ဝက်ချို အစိမ်းကြော် မှိုကန်စွန်း

ကဲ ဒီတခါ လွယ်လွယ်လေး ချက်ပါမယ်။ ခုတလောကျတော့ အမေ က မဲဆိုင် က သူ့မွေးစားသမီး နဲ့ သူငယ်ချင်း ဆီသွားလည်နေတော့ ဘာမှ တောင်ထွေထွေထူးထူး မချက်ဖြစ်ပါဘူး။ မောင်နဲ့ ကိုယ် အရင် ဒုံရင်း ဝယ်စားဘဝ ကို ဟပ်ချလောင်း ဆို ပြန်ရောက်သွားတော့တာပါပဲ။ အဲ့တာနဲ့ တနေ့ ကတော့ ချက်ရမှာလဲ ပျင်းတော့ လွယ်လွယ် ကူကူ ပဲ ဝက်ကို အချိုချက်မယ် ကန်စွန်းလေး ဘာလေး ကြော်စားမယ် ဆိုပြီး လုပ်ဖြစ်တာပါ။

ဒီပိုစ့် မှာ အရေးကြီးတဲ့ ပဲငံပြာရည် ကိုအရင် ကြော်ငြာပါရစေ။ ယိုးဒယား စရောက်ကတည်း က ဝယ်လိုက်တဲ့ ပဲငံပြာရည် တွေအကြည်ကော အနောက်ကော ဝယ်လိုက် ပစ်လိုက် ဝယ်လိုက် ပစ် လိုက် အခု ပုံမှာ ပြထားတဲ့ တံဆိပ် ရမှာပဲ အဆင်ပြေတော့တယ် လီကျင်ကျီ့ လို့ အသ့ထွက်မယ် ထင်ပါတယ် ရှာဝယ်လိုက်ပါ ဘန်ကောက်မှာတော့ ပါရာဂွမ် က ဂေါမန့် မှာ ရပါတယ်။ ကဲ ဟင်းဆက်ချက်မယ် ဝက်သားထဲထည့်ဖို့ ကြက်သွန်ဥ တွေကိုခွာ ထားပါနော် ဥလိုက်ထည့်မှာ မို့လို့ စိပ်မနေပါနဲ့တော့….ပြီးရင် ဝက်သား ကို ပဲငံပြာရည် အချို၊ ကြက်သွန်ဖြူ ဓါးပြား နည်းနည်း ဂျင်း စင်းငယ်ခန့် တို့ နဲ့ ဆား အချိုမှုန့် နယ်ထားပါ ခဏ နှပ်ထားပါ

ပြီးရင် ဆီသတ်ပါမယ် ဂျင်း ဘတ်ကလေး ကို ဓါးပြားရိုက်ပြီး ဆီသတ်ပါ ကြက်သွန်ဖြူ နီ ကိုတော့ မသတ်တော့ပါဘူး ခုန က နှပ်ထားတဲ့ အသား ကိုပဲ လုံးချက်မှာပါ ဂျင်း က မွှေးလာပြီဆိုရင် အသားတွေ ကိုထည့်လို့ ရပါပြီ အသားကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ပထမ သူ့ဆီကနေ ထွက်လာတဲ့ ရေ နဲ့ ပဲ အရင် တရေ ခန်းပါစေ ပဲငံပြာရည် တကယ်ကောင်းရင် မွှေးတက်လာပါလိမ့်မယ် သိပ်မွှေးလို့ ဗိုက်ကို ဆာလာစေတာ ဒီပဲ ငံပြာရည်ပါ တကယ်ညွှန်းတာ တကယ်ကောင်းလို့ပါ ရှာဝယ်ကြည့်ပါနော် တခြား ပဲငံပြာရည်တွေထက်တော့ ဈေးနည်းနည်း ပိုကြီးတယ် ဒါပေမယ့် တကယ်ကောင်းတော့ တန်ပါတယ် တလက်စတည်း မွှေပေးနေပါ အိုးမကပ်အောင်ဖြစ်ပါတယ်

ပြီးရင်တော့ ရေလေး ကို ဝက်သားမြုပ်ရုံ ထည့်ပြီး နောက် တရေ တည်ပေးပါ အသား နူး မနူး ကိုလဲ မြည်းကြည့်ပေးနေပါ တကယ်လို့ ကိုက်ရတာ မာဆတ်ဆတ်လေး ကြိုက်တယ် ဆိုရင်လဲ တရေ တရေခွဲလောက်နဲ့ ရပါတယ် ရေလျော့ထည့်ပေါ့ နူးနူးလေး ကြိုက်တယ်ဆိုရင်တော့ တီ့ လိုပဲ နောက်တရေ ကို ခန်းတဲ့ အထိ တည်ပါ မနူးသေးရင် နောက်တရေ ထပ်ထည့်ပါ ဒီ ဒုတိယ တရေ ထည့်တဲ့ အခါမှာ တခါတည်း ခုန က အခွံခွာ ထားတဲ့ ကြက်သွန်နီဥ တွေကို ထည့်လိုက်ပါ အဲ့တာ မှ ဝက်သားလဲ ဆီပျံ ကြက်သွန်ဥလဲ နူးအိ အတော်ပါပဲ

ဟင်းက အီမှာ ဖြစ်တဲ့အတွက် ဘိတ်ချဉ်လေး လုပ်ပါမယ် ကြက်သွန်ဖြူ ကို ပါးပါးလေးတွေလှီး ပါ ငရုတ်သီး ပါးပါးလေး လှီး ပါ ခုန က ပဲငံပြာရည် ကို ထပ်ထည့်ပါ ပြီးတော့ သံပရာ သီး ညှစ် လိုက်ပါ အရသာရှိ လိုက်ဘက်ညီတဲ့ ဘိတ်ချဉ် ကိုရပါပြီ တီကတော့ ကြက်သွန်ဖြူ အစိမ်း ကြိုက်တဲ့ အတွက် နည်းနည်းများများ လုပ်ပါတယ်

ဟင်းတမျိုးတည်းဖြစ်နေလို့ ကြက်ဥ ပေါင်းလိုက်ပါသေးတယ် အရင်တခါ က ရေးဖူးပြီးသားပါ လွယ်လွန်းလို့အမြန် နောက်တခေါက်ထပ်ရေးပေးလိုက်တယ် အရင် ပိုစ့် ကို ပြန်ရှာ ပြန်ထည့်နေရင် ပိုကြာလို့
ထပ်ရေးလိုက်တာ ပိုမြန်တယ် ချက်ရင် ပိုတောင် လွယ်သေး ကြက်ဥ တောက်တောက်စင်းထားတဲ့ ကြက်သား ဝက်သား ကြိုက်ရာ နဲ့ (ဝက်က ပိုလိုက်ပါတယ် ကြက်ကို မောင်ကလဲ မစားတော့ ဝက်ပဲ) ခေါက်လိုက်ပါတယ် ဆား အချိုမှုန့် ထည့် ငရုတ်ကောင်း နည်းနည်းထည့် ရေ နည်းနည်းထည့်ပြီးတော့ မိနစ် ၂၀ လောက် ပေါင်းလိုက်တာပါပဲ။ သိပ်သိပ် လွယ်တယ် ဒါပေမယ့် အချိန်အဆ အရေးကြီးပါတယ် မဟုတ်ရင် ပေါ့လွန်း လေးလွန်း ဖြစ်တတ်ပါတယ် ကြက်ဥ နည်းပြီး ရေများရင်လဲ စားမကောင်းပါဘူး အသားများရင်လဲ မာပါတယ် လွယ်ပေမယ့် လုပ်ရခက်တာ မျိုးမဟုတ်ဘဲ အချိန်အဆ လက်ဝင်ပါတယ်

အရွက်လေးလဲ စားချင်သေးတော့ မှို ဘူး တဘူး ဖောက်ပြီးတော့ တရုတ်ကန်စွန်း နဲ့ ကြော်ပါမယ် မှိုလေးတွေကို တလုံး ၃ ဘတ် ရအောင် လှီးပါ တခြမ်း ဆိုရင် ထူပါတယ် ကန်စွန်း ကို လိုချင်သလောက် အရိုး အရွက်သင် လှီး ချွတ် ထားပြီး ရေးဆေး စစ်ထားပါ

မှို က ဘူးမှို ဖြစ်တဲ့ အတွက် ကျက်ပြီး သားဆိုတော့ ကန်စွန်း ကို အရင် ကြော်ပါတယ် တီက ဒီမှာ တော့ ကြက်သွန်ဖြူ မထည့်ပါဘူး ကြက်သွန်နီ ဆို ပိုမုန်းတယ် ကန်စွန်းရွက်ကြော်မှာ ထည့်ရင်ပြောတာပါ အဲ့တာ ကြောင့် မှို နဲ့ ကန်စွန်း ပဲ ပလိမ်း ကြော်လိုက်ပါတယ် ကန်စွန်းတွေ နည်းနည်း အရောင်ပြောင်းပြီဆိုတာ နဲ့ မှိုတွေပစ်ထည့် ခဏ မွှေ ခရုဆီ ထည့်လိုက် ရတာပါပဲ ဆားအချိုမှုန့် ထည့်ဖို့ တော့ မေ့နဲ့နော်….

ကဲ အားပေးလိုက်ကြပါအုံး နောက် နှစ်ရက် ဆက်ပြီး ဒီပုံနဲ့ ကန်စွန်းမှို ချည်းပဲ ကြော်ကြော်ပြီး ထိုင်ထိုင်စားပါသေးတယ် ထမင်းတောင် မပါဘူး ကြိုက်လို့………

A Chen
10th May 2011
Tuesday
3:48 PM
Bangkok

အရှူပ်အရှင်း တရုတ်ဟင်း

ကဲပရိတ်သတ်တို့ရေ ခုတလော လူအမြင်ကပ်အောင်ပဲလုပ်နေတာများလာလို့ လူချစ်လူခင်ပေါအောင် နန်းမတော် မိမိချမ်းအစား မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ မူလလက်ဟောင်း ပုသိမ် ဒေါ်ချမ်း
ကိုပြန်ခေါ်လိုက်ရပါတယ်နော်။

အမှန်ကတော့ ဘာမှမဟုတ်ဘူး မောင်ပြန်ရောက်လာလို့ (စကားမစပ် နည်းနည်းကြွားပါမယ် မောင်ပြန်လာပါပြီ လွမ်းလွန်လွန်းလို့ မနေ့က ချက်ချင်းလေယာဉ်လက်မှတ်ဝယ်ပြီး လာခိုင်းလိုက်ပါတယ် တနေ့က ညနေလက်မှတ်ဖြတ်ပြီးသကာလ ဒီဖောင် ကိုမနေ့ကမနက်မှ အေးဂျင့်ကသွားယူ ပြီးနေ့လည် ပီဂျီ ဘန်ကောက်အဲဝေးနဲ့ တခါတည်းကြွချီလာခိုင်းလိုက်တော့ ညနေဆို မောင့်မျက်နှာတွေ့ရတာပေါ့နော့ (တော်သေးတယ် ကြိုတင်ပြီး ဗီဇာ ယူခိုင်းထားလို့ ခုကသံရုံးက အလကားပေးနေတာလေ အဲ့တော့ ယူထားလို့ လာချင်ရင် ထ လာလို့ရအောင်လို့ တလောကတည်းက ဒီအရေးတွေ ဥာဏ်ကြီးရှင် မိမိချမ်းကြိုမြင်ပြီး ယူခိုင်းထားတာပါ)

အဲ့တော့ ထမင်းချက်တာက မောင့်ကိုကြိုဆိုတာလားဆိုတော့ မဟုတ်ပါဘူး ငှဲငှဲ မောင် ရောက်လာတော့ ဆေးမယ့်ကြောမယ့် သိမ်းမယ့်ရှင်းမယ့် လူရှိပြီလေ ညှင်းညှင်းညှင်း (ဒီမနက်တောင် အိမ်ရှင်း အိပ်ရာခင်းလဲ စောင်လှမ်း ခိုင်းလိုက်သေးတယ် ကပ်ကြွား)

အဲ့တာကြောင့်မဝင်တာကြာပြီဖြစ်တဲ့ မီးဖိုချောင်လေးကိုတချက် မျက်နှာလေးငှဲ့ပြီး မျက်လုံးလေး လှန်ကာ ဆံပင်လေးခါလျက် ချစ်စဖွယ်မျက်နှာပေးလေးနဲ့ (လှလှလေး) လှည့်ကြည့်ဖြစ်ပါတယ်)

အင်းတခါလာလည်းဆီပြန် တခါလာလည်း ဆီပြန်ဆိုတော့ ပရိတ်သတ်တွေပျင်းနေမှာစိုးတာနဲ့ ဒီတခါတော့ မူလလက်ဟောင်းဒေါ်ချမ်း ရဲ့ လင်ညီအမ လီရှောင်ချမ်း ကိုခေါ်ပြီး တရုတ်လိုချက်ခိုင်းပါတယ် အဲ့တော့ ဘာချက်ရမလဲလို့တွေးတဲ့အခါမှာ လီရှောင်ချမ်းစဉ်းစားမိတာက ငါးပေါင်းပါပဲ ချက်ရလွယ် စားလို့ကောင်းဆိုတဲ့ ဒေါ်ချမ်းမူနဲ့လဲညီရမယ်ပေါ့နော် အဲ့လိုနဲ့………………….
(အမှန်ကတော့ ချက်မယ်စဉ်းစားပြီးမှသေချာ သွားဝယ်တာမဟုတ်ပါဘူး ညနေက ရုံးကနေ ညနေစာ ခဏလစ်ပြီးကော်ဖီနဲ့ မုန့်သွားစားတုံးက TOPS ကုန်တိုက်မှာ ငါးတွေ့လို့စိတ်ကူးရတာပါ။ ငါးပေါင်းမယ်ဆိုရင် တရုတ်ရှေးဟောင်းနန်းတွင် ချန်ဂင် အဲလေ ရောကုန်ပြီ ငါးပေါင်းနည်းအမျိုးမျိုးရှိပါတယ်။ ငါးကြင်းမီးစတူးပေါင်း။ ငါးကြင်းဗိုက်သား ဆားငံသီးပေါင်း ကတ်ကတစ် သံပရာပေါင်း ကတ်တတစ် ဂျင်းမွှေးပေါင်း စသဖြင့်ပေါ့လေ
လီရှောင်ချမ်းကတော့ ဒီနေ့အတွက် ကတ်ကတစ် ကောင်းကောင်းလေး အကောင်အနေတော်တွေ့တာနဲ့ ကတ်ကတစ် ဂျင်းမွှေးပေါင်းလေးကိုသတိရမိတာပါ ကဲစလိုက်ကြစို့နော်

ပထမဦးဆုံး ငါးကိုဆေးကြောအူထုတ်ရပါမယ် (မပြောတော့ဘူးနော် မောင်လုပ်တာလို့ ခိုင်းတတ်တဲ့လူက ပိုတော်တာမှလား ဟီး) အံမယ် ချက်တာကတော့ လီရှောင်ချမ်း ကိုယ်တိုင်ချက်တာပါ အဲ့တာကျတော့ ပညာလိုသွားပြီလေနော့် ငှဲငှဲ ပထမ ပုံကိုကြည့်ပါ အူထုတ်ဆေးကြောပြီးတော့ ဆားနည်းနည်းနဲ့ နယ်ထားပါတယ် ပြီးတော့ ခရုဆီလေးနဲ့ ကျောရောရင်ကော ငါးကိုပယ်ပယ်နယ်နယ် နယ်ပါတယ်

ဒုတိယပုံကတော့ ငါးဗိုက်ထဲကို မနံအောင်ထည့်မယ့် အစာပလာတွေပါ ဘာတွေပါလဲဆိုရင် နာရီလက်တံလှည့်တဲ့အတိုင်း ဘိုလိုပြောရင်တော့ clockwise ပေါနော့်
၁) ဂျင်း (ပန်းကန်ထောင့်မှာ ပြားပြားလှီးထားပါတယ်)
၂)နံနံမြစ် (နံနံပင်ကိုအမြစ်ဖြတ်ယူလိုက်တာပါ)
၃) ကြက်သွန်ဖြူ ဥလိုက်ကို ဓါးပြားရိုက်ပါ
၎) ကြက်သွန်နီ ၈စိတ်လှီးပါ
၅) ကတော့ ဂျင်းနဲ့မတည့်တဲ့ မတည့်အတူနေ လင်မယား အဲလေ မိတ်သလင်ဖြစ်ပါတယ်

ဒီပုံလေးကတော့ ပေါင်းဖို့အသင့်ပြင်နေတာပါ ဘာပေါင်းမှာလဲသိတယ်နော် (လင်မယားတော့မဟုတ်) ငါးပါ

ဦးစွာပထမ လုပ်ဖွယ်ရာကတော့ ခွဲထားတဲ့ ဗိုက်ထဲကို မိတ်သလင်တွေ သွတ်ထည့်ပါမယ် ပြီးရင် ကြက်သွန်ဖြူနီတွေကိုဘေးကနေ ပုံပါမယ် နံနံမြစ်တွေကို ပုံပါမယ် ငါးပေါ်ကနေ ဂျင်းပြားလေးတွေကို စီလိုက်ပါ

ပြီးရင်တော့ နောက်တပုံထဲကအတိုင်း ခရုဆီ နည်းနည်းကို ငါးပေါ်ထပ် စမ်းပေးရပါမယ် ကြိုက်တတ်ရင် အချိုမှုန့် နည်းနည်းလေးဖြူးလိုက်ပါ နယ်တုံးကထည့်မနယ်ဘူးလေနော် အဲ့တော့ ဖြူးလိုက်ပါ (ဒေါ်ရီတာ ပြန်သွားချင်နေတဲ့မြို့ပေါ့ ဤကား စကားချပ်-စာရေးသူ)

ပြီးရင်တော့ အောက်ပါအရည်အချင်းနဲ့ပြည့်စုံတဲ့ ကောင်လေး အဲလေ……ဘာတွေရေးနေမိပါလိမ့်

အောက်ဖော်ပြပါပုံအတိုင်း ရေနည်းနည်းထည့်ထားတဲ့ အိုး (ပေါင်းအိုးမရှိလို့ ရှိတာနဲ့ကြံဖန်ပြီး လုပ်ထားတာ)ထဲကို အောက်က ပန်းကန်ခံပြီး ထည့်ပါ နောက် အိုးအဖုံးကို ဖုံးပြီးတော့ ၁၅ မိနစ် တိတိ (လုံးဝ မပိုရဘူးနော် sweetpeonyသတိ ကြာကြာပေါင်းရင် ငါးက လုံးဝ မာပြီး စားမကောင်းပါဘူး ကြက်ဥ ထက်ပိုဆိုးပါမယ်နော်)
ပေါင်းလိုက်ရင် အနံအရသာနဲ့ပြည့်စုံတဲ့ ငါးပေါင်တခွက်ရပါပြီ
(မှတ်ချက် ကတ်ကတစ် ကို အီးလို sea bass လို့ခေါ်ပါတယ်ဒီမှာ ဝယ်တော့ super market က giant sea bass လို့ရေးထားပါတယ် အြ့လောက်လဲမကြီးပါဘူး စကားမစပ် အဲ့ဒီ ဂျိုင်းယင့် ဆိုတဲ့စကားလုံးကိုတွေ့တော့ မောင်ဆုရှင်ရဲ့ “ပင်လယ်ပြာနဲ့ တံငါအို” ကိုသတိရတယ် အမှန်ကတော့ ဘာမှမဆိုင်ပါဘူး ကိုယ်လဲစာဖတ်ပါတယ်ဆိုတာ မသိမသာကြွားတာပေါ့နော့ မြန်မာပြည်မှာတုံးကတော့ ဈေးကဝယ်ရင် တီက ၁၅ ကျပ်သားအကောင်ရွေးဝယ်ပါတယ် အိုးနဲ့အနေတော်ဖြစ်အောင်ပါ မရရင်လဲ ၂၀ သားပေါ့ အရမ်းကြီးရင် ပေါင်းတာ မှန်းရခက်သွားရော။ ငါးပေါင်ရင်ဘယ်တော့မှ စလားဗီယားမသုံးပါနဲ့ ကတ်ကတစ်မရရင် ငါးကြင်းကောင်းပါတယ် ပေါင်ဖို့ စလားဗီယား က ရွံ့စော်နံပါတယ် ကြော်ရင်တော့ အိုကေပါတယ် ငါးမျက်ဆံနီ တို့ ကြောင်ငါး တို့လဲ အိုကေပါတယ်နော် ငါးမြစ်ချင်းကတော့ အရိုးများတယ်လေ နော့)
ဒါကတော့ တရုတ်ဟင်းနဲ့လိုက်အောင် အမြန်စဉ်းစားလိုက်ရတဲ့ သခွားသီး ဟင်းချိုရည်ပါ ဘာလို့ ဟင်းချိုရည်လို့ခေါ်ရလဲဆိုတော့ ရှင်းပါတယ် ဟင်းခါးမဟုတ်လို့ပေါ့နော် လွယ်ပါတယ် သခွားသီး ကို ပါးပါးဖြစ်ဖြစ် အတုံးလေးတွေဖြစ်ဖြစ် ကြိုက်သလိုလှီးပါ ရေဆေးပါ နောက် လိုသလောက်ရေထည့်ပြီး တည်လိုက်ရုံပါပဲ လီရှောင်ချမ်းကတော့ ဆားအချိုမှုန့်မထည့်ပဲ ဝက်မှုန့် နည်းနည်းပဲထည့်လိုက်ပါတယ် ဘေးကပုံကိုကြည့်ပါ မဲမဲလေးတွေက ငရုတ်ကောင်းမှုန့်ပါ ကြိုက်ရင်ထည့်ပါ ထည့်ရင်ပိုကောင်းပါတယ် အော်ပြီးတော့ ဒီမှာက အိုးအောက်ထဲရောက်နေလို့မမြင်ရတော့ဘူး ခုန က ငါးပေါင်းအစာပလာထဲက ဂျင်းဖတ်လေးတွေနည်းနည်းဖယ်ထားပြီးတော့ ထည့်လိုက်ပါတယ် မထည့်လဲရပါတယ် တီကတော့ တန်ပြန်ထားတာပါ သခွားသီးက “အအေးစာ”လေ အဲ့တော့ ဂျင်းနဲနဲပြန်ထည့်လိုက်တယ် ဟင်းရည်ထဲမှာ လီရှောင်ချမ်းက ကြက်သွန်ဖြူမထည့်ပါဘူးနော် ထည့်လိုက်ပြီး ငရုတ်ကောင်းနှိုင်းချင်းဆိုရင် အဲ့တာ ဟင်းခါးဖြစ်သွားပါမယ် ဘူးသီးလေးနဲ့ဆို ပိုဂွတ်ပေါ့

ဒါကတော့ ဟင်းနည်းနေမှာစိုးလို့ ထပ်ဆင့် အားဖြည့်လိုက်တဲ့ အားလူးဆီပြန်ပါ ပြန်ဖြစ်အောင်ပြန်လိုက်ပါသေးတယ်နော် ရွှေလေ ရွှေ နိုင်ငံခြားရောက်နေပေမယ့် ကိုယ့်အမျိုး ကိုယ့်ဟင်းမမေ့နိုင်ပါဘူး အားလုံးလဲ နိုင်ငံခြားမှာ သာနေချင်နေပါမယ် ဆီပြန်ကိုတော့ သတိရတာပဲမှလား ငါးကို ပြင်ရဆင်ရတာ နည်းနည်းမောသွားတဲ့အတွက် အားလူးကိုတော့အလွယ်တကာ့အလွယ်ပဲ လုံးချက်လိုက်ပါတယ် ကြက်သွန်ဖြူနီ ကြိတ်ပြီးသားကို ဟင်းချက်အစိမ်းမှုန့် ဆားအချိုမှုန့်နဲ့ ငံပြာရည်နည်းနည်းထည့်ပြီးနယ်ပြီးနှပ်ထားပါတယ်

ဟဲဟဲ ဘာလဲလို့ အံ့သြသွားတယ်မှလား ဘာမှမဟုတ်ဘူး လက်ဆေးရည် အဟေးဟေး ခုနက ကြက်သွန်ဖြူနီ ကြိတ်ဆုံထဲကိုရေနည်းနည်းထည့် မွှေလိုက်ပြီး ခုန အားလူးနယ်တဲ့ ပန်းကန်ထဲထည့်လိုက်တော့ ခုလို ဟင်းထဲထည့်ရမယ့် လက်ဆေးရည်တခွက်ကိုရတာပေါ့ကွယ် ခိခိ ပြီးတော့မှ ဘေးကပုံထဲကအတိုင်း ဆီနည်းနည်းထည့် မကပ်တဲ့အိုးကိုသုံးတာ အဲ့တာ တခုကောင်းပါတယ် ဆီနည်းနည်းပဲ ထည့်ရပါတယ်
လုံးချက်တာဖြစ်တဲ့အတွက်ဆီပူတာနဲ့ အာလူးနဲ့နယ်ထားတဲ့ ကြက်သွန်ဖြူနီတွေကိုထည့်လိုက်ပါတယ် ပြီးရင်ထုံးစံအတိုင်းမွှေးတဲ့အထိ တည်ပေးပါတယ် နောက်တော့ ခုနက လက်ဆေးရည်တွေကို ထည့်ပြီးရေခမ်းခါနီးအထိတည်လိုက်ပါတယ် အဲ့ခါကျတော့ မီးပိတ်လိုက်ပါ နောက်တော့ အိုးအပူရှိန်နဲ့ ဆီပြန်သွားရင် အာလူးဆီပြန်တခွက်ရပါပြီနော်

ဒါလေးကတော့တရုတ်ဟင်းလျာနဲ့တွဲဖက်စားသောက်စရာ မှိုကြော်လေးတခွက်ပါ ကြက်သွန်ဖြူနဲနဲ ငရုတ်သီး အစိမ်းတောင့်နဲနဲနဲ့ အရင်ဆီသတ်လိုက်ပါ ပြီးရင် ခုနက ရေဆေးထားတဲ့မှိုတွေနဲ့ တူတူဆီကျန်ရေကျန်လေး ကြော်လိုက်ရင် မှိုကြော်တခွက်ရပြန်တာပေါ့နော်

ဒါလေးကတော့ ခုနက ပေါင်းအိုးထဲကနေထုတ်ပြီးတော့ စားပွဲပေါ်တည်ခင်းထားတဲ့ ငါးပေါင်းပါ စားခါနီးကျတော့ နံနံပင် အုပ်လိုက်ပါတယ် ဘေးပုံက နံနံနဲနဲ ပြန်ဖွလိုက်တာပါ ဓါတ်ပုံရိုက်ပြီး ကြွား…..အဲလေ ပြရအောင် ငါးမပေါ်တော့လို့ ………….

မှိုကြော်နဲ့အာလူး ဆီပြန်ပါ

ဒါလေးကတော့ မောင်စားချင်တယ်ဆိုလို့ ခုနက ညနေဈေးထဲကနေဝယ်လာပေးတဲ့ ပုစွန် အစိမ်းသုပ်ပါ အကုသိုလ်တော့နည်းနည်းများပါတယ် ခုန်နေတဲ့ ရေချိုပုစွန်ဆိပ်အရှင် လေးတွေကို ပင်စိမ်းရွက် ပူစီနံ ကြက်သွန်မိတ် ရှာလကာရည် ငံပြာရည် ငရုတ်သီးမှုံ့ သံပရာသီးတို့နဲ့ နယ်လိုက်တာပါ နယ်နေတုံးတောင် ခုန်နေပါသေးတယ် တီက အဲ့ပုစွန်ဆိပ်လေးတွေထဲက အကောင်ခပ်လတ်လတ် သုံးကောင် ကိုမွေးဖို့ထုတ်ထားလိုက်ပါတယ်

ဘေးကခွက်က ခုနကတည်ထားတဲ့ သခွားသီး ဟင်းချိုပါ ငရုတ်ကောင်းနှိုင်းချင်းနဲ့ ပူပူလေးဖြစ်ပါတယ်

မယုံဘူးမှလား မယုံရင်ဒီမှာ ကြည့် မှန်ကန်မဝယ်ရသေးလို့ လောလောဆယ် ပလပ်စတစ် ပုံးလေးနဲ့ပဲထည့်ထားလိုက်တယ် အဟိ ဘာပဲ ပြောပြော အသက်၃ ချောင်းကယ်လိုက်ပြီ (စကားကပ်ပြောဖို့မကြိုးစားနဲ့ တီလုံးဝ အဲ့ဒီပုစွန်သုပ်ကိုမစားဘူး)

ဘာတွေလို့ထင်ပါသလဲ တီချမ်းရဲ့ ထမင်းစားအပြီး အချဉ်ပွဲပါ ဟုတ်ကဲ့ အချဉ်ပွဲပါ (အချိုမဟုတ်ပါဘူး)

ကဲဘာတွေလဲကြည့်ကြရအောင်နော် ပထမပန်းကန်ထဲကဟာတွေက ခုနက ကလောစ်ဝိုက်စ် အတိုင်းပဲနော်

အပေါ်ကပန်းရောင်ခွက်ကလေးက မက်မှုံသီးစေ့ နဲ့လုပ်ထားတဲ့ ဆားပါ အချိုရည်စိမ်ထားတဲ့မာလကာသီးနဲ့တွဲစားဖို့ပါ နောက်တခွက် ကပ်ရက်က ငရုတ်သီး အချိုမှုန့် ဆား အစုံနယ်ပါ ကြိုက်တာနဲ့တို့စားရပါတယ် နောက်တခွက်ကတော့ တီ့ စပယ်ရှယ် ငံပြာရည် ငရုတ်သီး စိမ်ပါ ငရုတ်သီး အကျက်မှုန့်ကို ငံပြာရည်ထဲမှာ စိမ်ထားတာပါ ငံပြာရည်ထဲကျသွားတဲ့ငရုတ်သီးမှုန့်တွေက သရက်သီးစိမ်းအချဉ်နဲ့အသေကောင်းပါတယ် လိုက်မှလိုက် ခုပြန်ရေးနေရင်းနဲ့တောင် သွားရည်ကျသေး အဟေးဟေး နောက်ဆုံးတခွက်ကတော့ ဆားနဲ့ သကြားနဲ့ ငရုတ်သီးမှုံနဲ့ပါ ခုန ဒုတိယတခွက်နဲ့ ဘာကွာလဲဆိုတော့ ခုနခွက်က တီတို့ ကိုယ်တိုင်လုပ်ထားတာပါ အချိုမှုန့်ပါပါတယ် ခုတခွက်က ရောင်းတဲ့လူပေးတာပါ အချိုမှုန့် မပါပါဘူး ပြီးတော့ ခုတခွက်က ဇီးဖြူသီးနဲ့ စားရင်ဂွတ်ရှယ်ပါ

အဲဘေးကတပုံကတော့ တီ့လုပ်ထားတဲ့ ရှမ်းပြည်ဘက်မှာစားတဲ့ အမှုံ့ပါ ငရုတ်သီး ဆား အချိုမှုန့် နဲ့ ပဲပုပ်ထောင်းထားတဲ့အမှုန့်ကိုထည့်မွှေထားတာပါ ကြိုက်တတ်တာနဲ့စားကောင်းပါတယ် ငါးကင်လေးနဲ့စားရင်လဲ အသေကောင်းတာပါပဲ လောလောဆယ်တော့ သရက်သီးစိမ်းနဲ့ စားပါမယ် ရှလွတ်…………….

ကဲအောက်မှာရှူ…………………………..

Clockwise အတိုင်းပဲနော် မာလကာသီး နှစ်မျိုးပါ အခွံပါတာက ရိုးရိုး အခွံခွာထားတာက အချိုရည်စိမ်
ပြီးတော့ ဆားရည်စိမ် ဇီးဖြူသီး နောက်တော့ သရက်သီး ………………ဒီလိုစားပါတယ်နော်

ကဲလီရှောင်ချမ်းရဲ့အရှူပ်အရှင်းတရုတ်ဟင်း အစီအစဉ် ဤတွင်ပြီးဆုံးပါပြီ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေရှန်…………………..
3:41 am
12th December 2009
home
bangkok

menu…?

စလုံးလာဖြစ်ခဲ့ရင်……
ဒေါ်ရီတာ တောင်းဆိုချက်အရ…..
မန်နူးဆွဲပါမယ်
ဘာစားချင်ကြပါသလဲ?
နေရာကောအဆင်ပြေပါ့မလား
မီးက အိုးကြီးပဲချက်တတ်တာနော်….

MENU
Appetizers

Main course

Dessert

  • Coffee or tea or me, Sir?

ဒီလိုပေါ့နော်…. စားချင်တာတွေကို ကွန်မန့်မှာရေးခဲ့ကြပါနော်…. အဆင်ပြေရင်ချက်ကျွေးမယ် မပြေရင်လဲမုန့်ဝယ်ကျွေးပါ့မယ်တော်…….
လောလောဆယ်တော့
ချက်ရမှာပျင်းလို့အလွယ်တကူလုပ်စားလိုက်တဲ့ ကြက်ဥပေါင်းလေးနဲ့ကျေနပ်လိုက်ကြအုံးနော်…..

လုပ်ရတာအရမ်းလွယ်ပါတယ် စားလို့လဲအရမ်းကောင်းပါတယ် ပထမဆုံး အသားတောက်တောက်စင်းထားပါ (ဝက်) တီကတော့အလွယ် မားကက်ကပဲ စင်းပြီးသားဝယ်ပါတယ် ပြီးတော့ ကြက်ဥ သုံးလုံးထည့်ခလောက်ပါတယ် ဆား ၊အချိုမှုန့် နဲ့ ငရုတ်ကောင်းမှုန့် ထည့်ခေါက်ပါတယ် ပြီးရင်တော့ ရေနည်းနည်းထည့်ပြီး နှံ့အောင်မွှေ ရေတည်ထားတဲ့အိုးထဲမှာ ၁၀ မိနစ်သာသာလောက်ပေါင်းလိုက်ရင် အနံ့အရသာ နဲ့ပြည့်စုံကောင်းမွန်တဲ့ ကြက်ဥပေါင်းတခွက်ရပါပြီ အရေးကြီးတာတချက်က ကြာကြာမပေါင်းမိဖို့လိုပါတယ် ကြာကြာပေါင်းရင်ပျင်းလာရော လင်မယားတွေလို အဲလေ ဘာတွေပြောနေမိပါလိမ့်….
ကြာကြာပေါင်းရင် ကြက်ဥက မာသွားတတ်တော့ စားမကောင်းပါဘူး ၁၀ မိနစ် ဆိုရင် အတော်ပါပဲ အိပြီးနူးနေပါမယ် ဒီလိုလေးပါ…

တီကတော့ ပျင်းရင် ဒီလိုပဲ ခပ်စားလိုက်ပါတယ် ထမင်းပေါ်ပုံပြီးတော့ပေါ့ ရေနဲနဲထည့်ထားတဲ့အတွက် ပေါင်းလို့ကျက်သွားတဲ့အခါကျရင် အသားတွေက အောက်မှာဒီလိုထိုင်သွားပါမယ် အပေါ်မှာ ကြက်ဥလေးပဲပေါ့

လုပ်ရတာအရမ်းလွယ်ပြီး စားကောင်းအဆင်ပြေတဲ့ဟင်းလေးတခွက်ပါနော်….
ပျော်ရွှင်ကြပါစေ….

ချစ်တီချမ်း….
6:43 pm
7th December 2009
home Bangkok