ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ….ငှဲငှဲငှဲ…….(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး………(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။

ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်……

ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း…..ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့……………. (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်….ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။

ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။

ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ… အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။

ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။

ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။

ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။

ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု……

ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။

ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။

ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။

ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။

ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

ဘန်ကောက် ချမ်းချမ်း နန်းကြီးသုပ်

ကဲ နောက်ထပ် တခုခု လုပ်စားကြဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီတခါတော့ တနေ့က လုပ်စားမယ်လို့ ပြော ထားတဲ့ နန်းကြီးသုပ်ပါပဲ။ အရင်ကလဲ တခါ လုပ်စားဖူးပါတယ်။ မဘတ်ဖူးသေးသူများ ဒီမှာ ပြန်ဘတ်ပါနော်။

ဒီလိုပဲ တနေ့တနေ့ တခုပြီးတခု လုပ်စားရင်းနဲ့မှ မြန်မာ အစားအစာတွေက လုပ်ရတာ တော်တော်လွယ်တာပဲ လို့ သတိထားမိပါတယ်။ မြန်မာဟင်း မုန့် အသုပ် ဘာဘာညာညာ တော်တော်များများမှာ အဓိက မိန်းက ကြက်သွန်
ဖြူနီ ဆီချက်ပါပဲ။ ကိုယ်လဲ ဒီမှာ လာအလုပ်မလုပ်ခင်က ဘာမှ မတတ်ပါဘူး။ အိမ်မှာက အခန့်သားနေရတာပါ
ခြေမွှေးလက်မွှေးမပြောနဲ့ဘာမွှေးမှ မီးမလောင်ဖူးပါဘူး။ ရေတောင် အိမ်ဖော် ခပ်ပေးတာ သောက်တာပါ။ ခုတော့ လင်လဲ ရကော အကုန် လုပ်ရတော့တာပဲ။ အိမ်ထောင်မှု ဘုရားတည် မှလား အိမ်ထောင်ကျတယ် ဆိုတာ တကယ်တော့ အိမ်ဖော်ဖြစ်တာပါပဲ။ ဒါတောင် ကိုယ်က လင်ကို နိုင်ပေလို့မဟုတ်လို့ကတော့ ………ဟွင်းဟွင်း..
ခုတော့လဲလုပ်ရင်းလုပ်ရင်းနဲ့ တော်တော် တတ်ကျွမ်းလာလို့ စာဘတ်သူတွေ ကတောင် တီချမ်း ဟင်းချက်စာအုပ် ထုတ်ပါလားလို့တောင် ပြောလာကြတဲ့ အဆင့်ကိုရောက်နေပြီပေါ့နော်။ နောက် တီချမ်း ယုံလဲယုံကြည် ကျင့်လဲ ကျင့်သုံးတဲ့ မိုတို နောက်တခုက ဘာလဲဆိုတော့ “ဘယ်သူမှ မွေးကတည်းက မတတ်လာဘူး” ဘာမဆို လေ့လာ ချင်တဲ့စိတ် သင်ယူချင်တဲ့ စိတ်သာရှိပါစေ ဖြစ်ရမယ် လုပ်နိုင်ရမယ် ဟစ်တလာဆိုတဲ့ ငပုကလေး ပြောတဲ့ အတိုင်း ပဲ မဖြစ်နိုင်တာ ဘာမှ မရှိ မဖြစ်သေးတာပဲ ရှိမယ်။ အဲ့တော့ စာဘတ်သူ တွေလဲ လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်
……..

ကဲ စကားတွေလဲများပြီးပြီ ဆိုတော့ စချက်လိုက်ကြရအောင်နော်……

နန်းကြီးသုပ်မှာ အဓိကကတော့ တီထင်တာ ပဲမှုန့် နဲ့ အသားဟင်းပါ။ ဒီတခါတော့ မောင်လဲ စားလို့ ရအောင်လို့ နန်းကြီးသုပ်ကို ကြက်သားနဲ့ မချက်ဘဲ ဝက်သားနဲ့ ချက်ကြည့်ပါတယ်။ ထုံးစံအတိုင်း အရည်ကြည် ဟင်းချို တအိုး ကို ဝက်နံရိုးနဲ့ တည်ထားလိုက်ပါတယ်။ အရည်ပိုချိုအောင် အရိုးကြမ်း လဲ ထည့်လိုက်တယ်။ နောက်ပြီးတော့ နံရိုး ကို အသားလေးတွေနွှင်လိုက်တယ် ဟင်းအနှစ်ချက်ရအောင်လို့….ပြီးတော့ ဝက်သား ကီလိုစိတ်သားလောက်ကို အရည်ထဲမှာပဲ ထည့်ပြုတ်ထားတယ်။ ပြီးတော့ အသားတုံးကို အမျှင်လေးတွေ ဖြစ်အောင်နွှင်ထားလိုက်ပါတယ်။ အသားနွှင်ထားတဲ့ ပုံကို ရိုက်ဖို့ မေ့သွားတယ်။ အောက်က ချက်တဲ့ အိုးထဲမှာ ကြည့်လိုက်ပါ။ တချို့ကလဲ ဝက်သား ကိုတုံးပြီး ချက်လဲရတယ်။ တီကတော့ ပြုတ်ပြီးနွှင်တာကို ပိုကြိုက်လို့ အချောင်းချောင်းလေးတွေဖြစ်လို့လေ။

ကဲ ချက်ပါမယ်။ ကြက်သွန်ဖြူနီကို လိုသလောက် ကြိတ်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ ထည့်၊ အရောင်တင် မှုန့် နနွင်းမှုန့်ထည့် ကြက်သွန်ဖြူနီ ကျက်ရင် အသားလေးတွေထည့် ပြီးတော့ ဆား အချိုမှုန့်ထည့် ပြီးတော့ ခဏ
မွှေပေးပါ။ အသားတွေ ကျက်လောက်ပြီဆိုရင် ခုနက အရိုးပြုတ်ဟင်းရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီပျံ လာတဲ့အထိတည်ပေးပါ။ ဆီလေး နည်းနည်းပိုထည့်ပါနော် အသုပ်နယ်တဲ့အခါ ပိုထည့်ရအောင်လို့။ ပုံကိုကြည့်။

တခြားပြင်ဆင်စရာရှိတာလေးတွေလဲ ပြင်ထားရအောင်ပါနော်။ တချို့က အချဉ်ကို မန်ကျည်းရည်လေးနဲ့ စားချင်
တယ်ဆိုလို့ မန်ကျည်းရည်လေးလဲ ပြင်ထားပေးပါတယ်။ တီကတော့ သံပရာသီးနဲ့ ပိုကြိုက်တယ် အချဉ်ချင်းတူတူ ပိုမွှေးလို့ တချို့အသုပ်တွေက မန်ကျည်းရည်နဲ့ လိုက်ပေမယ့် နန်းကြီးသုပ် တို့ ဝက်သားချဉ်သုပ်တို့ကတော့ သံပရာသီးနဲ့ မှလိုက်တယ်ထင်ပါတယ်။ သို့သော်လဲ လူတကိုယ် အကြိုက်တမျိုးဖြစ်တဲ့အတွက် နှစ်မျိုးလုံး ပြင်ပေး
ထားတာပေါ့နော်။ နောက် ကြိုက်တဲ့သူတွေ ထည့်စားလို့ ရအောင် ကြက်သွန်နီကိုလဲအကွင်းလေးတွေ လှီးပေး ထားပါတယ်။ မှတ်ချက် တီကတော့ နန်းကြီးသုပ်ထဲမှာ ကြက်သွန်ထည့်သုပ်တာ “လုံးဝ” မကြိုက်ပါ။

ဒါကတော့ တနေ့က စာဘတ်သူတယောက်က အရင် မန္တလေးသွားတုံးက စားတဲ့ နန်းကြီးသုပ် ပိုစ့်မှာ ကွန်မန့် လာရေးတာနဲ့ ပြန်ကြည့်တာ သူတို့က ငါးဖယ်လုံးလေးတွေ ထည့်တာတွေ့ပါတယ် (မှတ်ချက် တီက ငါးဖယ် ကိုအဲ့လို လုံးတာလဲ မကြိုက်ပါဘူး) အဲ့တော့ ဝက်သားလုံးထည့်ပါတယ်။ ဘာထည့်ရမယ် ဘာမထည့်ရဘူး စည်းမျဉ်း စည်းကမ်း မရှိဘူးလေနော် ကြိုက်တာသာထည့်။ လိုလျှင်ကြံဆ…….ဘာဖြစ်လဲပရိတ်သတ်ကြီး……… (မိုက်ကို ပရိတ်သတ် ဘက်လှည့်လိုက်တယ် ပြီးတော့ ရေတခွက်ပြေးသောက်တယ်)

အခု ဒီမှာ (ထိုင်း) က နန်းကြီးဖတ် ကိုဖရက်ရှ် မရလို့ ကျိုင်းတုံဘက်က ရှမ်းခေါက် မြီးရှည်ခြောက်ကို ရေစိမ်ထား၊
ပြီးတော့ ပြုတ် တော်တော်ကြာကြာ ပြုတ်ရပါတယ်။ သူကတော်တော်မာတာကိုး။ အရင်တခါ လုပ်စားတုံးကလဲ နန်းကြီးဖတ်မရလို့ ဗီယက်နမ် ခေါက်ဆွဲ “ဖာ” (English လို ဘိုသံနဲ့ FUR လို့ ထွက်ပါ မြန်မာသံပီပီသသ မထွက် ပါနဲ့) နဲ့လုပ်စားရပါတယ်။ ပြုတ်ပြီးလို့ နန်းဖတ်တွေ ရပြီဆိုရင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။

ဘဲဥအစားကြက်ဥပဲ ပြုတ်လိုက်တယ်နော် နောက်ပြီးတော့ ခွာပြီး သေးသေးလေးတွေလှီးထားပါ။ ထည့်နယ်လဲ ရတယ် ဖြူးပြီးစားလဲရတယ် တီကတော့ ထည့်လဲနယ်မယ် ဖြူးပြီးလဲ စားမယ်။

ဒါကတော့ ပွဲပြင်ခါနီးပါ။ ခုနက ကြိုပြင်ထားတဲ့ ကြက်သွန်နီ အကွင်းကြီးလှီး၊ မန်ကျည်းရည် ဝက်သားလုံးပြုတ်တို့ အပြင် ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ နောက် မနက်က နံရိုးကနေ ခွာထားတဲ့ ဝက်သား (ဖြူးစားဖို့ပါ) ဆီချက်၊ ဆား အချိုမှုန့် ငရုတ်သီး အကျက်မှုန့်၊ နံနံပင်စတာတွေ လိုပါမယ်။ မုန့်ကျွတ်ကြော်ကိုတော့ မောင်လဲမကြိုက် ကိုယ်လဲ မကြိုက်သလို အလွယ်လဲ မရှိတာနဲ့ မထည့်တော့ပါဘူး။ သူက တကယ်တော့လဲလှပဲလှတာ အရသာလဲမရှိဘူး။ တကယ်လို့ အဲ့လို ထည့်စားမယ် ဆိုရင် ကိုယ်ကတော့ မုန့်ကျွတ်အစား တိုဟူးခြောက်ပြား ကြော်လိုပဲ ထည့်ချင် တယ်။

ဒါလေးကတော့ ပွဲလှလှလေးပြင်ထားတာပါ။ တီက သံပရာသီးနဲ့ ပြင်ပါတယ် ကြက်သွန်နီကွင်းတွေက ပုံရိုက်ရင် လှအောင်ထည့်ထားတာပါ နယ်တော့ ပြန်ဖယ်လိုက်ပါတယ်။ ဘေးကတော့ မနက်က နံရိုးပြုတ်ထားတဲ့ ဟင်းရည် ကို နံနံပင် ခပ်ထားတာပါ။ ကဲ တွေ့လား ဝက်သားလုံးလေးတွေကိုလဲ တဝက်အရွယ်တုံးလေးတွေ ညှပ်လိုက်၊ ကြက်ဥပြုတ်လေးတွေထည့်၊ အသားများများထည့် ဆိုင်ရောင်းတမ်း မဟုတ်ဘဲ အိမ်လုပ်စား ဖြစ်တဲ့ အတွက် စိတ် ကြိုက်သာ ထည့်ပါနော်။ အားမနာပါနဲ့။ အသားများလေး စားကောင်းလေ။ ဆီလေးလဲ ရွှဲပါစေနော်။

ဒါကတော့ နယ်ပြီးဖတ်ပြီးသား ပုံပေါ့။ အရမ်းအရမ်းကို စားကောင်းပါတယ်။ အိုအီရှိ၊ ကောင်းမှကောင်းပဲ။ မစားရတာကြာလို့ ထင်တယ် တော်တော့် ကိုကောင်းတယ်။ တီလဲ စားလိုက်တာ အားရပါးရ နှစ်ပွဲ ကုန်တယ်။ အသားကို အနှစ်ထဲက အသားမျှင်တွေအပြင် နံရိုးက အသားတွေလဲ ထပ်ဖြည့်စားပါသေးတယ်။ မောင်ကတောင်
ပြောနေသေးတယ် ဝက်သားနဲ့လဲ ကောင်းတာပဲနော်တဲ့။

ဒါကတော့ လမ်းထိပ်ကနေ ဝယ်လာတဲ့ ကျွဲကော်သီး အချိုပွဲပါ။

ထုံးစံအတိုင်း နန်းကြီးသုပ်စားပြီးတော့ သူငယ်ချင်းတွေ နဲ့ လေပစ်ဖို့ လုပ်ပါတယ်။ မုန့်ဖုတ်တဲ့ မမယာ နဲ့ တုတ်ထိုး ကြည်လဲ့ တို့လဲ ရောက်နေတာနဲ့ အရက်သောက်ကြမယ် ဆိုပြီး လုပ်ပါတယ်။ တီနဲ့ မယာက ဝိုင်ပဲ သောက်တယ် ကြည်လဲ့ တယောက်ထဲ အရက်ပြင်းသောက်တာ။ ကြက်ကြော် ရယ်၊ သံပရာသီး ကို အခွံနဲ့ သေးသေးလေးတွေ
လှီးထားတာရယ်၊ နောက် ၇-၁၁ ကနေ ဝယ်လာတဲ့ ရေညှိ ရယ် ပုစွန်မုန့်ရယ် အမြည်းတွေပါ။ နည သောက်ချင်နေ
ပြီမှလား။ အရင်တုံးက စီဘောက်စ်တွေမှာ ချိန်းချိန်းသောက်ကြတဲ့ ခွက်ပုန်းဘလောခ်ဂါတွေကို သတိရပါတယ်။

ပြီးတော့ ကြည်လဲ့က ဒေါ်ရီတာ ယူလာတဲ့ စလုံးရောက် မြန်မာပြည်ပေါက်လက်ဖက်ကို ပုစွန်ခြောက် နိုင်းချင်းနဲ့ ကြက်သွန်ဖြူ ပါးပါး ငရုတ်သီးစိမ်း ရိတ်ရိတ်တွေနဲ့ ဆီရွှဲရွှဲဆမ်းပြီးသကာလ နှပ်ပေးပါတယ် ရှယ်ပဲ။

အရက်သောက်တာ တစခန်းရပ်သွားတော့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ တခုပြီးတခု လုပ်စားတတ်ကြတဲ့ တီတို့ ဝါသနာ အရ မမယာ INDEX ကနေ ဝယ်လာတဲ့ ဆင်းဒွတ်ရှ် လုပ်စက်ကို စမ်းကြမယ် ဆိုပြီးတော့ ချိစ် နဲ့ ဘေကွမ် ညှပ် ပေါင်မုန့် လုပ်စားကြပါသေးတယ်။

လုံးဝ မခက်ပါဘူး။ ကိုယ့်ဘာသာ လုပ်စားရင် များများစားရပါတယ် ၇-၁၁ မှာ ဝယ်စားရင် ဈေးကြီးတယ် နှစ်ခုပဲ ရတယ်။ လိုတာက ပေါင်မုန့် နဲ့ ချိစ်ပြားနဲ့ ဝက်ပေါင်ပဲ။ ပုံကိုကြည့်ပါ။

ပြီးရင် စက်ကို အပူပေး၊ ပေါင်မုန့် ပေါ်ကို ဘေကွမ်တင် ချိစ်ပြားထပ် ပေါင်မုန့် နောက်တချပ် ထပ်ညှပ် ပြီးတော့ စက်ထဲထည့်။ ခဏ အပူပေးလိုက်ရင် ရပါပြီ။ စက်က အော်တိုဆိုတော့ မီးငြိမ်းသွားရင် ရပြီပေါ့။ ချိစ်တွေက အပူနဲ့
ပျော်ပြီး ဘေကွမ် နဲ့ ပေါင်မုန့် ကြား ဝင်သွားပါတယ်။

ထုံးစံအတိုင်း အစာပိတ် အနေနဲ့ ကတော့ ကော်ဖီပေါ့နော်။

ဒါကတော့ တနေ့လုံး ရှော့ပင်း ပတ်လာတဲ့ တီချမ်း ခြေထောက်ကို ရေနွေးစိမ်ဖို့ မောင်လုပ်ပေးတာပါ။ ပြီးတော့ လိုရှင်းလေးနဲ့ နှိပ်ပေးသေးတယ်။ မောင် တီချမ်း ကို ရတာ သိပ်ကံကောင်းတယ်နော်။ တီ့ ခြေထောက်ကို ကိုင်ခွင့် ရလို့……….ဟိဟိ။

အမှန်က ပိုစ့်က တနေ့ကတည်းက ပုံတွေ တင်ထားတာ ခုတလော အလုပ် နည်းနည်းများနေလို့ နောက်ကျပြီး တင်ဖြစ်တယ်။ ဟင်းတွေ ချက်ထားတာ ရှိသေးတယ်။ နောက်နေ့မှ နော်……..
ခုတောင် အလုပ်နဲ့ သင်တန်းပေးဖို့ Rayong ရောက်နေလို့ ………ဒီတပတ်လုံး စနေရော တနင်္ဂနွေရော အပါအဝင်
နောက်အပတ် စနေ အထိ သင်တန်း နှစ်ခု Back to Back လုပ်နေပါတယ်။ မအားတော့ သိပ်တင်ဖြစ်မယ် မထင်ဘူး။ တလောက ဟင်းချက်ထားတဲ့ ပုံတင်ပြီးသားတွေ တော့ အားရင် အားသလိုတင်ပါမယ်နော်။

A Chen
12:58 PM
Friday
24th Feb 2012
Phavina Hotel/Service Apartment
Rayong,
THAILAND

တီချမ်း နဲ့ မာလာဟင်း

ဒီနေ့တော့ အားလုံးကို ယူနန်ရိုးရာ မာလာဟင်းလေး လုပ်ကျွေးချင်ပါတယ်။ “မာလာ” ဆိုတာ တရုတ်စကားပါ။ သူ့ရဲ့ အဓိပ္ဗာယ် အနက်အကျယ် ကို ဒီမှာ တခါရှင်းဖူးတယ်နော်။ ပြန်ကြည့်လိုက်ပါ။ နောက်ဆုံး တခေါက် မြန်မာ
ပြည်က ပြန်လာတုံးက ဝယ်လာတဲ့ ရှမ်းမောမြေ မာလာဟင်းအနှစ်ထုပ် တွေကို မစမ်းကြည့်ရသေးတာနဲ့ ဒီနေ့ တော့ လုပ်စားမယ် စိတ်ကူးပါတယ်။ မောင်ကလဲ ကြိုက်လို့ စားချင်တယ်ပြောနေတာ ကြာပြီလေ။ အရွက်စုံစုံ မဝယ်ဖြစ်သေးတာနဲ့ မချက်ကျွေးရသေးတာ။ နောက် အရင်တခါ တရုတ်ပြည် ယူနန်ဘက် (ကူမင်းသွားတုံးကလဲ) လမ်းဘေးမှာ ခဏခဏ ဝယ်စားဖြစ်တာ သူတို့ က ပိုတောင်မိုက်သေး။ အရွက်မျိုးစုံကို တုတ်နဲ့ ထိုးထားတာ၊ ကြိုက်တာရွေး ချက်ချင်းပြုတ်ပြီး ချက်ချင်းနယ်ပေးလိုက် မာလာ ဟင်းဖြစ်တာပဲ။ မြန်မာပြည်မှာတော့ ရွှေလီမှာ အစားများတယ် မာလာဟင်း ကိုကြိုက်တာနဲ့ပဲသွားသွား စားဖြစ်နေတာ နောက်ပိုင်းတော့ စားရတာ မတန်လို့ မစားကိုမစားတော့ဘူး။ ခုတော့ ကိုယ့်ဘာသာလဲ လုပ်တတ်ပြီ စားလို့ လဲ ကောင်းမှ ကောင်းဆိုတော့ ဈေးကြီးပေး စားစရာမလိုတော့ဘူးပေါ့။ ချစ်သူငယ်ချင်း ဘလောခ် ဘတ်သူတွေကိုလဲ မျှပေးချင်တာနဲ့ ရေးတာပါ။ အရင်ဆုံး ပါဝင်မယ့်ဟာတွေ ပြမယ်နော်။ အမှန်ကတော့ ကိုယ်လုပ်ရင် ကိုယ့်နည်းပါပဲ။ ကိုယ်ကြိုက်တာ ထည့်ပေါ့ ပါရမှာမို့လို့ မကြိုက်တဲ့ အသီးအရွက် ထည့်ရမယ် မရှိပါဘူးနော်။ တီကတော့ ကြိုက်တဲ့ အရွက်တွေအကုန်ထည့် ပစ်တာပဲ။ အဲ့တာကြောင့်လဲ လုပ်လိုက်တာ ဘယ်လောက်ဖြစ်သွားလဲ ဆိုတာ အောက်ပိုင်းမှာ ဆက်ရှု….

ပထမဆုံး တီသပ်သပ်ထပ်ထည့်တဲ့ အရွက်လတ်လတ်ဆတ်ဆတ်တွေ အရင်ပြပေးပါမယ်။

ပန်းဂေါ်ဖီပွင့်၊ မုန်ညှင်းစိမ်း၊ ကိုက်လန်၊ ကန်စွန်း၊ မုန်ညှင်းဖြူ နံနံပင် (အမှန်က နံနံပင်က တခြားအတွက်ပါ) ပုံရိုက်တာ ရောသွားတာ ကြိုက်တော့လဲ ထည့်ပေါ့နော့ မထည့်ရဘူး မရှိသလို ထည့်ရင် မာလာဟင်းမဖြစ်တော့ ဘူးလဲ မဟုတ်ပါဘူး။ အမှန်က တရုတ်နံနံ လို တန်အိုးရွက်လိုဟာတောင် ထည့်လို့ရသေး။ မွှေးတာပေါ့။ ခုတော့ မရှိလို့။

ကောက်ရိုးမှို လတ်လတ်၊ ကြွက်နားရွက်မှို အာလူး။

ရှမ်းမောမြေ မာလာဟင်းအသင့်စားအထုပ်၊ ဇာတ်လမ်းအကျယ်လာပါမယ်နော်။ မြေပဲ ထောင်း (ဒီမှာကတော့ အသင့်လုပ်ပြီးသားအထုပ်တွေရှိတယ် လွယ်မှလွယ်ပဲ) နောက်ဆုံးကတော့ မာလာဟင်း မာလာကြက် ငါးတွေထဲ ထည့်တဲ့ မာလာခေါက်ဆွဲပေါ့။

အိုဒါကတော့ မာလာဟင်းထဲ ထည့်တာ မဟုတ်ပါဘူး မာလာဟင်းအတွက် ပြင်ဆင်နေရင် တီချမ်းဗိုက်ထဲ ထည့်တာပါ။ ဝိုင်က အရင်တခေါက် ဒေါ်သလင်း နဲ့ ခေါဝ်ရိုဝ်က (အပိုင်း ၃ နဲ့ ၄) လာပါအုံးမယ် အပိုင်း (၁ နဲ့ ၂) ကတော့ တင်ပြီးသားနော်။ ဝိုင်ခြံ သွားတုံးက ဝယ်လာတာ မကုန်သေးတာ။ နောက် ချောကလက်
ကတော့ မွေးစားသားက မားသားနေ့ တုံးက ကိုယ့်ကို သတိတရ ဝယ်လာပေးတာ။ မေးပါမယ် အလယ်ပုံက ဝိုင်ခွက်နောက်က (သေးတယ်ထင်လာလို့ လဲမလို့ကြံနေတဲ့ ၃၂ လက်မ LCD SHARP AQUOS) တီဗီ ပေါ်မှာ ပေါ်နေတာ ဘာကားလဲ၊ ဟင့်စ်ပေးမယ် ဟာသ စီးရီးကားပါ။

ဒါတွေကတော့ ရှမ်းမောမြေ အထုပ်ထဲမှာပါတာတွေပါ။ အသားတုပါမယ်၊ ပဲလိပ် ပါမယ်၊ ပဲလိပ် ခေါက်ဆွဲပါမယ်၊ မာလာခေါက်ဆွဲပါမယ်၊ ကြွက်နားရွက်ခြောက်ပါမယ်၊ မှိုခြောက် (ဘုရာစူး တပွင့်ရဲ့ တဝက်ပါမယ်)၊ ကျောက်ပွင့်ပါ မယ်၊ အသားတုပြားပါမယ်။ အလယ်ကတော့ တီခုနက ပြထားတဲ့ အသီးအရွက်တွေ လှီးချွတ် ဆားရေဆေး စစ်ထားတာပါ။ ပုံကို သေချာကြည့်ပါ ၅ မျိုးပါတယ်။ မှန်အောင်ဖြေနိုင်ရင် (၅ မှတ်)။ နောက်ဆုံးက နောက်တိုး ပင်အပ်မှို နဲ့ မိန်းမလှလက်ချောင်း (ရုံးပတီသီး)ပါ။

ဒါတွေက စိမ်ထားတာတွေကို ရေစစ်ပြီး ညစ်ထားတာပါ။ တွေ့လား အရှေ့ ပုံ ၁ က အထုပ်ပါ မာလာခေါက်ဆွဲ၊ ပဲလိပ်ခေါက်ဆွဲ၊ ပဲလိပ်တွန့်၊ ခေါက်ဆွဲဖြူ၊ အလယ်ပန်းကန် ပုံ ၂ က ကိုယ့်ဘာသာ ထပ်ဖြည့်တဲ့ မာလာခေါက်ဆွဲ၊ နောက်ဆုံး ပုံ ၃ က အသားတု ပြန်ညှပ်ထားတယ်၊ ကြွက်နားရွက်၊ ပဲလိပ် ညှပ်၊ အသားတုပြား။

ကောက်ရိုးမှို ဆေး ညှပ် နဲ့ ကြွက်နားရွက် ထပ်ဖြည့် အလတ် (အခြောက်မဟုတ် (ကြွက်နားရွက်ကိုပြောတာ))
ဘေးက ပန်းကန်ကတော့ ဘာမှ မဟုတ်ဘူး မနေ့ က ဝယ်စားတဲ့ ဝက်နားရွက်ကင်၊ ဝက်ကုတ်သားကင် မကုန်တာ ထည့်လိုက်တယ်။ အသားပါတာပေါ့ အဲ့တော့ ဘုရားစူး သက်သတ်လွတ်မဟုတ်ပါဘူးပေါ့။ ဒီလို။ ဒီလို။

ပြီးရင် အကုန်ပြုတ်ပါမယ်၊ မာတာတွေကို တအိုး ပျော့တာတွေကို တအိုး မာတာက ၁၀ မိနစ်လောက် ပျော့တာက အရောင်းမပြောင်းခင် အထိ။ ခေါက်ဆွဲတွေကိုတေ့ မသေချာရင် ဆယ်ဆယ်ပြီး လက်နဲ့ ဖြတ်ကြည့်ပါနော်။
အော်မေ့တော့မလို့ ပြုတ်နေရင်းနဲ့ မှ သတိရလို့ ပဲကြာဇံတထုပ် ပစ်ထည့်လိုက်ပါသေးတယ်။

ကဲနယ်မယ်။ နယ်မယ်ဆိုတော့ ကြည့်လိုက်တာ အိုးက အဲ့လောက်ကြီးတာ မရှိပါဘူး။ အဲ့တော့ လာထား ဇလုံး အကြီးစားနဲ့ ကစ်ပစ်မယ် လို့ဆိုပြီး အာလူး ထမင်းတို့ ရှမ်းမုန်ညှင်းချဉ်ရင်တို့ သုံးတဲ့ ဇလုံးနဲ့ ကို ကစ်ပါတယ်။ ပထမဆုံး အသားတွေ ထည့်တယ်။ မောရှမ်းမြေ မှာ ပါတဲ့ အနှစ်ထုပ်ဆိုတာ ကိုထည့်တယ်။ လက်စသတ်တော့ သူ့အနှစ်ထုပ်က ခေါက်ဆွဲထုပ်ထဲ ထည့်ဖို့ လောက်ပါတာကိုး။ မရဘူး မရဘူး တီချမ်း စကေးနဲ့ ဘယ်လိုမှ ရဘူး။ အဲ့တော့ ဘာလုပ်သလဲ တီချမ်းပဲ အီဗီ ဆီမှာ သွားကြည့်တယ် အနှစ်ချက်နည်း။ သူ့နည်းက ရှုပ်တယ်၊ အဲ့တော့ ကျိုင်းတုံက အဒေါ့်သမီး ကိုဖုန်းခေါ်တယ် သူက မာလာဟင်းလုပ်တာ နာမည်ကြီး သူတခါ နယ်ရင် တရပ်ကွက်လုံး က လာပေါင်းတယ် ဆိုပဲ။ တအိမ် တမျိုးယူလာ သူက ဇလုံအကြီးကြီးနဲ့ နယ် ပြီးတော့ တအိမ် တပန်းကန်စီ ပြန်ခွဲ ယူ ဒီလိုပေါ့။ အဲ့တာနဲ့ ဖုန်းဆက်မေးတော့ လွယ်လွယ်လေးပါကလား။ အိမ်မှာ အသင့်ရှိတဲ့ ငရုတ်သီးဆီချက်
ပြောရအုံးမယ် အိမ်က ငရုတ်သီး ဆီချက်က အမေ့ နည်းအတိုင်း ကြော်ထားတာပါ။ “မာ” (ထုံတုံတုံ ဖြစ်စေတဲ့ အသီး ကြိတ်ပြီး နည်းနည်ထည့်ထားပါတယ်) ငရုတ်သီး ဖြစ်တဲ့ အတွက်တော့ “လာ့” ပြီးသားပေါ့။ အဓိပ္ဗာယ်တွေ နားမလည်ရင် အရင်ပိုစ့် ပြန်ရှာဘတ်နော်။ ဟွန်း ဟွန်း စာမကျေ ရင် အတန်း သစ်တက်လို့ မရဘူး။ ငရုတ်သီး ဆီချက်ပြီးတော့ ကြက်သွန်ဖြူ ဆီချက်တွေ ပစ်ထည့်လိုက်သေးတယ်။ ဆီလေးနဲ့နယ်လို့ ကောင်းအောင်လို့၊
နောက်တော့ လှော်ကြိတ်ထောင်းထားတဲ့ ဝှားကျောဝ်း ခုန က ပြောတဲ့ ထုံတုံတုံ ကိုထည့်ပါတယ်။ ထမင်းစား ဇွန်း အတို ဇီးဘရား တံဆိပ် အမြီးလေးနဲ့ ကလော်ပြီးတော့ ထည့်ပါတယ်။ မောင်က “မာ” တဲ့ အရသာကိုသိပ်မကြိုက် ဘူးဆိုလို့ လျော့ထည့်ပါတယ်။ ပဲငံပြာရည် အကြည် ကလေးလေး တံဆိပ် နည်းနည် ပစ်လိုက်ပါတယ်။ ဆား အချိုမှုန့် မထည့်ပဲ သူ့အစား ဝက်မှုန့် ထည့်ပါတယ် (ခနော်တံဆိပ် ကြက်မှုန့် နဲ့တူတူပါပဲ သူက ဝက်လဲ လာတယ်) ထုံးစံအတိုင်း လင်တော်မောင်က ကြက်မစားတော့ ဝက်ပဲပေါ့။ အမှန်က နမ်းဆီ နည်းနည်းထည့်ရပါမယ်။ အိမ်မှာ က အသင့်မရှိဘူး သံလွင်ဆီပဲ ရှိတယ် အနံ့ မကြိုက်လို့ မထည့်တော့ဘူး။ တော်ကြာ ပျက်ကုန်မယ်။ တရုတ်နဲ့ အီတလီရောပြီးတော့။ ကဲ နယ်ပြီ…..

တွေ့တဲ့ အတိုင်းပါပဲ တဇလုံကြီး ကိုအကြီးစားရတာပါ။ ကလေးနှစ်ကောင် ကိုခေါ်ကျွေးတာ သားတော်မောင်က အပြင်ရောင်နေတာနဲ့ သမီးနဲ့ ကိုယ်နဲ့ မောင်နဲ့ ပဲစားကြတယ်။ ထမင်းလွတ်။ အရသာကို နယ်နေရင်း မြည်းကြည့် လိုတာထပ်ထည့်။ ပိုနေရင် မြေပဲ ထပ်ထည့်။ ဆိမ့်သွားရော။ မာမာ လာ့လာ့ လေးမှာ အရသာက ပိုပြီးအိုအိရှိ
ဖြစ်ပါတယ်။

မောင်တပွဲ ကိုယ်တပွဲ ဘေးကတော့ ကိုယ့် သံပရာရည်။ ခုနေ့တိုင်းနီးပါး သံပရာရည် သောက်ဖြစ်တယ် ပျားရည်နဲ့ ဖျော်ပြီးတော့ ၁၀ ပေါင်ကျသွားတယ် ပိုလှလာတယ်။ တကယ်ပြောတာ။

မောင် ပြောင်သွားပြီ ကိုယ်နည်းနည်း ကျန်နေတယ်။ ဟော…..မောင်ကော ကိုယ်ကော ပြောင်သွားပြီ။

မောင်က အရမ်းကောင်းလို့ ဆိုပြီးတော့ နှစ်ပွဲ စားပါတယ်။ ငါ့အချစ်ကလေး သိပ်တော်တယ် ဆိုင်လက်ရာ ထက်တောင်ကောင်းသေးတယ်ဆိုပြီး ပါးကို နမ်းပါသေးတယ်။ ဘာမှန်းလဲ မသိဘူး။ လူဆိုးပဲနော်။ ပြီးတော့ သူငယ်ချင်း တယောက် အိမ်နားက အလုပ်ဆင်းတော့ လာစားပါတယ်။ ပြန်တော့ သူ့ယောက်ျားအတွက်ဆိုပြီး ပါဆယ်ယူပါတယ်။ ပုံကိုကြည့်ပါ။

သူငယ်ချင်းနဲ့အတူမောင်က နောက်ထပ်တပွဲ ထပ်စားပါတယ်။ ကိုယ်က နည်းနည်း တို့ လိုက်ပြီးတော့ မှ နောက်ဆုံး အစာပိတ် ကော်ဖီရယ် ပေါင်မုန့် ရယ် စထရော်ဘယ်ရီ ဂျမ် ရယ် တွယ်လိုက်ပါတယ်။

ကဲ အိပ်ပြီ။ (အမှန်က ခု ရုံးကနေ ရေးနေတာ)

A Chen
2:25 PM
Friday
10th Feb 2012
Bangkok

တီချမ်း နဲ့ သက်သတ်လွတ်

ကဲကဲကဲ စားလိုက်တာ လို့ မပြောကြပါနဲ့ အပြစ်မတင်ကြပါနဲ့ မနာလိုမဖြစ်ကြပါနဲ့ အဘိဇ္ဇာ မပွားကြပါနဲ့
တီချမ်းလေးကို မေတ္တာထားကြပါ စေတနာထားကြပါ အကြင်နာပွားကြပါ မုဒိတာများကြပါ ချမ်းချမ်းလေးကို အားပေးကြပါကွယ်………တီချမ်းကွ………….ဟေး…………..ဟေး…………..

တီချမ်းတယောက် သက်သတ်လွတ်ကို ကြိုက်ပါတယ်။ ငယ်ငယ်က သာမည သွားတော့လဲ ကြိုက်တယ် အိမ်မှာ မေမေ တို့ မွေးနေ့တိုင်းသက်သတ်လွတ်စားတော့လဲ ကြိုက်တယ်။ အဖွား ဆီ အလည်သွားရင်လဲ အဖွားက ရာသက်ပန် သက်သတ်လွတ်စားတော့ ကြိုက်တယ်။ အခုတော့ တခါတခါ ရန်ကုန်ပြန်တိုင်း လသာက လမ်းမတော်ဆိုင်မှာပဲ သွားသွားစာနေရတယ်။ ကိုယ်လဲ ကြိုက်တယ် သူငယ်ချင်းတွေလဲ ကြိုက်တယ် အဲ့တော့ မကြာ မကြာ ချိန်းချိန်းပြီး သွားစားဖြစ်ကြတယ်။ ဆိုင်နာမည်က လမ်းမတော်ပါ လသာမှာ ရှိပါတယ် စာစစ်ရုံးဘေးနားမှာပါ။ စိုပြေစွာ ကိုမကြိုက်ဘူး၊ ခုတ်ဖူ ကို မကြိုက်ဘူး လမ်းမတော်ပဲ ကြိုက်ပါတယ် လသာမှာ ရှိပါတယ်။

ထားတော့ ခုဟာက တီချမ်း သက်သတ်လွတ်ချက်စားဖြစ်ဖို့ အကြောင်းဖန်လာတာကို ပြောချင်တာပါ။ တရုတ်တွေက ဘယ်နေ့တွေမှာလဲမသိဘူး သက်သတ်လွတ်ချက်စားကြပါတယ်။ ဘယ်လိုပြောရမလဲ …….
(သေချာလိုက်တာနော်)။ နောက်မှ မာမား ကိုပြန်မေးပြီး သေချာပြောမယ်။ လောလောဆယ်က ဟင်းချက်မှာနော်။ အဲ့တာကြောင့် လိုရင်းပဲ သွားမယ်။ အဲ့နေ့ က အမေတို့ ညီအမတွေ ရန်ကုန်မှာ သူတို့ ညီအမ က ၄ ယောက်ရှိပါတယ်။ သူတို့ က မောင်နှမ ၁၁ ယောက်ရှိပါတယ်။ မောထှာ။ ထားတော့ အရင်ခေတ်က တရုတ်တွေ သိပ်မွေးတယ်။ အဲ့နေ့က အော်ကစ်အိမ်ရာမှာရှိတဲ့ အမ အိမ်မှာ ညဘက်အိပ်ပြီးတော့ ဟင်းချက်ဖို့ ဖြစ်လာတယ်။ တီချမ်းကလဲ ဘလောခ် ဘတ် ပရိသတ်တွေအတွက် သေသေချာချာ ကို မှတ်တမ်းတင်လာတာပေါ့။ နော်။ ကဲ ရှု။ မျှော်။

ပဲပြုတ်ထမင်းကြော်

ဒါလေးကတော့ မနက်စောစော နိုးအလာမှာ စားဖို့ အိမ်ဖော်တွေပြင်ပေးထားတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီပါ။ ကော်ဖီကတော့ ကိုယ်သောက်နေကျ မဟုတ်တော့ ညံ့ချက်။ ပဲပြုတ်ထမင်းကြော်ကတော့ အိုကေပါပဲ။ စားလို့ ဖြစ်ပါတယ်။ ကြော်နည်းလေးပါ တလက်စတည်း ထည့်ပေးလိုက်မယ်နော်။ ဆီကို အိုးထဲထည့်ပါ ဆီပူလာရင် ပဲပြုတ် ထည့် ကြက်သွန်နီ ကြိုက်တတ်ရင် ပါးပါးလှီးထည့်၊ ပြီးတော့ ထမင်းထည့် ကြော်ပါ။ တီကတော့ အော်နားကို နည်းနည်းတူးတာကြိုက်လို့ နည်းနည်းလေး အိုးကပ်အောင် ကြော်စေပါတယ်။ တချို့ကတော့ ပဲငံပြာရည် ထည့်ပါတယ် မြန်မာတွေကတော့ နနွင်းထည့်ပါတယ်။ တီကတော့ ဘာမှ မထည့်ပါဘူး အေးရောနော်။


ခရမ်းချဉ်သီး ပန်ထွေဖျော်

ပထမဆုံး ချက်နည်းပြချင်တာက ခရမ်းချဉ်သီး ပန်ထွေဖျော်ပါ။ လုပ်နည်းက သိပ်လွယ်ပါတယ်။ ခရမ်းချဉ်သီး ကို ဖုတ်၍ သို့ ပြုတ်၍ လုပ်နိုင်ပါတယ်။ ပြီးရင် အခွံနွှာပါ။ ပြီးရင် ဓါးနဲ့ နှုတ်နှုတ်စင်းချင်စင်း မစင်းချင် ရင် ကြိတ်စက်နဲ့ ကြိတ်ပါ။ ပြီးတော့ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး စိမ်းကို ထောင်းထားပါ။ ရောပြီးတော့ ပေါ့။ အချိန်အစားကတော့ ကြည့်ကျက်သာထည့်ပေတော့။ တီ့ ထုံးစံအတိုင်းပဲ။ နံနံပင်ကို ပါးပါးလှီးထားပါ။ ပြီးတော့ ခရမ်းချဉ်သီး မွှေထဲကို ခုနက ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နံနံပင်တွေထည့်ပါ။ ပဲပုပ်မှုန့် (မရှိမဖြစ်ပါရပါမယ်) ဆား အချိုမှုန့် တို့ ထည့်ပြီးတော့ သမ မျှတအောင်မွှေပေးလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် တခွက်ရတာပေါ့။ အနံ့ ပိုမွှေးစေချင်ရင် ခရမ်းချဉ်သီး ကို ပြုတ်မယ့် အစား မီးဖုတ်ထည့်ပါနော်။ သခွားသီးလေးနဲ့ ကလော်စားရင်တော့ ကောင်းလေစွပေါ့လေ။ (တို့ မစားပါနဲ့ အားမရပါဘူး ကလော်ပြီးတော့သာစားပါလေ)


ကြွက်နားရွက်မှို ပဲကြာဇံကြော်

သိပ်လွယ်ပါတယ် ရေးတောင် မရေးချင်ဘူး သိက္ခာကျ သလိုခံစားရလို့ ဆီထည့် ကြိုတင်စိမ်ထားတဲ့ ကြွက်နားရွက် မှို ထည့် ပဲ ကြာဇံ ထည့် ပဲငံပြာရည် နည်းနည်းထည့် ဆား အချိုမှုန့် ထည့် ခဏ ကြော် သမ မျှတအောင် တူနဲ့ မွှေ အိုကေပဲ စားလို့ ရပြီ။ သက်သတ်လွတ်မို့လို့ အသားမပါဘူးနော်။ ကြိုက်တတ်ရင် ကြိုက်တဲ့ အသားထည့်လို့ရတယ်။ အမှန်က ဒီအတိုင်းလဲ ကောင်းပါတယ်။ အစပ်ကလေး ကြိုက်ရင် ငရုတ်သီးစိမ်း ဓါးပြားရိုက်ထည့်။ ဂေါ်ဖီ တို့ ဘာတို့ လို အရွက်တွေ ထည့်ရင်လဲကောင်းတယ်နော်။

ကိုက်လန် ပဲလိပ် မှိုခြောက်ကြော်

ဆီပူ အိုးတည်ပါ။ ဆီပူလာရင် ရေစိမ်ထားတဲ့ မှိုခြောက်ကို အရင်ကြော်ပါ။ ပဲလိပ်ကိုထည့်ပါ၊ ရေဆေးထားတဲ့ ကိုက်လန် အနုတွေထည့်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ခရုဆီ ထည့်ပါ)။ သက်သတ်လွတ်ဖြစ်တဲ့ အတွက် ဆားနဲ့အချိုမှုန့် ထည့်ပါ။ ပဲငံပြာရည် စဉ်းငယ်ခန့်ထည့်ပါ။ အရောင်လှအောင် ဖြစ်ပါတယ်။

ဟင်းပေါင်း

ပဲပြား လေးတွေ ကို စိတ်ကြိုက်အရွယ်လေးတွေ တုံးထားပြီးတော့ ဆီလေးနဲ့ လှိမ့်ထားပါ။ အရောင်ဝါနုလေး သန်းလာရင် တော်ပါပြီနော်။ ပဲလိပ်ရယ် မှိုရယ် ကို ဆီနဲ့ အရင်ကြော်ပါ။ ပဲပြားထည့်ပါ၊ နောက်ဆုံးမှ မုန်ညင်းဖြူ ထည့်ပါ။ ထုံးစံအတိုင်း ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းထည့် အိုကေပါပဲ။ ပြီးတော့ ဟင်းပေါင်းဖြစ်တဲ့ အတွက် အရွက်တွေ အကုန်ထည့်ပြီးရင် အဖုံးလေးနဲပ ခဏ အုပ်ထားပေးပါ။ ၅ မိနစ်လောက်ဆိုရပါပြီနော်။ မုန်ညင်း နူးနူးလေး နဲ့ ဆို ပိုစားလို့ ကောင်းပါတယ်။ ပိုကောင်းချင်ရင်တော့ တို့စားဖို့ ဘတ်ချဉ် လုပ်ထားပါနော်။ ဘိတ်ချဉ် ကို ကြက်သွန်ဖြူ အကွင်းသေးသေးလေးတွေ လှီး ငရုတ်သီးစိမ်း ပါးပါးလှီး ပဲငံပြာရည် နဲ့ စိမ် သံပရာသီး ညစ်ထည့်လိုက်ရင် ရှယ်ရတာပေါ့နော်။ အဲ့ဒီ ဘိတ်ချဉ်လေးနဲ့ ခုန က မုန်ညှင်း ပေါင်း ကို တို့ တို့ စားရင် ထမင်းတောင် မလိုဘူးဆိုပဲ တီချမ်းပြောတာ။ မယုံရင် လုပ်ကြည့်။


တို့ဟူးသုပ်

အိမ်လုပ်တို့ဟူးသုပ်ကို ရဖို့ အတွက်ကတော့ တို့ဟူး ကို ကိုယ့်ဘာသာ ကြိုတတ်ဖို့ လိုပါတယ်။ အလွယ်နည်းကို ပြောရရင်တော့ မွှေး ပဲမှုန့်အစိမ်းမှုန့် ကို တည ရေထဲမှာ ဖျော်ထားပါ။ သေချာ ကြေအောင် လက်နဲ့ ပါ သေချာ မွှေပါနော်။ ပြီးတော့ အနှစ်ကို စကာ တိုက်ထားပါ။ တီကတော့ အိမ်မှာ ရေစစ် ပိတ်စနဲ့ ဟာမျိုးလေ (အဖြူရောင်ကတော့ကြီးကြီး လိုမျိုးဟာနဲ့) အနှစ် တိုက်ပါတယ်။ အဲ့တာကို တညသိပ်ထားပါ။ နောက်နေ့ကျတော့ လိုချင်တဲ့ အနေ အိုးထဲ ကို ရေထည့်။ ဆီလေး အစက်နည်းနည်းချ (အိုးမကပ်အောင်ပါ)။ ပြီးတော့ ရေစဆူလာရင် ပဲနှစ်ကို ဖြည်းဖြည်းချင်း လောင်းထည့်။ တဘက်တည်းကို ပဲ မွှေပါ။ ဖြည်းဖြည်းလေး မွှေပေးပါ။ မီးအေးလေးနဲ့ မွှေပါ။ ဆား အချိုမှုန့် နည်းနည်းထည့်ပါ။ အရောင်လိုချင်ရင် နနွင်း နည်းနည်း ထည့်ပါ။ တိုဟူးတွေ ရရင် ဘမ်းလေးနဲ့ အအေးခံပါနော်။ (တို့ဟူးနွေး စားချင်ရင်လဲ အဲ့အတိုင်းလုပ်ပါတယ်) အိုကေ တို့ဟူး ရပြီဆိုရင် တော့ အအေးခံထားတဲ့ ဘမ်းထဲကနေ ထုတ် ဓါးလေးနဲ့ ပါးပါးလှီး ပြီးရင် သုပ်မယ့် ပန်းကန်ထဲထည့်ထား။

အချဉ်ရည်ဖျော်နည်း

ရှာလကာရည် အမဲ အကျဲ အပျော့ ကိုသုံးပါမယ်။ အချဉ်ရည်ဖျော်မယ့် ပန်းကန်လုံးထဲ ထည့်ထားပါ။ စဉ်းငယ်ခန့် ပေါ့နော်။ ပဲငံပြာရည် အကြည်နည်းနည်းထည့်ပါ။ သကြား ထည့်ပါ။ ကြက်သွန်ဖြူ ကြိတ် ဆီချက်ထည့်ပါ။ မြန်မာသုပ်ထဲ ထည့်တဲ့ ကြက်သွန်ဖြူ ဆီချက်နဲ့ကွာပါတယ်နော်။ တီချမ်းကတော့ အဲ့လို ကိုသပ်သပ်ခွဲထားတယ်။ ခေါက်ဆွဲတွေ တရုတ်နည်းတွေ နဲ့ စားမယ့် ကြက်သွန်ဖြူ ဆီချက်ကတော့ ကြိတ်ထားပြီး ချက်ထားတာပါ။ ခုပြောနေတဲ့ဟာပေါ့။ နောက် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နှုတ်နှုတ်စင်းထားတာလဲ ထည့်ပါ မယ်။ နောက် အရေးကြီးတာက နံနံပင်ပေါ့ အဲ့တာတွေ အကုန်ကို ပန်းကန်လေးထဲ ထည့်ပြီးတာနဲ့ မွှေပါ သမမျှတအောင် မွှေပါနော်။ အရသာကိုလဲကြိုက်သလို မြည်းကြည့်ပါ။ ကျေနပ်ပြီိဆိုတော့ ခုနက လှီးပြီး ပန်းကန်ထဲထည့်ထားတဲ့ တို့ဟူးပေါ် ကိုလောင်းချလိုက်ရင် ရပြီပေါ့နော်။ ပြီးတော့ မှ အပေါ်ကနေ မြေပဲမှုန့် နဲ့ နံနံပင် ထပ်ဖြူးလိုက်ရင် ပိုကောင်းသွားမှာပေါ့ ( သက်သတ်လွတ်မဟုတ်ရင်တော့ ဘီတန် ကို လေးစိပ်စိပ်ပြီး ထည့်ရင် ပိုရှယ်တာပေါ့နော်။ ဗီကန် သက်သတ်လွတ်ဆိုရင်တော့ ဘီတန် ထည့်လို့ရပါတယ်)

သတိထားရန် မြေပဲမှုန့် ကိုနောက်ဆုံးမှ ဖြူးပါနော်။

မုန်ညှင်းချဉ် နဲ့ အသားပြားတုကြော်

ဒီဟာကတော့ မုန်ညှင်းချဉ် နဲ့ ဝက်သားကြော်သလိုပါပဲ။ ကြက်သွန်ဖြူနီ ပါးပါးလှီးထားတာကို ဆီပူထဲမှာ ဆီသတ်လိုက်ပါ။ မုန်ညှင်းချဉ် ကို ပါးပါးလှီး ပြီးထည့်ပါ။ အသားပြားတု ကို စိတ်ကြိုက်အရွယ်လေးတွေ လှီးပြီး ထည့်ပါ။ ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းလေးထည့် ရင် ရပါပြီနော်။

ဂျူးမြစ်သုပ်

ကြက်သွန်နီ ကို ပါးပါးလှီး ပြီး ကြက်သွန်နီကြော် လုပ်ထားပါ။ ဂျူးမြစ်တွေကို လက်နှစ်ဆစ်လောက် လှီး (ချိုး)ပြီးတော့ ရေနွေးဖျော်ထားပါ။ ခရမ်းချဉ်သီး တွေကို သေးသေးလေးတွေလှီးပြီးတော့ ဆီသတ်ထားပါ။ အာလူး ထမင်းလုပ်သလိုပါပဲ။ ကြက်သွန်မထည့်တာပဲ ကွာပါတယ်။ ခရမ်းချဉ်သီး အနှစ်တွေ ကို သပ်သပ်ဖယ်ထားပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။ ငရုတ်သီးဆီချက် ချက်ထားပါ။ ပြီးရင် ဇလုံ တခုထဲကို ရေနွေးဖျော်ထားတဲ့ ဂျူးမြစ်တွေထည့်၊ မြေပဲထောင်းထားတာထည့်၊ ခုနက ကြက်သွန်နီဆီချက်ထည့်၊ ခရမ်းချဉ်သီး အနှစ်ထည့်၊ ငရုတ်သီးစိမ်းထည့် သံပရာသီး ညှစ်ထည့် ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ဂျူးမြစ်သုပ် ရပြီပေါ့နော်။

ဘေဘီကွန်း မှိုခြောက်ကြော်

ဘေဘီကွန်းလေးတွေကို အရင်ပြုတ်ပါမယ်။ ရေနွေးဆူဆူလေးထဲကို ခဏလေးပဲ ထည့်ပြီး ဖျော်ယုံဖျော်ပါ အချိုရည်တွေထွက်ကုန်မှာ စိုးလို့ ဖြစ်ပါတယ်။ မှိုခြောက်တွေကိုလဲ ရေနွေးစိမ်ပြီး လှီးထားပါ။ ကြက်သွန်ဖြူ နှစ်မွှာကို ဓါးပြားရိုက်ထားပါ။ ဆီပူထဲကို ကြက်သွန်ဖြူ ထည့် မွှေးလာရင် မှို အရင်ကြော်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ကြက်ပြုတ်ရည် ကြက်သားမှုန့် ခရုဆီ စတာတွေ ထည့်လို့ရပါတယ်) ခုတော့ ခုတော့
………မှိုတွေ ရရင် ဘေဘီကွန်းလေးတွေ ပြုတ်ပြီးသား ကိုထည့် ဆား အချိုမှုန့် ထည့် ပြီးတော့ ကော်မှုန့် ၂ ဇွန်းလောက် ကို ပန်းကန်လုံးလေးနဲ့ ရေဖျော်ထားတာ ထည့်ပြီး အဖုံး အုပ် ခဏ နှပ်လိုက်ပါ။ အဲ့တာဆို အိုအိရှိ မှိုဘေဘီကွန်းကြော်ရပါပြီ။ အရောင်လေးလှချင်ရင် ကြော်ပြီး အိုချခါနီးမှာ ကြက်သွန်မိတ်လေးတွေ ရှည်ရှည်လေး လှီးပြီး ဖြူး လိုက်နော်။

မှိုကြော်

လွယ်လွယ်လွန်းလို့ ပြောတောင်မပြောချင်တော့ဘူး။ ဆီပူအိုးတည်ပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို အရင်ကြော်ပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို ဆီသတ်ပြီးရင် တော့ ရေဆေးထားတဲ့ မှို ထည့်ပါ။ မီးလျော့ပြီးတော့ ရေခြောက်အောင်ကြော်ပါ။ ပြုတ်ကြော်ပုံစံမျိုးလေးပါ။ ဆား အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ ထုံးစံ။

ပွဲသိမ်းပဲထောပတ်ဟင်းရည်

ဒါလေးကတော့ တီ့အကြိုက်ဆုံးမို့လို့ နောက်ဆုံးမှ တင်ပေးတာပါ။ ထောပတ်ပဲလေးတွေ ကို အခွံချွတ်ထားပါ ရေဆေးထားပါ။ ပဲတွေကို ရေစပ်စပ်နဲ့ ပြုတ်ထားပါ။ ပြီးရင် ဆီပူမှာ ကြက်သွန်ဖြူနီ ကို ဂျင်းသစ်လေးထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့် နည်းနည်းထည့်ပါ။ ခရမ်းချဉ်သီး နှုတ်နှုတ်စင်းထားတာကို ဆီထဲထည့်သတ်ပါ ပြီးရင် ပြဲနေအောင် ပြုတ်ထားတဲ့ ပဲတွေ ထည့်ပါ။ ဟင်းရည် ကို အနေတော် ပြစ်ပြစ်လေး ရအောင် ရေကို လိုသလောက်ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ ပေးဆူပါ။ ပဲနူးလာပြီးဆိုရင် အရသာမြည်းပြီး ဆူးပုပ်ရွက်လေး အုပ်လိုက်ရင် အရသာအကောင်းဆုံး ပွဲသိမ်းဟင်းလျာ ထောပတ်ပဲ ဟင်းရည် ကိုရပြီပေါ့နော်။

ကဲ ပရိတ်သတ်များ အတော်ပဲ မနာလိ အဲလေ အားရကျေနပ် မုဒိတာပွား အကြင်နာများ မေတ္တာထား နိုင်ကြမယ် မျှော်လင့်ပါတယ်နော်။

အားလုံး ကို ချစ်တဲ့

A Chen
11:21 PM
Wednesday
8th Feb 2012
Home
Bangkok

weekend and ဘာဘာညာညာ

ကဲ လာပါပြီ ဒီတခါတော့ ပုံတွေအများကြီး နဲ့ တဝကြီး ကြည့်ရအောင်တင်ပါ့မယ်။

အခုစာရေးနေတဲ့ အချိန်က အင်္ဂါနေ့ည ၁၁ နာရီ ခွဲပါ။ မနေ့ကကော ဒီနေ့ ကော တီချမ်းတယောက် (ထုံးစံအတိုင်း) ရုံးမတက်ပါဘူး……..နေမကောင်းလို့ပါ။ နေမကောင်းတာက ဗိုက်မကောင်းတာပါ။ ဗိုက်မကောင်းတဲ့ အကြောင်း က တနင်္ဂနွေနေ့ ညနေကနေစပါတယ်။ အစကနေ စပြောပါမယ်။ ဖြည်းဖြည်းလာပါမယ် နားထောင်နော်။

စနေကတော့ ဘာလုပ်သလဲ သေချာ မမှတ်မိတော့ပါဘူး။ မှတ်မိတဲ့ တနင်္ဂနွေနေ့ က စပြောပါမယ်။
အော် မှတ်မိပြီ စနေနေ့က ညနေပိုင်းမှ ထတယ်။ ကလေးတွေနဲ့ ပါရာဂွမ်မှာ မုန့်စားတယ်။ မစ်ရှဲ ရီးယိုးရဲ့ ရုပ်ရှင် the lady သွားကြည့်တယ်။ ကောင်းပါတယ်။

ဘာမှ ပြောစရာ မရှိပါဘူး။ ရုပ်ရှင်လဲကောင်းတယ်။ သရုပ်ဆောင်တာလဲ ကောင်းတယ်၊ မြန်မာလိုပြောတာလဲကောင်းတယ်။ လူတွေငိုကြတယ်။ မြန်မာတွေ လဲအများကြီး လာကြည့်တယ်။ အကုန်ကောင်းတယ် ဆိုပါတော့။ တခုပဲ ပြောစရာရှိတယ်။ မြန်မာ အမျိုးသမီး တယောက် အတွက် ဂုဏ်ယူစရာ ကားကို မလေးရှား တရုတ်မတယောက် နဲ့ ရိုက်တာကိုတော့ ဘဝင်မကျဘူး။ တမျိုးမထင်ပါနဲ့ တီချမ်းလဲ တရုတ်ပါ သို့သော် မြန်မာပြည်ပေါက်တရုတ်ပါ အဲ့တော့ မြန်မာ လို့ ပဲ ကိုယ့်ကိုကိုယ် ခံယူပါတယ်။ ထားတော့ ပြောချင်တာ အဲ့တာနဲ့ မဆိုင်ပါ။ အရင်တခါ မီးမွားအော်ဖ့် ဂေရှားမှာလဲဂျပန်ပြည် ပြည့် တန်ဆာမလေးတွေ အကြောင်းကို တရုတ်မ ၃ ယောက်နဲ့ ရိုက်လို့ အဲ့ရုပ်ရှင်က အဝေဖန်ခံရတာ မှတ်မိပါတယ်။ ဂျပန်တွေထဲမှာ အဲ့လို သရုပ်ဆောင်နိုင်တဲ့ မိန်းကလေးတွေ မင်းသမီး တွေ မရှိလို့လား မေးစရာဖြစ်ပါတယ်။ အခုလဲ အတူတူပါပဲ။ တလက်စတည်း မဆီမဆိုင် တနေ့က ကြည့်ဖြစ်တဲ့ purple plain ထဲက ဝင်းမင်းသန်း ကိုသတိရပါတယ်။ ပြောသွားတဲ့ အင်းဂလိရှ် က သိပ်ကို ကောင်းပါတယ်။ ဘရစ်တစ်ရှ် အက်ဆန့် နဲ့ပါ။ ထားတော့။
တခုပဲ ပြောစရာရှိတယ် ဒီကားက အချစ်ကား သက်သက်တော့ မဟုတ်ဘူး။ သို့သော် နိုင်ငံရေးကားလားဆိုတော့လဲ မပေါ်ဘူး။ ပြောချင်တဲ့ မက်စေ့ခ်ျ မရဘူး။ သို့သော် သရုပ်ဆောင်ချက်တွေကတော့ တကယ့်ကို ကောင်းမွန်ပါတယ်။

တနင်္ဂနွေနေ့ကျတော့ နေ့လည် ၃ နာရီလောက် နိုးလာပါတယ်။ ဟုတ်ကဲ့ အဲ့တာ စောတာပါ။ နိုးလာတော့ လင်မယား နှစ်ယောက် နေ့လည်စာ ထွက်စားကြပါတယ်။ ဝေးဝေး လံလံ လဲ မသွားချင်တာနဲ့ အိမ်နားမှာပဲ အသစ်ဖွင့်တယ်ဆိုတဲ့ ဗီယက်နမ် ခေါက်ဆွဲ သွားစာပါတယ်။ ဖာ (အင်းဂလိရှ် လို fur နဲ့အသံထွက်ပါနော် မြန်မာ ပီပီ သသ မထွက်လိုက်ပါနဲ့) လို့ ခေါ်တဲ့ ကော်ရည်ခေါက်ဆွဲ သွားစားကြတာပါ။ တယောက်တပွဲ နောက် ကိုယ်က ကော်ဖီအေး နဲ့မောင်က ကိုကိုးအေး သောက်တယ်။ ပုံကို ကြည့်ပါ မမွှေခင်ပုံနဲ့ မွှေပြီး ပုံတွေဖြစ်ပါတယ်။ တပွဲ ၃၅ ဘတ် ကော်ဖီ ကလဲ ၃၅ တယောက် ၇၀ နှစ်ယောက် ၁၄၀ ဘတ် ကိစ္စ ပြတ်ပြီ။ မြန်မာပြည်ထက် သက်သာပါတယ်။ ပြီးတော့ အိမ်နားက စင်ကျူရီ ဆိုတဲ့ ရှော့ပင်းမော မှာ ဆံပင်ညှပ်ပါတယ်။ နောက် တော့ ဘေးနားက စင်တာ ဝမ်း ဆိုတာ ကို ထပ်သွားပြီး သကာလ အခွေ ဝယ်ပါတယ်။
ထွေထွေထူးထူးရေးစရာမရှိပါ။ ဆံပင် ပုံကတော့ နောက်မှ ကြည့်တော့ အောက်မှာပါတယ်။

ပြီးတော့ အမ်ဘီကေ မှာ သွားပြီးတော့ မောင့်အမ အတွက် အိတ်ဝယ်ပါတယ်။ ဘလက်ကင်နျွန် မှာ ငါးနဲ့ အားလူကြော် စားပါတယ်။ အမှန်ကတော့ အားလူးချောင်းကြော်စားချင်လို့ မှာလိုက်တာ မကောင်းပါဘူး။ ငါးက စားလို့ ဖြစ်ပြီးတော့ အာလူးချောင်းကြော်က တော်တော့် ကိုညံ့ပါတယ်။ မောင် က သူ့ကို မွေးနေ့ က ဝယ်ပေးထားတဲ့ ဖုန်းအသစ် ကို ကလိနေပါတယ်။ ဘေးကတော့ အမောပြေ ကိုယ်သောက်တဲ့ သံပရာ လက်ဘက်ရည်အေးပါ။ မောင်ကတော့ ရေပဲသောက်ပါတယ်။

ဘုရားစူး ဘန်ကောက်မှာ နေတာပဲ ၄ နှစ်ပြည့်တော့မယ် တခါမှ အမ်ဘီကေ တိုကယူ မှာ ဓါတ်ပုံ မရိုက်ဘူးပါဘူး။ ဒီနေ့တော့ ကင်မရာ နှစ်ကျပ်ခွဲ ကလဲ ပါလာတာနဲ့ မောင့်ကို ပုံလေးတွေ ရိုက်ပေးပါတယ်။ လှတာလေးတွေ ရွေးတင်လိုက်တယ်။ သိပ်တော့လဲ မရွေးရပါဘူး ဘယ်လိုရိုက်ရိုက် ကြည့်ကောင်းနေတာကိုး ဘယ်သူ့ လင်လဲ မသိဘူးနော်။ လက်ရာကတော့ ကိုယ့်လက်ရာတွေဖြစ်ပါတယ်။

တွေ့ပြီလား ဆံပင် ကို။ အရင်က မြန်မာပြည် ကို နှစ်လ တခါပြန်တိုင်း ညှပ်နေကျပါ။ အခုတော့ အရင်တခေါက် နိုဝင်ဘာပြန်တုံးက သိပ်မရှည်တော့ မညှပ်ရတာရယ် ဒီဇင်ဘာ ပြန်တော့ ဆံပင်ညှပ်ဆိုင်က ပိတ်ရက်ရှည်နဲ့ ကြုံနေတာရယ်တွေ ကြောင့် မညှပ်ခဲ့ရတာ ခုတော့ ယပလက်မ လက်ချက်မိ သွားပြီး ဒီလိုပုံ ထွက်လာပါတယ်။ ကိုယ်ကလဲ တိုတိုပဲ ကြိုက်လို့ သူတို့ဆီက စစ်သား ကေ လို့ ပြောလိုက်တာ သူ ညှပ်လိုက်တော့ ဒီလိုထွက်လာတယ်။ ကိုယ်ကတော့ ကြိုက်တယ် မောင်ကတော့ ဆရာလေး နဲ့တူတယ်ပြောတာပဲ မယ်သီလ ပြောတာပါ။ ကျောင်းဆရာ မဟုတ်။ ကိုယ့်လက်ရာထဲက နောက်ဆုံး ပုံကို အထူးသဖြင့် ကြိုက်ပါတယ်။ နောက်က မီးတွေ ရောပေါ့။


အမ်ဘီကေ ကပြန်တော့ ဘန်ကောက်ရောက်နေတဲ့ အမ နဲ့ ထမင်း ထွက်စားပါတယ်။ လမ်းဘေး အစားအစာ စားချင်တယ် ဆိုလို့ အကင်ခေါ်သွားစားတာပါ။ အပေါ်က နှစ်ခွက်က မှို စုံ ငပိ ဟင်းရည်း နဲ့ ကြက်သား မန်ကျည်းရွက် ချဉ်စပ် ဟင်းရည်ပါ။ ရောင်းတဲ့ လူ ချက်နေတာ ကိုကြည့်လိုက်တာနဲ့ ကို ချက်တတ်သွားပြီ။ တော်လိုက်တဲ့ တီချမ်းနော်။ နောက်နေ့ကျ ဝက်နံရိုးနု နဲ့ တင်ပေးမယ်နော်။ ချက်နည်း ပုံစံအတိုင်း။ ကြက်တော့ မသုံးတော့ဘူး။ မောင်မစားလို့။ မှို ဟင်းရည်ကတော့ ငပိရည် ရည် ဆန်လှော်ရည် ရယ် နောက် သူတို့ ရိုးရာ အရည်တမျိုးထည့်တော့ အဲ့တာတွေ မပါဘဲ ချက်မရနိုင်ပါဘူး။ နောက်တော့ နည်းရရင် ချက်ပြီး တင်ပေးပါအုံးမယ်နော်။

အောက်ကတော့ အမ အမျိုးသား နဲ့ မောင် စားတဲ့ ဂုံးအစိမ်း နဲ့ အစာမပလာတွေပါ။ သူက ကြက်သွန် ဖြူနီကြော်တွေ ငရုတ်သီးဆီချက်တွေ အရွက်တွေနဲ့ စားရတာ ကောင်းပါတယ်။ ကိုယ်လဲ စားတယ်။ နောက်ဆုံးပုံက ကင်းမွန်ကင်ပါ။ အထဲမှာ ဥတွေနဲ့ တွေ့လား မိုက်မှမိုက်ပဲ။

အောက်က ခရု ချို ရယ် မာစဲယ် ရယ် ဂဏန်းရယ်ပါ။

ထုံးစံအတိုင်း တိုတိုထွာထွာတွေ လျောက်စား ညဘက် အိမ်ပြန်ရောက်ရင် ဗိုက်ထပ်ဆာ တာ တီချမ်း အကျင့်ပါ။ ခုတော့ မောင့်ကိုလဲ တော်တော်ကူးနေပါပြီ။ ဒီလိုပေါ့နော် တီချမ်းနေဏ တီချမ်းနော ပေါ့။ မောင်က ထမင်းပူပူလေးချက်မယ်ဆိုတာနဲ့ ကိုယ်က ကြက်ဥ ကြော်ပါတယ်။ ထုံးစံအတိုင်း လောဘ နဲ့ပါ။ ဘေးကတော့ သံပရာသီး ၃ လုံးကို ဆားနည်းနည်း သကြားရည် ပျားရည်များများနဲ့ ဖျော်ထားတဲ့ ရှယ်တကာ့ရှယ် စူပါရှယ် သံပရာ ရည်ပါ။

နောက်ထပ် ဘာရှိသေးလဲ ကြည့်တော့ သခွားသီး တလုံးတွေ့တာနဲ့ ဟင်းရည်ချက်မယ်ပေါ့။ ရေခဲသေတ္တာထဲ ထပ်မွှေတော့ တနေ့က ဖက်ထုပ်ရဲ့ အသားနယ် တွေ ကျန်နေတာ တွေ့ပါတယ်။ အဲ့တာနဲ့ ရေကို လိုသလောက်တည်။ ခနော် ဝက်သား ၂ တုံးထဲ့။

သခွားသီးလေးတွေပို ပုံမှာ ပြထားတဲ့ အတိုင်းလှီး၊ ရေဆူလာရင် ပစ်ထည့်။ ဝက်သားလေးတွေကို လက်နဲ့ လုံးပြီး ထည့်။ ရေဆူရင် ချိုပေါ့ ငံမြည်း အရသာရှိတဲ့ ချက်ရလွယ်ကူတဲ့ သခွားသီး ဟင်းရည် တခွက်ရပါပြီ။

မောင့်အတွက်ကတော့ ဘရိုကိုလီ ကြော်ပေးလိုက်ပါတယ်။ ဆီနည်းနည်း ခရုဆီ လေးဆမ်းပြီး ကြော်လိုက်တာပါ။
တွေ့လား စားချင်စရာ အငွေ့တောင် ထွက်နေသေးတယ်။

မောင်က သူ့ထုံးစံအတိုင်း ဟင်းမရှိရင် သုပ်စားနေကြ ခရမ်းချဉ်သီး သုပ်ပါတယ်။ အံမလေးနော် သူဌေးမနဲ့ ညားနေပေလို့ပဲ။ ဟင်း ၂ မျိုး ၃ မျိုး နဲ့ ကို ဒင်းက မစားနိုင်ဘူး။ ဘေးကတော့ ကိုယ့် သခွားသီး အသားလုံး ရှယ် ဟင်းရည်ပါ။

ဇာတ်လမ်းက ခုမှ စတာ။ နေ့လည် အပြင်ထွက်ခါနီးကျတော့ အိမ်က maid မိတ်က သူတို့ နေ့လည်ဘက် ထောင်း စားဖို့ သင်္ဘောသီး ခြစ်နေပါတယ်။ သူတို့တွေက အဲ့လိုပဲ နေ့လည် ဘက်ကို တခုခု လုပ်စားနေကြ။ အဲ့တာနဲ့ တီလဲ သင်္ဘောသီး ခြစ်ပြီး ရင် တပန်းကန်လောက်ပေးပါလို့ တောင်းလိုက်တယ်။ တလောကတည်းက သင်္ဘောသီးခြစ်ကို ရှမ်းလို ပဲပုပ်မှုန့်လေးနဲ့ သုပ်စားချင်နေတာပါ။ ချင်ချင်း တပ်နေတယ်ဆိုပါတော့။ အသုပ်စုံ လုပ်စားတဲ့ နေ့ကတောင် သုပ်စားမလို့ သင်္ဘောသီး မလောက်လို့။ ထားတော့ ခုတော့ ရပြီ။ အဲ့တာနဲ့ ပြန်လာတော့ သင်္ဘောသီးကို ရှမ်း လိုသုပ်စားပါတယ်။ လွယ်လွယ်လေးပါပဲ။ ပဲပုပ်ဖုတ်ထောင်းထားတဲ့ အမှုန့် ထည့်၊ ဆီချက်၊ ဆား အချိုမှုန့် မန်ကျည်းရည် ပဲမှုန့် စတာတွေ ထည့်ပြီးတော့ နယ်လိုက်ရင် ရပြီပေါ့။ ငယ်ငယ်က ကလေးဘဝမှာ ကျိုင်းတုံ ကို ပြန်တိုင်း အဖိုးဆုံးတဲ့နေ့လား တစ္ဆေကြီး ကန်တော့ပွဲနေ့လားမသိ သင်္ချုံင်းကုန်မှာ သွားကန်တော့ ရတဲ့ နေ့ဆို အဲ့မှာ ရောင်းတဲ့ သင်္ဘောသီး သုပ်ကို ဝယ်ဝယ်စားရပါတယ်။ ကလေးဘဝကတော့ ငတ်တော့ ဘာစားစား ကောင်းတာချည်းပဲ။ ခုလဲအဲ့အရသာလေးကို သတိတရ နဲ့ ကို သုပ်စားတာပါ။ နည်းမသိလို့ ကျိုင်းတုံ့ကိုတောင် တကူးတက အိုဗာစီး ခေါ်ပြီး နည်းမေးထားတာနော်။ သုပ်စားကြည့် သိပ်ကောင်းတယ်။ ထူးထူးခြားခြား လိုတာ ပဲပုပ်မှုန့် တခုပဲ။

အဲ့တာ ညနေက သုပ်စားတာပါ။ မိတ်လာပေးတာ သိပ်နည်းတော့ သုပ်လိုက်တာ ကြောင်စာ လောက်ပဲ ရတယ်။ မလောက်ဘူး။ အဲ့တာနဲ့ ညဘက်ကျတော့ မောင်နဲ့ ကိုယ်ထပ်စားချင်လာတာနဲ့ အိမ်နားက ညဈေး ကို တက္ကစီ နဲ့ သွားပြီး သင်္ဘောသီး အစိမ်းဝယ် ခြစ် သုပ်စားကြပါသေးတယ်။ တဇလုံကြီးကို သုပ်စားတာ။ အဲ့တော့ ဗိုက်နာတာပေါ့။ ဗိုက်နာတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး။ တနင်္လာ အင်္ဂါ ရုံးပျက်တာပေါ့ ကဲ ဇာတ်လမ်းကတော့ မသန်းပဲနော်။ အော် ပြောရအုံးမယ် အစားတလုတ်အတွက် လေ သင်္ဘောသီးစိမ်းက တလုံးကိုမှ ဘတ် ၂၀ တက္ကစီ ခက ဘတ် ၈၀ အဲ့တာလဲ ဝဋ်ပဲထင်တယ်။ တီချမ်း တို့များ မသေခင်ကတည်းကို က ပြိတ္တာဖြစ်နေတာ ပြောပါတယ်။

ဒါကတော့ ဒီနေ့ မနက် မောင် ခေါက်ဆွဲပြုတ်နဲ့ တွဲဘက်စားတဲ့ ရှမ်း မုန်ညှင်းချဉ်ပါ ဟုတ်ကဲ့ တလောက အသုပ်စုံ လုပ်စားတဲ့နေ့က ချဉ်ထားတာ ခုတော့ စားတဲ့ အနေကိုရောက်ပါပြီ။

ဗူးထဲကနေ ကိုယ်စားချင်သလောက်ကို ဇွန်းသန့်သန့်နဲ့ ခပ်ထုတ် နယ်မယ့် ဇလုံထဲ ထည့် ငရုတ်သီး ပါးပါးလှီး ထည့်။ ဆား အချိုမှုန့် ထည့် အမှန်က နံနံပင်လေးပါရင် ပိုကောင်းမှာ။ ပြီးရင်တော့ သေချာနယ် ပြီးရင် စားလို့ ရပါပြီ။ ခုတခေါက်က မုန်ညှင်း ကို အရိုးချည်းပဲ လုပ်ထားလို့ ထုတ်ထုတ် ထုတ်ထုတ် နဲ့စားကောင်းပါတယ်။ အရွက်ပါရင်လဲ ကြိုက်တာပါပဲ။ တီက အရွက်ကို ပိုကြိုက်တယ်။

စားပြီး ပိုတာကို ဗူးလေးနဲ့ သီးသန့် ပြန်ဖယ်ထားပါ။

ဒါတွေကတော့ ယောက္ခမ လုပ်ပေးလိုက်တဲ့ ငါးရံ့ ခြောက်ဖုတ် ဆီဆမ်း နဲ့ပလာချောင်ကြော် အစပ်။

သူငယ်ချင်း ခိုင်မာ အမေ လုပ်ပေးတဲ့ ဆတ်သားခြောက်ကြော် အစပ် နဲ့ ဘေးကဟာက ဆတ်သားကြော်ပဲ အချို အမွ ဘယ်သူလုပ်ပေးတာလဲ ဘယ်က ဝယ်လာတာလဲ ဆိုတာတော့ မမှတ်မိတော့။ ဝယ်လာတာဆိုရင်တော့ စီးတီးမတ်ပဲ ဖြစ်ဖို့ များပါတယ်။

ဒီပုံက ဝက် ဂုတ်သားကင်ရယ်၊ နားရွက်ကင်ရယ်၊ အူချိုကင်ရယ် ဘေးက အချဉ်ရည်ရယ် ကောက်ညှင်းရယ် တီ့ ဒီနေ့ ညနေစာ ပါ။ မောင်က တော့ သူ့ဘာသာ သူ ဝယ်လာတဲ့ ငပိနဲ့ ဝက်သားတွေရယ် နဲ့ ထမင်းစားတယ်။

ဒီပုံလေးကတော့ ဘာမှ မဟုတ်ပါဘူး။ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းနေတဲ့ မောင့်ပုံလေးကို ကြိုက်လို့ တင်ထားတာ။ မောင်က ညဘက် အိပ်ရင် သနပ်ခါးလိမ်း အိပ်တတ်တယ် ကိုယ်က မောင့်ပါး မွှေးမွှေးလေး ကို မွှေးမွှေးပေးရတာကြိုက်တယ်။ အင်း ပြောရင်းနဲ့တောင် ကျောင်းက သူငယ်ချင်းတယောက် အမေ ကို သတိရသွားပြီ။ သူ့နာမည်က ဒေါ်မွှေးမွှေးလေး တဲ့လေ။ တကယ်ပါ။ မှတ်ပုံတင်ထဲက နာမည် အဟုတ်။

ခုတော့ ၁၂ နာရီကျော်လို့ နောက်နေ့ ကူးပြီ။ ပိုစ့်စရေးတော့ အင်္ဂါ ၇ ရက်နေ့ ခု က ဗုဒ္ဓဟူး ၈ ရက်နေ့။ အိပ်တော့မယ်။ မနက်ဖြန်တော့ ရုံးတက်မှ ဖြစ်မယ်။ တာ့တာ။

P.S
ဒီနေ့က နှစ်ပိုစ့် တင်ထားတာနော် အရှေ့ တပိုစ့် အော်ရိုရာ ကိုလဲ ဘတ်လိုက်ကြအုံး။

A Chen
12:21 AM
Wednesday
8th Feb 2012
Home
Bangkok

တီချမ်း ဆရာလုပ်တဲ့ အသုပ်စုံ

ကဲလာပြန်ပါပြီ တီချမ်းကို ဟင်းချက်တာပိုကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် တီချမ်း စတိုင်လ်အတိုင်း ပုံလှလှလေးတွေပြင်ဆင်ပုံ အဆင့်ဆင့် သပ်သပ်ရပ်ရပ်လေးတွေနဲ့ ဒီတပတ်အတွက် လုပ်ဖြစ်တာကတော့ အသုပ်စုံပါ။ အမှန်က ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မောင့်အတွက် မွေးနေ့အနေနဲ့ လုပ်ပေးဖြစ်တာဖြစ်ပါတယ်။ အပြင်လူလဲ သိပ်များများစားစားမပါပါဘူး။ အိမ်က ကလေး နှစ်ကောင် (မွေးစား ဝမ်းမနာ သားနဲ့ သမီးရယ်) သူငယ်ချင်း ဘလောခ်ဂါ နှစ်ယောက် ဖြစ်တဲ့ လွယ်ကူစားမြိန် နဲ့ ခရမ်းနွယ်တို့လောက်ပဲပါပါတယ်။ (ကဲကြေငြာပေးလိုက်ပြီနော်….တီ့ဆီကနေ တဆင့် လူဝင်များပြီး ဟစ်တက်ပြီသာမှတ်) အဓိကကလဲ သူတို့နှစ်ယောက်ပဲ လုပ်သွားကြတာပါ။ တီကတော့ ဆရာကြီး လုပ်တာပေါ့။ ဘယ်ဟာကို ဘယ်လိုလုပ်၊ ဘယ်ဟာက ဘယ်လောက်ထည့် ဘယ်ဘက်လက်နဲ့ ဘယ်လိုနယ် ဘာဘာညာညာပေါ့။ အဓိကကတော့ ဓါတ်ပုံလှလှလေးတွေရိုက်ပါတယ်။ အဲ့တာလဲ ဘလောခ်ဂင်းမှာ အရေးကြီးတာကိုးနော်။ အဓိက က တီ့ဟင်းချက်တာတွေကို လူတွေကြိုက်ကြတာ အဲ့လို ပုံလှလှလေးတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖော်ပြတတ်လို့လို့ထင်ပါတယ်။ ထားပါလေ။မောင့်မွေးနေ့ အတွက် လုပ်ကျွေးဖြစ်တဲ့ လက်သုပ်စုံလေးကို ကြည့်ကြရအောင်နော်။ အော်မေ့တော့မလို့ ဟက်ပီးဘလိတ်တက် ဘတ်သ်ဒေးပါမောင်။

ဒီပထမဆုံးပုံကို သိပ်အာရုံမထားကြပါနဲ့ တီ ဘလောခ် ပိုစ့် အသစ်တင်ရင် တခြား ဘလောခ်ဂါတွေရဲ့ ပေဂ်ျ့တွေမှာ အရင်ဆုံးတင်တဲ့ ပုံနဲ့ ပိုစ့်က ပေါ်တတ်တာ သတိထားမိလို့ ပုံလှလှလေးတွေ အရင်ရွေးပြီးတင်ထားတာပါ။ တဆင့်ခြင်းပုံတွေက အောက်မှာ……

အားလုံးသိကြတဲ့အတိုင်း အသုပ်ဆုံ ဆိုနာ မြန်မာလူမျိုးတွေ ခုံခုံမင်မင်စားလေ့ရှိတဲ့ သွားရေစာ တမျိုးပါ။ တီတို့ဆိုရန်ကုန်မှာနေတုံးက နေ့လည်ဆို
မုန့်ဟင်းခါး၊
အုန်းနို့ခေါက်ဆွဲ၊
ကြာဇံချက်၊
ကော်ရည်ခေါက်ဆွဲ၊
ရခိုင်မုန့်တီ၊
နန်းကြီးသုပ် စတာတွေ တခုမဟုတ်တခု ထွက်စားနေကြပါ။ (တလက်စတည်း အကုန် အရင်က ချက်ဘူးတာ လင့်ခ်ပေးလိုက်မယ်နော်) ရန်ကုန်မှာတော့ ဘယ်မှာဖြစ်ဖြစ် အဲ့တာတွေ ရှိတော့ စားရလွယ်တာကိုးနော်။ တီတို့နေတဲ့ မြေနီကုန်း စမ်းချောင်းဆို ပိုတောင်ပေါသေး။ နာမည်ကြီး မုန့်ဟင်းခါးတွေလဲ အဲ့နားမှာ များတာကို။ ခုတော့ ဒီမှာက စားချင်ရင် ကိုယ်တိုင် တခုတ်တရ လုပ်စားပါမှ စားရတာပါ။ လုပ်လဲလုပ်စားဖြစ်ပါတယ်။ မလုပ်ချင်ရင် မစားရဘူးကိုးနော်။ စာဘတ်သူတယောက်က လာမေးပါတယ်။ ဘာလုပ်လဲတဲ့။ ဟင်းချက်တာတွေက မိုက်တော့ အလေ့အကျင့်ရှိတယ်ထင်တယ်နော်တဲ့။ အမှန်က တီဒီမှာ လာနေဖြစ်မှ အဲ့တာတွေအကုန် စချက်ဖြစ်တာပါ။ အို ထမင်းဟင်းကအစပေါ့။ အရင်က အိမ်မှာဆို ဘာအမွှေးမှ မလောင်အောင် မင်းသမီးလိုနေတာ။ စားပြီးတဲ့ ပန်းကန်တောင်မဆေးရဘူး။ ညီလဲ ရှိ အိမ်ဖော်တွေလဲ ရှိဆိုတော့။ ရေတောင် သောက်ချင်ရင် သူသူရေ (အိမ်ဖော်နာမည် ဥပမာ) လို့အော်လိုက်ရုံပါပဲ။ ခုမှ ဒီလဲရောက် တိုင်းတပါးမှာလဲ မိဝေးဖဝေးနေနေရ၊ လင်ကလဲရ ဆိုတော့မှ အိမ်အလုပ်ဆိုတာတွေ လုပ်ရတာ။ ဒါတောင် မောင်က လိမ္မာလို့ တီ သိပ်မလုပ်ရပါဘူး။ အိမ်မှာဆို ဟင်းချက် ထမင်းချက် အဝတ်လျှော် မီးပူတိုက် က မောင်လုပ်တာ။ အိမ်ရှင်းတာကတော့ မိတ်လုပ်တာပေါ့။ ထားတော့။ ပြောချင်တာ ဒီရောက်မှ အဲ့လို အချက်အပြုတ်တွေ စလုပ်ဖူးတာပါ။ အရင်ကတော့ အမေလုပ်တာမြင်ဘူးတာပေါ့ အဲ့လောက်ပါပဲ။ တီကို ကတော်တာဖြစ်မယ်။ တချို့တွေ ပြောသလိုလေ လက်ဆိပ်ရှိတယ်ခေါ်တာပေါ့ တခါမြင်ဘူးရင် ချက်တတ်ပြီ။ မမြင်ဘူးရင်လဲအမေတို့အဒေါ်တို့ ဖုန်းဆက်မေး သူတို့ပြောတဲ့ အတိုင်းချက်လိုက်ရင်ဖြစ်သွားတာပဲ။ သတိထားမိပါလိမ့်မယ် တီ့ အချက်အပြုတ်တွေမှာ ဘယ်တုံးကများ အသားက ဘယ်လောက်သား အချိုမှုန့်ဆားက စားပွဲတင်ဇွန်း ဘယ်နှဇွန်းဆိုတာမျိုး ရေးဖူးလို့လဲ။ (ရေးနေသူများကို မကောင်းမပြောပါ တီက ပိုတော်တာကိုသာပြောလိုရင်းဖြစ်ပါတယ်) ငှဲငှဲငှဲ…….ဒီလိုပဲ ကြည့်ထည့်လိုက် တီ့ မိုတို ကိုက လွယ်ကူမြန်ဆန် စားကောင်းအရသာရှိပဲလေနော်။ ဆား အချိုမှုန့် တို့ ဟင်းချက်ရင် ငရုတ်သီး အရောင်တင်မှုန့် တို့ဆိုတာက ထည့်သာထည့် ကြိုက်သလောက်ထည့် လိုရင် ထပ်ထည့် များသွားရင် ရေရောပဲလေနော်။ လွယ်မှလွယ်။ မလွယ်ဘူးလား သိပ်လွယ်တာပေါ့နော်။ ကဲ တီချမ်း ထုံးစံအတိုင်း လျှာရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ တီ့ နောက်မိုတိုတခုကလဲ လျှာရှည်လေ တွေ့ရှိလေဆိုတော့ ရှည်ရမယ်လေနော်။ ကဲလာပြီ။ အသုပ်စုံ။

အားလုံးသိကြတဲ့အတိုင်း အသုပ်စုံကလဲ လုပ်တော့သာလွယ်တာ အစုံပလုံရအောက် ရှာရတာ သိပ်ခက်တယ်။ အမှန်က ငယ်ငယ်က စပ်ကော့လပ်ကော့ဈေးမှာ စားခဲ့သလို ကျောက်ပွင့်လေးတွေ ရေညှိလေးတွေတောင် ထည့်ချင်သေးတာ ခုတော့ လဲ သူများနိုင်ငံမှာ ဆိုတော့ ရှိတာလေးနဲ့ ဖြစ်သလိုပဲပေါ့နော်။ ဒါတောင် တီ့ဖြစ်သလိုဆိုတာက အများစုရဲ့သေချာစီစဉ်မှုထက်တော့ သာမှာသေချာတယ်။ တချို့လူတွေက ဖြစ်သလိုဆို တကယ့်ကို ဖြစ်သလိုလုပ်တတ်ကြတာကလား။ ထားတော့။ နာမည်တော့ မပြောတော့ဘူး တော်ကြာ စိတ်ဆိုးနေမှာစိုးလို့။

ကဲ တီ့အသုပ်စုံက တကယ်ကော စုံရဲ့လား ဘာတွေ ပါသလဲ ကြည့်ကြရအောင်နော်။

ပုံ ၁-၂-၃ အစီအစဉ်လိုက်အတိုင်း သွားမယ်နော်……ဂေါ်ဖီ ပါးပါးလှီးရယ် သင်္ဘောသီး ဓါးနှုတ်စဉ်းလေးရယ် တိုဟူးရယ်ပါ။ လှီးတာချွတ်တာတွေအတွက် ခရမ်းနွယ်ကို ခရက်ဒစ်ပေးချင်ပါတယ်။ တကယ့်ကို တရုတ်သိုင်းလောက က ဓါးသိုင်းသမကြီး အတိုင်းပဲ ရွှတ်ရွှတ် ဒုတ်ဒုတ်နဲ့ လှီးသွားတာ တော်ကြာ စတီဗင်ချောင်းများသိသွားရင် သူ့နောက်ကားတွေမှာ ထည့်ရိုက်နေမှာ စိုးရပါတယ်။ (ဝါးခြမ်းပြားကြီးကြီးနဲ့)

ထမင်းလုံး ငရုတ်ဆီနယ်ပါ၊ အမှန်က ချီးပမ်းချဉ် နဲ့ နယ်ရမှာ နီနီလေး (အဆိုတော်မဟုတ်) အရောင်ရအောင်လေ ခုတော့ မရှိတော့ ရှိတဲ့ တီ ဖက်ထုပ်တွေခေါက်ဆွဲတွေစားရင် ထည့်စားတဲ့ ငရုတ်သီး ဆီချက် ချက်ထားတာနဲပ နယ်ပလိုက်တယ် လှလှလေး လုံးပေးတာက လွယ်ကူစားမြိန်ပါ။ ဆီချက်ကတော့ မောင့် လက်စွမ်းဖြစ်ပါတယ်။ တလောကလုံးမှာ ဆီချက်ကို ဒီလို လှလှ မွှေးမွှေး မတူးအောင် ကြော်နိုင်တာ တီချမ်း ချစ်လင် ယောက်ျား အိမ်သား မောင်ပဲ ဖြစ်ပါတယ်။ နောက်ထပ်ကတော့ သခွားသီး ခုနက ပြောတဲ့ အော်မေ့ ဓါးသမ ခရမ်းနွယ်လက်ရာဖြစ်ပါတယ်။ အံမယ် ခုမှသတိထားမိတယ် သူ့နာမည်က တကယ့် သိုင်းဝတ္ထူတွေထဲက နာမည်ဖြစ်နေပါ့လား။

အားလူးပြုတ် အခွံနွှာချေထားတာဖြစ်ပါတယ်။ နံနံပင်ဖြစ်ပါတယ်။ ကဲ သုပ်ပါတော့မယ်။ အော် မေ့သွားလို့ ပြန်လာအက်ဒစ်ပြီး ထပ်ရေးရတယ်။ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီချက်၊ မန်ကျည်းမှည့်ရည် စတာတွေနဲ့ ဇလုံထဲတခုချင်းစီ နည်းနည်းစီ ထည့်ပြီး အကုန် နယ်ပါမယ်။ ဘယ်လောက်ထည့်ရမလဲတော့ မပြောတော့ဘူးနော်။ တီချမ်းစာဘတ်ရင် လူလည်ချည်းပေါ့။ ကြည့်ကျက်သာထည့် များသွားရင် ခေါက်ဆွဲတွေ အစာတွေ ထပ်ထည့်၊ ပေါ့နေရင် ငံပြာရည်ထပ်ထည့်။ သုပ်တာများသွားရင် ဟိုဘက်အိမ်ဒီဘက်အိမ် ဝေလိုက်။ မဟုတ်ရင် အနီးအနားမှာ နေတဲ့ တခြား ဘလောခ်ဂါတွေ ခေါ်ကျွေး။ ကဲ မပိုင်လား။

နယ်တဲ့ အခါမှာ လက်ကြားလေးတွေထဲက ထွက်တဲ့ အထိ တဗြိဗြိနဲ့ နယ်သာနယ်ပါ။ အဲ့တာမှ ကောင်းတာ။ ရဲဘော်တို့ ခုတို့ လုပ်နေတာ အသုပ်စုံ။ ဒါ လှနေ နုနေ ရမယ့် အချိန်မဟုတ်။ နယ်တာကလဲ လွယ်ကူစားမြိန်ပါပဲ။ အဲ့တော့ စာဘတ်သူက တီချမ်းဘာလုပ်သလဲမေးချင်မယ်။ အဲ့ဒီ ၃ ယောက်ကို ထောင့်စေ့အောင်ခိုင်းနေပါတယ်။ အံမယ် ၃ ယောက်လုံး မခိုမကပ်ဘဲ အမြန်ပြီးအောင် ခိုင်းနိုင်ဖို့ ဆိုတာ လွယ်မှတ်လို့ တီချမ်းမို့လို့သာပေါ့။

ဒါလေးတွေကတော့ ပုံလှလှထွက်အောင်ကော ပရယ်စင်တေးရှင်းကောင်းအောင်ကော တခါ အပြင်သွားတုံးက တွေ့လို့ တမင်ကို အသုပ်စုံလုပ်စားရင် သုံးရအောင်ဆိုပြီး ဝယ်ထားတဲ့ ဘူးပါ။ အဲ့တာ ထုတ်ပေးဖို့ မောင့်ကို ပြောတုံးကတောင် သတ်ရတော့မလို့။ သူက တလောက ရေကြီးတော့ ပစ္စည်းတွေသိမ်းထားတာ အကုန်လျောက်ပြီးတော့လေ။ ပြန်ရှာရမှာပေါ့။ ပြောလိုက်တယ် ရှင် သေတ္တာထဲမှာ ထည့်ထားတာ ကျုပ်တွေ့တယ် သွားယူချေ လို့ ဘယ်ရမလဲ တီချမ်းပဲဟာနော်။ လင်နေစ ကြောင်သေမှလေနော်။ ကြောင်ကော ကျားကော ကျားသစ်ကော ဆင်ကော ခြင်္သေ့ကော အကုန်သေစေရမယ်။ နောက်မှ လင်နိုင်နည်း ၁၀၀ ဆိုတာကို စာအုပ်နဲ့ ကိုရေးပြီး ထုတ်အုံးမယ်။ အားပေးကြအုံးနော်။ ဘေးပုံကတော့ ခေါက်ဆွဲတွေပါ။ ပဲကြာဇံ နဲ့ ဆန်ကြာဇံ ကို ၇-၁၁ ကနေ ဝယ်ပြီးတော့ ရေနွေးဖျော်ပါတယ်။ ပဲကြာဇံက ဖျော်ပြီးတာနဲ့ ရေအေးနဲ့ဆေးပါ မဟုတ်ရင် ထွေးသွားပါမယ်။ ဆန်ကြာဇံကတော့ ပြုတ်ပြီးတော့ ပဲငံပြာရည်အနောက်နဲ့နယ်ပါသေးတယ်။ လွယ်သူစားမြိန်ပါ။ ခေါက်ဆွဲကတော့ တရုတ်နှစ်ကူးရင် မှိုတွေကျိုးချိုက်တွေနဲ့ ကြော်စားတဲ့ သက်ရှည်ခေါက်ဆွဲကို ပြုတ်လိုက်တာပါ။ လွယ်တယ်နော်။

ခုနက ဇလုံက သုပ်တာ ၅ ယောက်စာပါ။ ပြီးတော့ ပွဲပြင်ပြီးတော့ နံနံပင်အုပ်လိုက်တော့ စားချင်စဖွယ် အသုပ်စုံရတာပေါ့။ အမှန်က ဒေါ်ရီတာ အရင်တခေါက် ဘန်ကောက်လာလည်ကတည်းက လုပ်ကျွေးကြဖို့ပါ။ နောက်တော့ ဘယ်လိုကနေ ဘယ်လို ရှမ်းခေါက်ဆွဲပဲ ချက်ဖြစ်သွားလဲ မသိဘူး။ အော် ဟင်းခါးလေးလဲ မမေ့နဲ့နော်။ တီတို့ကတော့ အလွယ် အိမ့်စည်းစိမ် ၃ ထုပ်ကို ရေဆူဆူမှာ တည်ပြီးတော့ ဘူးသီး နုနုလေးတွေစိတ်ထည့်။ ပဲကြာဇံ နည်းနည်းခပ်၊ ပြီးတော့ ကြွက်နားရွက်မှိုလေးတွေ တောက်လိုက်တော့ ဟင်းခါး ပူပူလေးမရပါလား။ မိုက်မှမိုက်ပဲ။ မနေ့က မိုးကလဲ အုံ့တုံ့တုံ့ ဆိုတော့ ကောင်းမှကောင်း။

ဒါကတော့ အပြန်မှာ ပါဆယ်ယူတဲ့ လွယ်ကူနဲ့ ခရမ်း သိုင်းသမ တို့ အတွက်ပါ။ လက်က ခရမ်း ရဲ့ လက်လေ။ တွေ့တယ်မှ ဓါးကိုင်တဲ့ လက်ဆိုတာ…………….

ကဲ အားလုံးကိုချစ်တယ်နော် မောင့်မွေးနေ့လေး ပျော်ပျော်ရွှင်ရွှင်ပြီးမြောက်သွားတာ ကျေးဇူးပါ။ ပျော်စေပျက်စေ ကလက်စေ ရေးတာမို့လို့ စိတ်မဆိုးရ။ ဆိုးရင်လဲ ဘာမှ မတတ်နိုင် ရေးတာက ရေးပြီးပြီ ဆိုးရင်လဲ လူဆိုးမကြီးတွေပဲဖြစ်မှာ။

Bonus
ဒစ်စနေရဲ့ မင်းသမီးတွေအကြောင်း ရေးဖို့ သုတေသန လုပ်နေပါတယ် မျှော်………..

A Chen
4:02 PM
30th Jan 2012
Monday
Bangkok

စိုးအတွက် တီ့ အချစ်စစ်စစ်များ….

ဝက်သားယောင်….ဝက်ခေါင်းသုပ်….ဝက်နံရိုး….ဝက်ဆီပျံ

မနေ့ညက ချက်စားကြတဲ့ ဟင်းတွေပါ တူမတော် မိရောင်ကတောင် လာမေးနေတယ် ဝက်တကောင်လုံး အသုံးချနည်းလားတဲ့ ဆိုပါတော့ ပြောလဲ ပြောချင်စရာ နော် တီချမ်းတို့များ စားလိုက်ရင် အရမ်းချည်းပဲ ဆိုတာလိုပေါ့။ ထားပါတော့။ ပြောရမှာက ပထမဆုံးဟင်းပါ ငါးဖယ် ကိုအုန်းနို့ နဲ့ ချက်တာပါ ဒါက မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပေါ့ ပဲခူးတိုင်းထဲက ချက်နည်းလို့ ပြောပါတယ် မောင်ချက်တာပါပဲ။ ကိုယ်တော့ မစားဘူးဘူး ငါးဖယ် ကိုကြော်ပဲ စားတယ် အစာသွပ် နောက် မုန့်ဟင်းခါး တို့ ဘာတို့ ထဲထည့်စား နောက် သုပ်စား အဲ့တာလဲ ကြော်ပဲ အကုန် ကြော် ကိုပဲ ဘေ့စ် လုပ်ပါတယ် ဟင်းချက်ရင် ကိုယ်က မကြိုက်လို့ပါ။ ထားပါတော့…ဒါပေမယ့် ငါးဖယ် ချက်ကို ဘာလို့ ဝက်သားယောင် လို့ခေါ်လဲ တော့ ကိုယ်လဲ မသိပါဘူး ပြောပြီးပြီလေ မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပါဆို…..ချက်တာတော့ သိပ်မခက်ပါဘူး လွယ်တယ် ကဲ ကြည့်ကြရအောင်……

ဒါက ရန်ကုန်ကနေ အရင်တပတ်က သူငယ်ချင်း ဦးညီတို့ မဝေ တို့ လင်မယား ယူလာပေးတဲ့ ငါးဖယ် ကြော်ပြီးသားတွေပါ ပထမ မကပ်တဲ့ အိုးနဲ့ ဆီမပါ ပျားမပါ ပြန် အပူပေးပါတယ် ဆီထည့်ချင်တော့ ဆွတ်ရုံ ထည့်လဲ ရပါတယ် ပူရင် ဖောင်းကြွ လာလိမ့်မယ် နောက် ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ထားပါ။ ပြီးရင်တော့ တတိယ ပုံက ကြက်သွန်ဖြူ နီ ဆီသတ်နေတာပါ နနွင်းလေး အရောင်တင်မှုန့်လေးထည့်သတ်ပေါ့နော် အရောင်လှအောင်

ဆီသတ်တာမွှေးလာရင် ငါးဖယ် ထည့်လို့ ရပါပြီ ငါးဖယ် ထည့်ပြီး ခဏ ထပ်လုံးပေးပါ ပြီးရင်တော့ အုန်းနို့ ထည့်တဲ့ အဆင်ပေါ့ ဒီမှာတော့ အလွယ်ရတဲ့ အုန်းနို့ ဘူး ကိုပဲ ၇-၁၁ ကနေ ဝယ်ထည့်ပါတယ် ပုံမှာ ကြည့်ပါ မောင်ကတော့ ကိုယ်တို့ အီပြီး မစားနိုင်မစိုးလို့ အုန်းနို့ လျော့ထည့်တယ် ပြောပါတယ် ကြိုက်တတ်ရင်တော့ နှိုင်းချင်းသာထည့်ပါလေ အားနာစရာမှမလိုဘဲနော်….

အုန်းနို့ထည့်ပြီးရင် တခါ ထပ်မွှေးပြီး ဆီပျံလာအောင် လုံးပေးပါ မကပ်အောင်တော့ေ မွှပေးနေပေါ့အေ.. ……ပြီးရင်တော့ ရေ နည်းနည်းထည့် ပြီး ဆီပျံ လာရင်…….

အုန်းနို့ နံ့ သင်းသင်းလေးနဲ့ ငါးဖယ် ဝက်သားယောင် တခွက်ရတာပေါ့နော်………….

ဒါကတော့ တနေ့က ကျန်တဲ့ ဝက်သားဆီပျံ ပါ (အရင်က ချက်နည်းက ဒီမှာပါ ထပ်မရေးတော့ဘူးနော်) ဆိုပြီး လင်ခ့် ထည့်မလို့ လိုက်ရှာတာ… ဟော့တော့ အရင်က ချက်ထားတယ်ထင်ပြီး လင့်ရှာနေတာ ချိတ်ဖို့ မတွေ့ဘူးတော်တို့ရေ လက်စသတ်တေ့ တီချမ်း ဝက်ဆီပျံမတင်ဘူးပါကလားပေါ့နော် အံ့ဖွယ်သုတပဲ အံ့ပါရဲ့အံ့ကြီးမောင်ရယ် လို့ တောင်ပြောရမလိုဖြစ်နေပြီ ကဲကဲ အမြန်ချက်နည်း ကို တဖန်ထပ်ပြီး တင်ရမယ်ဆိုရင်တော့ဖြင့်….ကြက်သွန်ဖြူနီ ဆီသတ် ဝက်သားကိုလုံး ဆားအချိုမှုန့်ထည့် ရေထည့် ဆီပျံ အောင်တည် အပ်ချလောင်းပါပဲ….

ဒါလေးကလဲ သိပ်လွယ်ပါတယ် သိပ်လွယ်ပေမယ့် သိပ်လဲ ကောင်းပါသေးတယ် ဝက်နံရိုး ကီလိုဝက် ကို ရေစင်စင်ဆေး အိုးထဲထည့် တီချမ်း ရဲ့ဟင်းရည်မဟာတည်နည်းအတိုင်း တည်ပါ။ ပြီးရင် မုန်လာဥဖြူ တွေကို ကြိုက်တဲ့ ပုံစံ လှီးပြီး ထည့်ပါ မီးအေးလေးနဲ့ ကြာကြာဆူပါစေ ပြီးတော့ မှ အကုန်နူးရင် ဆား အချိုမှုန့် ကြိုက်သလောက်ထည့်ပါ ပြီးတော့ မှ မြည်းပြီးရင် အိုးချ လို့ ရပါပြီလေနော်

တီ့ အကြိုက်ဆုံး ဟင်းလျာ တမျိုးဖြစ်တဲ့ အသည်းကြော်ပါ ကြော်နည်းက ဒီမှာပါနော်

ကန်စွန်းနဲ့ မှို ပလိန်းပါ ကြော်နည်းက ဒီမှာပါ

ဒါလေးကတော့ ဝက်အာခေါင်နဲ့ နားရွက်သုပ်ပါ ခါတိုင်း တရုတ်သုပ်စားနေတာ များနေတော့ ဒီတခါ မြန်မာသုပ်လုပ်စားပါတယ် ဖြစ်ချင်တော့ ကိုယ်တကယ်စားချင်တာ က ချီးပန်းချဉ် အနီလေးတွေ နဲ့ သုပ်တာမျိုး မရှိတော့လဲ ရှိတာလေးနဲ့ ဝအောင်စား ရပါတယ်သနားတာနော် ကိုယ့်ကိုယ်ကိုယ်….

အသားတွေအာခေါင်တွေ နားရွက်တွေကိုတော့ ဈေးကနေ လုပ်ပြီးသား ဝယ်လာတာပါ ဘတ် ၃၀ ဖိုး မြန်မာငွေ ကျပ်၉၀၀ တိတိခန့်ပေါ့လေ ပြီးတော့ ကြက်သွန်နီ နှစ်ဥ လောက်ကို ပါးပါးလှီး ပါတယ် ပဲမှုန့် ငရုတ်သီး အကျက်မှုန့် ကြက်သွန်ဖြူ ဆီကျက် ပံပြာရည် စဉ်းငယ်ခန့် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး အချဉ် ကိုတော့ မန်ကျည်းရေ ပဲသုံးလိုက်ပါတယ် ပုံ တစ် ကိုကြည့်ပါ ။ ပြီးရင်တော့ ဇလုံထဲကို ခုနက ပြောတာတွေအကုန်ပစ်ထည့် လိုက် ပြီးရင် နယ်ပါ အားရပါးရသာနယ်ပါ နယ်တာ မနှံ့ ရင် စားမကောင်းပါဘူး ပြီးရင် မြည်းကြည့်လိုတာ ထပ်ထည့် ထပ်နယ်

ဟော…….ချဉ်ငံစပ် ဝက်နားရွက် အာခေါင်သုပ်လေး တပွဲရကရောပေါ့အေ….

အအီစာတွေချည်းပဲ ကျွေးတယ် ပြောမစိုးလို့ အသီးလေးတွေပါ ထည့်ပေးထားတယ်နော် စထရော်ဘယ်ရီ နဲ့ပန်းသီး နီ စိမ်းတွေလဲစားကြပါ

A Chen
12:38PM
20th July 2011
Wednesday
Home
Bangkok

အတိုအထွာ စားစရာ စာဘတ်သူက တောင်းလို့ပါ

ကဲကဲကဲ လာပြီလာပြီ ဒေါ်ချမ်း လာပြီ………တလောက အနောနိမတ်စ် တယောက်ထင်ပါတယ် လွယ်ကူ သက်သာ ဟင်းလေးတွေ ၃၊ ၄ မျိုးတင်ပေးပါအုံး တီရေ ပြောလာလို့ခု စိတ်ကူးရတာနဲ့ တင်ပေးလိုက်တယ်နော်
တီလဲဟင်းမချက်တာ ကြာ ပိုစ့် မတင်တာကြာ နေကလဲ မကောင်း ၂ ပတ်လောက် ရှိပါပြီ နေမကောင်းတာ ပျောက်ချင်သလိုလိုဖြစ်လိုက် ပြန်ဖြစ်လိုက် ……….အင်း……..
ဒီတပတ်တော့ အရည်သောက် တမျိုး ရယ် အကြော် တမျိုး ရယ် အသုပ် တမျိုး ရယ် အသားတခွက် ရယ် လေးမျိုး လွယ်ကူမြန်ဆန် တင်ပေးလိုက်တယ်နော် ………..နိုင်ငံရပ်ခြားမှာ နေသူအများစု ဟာ အင်မတန်မှ ကို အချိန်ရှားပါးကြပါတယ် သို့သော်လည်း ကိုယ်တွေလဲ လူတွေပဲမို့ အချိန်သာမရှိရင်နေမယ် အရသာကတော့ ရှိတာပဲ စားချင်ကြတာမှလား…….အဲ့တော့ တီက ချက်ရတာ လွယ်လဲလွယ် အချိန်လဲသိပ်မပေးရ စားလို့လဲကောင်း စတဲ့ နာမဝိသေသနတွေနဲ့ ပြည့်စုံတဲ့ လွယ်ကူ သက်သာ စားကောင်း ဟင်းချက်နည်းလေးတွေရှယ် ရတာပေါ့နော်။…….

ပထမဆုံးတော့ ရှမ်းချက်နည်း တမျိုးဖြစ်တဲ့ ဝက်နံရိုး ပိန္နဲသီး ပဲပုပ် ဟင်းရည်ပါ အရင်တခါကလဲ ချက်နည်းမဟာ ကို ဒီမှာ တင်ဘူးပါတယ်နော် ခုတခါတော့ တီက အလွယ်ချက်နည်း ကို တင်ပေးမှာဖြစ်ပါတယ် အလွယ်ချက်နည်း ဖြစ်တဲ့ အတွက် တီက ဆီသတ်တာတွေဘာတွေစတဲ့ အသေးစိတ်ချက်နည်း ကိုကျော်ပလိုက်ပါတယ်နော်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ပဲပုပ် ၃ ချပ်လောက် ပိန္နဲသီးစိမ်း ဆူးပုပ်ရွက်။ ဒီတခါတော့ ပိန္နဲသီး ကို လုပ်ပြီးသား (ပြုတ်ပြီးသား) တွေ့လို့အလွယ် ဝယ်လာလိုက်ပါတယ်။ ဒီကနေ စလွယ်တာနော်။ အရင်က အစိမ်းဆိုတော့ လှီးရ အစေးတွေဖယ်ရ ဆေးရ အခွံနွှာရ စတဲ့ အဆင့်တွေ အကုန် ကျော်ပလိုက်ပါတယ်။ မြန်မာပြည်မှာလဲ ရှိတယ်လေ ပြုတ်ပြီးသား ကိုတို့စရာအနေနဲ့ ရောင်းတာ တီလဲ ဒီမှာ တနေ့က ညဈေးသွား တာ တွေ့လို့ဝယ်လာ လိုက်ပါတယ်။ နောက်တခု ကျန်သေးတယ် ခရမ်းချဉ်သီး အရမ်း မမှည့်တဲ့ဟာတွေကို ၄၊ ၅ လုံးလောက် ၄စိပ်စီ လှီးထားပါနော်။

ဝက်နံရိုး နုနုလေးတွေအရိုးနု ပါပါတဲ့ ဟာမျိုး ကီလိုဝက်လောက်ကို ရေ လိုသလောက်နဲ့ပြုတ်ပါတယ် (နံရိုး ကိုအရင်ဆေးအုံးနော်) တီထည့်မပြောတာနဲ့ တော်ကြာ ဒီနည်းက ပိုလွယ်တယ်ဆိုပြီး ရေပါမဆေးပဲ ချက်နေကြမစိုးလို့…..ဝက်နံရိုး ပြုတ်နေရင်း တခါတည်း ခုန က ပဲပုပ် ၃ ချပ်ကို ထည့်ပြုတ်လိုက်ပါ။ ပြီးတော့ တဖြည်းဖြည်း ဆူလာရင် အဆီအနှစ်တွေကို ဇွန်းလေးနဲ့ ခပ်ခပ်ထုတ်ပေးပါ။ ပြီးတော့ ခရမ်းချဉ်သီး နဲ့ပိန္နဲသီး တွေထည့်ပေါ့……ပြီးရင် ခဏပေးဆူလိုက်ပါ နောက် တခါ ထပ်ဆူပြီးရင်တော့ ငရုတ်သီး အစိမ်းမှုန့် ဟင်းချက်တဲ့ အမှုန့် ကို နည်းနည်း အရောင်လှအောင် ထည့်ပါ ဆီသတ်ပြီး ထည့်ရင်လဲ ရပါတယ် တီကတော့ အလုပ်ပိုရှုပ်မှာ စိုးတာရယ် နေလဲသိပ်မကောင်းတော့ ဆီရှောင်ချင်တာနဲ့ ဆီမသတ်တော့ပါဘူး ဒီအတိုင်းပဲ ထည့်လိုက်ပါတယ်။ ပြီးတော့ ဆူလာရင် အရသာ ချိုငံပေါ့ မြည်းပေးပြီးတော့ ဆူးပုပ်ရွက်ခပ် လိုက်ရင် …..

အရသာရှိတဲ့ ရှမ်းရိုးရာ ဝက်နံရိုး ပိန္နဲသီး တခွက်ရပြီပေါ့ ။ အဲ့တာက အရည်သောက်ပေါ့နော်။

ဒါကတော့ အများသိကြတဲ့ ကြက်သား ပြုတ်ကျော်ပါပဲ ဒါကတော့ မောင်ချက်တာပါ တီက အဲ့လို အရမ်းလွယ်တာလောက်ကို ဆိုရင်တော့ တီ့ လက်ထောက် မောင့် ကိုပဲ လွှဲထားလေ့ရှိပါတယ်။ ငှဲငှဲငှဲ….. ကြက်သားက ပြုတ်ပြီးသားပါ ဘယ်လိုပြောမလဲ ပြုတ်ထားတာ အသင့်စားဖို့မျိုးလေ အချဉ် နဲ့ တို့စားတာမျိုးပေါ့ တရုတ်တွေ လုပ်လေ့ရှိတဲ့ ဟာမျိုးလေ တီက အဲ့ဒီ ကြက်သား အမြဲဝယ်စားပါတယ် သူက စီပီ နဲ့မတူဘဲမြန်မာကြက်နဲ့ ပိုတူလို့ပါ။ ထားတော့ တဘူး ၉၅ ဘတ် နဲ့ နှစ်ဘူး ဝယ်လာလိုက်တယ် မောင်က ကြက်သွန်ဖြူနီ ဆီသတ်ပြီးတော့ ကြက်သားထည့် လုံးပြီးတော့ ဆားအချိုမှုန့် ထည့် ပြီးရင် ရေထည့်ပြီးတော့ ခရုဆီထည့် တည်လိုက်ဆူရင် ရပြီ။ အရသာလဲရှိ ကောင်းမှကောင်း ချက်ရတာလဲသိပ်လွယ် အိုအိရှိပါပဲ။ကဲ အသားဟင်းလဲပြီးပြီနော်။

ဒါကတော့ ဝက်အူမကြီးသုပ်ပါ ရခိုင်နည်းနဲ့သုပ်ပါတယ်။ ဘေးဆုံးက ပုံက ရန်ကုန်ကနေ သယ်လာတဲ့ ရခိုင်ငပိထောင်းပါ သူငယ်ချင်း ရခိုင်မ ဆိုင်ကနေ အော်ဒါစပယ်ရှယ် မှာပြီး ထောင်းခိုင်း ပြီးတော့ ဘူးလိုက် ထည့်လာတာပါ။ သူက ကြာကြာအထားခံအောင် ကြက်သွန်ဖြူနီ ထည့်မထောင်းထားဘဲ ငပိနဲ့ ငရုတ်သီးစိမ်းပဲ အဓိက ထောင်းထားပေးတယ် ခါတိုင်း စားချင်တဲ့ အချိန် သံပရာရည် နည်းနည်း ညစ်လိုက်ရင် တို့ စရာ သခွားသီးလေးနဲ့ စားလိုက်ရင် လျှာကျွမ်းပြန်ပဲ။

ပထမဆုံး အူမကြီး ကိုအရင်ဆုံး ပဲငံပြာရည်နည်းနည်း နဲ့ပြုတ်လိုက်ပါတယ် အနံ့ရှိရင် ကုန်အောင်ပါ။ ပြီးတော့ ပါးပါးလှီး ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး ဆားအချိုမှုန့် နည်းနည်းထည့် ပြီးတော့ ရခိုင် ငပိထောင်း နည်းနည်းထည့် ပြီး နယ်လိုက်ရင်…..

လျှာကျွမ်းပြန် အောင် ရှယ်စပ် ရှယ်ကောင်းတဲ့ ရခိုင် အူမကြီး သုပ်ရတာပေါ့ အူမကြီး အစား အချင်းတွေ ဘာတွေနဲ့သုပ်လဲကောင်းမယ် ထင်ပါတယ်။ ဒါလေးကတော့ အသုပ်ပါ။

နောက်ဆုံးကတော့ တရုတ်နည်းနဲ့ ကြော်တဲ့ ဘိုစားပဲသီးပါ။ တီက စားချင်နေတာ ကြာပြီ အဲ့လိုမျိုးလေး ငရုတ်သီးနဲ့ ကြော်တာကို။ အဲ့တာနဲ့ တနေ့ကတော့ ပါရာဂွမ် ကို သွားပြီးတော့ ဘိုစားပဲ နှစ်ထုပ်ဝယ်လာပါတယ် ဘတ် ၃၀ နှစ်ထုပ်ဆိုတော့ ဘတ် ၆၀ပါ မြန်မာပြည်မှာဆိုရင်တော့ အများကြီး ရမှာပဲ ဆိုပြီးတွေးမိတာကိုတော့ တားမရပါဘူး။ ဘိုစားပဲ တောင့်လေးတွေကို နှစ် လက်မ စီလောက် ချိုး ထိပ်နှစ်ဘက် အမျှင်ဖယ် ပြီးတော့ ရေဆေး စစ်ထားပါ။ မကပ်တဲ့ အိုးနဲ့ ဆီထည့် ငရုတ်သီးခြောက် နည်းနည်း ကိုမွှေးအောင် အရင်ကြော် ဘိုစားပဲ ထည့် ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း တဇွန်းလောက်ထည့်လိုက် ဆား အချိုမှုန့် ထည့် ခဏကြော် လိုက်ရင် ………….

အရာသာရှိတဲ့ ဘိုစားပဲသီး တရုတ်စတိုင်လ် ရပါပြီ။ အသီးကြော်ပေါ့နော်……..

ဒါလေးကတော့ ရာသီစာ အချိုပွဲပါ ထိုင်းမှာ မိုးတွင်းဆိုရင် ချင်းမိုင်ဘက်က လာတဲ့ လိုင်ချီစ့် တွေသိပ်ကောင်းပါတ် အရည်ရွမ်းပြီးတော့ အလုံးကြီး ပြီး သိပ်ချိုတာပါပဲ စားကြပါအုံးနော်…..

A Chen
10:50PM
12th July 2011
Tuesday
Home
Bangkok

ကြည်လဲ့လဲ့ဦး တုတ်ထိုး

တလောကတည်းက တုတ်ထိုးလုပ်စားမယ် တင်မယ် ဘာညာ ဘာညာ ပြောနေအော်နေတာ အတော်ကြာပါပြီ။ တကယ်က တီက တုတ်ထိုး မလုပ်တတ်ပါဘူး စားပဲစားတတ်တာပါ။ တုတ်ထိုးဆိုရင် ဆီနဲ့ ကြော်တာလဲ ကြိုက်တယ် ရေနဲ့ပြုတ်တာလဲ ကြိုက်တယ် ရန်ကုန်စတိုင်လ် လဲကြိုက်တယ် မန္တလေး စတိုင်လ် လဲ ကြိုက်တယ် နီနီအရောင် အရည်တွေနဲ့တောင်ကြီး စတိုင်လ် မငြင်းဘူး ကြံမဆိုင်ထည့် ပြုတ်တဲ့ အရည်သောက်လဲ လာထားပဲ

ငယ်ငယ်ကဆို မိုဃ်းကောင်းဘုရားပွဲနေ့တွေဆိုရင် ကျောက်ကုန်းမှာ နေတဲ့ သူငယ်ချင်း ခြံထဲ ကနေ အသည်ကို တောင်းလိုက် ခေါ်စားနေကြပါ။ အဲ့တုံးက ခြင်း ၁၆ တွေ ဘာတွေတောင်မပေါ်သေးဘူး တီတို့က ခြင်းလိုက် အုပ်နေပြီ။

နောက် ငယ်ငယ်က တသက်လုံးကြီးလာတာကတော့ ရန်ကင်း ၁၂ လုံးတန်း တုတ်ထိုးပါ ရောင်းတဲ့ လူကြီး ဆို မိုက်တယ် သူ့သားသမီးတွေအကုန် တုတ်ထိုးရောင်းပြီးကျောင်းထားလာတာ နောက်တော့ မြေနီကုန်း
ရောက်တော့ မြေနီကုန်း ရွှေမန်းရုံ နားက အဖိုးကြီး တုတ်ထိုး အဲ့မှာ လဲ ဂျမခါနာက နပ်စ်မတွေ ဆရာဝန်မတွေနဲ့အကြီး အကျယ် ရန်တွေဖြစ်ပြီး စားခဲ့ရတာပါ မှတ်မှတ် ရရနောက် မန်းတလေးရောက်တော့ သူငယ်ချင်းတယောက် လိုက်ကျွေးတဲ့ ဒညင်းသီးတွေ ထည့်ပြုတ်တဲ့ သူ့အိမ်နားက တုတ်ထိုး ငယ်ငယ်က တောင်ကြီးမှာ ကျောင်းနေတုံးက စားခဲ့ရတဲ့ လိမ္မော်ရောင် ဟင်းရည်ပါသောက်လို့ရတဲ့ တုတ်ထိုး စတာတွေကို တခုမှ မမေ့ပါဘူး။

ခုတော့ အရင်မြန်မာပြည်က သမီးတပည့်မလေးကြောင့် ကိုယ်တိုင်ချက် တုတ်ထိုး ကိုစားရပါတော့မယ် ဒန်ဒန့်ဒန့်

တုတ်ထိုးမှာ အရေးကြီး တာ အချဉ်ပါ ပရိတ်သတ်ကြီးတွေလဲ အကုန် သဘောတူကြမယ် မျှော်လင့်ပါတယ် မတူလဲ မရဘူးလေ တီ့ စာလာဘတ်နေတာပဲကိုးနော်…..အဲ့တာကြောင့် အရေးအလွန်အင်မတန်မှကြီးတဲ့ အချဉ် ဖျော်နည်း ကို ဦးစွာပထမ ပြုကာပြရရင်တော့….

ပထမဆုံး မြန်မာပြည်ဖြစ် အချဉ်ရည် လိုပါမယ် ယိုးဒယားသော ထိုင်းသော တရုတ်သော အမေရိကန်သော အချသ်တွေ မရပါဘူး တုတ်ထိုးဆိုရင် မြန်မာပြည်ဖြစ် ချီးပန်းချဉ် လို့ တချို့တွေ ခေါ်ကြတဲ့ အဲ့ဒီ အချဉ် လိုကိုလိုပါတယ် မရှိရင် မကောင်းပါဘူး ချီတို လို အချဉ်မျိုး ဆိုရင်လဲ မကောင်းပါဘူး။ အဲ့တော့ မြန်မာပြည်ဖြစ် ချီးပန်းချဉ် ပဲရအောင်ရှာပါ။ ဘေးကတော့ ငရုတ်သီးစိမ်း ဂျင်း ကြက်သွန်ဖြူ တောက်တောက်စင်းပါ။

ပထမ ပုံကတော့ ထန်းညက်ရည်ပါ ညောင်စီးကျအောင်ကြိုပါလို့ ဆရာမကြီး ကြည်လဲ့လဲ့ဦးက ပြောပါတယ်။ သူ့ဘေးကတော့ မန်ကျီးရည်နှစ်ပါ သေချာဖျော်ပြီးတော့ အဖတ်တွေ ဆယ်ထားလိုက်ပါ။

ပြီးရင် ခုနက ချီးပန်းချဉ်ထဲကို ခုနက ဟာတွေအဆင်ပြေအောင် အကုန်ထည့် သမမျှတအောင်မွှေ ဆားအချိုမှုန့်ရော သံပရာရည်ထည့် ပြီးရင် သေချာမွှေအရသာမြည်း အဆင်မပြေရင် လိုတာ ထည့် ပိုသွားရင် ခုနက ထန်းညက်နဲ့ မန်ကျီးရည်ရော ကြိုက်သလိုပြင်ပါလေ။ အဲ့တာ ဆိုပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိတဲ့ အချဉ်တခွက် ရတာပေါ့။

ဒါတွေကတော့ ထည့်ဝင်မယ့် ကလီစာ အကုန်ပါပဲ။ တီကတော့ အလွယ် စီယမ်ပါရာဂွမ်ကပဲ ဝယ်ပါတယ် အကုန်လုံးက လုပ်ပြီးသား ကိုင်ပြီးသား သန့်သန့်လေးတွေပဲ အူလေးတွေဆို အရောင်တောင် တောက်နေတယ် သန့်ပြီးတောက်ပြောင်နေတယ် ဆိုတာ အဲ့လိုမျိုးဟာကိုပြောတာပဲ။ ပထမ အိုးကတော့ တီက အလွယ် အပျော့ အိုးလို့ခေါ်ပါတယ် အချင်း၊ အူပွ၊ အူချို စတဲ့ အူနဲ့ဆိုင်သော အနုကလေးများပေါ့။ ဒုတိယအိုးကတော့ အမာအိုးလို့ တီကခေါ်တဲ့ အူမကြီး၊ သရက်ရွက်၊ အသဲ၊ နှလုံး၊ ကျောက်ကပ်၊ အမြီး၊ လျှာ စတာတွေပါပါတယ်။ နောက်ဆုံးပုံလေးကတော့ အူချိုပါ ဘေးနှစ်ဘက်နှစ်ချက် ကို သွားရေကွင်းလေးနဲ့ ချည်ရပါမယ်။ ပုံထဲမှာ ပါတဲ့ အနီရောင်လေးပါ သေချာကြည့်ရင် ပုံရဲ့ ညာဘက်ကနေဆိုရင် ၃ ချိုး ၂ ချိုးလောက် အလယ်မကျတကျမှာ တွေ့ရမှာပါ။ အူချိုက အရမ်းနုတော့ ဆေးနေတုံး ပြုတ်နေတုံး အထဲက အစာတွေထွက်ကျကုန်မှာ စိုးလို့ပါ။ ပြီးရင်တော့ အကုန်လုံး ကိုသေချာဆေးကြောပြီးရင် နယ်ဖတ်တဲ့ အစီအစဉ် စပါမယ်။

ပုံမှာ ပြထားတဲ့ အတိုင်း အရေးကြီးတဲ့ ပဲငံပြာရည် အနောက် ကိုထည့်ပါမယ် ဆား အချိုမှုန့် သကြား စတာတွေထည့်ပါမယ်။ အောက်ကတော့ ပြုတ်တော့မယ် တကဲကဲ အနေအထားပါ။ ပြုတ်တဲ့အခါမှာ ဆီနည်းနည်းထွက်အောင် ဝက်ဆီဖတ်တွေ ထည့်ပြုတ်ပါမယ်။ နောက် မွှေးအောင် ဂျင်း ပြားပြားလေးတွေ လှီးပြီးထည့်ပါသေးတယ်။ ငရုတ်ကောင်းမှုန့် လည်းနည်းနည်းထည့်ပါ။

အပေါ် နှစ်ပုံက အပျော့အိုးပါ။ မပြုတ်ခင် နဲ့ပြုတ်ဆဲ အနေအထားပေါ့။ ဖြူဖြူ အဖတ်တွေက ဝက်ဆီဖတ်တွေဖြစ်ပါတယ်။

အမာအိုးဖြစ်ပါတယ်။

ပျော့မာပြိုင် တူတူ ပြုတ်ကြတယ် ဆိုတာ ဖြစ်ပါတယ်။ နူးတဲ့အထိ ဆိတ်ဆိတ်ကြည့်ပြီး အားရပါးရသာပြုတ်ပါလေ။ ကတ်ကြေးလေးနဲ့ သေးသေးလေးတွေညှပ်ညှပ်ပြီး ပြုတ်ရင်း မြည်းရင်း နူးမနူးကြည့်ရင်း လုပ်ရမယ့် အချိန်အခါပေါ့ကွယ်။

ဟော်ပြုတ်တဲ့ အခန်းပြီးသွားတော့ ကြော်ရပါမယ် တီကတော့ သေချာမသိပါဘူး တီတို့စားတော့ တောင်းပေါ်ရောက်နေပြီလေနော်။ အိုးထဲထည့်ထည့် ယူလာတာတော့ တွေ့တယ် အဲ့တာတွေက အရောင်လှအောင် ကြော်ပြီးသား လို့ ဆရာမကြီး ကြည်လဲ့လဲ့ဦး ကဖြည့်ပြောပါသေးတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ခုနက ပြုတ်တာတွေ ဆယ်ပြီး သကာလ ဆီလေးနည်းနည်းနဲ့ ဒယ်အိုးထဲမှာ လှိမ့်ရပါမယ်။ အကုန်လုံးကို တခါဆီလောက် လှိမ့်ပြီးရင်တော့ အနံအရသာ အရောင်အဆင်းနဲ့ ပြည့်စုံတဲ့ မူလလက်ဟောင်း ကြည်လဲ့လဲ့ဦး တုတ်ထိုး တအိုးရတာပေါ့ကွယ်။

ဒါကတော့ မနက်ကတည်းက ချွေးတလုံးလုံး နဲ့ တီတို့စားဖို့အရေး ချက်ပြုတ် ပြင်ဆင်နေတဲ့ ဆရာမကြီး ကြည်လဲ့လဲ့ဦးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ……ပရိတ်သတ်များ လက်ခုပ်တီးပေးပါ။

ဒါတွေကတော့ ခုနက ကြော်ပြီးတဲ့ အိုးထဲကနေ အအေးခံပြီးတော့ ပန်းကန်ပြားပေါ်ပြန်တင်ထားတာပါ။လှီးတော့မယ်လေ။ ၂၀၀ တန်လား ၃၀၀ တန်လား ၅၀၀ တန်လား ပွဲနဲ့လား တုတ်ထိုးလား အူချည်းပဲလား။ အသံချည်းပဲလား၊ လျှာလေးရောအုံးမလား ပေါ့။

အောက်ကပုံတွေကတော့ တုတ်ထိုးသည်ကြီး တီချမ်း လှီးနေတာပါ ရောင်းနေမကျတော့ အတုံးတွေကြီး ကုန်တယ် အရင်းတော့ ပြုတ်တော့မှာပဲ။ကြိုက်တတ်တဲ့ သူတွေစားဖို့ ကြက်သွန်ဖြူ ဥလေးတွေ ကိုလဲ အခွံခွာထားပါသေးတယ်နော်။

ဒါကတော့ လှီးပြီးသားပုံတွေပေါ့ အူချို သရက်ရွက် အသည်း ကျောက်ကပ် အူမကြီး အချင်း လျှာ စတာတွေပါ။

ဒီနေရာလေးကလဲစိတ်ဝင်စားဖို့ ကောင်းပါတယ် အစက ဝက်သားတွေ ပြုတ်လို့ ကျန်တဲ့ အရည်တွေကို လိုသလောက်ရေ ရောပါ ပြီးရင် မုန်ညှင်းဖြူ သို့မဟုတ် ချဉ်ပြုံးလေး လိုချင်ရင် ကြံမဆိုင်ရွက် ခတ်ပြီးတော့ ပြုတ်ပါ ဟင်းရည်ဆူ ရင် နံနံပင် ကြက်သွန်မိတ် တရုတ်နံနံ စတာတွေခပ်ပြီးတော့ အရည်သောက် လုပ်လို့ ရပါသေးတယ်။ မို်က်တယ်နော်။ ဝက်ဆိုရင် “အော်သံ” ကအစ ပစ်ရက် စရာတခုမှ မရှိဘူးတဲ့။ အဲ့တာကြောင့်လဲ အသီးမှာ သရက်၊ အရွက်မှာ လက်ဘက်၊ အသားမှာ ဝက်၊ ပညာမှာ တီချမ်း လို့နာမည်ကျော်ကြပေတာပဲ။

ဒါကတော့ လွယ်ကူစားမြိန် ယူလာတဲ့ သက်သတ်လွတ် ဂေါ်ဖီကြာဇံကြော်များနဲ့ ဝိုင်းဖွဲ့စားသောက်ကြစဉ်ပေါ့လေ။ ကြာဇံ ကြော်နဲ့ လိုက်အောင် သခွားသီးလေးတွေကို အဝိုင်းလေးတွေ မှတဆင့် အချောင်းလေးတွေ ရအောင်လှီး လိုက်ပါသေးတယ်။ နောက် တို့ချင်ရင် အချဉ် နဲ့ တို့ လို့ရအောင်လဲ သခွားဘေဘီလေးတွေကို လေးစိပ်လှီး လိုက်သေးတာပေါ့နော်။

ဒါကတော့ စကော့ဈေးကုန်းတံတားအောက်က တုတ်ထိုး ကိုလွမ်းလို့ တီချမ်းဘာသာ လုပ်ချလိုက်တဲ့ ကြာဇံ ဝက်သား တပွဲပေါ့အေ။ စားကြပါအုံး ပရိတ်သတ်ကြီးတို့ရေ………..ကြည်လဲ့လဲ့ဦး လက်ရာ တုတ်ထိုး။

A Chen
7:58 PM
Friday
8th July 2011
Home
Bangkok