စာကြောင်းကို စပြီးသကာလ ရေးမယ့် အကြောင်းအရာ က ဖက်ထုပ်ဆီချက်ပါတဲ့ အရပ်ကတို့ရေ………..မရေးခင် တီချမ်း ရဲ့တနေ့တာ ကိုကြည့်ရအောင်နော်။ သူငယ်ချင်းတယောက် အိမ်မှာ အလည်ရောက်နေတာနဲ့ ညညဆို တော်တော်နဲ့ မအိပ်၊ မနက်မနက် ဆို ရင်လဲ တော်တော်နဲ့ မထ နဲ့ တီချမ်း တယောက် ဒီတပတ်ထဲ ရုံးကို နောက်ကျမှ ရောက်ရောက်နေပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာတွေက မနေ့က ဖြစ်ပျက်ခဲ့တာတွေပါ။ ထားတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေလို့ ဘယ်ဖြစ်မလဲနော်။ အေးချမ်း သာယာလှပတဲ့ တီချမ်းဘဝ ကို စာဘတ်သူ လူအများ မနာလို အူတို မုဒိတာ မပွားနိုင်ဖြစ်ကုန်ကြပေမပေါ့။ အမှန်က ဒီအပတ် တကယ့်ကို တနင်္လာနေ့ တရက်ပဲ သေချာ ရုံးတက်ရပါတယ်။ အင်္ဂါ ဗုဒ္ဓဟူးက ဖင်မှာ တုတ်စူးနေလို့အဲလေ နေမကောင်း ဖြစ်နေတာနဲ့ ဆစ်ခ်လစ်ဗ် ယူလိုက်ပါတယ်။ ဟော အခု ဘလောခ်ရေးနေတဲ့ ကြာသပတေးနေ့အကြောင်းကတော့ သူငယ်ချင်းရောက်နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးကို နေ့လည်စာစာအပြီး အာဖတာ ၂ မှ သွားပါတယ်။ ညနေဘက်တော့ အားနာတာနဲ့ ၇ နာရီလောက်ထိနေပေးလိုက်တယ်။ ဂျန်နရပ်စ် ချက်နော်။ ဒီနေ့ သောကြာလဲ မနေ့ညက ရုပ်ရှင်ကြည့်တာ ညည့်နက်သွားလို့ နေ့လည်မှ လာပါတယ်။ အမှန်က မလာတော့မလို့ပဲ ၂ နာရီ အစည်းအဝေး တခုရှိနေလို့ မလာမဖြစ်လာရပါတယ်။ နောက်ပြီး အကြံတခုပေးအုံးမယ်။ တီ့ လို ကိုယ့်အစည်းအဝေး ကိုယ် ချိန်းချင်တဲ့ အချိန်ချိန်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုရင် အမြဲတမ်း ညနေပိုင်းကို ချိန်းပါ။ ဟိဟိ။

မနေ့က လူ ၃၀၀ လောက် ဝင်ပါတယ်။ ခါတိုင်း ၅၀၀ လောက်ဝင်နေကျက နောက်ပိုင်း ကိုယ်က သူတို့ဘလောခ် လိုက်မလည်တာနဲ့ပဲ မလာကြတော့တာရယ် ကိုယ်က ၂ လလောက် ဘာမှ မရေးပဲ ပျောက်သွားတာရယ် နဲ့အကုန် ပျောက်ကုန်ပါတယ်။ အဲ့တာကြောင့် ခုတလော တီချမ်း ဟင်းချက်တာတွေပဲ ဘာလို့တွန်းရေးနေတာလဲ ဆို လူပြန်ဆွယ်နေတယ် မှတ်ပါ။ မနေ့ကတော့ မနက်ကတည်းက မုန့်လုပ်စားတာနဲ့ တနေ့လုံးစာ တင်ဖို့ ရည်ရွယ်ပါတယ်။ ကဲ လာပြီ။

ဒါက ကိုယ့်မနက်စာပါ။ သူငယ်ချင်းလဲ ရှိနေတော့ သူ့လဲ တခုခုတော့ လုပ်ကျွေးရမယ်လေ ဆိုပြီး ပေါင်မုန့် ကို ကြက်ဥနဲ့ ကြော်ပါတယ်။ ပေါင်မုန့် လေးချပ်ကို ကြက်ဥ ၂ လုံးပါ။ ကြက်ဥ ကို ပန်းကန်ပြား စဉ်းငယ်ခန့်စောက်တာလေးမှာ ဆား စဉ်းငယ်ခန့် နဲ့ သကြား စဉ်းငယ်ခန့် ထက် စဉ်းငယ်ခန့်ပိုတာနဲ့ ခေါက်ပါ တယ်။ ပေါင်မုန့်ကို ဘေးက အခွံမပါတာမျိုးကို ရွေးဝယ်ပါတယ်။ ဘေးက အကာခွံ ကို ငယ်ငယ်ကတည်းကကို မကြိုက်လို့ပါ။ နောက်နေ့မှ ကြက်ဥ ဆန်းဒွတ်ရှ် လုပ်ကျွေးပါအုံးမယ်နော်။ ခုရေးနေရင်း သတိရသွားလို့။ ပေါင်မုန့်လေးတွေ ကို ကြက်ဥထဲနှစ် ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးကို နှစ်ပါနော်။ အကြာကြီး မနှစ်ထားပါနဲ့ ကြက်ဥကြောင့် ပေါင်မုန့်ပြဲပါမယ်။ ခဏလေး ထိတယ် ဆိုယုံ နှစ်လိုက်ပါ။ ပေါင်မုန့်က စုပ်တော့ အိုကေပါပဲ။ ပြီးရင် မကပ်တဲ့အိုးမှာ ဆီလေး စဉ်းငယ်ခန့် နဲ့ ကြော်ပါ။ ဟိုဘက်ဒီဘက် တခါ ထပ်လှန်ပါအုံးနော် မတူးအောင်ပါ။ ပြီးရင်တော့ ပုံမှာပြာထားတဲ့ အတိုင်း ပန်းကန်ထဲ ကို ကပ်ကြေးနဲ့ညှပ်ထည့် သကြားဖြူး ပြီးတော့ ပျားရည်လေး စဉ်းငယ်ခန့် (အမှန်ကတော့ များသွားပါတယ် ရတယ် ကိစ္စ မရှိဘူး အဆိပ်မှ မဟုတ်တာနော်) ဆမ်း ပြီးတော့ စားပေါ့။ တီ့ ညီ ဝမ်းကွဲတယောက်ဆို ပျားရည်ကော၊ နို့ဆီကော၊ နို့စိမ်းကော၊ သကြားကော ထည့်ပါတယ်။ ဟုတ်ကဲ့ ဝတုတ်လေးပါ။ ဘေးကတော့ ကြိုက်လို့အမြဲ မြန်မာပြည်ကနေ တကူးတက သူငယ်ချင်းတွေသည်ပေးမယ်ပြောတိုင်း မှာရတဲ့ ပရီးမီးယား ၂ ပလပ်စ် ၁ ပါ။ ၂ ထုပ်ကို ရေဆူဆူနဲ့ ထည့်။ နို့ စဉ်းငယ်ခန့်ထည့်ပါတယ်။ တနေ့လုံး ရုံးရောက်တာ ဘာမှ မစားပါဘူး။ အိမ်ကနေ ၁၂ နာရီ ခန့် က စားလာတဲ့ အဲ့တာနဲ့ပဲ တနေ့လုံးနေပါတယ်။ ခုတလော လူတွေက ပိန်သွားတယ် လှလာတယ် မျက်နှာလေးကို ဝင်းတက်လာတာပဲ ဘာညာ လာလာပြောနေကြလို့ အစာလျှော့စားပါတယ်။ တကယ်လဲ လှလာတယ် မယုံရင်လာကြည့်။

ဒါလေးကတော့ အိမ်ရောက်ရောက်ချင်း ချစ်မောင်က အမောပြေတိုက်တဲ့ OJ ပါ။ အဲ့တာလေး ကိုအမောပြေသောက်ပြီးတော့မှ မောင်ဘာစားမလဲ ဆိုတော့ သူကလဲ ညနေ မှ ထပါသတဲ့ အဲ့တာ နိုးတော့ ထမင်း ဝယ်စားထားပါတယ်တဲ့။ ဆိုတော့ ကိုယ်လဲ ထမင်းမစားချင် တာနဲ့ ကဲ ရှိတာ ဘာလဲ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲမှာ မွှေတော့ ဖက်ထုပ်ရွက်တွေ ကျန်နေသေးတာ တွေ့ပါတယ်။ အဲ့တာနဲ့ လုပ်စားမယ်လေ ဆိုပြီ………ဖက်ထုပ်ထုပ်ပါတယ်။ ဖက်ထုပ်သ အသားပြင်တာကိုတော့ တနေ့က ဖက်ထုပ်ပြုတ် လုပ်စားတုံးက တင်ပြီးသားနော်။ ဒီမှာ ကြည့်ပါ။ ဒေါ်ချစ်ကတောင် ပြောနေသေးတယ် စားလှချည်လား ဆိုပြီးတော့ အဲ့ဒီဖက်ထုပ်က တထုပ်ဝယ်ရင် အချပ် (ဖက်ထုပ်ရွက်) ၁၀၀ ပါပါတယ်။ အဲ့တော့ လုပ်လိုက် ပစ်ထားလိုက် စားလိုက်ပေါ့။

ဖက်ထုပ်တွေ ထုပ်ပြီးပြီဆိုရင် ရေနွေးတအိုးတည်လိုက်ပါ။ ဒီတခါတော့ ဂျုံခေါက်ဆွဲပါ ထည့်ပြုတ် ပါတယ်။ မောင်က အရောစားချင်တယ်ဆိုလို့ပါ။ ကိုယ်ကတော့ ဖက်ထုပ်ချည်းပဲ ကိုပိုကြိုက်တယ် သို့သော် ကိုယ့်အကြိုက် ကို နောက်မှ ထားရမယ်လေနော်။

ပြုတ်ပုံ အဆင့်ဆင့်ကို သေချာကြည့်ပါ။ ရေဆူလာရင် ဖက်ထုပ်နဲ့ ခေါက်ဆွဲထည့်လိုက်ပါ။ အဲ့တာဆို အပူထဲကို အအေးတွေ ထည့်လိုက်တဲ့ အတွက် ရုတ်တရက် ရေ က ပြန်အေးသွားတာနဲ့ ငြိမ်ကျသွားပါမယ်။ (ပုံ ၁) ကိုကြည့်ပါ။ ပြီးရင် ရေက တဖြည်းဖြည်း ပြန်ဆူလာမှာ ဖြစ်တဲ့ အတွက် တူကလေးနဲ့ ဖွဖွလေး မွှေပေးပါ။ (ပုံ ၂) အတိုင်းပေါ့နော်။ နောက်တခါ (ပုံ ၃) ထဲက အတိုင်း ရေတွေ ပြန်ပြီး ဆူလာပြီဆိုရင်တော့ ရပါပြီ။ ခေါက်ဆွဲကော ဖက်ထုပ်ကော ကျက်ပါပြီနော်။

အရေးကြီးတာပြောပါမယ်။ ဂျုံခေါက်ဆွဲ ကိုဆီချက် လုပ်မယ်ဆိုရင် ပြုတ်ပြီးတဲ့အချိန်မှာ အမြဲတမ်း ရေအေးနဲ့ တချက်လောက် ပြန်ဖျော် လိုက်ပါ။ အရမ်းပူနေရင် မွှေလို့ မကောင်းသလို ထွေးထွေးကြီးဖြစ်နေရင် စားမကောင်း ပါဘူး။ ပုံမှာ ပြထားတဲ့ အတိုင်း ရေအေး တဇလုံ ကိုအသင့်လုပ်ထားပြီး ပြုတ်အိုးထဲကနေ ဆယ်ပြီး ရေအေးထဲ ထည့်လိုက်ပါ။ ရေအေးထဲမှာလဲ အကြာကြီး မစိမ်ထားပါနဲ့နော်။ ပြီးရင် နယ်မယ့် ဇလုံထဲ ထည့်ပါ။ ကြိုပြင်ထားရမှာ က ကြက်သွန်ဖြူ ဆီချက် ဇွန်းကြီး တဇွန်း ခပ်များများသာ ကြည့်ထည့်လိုက်ပါ။ ငရုတ်သီး ဆီချက် (အစပ်ကြိုက် သူများ အတွက်သာ သီးသန့်) ဆား အချိုမှုန့် ပဲငံပြာရည်အကြည် စဉ်းငယ်ခန့်၊ ငရုတ်ကောင်းမှုန့်စာတာတွေ ထည့်ထားပါ။ အချဉ် ကြိုက်ရင် သံပရာသီး တခြမ်းလောက်လဲ ညစ်ထားနော်။ ပြီးရင် ရေအေးထဲက ပြန်ဆယ်ထား တဲ့ ခေါက်ဆွဲ ဖက်ထုပ် ကိုထည့်ပြီး တူ နဲ့ ဇွန်းနဲ့ ဖွဖွလေးမွှေပါ။ ဆိုင်တွေမှာ လုပ်တာ တွေ့ဖူးတယ် မှလား။

အဲ့တာဆို ပုံမှာ ပြထားတဲ့ အတိုင်း ဂျုံခေါက်ဆွဲ ဖက်ထုပ် အရော ဆီချက် ၂ ပွဲ ရပါပြီနော်။ နည်းတာ က ထမင်းစား ပြီးသား မောင့်အတွက် များတာက တနေ့လုံး ဘာမှ မစားရသေးတဲ့ ကိုယ့်အတွက်ပါ။

အအီပြေ ရောစားဖို့ က အိမ်လုပ် ကမ်ချီလေးပါ။ လုပ်နည်းကို ဒီမှာ ကြည့်နော်။ အောင်မြင်သွားတယ်။ စားရတာလဲ အဆင်ပြေတယ်။ ကောင်းလဲ ကောင်းတယ်။ လွယ်လဲလွယ်တယ်။ နောက် လုပ်အုံးမယ်။ ရှမ်းချဉ်လဲ လုပ်ထားသေးတယ်။ နောက်နေ့တွေခေါက်ဆွဲ စားရင် ရှမ်းချဉ်အလှည့်။ ကမ်ချီ က ကုန်တော့မယ်လေ။

ဒါကတော့ ထုံးစံအတိုင်း ညဘက်ကျတော့ ဗိုက်ပြန်ဆာတဲ့ ကိုယ်တို့လင်မယား အကျင့်အတိုင်း ထ လုပ်စားကြတာပါ။ ညနေက အန်ထွက်တော့ မတတ် စားထားတဲ့ ဖက်ထုပ်က ညဘက်ကျတော့ ဘာမှ မရှိတော့ပါဘူး။ ဗိုက်က ပြန်ဆာလာတာနဲ့ ရေခဲသေတ္တာ ထမွှေပြန်တော့ ဂေါ်ဖီထုပ် တပိုင်းရယ် ဗူးမှိုလေး တဝက်အကျန်ရယ် တွေ့တာနဲ့ ရောပြီးကြော်လိုက်ပါတယ်။ ဘာမှ မထည့်ဘူး ကြက်သွန်ဖြူ က ခွာရမှာ ပျင်းလို့ ခရုဆီက သိပ်မကြိုက်လို့ မထည့်ဘဲ ဆား အချိုမှုန့် နဲ့ပဲ ကြော်လိုက်ပါတယ်။ စားလို့ ကောင်းတယ်။ ရိုးရိုးလေး။

ဒါကတော့ ဟိုတနေ့ကတည်းက ချက်ထားတဲ့ အမဲသားပါ။ ခေါက်ဆွဲနဲ့ ဆီချက် လုပ်စားလို့လဲရသလို ထမင်းနဲ့ စားလဲ ကောင်းပါတယ်။ ဒီမှာ ကြည့်လိုက်နော်။ အမဲသားချက်နည်းကတော့ ဒီမှာပါ။ နောက်ဆုံးက ဗူး ကတော့ ဒီဇင်ဘာလက ရန်ကုန်ပြန်တုံးက ယောက္ခမ လုပ်ပေးလိုက်တဲ့ ငပိကြော်ပါ။ ကောင်းတယ် ကြက်သွန်ဖြူ ကွင်းကြီးတွေနဲ့။ စပ်စပ်ကလေး။ ထမင်းဖြူ ပူပူကို အဲ့လို ငပိကြော် အခြောက်အခြမ်းတွေနဲ့ စားရတာ ကြိုက်ပါတယ်။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲနော်။ ………၄ နာရီ ၅၅ မိနစ် ရှိနေပြီရုံးဆင်းတော့မယ်။

A Chen
4:56 PM
3rd Feb 2012
Friday
Bangkok

မာမာ့ ၊ ဝိုဝ်းဝိုဝ် နဲ့ ဘာဂါကင်း

ကဲကဲကဲ လာပြန်ပါပြီ ခေါက်ဆွဲတွေချည်းပဲ လို့မညည်းကြပါနဲ့နော်။ ဒီတခါက အလွယ်တကာ့ အလွယ်ဆုံးပါ မာမာ့ ခေါက်ဆွဲ (အသံထွက်အမှန်ပါ မာမား မဟုတ်ပါဘူး) ထားတော့။ အလွယ်တကာ့ အလွယ်ဆုံး ခေါက်ဆွဲလေးတွေကိုကြည့်ကြရအောင်နော်……….
ထုံးစံအတိုင်းမဟုတ်ဘဲ ဒီတခါ မောင်က အသုပ်စားမယ်တဲ့ အသုပ်ဆိုတော့လဲအသုပ်ပေါ့နော် မောင်စားချင်တာ လုပ်ပေးရမှာ ကိုယ့်တာဝန် မှလား ကဲ လာပြီ အပ်ချလောင်း မာမာ့ အသုပ် တပွဲ………မာမာ့ မလောက်လို့ ဝိုဝ်းဝိုဝ် နဲ့ ရောပြုတ်ပါတယ်


မဝမှာစိုးလို့ မောင့်ကို ၃ ထုပ် ပြုတ်ပေးပါတယ်။ အစာနှစ်တွေကို မထည့်ပဲ ခေါက်ဆွဲချည်းပဲ ၃ ထုပ်ကို အရင် ရေဆူဆူမှာ ပြုတ်ပါတယ်။ ပုံကို ကြည့်ပါ တခါ ခေါက်ဆွဲတွေ ထပ်ဆူလာရင် ဆယ်ပါ အကြာကြီး ပြဲတဲ့အထိ မပြုတ်ပါနဲ့။ စာမကောင်းဘူးနော်။ မာဆတ်ဆတ်လေးမှ ကောင်းတာ။

ဒါတွေက ပြင်ဆင်ထားတာပါ သုပ်ဖို့ ဆိုပါတော့။ အစာနှစ်တွေကို နှစ်ထုပ်ပဲ ထည့်ပါတယ်။ သူတို့အထုပ်တွေက အရမ်းဆူးတော့ များရင် စားမကောင်းပါဘူး လေးလွန်းအားကြီးပါတယ်။ နောက်အိမ်မှာ ရှိတဲ့ ဆီချက် နဲ့ ငရုတ်သီး ဆီချက် ထပ်ထည့်ပါတယ်။ သံပရာသီး တခြမ်းကြီး ညစ်ထည့်လိုက်တယ်။ အနှစ်တွေကို ဒီလို မွှေထားပါတယ်။ ပြီးတော့ ခုနက ပြုတ်ပြီး ဆယ်ထားတဲ့ ခေါက်ဆွဲတွေ ထည့်ပြီး တူနဲ့ဖွဖွလေးမွှေလိုက်ရင် မောင့်အတွက် ခေါက်ဆွဲ ဆီချက် ရပြီပေါ့။ တွဲစားဖို့က ရှမ်းချဉ်လေးနော်။

မောင့်အတွက် အရင်လုပ်ပေးပြီးတော့ ကိုယ့်အတွက် ထပ်ချက်ရပါတယ်။ ကိုယ်က ခေါက်ဆွဲ မစားချင်တော့ ကြာဇံလေးစားပါမယ်။ ပုံကိုကြည့်ပါ။ ဂဏန်းကြာဇံ ထုပ်ကိုဝယ်ထားပါတယ်။ ဒီတခု ကိုပိုကြိုက်တယ် အရသာကော ဘာကော နောက် ညှပ်ခေါက်ဆွဲ ထုပ်တွေ ပဲကြာဇံတွေလဲ ရှိတယ် မကြိုက်ပါဘူး။ အော် သူကတော့ ဝေဝေတံဆိပ်ပါ (အမှန် က ဝိုဝ်းဝိုဝ် လို့ အသံထွက်ရမှာပါ “င” သတ်မဟုတ်ဘူးနော် “ဝ”သတ်) ထားတော့။ ဟိုးတနေ့က ကျန်တဲ့ ပုစွန်ဆီပျံ နှစ်ကောင် ပစ်ထည့်လိုက်ပါတယ်။ အမှန်က ဒီခေါက်ဆွဲ ကြာဇံတွေကလဲ ချက်စားထားတာ ကြာပါပြီနော်။ တော်ကြာ တီချမ်းတယောက် အကျန်တွေစားနေတယ် နာမည်ကြီးနေမစိုးလို့။ ပုစွန်ဆီပျံ ပြီးတော့ နောက်နေ့ စားတာပါ။ ကမ်ချီလုပ်တဲ့နေ့က ချက်စားတာပါ။ ဒီမှာ ပြန်ကြည့်လိုက်နော်။

ကြာဇံ ပြုတ်ကတော့ ပိုလွယ်ပါတယ် ပုစွန် နဲ့ ရေ ဆူလာရင် အစာထုပ်တွေ ထည့်၊ ကြာဇံ ထည့် ထပတခါ ဆူလာရင် ပန်းကန်ထဲထည့် ရင် စားလို့ ရပါပြီ။ တီကတော့ ချဉ်စပ်လေးစားချင်တာကြောင့် အိမ်က ငရုတ်သီးဆီချက်လေး ထပ်ထည့်လိုက်ပါသေးတယ်။ သံပရာသီး တစိပ်ညစ် လိုက်ရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိ လုပ်ရလွယ်ကူ။ အပျင်းကြီးသူများ အတွက် မြန်ဆန်လွယ်ကူ အရာသာကောင်း တီချမ်း မာမာ့ တနပ်စာ အကြောင်းလေးပေါ့နော်။ တီလဲ မောင်နဲ့ တူတူ ရှမ်းချဉ်လေးနဲ့စားပါတယ်။

ကြာဇံက အစာမခံပါဘူး။ အဲ့တာနဲ့ ညဘက်ကျတော့ ထပ်စာတာနဲ့ ကလပ်သွားတဲ့ သူငယ်ချင်းကို အပြန်ကျ မုန့်ဝယ်ထဲ့ပါပြောတာနဲ့ ဘာဂါကင်းက နေ စပယ်ရှယ် အကြီးဆုံး အသားနှစ်ထပ် ဆူပါ ဂျမ်ဘို ဘာဂါ တလုံး ဝယ်လာပေးပါတယ်။ အဲ့တာကို ထပ်စားပါတယ်။ ပုံကိုသာရှုတော့။ ဒီမှာ နေတာ တခုကောင်းတာက အဲ့လိုဟာတွေ ၂၄ နာရီ မှာစားလို့ ရတာပဲ။ အော် ချစ်သော အမိမြန်မာပြည် ဘယ်တော့များမှ အဲ့လို ဖြစ်မလဲနော်။

မက္ကစီကန် ဝင်း လို့ခေါ်တဲ့ ကြက်သား ဒရမ်စတစ်ကြော်လေးတွေပါ။ စားကောင်းကောင်းနဲ့စားလိုက်တာ ကုန်မှ ပုံရိုက်ဖို့ သတိရတယ်။ ထားတော့။ ကိုကာကိုလာ အကြီးပါပဲ။ တီချမ်း လောဘကြီးတယ်နော်။

A Chen
3:00 PM
2nd Feb 2012
Thursday
Bangkok

ဂျုံ ခေါက်ဆွဲ အရည်ဖျော် နဲ့ ဆီချက်

ဒီရက်ပိုင်း တီချမ်းတယောက် ခေါက်ဆွဲတွေချည်းစားဖြစ်နေပါတယ် ဘက်လိုက်တာကိုပြောတာမဟုတ်ဘူးနော်။ တကယ့် Literally ခေါက်ဆွဲတွေ တီးဖြစ်နေတာကိုပြောတာပါ။ ခေါက်ဆွဲစားရင်စား မစားရင် ဖက်ထုပ်စား မစားရင် ညှပ်ခေါက်ဆွဲစား မစားရင် ခေါက်ဆွဲထုပ်စား အဲ့လို ခေါက်လိုက်ဆွဲလိုက်ပဲ လုပ်နေတာပါ။ အသုပ်လုပ်စားတာတောင် ခေါက်ဆွဲမှ မလွတ်တာနော်…….ထားတော့ ဒီနေ့တော့ တရုတ်နည်းအတိုင်း လုပ်စားတဲ့ ဂျုံခေါက်ဆွဲလေးတွေကို အရည်ဖျော်နဲ့ကော ဆီချက်အနေနဲ့ကော တင်ပေးပါအုံးမယ်။ ပထမဆုံးတော့ ဟင်းရည်အဖြစ် ဝက်ရိုး အရိုးကြမ်းလေးတွေတွေ့လို့ဝယ်လာတာကို ပြုတ်လိုက်ပါတယ်။ ထုံးစံအတိုင်း တီချမ်းတို့ ဆွေစဉ်မျိုးဆက် မဟာဟင်းရည်ကြည်တည်နည်းအတိုင်းတည်ပါနော်။ နောက်တခါ တနေ့က ဝယ်ထားတဲ့ မုန်လာဥဖြူ နှစ်လုံးရှိတာနဲ့ ပိုချိုအောင် အကွင်းလေးတွေ လှီးထည့်လိုက်ပါတယ်။ ဟင်းရည်တအိုးရပြီပေါ့။ ဟင်းရည်က အရည်ဖျော်ဆိုရင် ဟင်းရည်အနေနဲ့ ထည့်ပြီးတော့ ဆီချက်ဆိုရင်လဲ ဟင်းရည်သောက်လို့ရတာပေါ့။ ပြီးတော့ နောက်နေ့လဲ ထပ်ထပ်ပြီး လုပ်စားရတာ အဆင်ပြေပါတယ်။ ဟင်းရည်တအိုးချက်ထားရင် ၂ ရက် ၃ ရက်လောက်စားလို့ ရပါတယ်။ မောင်ကတော့ မနက်စာအနေနဲ့ကျွေးရင် မစားပါဘူး။ သူက မနက်စာမစားတတ်တဲ့သူပါ။ မွေးရတာ လွယ်တာပေါ့နော်။ ဖက်ထုပ်ပဲဖြစ်ဖြစ် ခေါက်ဆွဲပဲဖြစ်ဖြစ် ညစာအနေနဲ့ ကျွေးရင်တော့ စားရှာပါတယ်။ ကိုယ်ကတော့ ခေါက်ဆွဲ တို့ဆန်ပြုတ်တို့လိုဟာတွေဆို တနေ့လုံးလဲစားနိုင်တယ် တလလုံးလဲ စားနိုင်ပါတယ်။ သိပ်ကြိုက်တယ်။ အဲ့တာကြောင့် တခါတခါ ချက်စားရင် အကြာကြီးလဲ စားရ လုပ်ရတာလဲ လွယ်တော့ တီက ခဏခဏ လုပ်စားဖြစ်ပါတယ်။

အပေါ်က ဟင်းရည် တအိုးရပြီဆိုရင် ခေါက်ဆွဲပြုတ်တဲ့ ဇာတ်လမ်းစပါမယ်။ ဂျုံ ခေါက်ဆွဲကို ဆိုင်ကပဲ အထုပ်လိုက်ဝယ်လိုက်ပါတယ်။ သူက တထုပ်ကို ခြောက်လုံး အမှန်က ၆ ပွဲစာပေါ့ တီတို့ကတော့ အစားကြီးတော့ တပွဲ၂ လုံးထည့်တော့ ၃ ပွဲစာပေါ့။ အရင်ဆုံး ပန်းကန်ထဲမှာ ခေါက်ဆွဲကို ဖွထားရပါမယ်။

ပြီးရင် ရေတအိုးတည်ပြီးတော့ ရေဆူလာရင် ခေါက်ဆွဲကို ပြုတ်ပါမယ်။ ခဏ ပြုတ်ရင် ရပါပြီ အကြာကြီး ပြုတ် ရင် ပြဲသွားပါမယ်။ ပထမ ရေတည်ပါ။ ရေပွက်ပွက် ဆူလာရင် ခေါက်ဆွဲထည့်လိုက်ပါ။ နောက်တခါ ပွက်လာရင် ခေါက်ဆွဲတွေကို ဆယ်လိုက်လို့ ရပါပြီ။

တီကတော့ ၂ ပွဲစာ ၄ လုံးတခါတည်းပြုတ်လိုက်တော့ ဆယ်ပြီးသားခေါက်ဆွဲတွေကို နှစ်ပန်းကန်ခွဲ ထည့်ပါ တယ်။ မောင်က အရည်ဖျော်စားမယ်ဆိုလို့သူ့အတွက် အရည်ဖျော်ပါ။ နောက် သူက အမဲသားမစားတော့ တီက သူ့အတွက် ကို တနေ့ က ချက်ထားတဲ့ နမ့်ပရစ်အောဝ် အကျန် နဲ့ လုပ်ပေးလိုက်ပါတယ်။ နမ့်ပရစ်အောဝ် ချက်နည်းက ဒီမှာ တင်ဖူးပါတယ်နော်။ ပန်းကန်ထဲကို ဆား အချိုမှုန့် နည်းနည်းထည့် ပဲငံပြာရည်အကြည်နည်းနည်းထည့် ပြီးတော့ ခေါက်ဆွဲထည့် အသားထည့် ငရုတ်သီးဆီချက် ထည့် ကြက်သွန်ဖြူ ဆီချက်ထည့် ဟင်းရည်ထည့် လိုက်ရင် မောင်စားမယ့် ဂျုံခေါက်ဆွဲအရည်ဖျော်ရပါပြီနော်။

တီ့အတွက်ကတော့ ဆီချက်စားချင်လို့ ခုနက လိုပဲ ဆားအချိုမှုန့် နည်းနည်း ပဲငံပြာရည်အကြည်နည်းနည်း ကိုပန်းကန်ထဲထည့် ဒီမှာတော့ ဆီချက်ဖြစ်တဲ့ အတွက် ကြက်သွန်ဖြူဆီချက်ကို နည်းနည်းပိုထည့်ပါမယ်။ ပြီးတော့ ခေါက်ဆွဲလေးတွေကို တူနဲ့ လုံးလိုက်ပါ။ ပုံ ၁ အတိုင်းပေါ့။ နောက်တော့ အဆင်သင့်ချက်ထားတဲ့ အမဲသားကို အပေါ်က ဆမ်းလိုက်ရင် အမဲသားဆီချက်ခေါက်ဆွဲတပွဲရပါပြီနော်။ တွဲဘက်စားဖို့ ရာက အိမ်မှာလုပ်တဲ့ ကမ်ချီလေးဖြစ်ပါတယ်။ လုပ်နည်းက ဒီမှာပါ။ တနေ့က လုပ်ထားတာ ပထမဆုံးအနေနဲ့ပေါ့ စားလို့ဖြစ်ပါတယ်။ အမဲသားချက်နည်းလဲ အရင်တခါ တင်ဖူးပါတယ်နော်။ ဒီမှာ ကြည့်ပါ။ အသားကိုတော့ ခေါက်ဆွဲ နဲ့စားဖို့ ရည်ရွယ်တဲ့ အတွက် အတုံးသေးသေးလေးတွေ လုပ်ထားတာပါ။

ကဲ မပြောမရှိနဲ့ ဒီတပတ် ဝိကန်း ကျရင် လုပ်စားကြည့်လိုက်နော်။

A Chen
6:48 PM
1st Feb 2012
Wednesday
Home
Bangkok

တီချမ်း ဖက်ထုပ်ပြုတ်

ဒီရက်ပိုင်းမှာ တကယ့်ကိုပဲ လွယ်လွယ်ချက် ဆူဆူစားတွေ လုပ်နေမိပါတယ်။ အမဲသားဆီပျံ တအိုးချက်ပြီး ၃ ရက်လောက်စားတာမျိုး၊ အလွယ်တကူ ပလာချောင်ကြော် ဆတ်သားမွကြော်တွေနဲ့ ထမင်းပူပူ စားလိုက်တာမျိုး ဒီလိုပဲ ပြီးနေတာ များပါတယ်။ အရင်တပတ်က ရုံးပြန်တက်ရတယ်။ မြန်မာပြည်ကလဲပြန်ရောက်တာ မကြာသေးတော့ အရှိန်ကမသေသေးပါဘူး။ ထားတော့။

ကဲဒီတခါလဲ လွယ်လွယ်ချက်တာ စားကြရအောင် ဖက်ထုပ်ပြုတ်လေး လုပ်ပေးလိုက်ပါတယ်။

ပထမဆုံး အပေါ်က ပုံမှာ ပြထားသလိုပဲ ဖက်ထုပ်ထုပ်ရပါမယ်။

ပထမဆုံး အသားတောက်တောက်စင်း ကို လိုချင်သလောက် ဆား အချိုမှုန့် ကော်မှုန့် တို့နဲ့ နယ်ပေးပါ။ နယ်ပြီးသားတွေကို ပုံ ၂ က အတိုင်း ဗူးလေးနဲ့ ထည့်ထားပါ။ ပိုနေရင် ပြန်သိမ်းရလွယ်အောင်ဖြစ်ပါတယ်။ နောက် ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ရေခွက် လေးနဲ့ တူလေး တချောင်းဆိုရင် ဖက်ထုပ်စထုပ်လို့ ရပါပြီ။ အမှန်က ရေခွက်အစား ကြက်ဥ အကာ ဆိုရင် ပိုကောင်းပါတယ်။ အသားနယ်တဲ့ အထဲမှာလဲ ကြက်ဥ တလုံးလောက်ထည့်နယ်ရင် ပိုစားကောင်းပါတယ်။ အသားက ပိုနူးညံ့တာပေါ့။ အိမ်သားက ကြက်ဥ မစားတော့ မထည့်ရပါဘူး။

ဖက်ထုပ်အသားအတွက်ကတော့ အလွယ်လုပ်ပြီးသားကို ဈေးမှာ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဟိုးတီတို့ အမေတွေ ခေတ်ကလို အိမ်မှာ ကိုယ်တိုင်လုပ် စရာမလိုတော့ပါဘူး။ တီကတော့ အခု ပုံမှာ ပြထားတဲ့ မြင်းဖြူ တံဆိပ်ကို ဝယ်ပါတယ်။ မေးလိုက်ရင် ရပါတယ်။ ဖက်ထုပ် ပြုတ်မယ့်ဟာလို့ပြောပါ ကြော်မယ်ဟာ နဲ့ ပြုတ်မယ့်ဟာချင်း ဖက်ထုပ်ရဲ့ အသားမတူပါဘူး။ အဲ့တော့ မသေချာရင် မေးဝယ်ပါ။ ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်းထုပ်ပါ။ တီကတော့ ထုပ်ပြီး လှလှလေး ဖြန့်ထားပါတယ်။ ခဏလှပ်ထားတာပါ။ နောက် တော့ ပိုတာ ကို ဗူးထဲ ထည့်သိမ်းပေါ့။ နောင်နေ့ စားရင် ထပ်ထုပ်စရာမလိုတော့ဘူးလေနော်။

ဖက်ထုပ်ထုပ်ပြီးရင် ပြုတ်ပါမယ်။ ရေတအိုးအရင်ဆူအောင်တည်လိုက်ပါ။ ပြီးရင် စားချင်သလောက် ပြုတ်ပါ။ တီကတော့ တပွဲအတွက် ကို ဖက်ထုပ် ၁၀ ခု ပြုတ်ပါတယ်။ အိုးထဲက ရေဆူလာရင် ဖက်ထုပ်တွေထည့်ပါ။ ပြီးတော့ ခဏ ပေးဆူလိုက်ပါ။ ဖက်ထုပ်တွေ ထည့်ထည့်ချင်း ရေက အေးသွားပါမယ်။ ဖက်ထုပ်တွေကလဲ အောက်ကို ကျသွားပါမယ်။ ခဏနေလို့ ကျက်လာရင် သူတို့တွေက မုန့်လုံးရေပေါ် လိုပဲ ပေါ်လာပါမယ်။ ခဏ ထပ်ပေးဆူလိုက်ပါ။ တီက ဖက်ထုပ်ထဲ ကို အသားများများထည့်ထားလို့ နည်းနည်း ကြာကြာလေး ပြုတ်ပါမယ်။ မဟုတ်ရင် အထဲက အသားမကျက်မှာ စိုးလို့ပါ။ ကပ်စေးနည်းပြီး အသားကို ဆိုင်မှာလို နည်းနည်းလေးပဲ ထည့်မယ်ဆိုရင်တော့ ရေပေါ် ပေါ်လာတာနဲ့ ရပါပြီ။ ပြီးရင် စားမယ့် ပန်းကန်ထဲ ဖက်ထုပ်တွေကို ရေစစ်ပြီးထည့်ပါ။ ပုံကိုကြည့်ပါ။ အသားတွေက ဟင်းရည် ကြည်ထဲက အသားကို အချောင်းလေးတွေ ဖြစ်အောင်လှီးထားတာပါ။ အိုကေ အောက်မှာ ဟင်းရည်ကြည်ကိုကြည့်ရအောင်….

ရေကို ကြိုက်သလောက် အိုးနဲ့ ထည့်တည်ပါ။ အရသာ လေးလေးလိုချင်ရင် ရေနည်းနည်းနဲ့အသားများများ သို့ နံရိုး၊ သို့ အရိုးကြမ်း စတာတွေနဲ့လဲ ဟင်းရည်ကို ချိုအောင် လုပ်လို့ရပါတယ်။ တည်ပုံတည်နည်းကတော့ ပြောလွန်းလို့ ဖန်တရာတေ ဆိုသလိုပါပဲ။ ပထမဆုံး ကြိုက်သလောက် အသား အရိုးကို ရေစင်စင်ဆေးပြီးတော့ တည်မယ့်အိုးထဲထည့်ပါ။ တီကတော့ ပုံမှာ ပြထားသလောက် ရေကို ပုံမှာ ပြထားသလောက် အသားတုံးနဲ့ ဆို အိုကေပါတယ်။ ပထမဆုံး မီးပြင်းနဲ့ ရေဆူတဲ့အထိတည်ပါ။ အိုးအဖုံးကို တည်နေတဲ့ တချိန်လုံးဖွင့်ထားပါ။ ပထမဆုံးရေ တဖြည်းဖြည်းပူလာရင် အသား ထဲကသွေးတွေကြောင့်ရေတွေက နည်းနည်းနောက်လာပါမယ်။ ကိစ္စ မရှိပါဘူး။ မပူပါနဲ့။ ပြီးရင် ရေဆူလာပြီဆိုတာနဲ့ မီးကို အေးပစ်လိုက်ပါ။ မီးသေးလေးနဲ့ ဆက်တည်ပါ။ ဟင်းရည်က တဖြည်းဖြည်း ကြည်လာပါမယ်။ တည်နေတဲ့တလျောက်မှာ အနှစ်ဖြူဖြူ တွေပုံ ၁ မှာ ပြထားတဲ့ အတိုင်းတွေ့ရင် ဇွန်းလေးနဲ့ တဖြည်းဖြည်းချင်း ခပ်ထုတ်ပါ။ နောက်ဆုံးမှာ ပုံ ၃ မှာ ပြထားတဲ့ အတိုင်း တီချမ်း တို့ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ မဟာဟင်းရည်ကြည် ကိုရပါမယ်။

ဟင်းရည်ကြည်လဲ ရပြီ ဖက်ထုပ်လဲ ပြုတ်ပြီးပြီဆိုရင်တော့ ခုနက ဖက်ထုပ်ကို စစ်ပြီးထည့်ထားတဲ့ ပန်းကန်ထဲကို ဆား အချိုမှုန့် လိုသလောက်ထည့်ပါ။ ခုနက ဟင်းရည်ကြည်ထဲက အသားကို အချောင်းလေးတွေလှီးပါ။ ပြီးရင် ဟိုတနေ့က ကြက်သွန်ဖြူနဲ့ ငရုတ်သီး ဆီချက်တွေထည့်ဖို့လဲ မမေ့ပါနဲ့နော်။ ပြီးရင် နံနံပင်ထည့်၊ အချဉ် ညှစ်ပြီးရင် ဟင်းရည်ကြည်လေး လောင်းထည့်လိုက်တော့ လွယ်လွယ်ကူကူ စားစရာ တီချမ်းချက်တဲ့ ဖက်ထုပ်ပါ ဆိုသလို ဖက်ထုပ်ပြုတ် ကောင်းကောင်း အရသာရှိရှိလေးတပွဲ ရတာပေါ့နော်။

အောက်ကဟာတွေကတော့ ဖက်ထုပ်နဲ့ မတင်းတိမ်နိုင်တဲ့ တီချမ်း မဟာဗိုက်အတွက် ထပ်မံဖြည့်တင်းရတဲ့ သံပရာသီးနဲ့ပျားရည် နဲ့ဖျော်တာရယ် ငါးရံ့ဖုတ်ဆီဆမ်းနဲ့ ရေနွေးကြမ်းရယ်ပါ။ အချိုပွဲပေါ့။ မြည်းကြပါအုံး။


ဘောနပ်စ်။ ပဟေဠိ….

နောက်က ၃၂ လက်မ တီဗီမှာ ပြနေတာ ဘာကားလဲ? ဖြေနိုင်တဲ့သူ ကို ငါးရံ့ခြောက်တဗူးလုံးပေးမယ်။

နောက် တီ ဒီပိုစ့်ထဲမှာ အလွဲလေးတုခုရှိတယ်။ ဘယ်သူမျက်စိလျင်လဲ ကြည့်ရအောင်နော်။

A Chen
2:09Am
Monday
16th Jan 2012
Home
Bangkok

ညှပ်ခေါက်ဆွဲ အရည်ကြည်

ညှပ်ခေါက်ဆွဲ အရည်ကြည်

နှစ်သစ်လဲကူးပြီ…….တီချမ်းကြီးလဲ အသက် ၃၀ ကျော်ပြီ လခစားလုပ်နေတာလဲ ၁၀ နှစ်ကျော်ပြီ။ တကယ်ပြောတာပါ တခါတခါ အရင်က ဖရီးလန့်စ် တိုးဂိုက်တ် လုပ်ခဲ့တဲ့ ဘဝ ကိုတကယ်လွမ်းတယ်။ ကိုယ့်ကိုကိုယ်လဲ သိပါတယ် ကိုယ်ဟာ office material မဟုတ်ဘူး။ ဘယ်တုံးကမှ မဟုတ်ခဲ့ဘူး ဆိုတာ။ ထားပါတော့။

အခုတော့ အသက်လဲ ၃၀ ကျော်ပြီ။ ၂၀၁၂ လဲ ရောက်ပြီဆိုတော့ ပြောင်းလဲပြုပြင်ရေးတွေ လုပ်ရတော့မယ်။
ပထမဆုံး အလုပ်ရမှာကတော့ လခစားဘဝက လွတ်အောင် အလုပ်ကထွက်ရမှာပဲ…….ပြီးရင် ဈေးရောင်းမယ်။ တကယ်ပြောတာ မယုံမရှိနဲ့။

အဲ့တော့ အခုကတည်းက ဟင်းချက်နည်း အသစ်တွေ တမျိုးပြီး တမျိုး တီထွင်ဆန်းသစ်ရတော့မယ်။ ကဲ လာပြီ….

ပထမဆုံးအနေနဲ့တော့ နှစ်သစ်မှာ လွယ်လွယ်လေးပဲ အရင်စချက်မယ်။

အိမ်မှာ တီ့အမေ အမြဲလိုလိုချက်ကျွေးတဲ့ တီတို့တွေလဲ ကြိုက်၊ ချက်ရတာလဲ လွယ်ကူတဲ့ အရည်ကြည်ခေါက်ဆွဲပါ။ ပထမဆုံးလုပ်ထားရမှာကတော့ တီချမ်းတို့ မိဘ ဘိုးဘွားစဉ်ဆက်က လက်ဆင့်ကမ်းလာတဲ့ မဟာဟင်းရည် ကို ကြည်အောင်တည်ထားရမှာပါပဲ။ မဟုတ်ရင် အရည်ကြည်ခေါက်ဆွဲလို့ဘယ်ခေါ်မလဲနော်…..နည်းကတော့ ဒီမှာ ကြည့်ပါ။ အသား .၂၅ ကီလို လောက်၊ အစိတ်သားလောက် ဒါမှ မဟုတ်လဲ မှန်းပြီးတော့ပေါ့ လိုချင်တဲ့ ရေလောက်နဲ့ အိုးထဲမှာ ထည့်ပြီးတည်ပါ။ တီကတော့ ကြည့်ထည့်လိုက်တာပဲ။ နောက်ပြီးတော့ နံရိုး အရိုးကြမ်းတွေနဲ့လဲ ဟင်းရည် ကို ပိုချိုအောင် လုပ်လို့ရပါတယ်။ တည်တာကတော့ အဖုံးလေး ဖွင့်ပြီး မီးအေးလေးနဲ့ တည်ပါ။ တည်နေတုံးမှာ ဆား အချိုမှုန့် မထည့်ပါနဲ့။ ထည့်ချင်ရင် ဆားနည်းနည်းထည့်ပါ။ အချိုမှုန့်တော့ မထည့်ပါနဲ့။ အချိုမှုန့် က ကြာကြာတည်ရင် ဓါတ်ပျက်တတ်လို့ပါ။ ဆားကတော့ အိုးထဲ ထည့်တည်ရင် အိုးပေါက်တတ်ပါတယ်။ အဲ့တာကြောင့် တီကတော့ ဆားရော အချိုမှုန့် ရော မထည့်ပြီး တည်ပါတယ်။ စားခါနီးတော့မှ ပန်းကန်ထဲ စိတ်ကြိုက် အရသာရအောင် ထည့်ပြီးစားပါတယ်။ ဟင်းရည်တည် ပြီးရင်တော့ အိုးထဲက အသားကို ဆယ် အအေးခံ ပြီးတော့ ပါးပါးလေးတွေသို့ အချောင်းချောင်းလေးတွေ ကိုယ့် စိတ်ကြိုက်လှီးထားပါ။ ပုံကိုကြည့်ပါ။ ပြီးတော့ သံပရာသီး နဲ့ နံနံပင်လဲ လှီးထားပါ။

ဟင်းရည်ကို ကြည်အောင်တည်ထားပေးပြီးပြီဆိုရင် နောက်ထပ်ပြင်ဆင်ရမယ့် ဟာလေးတွေ လုပ်ထားဖို့ ပါပဲ။ အဲ့တာကတော့ ကြက်သွန်ဖြူ ဆီချက်ပါ။ ကြက်သွန်ဖြူလေးတွေ ကို ပါးပါးမလှီးဘဲနဲ့ကြိတ်စက်နဲ့ ကြိတ်ထားပါ။ ပါးပါးလှီးပြီးချက်တဲ့ ဆီချက်က မြန်မာ အသုပ်အတွက်ပါ။ ဟုတ်ကဲ့ တီချမ်း က အဲ့လိုအသေးစိတ်ပြီး ဇီဇာ ကြောင်ပါတယ်။ ကြက်သွန်ဖြူ ကို ကြိတ်ပြီးရင် အိုးထဲ ဆီထည့် မီးအေးလေးနဲ့ ချက်ပါ။ တူးမသွားအောင် ဂရုစိုက်ပေးနော်။ နောက် နနွင်းမှုန့် နည်းနည်းထည့်ဖို့လဲ မမေ့နဲ့အုံး။ ပြီးတော့ ကြက်သွန်ဖြူတွေ ဝါလာလို့ ဆီချက် က ရပြီဆိုရင် အိုးထဲကနေ ပန်းကန်ထဲ ကို တန်းလောင်းထည့်ပြီး အအေးခံဖို့ မမေ့ပါနဲ့။ အိုးထဲမှာ ဆက်ထားရင် အိုးအပူရှိန်နဲ့ မီးကျွမ်းတတ်ပါတယ်။ ကြက်သွန်ဖြူ ကျွမ်းကျွမ်းကြီးတွေဆိုရင် စားမကောင်းဘူးလေနော်။

ကြက်သွန်ဖြူဆီချက်ရပြီဆိုရင်တော့ နောက်တခု လုပ်ရမှာက ငရုတ်သီးဆီချက်ပါ။ ငရုတ်သီး အကြမ်းမှုန့် တီကတော့ အမေ ကိုယ်တိုင်ကြိတ်တာကို သုံးပါတယ်။ အပြင်မှာ ဝယ်ရင်တော့ ဆားတွေ ရောတာ ဘာသာတွေရောတာ မကြိုက်လို့ပါ။ နောက်တခု အလေးချိန်ပိုအောင် ငရုတ်သီး ကို အညှာတွေပါ ထည့်ကြိတ်တာကိုလဲ သိပ်မုန်းပါတယ်။ ငရုတ်သီးဆီချက် ကိုချက်တာကလဲ ပညာသိပ်ပါတယ်နော်။ ပထမဆုံး ဆီအရင်ထည့်ပါ။ ပြီးတာနဲ့ ငရုတ်သီး တန်းထည့်ပါ။ အိုးကို နောက်မှ တဖြည်းဖြည်းပူလာပါစေ။ တချိန်ထဲမှာ အဆက်မပြတ်မွှေပေးနေပါ။ နောက် ငရုတ်သီးဆီချက်ချက်တဲ့ တီတို့ လျှို့ဝှက်ချက်တခု ပြောပြအုံးမယ်။ ကြက်သွန်ဖြူ ကြိတ်ထားတာကို နည်းနည်းထည့်လိုက်ပါ။ မွှေးအောင်ပေါ့။ နောက်တော့ ဝှားကျောင်း လို့ ခေါ်တဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင် (တီမြန်မာလိုမခေါ်တတ်) တခုကိုထည့်ပါသေးတယ်။ အဲ့တာက စားလိုက်ရင် ပါးစပ်ထဲမှာ “ထုံတုံတုံ” ဖြစ်လာစေတဲ့ အရာပါ။ မာလာဟင်းထဲမှာ ထည့်တဲ့ဟာပေါ့။ တလက်စတည်း “မာလာ” ဆိုတဲ့ အခေါ်အဝေါ်ကိုလဲ ရှင်းပြချင်ပါသေးတယ်။ “မာလာဟင်း” ဆိုတာယူနန်အစားအစာ အရွက်သုပ်တမျိုးပါ။ အဲ့လိုပဲ “မာလာငါး” “မာလာကြက်ချဉ်စပ်” စတာတွေရှိပါသေးတယ်။ “မာ” တယ်ဆိုတာ တရုတ်လို ခေါ်တာပါ။ ခုနက တီရှင်းပြတဲ့ ပါးစပ်ထဲမှာ ထုံတုံတုံ ဖြစ်တာကိုခေါ်တာပါ။ “လာ” ဆိုတာကတော့ “လာ့” ဆိုတဲ့ ယူနန်အခေါ် “စပ်” တာကို ပြောတာပါ။ အဲ့တော့ ပါးစပ်ထဲမှာ စပ်ပြီးတော့ ထုံတုံတုံ ဖြစ်စေတဲ့ဟင်းဟာ မာလာ ဟင်းပေါ့နော်။
အိုကေ ပြောရင်းနဲ့ တီချမ်း ပုံစံအတိုင်းဘေးရောက်ပြန်ပြီ။ ငရုတ်သီး ဆီချက်ကို ချက်ထားပြီးရင်လဲ ခုန အတိုင်း အိုးပူထဲမှာ ထားရင် ကျွမ်းတတ်တဲ့အတွက် ကျက်ပြီဆိုတာနဲ့ ပန်းကန်ထဲ ထည့်ပါ။ အအေးခံပါ။ နောက်ထပ်တွဲစားရမယ့် အရာကတော့ အချဉ်ပါ။ ချဉ်ဖတ်တည်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်။

ခုနက ပြောတဲ့ ပြင်ဆင်ရမယ့်ဟာတွေအကုန်ပြင်ဆင်ပြီးပြီဆိုရင်တော့ ပွဲပြင်လို့ရပါပြီနော်။ တီကတော့ တီ့အကြိုက် ဆန်ပြားလို့ အလယ်ပိုင်းမှာခေါ်တဲ့ ညှပ်ခေါက်ဆွဲနဲ့ပြင်ပါမယ်။ ဆန်ဖွယ် (ပါးပါးစီး) နဲ့ ပြင်လို့လဲရသလို ဂျုံ ခေါက်ဆွဲ နဲ့ လဲ ပြင်လို့ရပါတယ်။ ကိုယ်ကြိုက်သလိုပေါ့နော်။ ညှပ်ခေါက်ဆွဲကို ရေနွေးထဲမှာ ခဏဖျော်ပေးပါ။ သူ့မှာ ကပ်ပါလာမယ့် ဆီတွေရယ်၊ ကိုင်ပြီး ချိန်ပေးလိုက်တဲ့ ဈေးသည်လက်က အညစ်အကြေးတွေရယ် ဘက်တီရီးယားတွေရယ် ကို ပျောက်စေချင်လို့ပါ။ ရေနွေးဖျော်လိုက်ရင် ညှပ်ခေါက်ဆွဲမှာ ပါလာတတ်တဲ့ အနံ့လဲ မရှိတော့ ပိုစားကောင်းပါတယ်။ မုန့်ဟင်းခါးကို ညှပ်နဲ့စားဖူးရင် သိပါလိမ့်မယ်။ မုန့်ဟင်းခါးဆိုင်တွေမှာက ဒီအတိုင်းထည့်တော့ အနံ့တမျိုးရှိတယ်လေ။ ထားပါ။ ညှပ်ခေါက်ဆွဲကို ရေနွေးဖျော်ပြီးတော့ ပန်းကန်ထဲထည့်။ ဆား အချိုမှုန့် နည်းနည်းစီထည့်။ ပဲ ငံပြာရည် အကြည်ကို အရောင်လှအောင်ထည့်။ ကြက်သွန်ဖြူ ဆီချက် ကော ငရုတ်သီးဆီချက် ကော နည်းနည်းစီထည့်။ အစပ်ကြောက်ရင် လျော့ထည့်။ လှီးထားတဲ့ အသားဖတ်လေးတွေ ထည့်။ နံနံပင် နည်းနည်းထည့်။ အဲ့တာဆိုရင် ဘေးပုံက အတိုင်းရပါပြီ။

ပြီးရင်တော့ ဟင်းရည်ကြည်ကြည်လေးတွေကို ပန်းကန်ထဲခပ်ထည့်လိုက်ပြီးတော့ အချဉ် ညစ်လိုက်ရင် စားကောင်းတဲ့ လုပ်ရလွယ်တဲ့ အဆင်ပြေတဲ့ အချိန်ကုန်သက်သာတဲ့ ညှပ်ခေါက်ဆွဲအရည်ကြည်တပွဲရပါပြီ။ ပုံတွင်ရှု။

ဒီခေါက်ဆွဲ ရဲ့အားသာချက်တခုက ဘာလဲဆိုတော့ တခါပြင်ထားပြီးရင် အလွယ်တကူ နောက်နေ့တွေလဲ ထပ်လုပ်စားနိုင်တာပါပဲ။ မနက်စာအဖြစ်အဆင်ပြေတယ်။ လုပ်ရတာလဲမြန်တယ်။ အရသာလဲကောင်းတယ် ဆိုတော့ ကိုယ်တို့လို ဟင်းတွေကို တခုတ်တရ ချက်ဖို့ အချိန်ရှားပါးတဲ့ ဘီးဇီးနက်စ် ဝိုးမန်းတွေအတွက်တော့ ပါဖက်ပေါ့နော်။ ကဲ……

တလက်စတည်း ချက်ထားခဲ့ဖူးတဲ့ ခေါက်ဆွဲတွေအကုန်ပြန်တင်ပေးလိုက်မယ်နော်။

ကော်ရည်ခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ
ကျိုင်းတုံခေါက်ဆွဲ

A Chen
8:01 PM
Wednesday
11th Jan 2012
Home
Bangkok

မနံတာ အတွက် ကော်ရည်ခေါက်ဆွဲ

အမေရိက ရောက် အမတယောက် က တကူးတက တောင်းဆိုလာပါတယ်။ ကော်ရည်ခေါက်ဆွဲချက်နည်းလေး တင်ပါအုံးတဲ့။ အရင်တခေါက် ၂ လ ပိုင်း မြန်မာပြည်ပြန်တုံးက ချက်နည်းကို အမ ဆီမှာ မေးခဲ့လို့ တင်ဖို့ အသင့် ပုံတွေ ရှိပါတယ်။ ထုံးစံအတိုင်း အလုပ်တွေက မအား၊ အလုပ်က အားပြန်တော့လဲ ခရီးကများ၊ အကြွေးတွေက တင်၊ ခရီးက ပြန်လာရင် ခရီးအကြောင်းကလဲ ရေးချင်၊ ကြားဖြတ်ပိုစ့်လေးတွေပေါ့။ နောက် ခုတလော ကင်မလာ အသစ်ဝယ်တော့ ကြွားချင်စိတ်ကလဲများ၊ အို တယောက်တည်းနဲ့ ကို ၇၅ မျိုးလောက် ရှုပ်နေတာပါ။ တကယ်ပါ။ ခုထိ ဘူဆန်ကလဲ ဒုတိယနေ့ ကကို မတက်သေးဘူး။ တခါ ကြားထဲမှာ ဒေါ်သလင်းနဲ့ သွားထားတဲ့ ခေါက်ရိုက် နား က စဗျစ်ခြံတွေအကြောင်းနဲ့ ဘန်ကောက်နား (၃ နာ၇ီအကွာလောက်က အီတလီ မြို့လေးအကြောင်း) လဲရေးချင်သေးတယ်။ ရေးရမယ့် အကြွေးတွေ များနေပြီ။ တခါ သောကြာ ၃၀ စက်တင်ဘာ ကျရင် ရန်ကုန် ကို တပတ်လစ်ပါအုံးမယ် ဆိုတော့ ကျန်ပြန်ပြီပေါ့။

အဲ့လိုနဲ့ ပဲ ဆင်ခြေဆင်လက်တွေများနေတာ ဘလောခ် လေးကိုလဲ ပြစ်ထားတာကြာပေါ့။ ကြားထဲမှာတော့ ဖော်ဝပ်မေးတွေထဲက ရသမျှ ဧရာဝတီ နဲ့ ဆိုင်တာလေးတွေ ကို တင်ပါတယ်။ ဆားချက်တာပဲပြောပြော ဒေါက်ကယူမန့် လုပ်တယ်ပဲ ဆိုဆို တစုတစည်းထဲ ဘတ်ရအောင်ပေါ့။ ထားပါတော့ အဲ့လို တကယ့် တကယ် ကိုယ်စာစရေးတဲ့ ရည်ရွယ်ချက် ကိုယ်ရေးချင်တာတွေ ရေးမယ်ဆိုတာလဲ ရေးရင်နဲ့ လျောက် လျောက်ရင်းနဲ့ ပျောက်ဆိုသလိုဖြစ်နေတာ ကြာပေါ့။ ခုတော့ မဖြစ်ချေဘူး ပြန်လုပ်အုံးမှ ဆိုပြီး လက်ပြန်သွေးရတာပါပဲ။ နောက်နေ့ ဘာဖြစ်မယ် မှမသိတာနော်။ အာရုံက လာချင်မှ လာမှာလေ။ လာတုံးလေး လုပ်ထားမှ။

ကဲ ပြောနေကြာတယ်၊ မပြောရင်မကြာဘူး……..လာလေ့ ကော်ရည်ခေါက်ဆွဲ….ပြောရင်တော့ သိပ်လွယ်တာ လွယ်လွန်းလို့ ရေးတောင်မရေးချင်ဘူး ဖုန်းနဲ့ပဲ ပြောပြလိုက်ချင်တာ။ အဲ့တော့ လိုတိုရှင်းပဲ ရေးမယ် ကြည့်ကျက်ဘတ် ပြီး အဆင်ပြေသလိုချက်…

ဘေ့စစ် အစာပလာကတော့ ကြာဇံချက်နဲ့ တောင်ဆင်ချင်ပါတယ်။ တခါတည်း ကြားညှပ်ကျော်ညာလိုက်မယ် ကြာဇံချက် ချက်နည်း သိချင်ရင် ဒီမှာ သွားကြည့်။ အဓိက ပါရမယ့် အစာပလာတွေကတော့ ပုံကိုကြည့်ပါ။

ပဲပင်ပေါက် ရွေးပြီးသား ရှာဝယ်ပါ မဟုတ်ရင် ဘာဖြစ်လဲဘာမှမဖြစ်ပါဘူး ရွေးရတာ အလုပ်ရှုပ်တာပေါ့အေ။ သံပရာသီး၊ ကြက်သွန်မိတ်၊ မွှေးပဲမှုန့် အကျက်၊ ကျားမင်း မဆလာ၊ ခနော် ဝက်မှုန့်၊ ကြက်သွန်ဖြူ။

နောက်အရေးကြီး ပစ္စည်းတခုကတော့ ကန်စွန်းရွက် (သူတို့ ဘာသာ သူတို့ ဆည်ဆောက်ဆောက် မဆောက်ဆောက် ကန်စွန်းကတော့ စိန ကန်စွန်း ကမှ ပိုကောင်းတယ်။ ရိုးတံ တုတ်လေကောင်းလေပဲ။ ပြီးရင် အနေတော်လေးတွေ သင်ထားပါ။ ဘယ်လိုလုပ်ရမလဲ မသိရင် ပုံကြည့်။ ဦးကြီးပု လို အဖြူ အမဲ စာအုပ်ထုတ်တာမဟုတ်ဘူးနော် ဒေါ်ချမ်း က ကာလာနဲ့ စိုနေတာ။ ဟွန်း…

မှိုမွှေးခြောက် ကိုရေနွေးစိမ်ထားပါ။ ပွတက်လာအောင်။

ကြက်သား ကို ပြုတ်။ အသားတွေ ပြန်ဆယ် နွင် ပြီးတော့ အရိုး ကို အိုးထဲ ပြန်ထည့် ပိုချိုအောင်။ နွင်ပြီးသား အသား ကို နှစ်ပုံ ပုံ ကြီး တပုံ သေးတပုံ။ ဘာလို့ လဲ မမေးနဲ့ နောက်ပိုင်းမှာပါလာမယ် ဆက်ဘတ်။

ကြက်သွန်ဖြူလေးတွေကို တော်ရုံ ထောင်း ပြီးတော့ ဆီသတ်ပါ။ ကြက်သား ခုနက အကြီးပုံ ကို ထည့် ပြီးတော့ ပဲငံပြာရည်အကြည်လေးထည့် ပြီး ဆား အချိုမှုန့် နည်းနည်း ထည့် ပြီး ဆီသတ်ပါ။ အမှန်ကတော့ ဆီနဲ့ လှိမ့်တာပေါ့။ ဒီနေရာမှာ ကြိုက်တတ်ရင် ငရုတ်ကောင်းမှုန့်လေးလဲ ထည့်ပါအုံးမွှေးတာပေါ့။ တချို့ ကိုကိုပို မမပိုတွေက အချိုမှုန့် မသုံးချင်ဘူး ဘာညာ ရှိပါတယ်။ ခုန က ပြထားတဲ့ ခနော် ကြက်မှုန့် ဝက်မှုန့် ကို အစားထိုးထည့် တီကတော့ ချိုအောင် အကုန်ထည့်တယ်။ အရိုး ပျော့ပျော့ ပွပွ ဖောင်းဖောင်း အချိုမှုန့် ကိုတော့ အာဂျီနိုမိုတို ကတည်းက အားပေးလာတာ ခုထိ သိပ် သစ္စာရှိတယ်။

ကြက်ဥ ခေါက်ပြီး မွှေလိုက်ပါ။ တလုံး နှစ်လုံး တော်သလိုပေါ့။ ကော်မှုန့်ကိုလဲ ရေအေးလေးနဲ့ ဖျော်ထား ၉ ရေနွေးမသုံးပါနဲ့ ပြီးမှ ကပ်သွားရင် ဘာကြီးလဲ မမေးနဲ့ တီလဲ မဖြေတတ်ဘူး။ အင်စထရပ်ရှင် ကိုသေချာဘတ်ပါ။ ၏ သည်မရွေး လိုက်ချက်ပါ။

မှတ်ချက်။ ။မန်းတလေး မြီးရှည်ဆိုရင်တော့ အပူနဲ့ ဖျော်တယ် အဲ့တာ နောက်တခေါက်မှ ချက်ကျွေးမယ်။

ပြီးရင် ခုန က တည်ထားတဲ့ ကြက်ပြုတ်ရည် ကို အရိုးဆယ်ပါ။ အရိုးတွေ ကုန်ရင် ပဲငံပြာရည် အနောက် နည်းနည်းထည်ပါ။ နည်းနည်းနော် မများစေနဲ့ မဲသွားမယ်။ ပြီးတော့ ခုန က ကော်ရည်ဖျော်ထားတာကိုထည့်။ အပြစ်အကျဲ ကိုကြိုက်သလို ချိန်ထည့် ကျဲ ရင် ရေရော (လျှို့ဝှက်ချက်တခုပြောပြမယ် အစကတည်းက ကြက်ပြုတ်ရည် ကို နည်းနည်းဖယ်ထား အရမ်းပြစ်သွားလို့ လိုရင် ရောရအောင်။ ကော်မှုန့် ကို တခါတည်း အကုန်မထည့်နဲ့ အပြစ်အကျဲ ချိန်ပြီး ဖြေးဖြေးလောင်းထည့် မွှေရင် အရေးကြီးတယ် တဘက်တည်းကိုပဲ တသမတ်မွှေပါ မွှေနေတုံးမှာ ခုန က ခလောက်ထားတဲ့ ကြက်ဥ ကိုထည့် အမျှင်မျှင်လေးတွေ ဖြစ်လာမယ်) အပြစ်အကျဲ လိုသလောက် အနေတော်ရပြီဆိုမှ ငရုတ်ကောင်းလေးဘာလေးထည့်။ ရေလည်ထည့်ပြစ်။ ပြီးရင် ဆား အချိုမှုန့် ကြက်မှုန့်ဝက်မှုန့် ထည့်။ ချိုပေါ့ငံ မြည်း။ အိုကေရင် ဆက်မယ်…

မှိုခြောက် (ကြာဇံချက်ထဲထည့်တဲ့ဟာလိုမျိုး ကြွက်နားရွက်ခေါ်တယ်) ရေစိမ်ထား။ ပန်းခြောက် ရေစိမ်ထား။ ပြောသားပဲ ကြာဇံချက်နဲပ ဘေ့စစ် တူပါတယ်လို့။ နောက် ခုန ပထမပိုင်းတုံးက ရေနွေး စိမ်ထားလို့ ပွနေတဲ့ မှိုမွှေးခြောက် ကို ပါးပါးလှီး (ပုံအတိုင်း)။

ပြီးရင် မှိုခြောက် (ကြွက်နားရွက်) ပန်းခြောက် မှိုမွှေးခြောက် အစဉ်အတိုင်း ထည့်ပြီး ဆက်မွှေပေး။ အစဉ်အတိုင်းမထည့်လဲ ရတယ် တခုချင်းစီထည့်ထည့် ပြုံပြီးတော့ပဲ ထည့်ထည့် အိုးထဲ ရောက်ဖို့ သာ ပဓာန။ တီက ပုံလှလှလေး ရိုက်ရမှာ မို့ တခုချင်းစီထည့်တာ။ အိုကေနော်။

ပြီးရင် အချို အပေါ့အငံ အရသာမြည်း။ အိုကေပြီးဆိုရင် ဟင်းရည်ရပြီ။

အချဉ် လုပ်နည်းကတော့ လွယ်ပါတယ် မုန်လာဥ အဖြူ ကို ပါးပါးလှီး ပြီးတော့ အချောင်းလေးတွေ ဖြစ်အောင် ပြန် လှီးပေးထားပါ။ ပြီးတော့ အသင့်စား ဗူးနဲ့လာတဲ့ စိမ်းစား ငပိ အနည်းငယ် ကိုရေသန့် အနည်းငယ်နဲ့ ဖျော်ထားပေးပါ။ ပြီးတော့ ခုန က လှီးပြီး ရေစိမ်ထားတဲ့ မုန်လာဥ နဲ့ ရောနယ် ပြီး ငရုတ်သီး အကျက်မှုန့်လေး နည်းနည်းထည့်လိုက်ရင် ကော်ရည်ခေါက်ဆွဲနဲ့ သိပ်သိပ်လိုက်တဲ့ လျှာကျွမ်းပြန် ငပိထောင်း ရပါမယ်။ ဒါကတော့ အများစားလို့ လုပ်ရတာပါ တီ့ဘာသာ ဆို တီက ကော်ရည်ခေါက်ဆွဲ ကို ဒီအတိုင်းပဲ ကြိုက်ပါတယ်။ ငပိနဲ့ တွဲမစားတတ်ပါဘူး။

နောက်တမျိုးကတော့ ကြက်သွန်ချဉ်ပေါ့ ကြက်သွန်နီ ဥ ကြီး ကို ပါးပါးလှီးပြီးတော့ အချဉ်ရည် ချီတို လိုဟာမျိုးနဲ့ နယ်လိုက်တာပါပဲ။ အဲ့တာတော့ အအီပြေလေး ကြိုက်တယ်။

ပြီးရင် အကုန်ပြီးပြီဆိုတော့ ပွဲပြင်ကြမယ်။ ပဲပင်ပေါက် နဲ့ စိန ကန်စွန်း ကိုရေနွေးဖျော်ထားပါ။ ပြီးတော့ ကြွပ်ကြွပ်လေးဖြစ်စေချင်ရင် ရေအေးလေးနဲ့ ပြန်ဆေး ပြီးမှ ဆည်။ တီကတော့ ဗိုက်ထဲရောက်မယ့်ဟာတွေ အဲ့လောက် ဂျေးမများနေဘူး။ ကြက်သွန်မိတ် ပါးပါးလှီးထား။ ကြက်သား အပုံသေး ကို ပန်းကန်လေးနဲ့ ထည့်။ ခေါက်ဆွဲဘတ် ကို အလုံး အပြား ကြိုက်ရာ ဝယ်ပါ။ တီကတော့ အပြားပဲ ကြိုက်တယ်။ အလုံးဆိုကြော်မှ။

ပန်းကန်ထဲ ဟော့သလိုလေးထည့် သေချာလှအောင်ပြင် ခေါက်ဆွဲ ထည့်၊ ကန်စွန်းရွက် ပဲပင်ပေါက်ထည့် ကြက်သွန်မိတ်လေးဖြူး ပြီးတော့ ကြက်သားလေးတွေ တင် အိုကေပြီဆိုရင် ဟင်းရည်ပူပူလေး ကြိုက်သလောက် လောင်းပြီးတော့ လျှာဂျွန်းပြန် ငပိထောင်း ကြက်သွန်ချဉ်တွေ နဲ့ အုပ်လိုက်ရင် ….

A Chen
4:19 AM
29th Sept 2011
Thursday
Home
Bangkok

ဆန်(ညှပ်)ခေါက်ဆွဲကြော် နဲ့ ကညွတ်ကြော်

ခုတလောတော့ ဘာ ဆို ဘာမှ သေချာမချက်စားဖြစ်ဘူးဖြစ်နေပြန်တယ် အမေ ကလဲ တညလုံး မိုးလင်းပေါက် ရုပ်ရှင်ကြည့် နေ့ဘက်အိပ် ကိုယ်က အလုပ်သွား မောင်က အမေ နဲ့အပြိုင် အိပ် ဆိုတော့ ဘာမှ သေချာ မချက်ဖြစ်ကြဘူး ညနေစာပဲ စားကြတာကိုး ကိုယ်ကတော့ အစာလျော့စားနေတာပါတယ် ဖူးကက် အတွက်လေ ငှဲငှဲ လှနေမှ ဖြစ်မှာကိုးနော် ဘီကနီနဲ့ လေ ထားတော့ အဲ့တာ နဲ့ ခုတလော ဟင်းချက်တာ ဘာညာတောင် ပြန်မတင်ဖြစ်တာ ကြာသွားပြီ ပြောရအုံးမယ် တလောက ဟင်းချက်တာတွေ ခဏခဏ တင်တော့ လူက တနေ့ ကို ၅၀၀ ကျော်တောင် ဝင်တယ် ခုတော့ ပြန်အေးပြီး ၂၀၀ ပတ်ဝန်းကျင်ပဲ ပြန်ဖြစ်သွားပြီ….အိ……

လွယ်လွယ်ကူကူ ဆန်ပြား (ညှပ်) ခေါက်ဆွဲပဲ ကြော်စားဖြစ်ပါတယ် ညှပ် ကို အချောင်းလေးတွေပဲဖြစ်ဖြစ် အပြား အကွက်လေးတွေ ပဲဖြစ်ဖြစ် အဆင်ပြေရာ ဝယ်လိုက်ပါ ကို်ယ်ကတော့ ပါရာဂွမ်ကပဲ အလွယ် ဘူးသေးသေးလေးတွေ နဲ့ ဟာ ကို ဝယ်လိုက်တယ် ပထမဆုံး ကြော်မယ့် ဒယ်အိုးထဲ ဆီထည့် တကယ်လို့ အရွက်တွေ ဘာတွေထည့်ချင်ရင်လဲ ပဲပင်ပေါက် လိုဟာတွေ ကြက်သွန်မိတ်လို ဟာ ထည့်လို့ရတယ် တီကတော့ ယိုးဒယား လို ကြော်မှာ စားမှာ ဆိုတော့ ဘာမှ မထည့်ဘူး အရွက်က ပြီးမှအစိမ်းစားတာ ဆီထည့်ပြီး ဆီပူလာရင် ခေါက်ဆွဲဘတ်ထည့် ပဲငံပြာရည် အနောက် ထည့်ပြီး ကြော်ပါတယ် မွှေးလာရင် ရပါပြီ ပုံမှာ ကြည့်ပါ ပြီးရင်တော့ နယ်မယ့် ပန်းကန်ထဲထည့်ပါ တီကတော့ ဇလုံပဲ…(ပြုံး)

ပြီးရင် ချက်ထားတဲ့ ငရုတ်သီး ဆီချက်ထည့်ပါမယ် သကြားထည့်မယ် မြေပဲထောင်းထည့်မယ် နံနံပင်ထည့်မယ် ဆီချက် (ကြက်သွန်ဖြူ) ရှိရင်လဲ နည်းနည်းထည့်ပါ ကြိုက်တတ်သာသာထည့် ပြီးတော့ တီက ငရုတ်ဆီ ပုလင်းသေးသေးလေး ပီဇာ စားတဲ့ ဟာမျိုး နည်းနည်းထည့်သေးတယ် (ဒါကတော့ ရှည်တာပါ) ပြီးတော့ နံနံပင်ထည့် နောက် သံပရာသီးလေး ညှစ် ပြီး နယ်လိုက်ရင် စားလို့လဲကောင်း လုပ်ရတာလဲလွယ် အရသာလဲရှိတယ် ညှပ်ခေါက်ဆွဲကြော်ပေါ့နော်

ပြီးရင်တော့ တခါတည်း ခါတိုင်းဆို ဇလုံနဲ့ စားလိုက်တာပါပဲ ခုတော့ လျာရှည်ပြီး ဒီဘလောခ် ဆိုတာ လုပ်မိလို့ ပုံတွေ ရိုက်ရ တင်ရ လှအောင်ပြင်ရတွေ နဲ့ အလုပ်တွေ ရှုပ်နေပါတော့တယ် နောက် စားခါနီးကျရင်သာ ဆလပ်ရွက်ရှိရင် သိပ်ကောင်းပေါ့ တချို့ကလဲ ကြိုက်တတ်ရင် ကြက်သွန်မိတ် အချောင်းလိုက် ကိုက်ကြပါတယ် တီ့တော့ ဆလပ်ရွက်မရှိ ကြက်သွန်မိတ်လဲ မကြိုက်တော့ ရှိတဲ့ ဥနီပဲ လှီးပြီး အစိမ်းစားလိုက်တယ် အေးရော

ဒါကတော့ အိမ်မှာ အဆင်သင့်ရှိနေတဲ့ ဗူးမှို လေးနဲ့ ကညွတ်လေးတွေပါ အမြန်ကြော်လိုက်တော့လဲ စားရတာပေါ့နော် ဘာမှ ထည့်ပါဘူး ဆီပူရင် ကညွတ်ထည့် မှိုထည့် ဆား အချိုမှုန့် နည်းနည်းထည့် အရသာ ပိုချင်ရင် ခရုဆီထည့် ခဏ ရွှားရှဲ လုပ်လိုက်ရင် ရပါပြီ

သုံးဆောင်ကြပါနော်

ဒါတွေကတော့ အအီပြေ အသီးပါ သင်္ဘောသီး နဲ့ နာနတ်သီး ရယ် ဘေးကတော့ သစ်တိုသီးပါ ဒီမှာ က သစ်တိုသီး ကို အခွံ ခွာပြီး ငပိတွေ ဆားတွေငရုတ်သီးတွေ နဲ့ ဒီလိုလုပ်စားတယ် တီက မြန်မာ ပြည်မှာတုံးကဆို သစ်တိုသီး ကို မင်းဂွတ်သီး လိုပဲ အလည်က အမွှာလေးတွေပဲ စားဖူးတာ မှတ်မိသေးတယ် ငယ်ငယ်က ကုတ်ကိုင်း မှာ ရေသွားကူးရင် ခြံထဲ က အပင်ကို ဖိနပ်နဲ့ ပစ်ပြီးစားတာ တော်တော်ဆိုးတယ် ခိ…

မနေ့က ပိတ်ရက်လေ ဆိုတော့ အစက ဒီနေ့ ကိုပါ ခွင့်ယူလိုက်ရင် ဆက်တိုက်ပိတ်မှာပေါ ဒါပမေယ့် အင်တာဗျူး လုပ်ပေးမယ် ပြောလိုက်မိတော့ ရုံးလာနေရတယ် ကိစ္စတော့ မရှိပါဘူးလေ နော်က အပတ်ဆို ၁၃ လဲပိတ်မယ် ၁၆ ၁၇ လဲ ပိတ်မယ် ဆိုတော့ ၅ ရက်ဆက်တိုင် ပိတ်အုံးမှာ ပြီးတော့ ကိုယ်က ၁၈ ကနေ ၂၀ ထိ ခွင့် ယူမယ် ဆိုတော့ ငှဲငှဲငှဲ ကွန်ပလိမ့် မတက်တော့ဘဲ အမ်ပလွိုင်ယီး ကောင်းလေး ယောင်ဆောင်လိုက်မယ်

စကားမစပ် ဒီလ အစိုးရပိတ်ရက် ၅ ရက်တိတိရှိပါတယ် ၂ က (မေဒေး အစား) ၅၊ ၁၃၊ ၁၇၊ အစက အဲ့လို နောက်တော့ အစိုးရက ၁၆ ပါပိတ်လိုက်တာ ရှယ်ရှယ်ရှယ် ပဲ မနာလိုဖြစ်ကြစေသတည်း

A Chen
12:47 PM
Friday
6th May 2100
Bangkok

ကျိုင်းတုံ ရှမ်းခေါက်ဆွဲ

လာပြီ….လာပြီ….ဒေါ်ချမ်းတီ…..နောက်တခါပြန်လာပါပြီ ရှမ်းခေါက်ဆွဲ ကျိုင်းတုံ မုန့်တီ…..အရင်တခါ တင်ဖူးတဲ့ ရှမ်းခေါက်ဆွဲ နဲ့မတူပါဘူး ဘာလို့လဲဆိုတော့ အရင်တခါ ချက်တာ က အသားသပ်သပ် ဟင်းရည်သပ်သပ်ပါ သူက မြောက်ပိုင်းရှမ်း ပိုဆန်ပါတယ် အခုဟာက အရှေ့ ပိုင်းရှမ်း တီ့မွေးရပ်ဇာတိမြေ ကျိုင်းတုံ က ကျိုင်းတုံ မုန့်တီ တဖြစ်လဲ ရှမ်းခေါက်ဆွဲဖြစ်ပါတယ် ဘာတွေကွာလဲ ဆိုတာကိုတော့ ချက်ကြည့်လိုက်ကြရအောင်နော် ….

ပထမ ပုံ ကိုကြည့်ပါ ဝက်နံရိုး ရှယ်နံရိုး ကို လိုအပ်သလောက်ရေနဲ့ပြုတ်ပါမယ် ပြီးတော့ ပုံ ၂ က အတိုင်း ပဲပုပ် ၂ ချပ်ခွဲကို တခါတည်း ထည့်ပြုတ်ပါမယ် ……နံရိုး ရယ် ပဲပုပ် ရယ် ရေ ရယ် ဒါပါပဲ ပြီးတော့ တီ့ တို့ မျိုးရိုးစဉ်ဆက် မဟာဟင်းရည်ကြည်အောင် တည်နည်းအတိုင်း တည်ပါမယ် အိုး ကို အဖုံးမဖုံးပါနဲ့ မဟုတ်ရင် ဟင်းရည်က မကြည်ဘဲ နောက်သွားပါမယ် ….အရင် ရှမ်းခေါက်ဆွဲက နည်းအတိုင်းတည်ပါ

ဒါကတော့ ဟင်းရည်ချက်ဖို့အတွက် ခရမ်းချဉ်သီး ကို သေးသေးလေးတွေ လှီးထားတာပါ ပြီးတော့ ကြက်သွန်ဖြူ နီ ကို ပုံအတိုင်း များများလေး ကြိတ်ထားပါ ဒါက အသင့်ပြင်ထားရမယ့် နောက်တခုပေါ့

ခုနက ဟင်းရည်အိုး ဆူရင် အဖုံး ကို ပုံအတိုင်း နည်းနည်းလေး ဟပြီးတော့ ဖုံးထားလိုက်ပါ ပုံ ၂ မှာ ပြထားပါတယ် ရှယ်နံရိုးကျက်သွားပါပြီ….ဒါဆိုရင် ဟင်းရည် ပထမပိုင်း တပိုင်းပြီးသွားပါပြီ ခဏတစခန်းရပ် ဘေးက ပုံ ၃ က တလောက အသစ်ဝယ်ထားတဲ့ မက်ဘွခ်အဲ ၁၁ အင့်ခ်ျ ပါ ဟင်းချက်တာနဲ့ ဘာမဆိုင်ပါဘူး တမင်သက်သက် မမကွမ် လို့ ကြွားချင်လို့ ပုံထည့်ထားတာပါ ငှဲငှဲငှဲ….ပြီးတော့ ဘေးကတော့ ကိုင်တာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်တဲ့ နိုကီယာ အဟောင်း အစုတ်လေးပါ ဘေးက မက်ခ်ဘွခ် ကိုပဲ ကြည့်ပြီး ဖုန်းကိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ပါ (ဒါလဲ မမကွမ် ရေးနည်းအတိုင်းပေါ့)

ဝက်သား ကိုပုံအတိုင်း လေးထောင့် သေးသေးလေးတွေ တုန်းထားပါ ပြီးရင်တော့ ပုံ ၂ မှာ ပြထားတဲ့ အတိုင်း ငရုတ်သီးမှုန့် ကို အရောင်တင်မှုန့် ကော အကြမ်းမှုန့် ကော ထည့်ပါမယ် ပြီးရင်တော့ တတိယ ပုံက အတိုင်း ဆား အချိုမှုန့် ထည့်ပါမယ်

အရောင်တင်မှုန့်ရယ် ဆား အချိုမှုန့် ရယ် ပြီးရင် နနွင်းနည်းနည်းလေး ထပ်ထည့်ပေးပါ ပြီးရင်တော့ နောက်ဆုံးပုံထဲက အတိုင်း ငံပြာရည် နည်းနည်းထည့်ပြီးတော့ နယ်ပြီး နပ်ထားပေးပါ

ကဲ အစစ အရာရာ ပြင်ဆင်ပြီးရင်တော့ စတင်ချက်ပြုတ်ပါတော့မယ် ဆီကို အရင်ပူအောင်တည်ပါမယ် အဆင့်တွေက လုပ်နေကျ လွယ်လွန်လွန်းလို့ အမြန်ပဲ ရမ်းသရူးရေးသွားပါမယ် တီ့ စာဘတ်ရင် တော်ပြီးသား ပဲလေနော် ကဲ ဒုတိယ ပုံက အတိုင်း ကြက်သွန်ဖြူနီ ကို ဆီသတ်ပါမယ်

ကြက်သွန်ဖြူနီ ဆီသတ်လို့ ရွှေရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါမယ် ပုံ ၂ အတိုင်း ခရမ်းချဉ်သီးတွေ ကျေကုန်တဲ့ အထိ မွှေပေးနေပါ ခရမ်းချဉ်သီးတွေ ကျေကုန်ပြီဆိုရင် ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကိုထည့်ပါမယ် ဝက်သား ကို ခဏ ဆီမွှေးလာအောင် ကြော်ပေးပါ ပြီးရင် ရေနည်းနည်း ထည့်ပြီးတော့ ဆက်တည်ပေးပါမယ်

ကြော်ရင်းနဲ့ မွှေမွှေပေးနေပါ အောက်က အသားတွေ မတူးကုန်အောင်ဖြစ်ပါတယ် ပြီးရင် ဇွှန်းလေးနဲ့ဆယ်ဆယ်ပြီး ဝက်သား နူးမနူး မြည်းကြည့်ပေးပါ ပုံ ၂ ကိုကြည့်ပါ ဝက်သားတွေ အိုကေ ပြီဆိုရင်တော့ အစကနေ ရေရင် ပုံ ၈ က ဟင်းရည်အိုးထဲကို အခု ချက်ထားတဲ့ ဝက်သားကော ဆီတွေ ကော ဘာဘာညာညာ အကုန်လောင်းထည့်လိုက်ပါ

ဝက်သားအနှစ်တွေ လောင်းထည့်လိုက်တဲ့ အတွက် ဟင်းရည် ကို တခါ ပြန်တည်ပေးရပါမယ် ပြီးရင် ခုန ကအတိုင်း ဟင်းရည် ကို ပြန်ဆူပါစေ ဒီနေရာမှ နောက်ထပ်ပြင်ထားရမယ့် ကြက် ဘဲ ပဲ ဝက်သွေးကြိုက်ရာ ကို အရင်ရေနဲ့ပြုတ်ပြီး ကြိုက်တဲ့ အရွယ် အနေတော် အတုံးလေးတွေ လုပ်ထားပါ ပျော့ပျော့လေးစားချင်ရင် ရေနဲ့အရင်မပြုတ်လဲရပါတယ် တီက မာမာလေး ကြိုက်လို့ပါ ပြီးရင် ခုန က ဝက်သား ပဲပုပ်နံရိုးဟင်းရည် ဆူလာရင် အသွေးတုံးတွေ ထည့်ပေးပါမယ် ပြီးရင် ဆားချိုငံပေါ့ မြည်းပေး လိုတိုး ပိုရေနည်းနည်းရောလုပ်ပါ (ရေ ကို ရေရမယ် ဆိုရင် နည်းနည်းပဲ ရောပါ မဟုတ်ရင် ဟင်းရည်က ကျဲပြီး စားမကောင်ဖြစ်နေမယ် ဆရာမ နာမည်မပျက်ချင်ဘူးနော်) လုပ်ပြီးရင် ခဏပေးဆုလိုက်ရင် ကျိုင်းတုံ မုန့်တီ ရှမ်းခေါက်ဆွဲစစ်စစ်အတွက် ပထမအဆင့်အနေနဲ့ ဟင်းရည် ရပါပြီ…

ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး ပြင်စရာနောက်တဆင့် ရှိပါသေးတယ် ကြည့်ရအောင်နော်..

ဒီမှာက မြီးရှည်ဖတ် အစို အလွယ်မရတဲ့အတွက် မြီးရှည်ခြောက် ကိုညကတည်းက ရေအရင်စိမ်ထားရပါတယ်
နောက်စားခါနီးကျတော့မှ ပြန်ပြုတ် ပြီးတော့ ရေအေးနဲ့ပြန်ဆေးပြီးမှ ဆယ်ထားပေးပါ
နောက်ဘေးက ပန်းရောင်ဇလုံထဲမှာ မြင်ရတာကတော့လက်ပံပွင့်တွေဖြစ်ပါတယ်
ရေအရင်သေချာဆေး ရွေးပြီးတော့ ရေပြန်စိမ်ထားပါ

ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း ရေနွေးတအိုးသပ်သပ်တည်ပြီးတော့ လက်ပံတွေကို ပြုတ်ပါမယ် ပြီးရင် နူးမနူးမြည်းပေးပြီးတော့ ပန်းကန်လေးထဲ ဆယ်ထားပေးပါ အရင် တီအရင်ချက်တုံးကဆို အလုပ်ပိုရှုပ်မှာစိုးလို့ဆိုပြီး ဟင်းရည်အိုးထဲ ကို လက်ပံပွင့်တွေ တခါတည်း ထည့်ချက်လိုက်တာပါပဲ (အမေရောက်လာမှ ပြောပြတာက လက်ပံ ကို အဲ့လို ထည့်ချက်ရင် ဟင်းရည်တွေက ချွဲ သွားတတ်တယ်တဲ့ လက်ပံကြောင့်ပေါ့) အဲ့တာကြောင့် ရေနွေးဖျော်ပြီး သပ်သပ်ထားတာပါ

ပြီးပြီလား ဆိုမပြီးသေးပါဘူး ကြိုက်တတ်ရင် ဂေါ်ဖီ ကို ပုံထဲ က အတိုင်း ပါးပါးလေးလှီးထားပေးပါမယ်
ဂေါ်ဖီမကြိုက်ရင်ပဲဖြစ်ဖြစ် မရရင်ပဲဖြစ်ဖြစ် ပဲပင်ပေါက်နဲ့လဲ အစားထိုးသုံးနိုင်ပါတယ် နောက် နံနံပင် သံပရာသီး လှီးထားပါ နောက်ဆုံး ပုံကတော့ ပွဲပြင်တာပါ ရှမ်းခေါက်ဆွဲ (မြီးရှည်ဖတ် အမှန်ကတော့ ရန်ကုန်အခေါ်နန်းလတ်အဖတ်ပါ ဒါပေမယ့် မြီးရှည်ခြောက်နဲ့ နန်းလတ်ဖတ်က တကယ်တော့ ကွာပါတယ် မြီးရှည် က အပြုတ်ခံတယ် နန်းလတ်သုံးရင် ဒီနေရာမှာ သိပ်စားမကောင်းဘူး သူက ရေနွေးဖျော်လို့လဲအဆင်မပြေ ဘူး မှလား…မြီးရှည်ဖတ် ကို အစိုကော အခြောက်ကော မရနိုင်ရင် မုန့်တီဖတ် ကိုလဲအစားထိုး အသုံးပြုနိုင်ပါတယ်) ကိုအောက်ဆုံးကနေထည့် ပြီးတော့ ဂေါ်ဖီထည့် လက်ပံပွင့်ပြုတ်တွေထည့် ပြီးတော့ နံနံပင်ထည့်ပြီးပြင်ပါမယ် ပြီးလို့ရှိရင်တော့ ခုန က ချက်ထားတဲ့ ဟင်းရည် ပူပူလေး ကို ဆူနေအောင်တည်ပြီး လောင်ထည့်လိုက်ရင် အင်မတန်မှ ချက်ပြုတ်ရတာ လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိတဲ့ ကျိုင်းတုံမြီးရှည် တပွဲ ရပြီပေါ့နော် တချို့ ကလဲ ဟင်းရည် မဆမ်းခင် ရေနွေးအိုးထဲကို ဇကာ နဲ့အရင် တရေပြုတ်ပါတယ် အရွက်တွေနည်းနည်းလေးနွမ်းအောင်ရယ် ခေါက်ဆွဲ ကို ပါပြုတ်လိုက်တာပေါ့လေ တီတို့ကတော့ ခေါက်ဆွဲက ပြုတ်ပြီးသားဖြစ်တဲ့ အတွက် အဲ့အဆင့် မလိုတော့ဘဲ တခါတည်း ဟင်းရည်ထည့်ပြီး စားမယ့် အဆင့် ကို ဒါရိုက် ခုန်ကျော်လိုက်တာပါ မစောင့်နိုင်တော့ဘူးလေ စားချင်လှပြီ….

ကဲ အားပေးကြပါအုံးနော် ကျိုင်းတုံ မြီးရှည် ကို။ တီကတော့ စားကောင်းကောင်းနဲ့ နှစ်ပွဲ တွယ်လိုက်ပါတယ်

ဒါကတော့ ခေါက်ဆွဲနဲ့ တွဲဘက်တွယ် ရမယ့် ဝက်ခေါက်ကြော်ပဲ ဖြစ်ပါတယ် ရှောက်ရွက်ကြော်လေးတွေပါတော့ ပိုမွှေးပါတယ် ရှောက်ရွက် က စားလို့လဲကောင်းတယ် တီတော့ ကြိုက်တယ်

ပြီးရင်တော့ ဂရပ်စ်ဂျဲလီ လို့ခေါ်တဲ့ ကျောက်ကျောမဲကို အချိုပွဲ သုံးဆောင်ပါအုံးနော် ဒီမှာကတော့ ကျောက်ကျော ကို သကြားရည်နဲ့ ဖျော်သောက်တာ မဟုတ်ဘဲ ကြံသကာမှုန့် ရေခဲ တို့ နဲ့ယိုးဒယားနည်း အတိုင်း သုံးဆောင်ပါတယ် ဒီမှာကတော့ အတုံးလိုက် လုပ်ထားပြီးသား တခါသုံးကော်ခွက်လေးတွေ နဲ့လာပါတယ် သကြား အချို နည်းနည်းပါပြီးသားပါ တီက ပါးပါးလေးတွေပြန်လှီးပြီးတော့ ကြံသကာမှုန့် နဲ့ ရေခဲ ထည့်လိုက်တာပါ အေးအေးလေး မွှေးမွှေးလေးနဲ့ တကယ် စားကောင်းပါတယ်

ဒါတွေကတွေကတော့ ဘောနပ်စ် ပုံတွေဖြစ်ပါတယ် အမေရယ် ညီရယ် မောင် ရယ် ကိုယ်ရယ် ပါ

အားလုံးပဲ ချမ်းသာ ပကတိ ကျန်းမာစွာရှိကြပါစေ လို့ဆုတောင်းပေးရင် အချက်အပြုတ် တီချမ်း တကယ်လုပ် ကဏ္ဍ ကို ခဏ ရပ်နားလိုက်ပါတယ်နော် …..

A Chen
12:07 AM
28th April 2011
Thursday
Home
Bangkok

ဘန်နာရှင်အတွက် စပက်ဂတီ

ဒီရက်ပိုင်း ကိုယ်စိတ်ညစ်နေပါတယ် တင်တဲ့ပိုစ့်တွေ ဘတ်ကြည့်ရင်သိမှာပါ ကိုယ်ကပျော်ပျော်ပဲ နေတတ်တဲ့သူဆိုတော့ ကိုယ်စိတ်ညစ်ရင် သိပ်သိသာတယ် မျက်နှာကလဲ ပျက်နေတာပဲ (စကားအရပြောတာနော်) မနေ့ညကလဲ တညလုံးငိုရတယ် အိပ်မပျော်ဘူး ဒီနေ့လဲ ငိုရသေးတယ်
ဘဝက ဒီလိုပါပဲ လို့ဖြေပါတယ် ကိုယ့်ကိုယ်ကို ရင့်ကျက်လှပြီထင်နေတာ အမှန်တော့ အလကားပဲ
အချစ်နဲ့ပတ်သက်လာရင် ဘယ်သူမဆို ဘယ်အရွယ်ရောက်ရောက် မရင့်ကျက်ဘူးမှတ် (တီချမ်း ဖီလော်)
ထားပါတော့
စိတ်ညစ်ရတာ တယောက်ကြောင့် ဒါပေမယ့် အမြဲလိုလို ကံကောင်းတတ်တဲ့ကိုယ်က တခြားတယောက်ကြောင့် ပြန်ပျော်ရပြန်ပါတယ် စိတ်ထားကောင်းရင် ကံကောင်းတယ်လေ တကယ်ပါ ကိုယ်က တနင်္ဂနွေလေ တနင်္ဂနွေတွေဆိုတာတဲ့ စိတ်ကောက်ရင်ကောက် မကောက်ရင် ဆံပင်ကောက် မကောက်ရင်ဖင်ကောက်တဲ့
ကိုယ်က ၃ မျိုးလုံးကောက်တယ် ထင်ပါတယ် သို့သော် စိတ်ထားလေးကတော့ ကောင်းရှာတယ် ကိုယ့်ကိုကိုယ်မို့လို့ပြောတာ မဟုတ်ဘူး ဒီကောင်လေးမဆိုးဘူး ဆိုတဲ့ အထဲကပါ ကိုယ်ကဖြူစင်တယ် ရိုးသားတယ် ပွင့်လင်းတယ် လူတွေကို ကူနိုင်တဲ့ဘက်ကအမြဲကူတယ် တခါတခါတော့ စိတ်ကောက်တတ်တာ ဝန်ခံပါတယ် ထားပါတော့ လိုရင်းပြောရရင် အချစ်ရေးအဆင်မပြေလို့ စိတ်ညစ်ရသော်လည်း စိတ်ထားကောင်းသော ကောင်လေးဖြစ်တာမို့ နတ်ကောင်းနတ်မြတ်တွေက သိပ်သိပ်သိပ် ချစ်စရာကောင်းတဲ့ ကောင်လေးကို စာတွေနဲ့ပိပြီး မအားတဲ့ကြားက ကိုယ့်ကို ပျော်အောင်ဆိုပြီးလွှတ်ပေးကြတယ်
ကောင်လေး ကောင်းမှုကြောင့် ဒီနေ့စိတ်တော်တော်ပျော်ရပါတယ် ကျေးဇူးပါ

ညနေကျတော့ အိမ်ပြန်ရောက်တာနဲ့ ကွန်ပျူတာ ဖွင့်ဖွင့်လိုက်ချင်း ဘန်နာလှလှလေးတွေ ဂျီတော့ ကနေ တုံတုံနဲ့ တက်လာပါတယ် မြင်လိုက်တာနဲ့ ပျော်သွားစေတဲ့ဘန်နာမျိုးပါ ကိုယ်သိပ်ကြိုက်ပါတယ်
ဒီဇိုင်း ကိုလဲကြိုက်တယ် အရောင်ကိုလဲ ကြိုက်တယ် ဘန်နာရှင်ကိုလဲ သိပ်သိပ်သိပ် ကြိုက်ပါတယ် အဲလေ စကားတွေ ရောကုန်ပြီ…

ပြီးတော့ ကိုယ်လိုချင်တဲ့ အရောင်လှလှ နုနုလေးတွေ ကို သေသေချာချာ လုပ်ပေးတဲ့ စိတ်ရှည်ရှည်လေးကိုလဲ သိပ်သိပ်ကြိုက်ပါတယ် …
အဲ့တာကြောင့် ရန်ကုန် တွေ မန္တလေးတွေ ကိုခဏ ရပ်ထားပြီး ကြားဖြတ် တင်ပေးပါတယ်
ဘန်နာရှင်အတွက် စပက်ဂတီ ပါ
သူကတော့ ယူရိုပီယမ် အစားအစာတွေ ချက်လေ့ရှိတဲ့ ရှက်ဖ် ဆိုတော့ ကိုယ်ချက်တဲ့ စပက်ဂတီ က သူ့အတွက် ရယ်စရာဖြစ်နေမှာပါ သို့ပါသော်လည်းပေါ့လေ စေတနာတော့ အများကြီး ပိုထည့်ထားပါတယ် ရှယ်ပေါ့ ဇွန်းကြီးကြီးလဲ တပ်ထားပေးတယ်

ပထမပုံကတော့ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ရယ် ဘာဘာညာညာတွေပါတဲ့ အမွှေးအကြိုင်ပါ ဘေးကတော့ စပက်ဂတီ ခေါက်ဆွဲခြောက်ပါ ဘေးပုံက သံလွင်ဆီ နဲ့ ဟင်းခတ် ကိုပဲ ပုံကြီးနဲ့ ပြန်ပြထားတာပါ တတိယ ပုံက ခရမ်းချဉ်သီးဆော့်….အဲ့တာတွေ အကုန်က ကြိုက်တဲ့ တံဆိပ် ဝယ်လို့ ရပါတယ်

အမှန်အတိုင်းပြောရရင် တီက စပက်ဂတီ ကို တခါမှ ကိုယ်တိုင်မချက်ဘူးပါဘူး အရင်တခါက တီ့ မွေးစားသားလိုဖြစ်နေတဲ့ နီပေါက ကောင်လေးချက်ကျွေးတာ စားဖူးတယ် သူငယ်ချင်းအမကြီး (မအေမီ) ချက်ကျွေးတာ စားဖူးတယ် အဒေါ်ချက်ကျွေးတာစားဖူးတယ် ရှန်ဟိုင်းတုံးက အချစ် ဂျာမန် ကောင်လေး (top ten ထဲမှာပါတယ်)ချက်ကျွေးတာစားဖူးတယ် ခုလဲ မွေးစားသားချက်တာပါ ဘေးကနေ ဓါတ်ပုံရိုက် ပြီးတော့လိုတာ လုပ်ပေးပေါ့ ခုတော့ ချက်တတ်ပါပြီ ကိုယ်ကအဲ့လိုပဲ သိပ်တော်တာ (ဖြူဖြူပြောသလိုဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေပါပဲ) တခါပြရင်တတ်ပြီ……..အရင်တုံးကချက်တာတွေလဲ အဲ့လိုပဲ ယိုးဒယားရောက်မှ ချက်ရတာ အရင်အိမ်မှာက ရေတောင် ခပ်မသောက်ရဘူး အမွှေးလဲ ဘာအမွှေးမှ မီးမလောင်ဘူးဘူး

ဒီအပေါ် ပထမ ပုံက ရိုစ်မေရီ လို့ခေါ်တဲ့ဟာပါ ဟင်းခတ်အမွှေးအကြိုင်ပါပဲ အီတာလီယံ အမျိုးအစားနေမှာပေါ့ တီကတော့သိပ်မသိပါဘူး မွေးစားသားနဲ့သမီးဝယ်လာတာ ကိုသုံးလိုက်ကြတာပါပဲ နောက်ဘေးက အိမ်မှာရှိတဲ့ ဗူးမှို ရယ် ကြက်သွန်ဖြူနီ ရယ် ခရမ်းချဉ်သီးရယ်ပါ ဘေးနားက အသားကြိတ်ထားပြီးသား တီ့သဘော ဆိုရင် တော့ အမဲသားနဲ့ စားချင်တာပါ ကလေးတွေက မစားဘူး ပြီးတော့ အိမ်မှာကလဲ ဝက်သားပဲ အသင့်ရှိနေတာဆိုတော့ ဝက်သားပဲ အလွယ်သုံးလိုက်ပါတယ် အိမ်မှာရှိတာနဲ့ ဖြစ်အောင် စီစဉ်တတ်တာ အိမ်ထောင်ရှင်မကောင်းပီသတာပါ ငှဲငှဲ (ဒေါ်ရီတာ တို့ ဘယ်တော့မှ လိုက်မမှီမယ့် ဝိသေသတွေပေါ့)

ပထမဆုံး ကြက်သွန်နီ ကို သံလွင်ဆီနဲ့ ကြော်ပါမယ် ဆီကိုအများကြီးမထည့်ပါနဲ့ ဝက်သားကလဲကြော်ရင်းဆီထွက်ဦးမှာ မို့လို့ပါ ကြက်သွန်နီ နွမ်းရင် ဝက်သားထည့်ကြော်ပါမယ် ပုံကိုကြည့်ပါ

ပြထားတဲ့အတိုင်း ဝက်သားကို တဖြည်းဖြည်းချင်းမီးအေးလေးနဲ့ကြော်ပေးပါ ဝက်သားတွေ ကောင်းကောင်းကြေကုန်ပြီဆိုရင် သူ့ဘာသာရေထွက်လာပါမယ် အဲ့ရေတွေကို ခန်းအောင် ဆက်ကြော်ပေးပါ
ဝက်သားရေခန်းလောက်ပြီဆိုရင် ကြက်သွန်ဖြူ ကိုထည့်ပါမယ် ပုံမှာပြထားတဲ့အတိုင်းပေါ့နော် ပြီးတော့ လျှာရှည်ပြီး နနွင်းမှုန့် နည်းနည်းထည့်လိုက်ပါတယ် ကြိုက်ရင်ထည့်ပေါ့ တီတို့ကတော့ ဆေးဘက်ဝင်တယ်ဆိုပြီး ထည့်လိုက်တာပါပဲ တတိယပုံပါ သေချာမမြင်ရရင် ရိုက်ကလစ်နဲ့ ချဲ့ကြည့်လို့ရပါတယ် အဲ့တာဆိုရင် နနွင်းမှုန့်လေးတွေ ကအစ သေချာမြင်ရမယ်

ပြီးရင် ငရုတ်သီးမှုန့် ထည့်ပါမယ် တချို့က ငရုတ်သီး အခြောက်ကိုလဲ ထည့်ကြော်လေ့ရှိပါတယ် ကြိုက်တတ်သလိုပါပဲ ပြီးရင် ခုနက နနွင်းမှုန့်နဲ့ အခု ထပ်ထည့်တဲ့ ငရုတ်သီးမှုန့်တွေ နဲ့မွှေးလာအောင်ကြော်ပါတယ် ပြီးရင်တော့ ခရမ်းချဉ်သီးထည့်လို့ရပါပြီ…. နောက်ခရမ်းချဉ်သီးလေးတွေ လိပ်သွားတဲ့အထိ မီးအေးနဲ့ ဖြည်းဖြည်းလေးကြော်ပေးပြီးရင် မှို ထည့်လို့ရပါပြီ

မှိုထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း နူးနေအောင်ကြော်ပါမယ် ပြီးရင် လိုအပ်တဲ့ဆားအချိုမှုန့် နည်းနည်းထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီး ဆော်ထ် ခုနက ပုလင်းနဲ့ဟာ ကို နည်းနည်းထည့်ပါမယ် ပြီးရင် မီးနဲ့ ဆက်လှိမ့်ပါမယ် ပုံတွင်ရှု ဟင်းအနှစ် ပြစ်ပြစ်ကလေးရပြီဆိုရင် ……

ခုနက ကြက်သွန်ဖြူပါတဲ့ ဟင်းခတ်အမွှေးအကြိုင်ကိုထည့်ပါတယ် ပြီးရင် ရိုစ်မေရီ ကိုလဲဆက်ထည့်ပါတယ် ဘေးက ပုံက ပုံကြီးချဲ့ထားတာပါ သေချာမြင်ရအောင် ရှက်ဖ် ပြောတာကတော့ သစ်ကြပိုးတွေ ဖာလာတွေပါမယ် ထင်ပါတယ် ကိုက အဲ့ဒီ ရိုစ်မေရီကို အစက ကွမ်းယာထဲထည့်စားတဲ့ စမုံစပါးလို့တောင် ထင်နေမိသေးတယ် ဟိဟိ ပြီးရင်တော့ ဟင်းကို အနှစ်ဖြစ်တဲ့အထိ ဖြည်းဖြည်းကြော်ပေးမယ်နော်

အားလုံးပြီးရင်တော့ ရေလိုသလောက်ထည့်ပါ ပြီးရင် ဆူအောင်ဖြည်းဖြည်းလေး ထပ်တည်ပေးထားပါ
ဘေးက ပုံက ခုနက စပက်ဂတီ ခေါက်ဆွဲကို ပြုတ်ပါမယ် ပြုတ်တဲ့အခါ ဆားနည်းနည်းထည့်ပြုတ်ပါမယ် ဟင်းအနှစ်ကို ပေါ့အောင်ချက်ထားရင် ခေါက်ဆွဲကိုနည်းနည်းလေးအောင်လုပ်တဲ့သဘောပါ သွေးတိုးနှလုံးဆီးချိုရှိရင်တော့ ကြည့်ကျက်ချက်ပေါ့နော် ….အသက်ကိုဥာဏ်စောင့်လေနော်…
အရေးကြီးတာက ခေါက်ဆွဲပြုတ်တာပါ အထုပ်မှာတော့ ၈ မိနစ် ပြုတ်ရင်အကောင်းဆုံးလို့ဆိုပါတယ် တီကတော့ ပြုတ်ကြည့်လိုက်တယ် စားကြည့်တယ် မကေဘူး
၁၀ မိနစ်အထိထားတယ် စားကြည့်တယ် မကေသေးဘူး
အဲ့တာနဲ့ အမြင်ကပ်ကပ်နဲ့ ၁၅ မိနစ်အထိ ပြုတ်ပစ်လိုက်ပါတယ် အဲ့တော့မှပဲ ကေသွားတော့တယ်
အဲ့တော့ ကိုယ့်အကြိုက် သူ့အကြိုက်ပါပဲ ကြိုက်သလိုသာချက်စားပါ တီတောင် (တီကောင်မဟုတ် သေချာဘတ်ရန်) ဟင်းအနှစ်လေးချက်ရင်းစဉ်းစားမိသေးတယ် အခု အနှစ်ကို ရေစိမ်ခေါက်ဆွဲနဲ့စားတော့ လဲရတာပဲလို
အဟေးဟေး ရှမ်းနဲ့ အီတလီ တမျိုးတမြည်ပေါ့လေ နော့ ကဲကဲ အောက်မှာ ရှုပါ
စပက်ဂတီပါ မဆိုးပါဘူး စားလို့ ကောင်းပါတယ် ……………ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကိုယ်ကတော့ ကိုယ်တို့ မြန်မာပြည်ဖြစ် စစ်စစ် နန်းကြီးသုပ်လောက် ကို ကောင်းတယ်မထင်ပါ နောက်နေ့မှ နန်းကြီးသုပ် ကိုပဲမှုန့်နိုင်းချင်းနဲ့ ကြက်သားအနှစ်ရှယ်ရှယ်လေးနဲ့ချက်စားမယ် လို့တေးထားလိုက်ပါတယ်

PS
post လဲရေးပြီးသွားရော ရေးပြီးတဲ့ အချိန်ကို မှတ်တော့ ရက်စွဲက ၂၅ ဖြစ်နေတာ သတိထားမိတယ်
ပျော်သွားပြန်ပါတယ် လခ ထုတ်မယ်လေ
ဝေး………………………………………….ဒီနေ့ ပြန်ပျော်ရတဲ့အတွက် ကောင်လေးကို ကျေးဇူးတင်ပါတယ်
ပန်းတိုင်ကိုရေထဲပိုက်ချတယ် တံငါသည်တွေက ပိုက်ဆုံးရင် ဘာဘာညာညာ ဆွဲတယ် ပန်းတိုင်ဆိုပြီး လျောက်ဖောနေပါတယ် ကောင်လေးရေ……………………ကျေးဇူး…ပန်းတိုင်ရောက်ရင် ကေတာပါပဲ
ငါးမပါရင်လဲရေချိုးပြန်ကြတာပေါ့

A Chen
2:47 Am
25th June 2010
Home
Bangkok