ကြီးဒေါ် တောင်းဆိုတဲ့ သင်္ကြန် မုန့်လုံးရေပေါ်

မနေ့က အမဲသားဆီပျံ နဲ့ အာလူးစွန်တန်ဟင်းအောက်မှာ အမည်မသိတယောက်က တောင်းဆိုလာပါတယ်။ သင်္ကြန်မှာ မုန့်လုံးရေပေါ် စားရမလားဆိုပြီးစောင့်နေတာတဲ့။ မုန့်လုံးရေပေါ် လုပ်နည်းလေး တင်ပေးပါလို့ ဆိုလာပါတယ်။ တီ က အစကတော့ အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ တီသိပ်ကြိုက်တဲ့ အထဲမှာ မပါတာက တချက်။ နောက် တခြားဟင်းတွေ အများကြီး တင်ဖို့ တန်းစီနေတာက တချက်။ နောက် တီ ခုတလောကမှ စတဲ့ HIV/AIDS အမေးအဖြေ ကဏ္ဍအတွ က် စာဘတ်နေရတာနဲ့ ပိုစ့်တင်နေရတာနဲ့ စတဲ့ အကြောင်းတွေ ကြောင့် လုပ်ဖို့ မစီစဉ်ထားတာပါ။ သို့သော် တောင်းဆိုလာတော့လဲ ချက်ပေးရတာပေါ့။

ပထမဆုံး ပုံ-၁-အတိုင်း ကောက်ညှင်းမှုန့်လေးတွေကို ကိုယ်လိုသလောက် နယ်မယ့် ဇလုံထဲထည့်ပါမယ်။ ကောင်ညှင်းမှုန့်တွေအမျိုးမျိုး ရှိပါတယ်။ တီကတော့ ဒီမှာ ရှိတာ ရှာဝယ်ထားတာပါ။ တီက တရုတ်လိုဘတ်လိုက်တော့ လွယ်တယ်။ ရေနဲ့ကြိတ်တဲ့ဟာမျိုး ကိုရှာဝယ်ရပါတယ် (ပုံ-၂-)။ သူက ပိုညက်တယ်။ (ဒီလိုလေဘာကွာသလဲ ဆိုတော့ ကောက်ညှင်းမှုန့် လုပ်တဲ့ ပရောစက် ကွာတာပေါ့။ ရိုးရိုး ကောက်ညှင်းမှုန့် က ကောက်ညှင်းဆန်ကို ထောင်းပြီးမှုန့်တဲ့ ပရောစက် နဲ့ သုံးတယ်။ ခုတီ ပြောတဲ့ဟာကတော့ ရေနဲ့ ကြိတ်စက်ထဲထည့်ကြိတ်တယ်။ နောက် အနှစ်ကို စစ်ယူ၊ အတုံးလိုက်ဖြစ်အောင်လုပ် နေလှမ်း ပြီးတော့မှ အမှုန့်ဖြစ်အောင်ပြန်ကြိတ်တဲ့ နည်းသုံးတယ်။ အဲ့တာကြောင့် သူက ပိုညက်ပါတယ်) တီက ပိုကောင်းတဲ့ ဒီ ရေကြိတ်မှုန့် ကိုသုံးပါတယ် အမှန်ကတော့ ဇကာ နဲ့ပြန်စစ်တာတွေ ဘာတွေမလုပ်ချင်လို့ပျင်းလို့ပါ)
ပြီးရင်တော့ ပုံ -၃- အတိုင်း ရေနွေးလေး နည်းနည်းတည်ပြီးတော့ ရေအေးနဲ့ရောပါ ကြက်သီးနွေးလေးဆိုရင် ရပါပြီ။ အဲ့ဒီရေနွေးလေးနဲ့ ခုနက ဇလုံထဲထည့်ထားတဲ့ ကောက်ညှင်းမှုန့်ထဲထည့်ပြီးတော့ နယ်ပါမယ်။ ရေကို တပြိုင်တည်း အများကြီး မထည့်ပါနဲ့ လိုသလောက်လေးကိုနယ်ရင်း ဖြေးဖြေးထည့်သွားပါ။

ပုံ-၄- မှာ ပြထားတဲ့အတိုင်း အတုံးလေးရပြီဆိုရင် ကိုယ်လိုသလောက် ဖဲ့ပြီး ရှည်ရှည်လေး လုပ်ပါ။ အီကြာကွေးတွေလုပ်သလိုလေ မြင်ဖူးတယ်မှလား…ပြီးတော့မှ သေးသေးလေးတွေ ပြန်ဖဲ့ နောက် အဲ့ဒီသေးသေးလေးတွေကို နောက်ထပ်ပြန်ပြီး သေးသေးလေးတွေကို လုံးပေး။ ပုံ -၅-၆-
တရုတ်အယူအရဆိုရင် ဒီလိုမုန့်လုံးရေပေါ် ကို မိသားစု စုံစုံညီညီရှိတဲ့အချိန်မှာ လုပ်စားလေ့ရှိပါတယ်။ ဥပမာ မင်္ဂလာဆောင်တွေမှာပေါ့ တရုတ်တွေ က မိသားစု အစုံဆုံးအချိန်တခု ကိုပြပါဆိုရင် အမျိုးထဲမှာ မင်္ဂလာဆောင်ရှိတဲ့ အချိန်ပါပဲ။ အဲ့လိုအချိန်တွေမှာ အဓိက ကျွေးလေ့ရှိပါတယ်။ ပြီးတော့ ကြက်ဥပြုတ် ငုံးဥပြုတ် တွေလဲထည့်ကျွေးလေ့ရှိပါတယ်။ အနီရောင်ဆိုးပေးရပါတယ်။ အစားအသောက်မှာ သုံးတဲ့ အရောင်မှုန့်လေးတွေကို ခုနက ရေစပ်တဲ့အချိန်မှာ ထည့်စပ်ပါတယ်။ အနီ ကို ကြက်ဥ ငုံးဥ အတွက် အဓိက သုံးပါတယ်။ မုန့်လုံးတဲ့အခါမှာတော့ အစိမ်းလေးတွေဘာတွေလဲထည့်သုံးလေ့ရှိပါတယ်။ ပုံ-၆- ကိုသေသေချာချာကြည့်ပါ မုန့်လုံးတာ ကိုက နှစ်မျိုးရှိပါတယ် (ရှုပ်လဲရှုပ်တဲ့ တရုတ်တွေနော်) လုံးလုံးလေးဖြစ်အောင် လုံးထားရင် သမီးမွေးအောင်တဲ့ ရှည်ရှည်လေးတွေဆိုရင် သားမွေးအောင်လို့ ဆိုပါတယ်။ အမေပြောပြတာပါ။

ဒီနေရာမှာ ကြုံလို့ တီတို့ ဆွေစဉ်မျိုးဆက် နန်းတွင် ရတနာ အဲလေ….နန်းတွင်းချက်နည်းပြုတ်နည်း ၁၅၀၀ ထဲက နည်းတခုပေးပါမယ် အရောင်တွေမသုံးချင်ဘူးဆိုရင် သဘာဝအတိုင်းလဲဖြစ်တဲ့ အရသာလဲပိုရှိတဲ့ နည်းပါ။ နည်းနည်းတော့ အလုပ်ပိုရှုပ်ပါတယ်။ လက်ဘက်ကောက်စားချင်ရင် ပလောင်တောင်တက် ဝေါနဲ့တက်ရတယ် မှလား….ပုံထဲမှာ မပါဘူးလေ လိုက်ရှာမနေနဲ့……ငှဲငှဲ နန်းတွင်း လျှို့ဝှက်နည်းပါဆိုနေမှ……

ဒီလိုပါ ပိန်းဥ သိတယ်မှလား အဲ့တာ ကို အခွံသင်ပြီးတော့ ရေစပ်စပ်နဲ့ပြဲနေအောင်ပြုတ်ပါ။ မဟုတ်ရင် ပေါင်းအိုးလေးနဲ့ပေါင်းရင်လဲ ရပါတယ် ပြုတ်ပြုတ်ပေါင်းပေါင်း အဆင်ပြေရာ ကြိုက်ရာ လက်တည့်ရာ အိမ်ရှင်မတို့သဘော….လုပ်ပါ။ ပြီးရင်တော့ ခုနက ရေကြက်သီးနွေးလေးထည့်တဲ့နေရာမှာ အဲ့ဒီ ပေါင်းထား ပြုတ်ထားတဲ့ ပိန်းဥ ကို ထည့်နယ်ပါမယ် ပြီးတော့မှ လုံးပါမယ် အဲ့တာဆိုရင် သူက ပြုတ်လို့ကျက်သွားတဲ့အခါ အနံ့လေးလဲမွှေးမွှေးလေး နဲ့ စားရတာလဲ အရသာရှိတဲ့ ပိန်းဥ လုံးလေး ရပါမယ်။ အော်ပြီးတော့ သူကကျက်သွားရင် ပိန်းဥကြောင့် ခရမ်းရောင်လေးဖြစ်သွားတဲ့ အတွက် အရောင်ထွက်လဲလှပါတယ်။ FDA နဲ့လဲမငြိတော့ဘူးပေါ့။ တော်ကြာ တီချမ်းပေးတဲ့ နည်းက သတင်းစာထဲမှာ လက်ဘက်တွေ နဲ့တန်းစီ ပါလာနေအုံးမယ်နော်။ နောက်တမျိုးက ဆူးမွှေးရွက်အရည်တို့ ရွှေဖရုံသီး တို့ သုံးရင်လဲ အစိမ်းရောင် (ဒါက ဆူးမွှေးရွက်ကနေရတာ) အဝါရောင် (တန်ဖိုး ပိုတက်အောင် ရွှေရောင်လို့ သုံးပါမယ်) စတာလေးတွေ ရပါမယ်။ အဲ့တာဆို ခုနက ခရမ်းရောင် ပိန်းဥ လုံးလေးတွေနဲ့ တွဲလိုက်တော့ အစိမ်း ခရမ်း ရွှေရောင်စတာလေးတွေနဲ့ အရသာ ထူးတဲ့ မုန့်လုံးလေးတွေရတာပေါ့နော်။

ဆူးမွှေးရွက်ကို မြန်မာအိမ်ရှင်မ အများစုကတော့ သိပါလိမ့်မယ် မသိရင်လဲ တီတော့ မပြောပြတတ်ဘူး ဖက်ရွက်တမျိုးပါပဲ ပန်းအရွက်နဲ့တူတာပေါ့ ယိုးဒယားမှာတော့ ကြက်သားကို အစာနဲ့ နယ်ပြီး ဆူးမွှေးရွက် နဲ့ ထုပ် ဆီပူအိုးထဲထည့်ကြော်တဲ့ ကြက်သား တမျိုးရောင်းပါတယ် အမြို့ မြို့ အနယ်နယ် ဆိုင်တိုင်းမှာရနိုင်ပါတယ်။ ကြော်ငြာ….ကြော်ငြာ….

ကြက်သားထုပ်ထားတဲ့ ဆူးမွှေးရွက်…..ပုံ…..English လိုတော့ Pandan leaf လို့ခေါ်တွင်ပါတယ်တဲ့

ပြီးရင်တော့ အပေါ်က ပုံ -၉ -မှာ ပြထားတဲ့ အတိုင်း ရေနွေး ကိုဆူအောင်တည်ပြီးတော့ ခုနက လုံးထားတဲ့ မုန့်လုံးလေးတွေကို အကုန်တခါတည်း ထည့်လိုက်ပါမယ်။

ရေဆူဆူထဲကို မုန့်လုံးတွေ ထည့်လိုက်တဲ့ အခါရေတွေက အေးကုန်ပါမယ် ယောက်ယက်မခတ်ပါနဲ့ ခဏနေရင် ပြန်ဆူလာပါလိမ့်မယ် မုန့်လုံးလေးတွေ ကျက်တဲ့ အခါ သူ့အလိုလို ရေပေါ်ပေါ်လာပါလိမ့်မယ် တီချမ်းနည်းအတိုင်းသုံးရင် တီချမ်းတန်းခိုးတွေက ဘလောခ် ကနေ တဆင့် ကူးပြောင်းပေးထားတာပါ စိတ်မပူပါနဲ့…ငှဲငှဲငှဲ….အဲ့လို ရေပေါ်ကို ကျက်တဲ့ အခါ အလိုလို ပေါ်လာလို့လဲ မုန့်လုံးရေပေါ်လို့ ဟိုးအရင် ရွှေလူမျိုး ပညာရှိတွေက မှတ်သားထားကြတာဖြစ်ပါတယ်။ ပေါ်မလာရင် မုန့်လုံးရေငုတ် သို့ မုန့်လုံးရေနစ် လို့များခေါ်မလားမသိဘူးနော်…မုန့်လုံးလေးတွေ စပေါ်လာပြီဆိုတာနဲ့ အလောတကြီး မဆယ်ပါနဲ့အုံးနော် အကုန်ကျက်ပြီး ရေပေါ်ပေါ်တာသေချာအောင် တူလေးနဲ့ ဖြေးဖြေးလေးမွှေပေးပါ အကုန်ကျက်တာသေချာပြီဆိုမှ ခုနက မုန့်လုံးတွေအကုန်ကို ဇကာထဲလောင်းထည့်ပြီး ရေစစ်လိုက်ပါ ပြီးတာနဲ့ ချက်ချင်း ရေကျက်အေးထည့်ထားတဲ့ ပန်းကန် (ပုံ-၁၂-) ထဲကို ဇကာထဲက မုန့်လုံးတွေ ထည့်လိုက်ပါမယ် ကောက်ညှင်းဖြစ်တဲ့အတွက် အဲ့လိုရေအေးမစိမ်ထားရင် မြန်မာ မုန့်လုံးတွေလို လုံးပြီးတဲ့ အခါ တလုံးနဲ့ တလုံးကပ်ကုန်တာတွေ့ရပါမယ်

ပြီးရင် ခုနက အိုးနဲ့ပဲ ရေကျက်အေးနည်းနည်း ကိုထပ်တည်ပါမယ် ရေဆူရင် သကြားနည်းနည်းထည့်ပြီးတည်ပါ ပုံ -၁၃-၁၄- တလက်စတည်း မွှေပေးနေပါ သကြားတွေ အကုန်ပျော်ကုန်ပြီဆိုရင်တော့ အုန်းနို့ထည့်ပါမယ် တီကတော့ ဒီမှာ အလွယ် ဘူးနဲ့ အုန်းနို့်ကိုပဲသုံးလိုက်ပါတယ် မြန်မာပြည်မှာဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ အုန်းနို့မွှေးမွှေးလေး သုံးရတာပေါ့ တခါတခါ မတိုးတက်တဲ့ နည်းပညာက ပိုကောင်းတာတွေ့ရပါတယ်။ အုန်းနို့ကို အီမှာ စိုးတဲ့ အတွက် အလောတော်ပဲထည့်ပါ ပြီးတော့ ဒီမှာ လျှို့ဝှက် နည်းနောက်တခုကလဲ အုန်းနို့ ဟာဆီပဲ သတ်သတ် ရေနဲ့ပဲ တည်တည် အီ လာတတ်တဲ့အတွက် “ဆား” နည်းနည်းလေးထည့်ပေးရပါမယ်။ ပြီးရင် အုန်းနို့ ကို မြည်းကြည့်ပါ အချို အငံ အတော်ပဲဆိုရင်တော့ ရပါပြီ။ အချို လိုရင် သကြားနည်းနည်း ထပ်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ ပုံ -၁၆-၁၇- မှာပြထားတဲ့အတိုင်း ခုနက ရေစိမ်ထားတဲ့ မုန့်လုံးလေးတွေကို ရေပြန်စစ်လိုက်ပါ နောက် ခုနက ဆူနေတဲ့ အုန်းနို့ အိုးထဲ ကိုထည့်လိုက်ပါ ခဏ ပေးဆူလိုက်ရင် ပုံ -၁၈-မှာ ပြထားတဲ့ အတိုင်း အရသာရှိလှတဲ့ အုန်းနို့ မုန့်လုံးရေပေါ် တအိုးရပါပြီ။

ဒါကတော့ ပန်းကန်ထဲထည့်ထားတဲ့ ချက်ပြုတ်ရတာ လွယ်ကူ မြန်ဆန် သက်သာ အင်မတန်ကောင်းအရသာရှိတဲ့ အန်တီချမ်း တို့ နန်းတွင်းနည်းမဟာ အုန်းနို့်မုန့်လုံးရေပေါ်ပဲဖြစ်ပါတော့တယ် ခင်ဗျား….အဲလေ ရှန်…..

ဘေးကပုံကတော့ မုန့်လုံးရေပေါ်မဟာ ကို တုတ်နေတဲ့ မာတာ မဟာ မိခင် မားမားကြီးပဲဖြစ်ပါတော့တယ်။

အခြားနည်း။
တီက တရုတ်နည်း လုပ်ပြထားလို့ မြန်မာနည်းလေး စားချင်ကြတယ်ဆိုရင်လဲ ရပါတယ် အစပိုင်း မုန့်လုံးနယ် နေတဲ့နေရာမှာ သေးသေးလေးတွေမလုံးပဲနဲ့ နည်းနည်းအနေတော်လုံးပြီးတော့ အထဲမှာ ထန်းလျက် တို့ ငရုပ်သီးစိမ်းတို့ ထည့်ပြီး ဌာပနာ ပါ ပြီးတော့ ရေဆူဆူမှာ ပြုတ်ပြီး ဆယ်လိုက်ပါ နောက်ပြီးရင် အုန်းသီး ခြစ်လေးတွေ နဲ့ ပွဲပြင်လိုက်ရင်လဲ ကြီးတော်တောင်းဆိုသလို ဘုန်းကြီးလဲကပ်လို့ရတဲ့ အရပ်ထဲလဲဝေ လို့ ရတဲ့ မြန်မာ ထန်းလျက် မုန့်လုံးရေပေါ်ရတာပေါ့နော်။ ဘုန်းကြီးပွဲထဲတော့ ငရုတ်သီး မပါစေနဲ့ပေါ့နော် တော်ကြာ တီချမ်း သတိမပေးဘူးမပြောနဲ့နော်….

နောက်တနည်း။
အဲ့လိုမှ မကြိုက်သေးဘူးဆိုရင်လဲရပါတယ် တီချမ်းနည်းက ဘိုးဘိုးအောင် နည်းလိုပဲ ရေလဲသုံးလို့ ရပါတယ် တီ့နည်းအတိုင်း မုန့်လုံးပါ ချက်ပါ ပြီးတော့ အုန်းနို့ ရည် အစား ထန်းလျက်ရည်လေး နည်းနည်းပြစ်ပြစ်တည်ပြီး ပွဲပြင်မယ်ဆိုရင် ဟောဒီက စားကြအုံးမလား မုန့်ကြာစိ ဆိုတာလဲ……ရပါတယ်လို့နော်……….

ကဲကဲ တရုတ်ရိုးရာ မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်လေးတွေ အရပ်ထဲမှာ ဝေလို့ ပျော်ရွှင်တဲ့ မြန်မာသင်္ကြန်လေးဖြစ်ကြပါစေနော်

ပဟေဠိ။

ပုံ-၆- ကိုသေချာကြည့်ပါ ဘာတွေ့သလဲ ဖြေပါ

အားလုံးကိုချစ်တဲ့
တီချမ်း

ဒေါ်သစ်က ဖြိုသလစ်ဆိုတော့ တီချမ်းကလဲ “ဖြစ်သလို”

အခုတလော မြောင်းလေး ပြောသလို ပြိတ္တာဖြစ်အောင် လူတွေ ကို အကုသိုလ်များအောင် စားစရာတွေချည်းပဲတင်နေတယ် မထင်ပါနဲ့ ဇာတ်လမ်းက ဒီလိုပါ

မနေ့ က စားစရာတွေတင်ပါတယ် ဒေါ်စနိုး စီပုံးမှာ လာအော်လို့ပါ အရင်လို တကူးတက ဘလောခ် အသိ လူတွေအကုန်မခေါ်ပေမယ့် စားစေချင်တဲ့ စေတနာ တကယ်ရှိပါတယ် အပြင်မှာ တကယ်ကြုံလာရင်လဲ ချက်ကျွေးမှာပါ။ ထားပါတော့ စကားတွေ ကတည်းက ကားကုန်မယ်။ ဇာတ်လမ်းတွေဝေ့ ကုန်မယ်။ နောက်တခု က ကိုယ်တို့ လို နိုင်ငံရပ်ခြားရောက်လူတွေ လွယ်လွယ်နဲ့ချက်စားလို့အဆင်ပြေအောင် ကိုယ်က ပုံတွေ ဘာတွေ သေချာရိုက်ပြီး နည်းတွေလဲ လွယ်လွယ်လေးဖြစ်အောင် လုပ်တင်ပေးတာပါ။ စေတနာတွေ စေတနာတွေ နော် (အဲ့ဒီ စေတနာတွေ ကြောင့် လင်ကောင်းသားကောင်း များများ ရပါစေဘုရား ဤကားစာကားချပ်)
ကိုယ်ကလဲ အချက်အပြုတ်ကို ဝါသနာ ကိုပါတာဆိုတော့ လေ (မိန်းမ ပီသတာပါ နော့-ဒေါ်ရီတာ တို့လိုဟင်းမချက်တတ်တဲ့ fast food အုပ်စု မျက်စောင်းကြီးနဲ့ လှမ်းကြည့်ကြပါတယ်)

ဇာတ်လမ်း လေးရဲ့အစကဒီလိုပါတဲ့ သားတို့ သမီးတို့ မောင်ညီမလေးများတို့ရေ။

တီက ဒေါ်သစ်အိမ်ကို ဟိုတခါ ဝက်သားတုတ်ထိုးသူတင်ကတည်းက မကြာမကြာ သွားသွားချောင်းလေ့ရှိပါတယ် အဲ့တာနဲ့ ဒီနေ့လဲ ဒေါ်သစ် အိမ်ဘက်ရောက်တော့ အံမယ် ရေရေလည်လည်ကိုချက်ပြီးတော့ စားနေပါတယ် ပြောတာကတော့ ဖြိုသလစ်တဲ့ တကယ်ပဲ တတ်လဲတတ်နိုင်တဲ့ မိသစ် အံမယ် သူတို့ သူငယ်ချင်းတွေ တသိုက်က ပြောပါသေးတယ် တီချမ်း အိမ်မှာ ဘာညာ မိသစ် ကလဲ ဟင်းလာမြည်းပေးပါသတဲ့
ပြောနေလိုက်ကြတာ ပျော်စရာကြီးပါ ကြည့်ကြပါ သူ့ ကွန်မန့်ကနေယူလာတာပါ

အဲ့တာနဲ့ ကိုယ်ကလဲ ဘယ်ရမလဲ

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမအရအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

ဒီလို ပြန်လည်စိန်ခေါ်ခဲ့ပါတယ် ငှင်းငှင်းငှင်း
(အဲ့တာနဲ့ပဲ ဒီပိုစ့်ကိုတညလုံး အိပ်ရေးပျက်ခံရေးရတော့တာပေါ့လေ ကိုယ့်စကားနဲ့ ကိုယ်ပဲလေနော့ ဒေါ်သစ်ကလဲ နေ့တောင်မကူးသေးဘူး လက်ဆောင်နဲ့ လာနေပါပြီ ခုမှပဲ desperate house wives ထဲက bree နဲ့ katherine လိုဖြစ်နေပြီ ဟိဟိဟိ)

ကဲ အဲ့တော့ သူ့ ကို လက်စားချေတဲ့ အနေနဲ့ ဘာချက်ကြွားအဲလေ ဘာချက်ကျွေးရမလဲ စဉ်းစားတော့ တီခုတလော ချက်နေတာ မြန်မာဟင်းတွေ ဆီပြန်(ဆီပျံ- မဟုတ်ပါ credit to Rita ever green မသိရင် ဗီဒီယို ထုတ်လုပ်ရေးလိုလိုနော် နာမည်က ပြောပါတယ်)တွေများနေတာမှလား အဲ့တော့ အပြောင်းအလဲလေးဖြစ်အောင် အားလုံးကို ခုတခါ တရုတ်စာ ချက်ကျွေးမယ် စိတ်ကူးပါတယ် အဲ့တာနဲ့ ဘာချက်ရင်ကောင်းမလဲ စဉ်းစားတော့ တခါမှမချက်ကျွေးဘူးသေးတဲ့ နံရိုး ကြံမဆိုင် ကိုသတိရပါတယ် တနေ့ကလဲ စီယမ်ပါရာဂွမ်(siam paragon) ကိုရောက်တော့ ကြံမဆိုင်တွေတွေ့တာ ကောင်းမယ့်ပုံရတာနဲ့ ဝယ်လာတာရှိပါတယ် (ဘာနဲ့တွဲမယ်ထင်လဲ အသားဟင်းကို ပြောပြဘူးနော် အောက်အထိဖတ်) အဲ့တာနဲ့ ကြံမဆိုင်ဖတ်လေးတွေ ကိုအနေတော် အတုံးလေးတွေလှီး (ဓါတ်ပုံရိုက်တဲ့ m a e နဲ့မေတဲ့ ဒေါ်မေ ပြောပါအုံးမယ် လှီးနည်းပါသင်ပေးတယ်လို့…. ချက်ရင်လွယ်စေချင်တဲ့စေတနာပါ ရပါစေ နောက်တယောက် ခိခိခိ) နံရိုး (ရှယ်နံရိုးရွေးဝယ်ပါ အရိုးနည်းနည်းအသားများများနော် မဟုတ်ရင် စားမကောင်းဘူး) နဲ့ တီကတော့ သုံးထပ်သားလေးပါ နည်းနည်းထည့်ပါတယ် အဲ့တာမှ ဟင်းရည်ကျက်တဲ့အခါကျရင် ဆီလေးပါနည်းနည်းလေး မဆိုစလောက် စားကောင်းရုံဝေ့နေမှာဖြစ်ပါတယ်။ လှီးချွတ်ပြီးသား ကြံမဆိုင်ရွက်တွေနဲ့ ရေစင်စင်ဆေးထားတဲ့ နံရိုး နဲ့ သုံးထပ်သားတွေ ကို ချက်မယ့် အိုးလေးထဲ အသင့်ထည့် ရေအပြည့်ထည့်ပြီးတော့ တည်ပါမယ် ပုံပါအတိုင်း အဆင့်ဆင့်ပါ။ စပြုတ်တဲ့အခါကတည်းက ဂျင်းဖတ်ခတ်ကြီးကြီး ကို ဓါးပြားရိုက်ပြီး တခါတည်းထည့်ပြုတ်ပေးပါ ဒီနေရာမှာ ဆားအချိုမှုန့် မထည့်သေးပါဘူး

(ပြောအုံးမယ် တီတို့ တရုတ်ချက်နည်းနဲ့ မြန်မာ ချက်နည်း မတူပါဘူး တရုတ်ချက်နည်းက ကြံမဆိုင်ဖတ်ကို ကြီးကြီး လှီးပြီးတော့ မြန်မာချက်နည်းက သေးသေးလှီးပါတယ် ဘာလို့လဲတော့ မသိပါ။ နောက်တခုက မြန်မာချက်နည်းက နနွင်း နည်းနည်းထည့်ပါတယ် တရုတ်က မထည့်ပါဘူး အဲ့တာကတော့ ကြိုက်တတ်ရာထင်ပါတယ် တရုတ်ဟင်းတွေ က ဘယ်ဟင်းမှ နနွင်းထည့်တာ မတွေ့ဘူးသလောက်ပါပဲ။ နောက်တခုက မြန်မာတွေ က ကြံမဆိုင်ကို ဘဲသားနဲ့ချက်တာ များပြီး တရုတ်တွေကတော့ နံရိုးမှ နံရိုး ဝက်မှဝက်ပါပဲ အဲ့တာလေးတွေကွာခြားပါတယ်)

ပုံတွေမှာ ပြထားတဲ့အတိုင်း ဟင်းရည်ဆူအောင်အရင်တည်ပါမယ် ဟင်းရည်ဆူပြီဆိုရင်တော့ ဆား အချိုမှုန့် လိုသလောက်ထည့်ပြီးတော့ ထပ်တခါ ဆူအောင် တည်ပါအုံးမယ် တီတို့ကတော့ အိမ်မှာချက်ရင် စားကောင်းအောင် (အိမ်မှာလဲအလွယ်အမြဲတမ်းရှိနေတော့) အရက်ဖြူကလေးနည်းနည်းထည့်ပါတယ် အဲ့တာဆိုရင် ပိုမွှေးပြီး ပိုလည်းစားကောင်းပါတယ် ကြိုက်တတ်ရင်တော့လုပ်ကြနော် ခုတော့ တီလဲဒီမှာ အရက်ဖြူအလွယ်မရှိတော့ မထည့်ရပါဘူး (ဖြူ့ ကို လွမ်းတယ်ကွယ်) ဝီစကီ တို့ ဂျင်တို့ ဗောလ်ဒဂါ တို့နဲ့ကျတော့မလိုက်ဘူးလေနော် တီ့အမေပြောပြတာတော့ အဲ့တာက တရုတ်ရိုးရာ မီးနေသည်တွေ ကို နို့ပိုထွက်အောင် ချက်ကျွေးတာပါတဲ့ မြန်မာအယူ နွားမြီး စွပ်ပြုတ်လိုပေါ့လေ (ဟုတ်ပါတယ် တီချမ်းက ဒါတွေလဲသိတာပါပဲ ညှင်းညှင်းညှင်း တီချမ်းသိတာတွေပြောပြရင် မျက်လုံးတွေအကုန်ပြူးကုန်မယ် လာလာဖတ်ရလွန်းလို့ပြောပါတယ် )

ကဲပါ အဲ့လိုအချို အပေါ့ မြည်းပြီး နောက်တခါ ဆူပြီးဆိုရင်တော့ ရပါပြီ ဒီလိုလေး ဟင်းရည်က “ကြည်” ဆီလေးမသိမသာ “ဝေ့” (သုံးထပ်သားကြောင့်) အရသာလေး “ချဉ်ပြုံးပြုံး” နဲ့ “ရေလည်မြိန် ကြံမဆိုင် နံရိုး”ပါ

ကဲခုနကမပြောပြဘူးလို့ပြောထားတဲ့ တွဲဖက်မယ့် အသားဟင်းကို ခုပြောပြပါမယ် အသားဟင်းတော့ မဟုတ် ပါဘူး အသည်းဟင်းလျာပါ “လွယ်ကူမြန်ဆန် ချက်နည်းမှန် စားရန် အသည်းဟင်း” လို့တောင် ပြောရမလိုပါပဲ

တကယ်ပဲ ချက်ရတာလဲလွယ် စားလို့လဲကောင်း (အသည်းကြိုက်ရင်ပေါ့နော် မကြိုက်တဲ့ မစားတဲ့ လူတွေအတွက်လဲ ပြောပြအုံးမှာပါ စေတနာတွေနော် နောက်တယောက် ရပါစေသား)
ကဲပါ ဟင်းစချက်ကြရအောင်နော်…ပထမဆုံး ပါးပါးလေးလှီးထားတဲ့ အသည်းလေးတွေကို ဟင်းချက် ကော်မှုန့် နဲ့နယ်ပါမယ်

ပါးပါးလေးလှီး အဲ့တာ က ဒီဟင်းလျာမှာ တော်တော်လေးအရေးကြီးပါတယ် ထူလွန်းရင် အသည်းက မာပြီးစားမကောင်းတော့ပါဘူး ပြီးတော့ အသည်းကို စဝယ်ကတည်းကလဲ နုတာလေးရွေးဝယ်ဖို့လိုပါတယ် အသည်းအစိမ်းတွေတွေ့ဖူးကြရဲ့မှလား အနီရောင်အတုံးကြီးတွေလေ ဒါပေမယ့် ဝယ်တဲ့အခါ အဝါရောင်သန်း နေတာလေးရွေးဝယ်ပါ အဲ့တာက ပိုနုတဲ့အသည်းပါ (ဘယ်လိုသိလဲမမေးပါနဲ့ “ဝါ” ကစကားပြောတာပါ ငှဲငှဲငှဲ)

နောက် ခုနက ပြောသလို ပါးလှပ်နေအောင် သေချာ လှီးထားတဲ့အသည်းကို ကော်မှုန့်နဲ့နယ်နေတုံးတခါတည်း အချိုမှုန့်အနည်းငယ်နဲ့ ငံပြာရည်လေးပါ နည်းနည်းထည့်နယ်ပါမယ် ပြီးရင် မကြော်ခင်ခဏလေးနှပ်ထားပါမယ် အသည်းထဲကို အရသာတွေ စိမ့်ဝင်အောင်ပါ အသည်းကိုပြင်ဆင်ထားပြီးရင် နောက်ထပ်ပြင်ထားရမှာတွေက
…..
ငရုတ်သီးခြောက်လေးတွေပါ ငရုတ်သီးခြောက်လေးတွေ ကို အနေတော်မနည်းမများ အညှာချွေပြီး ရေစင်စင်အသင့်ဆေးထားပါမယ် ကြိုက်တတ်ရင် နည်းနည်းပိုထည့်လို့ရပါတယ် တီကတော့ မွှေးရုံပဲ မို့ နည်းနည်းပဲထည့်ပါတယ် တီက အဲ့ဒီ ငရုတ်သီးကြော် ကိုဟင်းထဲရောက်သွားရင် မစားပါဘူး နောက်ပြီးတော့ ကြက်သွန်နီဥ ကို ၈စိပ် သို့ ၁၀ စိပ် လှီးပါမယ် ပါးလွန်းရင် မကောင်းသလို ထူလွန်းရင်လဲမကောင်းပါဘူး ၈ စိပ်က တကယ့် ကိုအသင့်တော်ဆုံးပါပဲ ဥကြီးရင်တော့ တမျိုးစီစဉ်ပါမယ် နောက်တခုကတော့ ဂျင်းပါ ဂျင်းကိုတော့ ပုံမှာ ပြထားတဲ့အတိုင်း အချောင်းသေးသေးလေးတွေရအောင် ကြိုးစားလှီးပါ ဂျင်းအပြားလိုက်ပါးပါးလေးတွေရအောင်အရင်လှီးပြီးမှ အချောင်းလေးတွေပြန်လှီးရင် ပိုလွယ်ပါတယ် ပြီးရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း ကြော်ဖို့အဆင်သင့် ပန်းကန်ပေါ်မှာ လှလှလေးပုံထားလိုက်ပါတယ် (တီက အရင်တခါ ပြောထားသလိုပဲ bree ဖြစ်တဲ့အတွက် ကြော်လှော်ချက်ပြုတ်ရင်းတလက်စတည်းဆေးလေ့ရှိပါတယ် အဲ့တော့ ချက်လဲပြီးရော ဆေးလဲပြီးရောပေါ့)

ပြီးရင်တော့ ကြော်ဖို့အသင့်ဖြစ်ပါပြီ အောက်မှာ ပြထားတဲ့အတိုင်း ဆီပူအိုးလေးအရင်တည်ပါမယ် ဆီကို နည်းနည်းလေးပဲထည့်ပါ အဲ့အတွက် မကပ်တဲ့အိုးရှိရင် အင်မတန်ကောင်းပါတယ် ဆီစားသက်သာသလို ချက်လို့လဲကောင်း ဆေးရတာလဲလွယ်ပါတယ် ပြီးရင် ငရုတ်သီးလေးတွေကို ဆီနဲ့အရင်လှိမ့်ပါတယ် မွှေးလာတဲ့အထိ ကြော်ပေးပါမယ် နနွင်းလုံးဝ လုံးဝ မထည့်ပါဘူး (ပြောပြီးပြီလေနော် တရုတ်ဟင်းလို့) ပြီးရင်တော့ အစဉ်လိုက်အတိုင်း ကြက်သွန်နီ ဂျင်း စတာတွေထည့်ပေးပြီး ခုနကလိုပဲ မွှေးလာတဲ့အထိကြော်ပေးပါ (တူးတဲ့အထိမဟုတ်ဘူးနော်)

မွှေးလာပြီဆိုရင်တော့ ခုနက နှပ်ထားတဲ့ အသည်းကိုထည့်ပါမယ် ပြီးရင် ခရုဆီ နည်းနည်းထည့်ပါမယ် (မှတ်ချက်-ဆားမထည့်ပါဘူး) ကော်မှုန့်နယ်တာက အသည်းကို ပိုနုစေချင်လို့ပါ အဲ့လိုကြိုနယ်ထားရင် အသည်းက နုနုလေးဖြစ်နေပါမယ်
ခရုဆီထည့်ပြီးလို့ ခဏလေးကြော်လိုက်တာနဲ့ အသည်းက အရောင်ပြောင်းပြီး ကျက်သွားပါမယ် အကြာကြီးမကြော်ပါနဲ့ အသည်းမာ သွားရင် စားမကောင်းပါဘူး (အသည်းမာ သွားရင် မချစ်တတ်တော့သလိုပဲဖြစ်ပါတယ်)

အင်း အသည်းတွေအရောင်ပြောင်းလို့ ကျက်ပြီဆိုတာနဲ့ ချလို့ရပါပြီ အဲ့တာဆိုရင်တော့ ခုန ကကြံမဆိုင်နဲ့ တူတူတွဲစားဖို့ “အသည်းကြော်လေး” တပွဲရပါပြီ

(မှတ်ချက် ခုနက ပြောသလိုနည်းအတိုင်းပဲ အဆင့်ဆင့် အသည်းအစား ကြက်၊ ဝက် စတာတွေနဲ့ချက်ရင်လဲ ကုန်းဘောင်ကြော်တခွက်ဖြစ်ပါမယ်)

ဝက်အသည်းဖြစ်ပါတယ် ကြက်အသည်းမဟုတ်ပါ……..

ကဲမထင်းလဲစားပြီးပြီဆိုတော့ အအီပြေ အချိုပွဲလေးတွေ စားကြရအောင်နော်
တီက ဖြစ်သလို လို့ ပြောထားပေမယ့် စိတ်ရှိလက်ရှိလေးလဲ စားဖြစ်ပါတယ် ကြည့်ကြရအောင်နော်
ဒါကတော့ ဘန်ကောက်မှာ ဘယ်နေရာမှာဖြစ်ဖြစ်အလွယ်တကူဝယ်လို့ရနိုင်တဲ့ နာနတ်သီးလေးတွေပါ တီက ဝယ်လာပြီးရင် ဒီအတိုင်းစားတဲ့အခါလဲစားပါတယ် ချိုတာကိုးနော် တခါတခါ လျှာရှည်ပြီး လျှာရင်းမြက်မြက်လေးစားချင်ရင်တော့ ခုလိုလုပ်စားပါတယ် ပထမ ပုံက သကြား ငရုတ်သီးမှုန့်အနည်းငယ်နဲ့ နာနတ်သီး ကို ပြင်လိုက်ပါတယ် ပြီးတော့ ဒုတိယပုံအတိုင်း “ပျားရည်” အနည်းငယ် ထည့်ပါမယ် ပြီးရင်တော့ သံပရာ သီးလေး တစိတ်လောက်ညှစ်ထည့်ပြီး ဇလုံကိုလှိမ့်လိုက်ရင် တတိယပုံမှာ ပြထားတဲ့အတိုင်း အင်မတန်မှ ကိုအအီပြေပြီး စားကောင်းအရသာရှိလှတဲ့ နာနတ်သီး တခွက်ရပြီပေါ့နော်အေးအေးလေး ရုပ်ရှင်ကြည့်ရင်းနဲ့စားမယ်ဆိုရင် နယ်ပြီးတော့ ခဏ ရေခဲသေတ္တာထဲထည့်ထားလိုက်ပါမယ်

ဒါကတော့ အသင့်စိမ်ပြီးသားဈေးလမ်းကနေဝယ်လာတဲ့ မာလကာသီးနဲ့ ဇီးဖြူသီးပါ မာလကာ သီးအကြောင်းနည်းနည်းပြောပါမယ် မာလကာ သီးက ဆေးသကြားရည်နဲ့ စိမ်ထားပါတယ် ပြီးတော့ သူ့ကို တို့စားရမယ့် ဆား/သကြားကတော့ အောက်က ပုံမှာ ပြထားတဲ့ ပန်းနုရောင်လေးပါ အဲ့တာလေးက မက်မုံသီးစေ့နဲ့ လုပ်ထားတာပါ ဒီလိုစိမ်ထားတဲ့မာလကာ နဲ့ အင်မတန်မှ အဆင်ပြေပါတယ်။ ဇီးဖြူသီးကတော့ သိပ်ပြောစရာမရှိပါဘူး ရိုးရိုးပါပဲ ဆားကလဲရိုးပါတယ် ဆား+အချိုမှုန့်+ ငရုတ်သီးမှုန့်ပါပဲ (ကြုံလို့ပြောပါအုံးမယ် ဇီးဖြူသီး နဲ့ဖန်ခါသီး ကိုလူတော်တော်များများမှားကြပါတယ် ဇီးဖြူသီးက ဘာနဲ့တူလဲဆိုတော့ အင်း…..ရွှေဖရုံသီးအသေးလေးလိုပါပဲ ဘေးနားမှာ အထစ်ကလေးတွေပါပါတယ် ဖန်ခါးသီးကတော့ လုံးချောပါ ဂေါ်လီလုံးလေးတွေလိုပေါ့) နှစ်မျိုးစလုံးကတော့ အစိမ်းစားပြီးရေသောက်ရင် ချိုပါတယ်။ ရှင်းတယ်နော် ခိခိ

ဒါကတော့ တီ့အကြိုက် မပါမဖြစ်သရက်သီးပါ ယိုးဒယားမှာ တခုကောင်းတာက အဲ့ဒီလို အသီးတော်တော်များများက တနှစ်ပတ်လုံးရနေတာပါ (အင်အော်ဂန်နစ်တွေပေါ့) ထားပါ စားရပြီးတာပဲ မှလား

မြန်မာပြည်မှာနေတုံးက နွေဦးရောက်တိုင်းဈေးထဲမှာ သရက်သီးသည်နဲ့ ရန်ဖြစ်ရတာ ကိုမှတ်မိသေးတယ်
တီက မဝယ်ပဲလဲမနေနိုင်ဘူး စားချင်တာကိုး ကိုယ်ဝန်ဆောင် မိန်းမတွေထက်တောင် ဆိုးသေး သရက်သီးလေးတွေကလဲပေါ်ခါစဆိုရင် ရင်ကွဲသေးသေးလေး ကိုတောင် တလုံး ၂၀၀ တွေဘာတွေပေးရတာ အဲ့တော့ တီက ဈေးသည်နဲ့ ရန်ဖြစ်တာပေါ့ မရှက်ပါဘူး သူတို့က မတရားတောင်းတာကိုနော့

ခုတော့ ကြိုက်သလောက်ကြိုက်တဲ့အချိန်ဝယ်စားမယ် ဒါပဲ….သရက်သီးကလဲ နှစ်မျိုးပါ ထောင်နေတဲ့အလုံးလိုက်က အချိုပါ တီကတော့ သိပ်မကြိုက်ပါဘူး အိမ်သား(အိမ်သူမဟုတ်ပါ) က ကြိုက်လို့ အမြဲထည့်ဝယ်တာပါ
တီ့အကြိုက် က ပြားပြားလေးတွေလှီးထားတဲ့ အချဉ်သီးပါစိတ်ကူးပေါက်ရင် ငံပြာရည်နဲ့ ငရုတ်သီးမှုန့် စပ်စပ်ကလေးဖြူးပြီး စားပါသေးတယ် (ခုတောင် စာရေးရင်း သွားရည်တွေကျနေလို့ သုတ်ရသေးတယ်)

ကဲထမင်းလဲစားပြီးပြီ အချိုလဲတည်းပြီးပြီ ဘာလိုသေးလဲ
ခဏနားပါတယ်
နားနားပြီးစားလို့ အဆိုရှိတယ်မှလား? နော့
ကဲ နားလို့ဝပြီလား အဲ့တာဆို လာပြီ နောက်ဆက်တွဲ

ကဲကြည့်လိုက်ကြပါအုံး တီကအမြဲ ဘာပဲ စားစား အဲ့လို လှလှလေးလဲ တခါတလေ စိတ်ကူးပေါက်ရင် ပြင်ပြီးမှစားပါတယ် မြင်ရတဲ့အတိုင်း ပန်းကန်ပြားထဲမှာ လှလှလေးပြင်ဆင်ထားတာကတော့ (မသုပ်မှီပုံ) လက်ဖက်ပွဲပါ မြင်တဲ့အတိုင်းပဲ ကလောစ်ဝိုက်အတိုင်း clockwise(နာရီလက်တံလည်သကဲ့သို့) လက်ဖက်၊ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ သံပရာသီးစိပ်၊ ဂေါ်ဖီထုပ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ နဲ့ ပုစွန်ခြောက် အလယ်ကတော့ ခုနက မင်းသမီးတွေနဲ့ ပတ်လည်တွဲတဲ့ မင်းသား အကြော်စုံပါ

အမှန်ကတော့ ပြင်မယ့်သာပြင်နေတာပါ နောက်ဆုံးတော့လဲ ဗိုက်ထဲရောက်ရမှာပါပဲ ခုလိုပေါ့ မရောက်ခင်တော့ အရင်ဆုံး ဇလုံထဲရောက်ပါမယ်
အကုန်ရောထည့်လိုက်ပြီး ဆီ ဆား အချိုမှုန့် နဲ့ သံပရာသီးလေးညစ်ပြီးချဉ်ချဉ်စပ်စပ်လေးနယ်ပါမယ် အပေါ့ အငံ လိုရင် ငံပြာရည် နည်းနည်းထည့်ခွင့်ပြုပါတယ်
ပြီးရင်တော့ ပန်းကန်လေးထဲမှာ ပုံထည့်ပြီးအတင်းတုတ်ရင်း စားမှာပေါ့နော်

ဒီလိုပါ ဘေးက ဟာတွေက ဘာလဲမမေးပါနဲ့ မနေ့ က ဝယ်လာတဲ့ တို့စရာအကျန် မျှစ်နဲ့ ကြောင်လျှာသီးလေးတွေပါ ဟိဟိ

တီက ကြောင်လျှာသီးတော့ အသေကြိုက်ပါတယ် အဲ့တော့ တည့်တည့်မတည့်တည့် ထည့်စားတယ်ဟယ် ဘာလုပ်ချင်လဲ? သေချာ ကိုဘေးမှာ ပုံပြီးတော့ကိုစားတာနော် လှလှလေးလဲ စီလိုက်သေးတယ်
နောက်တော့လဲ ဗိုက်ထဲရောက်မှာ ကိုပဲ နော့
သြော်အရေးကြီးတာ ကျန်တော့မလို့ လက်ဖက်နဲ့ တွဲဖို့
နန်းညီ “ရေနွေး” မမေ့နဲ့ဦးနော် (ဟင်းဟင်း)
ကဲ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး အောက်မှာ ကျန်ပါသေးတယ်
နောက်ဆုံးအိပ်ခါနီး အစာပိတ်ပါ ကော်ဖီနဲ့ ပေါင်မုန့် မီးကင်လေးပါ
ဘေးမှာ Peanut butter လဲပါပါသေးတယ် ဟိုတနေ့ က ရုပ်ရှင်ထဲမှာ မင်းသမီး က စားတာတွေ့လို့ သွားဝယ်လာစားပါတယ် ကိုယ်လဲ မင်းသမီးပဲလေနော့ အဖေ့နာမည်က ဦးမင်းတဲ့ ဟိ
ကော်ဖီကတော့ တီ့အကြိုက် ပရီ…………မီ……….ယား (ဖြူဖြူကျော်သိန်း အသံဖြင့် အော်၍ဖတ်ရန်)
တူးပလပ်စ် ဝမ်းပါ ၃ အင် ၁ တွေမကြိုက်တတ်ပါဘူး
မရရင် fresh brew သောက်ပါတယ်
ကျန်ပါသေးတယ်
မပြီးသေးပါဘူး
နောက်ဆုံးပါပဲ
အားယားနေလို့ပါ ဆော့ကြည့်တာ strawberry jam တွေပါ
မနက် ၅ နာရီ ကျော်ပြီ ဒေါ်သစ်ပေးတဲ့ ဒုက္ခ
အိပ်တော့မယ်
အားလုံးကို သိပ်သိပ်သိပ် ချစ်ပါတယ်နော်
လာစားကြ
(မှတ်ချက် မနေ့က ဘလောခ် လူ ၂၀၀ ကျော်ဝင်၍ ပျော်ပါသည်
ကဗျာတွေ စာတွေရေးတာထက် ဟင်းချက်တာကို လူတွေပိုအားပေးကြတယ်ထင်ပါ့
နန်းမတော် မိမိချမ်း ထက် ပုသိမ် ဒေါ်ချမ်း ကို ပိုကြိုက်ကြတယ်ပေါ့လေနော့)

တညလုံးအိပ်ရေးပျက်၍ မလှမပ ဖြစ်နေသော်လည်း
ကပိုကယိုချစ်စရာကောင်းနေသေးသော မိမိချမ်း
၅း၁၅ နာရီ
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့
စနေ
ဘန်ကောက်မြို့
နေအိမ်