တီချမ်း နဲ့ ဆေးရောင်စုံ ထမင်းပွဲ

တလောက ချက်ထားတာလေးပါ။ ဘလောခ်က ပုံစံ အသစ်ဖြစ်သွားပြန်ပြီ။ မုန်းတယ် ဂျီမေးကောပဲ မသုံးတော့ရင် ကောင်းမယ်။ သောက် ဂူဂဲ (stupid google) ခဏခဏ ပြောင်းပြောင်းနေတယ်။ အလကားရ လို့ သုံးနေတာ ခုတော့ သောက်မြင်ကပ်လာပြီ။ ထားတော့ ……

အရင်တလောက ချက်စားတာလေး ပုံတွေ တင်ထားတာ ခု ပြန်ကြည့်တော့ မှ draft ထဲရောက်နေတာ
တွေ့တယ် အဲ့တာနဲ့ ဖုံခါပြီး ပြန်တင်ပေးလိုက်တယ်နော်။

ပိုစ့်နာမည်ကတော့ ဆေးရောင်စုံ ထမင်းပွဲ လို့ပေးထားပါတယ်။ တခါကလဲ ရေးဖူးတယ် မှလား တရုတ်တွေ က ဟင်းချက်ရင် အရောင်စုံအောင် ချက်ကြတယ်တဲ့။ ထမင်းကြော်ဆို အနီရောင် အတွက် ဥနီ၊ အဝါအတွက် ဘေဘီကွန်း သို့ ကြက်ဥ အစိမ်းအတွက် အရွက် တမျိုးမျိုး ပဲသီး တသဖြင့် ပေါ့ အဲ့လို အရောင် လှအောင် ကြော်လေ့ရှိကြတယ် လို့ အမေပြောတာ မှတ်သားဖူးတယ်။

ခုလဲ တီချမ်းတယောက် ချက်မယ် စိတ်ကူတော့ ရှိတာ အကုန် ထုတ် ချက်ပြုတ် လုပ်ချလိုက်တယ်။

အရမ်းကိုဒေါသထွက်နေပြီ ရေးရင်းနဲ့ သောက် ဘလောခ်ဂါ နဲ့ သောက် ဂူဂဲ (stupid google and it’s new interface) ပုံတွေ တင်ပြီးသားကို အဆင်မပြေတော့ဘူး။

ထားတော့။

ပထမဆုံး ကြော်မယ့် ဟင်းပွဲက ကြက်ဥ နဲ့ ဝက်သားချဉ်ပါ။ ပုံမှ ပြထားတဲ့ အတိုင်း ကြက်ဥ လိုသလောက် ကို ဆား အချိုမှုန့် ငရုတ်ကောင်း မှုန့် တို့ နဲ့ ခေါက်၊ ထည့်မယ် ဝက်သားချဉ် ကို စိတ်ကြိုက် လှီးရင်လဲ လှီး မလှီးရင်လဲ ချေထားပေးပါမယ်။

ပြီးရင် ဝက်သားချဉ် ကို ကြက်ဥထဲရောပြီး မွှေပေးပါ။

ဆီပူလေးနဲ့ ပွပွလေးကြော်လိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားချဉ် ကြက်ဥ မွှေကြော်တခွက်ရတာပေါ့ အဝါရောင်နော်။

မုန်ညှင်းဖြူ ဟင်းရည် ချက်ပါမယ်။ မုန်ညှင်းဖြူ ထုပ်ကို ကြိုက်သလို လှီးထားပါ အကြီးအသေး အနေတော်ပေါ့လေ နောက် ဝက်တုံး ၃ တုံးလေက်ကို တည်မယ့် ဟင်းရည်အိုးထဲထည့်ပါ အရည်ဆူရင် မုန်ညှင်းရွက် ခတ်လိုက်ပါ။

လွယ်ကူ ပြီး ပေါ့ပေါ့ပါးပါး မုန်ညှင်းဖြူ တခွက်ရတာပေါ့နော်။ ဒါက အဖြူပေါ့နော်။

အစိမ်းရောင်အတွက်တော့ ဘိုစားပဲ သီးလေးလဲ ကြော်ပါမယ် ကြော်မယ့် ပဲသီးတွေကို တစောင်းလေးတွေလှီးထား ရေဆေး စစ်ထားပေးပါ။

မကပ်တဲ့ အိုးထဲ ကို ဆီ နည်းနည်းလေးအရင်ထည့်ပါ ငရုတ်သီးခြောက်ကို တခါတည်း ထည့်ပါ ဆီပူ မှ မထည့်ပါနဲ့ နော် မီးကျွမ်း တတ်လို့ပါ။ ပြီးလို့ ငရုတ်သီး မွှေးလာရင် ပဲသီးထည့် နောက် ခဏ မွှေပြီး ကြော်လိုက်ပါ။ ဆားအချိုမှုန့် ထည့် ခရုဆီ ကြိုက်တတ်ရင် နည်းနည်းထည့် ရင် ရပါပြီ။ အစိမ်းရောင်ဟင်းပေါ့နော်။

နောက်တခွက်ကတော့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ။ အရင်ကလဲဒီနေရာမှာ ကြော်နည်း ပေးပြီးသားပါ။

ဝက်သားနဲ့ ကြော်မယ့် မုန်ညှင်းချဉ် ကို တောက်တောက်စင်းထားပါ။

ကြက်သွန်နီ ဥ ကို ၈ စိတ် လှီးထားပါ။ ဝက်သားက ကြိတ်သားပဲ အလွယ် ဝယ်ပါတယ်။

ခုနက လိုပဲ ဆီမပူခင် ငရုတ်သီးခြောက်ကို ထည့်ပါ။ နောက် ကြက်သွန်နီထည့်၊

ပြီးတော့ ဝက်သားထည့်၊ ဝက်သားကို မထည့်ခင် အရင် ကော်မှုန့် ဆားအချိုမှုန့်ငရုတ်ကောင်းမှုန့် တို့ နဲ့ ပဲငံပြာရည် နည်းနည်းထည့်ပြီး အရင်ကြိုနှပ်ထားရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ဝက်သားကို ခုန က ကြော်လက်စ ကြက်သွန်နဲ့ ငရုတ်သီခြောက်ကြော်ထဲထည့် ခဏ ကြော်ပေး အသား ကျက်လာရင် မုန်ညှင်းတောက်တောက်စင်းထားတာတွေ ထည့်။

သကြားနည်းနည်းထည့် ရေနည်းနည်းထည့် ပြီးတော့ ခဏ ပေးဆူ ပြီး ရေခန်းကာနီးရင် ချလို့ ရပါပြီ။ ဒါလေးကတော့ အနီပေါ့လေ။

ကဲ အငွေ့တွေ တထောင်းထောင်းနဲ့ တရုတ်စာ အမြန်အဆန် ကြော်လှော်ချက်ပြုတ် ထားတဲ့ ရောင်စုံ ထမင်းပွဲပေါ့နော်။ အားပေးကြပါအုံး။

တောက် မုန်းတယ် စောက်သုံးမကျတဲ့ စောက် ဂူဂဲလ် stupdi google stupid blogger stupid stupid

A Chen
4:13 PM
Thursday
19th Apr 2012
Office
Bangkok

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။

ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။

ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု……

ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။

ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။

ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။

ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။

ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

ဝက်သားလုံးကြော်

တလောက ကြည်လဲ့လဲ့ဦးလာတုံးက လုပ်ကျွေးသွားတဲ့ ဝက်သားလုံးကြော်နည်းလေးနဲ့ ထပ်ကြော်ထားတာပါ။ ဘယ်သူလဲ မသိဘူး တလောက ဘယ်ပိုစ့်မှာလဲ မသိဘူး ဝက်သားလုံးကြော်လုပ်နည်း တင်ပါအုံးတီချမ်းလို့
တောင်းဆိုထားတာနဲ့ ခုတော့ ကြုံလို့ ပုံတွေပါ သေသေချာချာရိုက်ပြီး တင်ပေးလိုက်ပါတယ်နော် …….

နည်းကတော့ ကြည်လဲ့ပေးသွားတဲ့နည်းလေးပါပဲ။ သူ့နည်းက လွယ်လဲလွယ်တယ် နောက် များများလဲ စားရတယ် လူများများနဲ့ စုစားကြရင် လုပ်စားကြည့်ဖို့ ရှယ်ပေးလိုက်တယ်။ သူကတော့ ရောင်းတန်း နယ်နည်းပေါ့။ အသားနည်းနည်း အစာများများ ဆိုလိုတာပါ။ ကိုယ့်ဘာသာစားတော့လဲစိတ်ကြိုက် အသားများများ အစာ နည်းနည်း နဲ့ နယ်ပေါ့နော်။ ဟုတ်ပါတယ် ဝက်သားလုံးကြော်မှာ အဓိကက အသားကိုနယ်တာပါပဲ။ ကဲ ကြည့်ရအောင်နော်။

ကြည်လဲ့ပေးသွားတဲ့နည်းက အသား ၁၀ သားအတွက်ပါ။ အသား ၁၀ သားကို နယ်နည်းပါတဲ့နော်။

အသား ၁၀ သား (ဝက် ကြိတ်သား)
ဟင်းချက် ကော်မှုန့် TBS ၃ ဇွှန်း
ပဲမှုန့်စိမ်း TBS ၃ ဇွှန်း
ကြက်သွန်နီ တောက်တောက်စင်း ၂ ဥ
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲငံပြာရည်အနောက် အနည်းငယ်
သကြား အနည်းငယ်
တရုတ်မဆလာ အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ် စတာတွေနဲ့ အသားကိုနယ်ပြီး နှပ်ရပါမယ်တဲ့

တီကတော့ အသားဝယ်လာတာ ၄၀၀ ဂရမ်လောက်ဖြစ်သွားတော့ ကြည့်ကျက်ပြီးတော့ပဲ ထည့်လိုက်တယ် တီချမ်းထုံးစံအတိုင်း လက်မှန်းနဲ့ လက်သရမ်းရတော့တာပေါ့နော် သို့သော်လဲ မွေးကတည်းက တော်တီးတီးတော် တဲ့ သူများထုံးစံ အတိုင်း အိုကေမှာ စိုပြေပါပဲ။ ကြည့်ပါ ပထမ က ကြိတ်သား ၄၀၀ ဂရမ်ပေါ့။ နောက် ကော်မှုန့် ထည့် ပဲမှုန့်စိမ်းထည့်၊ ပုံ ၂ နှင့် ၃ ကိုကြည့်နော်။

ကြက်သွန်နီ တောက်တောက်စင်းတာထည့်။ ငရုတ်ကောင်းမှုန့်ထည့် သကြားထည့် တရုတ်မဆလာထည့်……ပုံ ၂ ကိုသေချာကြည့်ပါ ပဲငံပြာရည်အနောက်လေး နည်းနည်းထည့်ပါသေးတယ်။ အော်နောက်လျှို့ဝှက်ချက်တခု ပြော
ပြရအုံးမယ် နယ်ရတာ ကောင်းအောင် တီက နှမ်းဆီနည်းနည်း ထည့်လိုက်ပါသေးတယ်။ ရေလေးနည်းနည်း
ထည့်လဲ ရပါတယ်။ တီကတော့ အချေဆိုတော့ နှမ်းဆီပဲ။ ခုတလော သင့်ရင့်ပြွန်ကနေ ကိုရီးယားဟင်းချက်နည်း
တွေကြည့်တာများပြီး ဆက်စမီအွိုင်း ကိုဓါတ်ကျနေပါတယ်။ နီနီခင်ဇော် လိုပေါ့ ပဲဆီ နှမ်းဆီ စက်ဆီပဲလေနော်။။။

ပြီးရင်တော့ သေသေချာချာ နံ့နေအောင်နယ်ပါ။ နှံ့ပြီဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း အလုံးလေးတွေလုံးပါ။ အလုံး လုံးတဲ့အခါမှာ အနေတော်ဖြစ်ဖို့သိပ်အရေးကြီးတာ သတိပြုပါ။ မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ပြောပြမယ်။ အလုံးကြီးလွန်းရင် အထဲက မကျက်ပဲနေပါမယ်။ အလုံးသေလွန်းရင် မြန်မြန်တူးလွယ်ပါမယ်။ အပြားလေးတွေ လုပ်မလားလို့တွေးမိသေးတယ် အပြားလေးတွေလုပ်ရင် ဝက်သားလုံးကြော်ဘယ်ဖြစ်တော့မလဲနော် ဝက်သား
ပြားကြော်ဖြစ်သွားမှာပေါ့နော်….. အဲ့တော့ နာမည်အပျက်မခံနိုင်ပါဘူး ဝက်သားလုံးကြော်ဖြစ်အောင် ကြိုးစားလုံး ပါ။ မရရအောင်လုံးပါ တီချမ်း ကိုနာမည်မဖျက်ပါနဲ့။

ပြီးရင် ဆီပူအောင်အရင်တည်ပါ။ ဆီပူပြီဆိုရင်တော့ မီးအလည်အလတ်လောက်နဲ့ ဝက်သားလုံးလေးတွေ ထည့်ကြော်ပါ။ အလုံးတွေကို အကျက်ညီအောင် တူလေးနဲ့အထက်အောက်လှန်ပေးဖို့ မမေ့ပါနဲ့နော်။

ပြီးရင်တော့ ဆီစစ် ဇကာ နဲ့ ကြော်ပြီးသားလေးတွေကို စစ်ထားပါ။ နောက်တော့မှ စားမယ့် ပန်းကန်ထဲ တစ်ရှုး တထပ်ခံပြီးတော့ ဝက်သားလုံးလေးတွေ ထည့်ပြီးရင် တည်ခင်းလို့ရပါပြီ။ ပုံကိုကြည့် လှတယ် မှလား ပုလဲလုံးညီ ကြိုးနဲ့သီ ဆိုတာ ကဗျာထဲမှာတင်ရှိတာ မဟုတ်ဘူး တီချမ်း ဝက်သားလုံးမှာလဲ ရှိတယ်ကွ။ (ဒီတခါ နယ်တာ ဆရာမ မပါတော့ ပဲမှုန့် နည်းနည်းများသွားတယ် အခွံတွေ နည်းနည်းမာ ကုန်တယ်။ ပြီးတော့ လျှာရှည်ပြီး ရေမထည့်ပဲ ချေပြီး နှမ်းဆီထည့်လိုက်တာလဲပါမယ်။ အိုကိစ္စ မရှိပါဘူး အရသာရှိဖို့က အဓိက သူများ တွေတောင် မမာမာအောင် ရေသန့်ဗူးထည့်ကြော်နေကြတာပဲနော် ကိုယ်က ပဲမှုန့် နဲ့မာ တာ မာပစေ မာမာက တော့ မာမာပဲ လို့ မာရေကြောရေ ပြောပလိုက်မယ် ဟွင်းဟွင်း)

နောက် အချဉ်စပ်စရာ ချီးပမ်းချဉ် မရှိတာကော ပျင်းတာကော နဲ့ ပေါင်းစပ် အကြောင်းပြပြီး သကာလ အလွယ် ရှိတဲ့ ဆူကီ့ အချဉ်နဲ့ပဲ တို့စားပလိုက်တာပါပဲ။ ကဲ လွယ်လဲလွယ် ကောင်းလဲကောင်းတဲ့ ဝက်သားလုံးကြော်……. တီချမ်း ကိုယ်တိုင်ဖော်စပ်၍ ယိုးဒယားပြည်တွင် ခေတ္တ ထုတ်လုပ်သည်။ လူမျိုးဘာသာမရွေ မသုံးဆောင်နိုင်ပါ။

A Chen
9:09 Am
Monday
9th Apr 2012
Home
Bangkok

မောင့်အတွက် …..

ဒီတခါတော့ တနေ့က မောင့်အတွက် စိတ်လိုလက်ရ ချက်ပေးတဲ့ ဟင်းလေးတွေ တင်ပေးချင်ပါတယ်။ အဲ့ဒီနေ့က ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး …..အော် မှတ်မိပြီ မောင် သိပ်နေမကောင်းလို့ အဲ့တာနဲ့ မောင် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ပေးမယ် လို့ စဉ်းစားမိတာ။ များသောအားဖြင့် အိမ်မှာက မောင်ပဲ ချက်တာ ဆေးတာ လျှော်
တာ ဖွတ်တာတွေ လုပ်ပါတယ်။ အဲ့နေ့ကတော့ မောင်လဲနေမကောင်းတာနဲ့ ကိုယ်လဲ စိတ်လိုလက်ရရှိတာနဲ့ လုပ် ပေးဖြစ်တာပေါ့။ မောင်ကလဲ ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ်ချက်ကို ပိုကြိုက်ပါသတဲ့။ ချစ်လိုက်ကြတာ
နော် သူများ လင်မယားတွေများ။

မောင်က ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကို သိပ်ကြိုက်ပါတယ်။ ဒီက တရုတ်ဆိုင်တွေမှာ သွားစားကြ တိုင်းမောင်က အဲ့တာ နဲ့ မာလာငါး ကိုအမြဲ မှာပါတယ်။ အဲ့တာနဲ့ ဝက်သားမုန်ညှင်းချဉ်လေး ကြော်ပေးမယ် ဆိုပြီး
တော့ အိမ်မှာလဲ ဝယ်လာတဲ့ ဝက်သား တောက်တောက်စင်းတွေရှိနေတာနဲ့ မုန်ညှင်းချဉ် ရှာတော့ အိမ်မှာ အသင့် ရှိတာက မုန့်ညှင်းချဉ် အချိုချဉ်ဖြစ်နေတယ်။ ရှမ်းမုန်ညှင်းချဉ်က အချိုနဲ့အချဉ် နှစ်မျိုးရှိပါတယ်။ အမှန်က ဝက်သား နဲ့ ကြော်မယ်ဆိုရင်တော့ အချဉ်က ပိုကောင်းပါတယ်။ သို့သော် အိမ်မှာ ရှိတာပဲပေါ့နော်။ အရင်ကလဲအမေကြော် တာကို တခါတင်ဖူးပါတယ်။ ဒီမှာ ပါ။ ခုတော့ ဟင်းချက် ဘလောခ် အတွက် ပိုစ့်တွေ ပြန် အော်ဂနိုက်ဇ် လုပ်နေရ တာနဲ့ ပြန်တင်လိုက်တယ်နော်။ ကဲ ချက်မယ့် ဟာတွေကို ကြည့်ရအောင်….

ဝက်သား တောက်တောက်စင်းကို ဆား အချိုမှုန့် ပဲငံပြာရည်အကြည် ကော်မှုန့်စတာတွေနဲ့ နယ်ပြီး နှပ်ထားပါနော်
ပြီးတော့ ထည့်ကြော်မယ့် မုန်ညှင်းချဉ်ကိုလဲတောက်တောက်စင်းထားပေးပါ။

ငရုတ်သီးခြောက်ကို ရေဆေးပြီး အညှာ ခြွေထားပါ။ခရမ်းချဉ်သီး နှစ်လုံးလောက်ကို လေးစိတ်လှီးထားပါ။
နောက်ထပ်လိုမှာကတော့ ကြက်သွန်ဖြူ နည်းနည်းပါ ဓါးပြားရိုက်ရင် ရိုက်ထား မဟုတ်ရင်လဲ စိတ်စိတ်လေး လှီး ထားပါ။ ကဲပြင်စရာရှိတာတွေပြင်ထားပြီးရင်တော့ ကြော်ပါမယ်။ စလိုက်ကြရအောင်နော်….

အိုးထဲကို ဆီထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်ကို အရင်ကြော်ပါနော်။ ငရုတ်သီးက ဆီပူလာတာနဲ့ တူတူ မွှေးလာပါမယ်။ ငရုတ်သီးခြောက်ကို ဆီပူလာမှ ထည့်ရင် တူးသွားတတ်လို့ သတိထားပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ရပြီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးတွေကို နည်းနည်းနွမ်းတဲ့ အထိ ကြော်ပေးပါနော်။

ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင်တော့ ဝက်သား ခုနက နယ်ပြီး နှပ်ထားတာကိုထည့်ပါ။ ပြီးတော့ ဒယ်ပြား နဲ့ ချေပေး ပါနော်။ တီကတော့ မကပ်တဲ့ အိုးသုံးလို့ သစ်သား ယောင်းမဲ့ မွှေပါတယ်။ ဝက်သား ရပြီဆိုရင်မုန်ညှင်းချဉ်
တောက်တောက်စင်းထားတာကို ထည့်ပါနော်။ ပြီးရင်တော့ ဆား အချို မှုန့် နည်းနည်းထည့်ပါ ပြီးရင် အိုးမချခင်
နောက်ပြီးတော့ သကြားလေးကို လက်ဖဝါးထဲ စဉ်းငယ်ခန့်ထည့်ပြီးတော့ ဖြူး ချလိုက်ပါနော်။ အသားမကျက်မှာ စိုးရင် ရေနည်းနည်းလေး ထည့်ပေးပါ။ ရေခမ်းသွားရင်တော့ အရသာမြည်းကြည့်ပြီး အိုကေရင် ချလို့ရပါပြီနော်။

ကဲ မောင့်အကြိုက် အရသာရှိတဲ့ အိုအီရှိ ဝက်သားမုန်ညှင်းချဉ်ကြော်တပွဲရပြီပေါ့။
ကဲ အသားဟင်းတပွဲတော့ ရပြီဆိုတော့ အရွက်ကြော်လေးတခုလဲ လုပ်ပေးအုံးမှပါပဲနော်။ ရေခဲသေတ္တာထဲကြည့်
လိုက်တော့ ဂေါ်ဖီထုပ်သေးသေးလေးတွေ တွေ့ပါတယ်။ အဲ့တော့ အမြန်ပဲ ထက်ခြမ်းလှီးပြီးတော့ ခရုဆီလေးနဲ့ အမြန်ကြော်ပေးလိုက်ပါတယ်။ ထက်ခြမ်းခြမ်း ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူလေးတွေကိုလဲ ဓါးပြားရိုက် ထားမယ်နော်။ နောက် တရုတ်နည်းနဲ့ ကြော်မှာဆိုတော့ ငရုတ်သီးကိုလဲ နည်းနည်းထည့်ပါမယ်။ ခုနလိုပဲ ငရုတ် သီးခြောက်နဲ့ ကြက်သွန်ဖြူ ကို အရင်ကြော်ပါ မွှေးလာရင် တခါတည်း ဘေဘီ ဂေါ်ဖီလေးတွေ ထည့်လိုက်ပါ။ ဆား အချိုမှုန့် ထည့် ပြီးတော့ ကျက်ခါနီးရင် ခရုဆီနည်းနည် ထည့်လိုက်ရင် ရပြီပေါ့နော်။

တခုသတိထားရမှာက အစိမ်းကြော်ကို မီးပြင်းပြင်းနဲ့ ခဏလေးပဲ ကြော်ပါ ကြာကြာကြော်ရင် အရွက်နွမ်းပြီး စားမ
ကောင်းပါဘူးနော်။ မြင်ဘူးတယ်မှလား ဟောင်ကောင်စားဖိုမှုးတွေ ကြော်တာလေ ရွှီးရွှီးရွှမ်းရွှမ်း ဆိုပြီးတော့ မီး
ပြင်းပြင်းနဲ့ ခပ်မြန်မြန်ကြော်ချလိုက်ဖို့ပါပဲ။ ဒီမှာလဲ အရင်က တခါ ဘေဘီ ဂေါ်ဖီကို မှိုနဲ့ ကြော်ဖူးပါသေးတယ်နော်။

ကဲ အရွက်ကြော် ပူပူလေးလဲရပါပြီနော်။ အရွက်ကြော် နဲ့ ဝက်သားနဲ့ ဆိုတော့ အအီပြေအောင် မောင့်အတွက် ဘိတ်ချဉ်လေးလဲ လုပ်ပေးပါအုံးမယ်။ မောင်က အချဉ်တွေအစပ်တွေ ကြိုက်တယ်လေနော်။ ပြီးတော့ ဘေဘီ
ဂေါ်ဖီ က ဘိတ်ချဉ်နဲ့ သိပ်လိုက်တယ်။ မစားဘူးရင် လုပ်စားကြည့်ကြ။

ဘိတ်ချဉ်ကတော့ လွယ်လွန်းပါတယ် သို့သော် လွယ်တိုင်းလဲ အစပ်အဟပ်ကောင်းမှ အရသာရှိတာနော်။ လွယ်တိုင်း ကောင်းတာမဟုတ်ဘူး။ လုပ်ရတာကတော့ မခက်ပါဘူး ကြက်သွန်ဖြူ ကို အကွင်းလေးတွေပါးပါးရ
အောင်လှီး ငရုတ်သီးစိမ်း ကို ညက်ညက်လေးရအောင် ဓါးနဲ့ တောက်တောက်စင်း ပြီးတော့ ပန်းကန်လုံးထဲ ရော ထည့် ပဲငံပြာရည်အကြည်လေး စမ်း သံပရာသီးလေး ညှစ် ဆား အချိုမှုန့် နည်းနည်းထည့်လိုက်ရင် အရသာ ရှိတဲ့ ဘိတ်ချဉ် ရတာပေါ့။ ပြီးတော့ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ တို့တို့ ပြီးစားရင် စူပါရှယ်ပါပဲနော်။

အော် မေ့တော့မလို့ မောင်က အဲ့နေ့က အရမ်းစားကောင်းတယ်ဆိုပြီး စားတာ ထမင်း ၃ ပန်းကန်တောင်ကုန် တယ်။ ကျေနပ်တယ်အေ။

ဒါလေးကတော့ တနေ့က ဖေဖော်ဝါရီ ၁၄ တုံးက အမှတ်တရ ချစ်သက်လက်ဆောင်အဖြစ် မောင်ပေးတဲ့ စတားဘတ်ခ် က ကော်ဖီနှပ်တဲ့ အိုးနဲ့ ရေနွေးကြမ်း နှပ်သောက်ပါတယ်။ ရေနွေးကို ပီပီသသ သောက်ချင်တဲ့ အတွက် ခဏခဏသွားစားလို့ လက်ဆောင်ရတဲ့ ဖူဂျီ ဂျပန်ဆိုင်က ကြွေခွက်လေးနဲ့ သောက်ပါမယ်။ ရေနွေးက
တော့ လစ်ပ်တန်ပါပဲ။ အထုပ်က ဂျပန် ဂရင်းတီးပါ မသောက်ဖြစ်ဘူးနောက် တခေါက်မှ သောက်မယ်။

ခွက်တံဆိပ် ကိုကြည့်ပါ။ သူက ပိုမိုက်တယ် ကြွေ စစ်စစ် ဖြစ်တဲ့ အတွက် အပူထိန်းပေးတာကော အအေးမမြန် တာကော မဲတာကတော့ ရေနွေးက ပြင်းသွားလို့ပါ လစ်ပ်တန် တထုပ်ကို ရေ တလီတာတောင် မဲပါသေးတယ်။ ပြောရအုံးမယ် မောင်ကရေနွေးမသောက်ဘူး သောက်ခဲတယ်။ ကိုယ်တယောက်ပဲ သောက်ရတာ
အဲ့တာနဲ့ နောက်နေ့ကျတော့ ချုပ်ပါလေရော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော် တော်ပြီ။ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ စားကြည့်ဖို့ မမေ့နဲ့နော်။

A Chen
3:07PM
Sunday
26th Feb 2012
Phavina Service Apartment
Rayong
THAILAND

စိုးအတွက် တီ့ အချစ်စစ်စစ်များ….

ဝက်သားယောင်….ဝက်ခေါင်းသုပ်….ဝက်နံရိုး….ဝက်ဆီပျံ

မနေ့ညက ချက်စားကြတဲ့ ဟင်းတွေပါ တူမတော် မိရောင်ကတောင် လာမေးနေတယ် ဝက်တကောင်လုံး အသုံးချနည်းလားတဲ့ ဆိုပါတော့ ပြောလဲ ပြောချင်စရာ နော် တီချမ်းတို့များ စားလိုက်ရင် အရမ်းချည်းပဲ ဆိုတာလိုပေါ့။ ထားပါတော့။ ပြောရမှာက ပထမဆုံးဟင်းပါ ငါးဖယ် ကိုအုန်းနို့ နဲ့ ချက်တာပါ ဒါက မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပေါ့ ပဲခူးတိုင်းထဲက ချက်နည်းလို့ ပြောပါတယ် မောင်ချက်တာပါပဲ။ ကိုယ်တော့ မစားဘူးဘူး ငါးဖယ် ကိုကြော်ပဲ စားတယ် အစာသွပ် နောက် မုန့်ဟင်းခါး တို့ ဘာတို့ ထဲထည့်စား နောက် သုပ်စား အဲ့တာလဲ ကြော်ပဲ အကုန် ကြော် ကိုပဲ ဘေ့စ် လုပ်ပါတယ် ဟင်းချက်ရင် ကိုယ်က မကြိုက်လို့ပါ။ ထားပါတော့…ဒါပေမယ့် ငါးဖယ် ချက်ကို ဘာလို့ ဝက်သားယောင် လို့ခေါ်လဲ တော့ ကိုယ်လဲ မသိပါဘူး ပြောပြီးပြီလေ မောင်တို့ တောဘက် အဲလေ ဝေါဘက်ကပါဆို…..ချက်တာတော့ သိပ်မခက်ပါဘူး လွယ်တယ် ကဲ ကြည့်ကြရအောင်……

ဒါက ရန်ကုန်ကနေ အရင်တပတ်က သူငယ်ချင်း ဦးညီတို့ မဝေ တို့ လင်မယား ယူလာပေးတဲ့ ငါးဖယ် ကြော်ပြီးသားတွေပါ ပထမ မကပ်တဲ့ အိုးနဲ့ ဆီမပါ ပျားမပါ ပြန် အပူပေးပါတယ် ဆီထည့်ချင်တော့ ဆွတ်ရုံ ထည့်လဲ ရပါတယ် ပူရင် ဖောင်းကြွ လာလိမ့်မယ် နောက် ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ထားပါ။ ပြီးရင်တော့ တတိယ ပုံက ကြက်သွန်ဖြူ နီ ဆီသတ်နေတာပါ နနွင်းလေး အရောင်တင်မှုန့်လေးထည့်သတ်ပေါ့နော် အရောင်လှအောင်

ဆီသတ်တာမွှေးလာရင် ငါးဖယ် ထည့်လို့ ရပါပြီ ငါးဖယ် ထည့်ပြီး ခဏ ထပ်လုံးပေးပါ ပြီးရင်တော့ အုန်းနို့ ထည့်တဲ့ အဆင်ပေါ့ ဒီမှာတော့ အလွယ်ရတဲ့ အုန်းနို့ ဘူး ကိုပဲ ၇-၁၁ ကနေ ဝယ်ထည့်ပါတယ် ပုံမှာ ကြည့်ပါ မောင်ကတော့ ကိုယ်တို့ အီပြီး မစားနိုင်မစိုးလို့ အုန်းနို့ လျော့ထည့်တယ် ပြောပါတယ် ကြိုက်တတ်ရင်တော့ နှိုင်းချင်းသာထည့်ပါလေ အားနာစရာမှမလိုဘဲနော်….

အုန်းနို့ထည့်ပြီးရင် တခါ ထပ်မွှေးပြီး ဆီပျံလာအောင် လုံးပေးပါ မကပ်အောင်တော့ေ မွှပေးနေပေါ့အေ.. ……ပြီးရင်တော့ ရေ နည်းနည်းထည့် ပြီး ဆီပျံ လာရင်…….

အုန်းနို့ နံ့ သင်းသင်းလေးနဲ့ ငါးဖယ် ဝက်သားယောင် တခွက်ရတာပေါ့နော်………….

ဒါကတော့ တနေ့က ကျန်တဲ့ ဝက်သားဆီပျံ ပါ (အရင်က ချက်နည်းက ဒီမှာပါ ထပ်မရေးတော့ဘူးနော်) ဆိုပြီး လင်ခ့် ထည့်မလို့ လိုက်ရှာတာ… ဟော့တော့ အရင်က ချက်ထားတယ်ထင်ပြီး လင့်ရှာနေတာ ချိတ်ဖို့ မတွေ့ဘူးတော်တို့ရေ လက်စသတ်တေ့ တီချမ်း ဝက်ဆီပျံမတင်ဘူးပါကလားပေါ့နော် အံ့ဖွယ်သုတပဲ အံ့ပါရဲ့အံ့ကြီးမောင်ရယ် လို့ တောင်ပြောရမလိုဖြစ်နေပြီ ကဲကဲ အမြန်ချက်နည်း ကို တဖန်ထပ်ပြီး တင်ရမယ်ဆိုရင်တော့ဖြင့်….ကြက်သွန်ဖြူနီ ဆီသတ် ဝက်သားကိုလုံး ဆားအချိုမှုန့်ထည့် ရေထည့် ဆီပျံ အောင်တည် အပ်ချလောင်းပါပဲ….

ဒါလေးကလဲ သိပ်လွယ်ပါတယ် သိပ်လွယ်ပေမယ့် သိပ်လဲ ကောင်းပါသေးတယ် ဝက်နံရိုး ကီလိုဝက် ကို ရေစင်စင်ဆေး အိုးထဲထည့် တီချမ်း ရဲ့ဟင်းရည်မဟာတည်နည်းအတိုင်း တည်ပါ။ ပြီးရင် မုန်လာဥဖြူ တွေကို ကြိုက်တဲ့ ပုံစံ လှီးပြီး ထည့်ပါ မီးအေးလေးနဲ့ ကြာကြာဆူပါစေ ပြီးတော့ မှ အကုန်နူးရင် ဆား အချိုမှုန့် ကြိုက်သလောက်ထည့်ပါ ပြီးတော့ မှ မြည်းပြီးရင် အိုးချ လို့ ရပါပြီလေနော်

တီ့ အကြိုက်ဆုံး ဟင်းလျာ တမျိုးဖြစ်တဲ့ အသည်းကြော်ပါ ကြော်နည်းက ဒီမှာပါနော်

ကန်စွန်းနဲ့ မှို ပလိန်းပါ ကြော်နည်းက ဒီမှာပါ

ဒါလေးကတော့ ဝက်အာခေါင်နဲ့ နားရွက်သုပ်ပါ ခါတိုင်း တရုတ်သုပ်စားနေတာ များနေတော့ ဒီတခါ မြန်မာသုပ်လုပ်စားပါတယ် ဖြစ်ချင်တော့ ကိုယ်တကယ်စားချင်တာ က ချီးပန်းချဉ် အနီလေးတွေ နဲ့ သုပ်တာမျိုး မရှိတော့လဲ ရှိတာလေးနဲ့ ဝအောင်စား ရပါတယ်သနားတာနော် ကိုယ့်ကိုယ်ကိုယ်….

အသားတွေအာခေါင်တွေ နားရွက်တွေကိုတော့ ဈေးကနေ လုပ်ပြီးသား ဝယ်လာတာပါ ဘတ် ၃၀ ဖိုး မြန်မာငွေ ကျပ်၉၀၀ တိတိခန့်ပေါ့လေ ပြီးတော့ ကြက်သွန်နီ နှစ်ဥ လောက်ကို ပါးပါးလှီး ပါတယ် ပဲမှုန့် ငရုတ်သီး အကျက်မှုန့် ကြက်သွန်ဖြူ ဆီကျက် ပံပြာရည် စဉ်းငယ်ခန့် ဆား အချိုမှုန့် နည်းနည်း ထည့်ပြီး အချဉ် ကိုတော့ မန်ကျည်းရေ ပဲသုံးလိုက်ပါတယ် ပုံ တစ် ကိုကြည့်ပါ ။ ပြီးရင်တော့ ဇလုံထဲကို ခုနက ပြောတာတွေအကုန်ပစ်ထည့် လိုက် ပြီးရင် နယ်ပါ အားရပါးရသာနယ်ပါ နယ်တာ မနှံ့ ရင် စားမကောင်းပါဘူး ပြီးရင် မြည်းကြည့်လိုတာ ထပ်ထည့် ထပ်နယ်

ဟော…….ချဉ်ငံစပ် ဝက်နားရွက် အာခေါင်သုပ်လေး တပွဲရကရောပေါ့အေ….

အအီစာတွေချည်းပဲ ကျွေးတယ် ပြောမစိုးလို့ အသီးလေးတွေပါ ထည့်ပေးထားတယ်နော် စထရော်ဘယ်ရီ နဲ့ပန်းသီး နီ စိမ်းတွေလဲစားကြပါ

A Chen
12:38PM
20th July 2011
Wednesday
Home
Bangkok

တီ့အမ ချက်တဲ့ ဂဏန်းဟင်း

ခုတလော စာမရေးဖြစ်တာ ကြာလှပါပြီ ကြာဆို အားလဲမအား ခရီးတွေကလဲများ နေကလဲ မကောင်း နေကောင်းပြန်တော့ မအား အားပြန်တော့လဲ ခရီးထွက်ဆိုသလို ဂျာအေးနဲ့ သူ့အမေ ကြက်ဥ နဲ့ ကြက်မ ဖြစ်နေတော့ တီချမ်းတယောက်ခမျာ တောင်းဆိုမှုတွေကိုမျက်ကွယ်ပြု ဘလောခ် ကို ဥပေက္ခာပြု စာဘတ်သူတွေ ကိုလစ်လျှုရှုဖြစ်နေတာ ကြာလှပါရောလား။
သို့သော်လည်း နောင်တချိန် စာရေးခြင်းအမှု နဲ့ နာမည်ကြီးမယ့် သူဆိုတော့ မရေးတာကြာတော့ မနေနိုင်ပြန် ရေးချင်လာပြန် ဆိုတော့ကာ ရေးရပြန်ပါတယ်။ ရေးမယ်ဆိုတော့လဲ ဘာရေးရပါ့။ ခုတလော စာက မရေးတာ ကြာတော့ ဘာရေးရမှန်းမသိ ဆိုသလိုဖြစ်နေတာကြာလှပကော။အဲ့တာနဲ့ ကွန်မန့်လေးတွေပြန်ဘတ်ကြည့်တော့ တောင်းဆိုထားတာလေးတွေ တွေ့တယ် အဲ့တာနဲ့ တောင်းဆိုမှုတွေ များနေလို့ ချက်လိုက်ပြန်ပါပြီ တကယ်ကတော့ တီချက်တာ မဟုတ်ပါ တီ့ အမ တီ ၆ လပိုင်း ရန်ကုန်ပြန်တုံးက ချက်ကျွေးတာပါ တီလဲ ချက်တတ်တဲ့ ဟင်းဖြစ်တဲ့ အတွက် ချက်နည်းလေး မျှလိုက်ပါတယ်။

ဟုတ်ပါတယ် ဂဏန်းမဆလာ ချက်ပါ ကဲ ရွာစားရေ ပရိတ်သတ်တွေ သွားရည်တမြားမြားကျအောင် စိန်ဗေဒါလေးနဲ့ပို့…….ပလို့ဂျိ

ဒါလေးတွေက မချက်ခင် ကြိုတင်ပြင်ဆင်ထားရမှာပါ အဓိက ကတော့ ရှမ်းနံနံ ကြက်သွန်ဖြူ နဲ့ငရုတ်သီးပါ ထည့်ချင်သလောက် ကို လှီးချွတ်ပြီး ပြင်ဆင်ထားပါမယ် အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီး ပိုထည့်ပေါ့နော်။ ဘေးကတော့ ဂျင်း ပါးပါးလေးတွေလှီး ပြီးတော့ တခါ အချောင်းလေးတွေဖြစ်အောင် ပြန်လှီးထား ပါ။ နောက် ကုလားမဆလာ ရရင်တော့ တီက ကုလားလေး သုံးပါတယ် တခြားတံဆိပ်ဆိုလဲဖြစ်ပါတယ် တီ့အမ ကတော့ တရုတ်မဆလာ လို့ ခေါ်တဲ့ ပါကော်ချောက်ကော့ တို့ လေးညှင်းပွင့် အမှုန့် တို့ ရောကျိတ်ထားတဲ့ တရုတ်အခေါ် အူရှန်းဖှုန် ( ဟင်းခတ်အမွှေး မဆလာ ၅ မျိုး ကိုရော ပြီး အမှုန့်ကြိတ်ထားတာကိုခေါ်တာပါ) အဲ့တာကိုလဲသူက ထည့်ပါတယ် တီချက်ရင်တော့ မထည့်ပါဘူး။ စာဘတ်သူလဲအကြိုက်ပေါ်မူတည်ပြီး ထည့်မထည့်ကြည့်ပေါ့နော်။

နောက် ကြက်ဥ သို့ ဘဲဥ တလုံး နှစ်လုံး ကို ဖောက်ပြီး ပန်းကန်ထဲမှာ အသင့်ထည့်ထားပါမယ်။ ဘေးကတော့ ဂဏန်းလက်မတွေ နဲ့ ကို်ယ်လုံးတွေကို ခွဲထားတာပါ။ အရင်ကဆိုရင် တီတို့က ဂဏန်းကို အရှင်ဝယ်ပြီး ကိုယ့်ဘာသာ သတ်ရပါတယ် ဂဏန်းသတ်တာ သိပ်လွယ်ပါတယ် မျက်လုံးကြားထဲကို ဓါးဦးချွန်လေးနဲ့ သို့ တူချောင်းလေးနဲ့ ထိုးလိုက်ရင် ပြီးတာပဲ နောက်ပိုင်းတော့ ဝယ်ရင် ရောင်းတဲ့ သူကို တခါတည်း သတ်ခိုင်းလိုက်ပါတော့တယ် ကိုယ့်ဘာသာ သတ်ရတဲ့ ဒုက္ခက ကင်းဝေးတာပေါ့ သို့သော်လည်း ကိုယ်က သတ်ခိုင်းတာဖြစ်နေသေးတဲ့ အတွက် အကုသိုလ် ကိုယုံရင်တော့ ပြေးမလွတ်သေးဘူး ထားပါ အကုသိုလ်က နောက် အရသာက အရင်နော့

ချက်တဲ့ အစီအစဉ် စပါမယ် ချက်တာ မစခင်အရေးကြီးတာ အိုးပါပဲ အိုးကိုကြည့်ပါ ဂဏန်း အကောင် ၃၀ ၄၀ လောက်ကို သာသာလေးဆန့်တဲ့ အိုးမျိုးဖြစ်ရပါမယ် ပထမဆုံး ဆီ ပူလာရင် ခုနက ရှမ်းနံနံ ကြက်သွန်ဖြူ ငရုတ်သီး တွေကို အရင်ထည့်ပြီး မွှေးလာအောင်ကြော်ပါမယ် ဂျင်းလေးတွေလဲထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင် ဂဏန်း လက်မ တွေကို အရင်ထည့်ပါ ပြီးရင် တလက်စတည်း အခွံတွေကိုထည့်ပါမယ်

ပြီးရင် နောက်တဆင့်အနေနဲ့ ကိုယ်လုံးတွေကို နှစ်ပိုင်းပိုင်းထားတာတွေ ထည့်ပါမယ်။ ထည့်ချင်တဲ့ လူတွေ အတွက်တော့ တရုတ်ဟင်းခတ်မဆလာတွေကိုဒီအချိန်မှာ ထည့်ပါ။ ပြီးရင် ရေးနည်းနည်းထည့်ပြီး ခဏ တည်ပါမယ်။ ဂဏန်းလေးတွေအရောင်ပြောင်းစပြုရင် ကြက်ဥ ကို ခေါက်ပြီးထည့်ပါမယ်။ အရည်သောက်ကလေး ကြိုက်တတ်ရင် ရေ နည်းနည်းပိုထည့်ပါ။

ခဏတည်ပြီးရင် ကုလားမဆလာထည့်ပါ။ ဆူရင် အရသာ အပေါ့အငံ မြည်းပြီးရင် ရပါပြီ။

ဒီပုံကတော့ ကြက်သားနဲ့ ဂဏန်း ကို အပြိုင်ကြော်နေပုံပါ။

ကြော်ပြီးသားဂဏန်းတွေပွဲပြင်ထားပုံဖြစ်ပါတယ် စားကြဝါးကြတော့မယ်ပေါ့လေ….ကောင်းမှကောင်း…

ဒညင်းကွက်ကြော်တွေပါ ဆားနည်းနည်းထည့်ပြီး ရေဆပ်ဆပ်နဲ့ ကြော်ထားတာပါ။

ဒါကတော့ တီတို့ ဂဏန်းဟင်းနဲ့ ဒညင်းကွက်ကြော်စားရင် မပါမဖြစ်တဲ့ ဂျင်းထောင်းပါ ကြက်သွန်ဖြူ ရယ် ဂျင်းရယ် ငရုတ်သီးစိမ်းရယ် စတာတို့ ကိုသေချာ ကြေညက်အောင်ထောင်းပါတယ် ဆား အချိုမှုန့် နည်းနည်းထည့်ပါ စားခါနီးကျမှ သံပရာသီး ညစ်လိုက်ရင် အရသာရှိတဲ့ ထမင်းမြိန် ဂျင်းထောင်းကို ရပြီပေါ့။

ဒါကတော့ ကြော်မယ့် ကြက် ကိုနယ်ထားတာပါ ဂျင်းထောင်း အရည်ညစ် ရယ် ကြက်သွန်ဖြူ နည်းနည်းရယ် မဆလာလေးတွေနဲ့ နယ်ထားတာပါ ဗမာကြက်ကို ရွေးချယ်ဝယ်ယူပါတယ် စီပီ ကို မကြိုက်ပါ။ ပြီးရင်တော့ ဆီအေးလေးနဲ့ အတွင်းသားတွေပါ ကျက်အောင်ကြော်ပါတယ် ဆီပူလွန်းအားကြီးရင် အမြန် ကျက်သွားတတ်တဲ့ အပြင် အတုံးသေးသွားတတ်ပါတယ်။

ဒါကတော့ ဂုံးဟင်းရည်ပါ ဂုံး ကိုရေသေချာဆေးပြီးတော့ ဂျင်းနဲ့ ပြုတ်လိုက်တာပါ အရည်လဲသောက်လို့ရတယ် အဖတ်လဲစားလို့ ရတယ်။ လွယ်မှလွယ်ပါပဲ။

ဒါကတော့ ပန်းပွင့်လေးတွေကို ကြော်လိုက်တာပါ။ ပန်းပွင့် ကြော်ကိုတော့ ချက်နည်းပြောစရာမလိုဘူးထင်ပါတယ်နော်။

ကဲ ဒါကတော့ အကြီးအကျယ် သမကြတော့မယ် ပွဲပဲပေါ့ကွယ်။ နောက်နေ့တွေကျမှ လွယ်ကူမြန်ဆန် ဟင်းချက်နည်းလေးတွေကို အနောနိမတ်စ် တယောက်တောင်းဆိုထားတဲ့ အတိုင်းချက်ပေးပါအုံးမယ် ခုတော့ တီလဲနေမကောင်းနေတာနဲ့ ဒီလောက်ပဲနော်……

နောက်နေ့ကျမှ ဆရာမကြီး ကြည်လဲ့လဲ့ဦး တယောက် လုပ်ကျွေးတဲ့ တုတ်ထိုး တင်ပါအုံးမယ်နော် တာ့တာ…

A Chen
7:28 PM
1st July 2011
Friday
Home
Bangkok

အသည်းကြော် နဲ့ အသီးစုံ

ခုတလော အမေရောက်ကတည်းက ခဏခဏ ချက်စားဖြစ်တဲ့ အသည်းကြော်ပါ အမေကြော်တာ ကိုသိပ်ကြိုက်တယ်လေ ကိုယ်လဲ ကိုယ့်ဘာသာ ကြော်ကြော်စားပါတယ် အမေကြော်တာတော့ ပိုကောင်းတာပေါ့
အရင်တပတ်ကဆို တပတ်ထဲ ၄ ခါတောင် ကြော်စားဖြစ်တယ် အမေကတောင် ပြောယူရတယ် ခဏခဏ စားတာ မကောင်းဘူးတဲ့ အသည်းကြော်ပြောပါတယ်…မတတ်နိုင်ဘူးလေနော် ကိုယ့်အကျင့် က အဲ့လိုပဲ ကြိုက်တာဆို ရင် ခဏခဏ စားတယ် မကြိုက်တာဆိုရင် ပိုက်ဆံပေးမယ် ပြောတောင် မစားဘူး….ဒီလိုနဲ့ပဲ…………

အရင်တခါကလဲ ကိုယ်ကြော်တဲ့ အသည်းကြော် ကို တင်ဘူးပါတယ် ဒီမှာပါ ချက်နည်းက တူတူပဲဆိုပေမယ့် ပြန်ဘတ်ကြည့်လိုက်ပါလေ မတူတာတွေ့ရပါလိမ့်မယ် …..

အပေါ်ပုံကတော့ ပြင်ဆင်ထားရမယ့် ဟာတွေပါ အသည်း ကိုပါးပါးလှီးပြီးတော့ ကော်မှုန့် ဆားအချိုမှုန့် ငံပြာရည်နည်းနည် ငရုတ်ကောင်းမှုန့် စတာတွေနဲ့ နယ်ထားပါမယ် ပြီးရင်မကြော်ခင် အရင်နယ်ထားရပါမယ်။ ပြီးရင် ဂျင်း ကို အချောင်းသေးသေးလေးတွေလှီးထား၊ ကြက်သွန်နီ ဥတွေကို ၈ စိပ်ကွဲအောင်လှီးထား။ ငရုတ်သီးခြောက်လေးတွေကို ရေစင်စင်ဆေးထားပါ။ ပြီးရင် ပန်းကန်ထဲမှာ အဲ့လို လှလှလေးပြင်ထားပေးပါ။ အဲ့တာ က ပုံရိုက်ဖို့ သာမဟုတ်ဘဲ ကြော်လှော်တဲ့ အခါမှာလဲ အဆင်ပြေစေပါတယ်။
တီချမ်း ဆိုရင် ဘာပဲ လုပ်လုပ် သေချာ သပ်ရပ် ရမယ်မဟုတ်လားနော် (ဖြစ်ကတတ်ဆန်းလုပ်ရအောင် မိန်းမ မှမဟုတ်တာနော်)

ပြီးရင် ပုံမှာ ပြထားတဲ့ အတိုင်း အိုးထဲ ကိုဆီထည့်ပါ။ ပြီးတာနဲ့ တခါတည်း ငရုတ်သီးခြောက်လေးတွေ ထည့်လိုက်ပါ။ ဟုတ်ပါတယ် ဆီမပူခင်ထည့်ရမှာပါ။ ဆီပူလာရင် ငရုတ်သီး က တဖြည်းဖြည်းကျက်လာပါမယ်။ ဆီပူမှ ထည့်ရင် ငရုတ်သီး က ကျွမ်းသွားပါမယ် အဲတာကြောင့် ဆီအိုးတင်တာနဲ့ တပြိုင်တည်း ငရုတ်သီးခြောက် ကိုထည့်ပါ ဆီပူလာရင် ငရုတ်သီး က အနံ့ နည်းနည်း ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင်တော့ ကြက်သွန်နီ နဲ့ ဂျင်း ကိုထည့်လို့ရပါပြီ ငရုတ်သီး ကိုတူးတဲ့ အထိမစောင့်ပါနဲ့နော်……..(နောက်မှ သတိမပေးဘူးမပြောနဲ့)
ကြက်သွန်နီ နဲနဲနွမ်းရင် ခုနက နယ်ပြီးနှပ်ထားတဲ့ အသည်းကို ထည့်လို့ရပါပြီ မီး ပူပူလေးနဲ့ ခဏ ကြော်ရင် ရပါပြီ အသည်းကို အကြာကြီးမကြော်ပါနဲ့ ကြာကြာကြော်ရင် အသည်း က မာပြီး စားမကောင်းတတ်ပါဘူး အသည်းလေးတွေ အကုန်အရောင်ပြောင်းပြီ (ကျက်သွားပြီ)ဆိုရင် ရပါပြီ

အိုးချခါနီးမှာ အပေါ်တတိယ ပုံမှာ ပြထားတဲ့ အတိုင်း သကြားနည်းနည်း နဲ့ ခရုဆီလေး နည်းနည်းထည့်ပေးပါ ဆားအချိုမှုန့် က ခုန က နယ်တုံးက ထည့်ပြီးသားဖြစ်တဲ့ အတွက် ထပ်မထည့်တော့ပါဘူး…

ကဲ မလွယ်လားနော် အဲ့တာဆိုရင် တီ့ မိုတို အတိုင်း လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ အသည်းကြော်လေး တပွဲရပါပြီ ကြက်သား ဝက်သား တွေကို အသည်း အစား ထည့်ပြီး ကြော်ရင်လဲ ကြက်ကုန်းဘောင် ဝက်ကုန်းဘောင် စတာတွေ ရတဲ့ တြိ ရတနာ နည်းသုံးဖြာ ပါပဲနော်

ပြီးရင်တော့ အချိုတည်း ရအောင် ပန်းမက်မုံလေးတွေစားသွားပါအုံးနော် ဒါက ဝူခုန်းကားထဲ က မျောက်မင်းဝူခုန်း တာဝတံသာ ပေါ်တက်ပြီး ခဏခဏ ခိုးစားတဲ့ ပန်းမက်မုံပါ ခုတော့ တရုတ်တွေ က ကမ္ဘာအနှံ့လှည့်လည်ရောင်းချတဲ့ အတွက် တီတို့လဲ ထိုင်းတို့ ဌာနေ ဘန်ကောက်မြေမှာတောင် စားနေရပါပြီ ငယ်ငယ်ကတော့ တောင်ကြီးမှာ မက်မုံအစိမ်းလေးတွေ ကို သကြားရည်နဲ့ စိမ်စိမ်ပြီး စားကြပါတယ်။ အသီးက အမွှေးလေးတွေပါလို့ စားခါနီးမှာ ဂွမ်နီအိတ်တို့ ဘောင်းဘီ တို့ နဲ့ပွတ်ပွတ်ပြီး စားခဲ့ရတာ မှတ်မိတယ် ခုဟာကတော့ သိပ်မတူပါဘူး သူက အခွံစားလို့ မရလို့ ခွာစားရတာပါ သရက်သီး အမှည့်နဲ့ နည်းနည်း အရသာတူတယ် သရက်သီး အမှည့်လောက်လဲမချိုပြန်ဘူး ခြုံပြောရရင်တော့ သိပ်စားမကောင်းပါဘူးပေါ့နော် ကဲရှင်းရော…….အလည်ပုံက အမေက ခွာပေးနေတာပါ နောက်ဆုံးပုံ ကတုတ်နဲ့ထိုးပြီး မောင့်ကို ကိုင်ခိုင်းထားတာ ဓါတ်ပုံရိုက်ဖို့အတွက်…

ဒါကတော့ ၁၂ လ ရာသီ ဘန်ကောက်မှာ ရတဲ့ သရက်သီးစိမ်းပါပဲ သူက အချို အချဉ် နှစ်မျိုး ရှိပါတယ် တီကတော့ အချဉ် ပိုကြိုက်လို့ အချဉ် ဝယ်စားဖြစ်တယ် မောင်ကတော့ အချို ပိုကြိုက်တယ် ဘေးက နှစ်ခွက်မှာ အမဲက တီ့ ဘာသာဖျော်ထားတဲ့ ငံပြာရည် အကျက်မှုန့် ပုစွန်ခြောက်မှုန့် အတို့ပါ ဘေးက ဆိုင်ကပေးတဲ့ ငရုတ်သီး အစိမ်းမှုန့် ဆား နဲ့ တို့စရာပါ မကုန်သေးပါဘူး အောက်မှာ ကျန်ပါသေးတယ်

ဟုတ်ကဲ့ နာနတ်သီး ပါ ငရုတ်သီးမှုန့် ပျားရည် သကြား စတာတွေနဲ့ ရောသမမွှေထားတာပါ အိုအိရှိပါပဲ အားပေးကြပါအုံးနော်……..

A Chen
2:35 AM
24th April 2011
Sunday
Home
Bangkok

သည် king, သည် queen and သည် princess

အမေရောက်ပြီး ဒုတိယနေ့ပါ ခါတိုင်းဆို ကို်ယ့်ဘာသာ မနက်ကို မနိုးနိုးအောင် zif ကုန်းထ ပြီးတော့ ကိုယ်ရေချိုးနေတုံး မောင်ထ ဖျော်ပေးတဲ့ ကော်ဖီ ကို အမြန်မော့ ပြီး ရထားဆီ ပြေးရတာ နေ့တိုင်းပါ စနေ တနင်္ဂနွေ ကျတော့လဲ ညနေ နေမစောင်းမချင်း အိပ်တာဆိုတော့ ဘရိတ်ဖတ်စ် ဆိုတဲ့ မနက်စာ က ကိုယ့်အတွက် မဟုတ်သလိုပါပဲ မောင်နဲ့ ကိုယ်က ပိတ်ရက်ဆိုရင် မနက်စာ နေ့လည်စာ ညစာပေါင်းစားတာပါ ထားတော့ ……

အခုတော့ အမေရောက်လာပြီလေ အဲ့လို လုပ်လို့မရတော့ဘူး ကိုယ်ကမစားတောင် သူက စားပါမယ် အဲ့တော့ ရောက်ရောက်ချင်း ဆိုတော့ ကိုယ်ကလဲ ပိတ်ရက်နဲ့ ကြုံနေလို့ စိတ်ပါလက်ပါ ထ လုပ်ပေးပါတယ် ကြားဖူးကြတယ်မဟုတ်လား သိုးဆောင်း စကားပုံလေ ……
မနက်စာ ကို ဘုရင်လိုစားပါတဲ့ (ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံနှစ်ထောင်းအားရ စားပါပေါ့လေ အဲ့တာကြောင့် အင်္ဂလိပ်ရှ် ဘရိတ်ဖတ်စ် အမေရိကန် ဘရိတ်ဖတ်စ် စတာတွေ က ဘုန်းပေါလအော စားကြသောက်ကြတာကလား) …..အဲ့တာကြောင့်လဲ မနက်စာဟာ တနေ့လုံး စားသမျှ အစားအသောက်တွေထဲမှာ အရေးအကြီးဆုံးလို့ ဆိုလိုတာပေါ့

အဲ့တာကြောင့် တီကလဲ မနက်စာ ကို ဒီလို စိတ်ပါလက်ပါ ဖွယ်ဖွယ် ရာရာ အမေ့ ကို လုပ်ပေးရင်းနဲ့ စားလိုက်ပါတယ် ဟော့ဒေါ့ လို့ခေါ်တဲ့ ခွေးပူတွေကို ကိုယ့်စိတ်ကြိုက် များများလေး ကြော် ကြက်ဥ ကို တဝက်တပျက် ကြော်တာ က နှစ်လုံး ပေါင်မှုန့်မီးကင်လေး ကို ကုလားမ ခြင်းဆွဲတံဆိပ် ချိစ် (ခက်ရင်းနာက ပန်းရောင်အတုံး) နဲ့ အထဲမှာ ယိုသုပ်ပြီး တဖုံ နောက် အသီး အနေနဲ့က ကျွဲကော်သီးလေးတွေ ခွာပြီးသား သိပ်ချိုတယ် ဟော ဖျော်ရည်လဲ မကျန်စေရပါဘူး…..ဘိထ်ရုသ် (Beet roots) လို့ခေါ်တဲ့ မချစ်ဥလား ဘာလား တီ မြန်မာလို မသိ အသင့်သောက် ဘူးလေးတွေနဲ့လာပါတယ် ၁၀၀% ဂျုစ့်လေးတွေလေ အဲ့တာ တခွက် ဝိုင်မဟုတ်ပါနော် စောစောစီးစီး တီချမ်း တို့တော့ လုပ်ချလိုက်ပြန်ပြီ မထင်ပါနဲ့ …….ဘေးကတော့ တနေ့၃ ခွက်ထက်မနည်းတဲ့ ကော်ဖီပါ

ဇာတိလမ်း ကမပြီးသေးပါဘူး ခုနက သိုးဆောင်း စကားပုံလေ သူက မနက်စာ ကိုဘုရင် ကြီး လို စားပြီးသကာလ နေ့လည်စာ ကိုတော့ မိဘုရားကြီးလိုစားပါတဲ့….စားတော့ စား သိပ်တော့မများစေနဲ့ ဆိုလိုတာပေါ့ အဲ့သဟာနဲ့ တီလဲ မြန်ဆန်သက်သာလွယ်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့ ညီအောင် ရခိုင်မှုန့်တီ ဟင်းရည်ချက်တဲ့ အထုပ်လေး ၃ ထုပ်နဲ့ အမြန် ဟင်းရည်ချက်ပြီး မှုန့်တီ သုပ်လေး နေ့လည်စာ လုပ်စားလိုက်ပါတယ် လုပ်နည်း က ရေးဘူးလို့ ထပ်မရေးတော့ဘူးနော်……

ကျန်ပါသေးတယ် အဲ့ဒီ သိုးဆောင်း စကားပုံကပဲ ညစာ ကို မင်းသမီးလေး လို စားပါလို့ဆိုပါတယ် ဆိုလိုတာက စားတော့စား နည်းနည်းလေးပဲ စားပေါ့လေ အဲ့တာနဲ့ တီက လွယ်လွယ်ကူကူပဲ ကြက်ကြော် ပူပူလေး ကြော်ပြီး ထမင်းဆီဆမ်း ရွှေလင်ဘမ်း နဲ့ ပြီး လိုက်ပါတယ် ကြက်က အမေ မြန်မာပြည်ကနေ တကူးတက ရေခဲရိုက်ပြီး သယ်လာတဲ့ သံဈေး ၁၇ လမ်း က မြန်မာကြက်ပါ အခု တပိဿာ ၁၂ ၀၀၀ ကျပ် တိတိ ဖြစ်သွားပြီတဲ့တော်တို့ရေ အော်………ရွှေပြည်တော် အမိမြေ မြန်မာ အံ့ဖွယ် ပါ့လား…….

မောင်ညီမလေးတို့ ရေ ဒီတပတ် စကားပုံ အလိုက် စားကြမယ် အစီအစဉ် အရ ကတော့ ဒါပဲပဲကွယ် မောင်ညီမလေးတို့ လဲ အစားကိုရှောင် အားကိုဆောင်ပြီးတော့ ကျန်းမာပျော်ရွှင်ကြပါစေကွယ်…

A Chen
2:52 AM
24th April 2011
Sunday
Home
Bangkok

ဝက်ကုန်းဘောင် နဲ့ အချိုပွဲ

ဒီနေ့ အတွက် ချက်ကြ ပြုတ်ကြ တီချမ်း နဲ့ အစားအာဟာရ အစီအစဉ် အရ စာဘတ်သူတွေကို ချက်ကျွေးချင်တာကတော့ ဝက်ကုန်းဘောင်လေးပါတဲ့ကွယ် (အမှန်ကတော့ ကြက်ကုန်းဘောင် က ပိုပြီးတော့ မူလ ကျပါတယ်) တီတို့ကတော့ မောင်ကလဲကြက်သားမစားတာနဲ့ အိမ်မှာကလဲ ဝက်ပဲ အစားများတာဆိုတော့ ဝက်ပဲ ကုန်းဘောင် လိုက်ပါတယ်။ ချက်နည်းကလဲ အင်မတန်မှ လွယ်ကူမြန်ဆန် သက်သာ အရသာရှိ ဆိုတော့ တီ့ မိုတို နဲ့ လဲကိုက်တဲ့ အတွက် တီက အဲ့တာပဲ ပြင်ဆင်ချက်ပြုတ်လိုက်ပါတယ်နော်

ပထမဆုံး ကုန်းဘောင် ကြော်မယ့် ဝက်သား ကို အရင်နှပ်ရမယ် ပါမယ် ဝက်သားလေးတွေ ကို အနေတော် အတုံးလေးတွေ တုံးလိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်းမှုန့်နည်းနည်း၊ ကော်မှုန့် နည်းနည်း (Tapioca powder) ၊ ပဲငံပြာရည် အနောက် နည်းနည်း၊ ဆားနည်းနည်းထည့်ပြီး နယ် ပြီး ခဏ နပ်ထားပေးပါ။ အသားမကပ်စေချင်ရင် နယ်တဲ့ အခါ ဆီ နည်းနည်းလေး ထည့်နယ်ပေးပါ။ ဘာလို့လဲဆိုတော့ ကော်မှုန့်ပါတော့ အသားတွေ ကပ်ကုန်မှာစိုးလို့ပါ။

ပြီးရင်တော့ ဘေးက ပုံ -၂- အတိုင်း ကြော်လှော်ရာမှာ ထည့်မယ် အမည်လေးတွေ ပြင်ဆင်လှီးချွတ်ထားပါမယ်။ ကြက်သွန်နီဥ ကို ၈ စိပ်ကွဲအောင် လှီးထားပါ။ ငရုတ်သီးခြောက် နည်းနည်းထည့်ပါမယ်။ ဂျင်း ကိုတော့ ပါးပါးလေး ဖြစ်နိုင်ရင် အချောင်းလေးတွေ တီ့ ပုံထဲမှာ ပြထားတဲ့ အတိုင်းလှီးပါ။ ပြီးရင်တော့ ကြက်သွန်ဖြူ ကိုဆီသတ်တဲ့အခါ မွှေးအောင် နှုတ်နှုတ်စင်းထားပါမယ် နော်။

တလက်စတည်း ပြောချင်တာက တရုတ်ရိုးရာဟင်းတွေက နေဆင်းသက်လာတဲ့ ကုန်းဘောင် ကို မူလ ဘူတ ကတော့ (ကုန်းဘောင်ကျီးသင်း) လို့ခေါ်ပါတယ် ကုန်း ဆိုတာကတော့ (နန်းတွင်) လို့ အဓိပပ္ဗါယ် ရပြီးတော့ ( ပေါဝ်) မြည်သံစွဲဘောင် ကတော့ (ရတနာ) လို့ အဓိပ္ဗါယ် ရပါတယ် အဲ့တော့ ကုန်းဘောင်ကျီးသင်း ဆိုတာ နန်းတွင်ရတနာပေါ့ ကြက်သား ဟင်းလျာပေါ့ တရုတ်တွေက ဟင်းကြော်တဲ့ အခါ ပြင်ဆင်တဲ့ အခါ ပွဲလှဖို့ အရောင်စုံအောင် လုပ်တတ်တဲ့ အတွက် ဒီ နန်းတွင်ရတနာ ကြက်သားဟင်းလျာ ကို ကြော်လှော်ချက်ပြုတ်တဲ့နေရာမှာ အဝါ အတွက် မျစ်နုလေးတွေ၊ ပြောင်းဖူးကလေးလေး (ဘေဘီကွန်)၊ ငရုတ်ပွအဝါ၊ ပန်းဂေါ်ဖီ နောက် အနီရောင်အတွက် မုန်လာဥနီ သို့ ခါကြက်ဥ ငရုတ်ပွ နီ နောက် အစိမ်းရောင်အတွက်ကတော့ ဘိုစားပဲ၊ ငရုတ်ပွ စိမ်း၊ ဘရိုကိုလီ စတာတွေထဲက ကြိုက်နှစ်သက်ရာ ထည့်ပါ။ အဲ့တာတွေ မှ မရှိသေးဘူးဆိုရင်တော့ ကြက်သွန်မိတ်လေးတွေ ထည့်ကြော်လဲရပါတယ်။ တရုတ်ဟင်းဆိုရင် စေ့ ရှန်း ဝိတ် ဆိုတဲ့ အချက် ၃ ချက်ပါရပါမယ်တဲ့ စေ့ ဆိုတာ က အရောင် ကိုပြောတာပါ ရှန်း က အနံ့ ကိုပြောတာဖြစ်ပြီးတော့ ဝိတ် ဆိုတာ က (ဝိတ်တက် အဲလေ) အရသာ ကို ပြောတာပါ။ အဲ့အချက် သုံးချက်ပါမှ ဟင်းလျာကောင်း လို့ သတ်မှတ်ပါတယ်တဲ့။ တီက တော့ ဟုတ်တာတွေ ကော မဟုတ်တာတွေ ကော ဖောလျော လိုက်ပြီနော် ချင့်ချိန်ပြီး ယုံသင့်တာကိုပဲ ယုံဖို့ က စာဘတ်သူ ကိစ္စ…..

တီကတော့ ခုနက ပြောတဲ့ အသီး အရွက်တွေ အကုန် မရှိတာရော မကြိုက်တာရော ကြောင့် ဘာမှ မထည့်ပါဘူး

ပြင်ဆင်တာတွေအကုန်ပြီးပြီဆိုရင်တော့ ကြော်ပါမယ် ပထမဆုံး ဆီပူမှာ ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သားတွေ ကို အရင် လုံး လိုက်ပါမယ် အသား ကိုပိုနူးညံ့ပြီး အရသာ ဝင်အောင် ပါ ပြီးရင်တော့ အရင်ဆယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ပန်းကန်တခုနဲ့ သပ်သပ်ဆယ်ထားပေးပါ

ပြီးရင်နောက် တဆင့် အနေနဲ့ ခုနက အိုးထဲမှာ ကျန်နေတဲ့ ဆီနဲ့ပဲ ငရုတ်သီး ခြောက်ကို အရင်ကြော်ပါမယ် မွှေးလာပြီဆိုရင်တော့ ကြက်သွန်နီ ဂျင်း ကြက်သွန်ဖြူတွေ အကုန် တခါတည်း ထည့်ကြော်ပါ ပုံမှာပြထားတဲ့ အတိုင်း ကြက်သွန်တွေ နွမ်းလာတဲ့အထိ ကြော်ပေးပါ

ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း ခုနက လုံးထားတဲ့ ဝက်သားတွေ ကို ထည့်ကြော်ပါ ခဏလေး ကြော်ပေးပြီးရင် နောက်ဆုံးပုံထဲက အတိုင်း သကြား နည်းနည်း နဲ့ ခရုဆီ ထည့်လိုက်ပါ နှံ့အောင် မွှေ ပေးပြီး ခဏ နေရင် အိုးချလို့ ရပါပြီ….

ပြီးရင်တော့ ဆာဗ့် လုပ်မယ့် ပန်းကန်ထဲ ကိုလောင်းထည့်လိုက်ရင် ထမင်း ပူပူလေးနဲ့ လွေးစရာ တရုတ်နန်းတွင် ရတနာ ဟင်းလျာ ဝက်ကုန်းဘောင် ကို ရတော့တာပါပဲ

ဒါလေးတွေကတော့ တီ့ အိမ်နားက ဝယ်စားတဲ့ ယိုးဒယား အချိုပွဲလေးတွေပါ ကျောက်ကျော ရယ် ကောက်ညှင်း ရယ် ရွှေဖရုံသီး ကြက်ဥ ပူတင်း အစာသွတ်ရယ်ပါ စားလိုက်ကြပါအုံးနော်

A Chen
11:20 PM
Sunday
17th April 2011
Home
Bangkok

တီချမ်း ရဲ့ နယူးရီးယား စိတ်ကူးပေါက်ခြင်း

နယူးရီယား စိတ်ကူးပေါက်ခြင်း ဆိုတော့ ဘာတွေ စိတ်ကူးပေါက်သလဲ မမေးပါနဲ့ မသိပါဘူး။ အဲ့လိုဆိုတော့ စိတ်ကူးပေါက်တာလား စိတ်ရူးပေါက်တာလားလို့ပဲ ကိုယ့်ကိုကိုယ် ပြန်မေးရမလိုပါဘဲ။ စိတ်နဲ့ လူနဲ့ ညစ်ပါတယ်။ ဒါပေမယ့် ပိုစ့်ကလေး ဖြစ်ပေါ်စေတာကတော့ စိတ်နဲ့ လူနဲ့ မညစ်တဲ့ နေ့တနေ့ကပါ။ မောင်နဲ့ ကိုယ်နဲ့ နယူးရီးယား ဈေးဝယ်ထွက်ကြပါတယ်။ တနေ့တနေ့လဲ တခါလာ ဝက်သားဆီပြန် တခါလာ မြန်မာ ထမင်းဟင်းဆိုတော့ တခါတလေ အပြောင်းအလဲလေး ဖြစ်အောင် ဘာစားရမှန်းမသိဖြစ်လာပါတယ်။ အပြင်ထွက်စားတော့လဲ တခါလာ seafood တခါလာ ဂျပန်နိစ် ဆိုတော့ ရိုးလာပြန်တာပဲ အဲ့နေ့ကတော့ ပျင်းပျင်းရှိတာနဲ့ မောင်နဲ့ ကိုယ် စီယမ် ပါရာဂွမ် ကို ဈေးဝယ်ထွက်ကြပါတယ် နှစ်ကူးပြီဆိုတော့ ဘာ ဒါက်ကိုရေးရှင်း အသစ်လေးတွေ ရှိသလဲ လို့ လေ။ ပုံမှာ ကြည့်ကြပါ နှစ်ကူး deco အသစ်လေးတွေပါ သူတို့ ရဲ့ ဒီနှစ် theme က Alice in wonder land လို့ထင်ပါတယ် …..နောက်ပုံတွေမှာ ကြည့်ရင် တွေ့ပါလိမ့်မယ်

ဒါကတော့ မောင်နဲ့ ကိုယ် ပေါ့ (လှတယ်နော်) နောက်က အလုံးတွေကတော့ သူတို့ တချက်ခုတ်နှစ်ချက်ပြတ် အလှဆင်ထားတာ ထင်ပါတယ် နယူးရီးယား ပြီးတာနဲ့ တရုတ်နှစ်သစ်ကူးလာပြီလေ အဲ့တော့ တခါတည်း ပြန်ဆင်စရာမလိုတော့အောင်လို့ထင်ပါတယ် အလုံးအလုံးတွေ နဲ့ ဝါးတွေ က တရုတ် ဒီဇိုင်းတွေပဲလေနော်… မောင်က ဝါးတွေ နဲ့ အနီရောင်တွေနဲ့ အမဲလေး ဝတ်ထားတော့ လှနေပါတယ် (ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရသာပ)
ဘေးကပုံကတော့ အပြင်ဘက်က အလှဆင်ထားတဲ့ မီးတွေ ပါ။

ဒါကတော့ အန်တီချမ်း ကြီးတယောက် အသားတန်းမှာ “ဘာစားရမလဲ ပြောပါကွယ် ချစ်သူငယ်ချင်းတို့ ရယ်” လုပ်နေတာပါ။ နောက်တော့ စိတ်ကူးပေါက်တာနဲ့ အသားကင်လေးတွေ Sizzlers လိုလုပ်စားမယ် စိတ်ကူးပါတယ် အဲ့တာနဲ့ပဲ နပ်ပြီးသား (marinatedလုပ်ထားတဲ့) အသားလေးတွေ ဝယ်လာပါတယ်။ အသားချည်းပဲစားမယ်ဆိုတော့ မနိပ်သေးဘူးဆိုပြီးတော့ ပိုမိုပြီး ဘိုဆန်အောင် ဝိုင်အနီလေးလဲ ဆွဲလာပါသေးတယ်။ ဆရာဝန်ကလဲ မှာထားတယ် ဝိုင်အနီ ကိုဖြစ်နိုင်ရင် တနေ့ တခွက် (ပိုလဲမပို လျော့လဲမလျော့) ဘဲသောက်ပေးနိုင်ရင် ကောင်းမယ် ဆိုလို့ ဆရာဝန်စကားနားထောင်တာပါ။ အဲ့တာနဲ့ နှပ်ထားတဲ့ အသား ဝက်ချည်းပဲ လေး မျိုး (အသား နေရာမတူသလို နှပ်ပုံမတူတာပါ) ဝယ်ပါတယ်။ နောက် နှစ်တိုင်း ဒီအချိန်ဆို နည်းနည်းပေါတတ်တဲ့ ချယ်ရီသီးတွေ တွေ့တာနဲ့ အချိုတည်းရအောင် ဝယ်ပါတယ် သူကလဲ ပေါတယ်သာပြောတာ တယ်တော့လဲမပေါဘူး တကီလို ၈၀၀ ကျော်သေးတယ် အဲ့တာပေါတဲ့အချိန် မပေါတဲ့ အချိန်ဆို ဒေါ်လာ ၅၀ လောက်ရှိတယ် အဲ့တော့ ပေါတဲ့အချိန်မှဘဲဝယ်စားရတော့တာပေါ့ နော့် ကိုယ်တွေက နှစ်ရက် လုပ်မှ တရက်စားရတဲ့ ဘဝ ကိုနော်…

ဒါကတော့ အပြင်ဘက်မှာ ရိုက်ထားတဲ့ ပုံတွေပါ မောင့်ကို အရင် ကိုယ်က ရိုက်ပေးတာ အလင်းအမှောင်ပုံလေးကို ကြိုက်တာနဲ့ ကိုယ်ပါ တပုံရိုက်လိုက်ပါတယ် ယုန်နှစ်မို့လို့ ယုန်ပါတယ် ယုန်ရဲ့ အင်္ကျီကိုကြည့်လိုက် အဲ့တာကြောင့် ကိုယ်က အဲလစ် ရဲ့ အံ့ဖွယ်ကမ္ဘာ လို့ ကိုယ်ကထင်တာလေ ဟုတ်ချင်လဲဟုတ်မယ် ဟုတ်ချင်မှလဲဟုတ်မယ် ပေါ့ ကိုယ်ထင် ကုတင်ခြေလေးချောင်းမှလား

ဒါလေးတွေကတော့ ဝယ်လာတာလေးတွေ ပါ ပထမဆုံးက အသားကြော်နဲ့ တူတူစားဖို့ ကညွတ်ခေါ်လား (ဖလန်တောင်ဝှေးတော့ မဟုတ်ဘူးထင်တယ်) asparagus ပါ နောက်ဘေးကတော့ မှိုပါ။ သူဘေးက ပုံက ခုနက ပြောတဲ့ အသားနှပ်ပြီးသားလေးမျိုး ပါ တမျိုး ကို နှစ်ပြားစီ နောက်လေးကတော့ ဝိုင်ပေါ့….

ချက်တာက လွယ်လွယ်လွန်းလို့ချက်တယ်လို့တောင်ပြောမရပါဘူး။ အိတ်ထဲကထုတ်ပြီးကြော်လိုက်တာပါပဲ ဒါပေမယ့် တီချမ်းရဲ့ မိုတိုအတိုင်းပေါ့ နော် လွယ်ကူ မြန်ဆန် ဘာတဲ့ စားရအရသာရှိ ဟုတ်လား ကိုယ့်ဘာသာ အရှေ့ က ပိုစ့်တွေမှာရေးပြီး မမှတ်မိတော့ဘူး ဒါပေမယ့် လွယ်လွန်းတယ် မထင်ရအောင်နည်းနည်းတော့ ပညာ ပြရအုံးမှာပေါနော့် တကယ်က အကြော်ကြော်တယ်ဆိုတာ အင်မတန်မှခက်ပါတယ်တဲ့ နန်းတွင်းစားဖိုမှုးကြီး ရဲ့ အဆက်အနွယ်တယောက်ဖြစ်တဲ့ နန်းမတော် မိမိချမ်းက ပြောပါတယ် ဆီပူလွန်းရင် အိုးကပ်ပြီး တူးနိုင်သလို အသားက မာလွန်းရင်လဲစားမကောင်းပါဘူး။ မကျက်တကျက်လေးဆိုရင်တော့ တီ့အကြိုက်ပေါ့ မီဒီယံ ရဲလေးပေါ့ သွေးလေးနည်းနည်းနဲ့ ဆိုရင် ပိုကောင်းပါတယ် ဒါပေမယ့် မောင်က မကြိုက်ဘူးလေ။ သူက သွေးတွေနဲ့ မစားတတ်ဘူးဆိုတော့ မောင့်ကို ချစ်တဲ့ ကိုယ်က မောင့်အကြိုက်ကိုပဲ လိုက်ရတာပေါ့နော်…မောင်ချင်းထပ်နေပြီ လူတွေအမြင်ကပ်ကြတော့မယ်….ဒန်ဒန့်ဒန့်

ဒါကတော့ ကြော်ပြီး လှီးပြီးသားပုံပါ နည်းနည်းလေးတော့ နီနေသေးတယ်နော် လုံးလုံးအကျက်ကြီး မဟုတ်ပါဘူး…စားကောင်းရုံလေးပေါ့

ဒါကတော့ ခုနက အက်စ်ပါရာဂပ်စ် နဲ့ မှို ကို ကိုယ်လိုချင်တဲ့ ပုံလေးတွေ လှီးပြီးတော့ ရေဆေးစစ်ထားတာပါ ပြီးတော့ ခုနက အသားကြော်တဲ့ အိုးမှာပဲ ကျန်တဲ့ ဆီနည်းနည်းထဲ ကို ထည့်ပြီး မီးပူပူနဲ့ ကြော်လိုက်ပါတယ် ဆားအချိုမှုန့် နည်းနည်းလေးပါတယ်ဆိုရုံထည့်ပြီး အိုးချခါနီးမှာ ခရုဆီ နည်းနည်း လောင်းလိုက်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အရသာရှိလှစွာ မြန်ကောင်းသက်သာ အရွက်ကြော်လေးတပွဲရလာတာပေါ့နော်

ဒါကတော့ တာတာမီလေးပေါ်မှာ ပြင်ထားတာပါ ဂျပန်ခုံနဲ့ ဘိုစာပေါ့ လုံးဝထူးခြားနေရမယ်ဆိုတာလိုလေ…ဆော့တွေက ကြက်ကြော်တွေ ပီစာတွေ မှာမှာစားတုံးက ပိုတာတွေ အကုန် ညစ်ထည့်လိုက်တယ် ကဲမှတ်ကရော… သားရယ် သမီးရယ် နဲ့ တူတူ မိသားစု လိုက်စားကြပါတယ် ကလေးတွေက ဝိုင်မသောက်ကြဘူး….ဆိုတော့ ကိုယ်နဲ့ မောင်ပဲ
နှစ်ကူုးမှာ သားကြီး ငါးကြီးတွေ သေချာမချက်ဘဲ ဖြစ်သလိုလေးပဲ လွယ်လွယ်ကူကူ ပြီးလိုက်ကြတဲ့ ကိုယ်တို့ ရဲ့ ထမင်းစားပွဲလေးပါ

ဒါကတော့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ် အချိုပွဲ ချယ်ရီသီးလေးတွေ ပါ စားသွားကြပါအုံးနော်…

A Chen
2:15 PM
25th Jan 2011
Tuesday
Bangkok
Thailand