မောင့်အတွက် …..

ဒီတခါတော့ တနေ့က မောင့်အတွက် စိတ်လိုလက်ရ ချက်ပေးတဲ့ ဟင်းလေးတွေ တင်ပေးချင်ပါတယ်။ အဲ့ဒီနေ့က ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး …..အော် မှတ်မိပြီ မောင် သိပ်နေမကောင်းလို့ အဲ့တာနဲ့ မောင် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ပေးမယ် လို့ စဉ်းစားမိတာ။ များသောအားဖြင့် အိမ်မှာက မောင်ပဲ ချက်တာ ဆေးတာ လျှော်
တာ ဖွတ်တာတွေ လုပ်ပါတယ်။ အဲ့နေ့ကတော့ မောင်လဲနေမကောင်းတာနဲ့ ကိုယ်လဲ စိတ်လိုလက်ရရှိတာနဲ့ လုပ် ပေးဖြစ်တာပေါ့။ မောင်ကလဲ ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ်ချက်ကို ပိုကြိုက်ပါသတဲ့။ ချစ်လိုက်ကြတာ
နော် သူများ လင်မယားတွေများ။

မောင်က ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကို သိပ်ကြိုက်ပါတယ်။ ဒီက တရုတ်ဆိုင်တွေမှာ သွားစားကြ တိုင်းမောင်က အဲ့တာ နဲ့ မာလာငါး ကိုအမြဲ မှာပါတယ်။ အဲ့တာနဲ့ ဝက်သားမုန်ညှင်းချဉ်လေး ကြော်ပေးမယ် ဆိုပြီး
တော့ အိမ်မှာလဲ ဝယ်လာတဲ့ ဝက်သား တောက်တောက်စင်းတွေရှိနေတာနဲ့ မုန်ညှင်းချဉ် ရှာတော့ အိမ်မှာ အသင့် ရှိတာက မုန့်ညှင်းချဉ် အချိုချဉ်ဖြစ်နေတယ်။ ရှမ်းမုန်ညှင်းချဉ်က အချိုနဲ့အချဉ် နှစ်မျိုးရှိပါတယ်။ အမှန်က ဝက်သား နဲ့ ကြော်မယ်ဆိုရင်တော့ အချဉ်က ပိုကောင်းပါတယ်။ သို့သော် အိမ်မှာ ရှိတာပဲပေါ့နော်။ အရင်ကလဲအမေကြော် တာကို တခါတင်ဖူးပါတယ်။ ဒီမှာ ပါ။ ခုတော့ ဟင်းချက် ဘလောခ် အတွက် ပိုစ့်တွေ ပြန် အော်ဂနိုက်ဇ် လုပ်နေရ တာနဲ့ ပြန်တင်လိုက်တယ်နော်။ ကဲ ချက်မယ့် ဟာတွေကို ကြည့်ရအောင်….

ဝက်သား တောက်တောက်စင်းကို ဆား အချိုမှုန့် ပဲငံပြာရည်အကြည် ကော်မှုန့်စတာတွေနဲ့ နယ်ပြီး နှပ်ထားပါနော်
ပြီးတော့ ထည့်ကြော်မယ့် မုန်ညှင်းချဉ်ကိုလဲတောက်တောက်စင်းထားပေးပါ။

ငရုတ်သီးခြောက်ကို ရေဆေးပြီး အညှာ ခြွေထားပါ။ခရမ်းချဉ်သီး နှစ်လုံးလောက်ကို လေးစိတ်လှီးထားပါ။
နောက်ထပ်လိုမှာကတော့ ကြက်သွန်ဖြူ နည်းနည်းပါ ဓါးပြားရိုက်ရင် ရိုက်ထား မဟုတ်ရင်လဲ စိတ်စိတ်လေး လှီး ထားပါ။ ကဲပြင်စရာရှိတာတွေပြင်ထားပြီးရင်တော့ ကြော်ပါမယ်။ စလိုက်ကြရအောင်နော်….

အိုးထဲကို ဆီထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်ကို အရင်ကြော်ပါနော်။ ငရုတ်သီးက ဆီပူလာတာနဲ့ တူတူ မွှေးလာပါမယ်။ ငရုတ်သီးခြောက်ကို ဆီပူလာမှ ထည့်ရင် တူးသွားတတ်လို့ သတိထားပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ရပြီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးတွေကို နည်းနည်းနွမ်းတဲ့ အထိ ကြော်ပေးပါနော်။

ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင်တော့ ဝက်သား ခုနက နယ်ပြီး နှပ်ထားတာကိုထည့်ပါ။ ပြီးတော့ ဒယ်ပြား နဲ့ ချေပေး ပါနော်။ တီကတော့ မကပ်တဲ့ အိုးသုံးလို့ သစ်သား ယောင်းမဲ့ မွှေပါတယ်။ ဝက်သား ရပြီဆိုရင်မုန်ညှင်းချဉ်
တောက်တောက်စင်းထားတာကို ထည့်ပါနော်။ ပြီးရင်တော့ ဆား အချို မှုန့် နည်းနည်းထည့်ပါ ပြီးရင် အိုးမချခင်
နောက်ပြီးတော့ သကြားလေးကို လက်ဖဝါးထဲ စဉ်းငယ်ခန့်ထည့်ပြီးတော့ ဖြူး ချလိုက်ပါနော်။ အသားမကျက်မှာ စိုးရင် ရေနည်းနည်းလေး ထည့်ပေးပါ။ ရေခမ်းသွားရင်တော့ အရသာမြည်းကြည့်ပြီး အိုကေရင် ချလို့ရပါပြီနော်။

ကဲ မောင့်အကြိုက် အရသာရှိတဲ့ အိုအီရှိ ဝက်သားမုန်ညှင်းချဉ်ကြော်တပွဲရပြီပေါ့။
ကဲ အသားဟင်းတပွဲတော့ ရပြီဆိုတော့ အရွက်ကြော်လေးတခုလဲ လုပ်ပေးအုံးမှပါပဲနော်။ ရေခဲသေတ္တာထဲကြည့်
လိုက်တော့ ဂေါ်ဖီထုပ်သေးသေးလေးတွေ တွေ့ပါတယ်။ အဲ့တော့ အမြန်ပဲ ထက်ခြမ်းလှီးပြီးတော့ ခရုဆီလေးနဲ့ အမြန်ကြော်ပေးလိုက်ပါတယ်။ ထက်ခြမ်းခြမ်း ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူလေးတွေကိုလဲ ဓါးပြားရိုက် ထားမယ်နော်။ နောက် တရုတ်နည်းနဲ့ ကြော်မှာဆိုတော့ ငရုတ်သီးကိုလဲ နည်းနည်းထည့်ပါမယ်။ ခုနလိုပဲ ငရုတ် သီးခြောက်နဲ့ ကြက်သွန်ဖြူ ကို အရင်ကြော်ပါ မွှေးလာရင် တခါတည်း ဘေဘီ ဂေါ်ဖီလေးတွေ ထည့်လိုက်ပါ။ ဆား အချိုမှုန့် ထည့် ပြီးတော့ ကျက်ခါနီးရင် ခရုဆီနည်းနည် ထည့်လိုက်ရင် ရပြီပေါ့နော်။

တခုသတိထားရမှာက အစိမ်းကြော်ကို မီးပြင်းပြင်းနဲ့ ခဏလေးပဲ ကြော်ပါ ကြာကြာကြော်ရင် အရွက်နွမ်းပြီး စားမ
ကောင်းပါဘူးနော်။ မြင်ဘူးတယ်မှလား ဟောင်ကောင်စားဖိုမှုးတွေ ကြော်တာလေ ရွှီးရွှီးရွှမ်းရွှမ်း ဆိုပြီးတော့ မီး
ပြင်းပြင်းနဲ့ ခပ်မြန်မြန်ကြော်ချလိုက်ဖို့ပါပဲ။ ဒီမှာလဲ အရင်က တခါ ဘေဘီ ဂေါ်ဖီကို မှိုနဲ့ ကြော်ဖူးပါသေးတယ်နော်။

ကဲ အရွက်ကြော် ပူပူလေးလဲရပါပြီနော်။ အရွက်ကြော် နဲ့ ဝက်သားနဲ့ ဆိုတော့ အအီပြေအောင် မောင့်အတွက် ဘိတ်ချဉ်လေးလဲ လုပ်ပေးပါအုံးမယ်။ မောင်က အချဉ်တွေအစပ်တွေ ကြိုက်တယ်လေနော်။ ပြီးတော့ ဘေဘီ
ဂေါ်ဖီ က ဘိတ်ချဉ်နဲ့ သိပ်လိုက်တယ်။ မစားဘူးရင် လုပ်စားကြည့်ကြ။

ဘိတ်ချဉ်ကတော့ လွယ်လွန်းပါတယ် သို့သော် လွယ်တိုင်းလဲ အစပ်အဟပ်ကောင်းမှ အရသာရှိတာနော်။ လွယ်တိုင်း ကောင်းတာမဟုတ်ဘူး။ လုပ်ရတာကတော့ မခက်ပါဘူး ကြက်သွန်ဖြူ ကို အကွင်းလေးတွေပါးပါးရ
အောင်လှီး ငရုတ်သီးစိမ်း ကို ညက်ညက်လေးရအောင် ဓါးနဲ့ တောက်တောက်စင်း ပြီးတော့ ပန်းကန်လုံးထဲ ရော ထည့် ပဲငံပြာရည်အကြည်လေး စမ်း သံပရာသီးလေး ညှစ် ဆား အချိုမှုန့် နည်းနည်းထည့်လိုက်ရင် အရသာ ရှိတဲ့ ဘိတ်ချဉ် ရတာပေါ့။ ပြီးတော့ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ တို့တို့ ပြီးစားရင် စူပါရှယ်ပါပဲနော်။

အော် မေ့တော့မလို့ မောင်က အဲ့နေ့က အရမ်းစားကောင်းတယ်ဆိုပြီး စားတာ ထမင်း ၃ ပန်းကန်တောင်ကုန် တယ်။ ကျေနပ်တယ်အေ။

ဒါလေးကတော့ တနေ့က ဖေဖော်ဝါရီ ၁၄ တုံးက အမှတ်တရ ချစ်သက်လက်ဆောင်အဖြစ် မောင်ပေးတဲ့ စတားဘတ်ခ် က ကော်ဖီနှပ်တဲ့ အိုးနဲ့ ရေနွေးကြမ်း နှပ်သောက်ပါတယ်။ ရေနွေးကို ပီပီသသ သောက်ချင်တဲ့ အတွက် ခဏခဏသွားစားလို့ လက်ဆောင်ရတဲ့ ဖူဂျီ ဂျပန်ဆိုင်က ကြွေခွက်လေးနဲ့ သောက်ပါမယ်။ ရေနွေးက
တော့ လစ်ပ်တန်ပါပဲ။ အထုပ်က ဂျပန် ဂရင်းတီးပါ မသောက်ဖြစ်ဘူးနောက် တခေါက်မှ သောက်မယ်။

ခွက်တံဆိပ် ကိုကြည့်ပါ။ သူက ပိုမိုက်တယ် ကြွေ စစ်စစ် ဖြစ်တဲ့ အတွက် အပူထိန်းပေးတာကော အအေးမမြန် တာကော မဲတာကတော့ ရေနွေးက ပြင်းသွားလို့ပါ လစ်ပ်တန် တထုပ်ကို ရေ တလီတာတောင် မဲပါသေးတယ်။ ပြောရအုံးမယ် မောင်ကရေနွေးမသောက်ဘူး သောက်ခဲတယ်။ ကိုယ်တယောက်ပဲ သောက်ရတာ
အဲ့တာနဲ့ နောက်နေ့ကျတော့ ချုပ်ပါလေရော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော် တော်ပြီ။ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ စားကြည့်ဖို့ မမေ့နဲ့နော်။

A Chen
3:07PM
Sunday
26th Feb 2012
Phavina Service Apartment
Rayong
THAILAND

တီချမ်း နဲ့ သက်သတ်လွတ်

ကဲကဲကဲ စားလိုက်တာ လို့ မပြောကြပါနဲ့ အပြစ်မတင်ကြပါနဲ့ မနာလိုမဖြစ်ကြပါနဲ့ အဘိဇ္ဇာ မပွားကြပါနဲ့
တီချမ်းလေးကို မေတ္တာထားကြပါ စေတနာထားကြပါ အကြင်နာပွားကြပါ မုဒိတာများကြပါ ချမ်းချမ်းလေးကို အားပေးကြပါကွယ်………တီချမ်းကွ………….ဟေး…………..ဟေး…………..

တီချမ်းတယောက် သက်သတ်လွတ်ကို ကြိုက်ပါတယ်။ ငယ်ငယ်က သာမည သွားတော့လဲ ကြိုက်တယ် အိမ်မှာ မေမေ တို့ မွေးနေ့တိုင်းသက်သတ်လွတ်စားတော့လဲ ကြိုက်တယ်။ အဖွား ဆီ အလည်သွားရင်လဲ အဖွားက ရာသက်ပန် သက်သတ်လွတ်စားတော့ ကြိုက်တယ်။ အခုတော့ တခါတခါ ရန်ကုန်ပြန်တိုင်း လသာက လမ်းမတော်ဆိုင်မှာပဲ သွားသွားစာနေရတယ်။ ကိုယ်လဲ ကြိုက်တယ် သူငယ်ချင်းတွေလဲ ကြိုက်တယ် အဲ့တော့ မကြာ မကြာ ချိန်းချိန်းပြီး သွားစားဖြစ်ကြတယ်။ ဆိုင်နာမည်က လမ်းမတော်ပါ လသာမှာ ရှိပါတယ် စာစစ်ရုံးဘေးနားမှာပါ။ စိုပြေစွာ ကိုမကြိုက်ဘူး၊ ခုတ်ဖူ ကို မကြိုက်ဘူး လမ်းမတော်ပဲ ကြိုက်ပါတယ် လသာမှာ ရှိပါတယ်။

ထားတော့ ခုဟာက တီချမ်း သက်သတ်လွတ်ချက်စားဖြစ်ဖို့ အကြောင်းဖန်လာတာကို ပြောချင်တာပါ။ တရုတ်တွေက ဘယ်နေ့တွေမှာလဲမသိဘူး သက်သတ်လွတ်ချက်စားကြပါတယ်။ ဘယ်လိုပြောရမလဲ …….
(သေချာလိုက်တာနော်)။ နောက်မှ မာမား ကိုပြန်မေးပြီး သေချာပြောမယ်။ လောလောဆယ်က ဟင်းချက်မှာနော်။ အဲ့တာကြောင့် လိုရင်းပဲ သွားမယ်။ အဲ့နေ့ က အမေတို့ ညီအမတွေ ရန်ကုန်မှာ သူတို့ ညီအမ က ၄ ယောက်ရှိပါတယ်။ သူတို့ က မောင်နှမ ၁၁ ယောက်ရှိပါတယ်။ မောထှာ။ ထားတော့ အရင်ခေတ်က တရုတ်တွေ သိပ်မွေးတယ်။ အဲ့နေ့က အော်ကစ်အိမ်ရာမှာရှိတဲ့ အမ အိမ်မှာ ညဘက်အိပ်ပြီးတော့ ဟင်းချက်ဖို့ ဖြစ်လာတယ်။ တီချမ်းကလဲ ဘလောခ် ဘတ် ပရိသတ်တွေအတွက် သေသေချာချာ ကို မှတ်တမ်းတင်လာတာပေါ့။ နော်။ ကဲ ရှု။ မျှော်။

ပဲပြုတ်ထမင်းကြော်

ဒါလေးကတော့ မနက်စောစော နိုးအလာမှာ စားဖို့ အိမ်ဖော်တွေပြင်ပေးထားတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီပါ။ ကော်ဖီကတော့ ကိုယ်သောက်နေကျ မဟုတ်တော့ ညံ့ချက်။ ပဲပြုတ်ထမင်းကြော်ကတော့ အိုကေပါပဲ။ စားလို့ ဖြစ်ပါတယ်။ ကြော်နည်းလေးပါ တလက်စတည်း ထည့်ပေးလိုက်မယ်နော်။ ဆီကို အိုးထဲထည့်ပါ ဆီပူလာရင် ပဲပြုတ် ထည့် ကြက်သွန်နီ ကြိုက်တတ်ရင် ပါးပါးလှီးထည့်၊ ပြီးတော့ ထမင်းထည့် ကြော်ပါ။ တီကတော့ အော်နားကို နည်းနည်းတူးတာကြိုက်လို့ နည်းနည်းလေး အိုးကပ်အောင် ကြော်စေပါတယ်။ တချို့ကတော့ ပဲငံပြာရည် ထည့်ပါတယ် မြန်မာတွေကတော့ နနွင်းထည့်ပါတယ်။ တီကတော့ ဘာမှ မထည့်ပါဘူး အေးရောနော်။


ခရမ်းချဉ်သီး ပန်ထွေဖျော်

ပထမဆုံး ချက်နည်းပြချင်တာက ခရမ်းချဉ်သီး ပန်ထွေဖျော်ပါ။ လုပ်နည်းက သိပ်လွယ်ပါတယ်။ ခရမ်းချဉ်သီး ကို ဖုတ်၍ သို့ ပြုတ်၍ လုပ်နိုင်ပါတယ်။ ပြီးရင် အခွံနွှာပါ။ ပြီးရင် ဓါးနဲ့ နှုတ်နှုတ်စင်းချင်စင်း မစင်းချင် ရင် ကြိတ်စက်နဲ့ ကြိတ်ပါ။ ပြီးတော့ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး စိမ်းကို ထောင်းထားပါ။ ရောပြီးတော့ ပေါ့။ အချိန်အစားကတော့ ကြည့်ကျက်သာထည့်ပေတော့။ တီ့ ထုံးစံအတိုင်းပဲ။ နံနံပင်ကို ပါးပါးလှီးထားပါ။ ပြီးတော့ ခရမ်းချဉ်သီး မွှေထဲကို ခုနက ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နံနံပင်တွေထည့်ပါ။ ပဲပုပ်မှုန့် (မရှိမဖြစ်ပါရပါမယ်) ဆား အချိုမှုန့် တို့ ထည့်ပြီးတော့ သမ မျှတအောင်မွှေပေးလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် တခွက်ရတာပေါ့။ အနံ့ ပိုမွှေးစေချင်ရင် ခရမ်းချဉ်သီး ကို ပြုတ်မယ့် အစား မီးဖုတ်ထည့်ပါနော်။ သခွားသီးလေးနဲ့ ကလော်စားရင်တော့ ကောင်းလေစွပေါ့လေ။ (တို့ မစားပါနဲ့ အားမရပါဘူး ကလော်ပြီးတော့သာစားပါလေ)


ကြွက်နားရွက်မှို ပဲကြာဇံကြော်

သိပ်လွယ်ပါတယ် ရေးတောင် မရေးချင်ဘူး သိက္ခာကျ သလိုခံစားရလို့ ဆီထည့် ကြိုတင်စိမ်ထားတဲ့ ကြွက်နားရွက် မှို ထည့် ပဲ ကြာဇံ ထည့် ပဲငံပြာရည် နည်းနည်းထည့် ဆား အချိုမှုန့် ထည့် ခဏ ကြော် သမ မျှတအောင် တူနဲ့ မွှေ အိုကေပဲ စားလို့ ရပြီ။ သက်သတ်လွတ်မို့လို့ အသားမပါဘူးနော်။ ကြိုက်တတ်ရင် ကြိုက်တဲ့ အသားထည့်လို့ရတယ်။ အမှန်က ဒီအတိုင်းလဲ ကောင်းပါတယ်။ အစပ်ကလေး ကြိုက်ရင် ငရုတ်သီးစိမ်း ဓါးပြားရိုက်ထည့်။ ဂေါ်ဖီ တို့ ဘာတို့ လို အရွက်တွေ ထည့်ရင်လဲကောင်းတယ်နော်။

ကိုက်လန် ပဲလိပ် မှိုခြောက်ကြော်

ဆီပူ အိုးတည်ပါ။ ဆီပူလာရင် ရေစိမ်ထားတဲ့ မှိုခြောက်ကို အရင်ကြော်ပါ။ ပဲလိပ်ကိုထည့်ပါ၊ ရေဆေးထားတဲ့ ကိုက်လန် အနုတွေထည့်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ခရုဆီ ထည့်ပါ)။ သက်သတ်လွတ်ဖြစ်တဲ့ အတွက် ဆားနဲ့အချိုမှုန့် ထည့်ပါ။ ပဲငံပြာရည် စဉ်းငယ်ခန့်ထည့်ပါ။ အရောင်လှအောင် ဖြစ်ပါတယ်။

ဟင်းပေါင်း

ပဲပြား လေးတွေ ကို စိတ်ကြိုက်အရွယ်လေးတွေ တုံးထားပြီးတော့ ဆီလေးနဲ့ လှိမ့်ထားပါ။ အရောင်ဝါနုလေး သန်းလာရင် တော်ပါပြီနော်။ ပဲလိပ်ရယ် မှိုရယ် ကို ဆီနဲ့ အရင်ကြော်ပါ။ ပဲပြားထည့်ပါ၊ နောက်ဆုံးမှ မုန်ညင်းဖြူ ထည့်ပါ။ ထုံးစံအတိုင်း ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းထည့် အိုကေပါပဲ။ ပြီးတော့ ဟင်းပေါင်းဖြစ်တဲ့ အတွက် အရွက်တွေ အကုန်ထည့်ပြီးရင် အဖုံးလေးနဲပ ခဏ အုပ်ထားပေးပါ။ ၅ မိနစ်လောက်ဆိုရပါပြီနော်။ မုန်ညင်း နူးနူးလေး နဲ့ ဆို ပိုစားလို့ ကောင်းပါတယ်။ ပိုကောင်းချင်ရင်တော့ တို့စားဖို့ ဘတ်ချဉ် လုပ်ထားပါနော်။ ဘိတ်ချဉ် ကို ကြက်သွန်ဖြူ အကွင်းသေးသေးလေးတွေ လှီး ငရုတ်သီးစိမ်း ပါးပါးလှီး ပဲငံပြာရည် နဲ့ စိမ် သံပရာသီး ညစ်ထည့်လိုက်ရင် ရှယ်ရတာပေါ့နော်။ အဲ့ဒီ ဘိတ်ချဉ်လေးနဲ့ ခုန က မုန်ညှင်း ပေါင်း ကို တို့ တို့ စားရင် ထမင်းတောင် မလိုဘူးဆိုပဲ တီချမ်းပြောတာ။ မယုံရင် လုပ်ကြည့်။


တို့ဟူးသုပ်

အိမ်လုပ်တို့ဟူးသုပ်ကို ရဖို့ အတွက်ကတော့ တို့ဟူး ကို ကိုယ့်ဘာသာ ကြိုတတ်ဖို့ လိုပါတယ်။ အလွယ်နည်းကို ပြောရရင်တော့ မွှေး ပဲမှုန့်အစိမ်းမှုန့် ကို တည ရေထဲမှာ ဖျော်ထားပါ။ သေချာ ကြေအောင် လက်နဲ့ ပါ သေချာ မွှေပါနော်။ ပြီးတော့ အနှစ်ကို စကာ တိုက်ထားပါ။ တီကတော့ အိမ်မှာ ရေစစ် ပိတ်စနဲ့ ဟာမျိုးလေ (အဖြူရောင်ကတော့ကြီးကြီး လိုမျိုးဟာနဲ့) အနှစ် တိုက်ပါတယ်။ အဲ့တာကို တညသိပ်ထားပါ။ နောက်နေ့ကျတော့ လိုချင်တဲ့ အနေ အိုးထဲ ကို ရေထည့်။ ဆီလေး အစက်နည်းနည်းချ (အိုးမကပ်အောင်ပါ)။ ပြီးတော့ ရေစဆူလာရင် ပဲနှစ်ကို ဖြည်းဖြည်းချင်း လောင်းထည့်။ တဘက်တည်းကို ပဲ မွှေပါ။ ဖြည်းဖြည်းလေး မွှေပေးပါ။ မီးအေးလေးနဲ့ မွှေပါ။ ဆား အချိုမှုန့် နည်းနည်းထည့်ပါ။ အရောင်လိုချင်ရင် နနွင်း နည်းနည်း ထည့်ပါ။ တိုဟူးတွေ ရရင် ဘမ်းလေးနဲ့ အအေးခံပါနော်။ (တို့ဟူးနွေး စားချင်ရင်လဲ အဲ့အတိုင်းလုပ်ပါတယ်) အိုကေ တို့ဟူး ရပြီဆိုရင် တော့ အအေးခံထားတဲ့ ဘမ်းထဲကနေ ထုတ် ဓါးလေးနဲ့ ပါးပါးလှီး ပြီးရင် သုပ်မယ့် ပန်းကန်ထဲထည့်ထား။

အချဉ်ရည်ဖျော်နည်း

ရှာလကာရည် အမဲ အကျဲ အပျော့ ကိုသုံးပါမယ်။ အချဉ်ရည်ဖျော်မယ့် ပန်းကန်လုံးထဲ ထည့်ထားပါ။ စဉ်းငယ်ခန့် ပေါ့နော်။ ပဲငံပြာရည် အကြည်နည်းနည်းထည့်ပါ။ သကြား ထည့်ပါ။ ကြက်သွန်ဖြူ ကြိတ် ဆီချက်ထည့်ပါ။ မြန်မာသုပ်ထဲ ထည့်တဲ့ ကြက်သွန်ဖြူ ဆီချက်နဲ့ကွာပါတယ်နော်။ တီချမ်းကတော့ အဲ့လို ကိုသပ်သပ်ခွဲထားတယ်။ ခေါက်ဆွဲတွေ တရုတ်နည်းတွေ နဲ့ စားမယ့် ကြက်သွန်ဖြူ ဆီချက်ကတော့ ကြိတ်ထားပြီး ချက်ထားတာပါ။ ခုပြောနေတဲ့ဟာပေါ့။ နောက် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နှုတ်နှုတ်စင်းထားတာလဲ ထည့်ပါ မယ်။ နောက် အရေးကြီးတာက နံနံပင်ပေါ့ အဲ့တာတွေ အကုန်ကို ပန်းကန်လေးထဲ ထည့်ပြီးတာနဲ့ မွှေပါ သမမျှတအောင် မွှေပါနော်။ အရသာကိုလဲကြိုက်သလို မြည်းကြည့်ပါ။ ကျေနပ်ပြီိဆိုတော့ ခုနက လှီးပြီး ပန်းကန်ထဲထည့်ထားတဲ့ တို့ဟူးပေါ် ကိုလောင်းချလိုက်ရင် ရပြီပေါ့နော်။ ပြီးတော့ မှ အပေါ်ကနေ မြေပဲမှုန့် နဲ့ နံနံပင် ထပ်ဖြူးလိုက်ရင် ပိုကောင်းသွားမှာပေါ့ ( သက်သတ်လွတ်မဟုတ်ရင်တော့ ဘီတန် ကို လေးစိပ်စိပ်ပြီး ထည့်ရင် ပိုရှယ်တာပေါ့နော်။ ဗီကန် သက်သတ်လွတ်ဆိုရင်တော့ ဘီတန် ထည့်လို့ရပါတယ်)

သတိထားရန် မြေပဲမှုန့် ကိုနောက်ဆုံးမှ ဖြူးပါနော်။

မုန်ညှင်းချဉ် နဲ့ အသားပြားတုကြော်

ဒီဟာကတော့ မုန်ညှင်းချဉ် နဲ့ ဝက်သားကြော်သလိုပါပဲ။ ကြက်သွန်ဖြူနီ ပါးပါးလှီးထားတာကို ဆီပူထဲမှာ ဆီသတ်လိုက်ပါ။ မုန်ညှင်းချဉ် ကို ပါးပါးလှီး ပြီးထည့်ပါ။ အသားပြားတု ကို စိတ်ကြိုက်အရွယ်လေးတွေ လှီးပြီး ထည့်ပါ။ ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းလေးထည့် ရင် ရပါပြီနော်။

ဂျူးမြစ်သုပ်

ကြက်သွန်နီ ကို ပါးပါးလှီး ပြီး ကြက်သွန်နီကြော် လုပ်ထားပါ။ ဂျူးမြစ်တွေကို လက်နှစ်ဆစ်လောက် လှီး (ချိုး)ပြီးတော့ ရေနွေးဖျော်ထားပါ။ ခရမ်းချဉ်သီး တွေကို သေးသေးလေးတွေလှီးပြီးတော့ ဆီသတ်ထားပါ။ အာလူး ထမင်းလုပ်သလိုပါပဲ။ ကြက်သွန်မထည့်တာပဲ ကွာပါတယ်။ ခရမ်းချဉ်သီး အနှစ်တွေ ကို သပ်သပ်ဖယ်ထားပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။ ငရုတ်သီးဆီချက် ချက်ထားပါ။ ပြီးရင် ဇလုံ တခုထဲကို ရေနွေးဖျော်ထားတဲ့ ဂျူးမြစ်တွေထည့်၊ မြေပဲထောင်းထားတာထည့်၊ ခုနက ကြက်သွန်နီဆီချက်ထည့်၊ ခရမ်းချဉ်သီး အနှစ်ထည့်၊ ငရုတ်သီးစိမ်းထည့် သံပရာသီး ညှစ်ထည့် ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ဂျူးမြစ်သုပ် ရပြီပေါ့နော်။

ဘေဘီကွန်း မှိုခြောက်ကြော်

ဘေဘီကွန်းလေးတွေကို အရင်ပြုတ်ပါမယ်။ ရေနွေးဆူဆူလေးထဲကို ခဏလေးပဲ ထည့်ပြီး ဖျော်ယုံဖျော်ပါ အချိုရည်တွေထွက်ကုန်မှာ စိုးလို့ ဖြစ်ပါတယ်။ မှိုခြောက်တွေကိုလဲ ရေနွေးစိမ်ပြီး လှီးထားပါ။ ကြက်သွန်ဖြူ နှစ်မွှာကို ဓါးပြားရိုက်ထားပါ။ ဆီပူထဲကို ကြက်သွန်ဖြူ ထည့် မွှေးလာရင် မှို အရင်ကြော်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ကြက်ပြုတ်ရည် ကြက်သားမှုန့် ခရုဆီ စတာတွေ ထည့်လို့ရပါတယ်) ခုတော့ ခုတော့
………မှိုတွေ ရရင် ဘေဘီကွန်းလေးတွေ ပြုတ်ပြီးသား ကိုထည့် ဆား အချိုမှုန့် ထည့် ပြီးတော့ ကော်မှုန့် ၂ ဇွန်းလောက် ကို ပန်းကန်လုံးလေးနဲ့ ရေဖျော်ထားတာ ထည့်ပြီး အဖုံး အုပ် ခဏ နှပ်လိုက်ပါ။ အဲ့တာဆို အိုအိရှိ မှိုဘေဘီကွန်းကြော်ရပါပြီ။ အရောင်လေးလှချင်ရင် ကြော်ပြီး အိုချခါနီးမှာ ကြက်သွန်မိတ်လေးတွေ ရှည်ရှည်လေး လှီးပြီး ဖြူး လိုက်နော်။

မှိုကြော်

လွယ်လွယ်လွန်းလို့ ပြောတောင်မပြောချင်တော့ဘူး။ ဆီပူအိုးတည်ပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို အရင်ကြော်ပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို ဆီသတ်ပြီးရင် တော့ ရေဆေးထားတဲ့ မှို ထည့်ပါ။ မီးလျော့ပြီးတော့ ရေခြောက်အောင်ကြော်ပါ။ ပြုတ်ကြော်ပုံစံမျိုးလေးပါ။ ဆား အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ ထုံးစံ။

ပွဲသိမ်းပဲထောပတ်ဟင်းရည်

ဒါလေးကတော့ တီ့အကြိုက်ဆုံးမို့လို့ နောက်ဆုံးမှ တင်ပေးတာပါ။ ထောပတ်ပဲလေးတွေ ကို အခွံချွတ်ထားပါ ရေဆေးထားပါ။ ပဲတွေကို ရေစပ်စပ်နဲ့ ပြုတ်ထားပါ။ ပြီးရင် ဆီပူမှာ ကြက်သွန်ဖြူနီ ကို ဂျင်းသစ်လေးထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့် နည်းနည်းထည့်ပါ။ ခရမ်းချဉ်သီး နှုတ်နှုတ်စင်းထားတာကို ဆီထဲထည့်သတ်ပါ ပြီးရင် ပြဲနေအောင် ပြုတ်ထားတဲ့ ပဲတွေ ထည့်ပါ။ ဟင်းရည် ကို အနေတော် ပြစ်ပြစ်လေး ရအောင် ရေကို လိုသလောက်ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ ပေးဆူပါ။ ပဲနူးလာပြီးဆိုရင် အရသာမြည်းပြီး ဆူးပုပ်ရွက်လေး အုပ်လိုက်ရင် အရသာအကောင်းဆုံး ပွဲသိမ်းဟင်းလျာ ထောပတ်ပဲ ဟင်းရည် ကိုရပြီပေါ့နော်။

ကဲ ပရိတ်သတ်များ အတော်ပဲ မနာလိ အဲလေ အားရကျေနပ် မုဒိတာပွား အကြင်နာများ မေတ္တာထား နိုင်ကြမယ် မျှော်လင့်ပါတယ်နော်။

အားလုံး ကို ချစ်တဲ့

A Chen
11:21 PM
Wednesday
8th Feb 2012
Home
Bangkok

တီ့အမ ချက်တဲ့ ဂဏန်းဟင်း

ခုတလော စာမရေးဖြစ်တာ ကြာလှပါပြီ ကြာဆို အားလဲမအား ခရီးတွေကလဲများ နေကလဲ မကောင်း နေကောင်းပြန်တော့ မအား အားပြန်တော့လဲ ခရီးထွက်ဆိုသလို ဂျာအေးနဲ့ သူ့အမေ ကြက်ဥ နဲ့ ကြက်မ ဖြစ်နေတော့ တီချမ်းတယောက်ခမျာ တောင်းဆိုမှုတွေကိုမျက်ကွယ်ပြု ဘလောခ် ကို ဥပေက္ခာပြု စာဘတ်သူတွေ ကိုလစ်လျှုရှုဖြစ်နေတာ ကြာလှပါရောလား။
သို့သော်လည်း နောင်တချိန် စာရေးခြင်းအမှု နဲ့ နာမည်ကြီးမယ့် သူဆိုတော့ မရေးတာကြာတော့ မနေနိုင်ပြန် ရေးချင်လာပြန် ဆိုတော့ကာ ရေးရပြန်ပါတယ်။ ရေးမယ်ဆိုတော့လဲ ဘာရေးရပါ့။ ခုတလော စာက မရေးတာ ကြာတော့ ဘာရေးရမှန်းမသိ ဆိုသလိုဖြစ်နေတာကြာလှပကော။အဲ့တာနဲ့ ကွန်မန့်လေးတွေပြန်ဘတ်ကြည့်တော့ တောင်းဆိုထားတာလေးတွေ တွေ့တယ် အဲ့တာနဲ့ တောင်းဆိုမှုတွေ များနေလို့ ချက်လိုက်ပြန်ပါပြီ တကယ်ကတော့ တီချက်တာ မဟုတ်ပါ တီ့ အမ တီ ၆ လပိုင်း ရန်ကုန်ပြန်တုံးက ချက်ကျွေးတာပါ တီလဲ ချက်တတ်တဲ့ ဟင်းဖြစ်တဲ့ အတွက် ချက်နည်းလေး မျှလိုက်ပါတယ်။

ဟုတ်ပါတယ် ဂဏန်းမဆလာ ချက်ပါ ကဲ ရွာစားရေ ပရိတ်သတ်တွေ သွားရည်တမြားမြားကျအောင် စိန်ဗေဒါလေးနဲ့ပို့…….ပလို့ဂျိ

ဒါလေးတွေက မချက်ခင် ကြိုတင်ပြင်ဆင်ထားရမှာပါ အဓိက ကတော့ ရှမ်းနံနံ ကြက်သွန်ဖြူ နဲ့ငရုတ်သီးပါ ထည့်ချင်သလောက် ကို လှီးချွတ်ပြီး ပြင်ဆင်ထားပါမယ် အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီး ပိုထည့်ပေါ့နော်။ ဘေးကတော့ ဂျင်း ပါးပါးလေးတွေလှီး ပြီးတော့ တခါ အချောင်းလေးတွေဖြစ်အောင် ပြန်လှီးထား ပါ။ နောက် ကုလားမဆလာ ရရင်တော့ တီက ကုလားလေး သုံးပါတယ် တခြားတံဆိပ်ဆိုလဲဖြစ်ပါတယ် တီ့အမ ကတော့ တရုတ်မဆလာ လို့ ခေါ်တဲ့ ပါကော်ချောက်ကော့ တို့ လေးညှင်းပွင့် အမှုန့် တို့ ရောကျိတ်ထားတဲ့ တရုတ်အခေါ် အူရှန်းဖှုန် ( ဟင်းခတ်အမွှေး မဆလာ ၅ မျိုး ကိုရော ပြီး အမှုန့်ကြိတ်ထားတာကိုခေါ်တာပါ) အဲ့တာကိုလဲသူက ထည့်ပါတယ် တီချက်ရင်တော့ မထည့်ပါဘူး။ စာဘတ်သူလဲအကြိုက်ပေါ်မူတည်ပြီး ထည့်မထည့်ကြည့်ပေါ့နော်။

နောက် ကြက်ဥ သို့ ဘဲဥ တလုံး နှစ်လုံး ကို ဖောက်ပြီး ပန်းကန်ထဲမှာ အသင့်ထည့်ထားပါမယ်။ ဘေးကတော့ ဂဏန်းလက်မတွေ နဲ့ ကို်ယ်လုံးတွေကို ခွဲထားတာပါ။ အရင်ကဆိုရင် တီတို့က ဂဏန်းကို အရှင်ဝယ်ပြီး ကိုယ့်ဘာသာ သတ်ရပါတယ် ဂဏန်းသတ်တာ သိပ်လွယ်ပါတယ် မျက်လုံးကြားထဲကို ဓါးဦးချွန်လေးနဲ့ သို့ တူချောင်းလေးနဲ့ ထိုးလိုက်ရင် ပြီးတာပဲ နောက်ပိုင်းတော့ ဝယ်ရင် ရောင်းတဲ့ သူကို တခါတည်း သတ်ခိုင်းလိုက်ပါတော့တယ် ကိုယ့်ဘာသာ သတ်ရတဲ့ ဒုက္ခက ကင်းဝေးတာပေါ့ သို့သော်လည်း ကိုယ်က သတ်ခိုင်းတာဖြစ်နေသေးတဲ့ အတွက် အကုသိုလ် ကိုယုံရင်တော့ ပြေးမလွတ်သေးဘူး ထားပါ အကုသိုလ်က နောက် အရသာက အရင်နော့

ချက်တဲ့ အစီအစဉ် စပါမယ် ချက်တာ မစခင်အရေးကြီးတာ အိုးပါပဲ အိုးကိုကြည့်ပါ ဂဏန်း အကောင် ၃၀ ၄၀ လောက်ကို သာသာလေးဆန့်တဲ့ အိုးမျိုးဖြစ်ရပါမယ် ပထမဆုံး ဆီ ပူလာရင် ခုနက ရှမ်းနံနံ ကြက်သွန်ဖြူ ငရုတ်သီး တွေကို အရင်ထည့်ပြီး မွှေးလာအောင်ကြော်ပါမယ် ဂျင်းလေးတွေလဲထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင် ဂဏန်း လက်မ တွေကို အရင်ထည့်ပါ ပြီးရင် တလက်စတည်း အခွံတွေကိုထည့်ပါမယ်

ပြီးရင် နောက်တဆင့်အနေနဲ့ ကိုယ်လုံးတွေကို နှစ်ပိုင်းပိုင်းထားတာတွေ ထည့်ပါမယ်။ ထည့်ချင်တဲ့ လူတွေ အတွက်တော့ တရုတ်ဟင်းခတ်မဆလာတွေကိုဒီအချိန်မှာ ထည့်ပါ။ ပြီးရင် ရေးနည်းနည်းထည့်ပြီး ခဏ တည်ပါမယ်။ ဂဏန်းလေးတွေအရောင်ပြောင်းစပြုရင် ကြက်ဥ ကို ခေါက်ပြီးထည့်ပါမယ်။ အရည်သောက်ကလေး ကြိုက်တတ်ရင် ရေ နည်းနည်းပိုထည့်ပါ။

ခဏတည်ပြီးရင် ကုလားမဆလာထည့်ပါ။ ဆူရင် အရသာ အပေါ့အငံ မြည်းပြီးရင် ရပါပြီ။

ဒီပုံကတော့ ကြက်သားနဲ့ ဂဏန်း ကို အပြိုင်ကြော်နေပုံပါ။

ကြော်ပြီးသားဂဏန်းတွေပွဲပြင်ထားပုံဖြစ်ပါတယ် စားကြဝါးကြတော့မယ်ပေါ့လေ….ကောင်းမှကောင်း…

ဒညင်းကွက်ကြော်တွေပါ ဆားနည်းနည်းထည့်ပြီး ရေဆပ်ဆပ်နဲ့ ကြော်ထားတာပါ။

ဒါကတော့ တီတို့ ဂဏန်းဟင်းနဲ့ ဒညင်းကွက်ကြော်စားရင် မပါမဖြစ်တဲ့ ဂျင်းထောင်းပါ ကြက်သွန်ဖြူ ရယ် ဂျင်းရယ် ငရုတ်သီးစိမ်းရယ် စတာတို့ ကိုသေချာ ကြေညက်အောင်ထောင်းပါတယ် ဆား အချိုမှုန့် နည်းနည်းထည့်ပါ စားခါနီးကျမှ သံပရာသီး ညစ်လိုက်ရင် အရသာရှိတဲ့ ထမင်းမြိန် ဂျင်းထောင်းကို ရပြီပေါ့။

ဒါကတော့ ကြော်မယ့် ကြက် ကိုနယ်ထားတာပါ ဂျင်းထောင်း အရည်ညစ် ရယ် ကြက်သွန်ဖြူ နည်းနည်းရယ် မဆလာလေးတွေနဲ့ နယ်ထားတာပါ ဗမာကြက်ကို ရွေးချယ်ဝယ်ယူပါတယ် စီပီ ကို မကြိုက်ပါ။ ပြီးရင်တော့ ဆီအေးလေးနဲ့ အတွင်းသားတွေပါ ကျက်အောင်ကြော်ပါတယ် ဆီပူလွန်းအားကြီးရင် အမြန် ကျက်သွားတတ်တဲ့ အပြင် အတုံးသေးသွားတတ်ပါတယ်။

ဒါကတော့ ဂုံးဟင်းရည်ပါ ဂုံး ကိုရေသေချာဆေးပြီးတော့ ဂျင်းနဲ့ ပြုတ်လိုက်တာပါ အရည်လဲသောက်လို့ရတယ် အဖတ်လဲစားလို့ ရတယ်။ လွယ်မှလွယ်ပါပဲ။

ဒါကတော့ ပန်းပွင့်လေးတွေကို ကြော်လိုက်တာပါ။ ပန်းပွင့် ကြော်ကိုတော့ ချက်နည်းပြောစရာမလိုဘူးထင်ပါတယ်နော်။

ကဲ ဒါကတော့ အကြီးအကျယ် သမကြတော့မယ် ပွဲပဲပေါ့ကွယ်။ နောက်နေ့တွေကျမှ လွယ်ကူမြန်ဆန် ဟင်းချက်နည်းလေးတွေကို အနောနိမတ်စ် တယောက်တောင်းဆိုထားတဲ့ အတိုင်းချက်ပေးပါအုံးမယ် ခုတော့ တီလဲနေမကောင်းနေတာနဲ့ ဒီလောက်ပဲနော်……

နောက်နေ့ကျမှ ဆရာမကြီး ကြည်လဲ့လဲ့ဦး တယောက် လုပ်ကျွေးတဲ့ တုတ်ထိုး တင်ပါအုံးမယ်နော် တာ့တာ…

A Chen
7:28 PM
1st July 2011
Friday
Home
Bangkok

ဝက်ချို အစိမ်းကြော် မှိုကန်စွန်း

ကဲ ဒီတခါ လွယ်လွယ်လေး ချက်ပါမယ်။ ခုတလောကျတော့ အမေ က မဲဆိုင် က သူ့မွေးစားသမီး နဲ့ သူငယ်ချင်း ဆီသွားလည်နေတော့ ဘာမှ တောင်ထွေထွေထူးထူး မချက်ဖြစ်ပါဘူး။ မောင်နဲ့ ကိုယ် အရင် ဒုံရင်း ဝယ်စားဘဝ ကို ဟပ်ချလောင်း ဆို ပြန်ရောက်သွားတော့တာပါပဲ။ အဲ့တာနဲ့ တနေ့ ကတော့ ချက်ရမှာလဲ ပျင်းတော့ လွယ်လွယ် ကူကူ ပဲ ဝက်ကို အချိုချက်မယ် ကန်စွန်းလေး ဘာလေး ကြော်စားမယ် ဆိုပြီး လုပ်ဖြစ်တာပါ။

ဒီပိုစ့် မှာ အရေးကြီးတဲ့ ပဲငံပြာရည် ကိုအရင် ကြော်ငြာပါရစေ။ ယိုးဒယား စရောက်ကတည်း က ဝယ်လိုက်တဲ့ ပဲငံပြာရည် တွေအကြည်ကော အနောက်ကော ဝယ်လိုက် ပစ်လိုက် ဝယ်လိုက် ပစ် လိုက် အခု ပုံမှာ ပြထားတဲ့ တံဆိပ် ရမှာပဲ အဆင်ပြေတော့တယ် လီကျင်ကျီ့ လို့ အသ့ထွက်မယ် ထင်ပါတယ် ရှာဝယ်လိုက်ပါ ဘန်ကောက်မှာတော့ ပါရာဂွမ် က ဂေါမန့် မှာ ရပါတယ်။ ကဲ ဟင်းဆက်ချက်မယ် ဝက်သားထဲထည့်ဖို့ ကြက်သွန်ဥ တွေကိုခွာ ထားပါနော် ဥလိုက်ထည့်မှာ မို့လို့ စိပ်မနေပါနဲ့တော့….ပြီးရင် ဝက်သား ကို ပဲငံပြာရည် အချို၊ ကြက်သွန်ဖြူ ဓါးပြား နည်းနည်း ဂျင်း စင်းငယ်ခန့် တို့ နဲ့ ဆား အချိုမှုန့် နယ်ထားပါ ခဏ နှပ်ထားပါ

ပြီးရင် ဆီသတ်ပါမယ် ဂျင်း ဘတ်ကလေး ကို ဓါးပြားရိုက်ပြီး ဆီသတ်ပါ ကြက်သွန်ဖြူ နီ ကိုတော့ မသတ်တော့ပါဘူး ခုန က နှပ်ထားတဲ့ အသား ကိုပဲ လုံးချက်မှာပါ ဂျင်း က မွှေးလာပြီဆိုရင် အသားတွေ ကိုထည့်လို့ ရပါပြီ အသားကို ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ပထမ သူ့ဆီကနေ ထွက်လာတဲ့ ရေ နဲ့ ပဲ အရင် တရေ ခန်းပါစေ ပဲငံပြာရည် တကယ်ကောင်းရင် မွှေးတက်လာပါလိမ့်မယ် သိပ်မွှေးလို့ ဗိုက်ကို ဆာလာစေတာ ဒီပဲ ငံပြာရည်ပါ တကယ်ညွှန်းတာ တကယ်ကောင်းလို့ပါ ရှာဝယ်ကြည့်ပါနော် တခြား ပဲငံပြာရည်တွေထက်တော့ ဈေးနည်းနည်း ပိုကြီးတယ် ဒါပေမယ့် တကယ်ကောင်းတော့ တန်ပါတယ် တလက်စတည်း မွှေပေးနေပါ အိုးမကပ်အောင်ဖြစ်ပါတယ်

ပြီးရင်တော့ ရေလေး ကို ဝက်သားမြုပ်ရုံ ထည့်ပြီး နောက် တရေ တည်ပေးပါ အသား နူး မနူး ကိုလဲ မြည်းကြည့်ပေးနေပါ တကယ်လို့ ကိုက်ရတာ မာဆတ်ဆတ်လေး ကြိုက်တယ် ဆိုရင်လဲ တရေ တရေခွဲလောက်နဲ့ ရပါတယ် ရေလျော့ထည့်ပေါ့ နူးနူးလေး ကြိုက်တယ်ဆိုရင်တော့ တီ့ လိုပဲ နောက်တရေ ကို ခန်းတဲ့ အထိ တည်ပါ မနူးသေးရင် နောက်တရေ ထပ်ထည့်ပါ ဒီ ဒုတိယ တရေ ထည့်တဲ့ အခါမှာ တခါတည်း ခုန က အခွံခွာ ထားတဲ့ ကြက်သွန်နီဥ တွေကို ထည့်လိုက်ပါ အဲ့တာ မှ ဝက်သားလဲ ဆီပျံ ကြက်သွန်ဥလဲ နူးအိ အတော်ပါပဲ

ဟင်းက အီမှာ ဖြစ်တဲ့အတွက် ဘိတ်ချဉ်လေး လုပ်ပါမယ် ကြက်သွန်ဖြူ ကို ပါးပါးလေးတွေလှီး ပါ ငရုတ်သီး ပါးပါးလေး လှီး ပါ ခုန က ပဲငံပြာရည် ကို ထပ်ထည့်ပါ ပြီးတော့ သံပရာ သီး ညှစ် လိုက်ပါ အရသာရှိ လိုက်ဘက်ညီတဲ့ ဘိတ်ချဉ် ကိုရပါပြီ တီကတော့ ကြက်သွန်ဖြူ အစိမ်း ကြိုက်တဲ့ အတွက် နည်းနည်းများများ လုပ်ပါတယ်

ဟင်းတမျိုးတည်းဖြစ်နေလို့ ကြက်ဥ ပေါင်းလိုက်ပါသေးတယ် အရင်တခါ က ရေးဖူးပြီးသားပါ လွယ်လွန်းလို့အမြန် နောက်တခေါက်ထပ်ရေးပေးလိုက်တယ် အရင် ပိုစ့် ကို ပြန်ရှာ ပြန်ထည့်နေရင် ပိုကြာလို့
ထပ်ရေးလိုက်တာ ပိုမြန်တယ် ချက်ရင် ပိုတောင် လွယ်သေး ကြက်ဥ တောက်တောက်စင်းထားတဲ့ ကြက်သား ဝက်သား ကြိုက်ရာ နဲ့ (ဝက်က ပိုလိုက်ပါတယ် ကြက်ကို မောင်ကလဲ မစားတော့ ဝက်ပဲ) ခေါက်လိုက်ပါတယ် ဆား အချိုမှုန့် ထည့် ငရုတ်ကောင်း နည်းနည်းထည့် ရေ နည်းနည်းထည့်ပြီးတော့ မိနစ် ၂၀ လောက် ပေါင်းလိုက်တာပါပဲ။ သိပ်သိပ် လွယ်တယ် ဒါပေမယ့် အချိန်အဆ အရေးကြီးပါတယ် မဟုတ်ရင် ပေါ့လွန်း လေးလွန်း ဖြစ်တတ်ပါတယ် ကြက်ဥ နည်းပြီး ရေများရင်လဲ စားမကောင်းပါဘူး အသားများရင်လဲ မာပါတယ် လွယ်ပေမယ့် လုပ်ရခက်တာ မျိုးမဟုတ်ဘဲ အချိန်အဆ လက်ဝင်ပါတယ်

အရွက်လေးလဲ စားချင်သေးတော့ မှို ဘူး တဘူး ဖောက်ပြီးတော့ တရုတ်ကန်စွန်း နဲ့ ကြော်ပါမယ် မှိုလေးတွေကို တလုံး ၃ ဘတ် ရအောင် လှီးပါ တခြမ်း ဆိုရင် ထူပါတယ် ကန်စွန်း ကို လိုချင်သလောက် အရိုး အရွက်သင် လှီး ချွတ် ထားပြီး ရေးဆေး စစ်ထားပါ

မှို က ဘူးမှို ဖြစ်တဲ့ အတွက် ကျက်ပြီး သားဆိုတော့ ကန်စွန်း ကို အရင် ကြော်ပါတယ် တီက ဒီမှာ တော့ ကြက်သွန်ဖြူ မထည့်ပါဘူး ကြက်သွန်နီ ဆို ပိုမုန်းတယ် ကန်စွန်းရွက်ကြော်မှာ ထည့်ရင်ပြောတာပါ အဲ့တာ ကြောင့် မှို နဲ့ ကန်စွန်း ပဲ ပလိမ်း ကြော်လိုက်ပါတယ် ကန်စွန်းတွေ နည်းနည်း အရောင်ပြောင်းပြီဆိုတာ နဲ့ မှိုတွေပစ်ထည့် ခဏ မွှေ ခရုဆီ ထည့်လိုက် ရတာပါပဲ ဆားအချိုမှုန့် ထည့်ဖို့ တော့ မေ့နဲ့နော်….

ကဲ အားပေးလိုက်ကြပါအုံး နောက် နှစ်ရက် ဆက်ပြီး ဒီပုံနဲ့ ကန်စွန်းမှို ချည်းပဲ ကြော်ကြော်ပြီး ထိုင်ထိုင်စားပါသေးတယ် ထမင်းတောင် မပါဘူး ကြိုက်လို့………

A Chen
10th May 2011
Tuesday
3:48 PM
Bangkok

သရက်သီး နဲ့ တို့စရာ (ယိုးဒယားစတိုင်လ်)

ကဲ ဒီတခါတော့ နှစ်တိုင်း ရန်ကုန်ဈေးလေးတွေ မှာ သရက်သီး သည်တွေ နဲ့ရန်ဖြစ်တဲ့ ပွဲတိုင်းကျော် လောကကြီး ကို ခါးစောင်းတင်မယ့် သောင်းတင်မ တီချမ်း ရွှေဘလောခ် လာ စာဘတ်သူတွေကို ယိုးဒယားစတိုင်လ် သရက်သီး စိမ်း နဲ့ တို့ စရာ ငပိ ချက်ကကျွေးပါမယ်

သရက်သီးတွေကို မျိုးစုံစားလို့ ရပါတယ် အရင်ကဆို တီ လုပ်စားတတ်တဲ့ ကျိုင်းတုံက တို့ စရာ နည်းတွေ လဲပြောပြီးပါပြီ…..ပဲပုပ်မှုန့်တွေ နဲ့စားတာရှိတယ် ကြက်သွန်ဖြူ ဆီချက်နဲ့စားတာ ရှိတယ် ငရုတ်သီးဆီချက်နဲ့စားတာ ရှိတယ် ဆားအချိုမှုန့်နဲ့စားတာ ရှိတယ် ငံပြာရည် အကြက်မှုန့်နဲ့ စားတာ ရှိတယ် စစသဖြင့် ပေါ့ မျိုးစုံရှိတယ် အခု နည်းက အမေ ငယ်ငယ်ကလေးထဲက ခဏခဏ ချက်တဲ့ နည်းပါ တီကတော့ ခုမှအမေ့ဆီကနေ သင်လိုက်တာပါ ခုတော့ တီချမ်းလဲ ချက်စားတတ်လာပြီပေါ့…..
ကဲ ချက်နည်းလေး ကို ကြည့်ကြရအောင်နော် နည်းနည်းတော့ အလုပ်ရှုပ်မယ် သို့သော် အကြာကြီး ထား အစားခံတဲ့ အတွက် အဆင်ပြေပါတယ် ……….

ပထမဆုံး ထန်းလျက် ကို ရေကျို ရပါတယ် (အမှန်ကတော့ ကြံသကာ သုံးရင် ပိုအဆင်ပြေတာပါ ကြံသကာ ကို ရှယ်ရှာ ဝယ်ရင် အမှိုက်သရိုက်မပါတဲ့ အတွက် တခါ ထပ်စစ်စရာမလိုပါဘူး….) လောလောဆယ်တော့ မရှိရှိတဲ့ ထန်းလျက်ပဲ ပေါ့ …..ထန်းလျက် နည်းနည်း ကို အိုးထဲ ထည့် ရေ စင်းငယ်ခန့် ထည့် ပြီးတော့ ကျိုပါ ထန်းလျက်တွေ ပျော် လာတာ ကို သေချာ သိရဖို့အတွက် ဇွန်းလေးနဲ့ မွှေနေပါ အောက်မှာ အကုန်ကြေကုန်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း အဝတ်သန့်သန့် နဲ့ စစ်ပါမယ်….ထန်းလျက်တွေ ကိုအကုန်သေချာ စစ်ပြီးတော့ ခဏ ဖယ်ထားပါ…..အော် တလက်စတည်း ခုန က အိုးကိုလဲ တခါတည်း ဆေးထားလိုက်ပါ

နောက်ထပ်ပြင်ထားရမှာကတော့ ကြက်သွန်နီ ကို ပါးပါးလှီးထားပါ အရမ်းပါးပါးကြီးမ လုပ်ပါနဲ့ အကျိုခံ အောင် သင့်ရုံပေါ့….ငပိစိမ်းစားလိုပါမယ် ဗူးလေးနဲ့ ဟာပါ နောက် ဘေးက ဗူးကြီးက ပုစွန်ခြောက် အကောင်သေးသေးလေးတွေပါ ရေဆေးပြီး စစ်ထားပါ အမှန်က ပုစွန်ခြောက် အကောင်လေးတွေ များများထည့်
ရင်ပိုကောင်းပါတယ် ခုတော့ ပုစွန်က ဟိုနေ့က ကြာဇံ သုပ်စားတုံးက ကျန်တာ ကို သုံးမှာ မို့လို့ပါ ထားတော့ နည်းနည်းနည်းနေလို့ တီက ပုစွန်ခြောက် မှုန့် နည်းနည်း ထပ်ထည့်ပါမယ် ပြီးတော့ ငရုတ်သီး အကြမ်းမှုန့် လိုပါမယ်

ဒီအဆင့်မှာတော့ ခုန က ဆေးထားတဲ့ အိုးကို ပြန်သုံးပါမယ် အိုးထဲ ကို ပထမဆုံး ခုန က စစ်ထားတဲ့ ထန်းလျက်တွေ ပြန်ထည့်ပါမယ် ပြီးရင်ခဏ ပေးပူလိုက်ပြီးတော့ ပုစွန်ခြောက်လေးတွေ ထည့်ပါမယ် ခဏနေရင် ငပိစိမ်းစား ကို ဇွန်း နဲ့ ကလော်ပြီးထည့်ပါ ပြီးရင် ငပိစိမ်းစား ကို ကြေအောင် မွှေပေးပါ….ပြီးရင် ကြက်သွန်နီ တွေပါ တခါတည်း ထည့်ပါမယ် ပြီးရင် မွှေနေပါ တဆက်တည်း မွှေနေပါနော် မဟုတ်ရင် တူးကုန်မှာ စိုးလို့ပါ

ပြီးရင်တော့ တဆက်တည်း လိုလို ငရုတ်သီးမှုန့် နဲ့ ပုစွန်ခြောက်မှုန့် တခါတည်း ထည့်ပါမယ် ပြီးရင် မွှေပေးနေပြီး ခဏလေး ဆူတာနဲ့ ရပါပြီ ဆူပြီဆိုတာနဲ့အိုးမြန်မြန်ချလိုက်ပါ

ပြီးရင်တော့ အိုးထဲက ဟာကို ခဏ အအေးခံထားလိုက်ပါ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ ဗူးလေးနဲ့ ထည့်ပြီး ရေခဲသေတ္တာ (သိပ်မသစ်) ထဲမှာ ထားပြီး အကြာကြီး မကုန်မချင်း စားလို့ ရပါတယ်နော် (အော် ကော်ရှင်း ပေးရရင် ဗူးထဲ က ဟာကို စားတိုင်း ပန်းကန်သေးသေးလေးနဲ့ ထည့်စားပါ ဗူးထဲကနေ တခါတည်း တို့ မစားပါနဲ့ ကြာကြာထားချင်ရင်ပြောပါတယ်)…..ဘေးကတော့ တို့စားရမယ့် သရက်သီးပါ မြန်မာပြည်မှာ ဆိုရင်တော့ မချစ်စု အစိမ်းလေးနဲ့ စားရင် စပါယ်ရှယ် ပါပဲ ဒီမှာတော့ အဆင်ပြေတဲ့ ရှိတဲ့ အင်အော်ဂန်းနစ်တွေ နဲ့ပဲ နှစ်ပါးသွားနေရတာ ကြာပေါ့….

အိုဗာအော် မှတ်ချက်

ဆား အချိုမှုန့် လုံးဝ မသုံးပါ
လူမျိုးဘာသာမရွေ သုံးဆောင်နိုင်ပါသည်

A Chen
7:32 PM
7th May 2011
Saturday
Home
Bangkok

ရှမ်းရိုးရာ ဝက်သား နန့်ဖစ်အောဝ် (သို့) ရှမ်း ဝက်သား ခရမ်းချဉ်သီးချက်

ခုတလော ဟင်းတွေချည်းချက်နေတယ် လို့အပြစ်မတင်ကြပါနဲ့….သင်္ကြန် က အားရက်တွေ ရတာရယ် အမေရောက်နေတာရယ်နဲ့ပေါင်းပြီး ချက်ထားတာတွေ အကုန် ဓါတ်ပုံရိုက်ပြီး တင်ထားလို့ပါ အကုန်တင်ပြီးတော့ save လုပ်ထားခဲ့တယ် ကိုယ်ခရီးထွက်နေလဲ ဘယ်ရောက်ရောက် ကြုံရင် ကြုံသလိုတင်လို့ရတာပေါ့။

ခုတော့ တခါ ရှမ်းရိုးရာ နန့်ဖစ်အောဝ် လို့ခေါ်တဲ့ ခရမ်းချဉ်သီး ဝက်သား ပဲပုပ်ချက်ပေါ့။ အရမ်းအရသာရှိတယ် ဒီအတိုင်း ရိုးရိုး အရွက်တွေနဲ့ စားလဲရတယ် ထမင်းနဲ့စားလဲကောင်းတယ်။

…….အို……….ဘယ်လိုစားစား ကောင်းမှကောင်း…..အိုအိရှိပဲ….

ဒီပုံကတော့ မချက်ခင် ပြင်ဆင်နေတဲ့ အမေနဲ့သူ့သားမက် (မောင်) နဲ့ပါ။ တည့်ကြတယ် တွေ့လား။ ကြက်သွန်ဖြူ ခွာနေကြတာပါ။ တည့်လွန်းလို့ ခက်နေတယ် တခါတခါ ကိုယ်နဲ့မောင် ရန်ဖြစ်ရင် အမေက သူ့ သားမက်ဘက်ကပါတယ်။ ကိုယ့်အတွက် သိပ်ခက်တယ် အမှန်က သူတို့ မတည့်မှ ကိုယ့်အတွက် ကောင်း မှာ လေ။ ခုလောလောဆယ်တော့ အမေက ဂျွန်လ အထိနေမှာဆိုတော့ ကိုယ့်မှာ မောင်နဲ့အတူ မအိပ်ရဘဲယောက္ခမ နဲ့တထောင့်တည ဖြစ်နေတယ်…..

ဒါတွေကတော့ ချက်ပြုတ်ရန် ပြင်ဆင်ရာ အဆင့်ဆင့်ပေါ့နော်…..ခွာပြီးသားကြက်သွန်ဖြူတွေ နဲ့ ငရုတ်သီးတွေ ကိုရေဆေးပြီး စစ်ထားပါတယ်။ ဒုတိယ ပုံက ကြိတ်စက်ထဲထည့်ကြိတ်မယ့် ကြက်သွန်ဖြူ ငရုတ်သီစိမ်း နဲ့ပဲပုပ်ချပ်တို့ ပါ ပဲပုပ်ကို တချပ်ခွဲသုံးပါတယ်။ ဒီနေရာမှာ ငရုတ်သီးစိမ်း ကော ကြက်သွန်ဖြူကော ကပ်စေးမနဲ ပါနဲ့ ထည့်သာထည့်ပါ များလေ စားကောင်းလေပါပဲ…. အကုန်ရောပြီး ကြိတ်စက်ထဲထည့်ကြိတ်ထားပါ

နောက်ဆုံးပုံကတော့ ခရမ်းချဉ်သီးပါ သေးလေးတွေကလဲ ခရမ်းချဉ်သီးတွေပါပဲ ကိုင်းသီးခေါ်ပါတယ် မြန်မာပြည်မှာတော့ အလွယ်ရတယ် ဈေးထဲမှာ ကိုင်းသီးလို့မေးလိုက်ရင် ရတယ် ဒီမှာတော့ ပါရာဂွမ်မှာ သွားရှာတာတောင် ကိုယ်လိုချင်တာ သေချာမရဘူး…ပုံမှာ ပြထားတာပဲ ရခဲ့တယ် စိတ်ကြိုက်တော့ မဟုတ်ပေမယ့် ရှိတာလေးနဲ့ဖြစ်အောင်ချက်တတ်တာ တီချမ်းပဲပေါ့နော် ခရမ်းချဉ်သီး ဝက်သားချက်က ကိုင်းသီး နဲ့ မှ ကောင်းတာပါ သူက ပိုချဉ်တယ်လေ ……အရသာပိုရှိတာပေါ့………

ဒါကတော့ ထည့်ချက်မယ့် ဝက်သားကြိတ်သားပါ။ ဘာမှ မနယ်ထားပါဘူး ဝယ်လာတဲ့ အတိုင်း ကြိတ်ပြီးသားပဲ။ ခရမ်းချဉ်သီးတွေကိုတော့ ပုံမှာ ပြထားသလို ပါးပါးလေးတွေ လှီးထားပါ။ နောက်ဆုံးပုံက နံနံပင် ကို သေးသေးလေး စိပ်စိပ်လေးတွေ လှီးထားတာပါ။ သူလဲနောက်ဆုံး အိုးချခါနီးကျရင် အုပ်ရပါမယ်။

အကုန်ပြင်ဆင်ထားပြီးပြီဆိုရင်တော့ စချက်ပါမယ်။ ဆီကို အိုးလေးထဲထည့်ပြီး အပူပေးပါမယ်။ ဆီပူလာပြီဆိုရင် ခုန က အကုန်ရောကြိတ်ထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နဲ့ ပဲပုပ် ကို ဆီသတ်ပါမယ် မွှေးလာတဲ့ အထိ နည်းနည်းနွမ်းကုန်တဲ့အထိ ဆီသတ်ပေးပါ။ ရွှေရောင်လေးသန်းလာတဲ့အထိပေါ့နော်……(တီချမ်းက ဂရန်းဒ် (ဂီအာအေအန်ဒီ) ဆန်တဲ့အတွက် ဝါလာတဲ့အထိလို့ မသုံးပါဘူး ပိုပြီး ဟိုက်ဆို (အိတ်ခ်ျအိုင်အက်စ်အို) ဆန်အောင် ရွှေရောင်သန်းလာ တယ်လို့သုံးပါမယ်နော် အချေပေါ့အေတို့ရယ်)

နောက်တဆင့်အနေနဲ့ ခုန က ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပဲပုပ် ဆီသတ်တာမွှေးလာပြီဆိုရင် နနွင်းမှုန့် နဲ့ အရောင်တင်မှုန့်တွေ ထည့်ပါမယ် ခဏကြော်ပေးပါ ပြီးရင်တော့ ခုန က လှီးချွတ်ထားတဲ့ ခရမ်းချဉ်သီး ရိုးရိုးကော ကိုင်းသီး ကော ကို ထည့်ပါမယ် ပြီးရင် ခရမ်းချဉ်သီးတွေ နွမ်းလာတဲ့အထိ ဆက်ကြော်ပေးပါ။ သူက နည်းနည်းကြာကြာလေးကြော်ရပါတယ် ခရမ်းချဉ်သီး အခွံတွေပါ နွမ်းကုန်ပြီး အနှစ် လိုလိုဖြစ်လာတဲ့ အထိ ကြော်ပေးပါမယ်နော် ချိုချဉ်ပေါ့ ငံ မြည်းပြီး ဆား အချိုမှုန့် ထည့်ပါ……

ရပြီဆိုရင်နောက်တဆင့်အနေနဲ့ ခရမ်းချဉ်သီးအနှစ်တွေ အရသာမြည်းပြီးရင် ခုန က ဝက်သားကြိတ်သားတွေ ကိုထည့်ပါမယ် လိုအပ်ရင် ရေ နည်းနည်းထည့်နိုင်ပါတယ် ပြီးရင်အသားကျက်အောင် ကြော်ပေးပါ အချိုအငံအပေါ့ ကို ထပ်မြည်းပေးပါ လိုတိုး ပိုရေနည်းနည်းရောပါ ခဏလေးနေလို့ တခါ ထပ်ဆူပြီးပြီဆိုရင်တော့ ဆီပျံမပျံ နည်းနည်းကြည့် ရေ နည်းနည်းခမ်းပြီး ဆီပျံစပြုပြီဆိုရင်တော့ ချလို့ ရပါပြီ မီးပိတ်လိုက်ပြီးတော့ ခုနက ပါးပါးသေးသေးလေးတွေလှီးထားတဲ့ နံနံပင် ကို အုပ်လိုက်ပါ။ ဒယ်အိုးထဲ ခဏ ထားထားလိုက်ပါ။

ဒါကတော့ ရေသေချာဆေးကြောထားတဲ့ ဆလပ်ရွက်အကြွပ်ပါ။ ပန်းကန်ထဲကို ဒီလို ပုံထည့်ပြီးတော့ သခွားသီးလေးတွေနဲ့ ဆာဗ် လုပ်လို့ရပါပြီ။

ပြီးရင်တော့ ဆာဗ်လုပ်ဖို့အတွက် ခုန က အိုးထဲက ခရမ်းချဉ်သီး ဝက်သားချက် ရှမ်းရိုးရာ အခေါ် နန့်ဖစ်အောဝ် (ဝ သတ်ပါနော်) ကို တည်ခင်းကျွေးမွေးလို့ ရပါပြီနော်……သူက ခရမ်းချဉ်သီးနဲ့ချက်ထားတာ ဖြစ်တဲ့အတွက် အထားခံအောင် ပိုတာ တွေ ကို သပ်သပ်ဖယ်ပြီးတော့ ရေခဲသေတ္တာ (သိပ်မသစ်တော့) ထဲ ထည့်ထားပါမယ်။ ကုန်သလောက်ပဲ ပန်းကန်ထဲထည့်စားပါ။ သေချာ မသိမ်းရင်နောက်နေ့ အမြုပ်တွေ ထွက်လာပါလိမ့်မယ် အဲ့တာဆိုရင် ပစ်ရပြီပေါ့။

စားနည်းကတော့ ထမင်းပူပူနဲ့ နယ်ဖတ်စားလို့ရသလို ခုနက ပြတဲ့ အရွက်ထဲ ကို နည်းနည်းစီ ဇွန်းလေးနဲ့ ခပ်ထည့်ပြီးတော့ စားလဲရပါတယ် သခွားသီးလေးနဲ့ကလော်ပြီး စားလဲ ကောင်းပါတယ်

နောက်တမျိုးစားလို့ရသေးတဲ့ တနည်းက ခုနက ဆလပ်ရွက်ကြွပ်ကြွပ်ထဲ ကို ဆန်ပြားခေါက်ဆွဲအရွက် ကိုအနေတော် လေးတွေ လှီးထား ပြီးတော့ အုပ်ထည့်၊ ဆန်ပြား (ညှပ်ခေါက်ဆွဲဖတ်) မရှိရင်လဲ မုန့်တီဖတ်လေးတွေ ထည့်ပြီး ဝက်သားလေးတွေ ကလော်ထည့်ပြီး သွားရည်စာ အနေနဲ့ စားလို့ ရပါသေးတယ်။

ကြိုက်သလိုစား စားတဲ့သူမှန်သမျှကြိုက်တဲ့ တီချမ်း လက်ရာ ခရမ်းချဉ်သီး ဝက်သားချက်ပါပဲရှန်……….အို……..ဘယ်လိုစားစား အိုအိရှိ ကောင်းမှကောင်း သိပ်ဟောက်ချိဇ် ပါပဲ………

နောက်တိုး…
ပေါက် ကိုပြောရင်းနဲ့အမေ့ ကိုမေးကြည့်တော့ သက်သတ်လွတ် အနေနဲ့စားချင်ရင် ပဲပြား အသားတု စတာတွေနဲ့ ချက်ရင်လဲ ရပါတယ်တဲ့

A Chen
7:10 PM
23rd April 2011
Saturday
Home
Bangkok

မှိုငရုတ်ပွပြုတ်ကြော် နဲ့ ဝက်သားပြုတ်ကြော်

့အစကတော့ အေးဆေးသက်သာမှ ပိုစ့် ကို သေချာရေးမယ်ဆိုပြီး ပုံတွေ တင်ထားတာ။ ခုတော့ လုပ်စရာမရှိတာနဲ့ ရေးလိုက်တယ်။ တလောက ချက်စားတာပါ ပုံမှာ ဒိတ်ကြည့်ရင် သိလိမ့်မယ် ဝက်သားကတော့ မနက်ကတောင် စားခဲ့သေးတယ် မကုန်သေးဘူး။ ရေခဲသေတ္တာ (သိပ်မသစ်) ထဲမှာ ခဲထားတာ။ ဟိဟိ။

ဒီလိုလေ အစက သေချာရေးမယ် ဆိုတာ မင်းင်္သိခ လိုလို တနေ့သော အခါ မြေလတ်မြို့တနေရာဝယ်ကနေစရမလား ဆရာကြီး ရွှေဥဒေါင်း လို မိုးရွာပြီးစ မြေသင်းနံ့ကလေးနဲ့ စရမလား သော်တာဆွေလို ကျတော် မြင်းလှည်းမောင်းတဲ့အချိန်က နဲ့ စရမလား…ကိုတာရာလို တေးသွားများပျံလွင့်လာသည် နဲ့ စရမလား မင်းခိုက်စိုးစံ လိုမြူမှုန်များ ကျလာသော အကာလ ညအခါဝယ်နဲ့ စရမလား….စသဖြင့်ပေါ့ တွေးနေတာနဲ့ ကြာနေတာ အဲ့တာနဲ့ ပဲ အန်တီချမ်း လိုပဲ အစကတော့ နဲ့ စလိုက်တယ် ပြီးရော…ဘာမှသေချာမချက်စားဖြစ်တာလဲ ကြာပါပြီ စာလဲကောင်းကောင်းမရေးဖြစ်တာကြာပြီ ဘာမှသေချာမလုပ်ချင်ဘူးဖြစ်နေတယ် တနှစ်မှာ ၃ခါလောက် တခါကို ၄ လလောက် အဲ့လိုပဲ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်လေနေတတ်တယ်…..တလောက ညဘက်ကြီး မနက်ပေါ့ ၃ နာရီလောက် ပန်းဈေး ကိုသွားတယ်(နန်းတော် မြဘုရားနားမှာ) ပန်းဈေးကနေ ဆက်သွားရင် အသီးအရွက်တွေ ဘာတွေ လက်လီလက်ကားရောင်းတဲ့နေရာရှိတယ် အများစုက အင်ပိုထ့်တွေပါ ကိုက်လန်တို့ မှုန်ညှင်းတို့ ထိုင်ဝမ်ဘက်ကလာတာတွေရောင်းတယ် မှိုလဲပေါပေါရတယ် ကီလိုလိုက် ဆိုရင် စားပါလေ့ပဲ
တခါတခါ စိတ်ကူးပေါက်ရင် ညဘက် အဲ့ကိုသွားတတ်တယ်။ အဲ့နေ့ကလဲ ရောက်တော့ မှိုတွေ တွေ့တာနဲ့ဝယ်လာဖြစ်တယ် ဆိုက် နှစ်ဆိုက် ကီလိုဝက်ဆီ (နောက်နေ့ကျတော့ ရေခဲသေတ္တာ၉ သိပ်မသစ်)ထဲထည့်ထားတာတောင် အရည်တွေထွက်ပြီးမဲကုန်တယ် မှိုတွေက ဆေးပြီးရောင်းတာလေ…ထားတော့ နောက် ပန်းငရုတ်တွေ တွေ့တာနဲ့မောင်က ကြော်စားချင်တယ်ဆိုပြီး ဝယ်လာတယ် ကိုယ်ကတော့ မကြိုက် ငရုတ်ပွတော့စားတယ်….

နောက်နေ့ကျတော့ ပန်းငရုတ်နဲ့ မှို ကိုရောကြော်မယ်တဲ့ ကိုယ်က မှို ကိုကြော်ချက်ကလေးစားချင်တာနဲ့ငရုတ်သီးစိမ်းထည့်ခိုင်းတယ် ငရုတ်သီးစိမ်းလဲ အဲ့ကနေပဲ ဝယ်တာ ဘတ် ၂၀ ဖိုး ကို တအိတ်ကြီးရတယ်….မောင့်ကိုတောင် ပြောဖြစ်သေးတယ် အဲ့ကနေ ကီလိုလိုက်ဝယ်ပြီး ကိုယ်တို့နားမှာ ဘန်းလေးနဲ့ ပြန်ထိုင်ရောင်းရင်တောင် တော်တော်မြတ်မယ်လို့ကိုယ်တို့နားက ဈေးလေးက နည်းနည်းဈေးကြီးတယ်။ထားပါတော့ ပြောရင်းနဲ့ တီချမ်းထုံးစံ ဘေးရောက်ပြန်ပြီ….

ကဲကဲ ပထမဆုံး ပန်းငရုတ်သီးတွေကို ဓါးစောင်းလေးလှီးထားပါမယ်။ တည့်တည့်လှီးလဲ ရပါတယ်။ တစောင်းလေးလှီးတော့ ပိုလှတာပေါ့။ (ပြောဖူးတယ်လေ ဖြစ်ကတတ်ဆန်းချက်ရအောင် မိန်းမလဲ မဟုတ်ဘူးလို့ ဟိ) ဘေးက ပုံ ၂ ကတော့ မှို ကိုရေးဆေးပြီး စစ်ထားတာပါ ပုံ ၃ ကတော့ ငရုတ်သီးပု ကို ဓါးပြားဖိ ထားပါမယ်။ ကြော်ရင် ထည့်ဖို့ ပါ။

ပုံ ၄ ၅ ၆ မှာ ပြထားတဲ့ အတိုင်း ပထမဆုံးဆီပူလာရင် ငရုတ်ပုသီး တွေကို ထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင်တော့ ပန်းငရုတ်အလှည့်ပါ။ ပန်းငရုတ်လေးတွေ နည်းနည်းလေးနွမ်းပြီးဆိုရင် အောက် ကိုဆက်ကြည့်ပါ။

ပုံ ၇ အရ မှိုထည့်ပါမယ် ပြီးရင် နည်းနည်းလေး မွှေးလာအောင် ကြော်ပေးပါမယ်။ နောက်တော့ ရေလေးပါလေကာလောက်ထပ်ထည့်ပြီး ခဏ တည်ပေးပါတယ် ကြော်ချက် လုပ်တဲ့ သဘောပါ။ ရေခမ်းပြီးဆိုရင်တော့ ရပါပြီ။ ပန်းငရုတ်မှိုကြော်ချက်လေးပါ။

တွေ့တဲ့ အတိုင်း တီချမ်း မိုတိုထဲကလို လွယ်ကူမြန်ဆန် ရသာမှန် ပန်းငရုတ်မှို ကြော်ချက်လေးပေါ့။ ဘေးကတော့ ဝက်သား ပြုတ်ကြော်ပါ။ လွယ်လွန်လွန်းလို့ နည်းတောင် အဆင့်ဆင့် မပြတော့ပါဘူး။ ပြောပဲပြောလိုက်မယ် တီချမ်းစာဘတ်သူဆိုရင် လူလည်ချည်းပဲပေါ့နော့။ ဝက်သား ကိုရေဆေးပြီးတော့ အနေတော်လေး ကိုယ်လိုချင်တဲ့ အရွယ်အတုံးတုံးပါ။ နောက်တော့ ဆား အချိုမှုန့် ပဲငံပြာရည်အကြည့် အနည်းငယ် နယ်ပြီး ခဏနပ် ထားပါ။ ပြီးရင်တော့ ဆီပူလေးထဲမှာ လုံးလိုက်ပါ။ ကျက်ပြီဆိုရင် ရေ ကိုအသားဖုံးရုံထည့် ပြီး ရေခမ်းတည်လိုက်ရင် ဝက်သားပြုတ်ကြော် ရပြီပေါ့။ နလံထစ လူမမာတွေအတွက်လဲ ဝက်သား ကြက်သား အမဲသား စတာတွေနဲ့ ကြိုက်နှစ်သက်ရာ လုပ်ပေးလို့ ရပါတယ်။ ထမင်းပူပူလေး ကိုဆီလေးဆမ်း၊ ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ရွှေလင်ဘမ်း မလိုပါဘူးနော်။ ဖိုးလမင်းကြီးတောင် ဆင်းလာလုစား လိမ့်အုံးမယ်။

ဘေးက ဆတ်သားခြောက်အမွကြော်ပါ ချစ်သူငယ်ချင်းအမေ လုပ်ပေးလိုက်တာ ကောင်းမှကောင်း။ တခါတလေ ဘာမှမရှိရင် ဖြစ်ဖြစ် ပျင်းနေရင်ဖြစ်ဖြစ် အဲ့လိုပဲ စားလိုက်တယ် လွယ်လို့

ဒီမှာ ခုနက ပြောထားသလို ဆားလေးနဲ့ ဆီလေးဆမ်းပြီးနယ်ထားတာပါ မှိုက ပါတယ်ဆိုရုံပဲ ထည့်စားတာ အဓိက က ခုနက ပြောသလို ဝက်သားပြုတ်ကြော်လေး ကိုထမင်းပူပူလေးနဲ့ စားချင်တာ တခါတခါ ကိုယ်စားချင်တာကိုလုပ်စားရတာ အင်မတန်မှကို အရသာရှိပါတယ် ဟင်းချက်ပျင်းတဲ့ ဒေါ်ရီတာ တို့ မမကွမ်တို့တော့ ငတ်တာပေါ့အေ………….

ဒါတွေကတော့ ဘောနပ်စ်ပါ

ပုံ၁ က မြန်မာပြည်က ပြန်လာတုံးက သူငယ်ချင်းထမင်းဆိုင် (နောက်မှ သပ်သပ်ကြော်ညာပေးအုံးမယ်) ကနေဝယ်လာတဲ့ ရခိုင်ငပိထောင်းစစ်စစ်ပါ။ ဘူးလိုက် ဝယ်လာလိုက်တယ် ပြီးရော သူကရှယ်ထောင်းပေးလိုက်ရှာတာပါ (ကျေးဇူးအထူး) ဘူးလေးနဲ့ ရေခဲသေတ္တာ (သိပ်မသစ်တော့)ထဲမှာ ထည့်ထားရင် ၂ လ ၃ လ လောက်အထိ အထားခံတယ်လို့ ပြောပါတယ်။
ဘေးက ပုံ ၂ နဲ့ ၃ ကတော့ တိုးစားဖို့ သခွားသီး နုနုလေးတွေနဲ့ ဝက်ခေါက်ပါ။ ဒီမှာ သခွားသီး အသေးမျိုးထင်တယ် အမြဲရတယ် ကိုယ်ကလဲသိပ်ကြိုက်တာနဲ့ တော့ အတော်ပါပဲ။ ဝက်ခေါက်လေးကလဲ ငပိထောင်း နဲ့ ကော်စားရင် ရှယ်ရှယ့်ရှယ်

ဒါတွေကလဲ နောက်ဆက်တွဲ ဘောနပ်စ်တွေပါ မြန်မာပြည်ကပြန်လာတုံးက သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် တဘက်သတ် ကိုယ်ကကြိုက်နေ ရဲ့ မိန်းမ လုပ်ပေးလိုက်တဲ့ ငါးဖယ်ကြော်ပါ (မဝေ ကျေးဇူးနော် ခိစ်) သုပ်စားတာ အရင် ဝက်သားချဉ် သုပ်သလိုပဲ ရှမ်း လိုသုပ်လိုက်တယ်။ ကြက်သွန်နီ ပါးပါး ငရုတ်သီး စိမ်းပါးပါး နဲ့ သံပရာသီးလေးညစ် ဆား အချိုမှုန့်လေး ခတ် လိုက်ရင် ရှယ်ပဲပေါ့ အအီလဲပြေတယ် ငါးဖယ် က ကိုယ်တိုင် လုပ် အစစ် ဆိုတော့ စားရတာ ဆတ်တောက်တောက် နဲ့ တယ်အရသာရှိ

နောက်တပုံကတော့ တလောက လုပ်စားတဲ့ နန်းကြီးသုပ် ပါ အိမ်ဖော်တွေ ကို ပွဲကြီး လုပ်ပြီး သွားကျွေးတာ ကို ရိုက်ထားတာ ပိုစ့်ကတော့ အရင်က ဒီမှာ တင်ပြီးသားဖြစ်တဲ့ အတွက် ချက်နည်း ကို ပြန်မရေးတော့ဘူး
ပြောထားတယ်လေ ဘောနပ်စ် ပါဆို………………….

ခဏနေရင် ကူမင်း သွားတော့မှာပါ မနေ့ ကပြန်လာကတည်းက အိပ်လိုက်တာ ည ၂ နာရီမှာ ပြန်နိုးလာလို့ မောင်က အင်္ကျီတွေ ပြင်ပေးနေတာ ခရီးသွားဖို့ အဲ့တာနဲ့ ၂ နာရီ ကျတော့ သူငယ်ချင်းတယောက်ကို ဖုန်းဆက် အပြင်ထွက် မုန့်စား (ည ၂ နာရီ ပါ ဟုတ်ကဲ့) ပြန်လာကတည်းက ပိုစ့်တွေ စကက်ဂျူး နဲ့ တင်နေလိုက်တာ ၈ ရက်နေ့ လား ၉ ရက်နေ့လားအထိ မသိဘူး ရှိတယ်။
ခုတော့ ၆ နာရီ ခွဲပြီ ၈ နာရီခွဲလောက်ကျရင် လေဆိပ် ဆင်းမှာ ကော်ဖီသောက် လိုက်အုံးမယ် နော်…ပြီး မှ မောင်ထည့်ပေးထားတဲ့ အိပ်ကို ပြန်စစ်ကြည့်ရမယ် နောက် ဘတ်စရာ စာအုပ်လေးဘာလေးပြင်မယ်
နောက် ဝယ်စရာ တရုတ် ဝတ္ထု စာရင်းလုပ်ရမယ်
အခွေစာရင်းလုပ်ရမယ်….

A Chen
6:39 AM
31st march 2011
Thursday
Home
Bangkok