အာလူး အစပ်မွှေကြော်

တီချမ်းတယောက် ဟင်းမချက်တာတော်တော်ကြာနေပါပြီ။ ဟင်းတင်မချက်တာ မဟုတ်ပါဘူး။ ပိုစ့်လဲ မတင်ဖြစ်ပါဘူး။ ပြန်ခါနီးဆိုတော့ ပစ္စည်းတွေလဲသိမ်းရ၊ ဝယ်စရာ ခြမ်းစရာတွေလဲ လုပ်ရ၊ ကြားထဲမှာ ခဏ ပြန်ဖို့ လဲ လုပ်ရ၊ လက်မှတ်ဘွခ်ရ ခွင့်ယူဖို့လုပ်ရ၊ အို စုံတကာစိနေတာပဲ၊ သူငယ်ချင်းနဲ့ တောင် ပြောဖြစ်နေသေးတယ်
နောက်တခါ “အပြင်ထွက်” အလုပ်လုပ်ဖြစ်ရင် ဘာမှ (ဘာဆိုဘာမှ) မဝယ်တော့ဘူးလို့။ ထားတော့။

စာရေးဖို့ကလဲ စိတ်က မပါပါဘူးလေ။ ပြန်ရောက်ရင် ဘယ်လို ဆက်ရေးမလဲ မပြောနဲ့ ခု ဒီမှာ ရှိနေတာတောင် မရေးဖြစ်တာကြာပေါ့။ ခုနောက်ပိုင်း ဘလောခ်ဂါတွေစာမရးပဲ ရန်ဖြစ်တာ ခေတ်ပြန်စားနေလို့ ကိုယ်လဲ ရန်ပဲ လိုက်ဖြစ်ရမလားတောင် စဉ်းစားနေမိတယ်။

ကဲပါလေ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ ဟင်းလေးချက်ပြီး အေးအေးတင်တာပဲ ကောင်းပါတယ် ဆိုပြီး ……

ခုတလောတော့ အာလူး စားချင်စိတ်ကလေးဖြစ်နေတာပါ။ နောက် ကြက်ကြော်ကိုပဲ ထမင်းကြမ်းနဲ့ စားနေတာ ဒီ တပတ်ထဲ ၄ ခါ မကတော့ဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်ရောက်နေတော့ သူ့ကို ကြေးအိုးလုပ်ကျွေး
သေးတယ်။ အရင်တခေါက်လုပ်ပြီး ပုံတွေတင်တော့ သူက စားချင်တယ် ဘလောခ်မှာလာအော်တာနဲ့လေ။ ချက်နည်းကတော့ ဒီမှာပါ။ ထားတော့ ခုတလောတော့ ရိုးရိုးလေးပဲ စားချင်နေတယ်။ အဲ့တာနဲ့ပဲ…..

ပြီးတော့ ခုနောက်ပိုင်းက ချက်ပြီးသမျှဟင်းတွေကို ဖဘ မှာပဲ အလွယ်တကူတင်လိုက်တော့ တကူးတက ချက်နည်း ဘလောခ် မရေးဖြစ်နေတာတာလဲပါတယ်။ ဖဘ က ပုံတင်ရပိုလွယ်တာကိုး။ ဘလောခ်ဂါက ပုံတင်ရခက်တာရယ် ခုနောက်ပိုင်း ဖီချာ ပြောင်းတာကို မုန်းနေတာရယ်နဲ့ ဘလောခ်ဘက်မလှည့်ဖြစ်တာတောင် ကြာပေါ့။ အဲ့လိုပါ အကြောင်းတွေစုနေတာပါ။

တနေ့ကတော့ လွယ်ကူစားမြိန်ဆီက ပိုစ့်တွေ လိုက်ဘတ်ရင်း သူ အာလူး ချက်တာတွေ့တော့ စားချင်စိတ်ဖြစ်ပါတယ်။ သူ့တောင် ချက်ကျွေးဖို့ ပြောသေးတယ်။ ကိုယ်လဲအရင် ကိုယ် တရုတ် ကုမ္ဗဏီ တခု မှာ လုပ်တုံးက မိတ် (ကရင်မကြီး) က ချက်ကျွေးတဲ့ အာလူး ဟင်းကို သတိရသွားပါတယ်။ ချက်ရတာလဲ အရမ်းလွယ် မွှေးတေးတေးနဲ့ မို့ စားလို့လဲအရမ်းကောင်း။ အာလူး ကြိုက်ရင်တော့ ချက်စားကြည့်သင့်တဲ့ ဟင်းတမျိုးပါပဲ။ နည်းကတော့ တရုတ်နည်းထင်ပါတယ်။ တီချမ်း ချက်တော့ တီချမ်းနည်းပေါ့နော်။ ကဲ ကြည့်ရအောင်။

ပထမဆုံး အာလူးနှစ်လုံး (ကြိုက်သလောက်) ကိုပြုတ်ပါ။ အခွံသင်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ချေထားပါ။ အာလူး ပြုတ်တဲ့ အခါ ကျက်မကျက်သိရအောင် တူနဲ့ ထိုးထိုးကြည့်ပေးပါ။ ထိုးလို့ အောက်ထိပေါက်ရင် ရပါပြီ။ ဒီက အာလူး တွေက မြန်မာပြည်လို မဟုတ်ဘူး နိုင်ငံခြားကနေ လာသေးတာ ထင်တယ် ကြီးမှကြီးပဲ။ပြုတ်တာကျက်ရင် ရေအေးနဲ့ ဆေးချလိုက်ပါ သို့ ရေအေးစိမ်ထားလိုက်ပါ။ ပြီးတော့မှ ယောက်ဇွှန်း နဲ့ ချေပေးပါ။ အဲ့လို မလုပ်လို့ လက်ပူလောင်ရင် တီ့ကို လာမပြောပါနဲ့။

နံနံပင်တွေကို အပါးဆုံး တတ်နိုင်သလောက် လှီးထားပါ။ အမှန်က ကြက်သွန်မိတ် နဲ့ မှ ပိုမှန်မှာ ခုတော့ ကြက်သွန်မိတ်မရှိတော့ ရှိတဲ့ နံနံပင်နဲ့ အဆင်ပြေလိုက်ရပါတယ်။ သူလဲ တမျိုးတော့ မွှေးတာပါပဲ။ နောက် လိုတာက ကြက်သွန်ဖြူ ကြိတ်ထားတာရယ် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာရယ်။ နောက် ဂျင်း ကိုလဲငရုတ်သီးစိမ်းလိုပဲ ပါးပါးလှီးထားပေးပါ။ ခုတော့ ဂျင်းလဲ မရှိတော့ ငရုတ်သီးပဲ နည်းနည်းပိုထည့်လိုက်တယ်။
အဲ့တာတွေအကုန် အသင့်ပြင်ထားပြီးရင် ကြော်တဲ့ စခန်းစပါမယ်။

မကပ်တဲ့ အိုးကိုသုံးပါ။ အဆင်ပိုပြေပါမယ်။ မရှိရင်တော့လဲ ရှိတာပဲသုံးပေါ့။ မကပ်တဲ့ အိုးရှိကိုရှိမှ မဟုတ်ပါဘူး။ ဆီထည့်ပါ။ နည်းနည်းလေး ပိုထည့်ပါ။ အာလူးက ဆီကို စုပ်မှာ မို့လို့ပါ။ ပြီးရင် ဆီကို ပူအောင်တည်ပါ။ ဆီနည်းနည်း စပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို အရင်ထည့်ပါ။ မွှေးလာအောင် ကြော်ပေးပါ။ မတူးပါစေနဲ့။ ကြက်သွန်လေးတွေ နည်းနည်းလေး အရောင်စပြောင်းစပြုပြီဆိုရင် ရပါပြီ။

ကြက်သွန်အရောင်းစပြောင်းရင် ခုနက ချေထားတဲ့ အာလူးတွေကို ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ နောက် ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါ။ ပြီးရင် ခဏဆက်မွှေပေးပါ။ အာလူးက ကျက်ပြီးသားဖြစ်တဲ့ အတွက် အကြာကြီးမွှေစရာမလိုပါဘူး။ နှံအောင်မွှေပေးယုံပါပဲ။ ပြီးရင် နံနံပင် လေးတွေ ထည့် မျှအောင်မွှေ ပြီးတာနဲ့ အိုးချလို့ရပါပြီ။

ပုံကိုကြည့်ပါ။ သူ့ချည်းပဲ စားလို့ ကောင်းပြီး အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားရင်လဲသိပ်ကောင်းတဲ့ အိုအိရှိပါပဲ။ အမှန်က ဂျင်းပါရင် ပိုမွှေးမှာ ဖြစ်ပေမယ့် ခုတော့ သရုတ်သီး များများလေးကြောင့်လဲ အရမ်းမွှေပါတယ်။ ပေါင်မုန့်ကြိုက်တဲ့ သူဆို ပေါင်မုန့်ကြားမှာ ညှပ်စားလဲ ကောင်းတာပါပဲ။ ပိုပြီး ဘိုဆန်တာပေါ့ ပေါင်မုန့် နဲ့ အာလူးနဲ့ ဆိုတော့ ကာဘိုဟိုက်ဒရိုတ်တော့ ရီဒန်ဒန့် ဖြစ်နေမယ်။ သို့သော် ကိစ္စ မရှိဘူး -င်ကြီးရင် ၁) ပြလို့ရတယ်။ ၂) အကိုကာလသားတွေကြိုက်တယ် ၃) သင်္ကြန်မှာ ဖော်ချွတ်ပြီး ဝတ်လို့ရတယ်။ ဝင်း ဝင်း ဝင်း ပဲ။

ဒီလောက်ဆိုရင် ပရိတ်သတ်တွေ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ နောက်နေ့မှ ကြက်သား ဘူးသီး ပြွန်း (ကာလသားကြက်) ကိုတင်ပေးပါအုံးမယ်နော်။

A Chen
12:07AM
Wednesday
2nd May 2012
Home
Bangkok

ကျွေးမယ်ပြောထားတဲ့ ရှမ်းအာလူးထမင်းချဉ်……း)

အရင်တနေ့ က အားလုံး ကိုကတိပေးထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်။
အထွေအထူးရေးချင်စိတ်လဲမရှိပါဘူးလေ…..(စိတ်မချမ်းသာပါ လောလောဆယ်..း(……….)
အဲတော့ မြန်မြန်ပဲ ပြောပြမယ် ဘယ်လိုချက်ရလဲ ဆိုတာ…………….

ပထမ ဆုံး အာလူးတွေကို ကြိုတင်ပြုတ်ထားပါတယ် နောက် ကျက်မကျက်သိရအောင် တူလေးနဲ့ ထိုးထိုးပြီး စမ်းပါတယ်။ ရပြီဆိုရင်တော့ အအေးခံထားပြီး ခုပုံမှာပြထားသလို အခွံခွာပြီး ကြေနေအောင်ချေထားပါတယ်။

နောက်တော့ ခရမ်းချဉ်သီးလေးတွေ ကို ပထမ ရေနဲ့ အရင် ပြုတ်ပါတယ်။ နောက် အခွံလေးတွေ ခွာထားပါတယ် ပုံမှာပြထားတဲ့အတိုင်းပါ။ နောက်တော့ ဆီလေးနည်းနည်း ထည့်ပြီး ဆား အချိုမှုန့်၊ နနွင်းမှုန့် သင့်ရုံထည့် ဟင်းအနှစ်လေးတွေဖြစ်သွားအောင် ချက်ပေးပါတယ်။

ဒါကတော့ အာလူးထမင်းနဲ့ စားဖို့ ငရုတ်သီးကြော်ထားတာပါ။
ပြီးတော့ ကြက်သွန်နီ ကို ပါးပါးလှီး ပြီးတော့ ကြွတ်ကြွတ်လေးရအောင်ကြော်ယူပါတယ်။ နောက်ဆီပူအိုးကနေ ကြက်သွန်နီကြော်တွေ ကိုဆယ်ပြီးအအေးခံပါတယ်။ ဖြစ်နိုင်ရင်တော့ ကြက်သွန်နီ ကို တင်ကြို လှီးထားပြီး နေလှမ်းထားနိုင်ရင်ပိုကောင်းပါတယ်။ နောက်ကြက်သွန်ကြော်ဆီကို အာလူးထမင်းနဲ့ စမ်းစားဖို့နည်းနည်းချန်ထားပါတယ်။
နောက်တဆင့်ကတော့ အရေးကြီးတဲ့ ထမင်းနယ်အဆင့်ပဲဖြစ်ပါတယ်။ ခုန က ချက်ပြီးအအေးခံထားတဲ့ ထမင်း ရယ်၊ ပြုတ်ပြီးချေထားတဲ့ အာလူးရယ်၊ ချက်ထားတဲ့ ခရမ်းချဉ်သီးအနှစ်ရယ် စတာတွေကို ဇလုံကြီးကြီး တခုထဲမှာ ထည့် ပြီးတော့ ဆား နဲ့ အချိုမှုန့်သင့်ရုံထည့် ပြီး နယ်ဖတ်ရပါတယ် နယ်တဲ့နေရာမှာ တနေရာ ထဲကိုဦးတည်ပြီး လှည့်လှည့်နယ်ပေးရင် ပိုကောင်းပါတယ် အာလူး၊ ခရမ်းချဉ်အနှစ် နဲ့ ဆား၊ အချိုမှုန့် စတာတွေ ပိုပြီး သမ မျှတအောင်ပါ။ နယ်ရင်းနည်းနည်းမြည်းကြည့်ပြီး အရသာ ကို လိုတိုး ပိုလျော့ လုပ်ပါတယ်။
ရပြီဆိုရင်တော့ အလုံးလေးတွေ သင့်အောင်လုံးပြီးပြင်ထားရင် စားလို့ရပါပြီ။
အာလူးထမင်းနဲ့တူတူ စားဖို့အတွက် က ဂျူးမြစ်ရနိုင်ရင်အကောင်းဆုံးပါ မရရင် ဆလတ်ရွက်စတာတွေနဲ့ လဲ နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။ ခုလဲ တီ က အဲတာတွေ တခုမှအလွယ်မရနိုင်လို့ အလွယ်ရတဲ့ သခွားသီးလေးနဲ့ ပဲ ဖြစ်သလိုလွေးပါတယ်။ နောက်တီ ကြိုက်တတ်လို့ နံနံပင်နဲ့တွဲစားပါတယ်။ ပိုစားကောင်းအောင် ကြက်သားကြော်လေး ၀ယ်တွယ်ပြန်ပါတယ်။
အောက်မှာတော့ မစားခင် ဒီလိုပြင်ဆင်ထားပါတယ်
ကြက်သွန်ကြော်နဲ့ ငရုတ်သီးတောင့်ကြော်ပါ။
သခွားသီးနဲ့ နံနံပင်ပါ။

ကြက်ကြော်ပါ။

ကဲ အခုလိုဆိုတော့ စားသောက်ချင်စဖွယ် ပြင်ဆင်ထားတဲ့ ရှမ်းရိုးရာ အာလူးထမင်းချဉ်ပါ။ တချို့ကလဲ ကြိုက်တတ်ရင် ငါးနဲ့ချက်လို့ရပါတယ်။ တီကတော့ လူမျိုးဘာသာမရွေး အားလုံးစားလို့ ရအောင် သတ်သတ်လွတ်ပဲလုပ်ထားတယ်လေနော်။ ပြီးတော့ တီက ဒါပထမ ဆုံးအကြိမ်ချက်ကြည့်ခြင်းပါ။ အဆင်ပြေပြေစားလို့ဖြစ်တဲ့အပြင် တော်တော်လေးကို အရသာရှိတာတွေ့ရပါတယ်။ (တယ်တော်တဲ့ ငါပါလားနော်…ယောင်းမတော်ချင်တဲ့ မောင်ရှိအစ်မတွေ၊ တူမတော်ချင်တဲ့ တူရှိအဒေါ်တွေ၊ မရီးတော်ချင်တဲ့ အကိုရှိ ညီမတွေ၊သမီးချွေးမ တော်ချင်တဲ့ သားရှိအမေတွေ တိုးတိုးတိတ်တိတ် ဆက်သွယ်ကြနော် နံပါတ်စဉ်အလိုက်တွေ့ဆုံပေးမယ် အားလုံးကို…ခိခိ) နောက်တခု က ချက်တဲ့နေရာ မှာ တီ က တီ့အမေ ချက်ကျွေးတာ မြင်ဖူးနေကြအတိုင်း သတိရတာလေးတွေထည့် ဖြည့်ချက်ရတာပါ။ ကိုယ်တိုင်တောင်တခါ မှမလုပ်ဖူးဘူးလေ ဒါက ပထမ ဆုံး….း)။ ခုတော့………………အားလုံးကို စားစေချင်လို့ ကြိုးစားပမ်းစားချက်ထားပါတယ်။ စားသွားကြနော်။ နာမည်တွေ တပ်ပြီးမခေါ်တော့ဘူး တော်ကြာ ကျန်ခဲ့တဲ့သူတွေ က ဘယ်သူ့တော့ မခေါ်ဘူးပေါ့လေ…. ဘာလဲမကျွေးချင်ဘူးလား………. စသဖြင့် စကားနာထိုး စကားများ စကားရှုပ်ရတာတွေကြောင့်ပါ။
ဖတ်မိတဲ့ သူတွေ အားလုံးကို စေတနာရှိရှိကျွေးတယ်လို့ပဲမှတ်ပါနော်။

ပိုစ့်ကို အခု သူငယ်ချင်းတွေ အားလုံးပြန်သွားမှရေးရလို့ စောင့်ပြီးစားချင်တဲ့သူတွေ ကိုလည်း တခါတည်းတောင်းပန်လိုက်တယ်နော်။
အားလုံးကိုချစ်တဲ့ တီချမ်း
A Chen
1:25 am
1st May 2009 (May day)
Home
Bkk