ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ….ငှဲငှဲငှဲ…….(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး………(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။

ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်……

ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း…..ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့……………. (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်….ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။

ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။

ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ… အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။

ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။

ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

မှိုငရုတ်ပွပြုတ်ကြော် နဲ့ ဝက်သားပြုတ်ကြော်

့အစကတော့ အေးဆေးသက်သာမှ ပိုစ့် ကို သေချာရေးမယ်ဆိုပြီး ပုံတွေ တင်ထားတာ။ ခုတော့ လုပ်စရာမရှိတာနဲ့ ရေးလိုက်တယ်။ တလောက ချက်စားတာပါ ပုံမှာ ဒိတ်ကြည့်ရင် သိလိမ့်မယ် ဝက်သားကတော့ မနက်ကတောင် စားခဲ့သေးတယ် မကုန်သေးဘူး။ ရေခဲသေတ္တာ (သိပ်မသစ်) ထဲမှာ ခဲထားတာ။ ဟိဟိ။

ဒီလိုလေ အစက သေချာရေးမယ် ဆိုတာ မင်းင်္သိခ လိုလို တနေ့သော အခါ မြေလတ်မြို့တနေရာဝယ်ကနေစရမလား ဆရာကြီး ရွှေဥဒေါင်း လို မိုးရွာပြီးစ မြေသင်းနံ့ကလေးနဲ့ စရမလား သော်တာဆွေလို ကျတော် မြင်းလှည်းမောင်းတဲ့အချိန်က နဲ့ စရမလား…ကိုတာရာလို တေးသွားများပျံလွင့်လာသည် နဲ့ စရမလား မင်းခိုက်စိုးစံ လိုမြူမှုန်များ ကျလာသော အကာလ ညအခါဝယ်နဲ့ စရမလား….စသဖြင့်ပေါ့ တွေးနေတာနဲ့ ကြာနေတာ အဲ့တာနဲ့ ပဲ အန်တီချမ်း လိုပဲ အစကတော့ နဲ့ စလိုက်တယ် ပြီးရော…ဘာမှသေချာမချက်စားဖြစ်တာလဲ ကြာပါပြီ စာလဲကောင်းကောင်းမရေးဖြစ်တာကြာပြီ ဘာမှသေချာမလုပ်ချင်ဘူးဖြစ်နေတယ် တနှစ်မှာ ၃ခါလောက် တခါကို ၄ လလောက် အဲ့လိုပဲ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်လေနေတတ်တယ်…..တလောက ညဘက်ကြီး မနက်ပေါ့ ၃ နာရီလောက် ပန်းဈေး ကိုသွားတယ်(နန်းတော် မြဘုရားနားမှာ) ပန်းဈေးကနေ ဆက်သွားရင် အသီးအရွက်တွေ ဘာတွေ လက်လီလက်ကားရောင်းတဲ့နေရာရှိတယ် အများစုက အင်ပိုထ့်တွေပါ ကိုက်လန်တို့ မှုန်ညှင်းတို့ ထိုင်ဝမ်ဘက်ကလာတာတွေရောင်းတယ် မှိုလဲပေါပေါရတယ် ကီလိုလိုက် ဆိုရင် စားပါလေ့ပဲ
တခါတခါ စိတ်ကူးပေါက်ရင် ညဘက် အဲ့ကိုသွားတတ်တယ်။ အဲ့နေ့ကလဲ ရောက်တော့ မှိုတွေ တွေ့တာနဲ့ဝယ်လာဖြစ်တယ် ဆိုက် နှစ်ဆိုက် ကီလိုဝက်ဆီ (နောက်နေ့ကျတော့ ရေခဲသေတ္တာ၉ သိပ်မသစ်)ထဲထည့်ထားတာတောင် အရည်တွေထွက်ပြီးမဲကုန်တယ် မှိုတွေက ဆေးပြီးရောင်းတာလေ…ထားတော့ နောက် ပန်းငရုတ်တွေ တွေ့တာနဲ့မောင်က ကြော်စားချင်တယ်ဆိုပြီး ဝယ်လာတယ် ကိုယ်ကတော့ မကြိုက် ငရုတ်ပွတော့စားတယ်….

နောက်နေ့ကျတော့ ပန်းငရုတ်နဲ့ မှို ကိုရောကြော်မယ်တဲ့ ကိုယ်က မှို ကိုကြော်ချက်ကလေးစားချင်တာနဲ့ငရုတ်သီးစိမ်းထည့်ခိုင်းတယ် ငရုတ်သီးစိမ်းလဲ အဲ့ကနေပဲ ဝယ်တာ ဘတ် ၂၀ ဖိုး ကို တအိတ်ကြီးရတယ်….မောင့်ကိုတောင် ပြောဖြစ်သေးတယ် အဲ့ကနေ ကီလိုလိုက်ဝယ်ပြီး ကိုယ်တို့နားမှာ ဘန်းလေးနဲ့ ပြန်ထိုင်ရောင်းရင်တောင် တော်တော်မြတ်မယ်လို့ကိုယ်တို့နားက ဈေးလေးက နည်းနည်းဈေးကြီးတယ်။ထားပါတော့ ပြောရင်းနဲ့ တီချမ်းထုံးစံ ဘေးရောက်ပြန်ပြီ….

ကဲကဲ ပထမဆုံး ပန်းငရုတ်သီးတွေကို ဓါးစောင်းလေးလှီးထားပါမယ်။ တည့်တည့်လှီးလဲ ရပါတယ်။ တစောင်းလေးလှီးတော့ ပိုလှတာပေါ့။ (ပြောဖူးတယ်လေ ဖြစ်ကတတ်ဆန်းချက်ရအောင် မိန်းမလဲ မဟုတ်ဘူးလို့ ဟိ) ဘေးက ပုံ ၂ ကတော့ မှို ကိုရေးဆေးပြီး စစ်ထားတာပါ ပုံ ၃ ကတော့ ငရုတ်သီးပု ကို ဓါးပြားဖိ ထားပါမယ်။ ကြော်ရင် ထည့်ဖို့ ပါ။

ပုံ ၄ ၅ ၆ မှာ ပြထားတဲ့ အတိုင်း ပထမဆုံးဆီပူလာရင် ငရုတ်ပုသီး တွေကို ထည့်ကြော်ပါမယ် မွှေးလာပြီဆိုရင်တော့ ပန်းငရုတ်အလှည့်ပါ။ ပန်းငရုတ်လေးတွေ နည်းနည်းလေးနွမ်းပြီးဆိုရင် အောက် ကိုဆက်ကြည့်ပါ။

ပုံ ၇ အရ မှိုထည့်ပါမယ် ပြီးရင် နည်းနည်းလေး မွှေးလာအောင် ကြော်ပေးပါမယ်။ နောက်တော့ ရေလေးပါလေကာလောက်ထပ်ထည့်ပြီး ခဏ တည်ပေးပါတယ် ကြော်ချက် လုပ်တဲ့ သဘောပါ။ ရေခမ်းပြီးဆိုရင်တော့ ရပါပြီ။ ပန်းငရုတ်မှိုကြော်ချက်လေးပါ။

တွေ့တဲ့ အတိုင်း တီချမ်း မိုတိုထဲကလို လွယ်ကူမြန်ဆန် ရသာမှန် ပန်းငရုတ်မှို ကြော်ချက်လေးပေါ့။ ဘေးကတော့ ဝက်သား ပြုတ်ကြော်ပါ။ လွယ်လွန်လွန်းလို့ နည်းတောင် အဆင့်ဆင့် မပြတော့ပါဘူး။ ပြောပဲပြောလိုက်မယ် တီချမ်းစာဘတ်သူဆိုရင် လူလည်ချည်းပဲပေါ့နော့။ ဝက်သား ကိုရေဆေးပြီးတော့ အနေတော်လေး ကိုယ်လိုချင်တဲ့ အရွယ်အတုံးတုံးပါ။ နောက်တော့ ဆား အချိုမှုန့် ပဲငံပြာရည်အကြည့် အနည်းငယ် နယ်ပြီး ခဏနပ် ထားပါ။ ပြီးရင်တော့ ဆီပူလေးထဲမှာ လုံးလိုက်ပါ။ ကျက်ပြီဆိုရင် ရေ ကိုအသားဖုံးရုံထည့် ပြီး ရေခမ်းတည်လိုက်ရင် ဝက်သားပြုတ်ကြော် ရပြီပေါ့။ နလံထစ လူမမာတွေအတွက်လဲ ဝက်သား ကြက်သား အမဲသား စတာတွေနဲ့ ကြိုက်နှစ်သက်ရာ လုပ်ပေးလို့ ရပါတယ်။ ထမင်းပူပူလေး ကိုဆီလေးဆမ်း၊ ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ရွှေလင်ဘမ်း မလိုပါဘူးနော်။ ဖိုးလမင်းကြီးတောင် ဆင်းလာလုစား လိမ့်အုံးမယ်။

ဘေးက ဆတ်သားခြောက်အမွကြော်ပါ ချစ်သူငယ်ချင်းအမေ လုပ်ပေးလိုက်တာ ကောင်းမှကောင်း။ တခါတလေ ဘာမှမရှိရင် ဖြစ်ဖြစ် ပျင်းနေရင်ဖြစ်ဖြစ် အဲ့လိုပဲ စားလိုက်တယ် လွယ်လို့

ဒီမှာ ခုနက ပြောထားသလို ဆားလေးနဲ့ ဆီလေးဆမ်းပြီးနယ်ထားတာပါ မှိုက ပါတယ်ဆိုရုံပဲ ထည့်စားတာ အဓိက က ခုနက ပြောသလို ဝက်သားပြုတ်ကြော်လေး ကိုထမင်းပူပူလေးနဲ့ စားချင်တာ တခါတခါ ကိုယ်စားချင်တာကိုလုပ်စားရတာ အင်မတန်မှကို အရသာရှိပါတယ် ဟင်းချက်ပျင်းတဲ့ ဒေါ်ရီတာ တို့ မမကွမ်တို့တော့ ငတ်တာပေါ့အေ………….

ဒါတွေကတော့ ဘောနပ်စ်ပါ

ပုံ၁ က မြန်မာပြည်က ပြန်လာတုံးက သူငယ်ချင်းထမင်းဆိုင် (နောက်မှ သပ်သပ်ကြော်ညာပေးအုံးမယ်) ကနေဝယ်လာတဲ့ ရခိုင်ငပိထောင်းစစ်စစ်ပါ။ ဘူးလိုက် ဝယ်လာလိုက်တယ် ပြီးရော သူကရှယ်ထောင်းပေးလိုက်ရှာတာပါ (ကျေးဇူးအထူး) ဘူးလေးနဲ့ ရေခဲသေတ္တာ (သိပ်မသစ်တော့)ထဲမှာ ထည့်ထားရင် ၂ လ ၃ လ လောက်အထိ အထားခံတယ်လို့ ပြောပါတယ်။
ဘေးက ပုံ ၂ နဲ့ ၃ ကတော့ တိုးစားဖို့ သခွားသီး နုနုလေးတွေနဲ့ ဝက်ခေါက်ပါ။ ဒီမှာ သခွားသီး အသေးမျိုးထင်တယ် အမြဲရတယ် ကိုယ်ကလဲသိပ်ကြိုက်တာနဲ့ တော့ အတော်ပါပဲ။ ဝက်ခေါက်လေးကလဲ ငပိထောင်း နဲ့ ကော်စားရင် ရှယ်ရှယ့်ရှယ်

ဒါတွေကလဲ နောက်ဆက်တွဲ ဘောနပ်စ်တွေပါ မြန်မာပြည်ကပြန်လာတုံးက သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် တဘက်သတ် ကိုယ်ကကြိုက်နေ ရဲ့ မိန်းမ လုပ်ပေးလိုက်တဲ့ ငါးဖယ်ကြော်ပါ (မဝေ ကျေးဇူးနော် ခိစ်) သုပ်စားတာ အရင် ဝက်သားချဉ် သုပ်သလိုပဲ ရှမ်း လိုသုပ်လိုက်တယ်။ ကြက်သွန်နီ ပါးပါး ငရုတ်သီး စိမ်းပါးပါး နဲ့ သံပရာသီးလေးညစ် ဆား အချိုမှုန့်လေး ခတ် လိုက်ရင် ရှယ်ပဲပေါ့ အအီလဲပြေတယ် ငါးဖယ် က ကိုယ်တိုင် လုပ် အစစ် ဆိုတော့ စားရတာ ဆတ်တောက်တောက် နဲ့ တယ်အရသာရှိ

နောက်တပုံကတော့ တလောက လုပ်စားတဲ့ နန်းကြီးသုပ် ပါ အိမ်ဖော်တွေ ကို ပွဲကြီး လုပ်ပြီး သွားကျွေးတာ ကို ရိုက်ထားတာ ပိုစ့်ကတော့ အရင်က ဒီမှာ တင်ပြီးသားဖြစ်တဲ့ အတွက် ချက်နည်း ကို ပြန်မရေးတော့ဘူး
ပြောထားတယ်လေ ဘောနပ်စ် ပါဆို………………….

ခဏနေရင် ကူမင်း သွားတော့မှာပါ မနေ့ ကပြန်လာကတည်းက အိပ်လိုက်တာ ည ၂ နာရီမှာ ပြန်နိုးလာလို့ မောင်က အင်္ကျီတွေ ပြင်ပေးနေတာ ခရီးသွားဖို့ အဲ့တာနဲ့ ၂ နာရီ ကျတော့ သူငယ်ချင်းတယောက်ကို ဖုန်းဆက် အပြင်ထွက် မုန့်စား (ည ၂ နာရီ ပါ ဟုတ်ကဲ့) ပြန်လာကတည်းက ပိုစ့်တွေ စကက်ဂျူး နဲ့ တင်နေလိုက်တာ ၈ ရက်နေ့ လား ၉ ရက်နေ့လားအထိ မသိဘူး ရှိတယ်။
ခုတော့ ၆ နာရီ ခွဲပြီ ၈ နာရီခွဲလောက်ကျရင် လေဆိပ် ဆင်းမှာ ကော်ဖီသောက် လိုက်အုံးမယ် နော်…ပြီး မှ မောင်ထည့်ပေးထားတဲ့ အိပ်ကို ပြန်စစ်ကြည့်ရမယ် နောက် ဘတ်စရာ စာအုပ်လေးဘာလေးပြင်မယ်
နောက် ဝယ်စရာ တရုတ် ဝတ္ထု စာရင်းလုပ်ရမယ်
အခွေစာရင်းလုပ်ရမယ်….

A Chen
6:39 AM
31st march 2011
Thursday
Home
Bangkok

တောင်းဆိုမှုများ နဲ့ ဝက်သားမှို

ဟင်းမချက်တာ ကြာပါပြီ၊ နေမကောင်းတာလဲ ပါပါတယ်။ ခုတလောတော့ ဖွယ်ဖွယ်ရာရာလေး မစားရတာ ကြာတာရယ် လူကလဲ ခံတွင်းတောင်းတာရယ် ကြောင့် တနေ့ က တခုခု ချက်စားကြမယ် စဉ်းစားပါတယ်။ ရေခဲသေတ္တာ (အသစ်) ထဲ ဘာရှိသလဲ ကြည့်တော့ ဝက်သား သုံးထပ်သား (ပါရာဂွမ် က ဝယ်လာတာရယ်) ဝက်ချင်း တတွဲရယ် တွေ့တာနဲ့ ဝက်သားမှို ချက်စားဖို့ အကြံရပါတယ်။ အရင်ကလဲ ကြက်သားမှို ချက်ဖူးပါတယ် ဒီမှာ ကြည့်ပါ။ နောက်တခုက အန်တီချမ်း ကိုဆိုရင် လူတွေက ဟင်းချက်တာနဲ့ပဲ တွဲမြင်နေကြပါတယ် တကယ်က ကိုယ်ချက်တတ်တာက မီးဖိုချောင် မလုလု တို့၊ တီတီဆွီ တို့ ၊ ရသာချို တို့ လောက်တောင် မချက်တတ်ပါဘူး။ ဒါပေမယ့် ကိုယ် က ပုံလှလှလေးတွေ နဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တင်တတ်လို့ ဖြစ်မယ် လူတွေ က ကြိုက်ကြတယ် (ကိုယ်ထင်တာပါ တောင်းဆိုတာကလဲ ဟင်းချက်ပါလို့ ချည်းပြောကြတာကိုးနော်) အဲ့တာနဲ့ပဲ ချက်ရပြန်ပါတယ်။ တီချမ်းကတော့ ဘာပဲ ချက်ချက် တီ့ မိုတို ဖြစ်တဲ့ “လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ” နဲ့ညီအောင် ချက်ပါတယ်။ လိုက်ချက်ရလွယ်အောင်လဲ ပုံလှလှလေးတွေ နဲ့ သေချာ တင်ပေးပါတယ်။ ကဲ အပြောနဲ့ အလုပ် ညီရဲ့လား လို့ ကြည့်လိုက်ကြရအောင်နော်။

ပထမဆုံး ဝက်သား နဲ့ ဝက်ချင်း ကို ရေစင်စင်ဆေးပြီး ဆားအချိုမှုန့် တို့ နဲ့ နယ်ထားပါတယ် မောင်က ငြီမှာ စိုးလို့ ဆိုပြီး နနွင်း နည်းနည်း ပါ ထည့်နယ် လိုက်ပါသေးတယ် တီံ သဘော အရတော့ တရုတ်ချက် ချက်မှာ ဖြစ်တဲ့ အတွက် နနွင်း ကိုမသုံးလိုပါဘူး နည်းနည်း အော်လိုက်ပါသေးတယ် မောင့် ကို (အသုံး ကိုမကျဘူးဆိုပြီးတော့ ချစ်စနိုးနဲ့) ပြီးရင် ဘေးမှာ ပြထားတဲ့ မှိုခြောက်ကို ရေနွေး ဆူဆူနဲ့ စိမ်ပါမယ် မှိုခြောက်တွေ စိုပြီး ပွလာပြီဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ပါမယ် မှို နည်းနေရင် လေးပိုင်းညှင် လဲရပါတယ် တီကတော့ ကိုက်ကိုက်စားရတာ ကြိုက်တဲ့ အတွက် ၂ ပိုင်းပဲညှပ်လိုက်ပါတယ်


ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း မင်းသားနဲ့ မင်းသမီး ကိုရောသမကြိတ်ထားပါမယ် ပြီးရင် ဆီအိုးကို မီးပူပေါ်မှာ ပူလာအောင် တည်ပါမယ် (သိလ္လာစိုး လေသံအတိုင်းပေါ့နော်) ဆီ ကိုအိုးထဲထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ဒီဟင်းရဲ့ အဓိက အခရာဖြစ်တဲ့ သကြား (ဟုတ်ကဲ့ ရှုးဂါးပါ) ကိုတခါထဲထည့်ပြီး တော့ ဆီမပူလာခင်မွှေပေးနေပါ။ ဆီတဖြည်းဖြည်းပူလာတာနဲ့အမျှ သကြားတွေက မည်းပြီး တခုနဲ့ တခု ကပ်လာပါမယ် ပြစ်ခဲခဲ ဖြစ်လာပါမယ် ကိစ္စမရှိပါဘူး ဆက်မွှေပါ။ နောက်တော့ ခုနက ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီ ကို ခုနက သကြားဆီသတ်ထဲထည့်ပြီး ဆက်လက် ဆီသတ်ပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဝက်သား နဲ့ ဝက်ချင်းကိုတူတူ ထည့်ပြီး လုံးပါမယ် ရေမထည့်ပါနဲ့အုံး ဝက်က ရေနဲ့ဆီထွက်အုံးမှာဖြစ်တဲ့အတွက် ဝက်သားဆီနဲ့ဝက်သားကြော်ရပါအုံး မယ် ဒုတိယပုံနဲ့ တတိယပုံမှာ ပြထားတဲ့အတိုင်း ဆီပျံပြီး မွှေးလာတဲ့ အထိ ကြော်ပေးရပါမယ် ဝက်သားက ဆီတော်တော်ထွက်ပြီဆိုမှ နောက်တပုံမှာ ပြထားတဲ့ အတိုင်း ခုနက ရေနွေးနဲ့စိမ်ပြီး ညှပ်ထားတဲ့ မှိုခြောက် တွေထည့်ပြီး ထပ်လုံးပါမယ် ဒီအချိန်မှာ လိုအပ်တဲ့ ဆား အချိုမှုန့်တွေ ထည့်ပါမယ် တီက ခရုဆီ ပါနည်းနည်းထည့်လိုက်ပါသေးတယ် မွှေးအောင်ပေါ့ (အမှန်ကတော့ ရှည်တာပါ) တရုတ်ပဲ ငံပြာရည် အကြည်နည်းနည်းခပ်လိုက်လဲရပါတယ် အနံ့ကလေး မွှေးနေအောင်ပါ။ ပြီးရင် ခုနက ပြောထားသလိုပဲ မွှေးလာတဲ့အထိ ဆီပျံပါစေ။ မတူးအောင်တော့ သတိထားပြီး အိုးကို ခဏခဏ မွှေပေးနေပါ။ လုံးလိုက်လှည့်လိုက်ပေါ့၊

ပြီးရင် တော့ အောက်မှာပြထားတဲ့အတိုင်း ခုနက မှိုရောပြီးလို့ ဆီပျံပြီး မွှေးလာပြီဆိုရင် ဝက်သားနဲ့ မှိုမြုပ်ရုံ ရေထည့်လိုက်ပါမယ်။ ပြီးရင် ဘေးကပုံတွေ မှာ ပြထားတဲ့ အတိုင်း ရေခန်းတဲ့အထိ နောက်တဆီပျံလာတဲ့ အထိ တည်ပေးလိုက်ရင် မွှေးကြိုင်ပြီး စားချင်စဖွယ် အရသာရှိလှတဲ့ ဝက်သားမှို တရုတ်ချက်တခွက် ကိုရပါပြီ။ သကြားတွေရော ဆီတွေရော ဝက်သားတွေ ကော အကုန်အအီစာတွေချည်းပဲဖြစ်နေတဲ့ အတွက် အအီပြေ အချဉ်လေးတခုခုထပ်လုပ်ဖို့ လိုပါမယ်

အအီပြေအချဉ်အတွက်ကတော့ သိပ်လွယ်ပါတယ် (တီ့မိုတိုအတိုင်းပေါ့နော်) ကြက်သွန်နီလေးတွေ ကို ပါးပါးလှီး ပြီး ရေစင်စင် ညစ်ထားပါမယ် နောက် ငရုတ်သီး စိမ်း နံနံပင်လေးတွေ ပါးပါးလှီးပြီး ဆားအချိုမှုန့် သံပရာသီး တို့နဲ့ ရောနယ်ပါမယ် ခုနက ဝက်သားမှိုနဲ့ အင်မတန်လိုက်ဘက်တဲ့ တရုတ်ကြက်သွန်ချဉ်သုပ်ပါ (အရင် တီဝက်သားချဉ် သုပ်နေကျအတိုင်းပါပဲ ဝက်သားချဉ်ပါတာနဲ့မပါတာဘဲကွာတာပါ) ပုစွန်ချဉ် ကိုလဲဒီအတိုင်း သုပ်စားလို့ရပါတယ် မြန်မာ သုပ်နဲ့ ကွာတာက ဆီမပါတာပါ

သို့သော်လည်း ကိုယ်ကတရုတ်မဖြစ်ပေမယ့် မောင်က မြန်မာ ဖြစ်တဲ့အတွက် ကွန်ပရောမိုက်စ်အနေနဲ့ နောက်တမျိုးသုပ်ပါသေးတယ် ကိုယ်ကြိုက်ရာစားကြေးပေါ့နော်

ဒါကတော့ မောင့်ရဲ့ ကြက်သွန်သုပ်ပါ ကြက်သွန် ကို ပါးပါးလှီး ပြီး ရေဆေး ညစ်ထားတာ အပေါ် ကို ငရုတ်သီး စိမ်း ပါးပါးလှီး၊ ပဲမှုန့် အကြက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး အကြက်မှုန့် နည်းနည်းရယ် နောက်ပြီးတော့ မန်းကျည်းရည် အနှစ် အနည်းငယ်ရယ်ထဲ့ပါမယ်။ ပြီးတော့ မင်းသား နဲ့ မင်းသမီး ဖြစ်တဲ့ အချိုမှုန့် နဲ့ ဆား ထည့်ပါမယ်။ နောက် ကြက်သွန်ဖြုနီ ဆီချက် ကြိုက်နှစ်သက်ရာ ထည့်ပါမယ် အသင့်မရှိရင် ရိုးရိုးဆီ စိမ်း ကို ပူအောင် ချက်ပြီးထည့်လဲ ရပါတယ်။ ပြီးရင်တော့ လက်နဲ့ နယ်ဖတ်လိုက်ရင် စားချင်စဖွယ် ဗမာ ကြက်သွန်နီသုပ် ကိုရပါပြီ။ လက်နဲ့ နယ်တဲ့ အခါမှာ တခုသတိထားရမှာက ဖွဖွလေးနယ်ဖို့ပါပဲ မဟုတ်ရင် ပြဲသွားဖွယ်ရှိပါတယ်။ နောက် ရှောက်သီးစိတ်လေးတွေ ခွာထားတာ ရှိလို့ထည့်လိုက်မယ်ဆိုရင်တော့ ရှောက်သီးသုပ်ဖြစ်သွားတာပေါ့။ တီချမ်းရဲ့ ဟင်းချက်နည်း တွေ ရဲ့ မိုတို အတိုင်း “လွယ်ကောင်းသက်သာ မြန်ဆန် အရသာရှိ” ပါပဲ။

ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ထမင်းပူပူလေးပေါ်မှာ ဟင်းလေးတွေ နယ်ဘတ်ပြီး ငပိကြော် အချဉ်သုပ်တို့နဲ့ လွေးလိုက်ရင်တော့ ဖြင့် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းတွေ ဘာညာတွေ တီချမ်း တွေ မောင်တွေ အကုန်မေ့ပြီးတော့ လျှာပေါ်မှာ ဆိမ့် ငြိမ့်ငြိမ့်လေး ဖြစ်သွားတော့တာပါပဲလေ။ တီကတော့ အငံပိုကြိုက်တဲ့ အတွက် ထမင်း ကို ဆားလေး နည်းနည်း ဖြူးပြီးတော့ မှ ဆီနဲ့ ထပ်နယ်ပြီး စားတာပါ ဂျပန်လိုပြောရရင်တော့ ဗဲရီးဗဲရီး အိုအိရှိပါပဲ

ဒါလေးတွေကတော့ ထမင်းစားပြီး အချိုတည်း ရအောင် သခွားမွှေးနဲ့ နာနတ်သီးပါ သုံးဆောင်ကြပါအုံးနော်
ဘန်ကောက်မှာနေရတာ တခုကောင်းတာကတော့ အသီးမျိုးစုံ ရာသီပတ်လုံး ကောင်းကောင်းရတာပါပဲ သခွားမွှေး ကိုတော့ သူ့အတိုင်းပဲစားတာပါ နာနတ်သီးလေးကိုတော့ ပျားရည်လေးဆမ်းပြီး ငရုတ်သီးနဲ့ ဆားနယ် လေးရယ် နဲ့ တို့တို့ ပြီးတော့ စားလိုက်တာပါပဲ

ဟင်း………………………ခေါင်း…မှ…ခေါင်း………………………..

A Chen
4:45 AM
18th Jan 2011
Tuesday
Bangkok
Home

တ…တရုတ်အစားပုတ်…

ပြီးခဲ့တဲ့ စနေက ရန်ကုန်ကနေရောက်နေတဲ့ သူငယ်ချင်းတယောက်ကို ဂျပန်စာ လိုက်ကျွေးပါတယ်။ အိမ်နားက အဝတ်တွေ ရောင်းတဲ့ platinum ပလာဇာမှာပါ (အရင်မောင်နဲ့ စားနေကြ ဖူဂျီ ဂျပန်ဆိုင်ပါပဲ မှာတာတွေကလဲ အရင်ကတွေနဲ့ ထူးမခြားနားဆိုတော့ Data redundancy ကိုပူပင်လို့ ပုံတွေ ထပ်မတင်တော့ပါ ဟိဟိ) စားပြီးတော့ ဘေးနားက ကွန်ပျူတာ စီးတီး ပန်တစ် ပလာဇာ ကို သွားပါတယ် မရောက်တာကြာလို့ ဘာတွေ အသစ်ပေါ်လဲသွားကြည့်တာပါ။ ရောက်တတ်ရာရာပေါ့ …..ပထမဆုံး ပုံလေးကို ကြည့်ပါ အနှိပ်စက်ကလေးပါ ယူအက်စ်ပီ နဲ့ ဆက်လိုက်ရင် ကွန်ပျူတာကနေတဆင့် သုံးလို့ရပါတယ်။ ကွန်ပျူတာ သုံးနေရင်းအညောင်းအညာပြေ နှိပ်လို့ရအောင်ပေါ့ ထွင်တတ်လိုက်ကြတာလို့ တွေးရင် နည်းပညာ တိုးတက်မှု ကို အားပေးကူညီ တဲ့အနေနဲ့ တခု ဝယ်လိုက်ပါတယ် (ခိစ်………………၁)
ဘေးက ပုံလေးကတော့ ကွန်ပျူတာ (၁) SONY VAIO ၁၅ လက်မ နဲ့ မောင်ပါ မောင်ဆိုတာက လက်ရှိရည်းစားဖြစ်ပြီးတော့ ဒီနေရာမှာ ဆိုလိုတဲ့ကွန်ပျူတာ ဆိုတာကတော့ အရင် ရည်းစား လက်ဆောင်ဝယ်ပေးထားတာပါ ကပ်ကြွား မောင်နဲ့ တွဲပြထားတာက နှစ်ထပ်ကြွား ဒီလိုတော်တာနော် သူများသားသမီးတွေများ မကြုံကြုံအောင်ကို ကြွားတတ်တာ ဒေါ်သစ်ဆီက သေချာသင်ထားတာ (ခိစ်……………၂)

ပုံ-၃ ပန်တစ်ပလာဇာထဲလျောက်ကြည့်နေရင်းနဲ့ မရည်ရွယ်ပဲ အသေးသုံး ကွန်ပျူတာလေးတလုံး ထသွားထလာ ခရီးသွားရင် သုံးရအောင် ဝယ်ဖြစ်သွားတယ် နက်ဘွတ်ခ်ဆိုလား ဘာလားပဲ samsung ကထုတ်တာ နောက်ဆုံးမော်ဒယ်လေးပဲ လှကလှနဲ့ ဝယ်လိုက်မိတယ် စကရင်က ၁၀.၁ လက်မ မက်တယ်လစ်အပြာလေးပေါ့ နောက်ပုံ-၄ မှာကြည့်ပါ လက်ရှိသုံးနေတဲ့ SONY VAIO ၁၃လက်မ နဲ့ တူတူယှဉ်ပြထားတယ် ကဲခုတော့ ဒေါ်ချမ်းတယောက် လက်ရှိသုံးနေတဲ့ တလုံးရယ် အရင်က ရည်းစား အမ်းထားတဲ့ တလုံးရယ် အသစ်ဝယ်လိုက်တဲ့ တလုံးရယ် ဆိုတော့ ၁-၂-၃ စုစုပေါင်း သုံးလုံးဖြစ်သွားပြီပေါ့ အဟစ်အဟစ်အဟစ် vaio က နှစ်လုံး samsung က တလုံး ကဲပါ စိတ်မရှိပါနဲ့ လုပ်စရာမရှိလို့ကြွားတယ်ပဲမှတ်ပါ (ခိစ်…………………၃)ဆက်ဘတ်………………..ဆက်ဘတ် …………………(ခိစ်………………၄)

ကဲကဲ ကြွားချင်တာလေးတွေကို မဆိုင်ဆိုင်အောင် ဆွဲကြွားပြီးသကာလ လိုရင်းကို ခုမှရောက်ပါမယ် မူလဘုတ ရည်ရွယ်ရာ ရေးဖို့အရာ တ…………တရုတ်အစားပုတ်ပါ…………………ဟုတ်…… တီ က တရုတ်စပ်ပါတယ် ခုလိုပဲ မကြာမကြာ ကိုယ်စားချင်တာလေးတွေကို ချက်စားလေ့ရှိပါတယ် ခုတော့ မနေ့ကမှ လောလောလတ်လတ်မောင်က မြန်မာပြည်ပြန်သွားတော့ တီက လောလောလတ်လတ် ကုတင်ပေါ်ကနေပြန်ဆင်းပြီး…အဲလေ……..(ခိစ်……………….၅) အပျိုလေးပြန်ဖြစ်နေပါတယ် အဲ့တော့ စနေတနင်္ဂနွေ လို အလုပ်အားရက်တွေမှာ အိပ်ချင်တဲ့ အချိန်မှအိပ်ပါတယ် ထချင်တဲ့အချိန်မှ ထပါတယ်။

ဒီနေ့တော့ ညနေ ၃နာရီခွဲမှ ထပြီးတော့ ရေခဲသေတ္တာ ကိုလှန်လောရှာဖွေတဲ့အခါ ကြက်သား တထုပ်တွေ့ပါတယ် နောက်ပြီး အိမ်ကြက် ထိုင်းအခေါ် မြန်မာအခေါ်မြန်မာကြက် (ဟုတ်တာပေါ့နော် မြန်မာလိုခေါ်တော့ မြန်မာကြက်တဲ့ တယ်လဲ ဟုတ်တဲ့နာမည်) ပေါင်းပြီးသား တဘူးတွေ့ပါတယ်။ အဲ့တာနဲ့ ကြက်သားနဲ့ မှိုနဲ့ချက်မယ် ကြက်စွပ်ပြုတ်လေးလုပ်မယ် လို့စိတ်ကူးပါတယ် ကြက်သားမှိုက နည်းနည်းအီမှာ ဖြစ်တဲ့အတွက် ဟင်းရံအနေနဲ့ အချဉ်လေးတခုခုပါအောင် လုပ်မယ် စိတ်ကူးပြန်တော့ ကြက်သားမှိုနဲ့ လိုက်လဲလိုက်တဲ့ လွယ်လဲလွယ် အိမ်မှာ ရှိတာလေးတွေနဲ့ ဖြစ်အောင် လုပ်လို့ရတဲ့ ကြက်သွန်နီ သုပ်လေး တပွဲအမြန်သုပ်လိုက်ပါတယ် အထင်မသေးနဲ့နော် ဒီလိုစားကောင်းတာ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ကြက်သွန်ကို ပါးပါးလှီးပါမယ် အပါးဆုံးတတ်နိုင်သလောက်လှီးပေးပါ ပါးလေစားကောင်းလေပါပဲ ပြီးရင်ရေဆေးပြီး ညစ်ပါမယ် နောက် ငရုတ်သီး စိမ်း လေးတွေကို လဲ ညက်ညက်ကလေး လှီးထားပါမယ် ပြီးတော့ ဆား အချိုမှုန့် သင့်ရုံ ထည့် သံပရာသီးလေး ညှစ်လိုက်ပါ နောက်လက်နဲ့ အားရပါးရ နယ်လိုက်ရင် စားကောင်းပြီး အအီပြေလှတဲ့ ကြက်သွန်နီသုပ်တပွဲရပြီပေါ့………အောက်ပါ ပုံကိုရှူပါ။

အောက်ကပုံလေးတွေကတော့ ကြက်သား စွပ်ပြုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရာလေးတွေပါ ပထမ
ဆုံးပုံက အာလူးရယ် ကြက်သွန်နီဥလေးတွေရယ်ပါ စွပ်ပြုတ်ချိုအောင် ကြက်သွန်နီ ဥလေးတွေ ထည့်ပေးတာပါ ဘေးက မွှေအောင်ထည့်တဲ့ ဂျင်းပါ အခွံခွာ ဓါးပြားရိုက်ပြီး ထည့်ပါမယ် နောက်တပုံကတော့ ကြက်သွန်ဖြုဥတွေပါ လေကြေအောင်ပေါ့…………..(ခိစ်………………….၆)

နောက် ဘေးက ဘူးလေးကတော့ ခုနကပြောတဲ့ ပေါင်းပြီးသား မြန်မာကြက်ပါ တီက အဲ့တာကို ဘူးလိုက်ဝယ်ဝယ်ထားပြီး ခါတိုင်းဆိုရင် ခေါက်ဆွဲပြုတ်နဲ့ တူတူထည့်ပြုတ်ပါတယ် ဒါမှမဟုတ်လဲ ကြာဇံပေါ့ ချိုပြီးစားကောင်းပါတယ် ခုတော့လဲ စွပ်ပြုတ်ပေါ့လေ………..ဘေးက အိုးကတော့ ရေတွေ လိုသလောက်ထည့် ခုနကက ပစ္စည်းတွေအကုန်ပစ်ထည့် ပြီးတော့ ဆားအချိုမှုန့်သင့်ယုံထည့်ပြီးပြုတ်လိုက်ရင် အရသာ ရှိပြီး အဟာရလဲကောင်းမွန်တဲ့ ကြက်သားစွပ်ပြုတ်တပွဲရပြန်ပြီပေါ့……….စကားမစပ် ခုဘလောခ်ရေးနေရင်းနဲ့တောင် စွပ်ပြုတ်တခွက်သောက်နေပါသေးတယ် ဟမ်း………………………

ကောင်းမှကောင်း……………………………………….(ခိစ်…………….၇)

ဒါကမှာ မိန်းဒစ်ရှ်ပါ လာပါပြီ ကြက်သားမှိုပါ

မှိုကတော့ မှိုမွှေးလို့ခေါ်ကြတဲ့ မှိုခြောက်တမျိုးကိုသုံးပါတယ် ဒီမှိုကမှ အရသာရှိပါတယ် အရင်ဆုံး ရေနွေးဆူဆူနဲ့ မှိုကို အရင်စိမ်ထားပါမယ် မှိုက ပွတက်လာမှ အညှာလေးကို လှီးထုတ်ပြီးတော့ လေးစိပ်စိပ်ပါမယ်…ဘေးက ပန်းကန်ထဲမှာ ကြည့်ပါ နောက်ဘေးက တပန်းကန်ကတော့ ကြက်သားပါ ဒီကြက်သားက ခုနက ကြက်သားနဲ့မတူပါဘူး သိပ်စားမကောင်းဘူး စီပီကြက်ပါ တီမုန်းပါတယ် မရှိတော့လဲ အဲ့တာကိုပဲ စားရပါတယ် မြန်မာပြည်ကိုလွမ်းပါတယ်
(အီး……………ဟီး…………….ဟီး…………………………..ငိုတာပါ)

နောက်တော့ ထုံးစံအတိုင်း ဟင်းချက်ရင်မရှိမဖြစ် ကြက်သွန်ဖြုနီ ဆီသတ်ရပါတယ် ဒီဟင်းမှာ တခု ထူးခြားတာက ဆီအရင်ဆုံးထည့်ပြီး ဆီပူလာအောင် တည်ပါတယ် ပြီးရင် ကြက်သွန်ဖြူနီ မထည့်ခင် အရင် သကြား နည်းနည်းထည့်ရပါမယ် (ဟုတ်ပါတယ် sugar ပါ) ဟင်းက အချိုပါ အချိုတိုင်း သကြားထည့်ချက်စရာမလိုပေမယ့် ဒီဟင်းကျတော့ ဆီပျံတဲ့ အခါကျရင် အရောင်လေးလှနေအောင်ပါ အရသာကလဲချိုသလို တိုတိုလေးဖြစ်နေမယ်လေနော် အဲ့လိုပါ….

သကြားလေးတွေ နည်းနည်းပျော်သွားပြီဆိုမှ ထုံးစံအတိုင်း ကြက်သွန်ဖြူနီ ထည့်ပါမယ် နည်းနည်းလေး အရောင်လှလာအောင်ကြော်ပေးပါမယ်….ပြီးတော့ မှ ကြက်သားထည့်ပါမယ် ကြက်သား ကို နည်းနည်းနီလာတဲ့အထိ ကြော်ပေးရပါမယ်…….ကြက်သားကလဲရေထွက်အုံးမှာ ဆိုတော့ ရေထည့်စရာမလိုသေးပါဘူး ဆီကိုလဲ အများကြီးမထည့်ပါနဲ့ (ကျန်းမာရေးနဲ့ မညီညွတ်ဘူး)

နောက်တဆင့်ကတော့ ကြက်သားတွေ ပုံပါအတိုင်းအရောင်လှသွားပြီဆိုရင် ခုနက စိမ်ပြီး လှီးချွတ်ထားတဲ့ မှို ကို ထည့်ပါမယ် အောက်က အစွန်ပုံမှာ ကြည့်ပါ မှိုထည့်ပြီး ခဏ မွှေပြီးရင်တော့ ရေနည်းနည်းထည့်လို့ရပါပြီ

အလယ်ပုံပါ ပြီးရင်တော့ မတူးအောင်အိုးလေးကိုမွှေပေးနေပါ နောက်ဆုံးပုံအတိုင်း ဆီပျံ ပြီဆိုရင်တော့ ဟင်းအိုးကိုချလို့ရပါပြီ

ဒါဆိုရင်တော့ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ စားမိစွဲငြိ အရသာသိ ထပ်စားချင်းသလား ဘန်ကောက်ကို အမြန်လာထား ဆိုတဲ့ မူလလက်ဟောင်း အန်တီချမ်း ရဲ့ ကြက်သားမှို ဟင်းတခွက်ကို ရပါပြီ ပေါ့နော်………………ပေါ့နော်…….ပေါ့နော်……..

အဲ့နောက်မှာတော့ ထမင်းနဲ့ ဒီလိုနယ်ဖတ်ပြီးသကာလ ခုနက အအီပြေ ကြက်သွန်နီ သုပ်လေးနဲ့ မြန်မာ ကြက်စွပ်ပြုတ်လေးနဲ့ ခေါင်းမဖော်တမ်းလွေးလိုက်တာ အရီး တို့ အဘတို့ နာမည်တွေတောင် မေ့တေ့တေ့ ဆိုပဲ………………………

A Chen
12:48 am
7th June 2010
Home
Bangkok