ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၂)

ငါမင်းကို တိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၂)

(၁၂)

အဲ့နေ့က ကျောင်းဆင်းတော့ ကျမ လိမ်လိမ်မာမာနဲ့ ကျောင်းစာကြည့်တိုက်မှာ သွားပြီးတော့ အချိန်ပိုနေပါတယ်။ ဝက်ဝံ ကတော့ ဘယ်သွားနေမှန်းမသိ၊ မပေါ်လာပါဘူး။ တကယ်လို့ လူပုလေးသာ ရုတ်တရက် ရှောင်တခင် စစ်ဆေးရေး ဝင်ရင်တော့ ဒီကောင်သေပြီ။ ယောက်ျားလေးတွေ ရဲ့ ခေါင်းထဲမှာ ဘာတွေများထည့်ထားကြသလဲ မသိပါဘူး။ အမြဲတမ်းလိုလို မိုးမကြောက်မြေမကြောက် ပုံစံတွေနဲ့။

ကျမ ပျင်းပျင်းရှိတာနဲ့ စာအုပ်စင်ကနေပြီးတော့ တိရိစ္ဆာန်တွေ နဲ့ပတ်သက်တဲ့ စာအုပ်တအုပ်ယူကြည့်ပါတယ်။
ကျောင်းစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်အများစုကတော့ ထုံးစံအတိုင်း ပျင်းစရာတွေပေါ့လေ။ “ကြောင်မွှေး စာအုပ်ဆိုင်” က စာအုပ်တွေ နဲ့ လုံးလုံးမှ ယှဉ်လို့မရဘူး။ “ကြောင်မွှေးစာအုပ်ဆိုင်”က စာအုပ်တွေက သိပ်စိတ်ဝင် စားဖို့ကောင်းတာ။ တခါက ကျမ အဲ့မှာ ငှားဘတ်ဖူးတဲ့ စာအုပ်ဆိုရင် လူသေအလောင်းကောင်တွေအကြောင်းရေး ထားတာလေ။ နာမည်က “အလောင်းကောင် ပြောတာ နားထောင်ကြည့်ပါ” တဲ့။ လူတွေ သေသွားပြီးရင်တောင် အလောင်းတွေက လက်သည်းဆက်ရှည်တဲ့အကြောင်း စာအုပ်ထဲမှာ ပြောထားတာ သိပ်စိတ်ဝင်စားဖို့ ကောင်း တာပဲ။ နောက် ရှိသေးတယ် “အလောင်း က သင့်ကို သိစေချင်တယ်” နဲ့ “အဲ့ဒီ အလောင်း ကို ဘယ်သူ ယူသွားသလဲ” ဆိုတဲ့ စာအုပ်တွေ။ အို ဘာပဲ ပြောပြော အလောင်းနဲ့ပတ်သက်တာ မှန်သမျှ၊ အရင်ရှေးခေတ်က အလောင်းကောင်တွေရော အခုခေတ် ခေတ်ပေါ် အလောင်းကောင်တွေ ကော အကုန် ကျမ စိတ်ဝင်စားပါတယ်။
တခါတခါ ကျမ ကိုယ့်ကိုကိုယ်တောင် အလောင်းတွေကို စွဲလမ်းနေတဲ့ ရောဂါ ရှိနေသလား စိတ်ပဲ မမှန်ဘူးလား လို့ တောင်ထင်မိတယ်။

ကျမ လက်ထဲက အဲ့ဒီ “နို့ တိုက်သတ္တဝါတွေအကြောင်းသိကောင်းစရာ” ဆိုတဲ့ စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေမိ တယ်။ တနေရာမှာတော့ ဝက်ဝံတွေအကြောင်းပြောထားတာတွေ့လို့ ကောက်ဘတ်ကြည့်တော့….အေရှိယတစ် ဝက်ဝံ မည်းတွေက (သူတို့ကို တိဘက်က လဝက်ဝံလို့လဲခေါ်ကြပါသတဲ့) လူတွေ နဲ့ နီးနီးကပ်ကပ်နေရတာကို ကြိုက်ကြပါတယ်တဲ့။ လူနဲ့ တွေ့နိုင်မယ့် နေရာတွေ မှာ နီးနီးကပ်ကပ် နေလေ့ရှိကြပါသတဲ့။ ဝံညိုတွေကကျတော့ ကျယ်ပြန့်တဲ့ ကွင်းပြင်လိုနေရာတွေ ရှိမှ အသက်ရှင်နိုင်ပါတဲ့။ ဝံပျင်းတွေ ရဲ့ အမွှေးတွေကတော့ အမြဲ လိုလို ဘယ်တော့မှ မဖြီး မသင်ထားတဲ့ ပုံစံနဲ့ ရှုပ်ပွနေတတ်ပါသတဲ့။ ဝက်ဝံ ကကော ဘယ်လို ဝံ အမျိုးအစားမှာ ပါမှာပါ လိမ့်? လွတ်လပ်မှု ကို ကြိုက်တဲ့ ဝံညိုလား? ငြိမ်းချမ်းမှု ကို ကြိုက်တဲ့ လူနဲ့ နီးနီးနေတတ်ကြတဲ့ အေရှီယတစ် ဝံ မျိုး လား? ဒါမှမဟုတ် အမြဲ လိုလို အတန်းတက်တိုင်း ပျင်းနေတတ်တဲ့ ဝံပျင်းမျိုးလား?

ဒါပေမယ့် ပြောသာပြောတာ ဝက်ဝံ က နည်းနည်းမှ ဝက်ဝံ ပုံမပေါက်ပါဘူး။ သူ့ကြည့်ရတာ ကြမ်းတမ်း ရိုင်းစိုင်း ပုံလဲ မရ၊ အကောင်ကြီးသလားဆိုတော့လဲ အဲ့လောက် မကြီးဘူး။ ထုံထုံ အအ ဖြစ်နေသလားဆိုတော့လဲ မဟုတ်။
အဲ့တာတွေအကုန်နဲ့ ပြောင်းပြန် သူ့မှာ ရိုးသားထက်မြက်ပြီး ကလေးဆန်တဲ့ မျက်လုံးတစုံရှိတယ်။ မျက်နှာ မှာ အမြဲ လိုလို ချိတ်ထားတာက ရှက်တတ်တာလား ဒါမှမဟုတ် ရှုပ်ရှုပ်ရှက်ရှက် လုပ်ရမှာ ကြောက်တာလား မသိနိုင် တဲ့ အမူအရာနဲ့။ အဲ့လိုပုံစံ ကောင်လေးတယောက်ဖြစ်ရက်နဲ့ တခါတခါ ကျတော့ သူ့ကို အိမ်မွေး မွှေးပွခွေးလေး
တွေကို စိတ်မရှည်လို့ ချစ်စနိုးနဲ့ အမွှေးဖွပစ်သလိုမျိုး သူ့ရဲ့ နဂိုကတည်းက ပွတတ ဖြစ်နေတဲ့ ခေါင်းကို ဖွပစ်ချင် စိတ်တွေ ဝင်စေတယ်။

အဲ့နေ့က ဝက်ဝံ ပေါ်မလာပါဘူး။ ကျမ ခေါင်းကို လက်နှစ်ဘက်ထဲမှာ ညှပ်ထားပြီးတော့ စာအုပ်ကို ကိုင်ပြီး ငိုင်နေ မိတယ်။ အဲ့အချိန်မှာပဲ စင်မင်း တယောက် စာကြည့်တိုက်ထဲ ပေါက်ချလာပါတယ်။ လွယ်အိတ်ကို လက်ကဆွဲပြီး
တော့ ဝင်လာတာနဲ့ စာအုပ်စင်တွေဘက်ကို တန်းတန်းမတ်မတ်လျောက်သွားပါတယ်။ ကျမ နောက်နားမှာ ထိုင်
နေကြတဲ့ အလယ်တန်းက ကောင်မလေးတွေ သူဝင်လာကတည်းက အချင်းချင်း မျက်စတွေ ပစ်နေကြပြီးတော့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေကြပါတယ်။ ဝက်ဝံ တယောက် သူနဲ့ လဲပါမလာပါဘူး။ ကျမ လက်က နာရီကို ကြည့်မိတော့ အပြစ်ပေးခံထားရတဲ့ တနာရီက ပြည့်ဖို့ ၁၀ မိနစ်လောက်လိုနေသေးတယ်။ အဲ့ဒီ ၁၀ မိနစ် ဆိုတဲ့ အချိန်လေးက ရုတ်တရက် ဆိုသလိုပဲ ကုန်ဖို့ နှေးကွေးလွန်းသွားလိုက်တာ။ ကျမ ဝက်ဝံ အချိန်မီရောက်လာပါစေ လို့ ဆုတောင်းရမလား လူပုလေး ရောက်မလာပါစေနဲ့လို့ ဆုတောင်းရမလား ဝေခွဲမရဖြစ်နေမိသေးတယ်။

နောက်ဆုံးတော့လဲ နှစ်ယောက်စလုံးပေါ်မလာကြပါဘူး။ ကျမ လဲ သက်ပြင်းတချက်ချလိုက်မိတယ် ပြီးတော့
ဘေးမှာ ချထားတဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီးတော့ လက်ထဲက “နို့တိုက်သတ္တဝါများအကြောင်း သိကောင်းစရာ” ကို စင်ပေါ်ပြန်ထားဖို့ ထလိုက်ပါတယ်။

စာအုပ်စင်တခုရဲ့ နောက်မှာတော့ စာအုပ်တအုပ်ကို မတ်တပ်ရပ်ဘတ်နေတဲ့ စင်မင်းကိုတွေ့ ရတယ်။

“လူစင်မင်း နင် ဝန်မိုးညို ကိုတွေ့မိသေးလား?” ကျမ သူ့ကို မေးလိုက်တယ်။

သူက မပြုံးတုံ့တုံ့ပြုံးတုံ့တုံ့ ပုံစံနဲ့ ရယ်မြူးမြူး မျက်လုံးတွေနဲ့ ကျမ ကိုမော့ကြည့်ပြီးတော့ ပခုံးတွန့်ပြပါတယ်။

“သူ့ကိုပြောလိုက်စမ်းပါ၊ လူပုလေးလာသွားတယ်လို့ သူတော့ သေပြီလို့” ကျမ ကြောက်သလိုလိုပုံစံ အမူအရာ တမင်လုပ်ပြီးပြောလိုက်ပါတယ်။ ပြောပြီးပြီးချင် ကျမ လှည့်ပြီး ခြေလှမ်းကျဲကျဲတွေနဲ့ စာကြည့်တိုက်ကနေ ထွက်ခဲ့
တော့တာပဲ။ နှုတ်ခမ်းကိုလဲ ကိုက်ထားရသေးတယ်လေ ရယ်မိမှာစိုးလို့။ စိတ်ပင်ပန်းလိုက်တာ။

A Chen
1:22PM
Thursday
19th Apr 2012
Office
Bangkok

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၁)

(၁၁)

ဒီလိုနဲ့ ကျိရိ တယောက်ဖျားလိုက်တာ ၄-၅ ရက်လောက်ကြာသွားတယ်။ သင်္ချာ စာမေးပွဲ စစ်မယ့်ရက်တောင်
ကျောင်းလာမတက်နိုင်ဘူး။ ကျမ သူ့ကို အားကျလိုက်တာ။ ကျောင်းမှာက ကျိရိကလွဲရင် ကျမမှာ တရင်းတနှီးပေါင်း နိုင်တဲ့သူ က မရှိသလောက်ပဲ။ သူမလည်း မရှိရော ကျမလဲ နေ့လည်စာထွက်စားဖို့တောင် ပျင်းလာရော။ အဲ့ဒီနေ့က
နေ့လည် ထမင်းစားလွှတ်ချိန်ကျတော့ ကျမ တဘက်က ဝက်သားချဉ်အသားညှပ်ပေါင်မုန့်စားနေပြီးတော့ တဘက် က ညနေကျရင် စစ်မယ့် သင်္ချာဘာသာရပ်အတွက် စာပြန်နွှေးရင်း လေ့ကျင့်နေမိတယ်။

ကျမ ခေါင်းကို လက်နှစ်ဘက်နဲ့ညှပ်ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဂျီသြမေထရီသင်ခန်းစာတွေကို ကြည့်နေမိတယ်။ အဲ့ဒီ အချိန်မှာပဲ နောက်ဘက်ကနေ တယောက်ယောက်က ကျမ ကျောကုန်းကို လက်ညိုးနဲ့ လာကုတ်နေတယ်။
လှည့်ကြည့်လိုက်တော့ ဝက်ဝံ။ ကြည့်ရတာ ခုနက ခုန်တန်းပေါ်မှာ မှောက်ရက်အိပ်နေရာကနေ ခုမှ နိုးလာသလိုပုံ နဲ့ ကျမ လက်ထဲက အသားညှပ်ပေါင်မုန့်ကိုကြည့်ပြီးတော့….

“ဗိုက်ဆာလိုက်တာ….ငါ့ကို နည်းနည်းကျွေးမလား?”

“ငါ့မှာ အပိုတခုရှိသေးတယ်။” ကျမ သူ့ကို နောက်ထပ် အသားညှပ်ပေါင်မုန့်အပိုတခုပေးလိုက်ပါတယ်။ အစက ကျမ ညနေပိုင်းခဏ နားချိန်ကျရင် စားမလို့ချန်ထားတာ။

“ကျေးဇူးပါပဲဟာ” လို့သူပြောပြီး အားနာပါးနာပုံနဲ့ စားနေလိုက်တာ ပလုတ်ပလောင်းနဲ့ပါးစပ်တဝိုက်မှာလဲ ပေါင်မုန့်
အစတွေကပ်လို့။

“ဒီတပုဒ်နင်တွက်တတ်လား?” ကျမ လက်ထဲက သင်္ချာစာအုပ် ကိုယူပြီးတော့ ပုစ္ဆာကို သူ့ကိုဘတ်ပြလိုက်ပါတယ်။

လေယာဉ်ပျံမောင်းသမားတယောက်ဟာ တောင်ဘက်စူးစူးကို ကီလို ၁၀၀ ပျံပြီးတော့ အရှေ့ဘက်ကို ကီလို ၁၀၀ ထပ်ပျံပါတယ်။ ပြီးတော့ မြောက်ဘက်စူးကို ကီလို ၁၀၀ ထပ်ပျံပြီးတဲ့အခါမှာတော့ သူဟာ မူလစပျံတဲ့နေရာကိုပြန်
ရောက်နေတာတွေ့ရပါသတဲ့။ သူဘယ်နေရာကနေ စပျံတာပါလဲ?။

“မြောက်ဝင်ရိုးစွန်း” ဝက်ဝံက စဉ်းတောင်မစဉ်းစားဘဲနဲ့ တန်းဖြေပါတယ်။
“ဘာလို့လဲ?” ကျမ နားမလည်ဘဲ ပြန်မေးလိုက်တယ်။

ဝက်ဝံက လက်ထဲက ပေါင်မုန့်ကို ကိုက်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အံဆွဲထဲကနေ ကြေတွန့်နေတဲ့ စာရွက် တခုရှာထုတ်လာပြီး အပေါ်မှာ ပုံတပုံ ကျမကိုဆွဲပြပါတယ်။

“ဘာဖြစ်လို့မြောက်ဝင်ရိုးစွန်းဖြစ်ရတာလဲ?”
“ဒါက လှည့်ထားတဲ့ ဥာဏ်စမ်းမေးခွန်းတခုပဲ။ ကမ္ဘာက ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်းနဲ့ သူ့ဝင်ရိုးပေါ်ကနေလည်နေ တာကိုး။ ပြီးတော့ မြောက်ဝင်ရိုးစွန်းဆိုတာက ကမ္ဘာ ထိပ်ဆုံးပိုင်းမှာရှိတာလေ။ သူ့ကို ဗဟိုထားပြီး ပျံတဲ့ အခါ ဘယ်ဘက်ကိုပဲ ပျံပျံ နောက်ဆုံးတော့ မူလနေရာကို ပြန်ရောက်မှာပဲလေ။”

ကျမ သူဆွဲတဲ့ ပုံကိုကြည့်ပြီးတော့ နားလည်သလိုလို မလည်သလိုလိုဖြစ်နေပါတယ်။

“နောက်ထပ် စပျံလို့ရတဲ့ နေရာ နှစ်နေရာရှိသေးတယ်” သူက ပေါင်မုန့်ကို တဖဲ့ထပ်ကိုက်လိုက်ပြီးပြောပါတယ်။
“ဟုတ်လား?”
“နေပါစေတော့ဟာ” သူက ခေါင်းကို တချက်ကုတ်ပြီးပြောပါတယ်။ “လူပုလေးက ဒီမေးခွန်းကိုမေးမှာ မဟုတ်ဘူး။
နောက်ပြီး ကမ္ဘာ့ ဝင်ရိုးတို့၊ အီကွေတာတို့၊ လတ္တီကျူတို့ နဲ့ဆိုင်တဲ့ အကြောင်းတွေ နင့်ကိုပြောပြလို့ရှိရင်လဲ နင်နားလည်မှာမှ မဟုတ်တာ။”
“ငါနားမလည်ဘူးလို့ နင်ဘယ်လိုသိလဲ?” ကျမ မကျေမနပ်နဲ့ပြန်ဘုတောလိုက်ပါတယ်။
“နင်အခု အလွယ်ဆုံး ပထမမေးခွန်ူကိုတောင် မဖြေနိုင်ဘဲနဲ့” သူက အပျင်းကျောတချက်ဆန့်ရင်းပြောပါတယ်။
ကျမ နှုတ်ခမ်းတချက်ကိုက်ပြီး သူ့ကို မျက်စောင်းတချက်ထိုးပစ်လိုက်တယ်။
“ပေါင်မုန့်က ဘယ်လောက်ပေးရသလဲ?” သူ ကျမ ကို ရုတ်တရက် မေးလာပါတယ်။
“နေပါစေ”
“ဘယ်လောက်လဲဆို” သူက ဇွတ်ဆက်မေးနေပါတယ်။
ကျမ လက် ၃ ချောင်းကို ထောင်ပြလိုက်တယ်။ သူက သူ့အိပ်ကပ်ထဲကနေ ပိုက်ဆံ ၃ ကျပ် ရှာပြီး ကျမကိုပေးပါ တယ်။ ပြီးတော့ မျက်လုံးတလက်လက်နဲ့ ..
“အရမ်းစားလို့ကောင်းတာပဲ။ မနက်ဖြန်ကော ငါ့ကို တခုလောက်ဝယ်လာပေးနိုင်မလား?”
ကျမ သူ့ကို ကြောင်ကြည့်နေမိပါတယ်။ ဒီဝက်ဝံတကောင်ဟာ စိတ်ပဲဆိုးရမလား ရယ်ပဲ ရယ်ပြစ်လိုက်ရတော့ မလားကို မသိတော့ပါဘူး။
“ခဏနေ သင်္ချာစစ်တဲ့အချိန်ကျတော့ နင်ငါ့ဆီက အဖြေကို ကူးပေါ့ဟာ” သူက ခေါင်းကိုခုံနောက်မီပြီးတော့အပျင်း
တချက်ထပ်ဆန့်ပြီး ပြောပါတယ်။
“ဘုရား ဘုရား မလုပ်ပါနဲ့” ကျမ အလန့်တကြား သူ့ကို တားမိတယ်။ “လူပုလေးက ဖမ်းတဲ့နေရာမှာကာ အပြစ်ပေး
တဲ့နေရာကော နာမည်ကြီးဟ တော်ကြာ မိသွားမှဖြင့် နင့် နောက်ထပ်တခါ ကျောင်းထုတ်ခံနေရပါအုံးမယ်”။

သူတချက် တည်ကနဲ့ဖြစ်သွားပါတယ်။ ကျမ က သူအရင်ကျောင်းကနေ အထုတ်ခံရတယ်ဆိုတဲ့ ကိစ္စ ဘယ်လိုသိ
နေလဲလို့ တွေးနေပုံပါပဲ။ ကျမလဲ ချက်ချင်းလိုလို ခေါင်းကို ခုံရှေ့ ပြန်လှည့်ပြီးတော့ စာဆက်ကြည့်နေသလို ဟန်
ဆောင်လိုက်ပါတယ်။ ပါးစပ်က ဖွင့်မပြောပေမယ့် ကျမ စိတ်ထဲမှာတော့ သူ့ကို ကျေးဇူးတင်သလိုလို ခံစားရပါ
တယ်။

ညနေပိုင်း သင်္ချာစစ်တော့ ဝက်ဝံပြောတဲ့ အတိုင်းပါပဲ။ ခုနက လေယာဉ်မောင်းသမား ပုစ္ဆာ ပါကိုမလာပါဘူး။ မေး
ခွန်း ခြောက်ပုဒ်ထဲမှာ ကျမ သေသေချာချာဖြေနိုင်တာဆိုလို့ နှစ်ပုဒ်ပဲပါတယ်။ ကျန်တာတွေ အကုန်လုံးလိုလို စိတ် ထဲထင်ရာ လျောက်ဖြေလိုက်တာပါပဲ။ ဝက်ဝံ က သူ့အဖြေလွှာကို အရှေ့ဘက် လက်ဆင့်ကမ်းလာတော့ သူ့အဖြေ လွှာကို ခိုး မကူးမိဖို့ ကျမ တော်တော်စိတ်ထိန်းရတယ်။

ဒီလိုနဲ့ စာစစ်တဲ့ အချိန်ပြီးသွားတော့ လူပုလေးက ရုတ်တရက် ကျမတို့နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးတော့
အေးစက်စက် လေသံနဲ့ …..

“ဝန်မိုးညို နဲ့ ကျန့် ဂျင်းနီ မင်းတို့နှစ်ယောက် အတန်းရှေ့ကို ထွက်လာခဲ့စမ်း”

ဘုရားရေ ကျမ ဝက်ဝံ ရဲ့ အဖြေလွှာကို တချက်လေးပဲ မျက်လုံးဝေ့ကြည့်မိတာပါ။ အဲ့တာတောင် လူပုလေးက သိနေသလား? ကျမ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီးတော့ မရွံတရွံနဲ့ အတန်းရှေ့ ကိုထွက်လာပါတယ်။ ဝက်ဝံက ကျမနောက်ကနေ ထပ်ကြပ်မကွာလိုက်လို့ပေါ့။

“ကဲ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းကြစမ်းပါအုံး? နင်တို့နှစ်ယောက်ထဲက ဘယ်သူ့လက်ချက်လဲ?” လူပုလေးက လက်ထဲက ကျောင်း သားဂျာနယ်တအုပ်ကို ယူပြီး ပထမ တမျက်နှာ ကိုလှန်လိုက်ပါတယ်။ အတန်းသားအားလုံးဘက်ကို မျက်နှာမူ ထောင်ပြပြီးတော့ မေးလာပါတယ်။ အဲ့တာ ဝက်ဝံရဲ့ ဂျာနယ်ပဲ။ စာမျက်နှာ
ပေါ်မှာ သူ့ပုံ ကပ်ထားတယ်…..နေအုံး……အဲ့တာ ဝက်ဝံ ပုံမဟုတ်ဘူး။ ဝက်ဝံက သူ့ပုံက မျက်နှာကို ညှပ်ပြီး တခြား လူတယောက်ရဲ့ ဓါတ်ပုံပေါ်မှာကပ်ပြီး သူ့ပုံလုပ်ထားတာပဲ။ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့လက်ရာက ညံ့လိုက်တာ။ သူ့ ဆံပင်တွေကတောင် ထောင်နေသေးတယ်။

လူပုလေးက ကျမတို့နှစ်ယောက်ကို ခပ်စူးစူးတချက်စိုက်ကြည့်လိုက်ပါတယ်။ ပြီးတော့ ဝက်ဝံရဲ့ ခေါင်းကို ဓါတ်ပုံ
ပေါ်ကနေ ခွာချလိုက်တယ်။ ဘုရားရေ…. အောက်ကပုံက ကျမပုံဖြစ်နေတာကိုး။ လက်စသတ်တော့ ဝက်ဝံ ကျမ ပုံ ကို တနေ့က ယူသွားတာ ဒီလိုသုံးဖို့ပါလား။ ဟိုတနေ့က လူပုလေးက ကျောင်းသားတွေကို ဂျာနယ်တွေထပ်ခိုင်း
တော့ သူက ဓါတ်ပုံပါမလာဘူးလေ။ အဲ့တော့ ကြမ်းပေါ်မှာ ကျမ ဓါတ်ပုံကျနေတာတွေ့တော့ တင်္ခနုပ္ဗတ္တိဥာဏ် စူးရောက်ပြီးတော့ သူ့အရင်ပုံဟောင်းတခုခုက ခေါင်းကိုဖြတ်ပြီး ကျမ ခေါင်းပေါ်မှာ ထပ်ကပ်လိုက်တာပါ။ ကျောင်း ဝတ်စုံရဲ့အထက်ပိုင်းကလဲ ကျောင်းသားကျောင်းသူတွေအကုန် အတူတူ ရှပ်အဖြူပဲဝတ်ရတာလေ အောက်ပိုင်းက မှကွာတာဆိုတော့။ သူမို့လို့ စဉ်းစားနိုင်လွန်းတယ်။

“မင်းရဲ့ဓါတ်ပုံရော?” လူပုလေးက ဝက်ဝံကိုမေးပါတယ်။
“မရိုက်ရသေးပါဘူး” ဝက်ဝံတယောက် ရွံတွံ့တွံ့နဲ့ဖြေပါတယ်။
“အဲ့တာနဲ့ပဲ တွေပကရာပုံတပုံရှာပြီး ကျန့် ဂျင်းနီ ပုံမှာ ကပ်လိုက်တယ်ဆိုပါတော့။ နှစ်ယောက်စလုံးကလဲ အပေါ် ပိုင်းတူနေတာကိုး။ ဒါကဘာလဲ……လူ့အရေခွံ မျက်နှဖုံးလား စက္ကူကပ်ထားတဲ့ မျက်နှာလား? နင်တို့နှစ်ယောက်
တော်တော်လှောင်တတ်ပြောင်တတ်နေတယ်ပေါ့ ဟုတ်လား?” လူပုလေးက ရယ်သလိုလိုလုပ်ပြောနေပေမယ့် မျက်နှာပေါ်က အပြုံးက ပြောနေတာကတော့……“ငါတကယ်ရယ်ရတယ်လို့ပြောနေတယ်ထင်နေလား ငါရွဲ့ပြော
နေတယ်ဆိုတာ နင်တို့ နားမလည်ဘူးလား” ဆိုတဲ့ အဓိပ္ဗါယ်မျိုးနဲ့ပါ။

အတန်းထဲက ကျောင်းသားတွေက လူပုလေး ဒီလိုလဲပြောလိုက်ရော ကျွက်စီကျွက်စီနဲ့ ကိုယ်လုံးတွေ လှုပ်ခတ် ကုန်တဲ့ အထိ ရယ်ကုန်ကြပါတယ်။ အဆူခံနေရတဲ့ ကျမကိုယ်တိုင်တောင် မနေနိုင်ပဲ ခိုးရယ်မိပါသေးတယ်။

“နင်တို့နှစ်ယောက်စလုံး ဒီနေ့ကျောင်းဆင်းရင် စာကြည့်တိုက်မှာ အချိန်ပို တနာရီစီနေပြီး စာကြည့်ရမယ်”။
လူပုလေးက ကျမတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အဲ့လိုပြောပြီးမှ အတန်းကိုဖြုတ်ပြီး ထွက်သွားပါတယ်။
ဝက်ဝံ က ကျမ ကိုမော့ကြည့်တယ်။ သူ့အကြည့်တွေက တောင်းပန်နေသလိုလို။

A Chen
5:13 AM
Monday
16th Apr 2012
Home
Bangkok

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၀)

(၁၀)

ဝက်ဝံ ကျမဆီက ဓါတ်ပုံတောင်းပြီးတဲ့နေ့ကစပြီးတော့ နောက်နေ့တွေ သူ့ကို အတန်းထဲမှာ မျက်နှာခြင်းဆိုင်းရတိုင်း ကျမစိတ်ထဲမှာ တမျိုးချည်းပဲ၊ အူကြောင်ကြောင် ဖြစ်နေသလို ခံစားရတယ်။ သူက ကျမနောက်တည့်တည့်မှာ ထိုင်တာ တော်ကြာ အတန်းထဲမှာ စာသင်နေတုံး ကျမ ကို သူတချိန်လုံးစိုက်ကြည့်နေရင်…ကျမရဲ့ နောက်စိ ကိုတော့ သူက မြင်နေရပြီး ကျမ ကျတော့ သူ့ကို မမြင်နိုင်ဘူးလေ။ ဒါပေမယ့် သူကတော့ ပုံမှန်အတိုင်းပဲ တိတ်ဆိတ်နေပြန်ပါတယ်။ ရှေ့ကိုတလှမ်းတိုးမယ့် ပုံမျိုးလဲ နည်းနည်းမှ မပေါက်ဘူး။ အဲ့ဒီနောက်ပိုင်းရက်တွေရဲ့ မုန့်စားဆင်းချိန်ရောက်တိုင်းလဲ သူရယ်၊ စင်မင်းနဲ့ ကျောင်းက ကောင်လေးတချို့ရယ် ကျောင်း ကစားကွင်းမှာ ဘတ်စကက်ဘော ကစား နေတာနဲ့ပဲ အချိန်ကုန်နေတာပဲ။ ဝိတ်လျော့တာ အောင်မြင်သွားတဲ့ စင်မင်းကတော့ ကျောင်းမှာ ဒဏ္ဏာရီ တခုလိုလိုပါပဲ။ ကျောင်းမှာရှိတဲ့ ဝနေလို့ အရင်က စိတ်အားငယ်နေတဲ့ ကျောင်းသူဝဝလေးတွေအတွက်လဲ မျှော်လင့်ချက် မီးရှုးတိုင် ထွန်းပေးလိုက်သလိုပဲလေ။ နောက်ဆုံး နည်းနည်းလေးမှတောင်မဝတဲ့ လာဗင်းဒါးကတောင် တနေ့စာသင်နေရင်း မနေနိုင်တော့တဲ့ပုံနဲ့ စင်မင်းကိုမေးလာတဲ့အထိပါပဲ။

“လူစင်မင်း မင်းဘယ် ကာယလေ့ကျင့်ခန်းရုံ မှာ သွားကစားတာလဲ?”

“မဟုတ်ပါဘူးဆရာ၊ ဒီလိုပဲ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပြီးတော့ အစားအသောက် ကိုသတိထားတာလောက်ပါပဲ။” စင်မင်းက အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။ သူ့ပုံစံ ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မော်ဒယ်လ် မင်းသမီးတွေ အင်တာဗျူးမှာ ဖြေနေသလိုပဲ။ ဝိတ်လျော့တယ်ဆိုတာ ဘာမှအရေးမကြီးတဲ့ ကိစ္စ လိုလို ဘာလိုလိုပေါ့။ ဖားကလေးကနေ ဘဝပြောင်းပြီး မင်းသားဖြစ်လာတဲ့ စင်မင်း က ကျောင်းမှာ နောက်ပိုင်း ကောင်မလေးတွေကြားထဲမှာ အရမ်းပေါ်ပြုလာဖြစ်လာပါတယ်။ သူမို့လို့ ကျောင်းကစားကွင်းမှာ ဘတ်စကက်ဘော ကစားပြီဆိုရင် ကျောင်း စာသင် ဆောင် အထပ်တိုင်းလိုလိုရဲ့ ဝရန်တာတွေမှာ ကောင်မလေးတွေ ထွက်ပြီး အားပေးနေ ကြတာ၊ သူ့အကြောင်း ကိုတီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြတာတွေ တွေ့ရပါလိမ့်မယ်။ အပြင်ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတဲ့ စင်မင်းဟာ နေ့ချင်းညချင်းမှာပဲ လူကြီးကြီး ဖြစ်လာသလိုပဲ ရင့်ကျက်တဲ့ ပုံပေါက်လာပါတယ်။ ဝက်ဝံကတော့ ခုထိ ကလေးကြီး လိုဖြစ်နေတုံးပါပဲ။ မတ်တပ်ရပ်တဲ့ အခါဆိုလဲ ဘယ်တော့မှ ခါးကို မတ်မတ် ရင်ကို ကော့ကော့ မရပ်တတ်ဘူး၊ ကြည့်လိုက်ရင်အမြဲလိုလို ခါးကကုန်းကုန်း လက်ပြင်က ကုန်းကုန်းနဲ့ မတ်တပ်ရပ်ရင်း အိပ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ပုံနဲ့။ ကျောင်းဝတ်စုံအဖြူ ဆိုတာလဲ သူဝတ်လိုက်မှဖြင့် နွမ်းဖတ်ဖတ်ဖြစ်နေတာယူမလား၊ ခုမှ ချောင်ကနေတိုးထွက် လာသလို ညစ်တီးညစ်စုတ် ဖြစ်နေတာ ယူမလား ဆိုတဲ့အထဲကပါပဲ။ အစာစားရင်လဲ ဘာပဲစားစား အမုန်အမွှား ဒါမှမဟုတ် အကွက် အစွန်းတွေက မျက်နှာပေါ်မှာ ကျန်နေတာ ယူမလား၊ ပခုံးပေါ်မှာ ကျနေတာ ယူမလား၊ အင်္ကျီမှာ ပေနေတာယူမလား။ သူ့ရဲ့ လွယ်အိတ်ဆိုတာကလဲ လေးလိုက်တာဆိုတာ ကျောက်တုံးတွေထဲ့ထားသလား မသိဘူး စားပွဲပေါ်ပစ်တင်လိုက်ရင် “ဒုတ်”ကနဲ မြည်တတ်သေးတယ်။ ကြည့်ရတာ တခါမှ လွယ်အိတ်ဆိုတာကို မရှင်းဘူးဘူးထင်တယ်။ ပြီးတော့ သူ့မှာ ခြေထောက် တုတ်တုတ် တစုံရှိသေးတယ်။ ဖိနပ်တွေဆိုတာ ဘယ်လောက်တောင်ကြီးသလဲဆိုရင် ငှက်ကလေး တသိုက်လောက်တော့ ကောင်းကောင်းမွေးလို့ရတယ်။ ဖိနပ်ကြိုးဆိုတာလဲ ဘယ်တော့မှ သေချာမချည်တတ်ဘူး၊ လျော့တိလျော့ရဲနဲ့ အမြဲ။ ဘက်စကက်ဘော ကစားတဲ့အခါဆိုရင် ခေါင်းက စုတ်ဖွား ချွေးသံတရွှဲရွှဲနဲ့ ဘောလုံး ကို ကြမ်းကြမ်းတမ်းတမ်းပုတ်ပြီး ဟိုပြေးဒီပြေးလုပ်တတ်တယ်။ တခါတလေ အဲလိုပြေးနေရင် သူ့ရဲ့ အမွှေးအမျှင်တွေများတဲ့ ခြေသလုံးတစုံ ကလဲပေါ်ပေါ်လာတတ်သေးတယ်။ ဘောလုံး ကိုခြင်းထဲ ခုန်ပြီး ပုတ်ထည့် တဲ့ အခါများဆိုရင်လဲ ဘယ်တော့မှ စင်မင်းလို ဘာသိဘာသာ ပုတ်ထည့်နေရင်းနဲ့ ခပ်မိုက်မိုက်စတိုင်လ် မျိုး လာအောင် မပုတ်တတ်ဘူး။ စင်မင်းရဲ့ ဘေးမှာ နေရင် သူတို့နှစ်ယောက်က အဲ့လိုမျိုးကို ကွာခြားတာပါ။

အဲ့တာ ဝက်ဝံ အစစ်တဲ့လား? သူငယ်ချင်းအတွက် နွားနောက်ကောင်ကို အန္တရာယ် ရှိမှန်း သိရက်နဲ့ လမ်းလွှဲပေးတဲ့ ဝက်ဝံဆိုတာလေ…? အင်း တခုခုတော့ ရှိရမယ်။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၉)

(၉)

“ဝက်ဝံက ငါ့ဆီက ဓါတ်ပုံတပုံတောင်းသွားတယ်သိလား” မက်ဒေါနယ်မှာ နေ့လည်စာစားနေရင်းကျမ ကျိရိ ကို ပြောပြလိုက်ပါတယ်။

“ဘာဓါတ်ပုံလဲ?”

“ကျောင်းသားကဒ်အတွက်ရိုက်ထားတဲ့ ပိုစ့်စကတ်ပုံပါ၊ သူကြမ်းပေါ်ကနေကောက် ရတာ ”

“သူက ဘာလုပ်မလို့တုံး” ကျိရိက မျက်လုံးပြုးရင်းမေးပါတယ်။

“ငါလဲမသိဘူးလေ၊ တကယ်လို့ sexy lara ကသာ ငါ့ကို အဲ့ဒီအချိန်က ကြည့်မနေရင် ငါမပေးပါဘူး”

“သူနင့်ကို လိုက်ချင်လို့များလား?” ကျိရိ က ဘာဂါ ကို ကိုက်ရင်းမေးပါတယ်။

“မဟုတ်လောက်ပါဘူး….?”ကျမ ခေါင်း ကို တချက်သပ်လိုက်ရင်း ဖြေလိုက်တယ်။ အစက ကျမ ဆံပင် ကို ပြန်သွားဖြောင့်မလို့ဘဲ။ ဒါပေမယ့် ကောက်ထားတာ မကြာသေးတဲ့ ဆံပင် ကို အတင်းပြန်ဖြောင့်ရင် ဆံပင်ကပျက်ပြီး ဖွာသွားတတ်တယ်လို့ ကြားဘူး ထားတော့ ပိုရုပ်ဆိုးသွားမှာ ကြောက်တယ်လေ။ အဲ့လို ပြန်ဖြောင့်လိုက်မှ ဟင်းရွက်ခြောက် ထုပ် နဲ့ တကယ် ပိုတူနေအုံးမယ်။ အဲ့တော့ ကျမမှာ နေ့တိုင်း အဲ့ဒီ ဆံပင်ကိုပဲ သေချာ အချိန်ပေးပြီးတော့ ဂရုတစိုက်နဲ့ တမင်တကာ ဖြီးနေရတယ်။ အတတ်နိုင်ဆုံး ဝက်ဝံနဲ့ မတူအောင်လို့လေ။ အဲ့တာအကုန် သူ့အပြစ်ပဲ။ မနက်တိုင်း မှန်ရှေ့မှာ ဘီးဖြီးတဲ့အချိန်ဆို သူ့ကို သတ်ပစ်ချင်လောက်အောင်မုန်းမိတယ် တကယ်ပဲ။

“နင်ကြည့်လိုက်စမ်း…ဘယ်သူလဲလို့?” ကျိရိက ကျမ လက်ကို အလန့်တကြား ဆုပ်ကိုင်ပြီး ပြောတယ်။

ခပ်မြင့်မြင့် ခပ်တောင့်တောင့် အရိပ်တခု မှန်တံခါးကို တွင်းဖွင့်ပြီး လူတယောက် ဆိုင်ထဲကို ခပ်ဖြည်းဖြည်းနဲ့ လှမ်းဝင်လာတယ်။ ကျမရော ကျိရိရော နှစ်ယောက် စလုံး “ကြောင်” သွားကြတယ်။ ဒီလိုမျိုး ဘာဂါဆိုင်မှာ “ရီလု” ကိုတွေ့ရလိမ့်မယ်လို့ မထင်ထားဘူးလေ။ သူမက မျက်နှာပြောင်နဲ့ ဆံပင်တွေကို ခေါင်းပေါ်မှာ ပင့်တင် ပြီး ခပ်မြင့်မြင့် ခပ်ပွပွ ကပိုကရိုလေး စည်းထားတယ်။ ကိုယ်ပေါ်မှာလဲ စွပ်ကျယ်လက်ပြတ်နဲ့ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်း စုတ်စုတ်တထည် ကို ရိုးရိုးလေးပဲ ဝတ်ထားတယ်။ ထသွား ထလာ သာမန်လူငယ် ပုံစံနဲ့ပါပဲ ဒါပေမယ့် သူ့ကို ကြည့်ရတာ သိပ်မိုက်တယ်။

“သူလဲ မက်ဒေါနယ်စားတာပါပဲလား? ကျိရိက အရမ်းကိုကျေနပ်တဲ့ပုံနဲ့ ပြောတယ်။

ရီလု က သူ့လိုပဲ ခပ်စုတ်စုတ် ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ ကောင်လေး ချောချောလေးတယောက်နဲ့ပါ။ နှစ်ယောက်စလုံး အရမ်းကို ချစ်ကြည်နူးနေကြတဲ့ ပုံစံနဲ့ ကောင်တာရှေ့မှာ တန်းစီ နေကြတယ်။ ရီလုက သူမရဲ့ လက်တဘက်နဲ့ ကောင်လေးရဲ့ လက်ကို ချိတ်ထားတယ်။ ပြီးတော့ ခေါင်းကိုလဲ ကောင်လေး ပုခုံးပေါ်မှာ မူမူနွဲ့နွဲ့လေး မှီပြီးထားတော့ အရမ်းလဲ ပျော်နေတဲ့ပုံနဲ့ လက်ကို ဟိုလွှဲဒီလွှဲလုပ်နေသေး တယ်။

သူတို့က ဘာဂါနဲ့ အားလူးချောင်းကြော်တွေ ဝယ်ကြတယ်။ လူတွေအများကြီး ကလဲ သူတို့ကို တကူးတက ရပ်ကြည့်လို့။ ကြည့်ရတာ ရီလု ရုတ်တရက်ပေါ်လာလို့ အားလုံး က အရမ်းကို အံ့အားသင့်နေကြပုံပဲ။ ဘယ်သူမှတောင် သူ့ကို အော်တိုရေးခိုင်းဖို့ သတိရကြပုံမရဘူး။ သူမ ဘာဂါ ကို တဘက်ကစားရင် ခပ်မိုက်မိုက် ပြန်ထွက်သွားတာကိုပဲ ကြည့်နေမိကြတယ်။ ပြီးတော့ ဆိုင်အပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ကားတစီး ပေါ်တက် သွားကြတယ်။

“အဲ့ကောင်လေးက သူ့ရည်းစား အသစ်များလား? ကြည့်ရတာ မျက်နှာများမယ့်ပုံပဲ” ကျိရိက ပြောပါတယ်။

ခုနက ရီလု ဆိုင်ထဲကိုဝင်လာတုံးက သူမ ကျမ ကို တွေ့သွားမှာ သိပ်ကြောက်သွားခဲ့တယ်။ အထူးသဖြင့် ကျမ ခေါင်းကိုပေါ့။ ကျမစိတ်ထဲမှာ ကျမ ဟာတကယ်တော့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို ဒါမှမဟုတ် ဦးနှောက်မရှိတဲ့ နာမည်ကြီးတွေ လုပ်သမျှ ဘာမဆိုလိုက်တုတဲ့ လူငယ်တယောက်လိုပဲ ခံစားလိုက်ရတယ်။ အဲ့လိုမျိုး ကျမ ကို မမြင်စေချင်ဘူးလေ။ ရှက်စရာဘယ်လောက်ကောင်းသလဲ။ တကယ်လို့ ဝက်ဝံလဲရှိနေရင် သူ့ရဲ့ ကျမနဲ့ တပုံစံထဲ ညှပ်ထားတဲ့ ဆံပင်ပုံနဲ့ ဆိုရင်တော့ ကျမရဲ့ နေရထိုင်ရခက်ခြင်းတွေ ကို တဝက်ခွဲပေးလို့ ရမှာဘဲ။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၈)

(၈)

ကျမနောက်မှာ ထိုင်တဲ့ ဝက်ဝံ က သိပ်ကို ငြိမ်ပါတယ်။ ဘယ်လောက်အထိလဲ ဆိုရင် ငြိမ်လွန်းလို့ တခါတခါ တကယ်ကော အဲ့ဒီလူတယောက် ရှိမှ ရှိရဲ့လားလို့ ထင်မိတဲ့ အထိပါဘဲ။ သူတခါမှ ဆရာကို စာလှမ်းမေးတာမျိုး မတွေ့ဘူးဘူး၊ အတန်းထဲမှာတော့ သူက “မျက်လွှာချသမား” တွေထဲမှာပါတယ်။ ကျမ တခါတခါ ပုခုံး ပေါ်ကနေ ကျော်ပြီးတော့ သူ့ ကိုခိုးကြည့်တတ်ပါတယ်။ သူ အိပ်များပျော်နေသလားလို့ပေါ့လေ။ တကယ့်ကိုပါပဲ ခဏခဏ ဆိုသလို သူက စားပွဲပေါ် လက်မှောက်ချပြီး အိပ်နေတတ် ပါတယ်။ တခါတခါ ကျတော့ စာအုပ် တအုပ်အုပ်ကို ခိုးဘတ်နေတာတွေ့တယ်။ ဘတ်နေရင်းနဲ့ ကြည်နူးနေတဲ့ သူ့မျက်နှာ ကိုကြည့်ရတာ သေချာတယ် ကျောင်းစာနဲ့ ပတ်သက်တာတော့ ဟုတ်ပုံမပေါ်ဘူး။ ပြီးတော့ အလယ်တန်း စတုတ္ထနှစ်ပဲ ရောက်နေပြီ လက်ရေးလက်သားကလဲ ညံ့ပါ့၊ ကွေ့လိုက်ကောက်လိုက်နဲ့ မူလတန်း ကျောင်းသားကျနေ တာပဲ။ ပြီးတော့ ပျင်းတဲ့နေရာမှာလဲ နံပါတ် “၁” ပဲ။ သူဘယ်တုံးက မှ အိမ်စာ ထပ်တာ မတွေ့ရဘူး။ ကျမတို့က အတန်းထဲမှာ အိမ်စာတွေ စာအုပ်ထပ်စရာတွေရှိရင် နောက်ဆုံး အတန်းကနေ အရှေ့ဆုံးတန်းအထိ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်းသွားကြရလေ့ ရှိတယ်။ ကျမက စာအုပ်ထပ်ဖို့ သူ့ကို လှည့်ကြည့်လိုက်တဲ့ အခါတိုင်း သူက ဘာမှမသိ သလို ပုံစံနဲ့ ပခုံးတွန့်တွန့် ပြလေ့ရှိတယ်။ အဲ့လို အချိန်မျိုးမှာဆို စင်မင်းက သူ့အတွက် ဖုံးကွယ်ပေးတတ်တယ်။ သူတို့နှစ်ယောက် ဘယ်တုံးကများ ချစ်သူငယ်ချင်းတွေ ဖြစ်သွားကြသလဲတော့မသိဘူး။ မုန့်စားဆင်းချိန်တိုင်းလဲ တူတူ အမြဲ တတွဲတွဲတွေ့ရလေ့ ရှိတယ်။ ကျောင်းအချိန်တွေမှာဆိုရင် သူတို့ ရဲ့ ဘေးနဲ့ ရှေ့မှာ ထိုင်နေတဲ့ ကျမ ဟာ လူအပိုတယောက်လိုပဲ။ အဲ့အရွယ်ယောက်ျားလေးတွေ အကုန်လုံးက မိန်းကလေးတွေကို ဂရုမစိုက်ကြဘူး၊ အထင်မကြီး ကြဘူးလား မသိပါဘူး?။

အိမ်စာမလုပ်တဲ့ ဝက်ဝံဟာ သင်္ချာမှာတော့ သိပ်တော်ပါတယ်။ အရှေ့တန်းကနေ ပြန် လက်ဆင့်ကမ်းလာတဲ့ သင်္ချာ အဖြေလွှာစာရွက်တွေ ကနေတဆင့် ကျမ သူ့အဖြေလွှာ ရမှတ် ကို အမြဲတွေ့ရလေ့ရှိတယ်။ စာမေးပွဲ စစ်တိုင်းစစ်တိုင်း သူက သင်္ချာမှာ အမြဲ (၁၀၀) အမှတ်ပြည့်ပဲ။ တခါတလေကျရင် လူပုလေးက သူ့ကို အတန်းရှေ့ထွက်ပြီးတော့ ကျောက်သင်ပုန်းပေါ်မှာ သင်္ချာပုစ္ဆာ တွက်ခိုင်းတတ်ပါတယ်။ သူက တိတ်တိတ်ဆိတ်ဆိတ် နဲ့ပဲ ပြီးအောင် တွက်တတ်တယ်။ တွက်တာလဲ တခြား လူတွေအကုန်လုံးထက် မြန်တယ်။ လူပုလေးမျက်နှာ ပေါ်မှာ အံ့သြတဲ့ အရိပ်တွေ ဖြတ်သွားတာတောင် ကျမ တွေ့ဘူးတယ်။ အားရင်းတခါက ပြောတဲ့ သင်္ချာ မေးခွန်းလွှာ ခိုးတာ သူ့အတွက်မဟုတ်ဘူးဆိုတာ ဟုတ်လောက်တယ်။ ဒါပေမယ့် တခြား ဘာသာ တော်တော်များများ မှာတော့ သူက ညံ့တဲ့ အထဲမှာတောင်ပါပါတယ်။ အိမ်စာ မထပ်နိုင်တဲ့ အတွက်လဲ ခဏခဏ အပြစ်ပေးခံရတတ် တယ်။ ဒါလဲ ဒင်းက မမှတ်ပါဘူး။ နောက်ဆုံး sexy lara ရဲ့ အိမ်စာ ကိုတောင် မထပ်ဘဲ သူမို့နေရဲတယ်။

တနေ့ ကျမတို့တွေ ဆရာမ sexy lara ရဲ့ အတန်းမှာ စာသင်နေကြတဲ့ အချိန်ပါ။ အဲ့နေ့က sexy lara ကြည့်ရတာ သာမန်ထက် ပိုပြီး စိတ်လက်ကြည်သာနေသလိုပဲ။ ကျမတို့ အားလုံးကိုလဲ ချောကလက် ဘီစကစ်တွေ ကျွေးပါသေးတယ်။ ရုတ်တရက် ကျမ ကျောကိုနောက်ကနေ လူတယောက်က လက်နဲ့လှမ်း ကုတ်လိုက်တာ ခံစားလိုက်ရတယ်။ ကျမလှည့်ကြည့်လိုက်တော့ ဝက်ဝံ ဖြစ်နေတယ်။ ကျမ ကို နောက်ကနေ လက်နဲ့ ကုတ်နေတာ သူပေါ့။ ပါးစပ်မှာတောင် ချောကလက် ဘီစကစ်တွေ ကပ်နေသေးတယ်။

“မင်း ကြမ်းပြင်ပေါ်မှာ ကျနေတာမှလား?” သူက ကျမရဲ့ ကျောင်းသားပိုစ့်စကတ် ဆိုက် ဓါတ်ပုံတပုံ ကို လှမ်းပေးရင်း ပြောပါတယ်။ ဓါတ်ပုံက ကြည့်ရတာ ကျမ ပစ္စည်းတွေ ယူတုံးက လွယ်အိတ်ထဲကနေ မတော်တဆ ကျသွားတယ်ထင်ပါရဲ့။

“ကျေးဇူးပဲ”

“မင်းရဲ့ ဓါတ်ပုံ………..ငါ့ကို…….ပေးလို့ ရမလာ…?” သူက ရှက်တက်တက် ပုံစံနဲ့ ပြောပါတယ်။

ကျမ စက္ကန့်ပိုင်းလောက် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အဲ့အချိန်မှာပဲ sexy lara က ကျမ ကို ကြည့်နေတာနဲ့ ဝက်ဝံကို ဇာတ်လမ်းမြန်မြန်ဖြတ်ဖို့ အတွက် သူ့ကို အဲ့ဓါတ်ပုံ ပေးလိုက်မိပါတယ်။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၇)

ဒေါ်ဂျူ ရဲ့ တောင်းဆိုမှုအရ ဆက်ရေးလိုက်တယ်နော် အရင်ကဟာတွေ ပြန်ဘတ်ချင်ရင်…

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၂)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၃)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၄)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၅)
ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၆)

တကယ်လို့ တခုဆီကလစ်မလုပ်ဘဲ အကုန်လုံးကို တစုတဝေးထဲ ဘတ်ချင်ရင်တော့ အောက်က လေဘယ်မှာ အခန်းဆက်ဝတ္ထုရှည်ဆိုတာ ကို နှိပ်လိုက်ပါနော်

(၇)

တနင်္ဂနွေနေ့။ ကျမထုံးစံအတိုင်း ကိတ်မုန့်ဆိုင်မှာ အလုပ်ဆင်းရပါတယ်။ အားရင်း လဲကျမ နဲ့တူတူပဲ အလယ်တန်းအဆင့် လေးတန်း ကိုတက်ရပါတယ်။ ကျမ က အားရင် ကို စင်မင်း အကြောင်းပြောပြလိုက်ပါတယ်။
“သူဘယ်လိုနည်းလမ်းကောင်းနဲ့များ ဝိတ်ချလိုက်တာလဲ?” အားရင်းက အံ့သြ တကြီးလေသံနဲ့ ကျမကိုမေးပါတယ်။
“ငါမမေးမိဘူး။ သူက ငါနဲ့ လဲ စကားသိပ်မပြောဘူးဟ။ အဲ့ဒီအချိန်က လွတ်နေတဲ့ ခုံဆိုလို့ ငါ့ဘေးက ခုံပဲရှိတာလေ။ သူ့ပုံစံကြည့်ရတာ တခြားရွေးချယ်စရာမရှိတော့လို့ သာ ငါနဲ့လာထိုင်ပုံပဲ” ကျမ က မဲ့တဲ့တဲ့ နဲ့ ပြန်ဖြေလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ကိတ်မုန့်ဆိုင်ရှေ့မှာ တန်းစီနေတဲ့လူတန်းကြီးကြားကနေ ဆန့်ထွက်လာတဲ့ လယ်သာရှုးဖိနပ် ဝတ်ခြေထောက်တုတ်တုတ်တစုံကို ကျမတွေ့လိုက် ရပါတယ်။ အဲ့ဒီလယ်သာရှုးဖိနပ်ဝတ်ခြေထောက် တုတ်တုတ်ကြီးက လူတန်းကြီးရဲ့ ဘေး ကို နည်းနည်း ခွဲပြီး ခြေချဲရပ်လိုက်တဲ့ အချိန်မှာ မတော်တဆ ၂ လက်မတိတိမြင့်တဲ့ ဒေါက်တခု ကို ကျမတွေ့လိုက်ရပါတယ်။
“ဘုရားရေ…အဲ့တာ လူပုလေး…” ကျမ ပါးစပ်ကလဲအော်ရင်း ချက်ချင်း လိုလို ထိုင်ချလိုက်ပါတယ်။ အားရင်း ရဲ့ စကတ်အောက်ခြေစွန်းကို ဆွဲပြီး အသံတိုးတိုးနဲ့ အော်ရင်း အရောင်းကောင်တာ စားပွဲနောက်မှာ ကွယ်ပြီး ပုန်းနေလိုက်တယ်။
“အော်….အဲ့တာနင်ပြောပြောနေတဲ့ အတန်းပိုင်လူပုလေးပေါ့လေ။ သူဒီလောက် ပု တာတောင် နင်က မြင်သေးတယ်?” သူမက ခြေဖျားလေး ထောက်ပြီး ကျမ ပါးစပ်မှာ တချိန်လုံး ဂါထာ လိုရွတ်ရွတ်နေတဲ့ ဂန္တဝင် လူပုလေး ကို လှန်းကြည့်ပါတယ်။
“ငါ သူ့ရဲ့ ဖိနပ်ဒေါက်ကို မြင်တာဟဲ့” ကျမ တိုးတိုးလေး ပြောလိုက်ပါတယ်။
“အင်း…ငါတွေ့ပြီ” အားရင်း က ပြောတယ်။
ကျမက အားရင်းရဲ့ ခြေသလုံးနားမှာ ဝပ်ပြီး ပုန်းနေတုံးပဲ။
“ကိတ်မုန့် တတုံးပေးပါ” ခဏနေတော့ လူပုလေးရဲ့ ဈေးဝယ်တဲ့ အသံ ကို ကျမ အရောင်း ကောင်တာ တဘက်ကနေ ကြားရပါတယ်။
“သူထွက်သွားပြီ” အားရင်းက ကျမရဲ့ ပုခုံး ကို ကပုတ်ပြီး အသိပေးပါတယ်။
ကျမ မတ်တပ်ရပ်ရင်း သက်ပြင်း ကိုချလိုက်တယ်။ ကိတ်မုန့်ကို ဝယ်ပြီး လှည့်ထွက်သွားတာနဲ့ တပြိုင်နက် နည်းနည်းလေးမှ ထပ်စောင့်နိုင်ပုံမရတဲ့ လူပုလေး ရဲ့ကျောပြင်ကိုတွေ့ရတယ်။ ကိတ်မုန့် တလုတ်ကို ဇွန်းနဲ့ ကိုက်ပြီးတော့ ပါးစပ်ထဲကို အသားကုန် ထိုးသွင်းနေတဲ့ပုံပဲ။ သူ့ကြည့်ရတာ ငတ်နေတာ တော်တော်ကြာတဲ့ပုံနဲ့ အရာသာရှိရှိ စားနေလိုက်တာ။
“ငါဒီမှာ အလုပ်လုပ်နေတယ်ဆိုတာ သူလုံးဝ သိလို့မဖြစ်ဘူး” ကျမ ပြောလိုက် တယ်။
“ဘာလို့လဲ?…နင်တို့ကျောင်းက ကျောင်းသားတွေကို အချိန်ပိုင်း အလုပ်လုပ်ဖို့ခွင့် မပြုဘူးလား?” အားရင်းက ကျမ ကိုမေးပါတယ်။
ကျမ လူပုလေးရဲ့ ကိတ်မုန့်ကို အငမ်းမရ စားနေတဲ့ ကျောပြင်ကိုကြည့်ရင်း
“တကယ်လို့ သူ့ကို ဒီလိုပုံနဲ့ ငါမြင်တာသာ သိသွားရင် ငါ့ကို ကောင်းကောင်း ပုံစံပေးလိမ့်မယ်” လို့ ကျမ ပြောလိုက်ပါတယ်။
“သူ့ကြည့်ရတာ သနားစရာကောင်းလိုက်တာနော်။ အရပ်ဒီလောက်ပုတော့ ငယ်ငယ်ကဆို ခဏခဏ ကလေးအချင်းချင်း အနိုင်ကျင့်ခံရမှာပဲ” အားရင်းက ဆိုပါတယ်။
သူမရဲ့ မျက်စိထဲမှာတော့ ဘယ်ယောက်ျားတယောက်မဆို မိဘမဲ့ကလေးတွေ လိုပဲ သနားစရာကောင်းနေတော့တာပဲ။
“ဝက်ဝံ ကျောင်းရသွားပြီလား?” ကျမ က အဆက်အစပ်မရှိမေးလိုက်တယ်။
“မရသေးဘူးထင်တယ်” သူမက ပြန်ဖြေတယ်။
“အဲ့တာဆိုဘယ်လိုလုပ်ကြမှာလဲ…ကျောင်းတွေပဲပြန်ဖွင့်နေပြီ။” လို့ ကျမက ပြော လိုက်တယ်။
နောက်တပတ်ခြားပြီးတော့ ကျမနဲ့ အားရင်း ကိတ်မုန့်ဆိုင်မှာ ထပ်တွေ့ကြပြန် ပါတယ်။
“ဟဲ့ လက်စသတ်တော့ ဝက်ဝံ က နင်တို့ကျောင်းမှာ ရသွားတာကိုး” ကျမ ကို အားရင်း က သတင်းပေးပါတယ်။
“ဟင်…ဘယ်အတန်းမှာလဲ?” ကျမ အံသြတကြီးမေးလိုက်မိတယ်။
“နင်နဲ့တူတူပဲ အလယ်တန်းအဆင့်ရဲ့ စတုတ္ထတန်းလေ။ ဘယ်အတန်းလဲတော့ ငါလဲသေချာမသိဘူးဟ။ နင်တို့ အတန်းထဲမှာရော ဒီရက်ပိုင်းမှာ ကျောင်းလာတဲ့ နောက်ကျ ကျောင်းသားသစ်မရှိဘူးလား?”
“ဝက်ဝံရဲ့ နာမည်ကဘာလဲ?” ကျမ အလန့်တကြား မျက်လုံးမိတ်လိုက်မိတယ်။
“ဝန်မိုးညို”
“ဟင် လက်စသတ်တော့ သူကိုး” ကျမ အော်ပြီးပြောလိုက်မိတယ်။
“နင် သူ့ကို တွေ့ပြီးပြီပေါ့?”
“နင်ပြောတဲ့ ဝက်ဝံဆိုတာ တကယ့် ဝက်ဝံ လိုပဲ ထွားထွား မြင့်မြင့် မဟုတ်ဘူး လား?”
““ဝက်ဝံ” ဆိုတာ သူ့နာမည်ပြောပါဟ။ ငါသူနဲ့မတွေ့တာ နှစ်နှစ်တောင်ရှိသွားပြီ။ အဲ့တော့ သူ အရပ်ပိုမြင့်လာလား ထွားလာလား မသိတော့ဘူးဟ၊ ငါမှတ်မိသလောက်ကတော့ သူက ပုတဲ့အထဲမှာ လုံးဝမပါတာတော့ သေချာတယ် အရပ် ဆက်ထွက်သေးလားတော့မသိဘူး”
“အေး… သူအရပ်ဆက်ထွက်လာသေးတယ်” ကျမ သူ့စကား ကို ဖြည့်ပြီးပြောပေး လိုက်တယ်။
“ဘယ်လိုဖြစ်တာလဲပြောပါအုံး” အားရင်းက စိတ်အားထက်သန်စွာနဲ့မေးပါတယ်။
“ငါ သူ့ဆံပင် ပုံ ကို ကြည့်မရဘူး” ကျမ မကျေမနပ်ရေရွတ်လိုက်တယ်။
ကိစ္စကဒီလိုပါ။ တနင်္လာနေ့က ကျောင်းတက်တော့ ပထမအချိန်ကို သင်ဖို့လာတဲ့ လူပုလေးရဲ့ နောက်မှာ သူ့ထက် ခေါင်းနှစ်လုံးလောက်ပိုမြင့်နေတဲ့ ကျောင်းသားသစ် တယောက်ပါလာပါတယ်။
“ကဲ မင်းက ဟိုနားက နောက်ထပ် အရွက်ခြောက်ကေတယောက်ရဲ့ ဘေးမှာ သွားထိုင်ချေ” လို့ လူပုလေးက ကျမကို လက်ညိုးညွှန်ပြီး ကျောင်းသားသစ်ကို ပြောပါ တယ်။
တတန်းသားလုံးဆီ က ထိန်းမရတဲ့ ရယ်သံတွေထွက်လာပါတယ်။ အဲ့ဒီ ပုခုံးပေါ်မှာ လေးတေးတေး လွယ်အိတ်ကို ချိတ်ထားတဲ့ အရပ်မြင့်မြင့် ပိန်ပိန်နဲ့ ကောင်လေးက ရှက်တက်တက်ကြောင်တောင်တောင် မျက်နှာထားနဲ့ ကျမနဲ့ စင်မင်းနောက်က လွတ်နေတဲ့ ခုံတန်းမှာဝင်ထိုက်လိုက်ပါတယ်။ လက်စသတ်တော့ သူကလဲ ကျမလိုပဲ “ရီလုကေ” ကောက်ထားတာကိုး အဲ့တာကြောင့် ကျမမှာ နေရင် ထိုင်ရင်းတတန်းလုံးရဲ့ ဟာသဖြစ်ရ တာပေါ့။
“ဘယ်လိုစိတ်ကူးနဲ့များ ယောက်ျားတယောက်ဖြစ်ပြီးတော့ ဆံပင်ကို သွားကောက် ထားရတာပါလိမ့်?” ကျမနဲ့ကျိရိ မုန့်စားဆင်းတော့ အိမ်သာထဲမှာ အတင်းတုတ် နေကြ ပါတယ်။
“ကြည့်ရတာ သူလဲ ရီလု သီချင်းတွေ ကြိုက်လို့နဲ့တူပါတယ်” ကျိရိက ပြောပါတယ်။
“ငါ့ဆံပင်တွေ အကုန်ပြန်သွားဖြောင့်ပစ်မယ်” ကျမ အိမ်သာမှန်ထဲက ကိုယ့်ပုံကို ကိုယ် လှမ်းကြည့်ရင်း ပြောလိုက်ပါတယ်။
“သူက ဆံပင်တွေကောက်ထားတယ်…? သိပ်အံ့သြဖို့ကောင်းတာပဲ။ သူတလျောက်လုံး ဘိုသီဘတ်သီနဲ့ အလှအပ လဲမကြိုက်ဘူး။ ဘယ်လိုပြောပြော ဆံပင် သွားကောက်မယ့် ယောက်ျားတယောက်လို့ ယုံစရာမရှိဘူး။ ပြီးတော့ ကောက်လိုက် တော့လဲ “ရီလုကေ” ကောက်တယ်။ ငါ့အထင် တခုခုတော့ ရှိကိုရှိရမယ်ဟ” အားရင်း က ဘယ်လိုမှ မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ ပြောပါတယ်။
“ဘာလို့များ အဲ့လိုဖြစ်ရတာပါလိမ့်” ကျမ ကိုယ့်ခေါင်း ကိုယ်ကိုင်ပြီး နှုတ်ခမ်းဆူ ပြောလိုက်ပါတယ်။
ကျမ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတဲ့ ဝက်ဝံနဲ့ ကျမ အားရင်းဆီက ကြားထားတဲ့ သူရဲကောင်းဆန်ဆန် ဝက်ဝံနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရဘူးဖြစ်နေပါတယ်။ အဲ့ဒီရက်ပိုင်း ကျမ သူ့ကို လှည့်မကြည့်ဖြစ်အောင်နေမိတယ် ဘာလို့လဲဆိုတော့ သူ့ကို လှည့်ကြည့်မိရင် ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်နေရသလိုပဲ။ ကျိရိကတောင်ပြောသေးတယ်။ တကယ်လို့ ကျမကသာ စကတ်ဝတ်တာမဟုတ်ရင် သူက ကျမတို့ကိုလူတောင်မှား နိုင် တယ်တဲ့။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၆)

(၆)

“နင်မြင်ပြီးပြီလား သူကျောင်းပိတ်ရက်တခုလုံး ဘာတွေများစားနေပါလိမ့်” မုန့်စားဆင်း ချိန်မှာ ကျမနဲ့ ကျိရိ ခုနှစ်ထပ်ကျောင်းဆောင်ရဲ့ လျောက်လမ်းမှာ လျောက်နေရင်းနဲ့ သူမ က ကျမ နားနားကပ်ပြီး တိုးတိုး တိုးတိုး နဲ့သဖန်းပိုးလုပ်နေတာပါ။
ဒါပေမယ့် ကျမ စကားပြောချင်စိတ်မရှိပါဘူး။ ကျမ စိတ်ညစ်လို့သေတော့မယ်လေ။ ကျောင်းတွေပြန်မဖွင့်ခင်တုံးကကျမ အကြိမ်တထောင်တသောင်းလောက်မက “လူပုလေး”
ကိုကျမရဲ့ အတန်းပိုင်မဖြစ်ပါစေနဲ့လို့ဆုတောင်းခဲ့ရတာ အမောပါ။ လူစင်မင်းရဲ့ အံ့သြမှု မြူ တွေထဲမှာ ကျမ ခဏတာ ပိတ်မိနေတုံး နောက်ထပ်ပိုထူထပ်တဲ့ မြူတခုကကျမကိုအသက် ရှူမရအောင် ဖိလိုက်သလိုပါပဲ။ “လူပုလေး”……စာသင်ခန်းထဲကို လှမ်းလျောက် ဝင်ရောက် လာပါတယ်။ သူ့ရဲ့အရပ်က ကျမတို့ စာသင်ခုန်တွေထက် အများကြီး ပိုမမြင့်ပါဘူး။ ဒါပေမယ့် လုံးလုံး လုံးလုံး ပုပု ပုပု နဲ့ ပင်စည်လို ခန္ဓာကိုယ် တခု အတန်းရှေ့ ပထမ ဆုံး ခုံတန်းတွေရှေ့ ကနေ လိမ့်လိမ့် လိမ့်လိမ့်နဲ့ လှိမ့်ပြီး တော့ ဝင်လာတာ ကျမ မြင်လိုက် ပါတယ်။ ပြီးတော့ ရုတ်တရက် ဆိုသလိုပဲ အလျားလိုက်တန်းတွေထဲက တတိယတန်းနဲ့ စတုတ္ထတန်းကြား လောက်မှာ ဘွားခနဲပေါ်လာပါတယ်။ မျက်နှာပေါ်မှာကလဲ “တနေ့လုံး အရာရာကို ငါစိတ်တိုနေတယ်နော်” နဲ့ “လူ့ ဘဝကြီး ကိုစိတ်ကုန်လိုက်တာ” ဆိုတဲ့ အမူ အရာ တွေတင်ပြီးတော့ ကျမတို့အားလုံးဘက်လှည့်ပြီး သူက ကျမတို့ အတန်းရဲ့ ဒီတနှစ် အတွက် အတန်းပိုင်ပဲလို့ပြောလာပါတယ်။
“လူပုလေး” လူနဲ့နာမည်နဲ့လိုက်လဲလိုက်ပါပေရဲ့။ နာမည်အရင်းကိုတောင် လူတွေ မခေါ်တာကြာလို့ မသိကြတော့ဘူးထင်တာပဲ။ သူက သင်္ချာဆရာပါ။ ကျမတို့အလယ်တန်း အဆင့် သုံးတန်းတုံးက ကျမတို့ကို သင်ဖူးပါတယ်။ ဒါပေမယ့် ကျမရဲ့ သင်္ချာ ပညာရည် တိုးတက်မှုမှတ်တမ်းအရတော့ ကျမကို သူမှတ်မိမှာ မဟုတ်ပါဘူး။
တရုတ်ဘာသာ ပြဆရာ၊ အင်္ဂလိပ်ဘာသာပြဆရာ၊ ကာယဆရာ စတာတွေမှာလဲ အများအားဖြင့်တော့ ဆရာတွေ ပိုသဘောကျတဲ့ပိုချစ်တဲ့ ကျောင်းသားကလေးတွေ ရှိ တတ်ကြပါတယ်။ ဒါပေမယ့် သင်္ချာဘာသာ သင်တဲ့ဆရာလိုကျတော့၊ သူတို့က သွေးအေး သတ္တဝါတွေနဲ့ ပိုတူတယ်။ သံယောဇဉ် သိပ်ထားတတ်ပုံမရဘူး။ အရပ်ပုတာကလဲ ထည့် စဉ်းစားရမယ့် အချက်ထဲမှာပါတယ်။ လူပုစိတ်တိုလို့ဆိုတယ်မှလား။ သူ့မှာ တခြား သူတွေ ထက် ပိုချစ်တယ် ဆိုတဲ့ ကျောင်းသားမရှိသလို၊ သူကပိုမျက်နှာသာပေးတယ်ဆိုတဲ့ ကျောင်းသားလဲမရှိပါဘူး။ နေ့လယ် မုန့်စားဆင်းချိန်တွေမှာ ဒါမှမဟုတ် ကျောင်းလွှတ်ချိန် တွေမှာ ကျောင်းသားတယောက်ယောက်က သူ့အနားမှာ ကပ်ပြီး စာမေးတာ စကားပြော နေတာမျိုး တခါမှမမြင်ရဘူးဘူး။ ကျောင်းမှာ ခရစ်စမတ် ပွဲတွေကျင်းပတုံးကဆိုရင် ကျောင်းသားတွေက ဆရာတွေကိုလဲအတင်းဆွဲခေါ်ပြီး ကစားပွဲတွေမှာ အတူတူ ပါဝင် ကစားခိုင်းလေ့ရှိကြပါတယ်။ ဒါပေမယ့် လူပုလေး ကိုတော့ တခါမှ ဘယ်သူကမှ မခေါ် ကစားခဲ့ကြဘူး။ ခေါ်ကစားရဲ ပုံလဲမပေါ်ကြဘူးလေ။ ပြီးတော့ ကြည့်ရတာ လေးဆယ်နားနီး နေပြီဖြစ်တဲ့ လူပုလေးမှာ အိမ်ထောင်ရှိမရှိ၊ ရည်းစားရှိမရှိလဲ ဘယ်သူမှမသိကြဘူး။ အင်း… ဒါပေမယ့် အားလုံးသေချာတဲ့ အချက်တခုတော့ရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ မနှင်းဖြူလေး (snow white) ကတော့ ဒီလူပုလေးကို ဘယ်တော့ မှချစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
အဲ့ဒီ အပတ်ကုန်သွားတော့ ကျမတို့အားလုံး ဘယ်ဆရာက ဘယ်ဘာသာကို သင်မယ်ဆိုတာ သိနေကြပါပြီ။ တရုတ်စာ ပြမယ့်ဆရာက “လာဗင်းဒါး (lavender)” ပါ။ အသက်က ၃၀လောက်ပါ။ ယောက်ျားဆရာတွေထဲမှာတော့ အဝတ်အစား အဝတ်တတ် ဆုံးတယောက်ပေါ့။ ပြီးတော့ သူကသိပ်လဲစေ့စပ်ပါတယ်။ ဘယ်တော့မှ အင်္ကျီတထည် ထဲကို နှစ်ရက်ဆက်တိုက် မဝတ်တတ်ဘူး။ နွေရာသီပဲဖြစ်ပစေ၊ သူ့ကိုယ်ပေါ်မှာ အမြဲ ကုတ်အင်္ကျီ ကိုဝတ်ထားတတ်ပါတယ်။ နောက်ပြီး သူကပြောသေးတယ် ကုတ်အင်္ကျီ မဝတ်ထား ရင် အင်္ကျီမဝတ်ထားသလိုပဲတဲ့။ သူက ခရမ်းရောင်ကိုအရမ်းကြိုက်ပါတယ်။ သူ့ကိုယ်ပေါ်မှာ အမြဲတမ်းလိုလို ခရမ်းရောင် တခုခုရှိတတ်ပါတတယ်။ ရှပ်မဟုတ်ရင် နက်တိုင် စသဖြင့်ပေါ့။ မျက်မှန်ကိုင်းကတောင် ခရမ်းနုရောင်လေးပါ။ အဲ့တာကြောင့် ကျမတို့ ကသူ့ကို “လာဗင်းဒါး” လို့ခေါ်တာပါ။ သူ့ကြည့်ရတာတော့ ဖြူဖြူဖျော့ဖျော့ ပါပဲ။
သူ့မျက်နှာ ကအမြဲလိုလိုပြုံးပြုံးလေးထားတတ်ပေမယ့် သူ့ကိုယ်ခန္ဓာကတော့ အမြဲလိုလို တခုခုနေမကောင်းဖြစ် နေသလိုပါပဲ။
အင်္ဂလိပ်စာသင်တာကတော့ မနှစ်ကတည်းက ကျမတို့ကို သင်ဖူးတဲ့ “Tom Raider lara” ပါ။ နောက်တမျိုးကတော့အလွယ် sexy lara လို့လဲခေါ်ကြပါတယ်။ သူမရဲ့ အင်္ဂလိပ်နာမည်ကလဲ lara ပဲလေ။ ၁၉၉၈ ခုနှစ်တုံးက အင်တာနက်ဂိမ်းတွေမှာ Tom Raider lara ကအရမ်းနာမည်ကြီးနေချိန်ပေါ့။ အဲ့ထဲက ဂိမ်းမင်းသမီးကလဲ အရမ်း နာမည် ကြီးနေချိန်ပေါ့။ သူ့နာမည်ကလဲ lara ပဲလေ။ အဲ့တာကြောင့်ကျမတို့က ဆရာမ နောက် ကွယ်မှာ ဆိုရင် သူ့ကို sexy lara လို့ခေါ်ကြပါတယ်။ ဒါပေမယ့် ဆရာမကတော့ ဝတ်တာ စားတာ ဂိမ်းထဲက lara လောက်မနဲပါဘူး။ သူမ ကိုကြည့်ရတာ အသက်က ၃၀ စွန်းစွန်းပါ။ ကိုလာ ပုလင်းဖင်လောက် ရှိတဲ့မျက်မှန်နဲ့ သဘောထားက နဲနဲ ထူးဆန်းပါတယ်။ တခဏ မှာ အရမ်းနွေးထွေးပြီး သဘောအရမ်းကောင်းချင်ကောင်းနေပြီး၊ ခဏနေရင် အေးစက်စက် နဲ့ ဖြစ်နေ တတ်ပါ တယ်။ စိတ်ကောင်းဝင်နေရင်တော့ ကျမတို့ကို ချောကလက်တွေ နဲ့ ဘီစကစ်တွေကျွေးတတ်ပါတယ်။ တခါတခါဆို စာသင်နေရင်းတောင် မုန့်စားခွင့် ပေးတတ် ပါတယ်။ ဆရာမက စာသင်တာ အရမ်းကောင်းပါတယ်။ ပညာလဲတတ်တယ် ဗဟုသုတ လဲစုံ ပြီးတော့ ဝိရိယ လဲအရမ်းကောင်းတယ်။ အမြဲတမ်းလိုလို ကျောင်းကနေနောက်ဆုံးမှ ပြန်လေ့ရှိပါတယ်။ ကျိရိက ဆရာမကိုအရမ်းချစ်ပါတယ်။ အားကျတယ်၊ လေးလဲလေးစား တယ်။ တခါတခါဆိုရင် နည်းနည်းတောင် ကိုးကွယ်သလိုဖြစ်နေတတ်တယ်။ ကျိရိ ရဲ့ အင်္ဂလိပ်စာကလဲအရမ်းကောင်းပါတယ်။ အဲ့တာကြောင့် sexy lara ကလဲ သူမကိုဆို ပို သဘောကျပါတယ်။ ချောကလက်တွေဆိုအမြဲလိုလိုပိုပေးတတ်တယ်။ သူ့ကိုဆိုလဲ စာပို မေးတတ်လေ့ရှိပါတယ်။
ကျိရိက ကျမ ကျောင်းမှာ အခင်ဆုံးသူငယ်ချင်းပါ။ သူမရဲ့ ညာဘက် ခြေထောက် က ဘယ်ဘက်ခြေထောက်ထက်နဲနဲ ပိုနိမ့်နေပါတယ်။ အဲ့တာကြောင့် လမ်းလျောက်ရင် နဲနဲ လေးထောင့်နေတတ်ပါတယ်။ ဒါပေမယ့် သေချာသတိထားမကြည့်ရင် မသိသာပါဘူး။ ကိုယ်လုံး သိပ်မလှတဲ့သူမမှာ ဖြူဖျော့နေတဲ့ မျက်နှာတခုနဲ့ ဝိုင်းစက်လှပတဲ့ သမင် မျက်လုံး တစုံ ရှိပါတယ်။ သီချင်းဆိုတာ သိပ်ကောင်းတယ်၊ စန္ဒားယား တီးတာလဲသိပ်တော်ပါတယ်။ ကျောင်းရဲ့ အဆိုအဖွဲ့မှာ ဆိုရင် ကျိရိက အသံမြင့်တွေအမြဲ ဆိုရတာပေါ့။ ဘယ်သူမဆို သူမကိုကြည့်လိုက်တာနဲ့ သူ့ ပုံပန်းသဏ္ဌာန် လိုပဲ အေးအေးကလေးလို့ထင်ကြပါတယ်။ ကျမနဲ့ အတူတူရှိတဲ့အချိန်တွေမှသာ သူမက စကားများများပြောတတ်တာပါ။ သူမကော ကျမပါ ရီလု ကိုကြိုက်တာတူပါတယ်။ သူမက ကျမထက်တောင်ပိုပါသေးတယ်။ သူမ ရဲ့ အိပ်ခန်းထဲမှာ ဆိုရင် ရီလုရဲ့ ပိုစတာတွေပဲခန်းလုံးပြည့်ကပ်ထားတာပါ။ ကျမ နဲ့ ကျိရိ ရီလု ရဲ့ စတိတ်ရှိုးတွေဆိုရင်လဲ တပွဲမှမလွတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ fan fair တွေကိုတော့ မသွား ပါဘူး။ ပြီးတော့ ရီလု ကိုတွေ့ရဖို့လဲ တခြားလူငယ်တွေကို သူမလာမယ့် လမ်းမှာ သွားစောင့်နေတာမျိုး မလုပ်ဘူးဘူး။
“အကွာအဝေး နည်းနည်းရှိတဲ့ အချစ်ဟာ ပိုပြီးတော့ ပြီးပြည့်စုံပါတယ်” ဆိုတဲ့ ရီလု ရဲ့ စကား ကိုကျိရိ ကအမြဲလိုလို ရေရွတ်နေတတ်ပါတယ်။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၅)

(၅)

သြဂုတ်လကုန်ပိုင်း၊ ကျောင်းပိတ်ရက်တွေလဲ ပြီးတော့မယ်။ ကျမလဲ အလယ်တန်း အဆင့် ရဲ့ လေးတန်းကိုတက်ရတော့မယ်။ ကျောင်းပိတ်ရက်တခုလုံး မနက်တိုင်း မနက် ၁၀နာရီနောက်ပိုင်းမှ ပျင်းရိရိနဲ့ နှိုးထတတ်တဲ့အကျင့်ကြောင့် ပထမဆုံးကျောင်းပြန်ဖွင့်တဲ့ ရက်ရဲ့ မနက် ကျမနှိုးတဲ့အချိန်မှာ နှိုးစက်ကမြည်ပြီးတာ နာရီဝက်လောက်တောင်ရှိသွားပြီ။ ကျမ အလောတကြီးနဲ့ စောင်ကိုပိတ်ကန်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ထ၊ မျက်နှာသစ်၊ သွားတိုက်ပြီးတော့ မီးသတ်သမားတွေ မီးဥသြဆွဲရင် ပြင်ဆင်တာထက်တောင်မှ မြန်တဲ့ အမြန်နှုံးနဲ့ ကျောင်းဖြူအင်္ကျီ ကိုအမြန်ဝတ် ကျောင်းစကပ်အပြာကိုကောက်စွပ်ပြီးတော့ လွယ်အိတ်ကိုဆွဲပြီး လမ်းမပေါ်ကိုတဟုန်ထိုးထွက်ခဲ့တော့တာပဲ။
ကျမကျောင်းလဲရောက်ရော ပထမပိုင်းအချိန်စဖို့ ၇မိနစ်လောက်တောင် မလို တော့ဘူးလေ။ ကျမ ကျောင်းရှေ့ ကော်ရစ်တာ က သင်ပုန်းဆီကို သုတ်သုတ်ပြေးပြီး တော့ ဒီနှစ်တက်ရမယ့် အခန်းကိုရှာရပါတယ်။ ကျမ နာမည်ကို အလယ်တန်းအဆင့် လေးတန်း (B) ရဲ့ အမည်စာရင်းမှာ တွေ့ရပါတယ်။ ကျမ ခေါင်းလဲမော့လိုက်ရော “ကျိရိ” ကို ဟိုးအဝေးအပေါ်ထပ် ဝရံတာ ကနေ ကျမ ကိုလက်လှမ်းပြနေတာ မြင်လိုက်ရတယ်။
တစ်…နှစ်…သုံး…လေး…ငါး…ခြောက်…ခုနှစ်…ကျမစိတ်ထဲကနေ ကျောင်းဆောင် အထပ် တွေကိုရေတွက်ကြည့်မိတယ်။ ဘုရားရေ…ကျမတက်ရမယ့်အခန်းက ခုနှစ်ထပ်မှာပါလား…
ကျမ မူးလဲကျသွားတော့မလိုပဲ။
ကျမ အသက်ကိုပြင်းပြင်ရှူပြီးတော့ လှေခါး ထစ်တွေကနေ အထပ်တွေ ကို တက် သွားတယ်။ နောက်ဆုံးတော့ ကျိရိကိုတွေ့ရတော့တာပါပဲ။
“ဟေး… ငါတို့တွေအတန်းတူပြန်ပြီနော်” ကျမ သူမ ကိုရယ်ပြရင်းပြောလိုက်ပါတယ်။
“မြန်မြန်ဝင်…မြန်မြန်ဝင်” သူမက ကျမကို လောလော လောလော နဲ့တွန်းလိုက်ပါတယ်။
ကျမ စာသင်ခန်းထဲလဲဝင်လိုက်ရော အားလုံးက နေရာတွေရွေးပြီးနှင့်ကြပြီ။ ကျိရိ က အလယ်တန်းရဲ့ ဒုတိယတန်းခုံမှာထိုင်ပါတယ်။ သူမဘေးကနေရာကလဲ ထိုင်တဲ့ သူ ရှိနှင့်နေပြီ။ ကျမ က ကျိရိ ထက်အရပ်ပိုမြင့်ပါတယ်။ အလယ်တန်း ပထမတန်းကတည်းက ကျမ နဲ့ သူမ အတူမထိုင်ရတော့တာပါ။ နောက်ဆုံးတော့ ကျမ ညာဘက်စွန်က နောက်ဆုံး အတန်းမှာ ထိုင်လိုက်ပါတယ်။ ကျမက နောက်ဆုံးအတန်းမှာ ထိုင်ရတာကြိုက်တယ်လေ။ ဆရာတွေနဲ့ဝေးဝေးထိုင်ရတာကိုကြိုက်တယ်။ စိတ်ထဲမှာ ပိုလွတ်လပ်တယ် လို့ခံစားရလို့ပါ။
ကျမ ထိုင်လိုက်ရင် လွယ်အိတ်ကို စားပွဲအောက်ထဲထည့်လိုက်တယ်။ ခုန က အတန်း လူစာရင်းမှာ နံပါတ် ၃၈ အထိတွေ့တယ်။ အတန်းထဲက ခုံတွေအကုန်က အတန်း လိုက် သုံးတန်းကို စုံလိုက် တွဲထားတာ၊ ကျမ ခုံကကျတော့ ကျမတယောက်တည်း ဖြစ် နေ တယ်လေ။ ကျမဘေးကခုံက လွတ်လို့ပေါ့၊ ကြည့်ရတာ တယောက်ယောက်ကတော့ မလာ သေးတာပဲဖြစ်ရမယ်။
ဘယ်သူကများ ကျမထက်တောင်နောက်ကျနေသေးတာလဲ?။ အဲ့ဒီအချိန်မှာ ဘာမဆိုင် ညာမဆိုင် ဝက်ဝံ ကိုတောင်သတိရမိသေးတော့တယ်။ သူရော ကျောင်းရှာ တွေ့ပြီလားမသိ? ကျမတို့ရဲ့ ကျောင်းပဲ ဖြစ်မလား?။
ကျမ တံခါးပေါက်ဘက်ကို ခဏ ခဏ လှမ်းကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာ ပဲ ပထမပိုင်းအချိန် ကျောင်းတက်ခေါင်းလောင်းက ထိုးပါတော့တယ်။ ခေါင်းလောင်းမြည်သံနဲ့ တထပ်တည်း အတန်းထဲကို ယောက်ျားလေးတယောက် လှမ်းဝင်လာပါတယ်။ တည်တည် တန့်တန့် အေးအေးဆေးဆေး ပုံစံနဲ့ ပဲ ကျမ ဘေးကိုဝင်ထိုင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အတန်းထဲမှာ ရှိသမျှ မျက်လုံးတွေ အကုန်က ကျမရှိရာ ကိုလှမ်းကြည့်နေကြသလိုပါပဲ။ ကျိရိ က ကျမ ကိုမျက်လုံးပြုးပြပြီး နောက်တောက်တောက် အမူအရာ လုပ်ပြပါတယ်။ ကျမတို့အချင်းချင်း မိန်းကလေး ဘာဝ အချက်ပြကြတာပေါ့။ ကျမဘေးမှာ လာထိုင်တဲ့ ကောင်လေး က ဝတုတ်ကလေး လူစင်မင်းပါ။ ကျမတို့တတွေ အလယ်တန်း ပထမတန်း တုံးက တူတူပါပဲ။ သူကတော်တော်ဝတဲ့အတွက် မေးတောင် နှစ်ထပ်ဖြစ်နေပါတယ်။ အားကစား အချိန် တွေဆိုရင်လဲ အမြဲတမ်း ခေါင်းရော ကိုယ်ရော ချွေးသံတရွှဲရွှဲနဲ့ ဖြစ်နေ တတ်တာပေါ့။ လမ်းလျှောက်တဲ့အခါဆိုရင် သူ့ ပေါင်တုတ်တုတ်ကြီး နှစ်ချောင်းနဲ့ ပါးပြင်းတွဲကြီး နှစ်ဘက်က ဘတ်လတ် ဘတ်လတ် နဲ့မြည်တတ်သေးတယ်။ စည်းချက် ကို ကျလို့။ အလယ်တန်း တတိယ တန်းတုံးက ကျမ သူ့ကို တရုတ်စာသင်ခန်း ရဲ့ မှာ တခါ တွေ့မိသေးတယ်။ မျက်လုံးတွေလဲစိုစို ရွှဲလို့ ခေါင်းတခုလုံးလဲ စိုစိုရွှဲလို့ အထီးကျန် မှိုင်တွေတွေနဲ့ အရင်ကထက်တောင်ပို ဝ နေသေးသလိုပဲ။ ကျမ တိတ်တိတ်ကလေး သူ့အတွက် လေအေးပေးစက် ဖွင့်ခဲ့ပြီး တံခါးပါပိတ်ခဲ့ပေးလိုက်သေးတယ်။
ဘယ်သူကမှထင်ထားမှာ မဟုတ်ဘူး။ ကျောင်ပိတ်ရက်ကလေး တခုအပြီးမှာ သူက အရင် ဆူမို ကိုယ်လုံးကို စွန်ပခွာပြီးတော့ တကိုယ်လုံးမှာ အဆီပို တခုမှမရှိတော့တဲ့ ခန္ဓာကိုယ်ဖြစ်လာလိမ့်မယ်လို့လေ။ နောက်ပြီးတော့ ကုလားမခြေထောက်စီးထား သလား တောင်ထင်ရတယ် ခဏလေးနဲ့ အရပ်ကြီးမြင့်လာလိုက်တာလေ။ သူရဲ့ အသားအရေက အစကတည်းက ဖြူဖြူလေး နဲ့ ဝင်းပါတယ်။ မျက်လုံးမျက်ခုံး နဲ့ မျက်နှာကျ ကလဲ အစ ကတည်းက ရုပ်ဆိုးတဲ့ထဲမှာ မပါပါဘူး။ အရင်တုံးကဆို အရမ်းကိုချစ်စရာကောင်းတဲ့ ဝတုတ်လေးပါ။ ခုကျတော့ ကီလို ဆယ်ကဏန်းတွေ တော်တော်လေးကျသွားတဲ့အခါ မေးကလဲ တထပ်ထဲပဲရှိတော့တယ်။ ရုပ်ကလဲတော်တော်လေး “ထွက်” လာတယ်လေ။ ခုကျတော့ ဘယ်လိုကြည့်ကြည့်တော်တော်ကြည့်ကောင်းတဲ့ ကောင်လေးလို့ ပြောရ တော့ မယ်။
“နင်က လူစင်မင်းလား?” ကျမ အံ့သြလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်ဘဲ လှမ်းမေး လိုက် မိ ပါတယ်။
သူ ကျမကိုခပ်တည်တည်တချက်ကြည့်ပြီး ခေါင်းကို အေးအေးဆေးဆေး ညိတ်ပြ ပါတယ်။ အရင်တုံးက နည်းနည်း အထီးကျန်ပြီး ကိုယ့်ကို ကိုယ့်ယုံကြည်မှု နည်းတဲ့ မျက်လုံးလေးတစုံနဲ့ ဖက်တီးလေးဟာ အငွေ့ပျံသလိုပဲ ပျောက်ကွယ်သွားပါပြီ။ စင်မင်း ရဲ့ အရယ်အပြုံးတွေ ဟာ အခုဆိုရင် ကိုယ့်ကို ကိုယ်ယုံကြည်မှုအပြည့်နဲ့လေ။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၄)

(၄)

တနင်္ဂနွေနေ့တနေ့။ ကိတ်မုန့်ဆိုင် အပြင်ဘက်မှာ ကွေ့ကွေ့ကောက်ကောက်နဲ့ တန်းစီနေတဲ့ လူတန်းကြီးဟာ အဆုံးကိုမမြင်နှိုင်လောက်အောင်ရှည်နေပါတယ်။ ကျမ နဲ့ အားရင်းဆိုင်ထဲမှာ အလုပ်တွေ ရှုပ်လိုက်တာဆိုတာ လူကိုချာလပတ်ရမ်းနေတာပဲ။ အားရင်းက အလုပ်လုပ်နေရင်နဲ့ကျမ ကိုလှမ်းပြောတယ်…
“ဝက်ဝံကျောင်းအထုတ်ခံလိုက်ရပြီတဲ့”
“ဘာလို့လဲ?” ကျမ တဘက်က ကိတ်မုန့်လာဝယ်တဲ့ ဈေးဝယ်သူကို လက်ဖက်စိမ်း ကိတ်မုန့်တတုံး ထည့်ပေးနေရင်းက လှမ်းမေးလိုက်တယ်။
“တညတုန်းက တခြားကျောင်းသားတယောက်နဲ့တူတူ ကျောင်းက အုပ်ချူပ်ရေးရုံးခန်းမှာ စာမေးပွဲမေးခွန်းလွှာတွေသွားခိုးတာကို ကျောင်းက ယောက်ျားဆရာတယောက်က သူတို့ခိုးနေတုန်း လက်ပူးလက်ကျပ်ဖမ်းမိတယ်ကြားတာပဲဟ။ သူ့နဲ့အတူပါလာတဲ့ တယောက်ကတော့ လွတ်သွားတယ်တဲ့”
“မေးခွန်းလွှာ ခိုးတယ်?” ကျောင်းမှာ စာမေးပွဲရှိတိုင်းရှိတိုင်း မေးခွန်းလွှာကို ခဏလေး ဖြစ်ဖြစ် ခိုးထုတ်ကြည့်ပြီး ပြန်ထားလိုက်ဖို့က ကျမ တလျောက်လုံးမက်ခဲ့တဲ့ အိပ်မက်ပါ။
ဒါပေမယ့် ဝက်ဝံ ရဲ့ မေးခွန်းလွှာ ခိုးတဲ့ ငတက်ပြားဇာတ်လမ်းလဲကြားရော ကျမ တအားကို အံ့သြမိပါရဲ့။
“ကြည့်ရတာ ဝက်ဝံ ခိုးတဲ့မေးခွန်းလွှာက သူ့အတွက် ဟုတ်ပုံမရဘူး။ သူတခြားတယောက်ယောက်အတွက် ခိုးပေးတာပဲဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူခိုးတာ က သင်္ချာမေးခွန်းလွှာဖြစ်နေလို့ပဲ။ သူ့ရဲ့ သင်္ချာ ရမှတ်တွေက တလျောက်လုံးတော်တော် ကို ကောင်းနေခဲ့တာ။ အရင့်အရင် စာမေးပွဲတွေတုန်းကလဲ မေးခွန်းကိုကြိုသိနေလို့ ဖြေနိုင်တဲ့ ပုံမပေါက်ပါဘူး”
“အမ် ဒီလိုနဲ့ ပဲ ကျောင်းအထုတ်ခံရပြီပေါ့”
“အစကတော့ ကျောင်းအုပ်ချုပ်ရေးက ရဲတိုင်အုံးမလို့ပဲတဲ့။ နောက်မှ သင်္ချာဆရာက ဝက်ဝံကိုယ်စား တောင်းပန်လို့ ကျောင်းထုတ်ရုံလောက်ပဲလုပ်တာတဲ့။ ပြီးတော့…..” အားရင်းက မျက်နှာပေါ်မှာ လှောင်တောင်တောင် ရယ်ချင်တဲ့ အပြုံးလေးတခု လုပ်လိုက်ပြီး…
“ပြီးတော့ ဘာဖြစ်သေးလဲ..?”
“အဲ့ဒီ ဝက်ဝံ မေးခွန်းလွှာ သွားခိုးတဲ့ည က မှောင်မည်းမည်း အုပ်ချုပ်ရေးရုံးအဖွဲ့ခန်းမှာ ဟိုကျောင်းဆရာနဲ့ အတူ နောက်ထပ် ကျောင်းဆရာမတယောက် က အတူတူရှိ နေသေး တာတဲ့။ ပြီးတော့ သူတို့က ……အဟင်းဟင်းဟင်း….စိတ်ဝင်စားစရာကောင်းတာလေးတွေ ကို တူတူလုပ်နေကြတယ်….တဲ့။ အဲ့ဒီ ကျောင်းဆရာ ရဲ့ မျက်နှာပေါ်မှာ တောင် နှုတ်ခမ်းနီရာလေးရှိနေသေးဆိုပဲ။ ကျောင်းအုပ်ကြီးက အဲ့ဒီအညီအဟောက် သတင်း ကိုအပြင်မ ပေါက် ကြားစေချင်လို့ ကြီးတဲ့အမှုကိုငယ်အောင်လုပ်လိုက်တာတဲ့”။
“ကျောင်းထုတ်မှ ကိုဖြစ်မှာလား?” ကျမ အားရင်းကို မေးလိုက်ပါတယ်။
“ဘာလို့လဲတော့ မသိပါဘူး အဲ့ဒီကျောင်းက ကျောင်းအုပ်က ဝက်ဝံကိုအရမ်းမုန်းနေတာ”
“နောက်နှစ်ဆိုရင်ပဲ တန်းမြှင့်စာမေးပွဲစစ်တော့မယ်၊ ဝက်ဝံဘယ်လိုလုပ်မလဲ?” ကျမ သူ့အတွက်နည်းနည်းစိတ်ပူမိပါတယ်။
“ရှောင်ဟွာ ပြောတာကတော့ ဝက်ဝံက ခုထိကျောင်းရှာမတွေ့သေးဘူးတဲ့၊ အစက ဟိုတညကလွတ်သွားတဲ့ သူနဲ့အတူ ခိုးတဲ့ ကြံရာပါ ကိုသာ ဘယ်သူလဲ လို့ဖွင့်ပြောလိုက်ရင် သူကျောင်းကထွက်စရာမလိုဘူးဟ။ ကျောင်းအုပ်ကြီးကတောင် သူ့ကို ၃ ပတ်အချိန်ပေးသေးတယ် ဖွင့်ပြောဖို့ကိုလေ။ ဒါပေမယ့် သူကတော့ ပြောကိုမပြောဘူး။”
“အဲ့တယောက်က သူ့ရည်းစားကောင်မလေးလားမှမသိတာဟ၊ အဲ့တာကြောင့် သူဖွင့် မပြောဘဲ ရေငုံနှုတ်ပိတ်နေတာနေမှာပေါ့”
ကျမနဲ့ အားရင်း နှစ်ယောက် ခုမှ ဖိုကထွက်ကာစ နို့ ကိတ်မုန့်တလုံးကို တူတူ မ ထုတ် လာပါတယ်။
“ဝက်ဝံ တက်တာက ယောက်ျားလေးကျောင်းဟဲ့၊ အင်းလေ သူက ယောက်ျားချင်းချင်း ကြိုက်တတ်တဲ့ “ဂေး” ဆိုရင်တော့ မပြောတတ်ဘူး” လို့ အားရင်းကပြောပါတယ်။
အဲ့ဒီနေ့ က အလုပ်ဆင်းတော့ ကျမနဲ့ အားရင်း မောလိုက်တာ ဟိုက်နေတာပဲ။ မောလွန်းလို့ ပြန်ခါနီးလမ်းခွဲချိန်မှာတောင် ဘာမှမပြောဖြစ်ကြတော့ဘူး။ အပြန်လမ်းမှာ ကျမ “ရီလု” ရဲ့ သီချင်းအသစ် “my boyfriend likes boys” ဆိုတဲ့ သီချင်းကိုနားကြပ်နဲ့ နားထောင်လာပါတယ်။ ဝက်ဝံရဲ့ ဇာတ်လမ်းကိုကြားပြီးတဲ့နောက်မှာတော့ သူသာ “ဂေး” မဟုတ်ဘူးဆိုရင်တော့ သူငယ်ချင်းအပေါ် သစ္စာရှိတဲ့ သူရဲကောင်းတယောက်ပဲ လို့လဲတွေးနေခဲ့မိပါတယ်။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၃)

(၃)

ကျမ နာမည် ကျန့် ဂျင်းနီပါ။ ဖေဖေ့ နာမည်နဲ့ မေမေ့ နာမည်တို့ကနေ တလုံးစီ ယူပြီးတော့ ဖြစ်လာတာပါ။ အဲ့ဒီအချိန်တုံးကတော့ ဖေဖေနဲ့မေမေ တို့ ဟာအရမ်း ကို ချစ်ကြည်နေခဲ့ကြတာပေါ့။ ကျမ ကြားဖူးတာက မိဘတွေ ချစ်ခင်မှု အားကောင်း နေတဲ့ အချိန်မှာ မွေးတဲ့ကလေးတွေ က ဥာဏ်ပိုကောင်းတတ်ကြတယ်တဲ့။ ကျမ က တခြား ကလေးတွေထက် ဥာဏ်ပိုကောင်းမကောင်း ကျမမသိပါဘူး။ အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ ကျမ တချိန်လုံး ထူထူ ထုံထုံ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကလည်းနည်း၊ နေ့ရှိသ၍ စိတ်ကူးယဉ် အိပ်မက်မက်နေတာနဲ့ပဲ အချိန်ကုန်နေတာပါပဲ။ တဦးတည်းသော သမီး ဖြစ်လို့လားတော့မသိဘူး ကျမ က တယောက်တည်းနေရတာ ကိုအကျင့်ပါနေပြီ။ ပြီးတော့ အဲ့လို တယောက်တည်းနေရတာ ကိုလဲ ပိုကြိုက်တယ်။ တခါတခါတော့လဲ သူငယ်ချင်း တွေ ဘာတွေကိုတောင့်တမိပါရဲ့။ ငယ်ငယ်တုံးက ကျမ ကိုယ့်ကိုယ်ကို မိမဲ့ ဘမဲ့ နဲ့ မိဘမဲ့ ကလေးကျောင်းမှာ ကြီးပြင်းရတဲ့ ကလေးတယောက်အဖြစ် ခဏခဏ စိတ်ကူးယဉ် ကြည့် ဖူးတယ်။ ရွယ်တူမိဘမဲ့ ကလေးတွေ တပုံကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားလို့ပေါ့။ လွတ်လပ် ပျော်ရွှင်တဲ့ ဘဝ အရသာကို ကောင်းကောင်းနားလည်ရင်းနဲ့လေ။ နောက် နည်းနည်းလေး ထပ် ကြီးလာပြန်တော့ ကျမ ရဲ့ စိတ်ကူးယဉ်မှုတွေ က နည်းနည်းလေး ပြောင်းလဲလာ ပြန် တယ်။ ဥပမာ-ကျမက အရမ်းချမ်းသာကြတဲ့ သူဌေးကြီး တအိမ်ကအမွေစားအမွေခံ မိဘမဲ့ ကလေးပေါ့။ ကျမ အမေ က သူဌေးကြီး ရဲ့အမွေခံ တဦးတည်းသော သမီးပေါ့။ မေမေ ဆုံး သွားတဲ့ အခါကျတော့ ကျမ အတွက် သူ့ရဲ့ အမွေတွေတပုံတပင်ကြီး ချန်ထား ခဲ့တာလေ။ ကျမ အသက် ၁၈ နှစ်ပြည့်တဲ့ အခါကျတော့ ကျမ သဘောရှိသုံးနိုင်တာပေါ့။ အင်း ကျမကတော့ အမွေတွေအကုန်လက်ထဲရောက်ရင် အရင်ဆုံး ကမ္ဘာပတ်မယ် စဉ်းစား ထားတယ်လေ။
ကျမ အိပ်ခန်းရဲ့နံရံပေါ်မှာ အရောင်စုံ ကမ္ဘာ့မြေပုံတချပ် ကပ်ထားတယ်။ ရုပ်ရှင် ကြေညာ အကြီးကြီး လေးခုစာလောက် ကိုကြီးတာ။ ဒီမြေပုံမှာ ဇာတ်လမ်း တပုဒ် ရှိတယ်။ ကျမ ရဲ့ စိတ်ထဲက တိတ်တိတ်လေးသိမ်းထားခဲ့တဲ့ လျှို့ဝှက်ချက်လေးတခုပေါ့။ အင်း… တနေ့နေ့ကျရင်တော့ ကျမ အဲ့ဒီလျှို့ဝှက်ချက်ကလေး ကိုတယောက်ယောက် ကိုများ ပြောပြဖြစ်မလား မပြောတတ်သေးဘူး။ ဒါပေမယ့် သေချာတယ် အသက် ၁၆ နှစ် အရွယ် မှာတော့မဟုတ်သေးဘူး။
ဘာပဲဖြစ်ဖြစ်ပါ တခုခု ထူးခြားတဲ့ မြေပုံတချပ် ဆိုတာတော့ သေချာတယ်လေ။ တနိုင်ငံ နဲ့ တနိုင်ငံ အကြားမှာ သေသေချာချာ စည်းသားထားတဲ့ အစိမ်းရင့် ရောင် မျဉ်းတွေ မရှိဘဲနဲ့ ရေစိုရောင် နဲ့သာ တိမ်တိမ်လေး ခြားထားတာလေ။ ပင်လယ်ထဲ က ငါးမန်းတွေ၊ ဝေလငါးတွေ၊ ကမ္ဘာလိပ်တွေနဲ့ ပင်လယ်ဂဏန်းကြီးတွေ၊ ပြီးတော့ ကျောက်တောင် လှိုင်ဂူ တနေရာရာ မှာ ရှိနေမယ့် ကျောက်သံပတ္တမြားတွေ။ ဟော်လန် နိုင်ငံ ရဲ့ အထိမ်းအမှတ် က စက္ကူပန်ကာလေး၊ ဂျပန် က ဆာကူရာ လို့ခေါ်တဲ့ ချယ်ရီ ပန်း၊ ဗီယင်နာ က တယော၊ သြစတြီးယား ကသလင်းကျောက်၊ ပြင်သစ်က ရေမွှေးပုလင်း၊ အီတလီ ဖိနပ် ရဲ့ထိတ်ထောင့်စွန်းလေးက သံပြားနဲ့လုပ်ထားတာ၊ သြစတြေးလျ က ကိုအာလာ (koala) လို့ခေါ်တဲ့ သစ်ပင်ပေါ်မှာနေတဲ့ ဝက်ဝံတမျိုး၊ တရုတ်ပြည်က ပန်ဒါ ဝက်ဝံ၊ စပိန်က နည်းနည်းတုံးအအ ပုံပေါက်တဲ့ နွားရိုင်း တကောင် ၊ဆွတ်ဇ်ဇာလန် က ချောကလက်တပြား၊ ဂရိ က အမိုးဖြူဖြူနဲ့ အိမ်ပု ဝိုင်းလေးတွေ။
ကျမ အသက် ၁၆ နှစ်ပြည့်တဲ့ နှစ်က ၁၉၉၈ ခုနှစ်၊ အဲ့ဒီနှစ်က ဂျပန် ပြည် ကို ကျောင်းပိတ်ရက် အလည်သွားတဲ့ ကိစ္စ က ကပ်ရောဂါ တခုလိုပဲ ကျမတို့ ကို ကူးစက် လာပါတယ်။ ကျမလဲ တနေ့နေ့ ကျရင် အဲ့ဒီ နေရာ ကိုအလည်သွားမယ်လို့ မျှော်လင့်ခဲ့ တာပေါ့။ ကျမ ဆုံးဖြတ်ထားတယ် ကျောင်းပြီးတာနဲ့ ပထမ ၅ နှစ် ကို လေယာဉ်မယ် လုပ်မယ်လို့၊ အဲ့တာဆိုရင် နေရာအနှံ့ လဲရောက်မယ် လေယာဉ်လက်မှတ် တွေလဲ ဈေး ပေါပေါနဲ့ရမယ်လေ။ အဲ့ဒီ ၅ နှစ်ပြီးမှတခြားအလုပ်တွေရှာလုပ်လဲ နောက်မကျပါဘူးနော့။
နောင်ကျောင်းပြီးရင် ခရီးသွားဖို့ ငွေစုလို့ရအောင် ကျမ ကျောင်းပိတ်ရက်တိုင်းနဲ့ တနင်္ဂနွေတွေတိုင်းမှာ ကျမ ဂျပန်စတိုင် ကိတ်မုန့်ရောင်းတဲ့ ဆိုင်လေးတဆိုင်မှာ အချိန်ပို အလုပ်လုပ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျမသိလာတာတခုက အဲ့ဒီ ဖြုတ်မျက်စိ လောက်ရှိတဲ့ အချိန်ပိုင်း လစာနဲ့ဆိုရင် ကျမ ခရီး ကိုခြေကျင်ထွက်ရလိမ့်မယ်။
ကျမနဲ့ အတူ ဆိုင်မှာ အလုပ်လုပ်တဲ့ကောင်မလေး တယောက်လဲရှိပါသေးတယ်၊ သူမနာမည်က “အားရင်း” တဲ့။ သူမ နဲ့ ကျမ အသက်အရွယ် တူတူပါပဲ၊ သူမ က မိဘမဲ့ တယောက်ပါ၊ ဒါပေမယ့် ဘယ်တုံးကမှ မိဘမဲ့ကျောင်းမှာ မနေခဲ့ရဘူး။ ဘယ်လိုလဲဆိုတော့ ခရီးတွေပြောင်းရွေ့နေထိုင်ကြတဲ့ လူမျိုးစုတွေလိုပဲ သူမ က အမျိုးတွေရဲ့အိမ်မှာ အလှည့် ကျ လိုက်နေနေရတာလေ။ သူမ က ပြည့်စုံကြွယ်ဝတဲ့ အိမ်ထောင်ကလာတဲ့ မိဘမဲ့ မျိုးမဟုတ်ပါဘူး။ တဘက်က အလုပ်လုပ်ရင်းနဲ့ငွေရှာပြီး ကျောင်းတက်ရတာပါ။
တနေ့ည….ဆိုင်ပိတ်ပြီးတဲ့အချိန်မှာ အားရင်းနဲ့ ကျမ ရောင်းမကုန်လို့ကျန်နေတဲ့ ကိတ်မုန့်တွေထည့်ထားတဲ အမှိုက်အိတ် နှစ်အိတ် ကိုဆွဲပြီးတော့ အမှိုက်ပုံရှိရာ ကိုလျှောက်လာကြတယ်။ လျှောက်နေရင်းနဲ့ အားရင်းက ကျမ ကို သူ့ရဲ့အတွေးတွေ ပြောပြလာနေခဲ့တယ်လေ။
“ငါခဏခဏ စိတ်ကူးယဉ်ဖူးတယ်…အသက် ၁၈နှစ်ပြည့်တဲ့နေ့ကျရင် ထူးဆန်းတဲ့ လူ တယောက် ပေါ်လာပြီးတော့ ပိုက်ဆံတွေ တပုံကြီး ကိုအမွေဆက်ခံဖို့ ငါ့ကိုလာ အကြောင်း ကြားတာပေါ့ဟယ်။ တကယ်တန်းကျတော့ ငါက သိပ် ကိုချမ်းသာကြွယ်ဝတဲ့ မိသားစု က မွေးဖွားလာတဲ့ မိဘမဲ့ ကလေး တယောက်ပေါ့။ ဒီလူကြီးက လွန်ခဲ့တဲ့ ၁၈ နှစ်လုံးလုံး ငါ့ ဖေဖေ မသေခင်က မှာသွားတဲ့အတိုင်း ငါ့ကို မတွေ့တွေ့အောင် လိုက်ရှာနေခဲ့တာပေါ့။ ဒါပေမယ့် ငါကအမျိုးတွေအိမ်မှာလိုက်ပြီးနေရတော့ ခဏခဏ အိမ်ပြောင်းရတယ် မှလား။ အဲ့တာကြောင့် သူက ငါ့ကိုအဲ့လောက်နှစ်တွေအများကြီး ရှာမတွေ့ခဲ့တာပေါ့ဟယ်”….။
“အဲ့ အတိုင်းတကယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ နော်….”ကျမ ပြောရင်းနဲ့ အားရင်း ကိုမေးလိုက်တယ်….
“ပိုက်ဆံတွေ အဲ့လောက်အများကြီးရလာရင် နင်ဘယ်လို သုံးမယ်စိတ်ကူးထားလဲ?”
“ငါမစဉ်းစားထားဘူးဟ” ပြီးတော့ သူမက ကျမဘက်ကိုလှည့်လာပြီးမေးပါတယ်။
“နင်သာဆိုရင်ကော?”
“ငါကတော့ ကမ္ဘာပတ်မှာ” ကျမ ချက်ချင်းမဆိုင်းမတုံ့ဘဲ ပြန်ဖြေလိုက်ပါတယ်။
“အေး ကောင်းတယ် တကယ်လို့ ငါအဲ့ဒီအမွေတွေ ရရင် နင့်ကို ကမ္ဘာပတ်ဖို့ ဒကာခံ ပေး မယ်” လို့ သူမက ရက်ရောစွာနဲ့ ပြောပါတယ်။
“ကောင်းတာပေါ့” ကျမ က လက်ထဲ က ကိတ်မုန့်တွေ ကိုအမှိုက်ပုံးထဲ လှမ်းပစ်ထည့်ရင်း ပြောလိုက်ပါတယ်။
“ငါ ပထမဆုံး မိဘမဲ့ကလေးတွေ ကိုထားဖို့ကျောင်းကောင်းကောင်းလေး တဆောင် လောက် ဆောက်ပေးချင်တယ်ဟာ” အားရင်း ကအမှိုက်ပစ်ပြန်လာတဲ့လမ်းမှာ ကျမ ကိုပြောပါတယ်။
“ငါ့မေမေ ကျောင်းသူဘဝတုံးက တခါ မိဘမဲ့ကလေးကျောင်းမှာ တလလောက် လူမှု ဝန်ထမ်း သွားလုပ်ဖူးတယ်၊ မိဘမဲ့ကျောင်းမှာ ရှိတဲ့ ကလေးတွေ ကို ပုံပြင် စာအုပ် တွေ ဖတ်ပြရတာပေါ့ဟာ။ မေမေပြောပြတာကတော့ အဲ့ဒီကျောင်းမှာ ရှိတဲ့ ကောင်လေးတွေ ကောင်မလေးတွေ အားလုံးက လှကြတယ်တဲ့” ကျမ ကအားရင်း ကိုပြောပြလိုက်ပါတယ်။
“အင်းလေ….ဟုတ်တာပေါ့ အဲ့ဒီမိဘမဲ့ကျောင်းမှာ ရှိတဲ့ကလေးတွေအများစုဟာ များသောအားဖြင့် လှပပြီး အသိဥာဏ်မဲ့ မိန်းမလှငယ်ငယ်လေးတွေနဲ့ ရုပ်ရည် ချောမော ခန့်ထည်တဲ့ ဖောက်ပြန်တတ်တဲ့ ယောက်ျားငယ်ငယ်လေးတွေ က မွေးပြီး ပစ်သွားကြတဲ့ ကလေးတွေများတာကိုး” အားရင်း ကထောက်ခံပြောပြောပါတယ်။
အားရင်း က တော်တော်လှပါတယ်။ သူမ မှာ အထီးကျန်ဆန်ပြီး ခတ်မှောင်မှောင် အေးစက်စက် ဖြစ်နေပေမယ့် ဝိုင်းစက်ပြီး လှပတဲ့သမင်မဆန်ဆန် မျက်လုံးတစုံ ရှိပါတယ်။
နောက်ပြီး ဒီလိုအေးစက်စက် မျက်လုံးလေးတွေနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ခပ်ပြည့်ပြည့် နဲ့ လှပ ပြည့်စုံတဲ့ ရင်သားနှစ်မွှာ လည်းရှိပါတယ်။ သူမ အဖေ နဲ့ အမေဟာ လှပပြီး အသိဥာဏ်မဲ့ မိန်းမလှငယ်ငယ်လေး နဲ့ ရုပ်ရည် ချောမော ခန့်ထည်တဲ့ ဖောက်ပြန်တတ်တဲ့ ယောက်ျားငယ်ငယ်လေး လား ဒါမှ မဟုတ် ချမ်းသာတဲ့ အသိုင်းအဝိုင်းက သူဌေးသားနဲ့ သူ့ချစ်သူ မိန်းကလေးလားလို့ ကျမ အားရင်းကိုတခါမှမမေးဘူးပါဘူး။
“မိဘမဲ့ကျောင်းမှာ ရှိတဲ့ကလေးတွေ ကို ငါက ပထမတန်းစား အဆင့်မြင့် စောရ သူခိုးတွေ ဖြစ်လာအောင်သေချာ ပြုစုပျိုးထောင်ပေးရမယ်” လို့ အားရင်းကပြောပါတယ်။
“ဘာဖြစ်လို့ အဆင့်မြင့် စောရ သူခိုးလဲ” ကျမမေးလိုက်ပါတယ်။
“ဟဲ့ အဆင့်မြင့်စောရ သူခိုးနဲ့ မိဘမဲ့ ဆိုတာ တတွဲထဲလာတာလေ၊ ဘယ်လောက် romantic ဖြစ်သလဲ” လို့ ရုပ်ရှင်ကြည့်တာ များလို့ ရုပ်ရှင်တွေရဲ့ အဆိပ်အတောက်တွေ တော်တော်နက်နက်လေး မိနေပုံရတဲ့ အားရင်း ကပြောပါတယ်။
ဒါပေမယ့်တကယ့်အဖြစ်အပျက်မှာတော့ လှပတဲ့မိဘမဲ့လေးအားရင်းက အဆင့်မြင့် စောရသူခိုးနဲ့ ချစ်ကြိုက်မနေပါဘူး။ အားရင်းရဲ့ ကောင်လေး “ရှောင်ဟွာ” က သူ့ထက် ၃လ လောက်ပဲကြီးပါတယ်။ သူမ ရဲ့ မူလတန်းကျောင်းကတည်းက ကျောင်းနေဖော် လေးပါ။ နောက်တော့ ရှောင်ဟွာ ကအနုပညာ တက္ကသိုလ် တက်ပြီးတော့ ဒီဇိုင်း ပညာကို သင်ယူ နေပါတယ်။ ကျမ ရှောင်ဟွာ ကိုမမြင်ဘူးပါဘူး။ အားရင်း ရဲ့အပြောကတော့ သူက ဇီးကွက် သေလို့ဝင်စားတယ် လို့ ဆိုပါတယ်။ ညဘက်ဆိုမအိပ်တတ်လို့တဲ့လေ။
“ဒါပေမယ့် သူပုံဆွဲတာတော့ သိပ်တော်တယ်။ သိပ်လှတာပဲ” လို့ သူမက ပြောပါတယ်။ အားရင်းက တခါတလေ ကျမကို ရှောင်ဟွာအကြောင်းလေးတွေ ပြောပြတတ်ပါတယ်။
ရှောင်ဟွာ ပြီးရင် သူမ ကျမ ကိုပြောပြလေ့ရှိတာက “ဝက်ဝံ” ရဲ့အကြောင်းပါ၊ ဝက်ဝံ ကလဲ သူမနဲ့ ရှောင်ဟွာ တို့ရဲ့ မူလတန်း ကျောင်းကတည်းက သူငယ်ချင်းပါပဲ။
“အလယ်တန်း ၆တန်းကျောင်းသားဘဝ တုံးက ငါတို့တွေ ကျောင်းက လုပ်တဲ့ ပျော်ပွဲစားတခု တူတူထွက်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ကျောင်းသားတွေ တစုတဝေးထဲ လယ်ကွင်းတွေဘေးကနေ ဖြတ်လျှောက်သွားကြတုံးကပေါ့၊ ရှောင်ဟွာ နဲ့ ဝက်ဝံ က အားလုံးရဲ့အရှေ့ဆုံးမှာ ကော့ကော့ ကော့ကော့ နဲ့လျှောက်နေခဲ့ကြတယ်လေ။ အဲ့ဒီ အချိန်မှာပဲ ရုတ်တရက် ဘယ်ကနေ တရှိန်ထိုး ပြေးထွက်လာမှန်းမသိတဲ့ အဝါရောင် နွားကြီးတကောင်က အဲ့တုံးက အနီရောင်တောက်တောက် ကိုဝတ်ထားတဲ့ ရှောင်ဟွာ ကို အတင်းဝင်ဝှေ့တော့တာပဲ။ ရှောင်ဟွာက လဲကြောက်အားလန့်အားနဲ့ အသက်လုပြီး အတင်းစွတ်ပြေးတော့တာပေါ့ အဲ့ဒီလို အားလုံး အော်ကြဟစ်ကြ နဲ့ပွက်လောရိုက်နေကြတဲ့ အချိန်မှာ ဝက်ဝံ က ရှောင်ဟွာ ကိုယ်မှာ ဝတ်ထားတဲ့ အနီရောင် ပေါ်ဝတ် အင်္ကျီ ကို လုယူ ပြီးတော့ သူ့ခါးမှာ ချည်ပြီး ပြေးတော့တာပဲ။ ဟို နွားရူးကလည်း ချက်ချင်းလှည့်ပြီး ဝက်ဝံ ကိုလိုက်တော့တာပဲ” တနေ့မှာ အားရင်း က ကျမ ကို ပြောပြပါတယ်။
“အိုး…………” ကမ္ဘာပေါ်မှာ ဒီလောက် တုံးအ တဲ့ လူမျိုး က ရှာမှရှားပဲလို့ကျမ တွေးနေမိပါတယ်။
“နောက်တော့ ကော အဲ့ဒီနွားရူး ဝက်ဝံ ကိုမှီ သွားလား?” ကျမ အားရင်းကို သိချင်လောကြီးနဲ့ မေးလိုက်ပါတယ်။
အားရင်း ကခေါင်း ကိုဖြေးဖြေးလေးခါရင်းနဲ့……
“ဘယ်မှီပါ့မလဲ ဝက်ဝံ က ငါတို့ကျောင်းရဲ့ လေဟုန်အပြေးသမား ဆိုတဲ့ နာမည် တလုံးနဲ့နေတာဟ၊ ကျောင်းပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ ဆို မီတာ ၁၀၀၊ ၂၀၀ တာတိုပြေးပွဲတွေမှာ ကျောင်းအတွက် ဆုတံဆိပ်တွေ အမြဲယူပေးနေကြဟ။ အထူးသဖြင့် သူ့ရဲ့ ပေါင်တံတွေ က သိပ်ရှည်တယ်လေ။ သူ ၇လ သားအရွယ်ကတည်းက သူ့ဖေဖေ နဲ့ မေမေ က သူ့ ကို ပဉ္စမအကြိမ်မြောက် “တိုင်းအဆင့် ဟောင်ကောင်ဖလား ကလေးများ အားယားမှောက် တွားသွားပြိုင်ပွဲ” တွေမှာ ဝင်ပြိုင်ခိုင်းနေပြီ။ အဲ့ဒီနေ့ ကဆိုရင်လဲ “တာ” လွှတ်အချက်ပေး မောင်းသံ မြည်တာ နဲ့ တပြိုင်နက် ပထမ ဆုံးတွားထွက်လာတာ သူပဲ ပေါ့။ တခြားပြိုင်ဘက် ကလေးတွေ ကို ဟိုးအဝေးမှာ အပြတ်အသတ် ဖြတ်ချန် ထားခဲ့ ပြီးတော့ နောက်ဆုံး ပထမ ပန်းဝင်ခဲ့တာပေါ့။”
“ နင်ပြောတာ “ပဉ္စမအကြိမ်မြောက်” နော်” ကျမ အားရင်းရဲ့ ပခုံး ကိုလှမ်းဆုပ်လိုက်ရင်း မေး လိုက်ပါတယ်။
“အင်း…… ပဉ္စမအကြိမ်မြောက် ထင်တာပဲ။ ဘာလို့လဲ..?” သူမ ကအံအားသင့်သလို ပြန်မေးပါတယ်။
“ဘာမှမဖြစ်ပါဘူး” ကျမ ပြန်ဖြေလိုက်တယ်။
“ပြီးတော့ သူက အရှေ့လေးကြိမ်က စံချိန်တွေ ကိုလဲချိုးခဲ့သေးတာလေ။ အဲ့တုံးက သတင်းစာတစောင်ကတောင် ပြိုင်ပွဲနောက်တနေ့ မှာ သူ့ ကို “ဟောင်ကောင် စူပါ ကလေးလေး” ဆိုပြီး ချီးမြှောက်တဲ့ သတင်းတပုဒ်အဖြစ်ဖော်ပြခဲ့သေးတာလေ”
“ဝက်ဝံ ကတကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်လေးလေး တယောက်ဖြစ်ခဲ့မှာပေါ့” ကျမ သဘောတကျ ရယ်ရင်း နဲ့ အားရင်း ကိုပြောလိုက်ပါတယ်။
“ရှောင်ဟွာ ကကော အတူတူပဲလား?…”
“ရှောင်ဟွာ ကဘယ်တုံးကမှ သွက်လက်ပေါ့ပါးတဲ့ လူတယောက်ပုံစံမျိုးမဟုတ်ခဲ့ဘူး”
“အဲ့တာဆို နင်နဲ့ ရှောင်ဟွာ က ဘယ်တုံးက ဇာတ်လမ်း စခဲ့ကြတာလဲ?”
“အဲ့ဒီ ပျော်ပွဲစားထွက်ပြီး နောက်မကြာခင်မှာပဲ”
“ဟင် ဘာဖြစ်လို့ ရှောင်ဟွာနဲ့လဲ ဝက်ဝံ ကပိုသတ္တိ ရှိခဲ့တာမှလား?”
“ဟဲ့ ရှောင်ဟွာ က ပိုချောလို့ပေါ့ဟဲ့ ပြီးတော့ သူ့ပုံစံလေးကြည့်ရတာ ဂရုစိုက် စောင့် ရှောက်မှု လိုနေသလိုလိုပဲလေ”
“ဟင် အဲ့တာဆို ဝက်ဝံ ကတော်တော်ရုပ်ဆိုးလို့လား?”
“အဲ့လိုလဲ မဟုတ်ပါဘူးဟ….” အားရင်း ကမျက်မှောင်တချက်ကုတ်လိုက်ပြီး…
“ဘယ်လိုပြောရမလဲဆိုတော့ ဥပမာဟာ ငါက ကိတ်မုန့်ကြိုက်တယ် ဆိုပါတော့ သူက ဘီစကစ်ဖြစ်နေတယ်ဟ”
ခဏ ငြိမ်သွားပြီးမှ သူမက တခုခုကိုရုတ်တရက် တွေးမိတဲ့ပုံစံမျိုးနဲ့….
“ကြည့်ရတာ ဝက်ဝံ ကတော့ ငါ့ကိုကြိုက်ခဲ့ဖူးလိမ့်မယ်ထင်တယ်ဟ”။