မုန့်ဟင်းခါး နဲ့ သူငယ်ချင်းများ

နောက်အပတ်မှာ (အခု အပတ်ရောက်နေပြီပေါ့) လုပ်မယ့် သင်တန်း တခုအတွက် သူငယ်ချင်းတယောက်က မဲစရီယမ် ကနေရောက်နေပါတယ်။ အဲ့တာနဲ့ မလာခင်ကတည်းက သူနဲ့ ဖုန်းပြောရင်း တိုင်ပင်ထားတဲ့ မုန့်ဟင်းခါး ချက်စားကြမယ်ဆိုတာကို အကောင်အထည်ဖော်ဖြစ်ပါတယ်။ ဒီကို ရောက်ကတည်းက မုန့်ဟင်းခါး ငတ်နေတာ ကြာပါပြီ။ တခါတလေ မဲစောက်သွားရင် စားရပေမယ့် သိပ် စိတ်တိုင်းအကျကြီးလဲ မဟုတ်ပါဘူး။ မုန့်ဟင်းခါး ကို ငါးစစ်စစ်နဲ့ချက်တားမျိုးကို ကောင်းကောင်းလေး စားချင်နေတာပါ။ အရင်တခါ ချက်စားတုံးကလဲ ready made အထုပ်ကို သူ့ချည်းမချက်ချင်တာနဲ့ ကတ်ကတစ်နဲ့ ချက်စားကြည့်ပါသေးတယ်။ ဒီမှာ တခါ တင်ဖူးပါတယ်။
မကျေနပ်ပါဘူး။ ကောင်းလဲသိပ်မကောင်းဘူး။ စားလို့တော့ ဖြစ်တယ် ဒါပေမယ့် မကောင်းဘူး။ တီချမ်း ချက်လို့မကောင်းတာဆိုလို့အဲ့တခါပဲ ရှိဖူးသေးတယ်။ တကယ်ပါ။ ဖြစ်ချင်တော့ တရက်က ဝတ်ရည်ကလဲ ရန်ကုန် မုန့်ဟင်းခါးဆိုပြီး ပိုစ့် တင်သေးတော့ ပိုစားချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာနဲ့ သူငယ်ချင်းလဲ ရောက်တုံး ဆိုပြီး
နောက် ဘန်ကောက်က သူငယ်ချင်းတယောက်ဖြစ်တဲ့ လွယ်ကူစားမြိန် ကိုပါခေါ်ပြီး ချက်ကြပါတယ်။ ဒေါ်သလင်း ကိုလဲလာစားပါ ခေါ်သေးတယ် သူက မလာတာ မလာတော့လဲ ငတ်ပေါ့နော်။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ခေါ်
တာပဲ။ ထားတော့ အဲ့တာနဲ့ မောင် နဲ့ ကိုယ်နဲ့သူငယ်ချင်းတွေနဲ့ ဒီတပတ် အိမ်မှာ မုန့်ဟင်းခါးလေး ချက်စားဖြစ်ကြ တာပေါ့လေ။ မနက်ဖြန် တုတ်ထိုး လုပ်တဲ့ ကြည်လဲ့လဲ့ဦး ရောက်ပါမယ်။ အဲ့အခါကျရင် နန်းကြီးသုပ်လေးလဲ လုပ်စားကြပါအုံးမယ်။

အဲ့တာနဲ့ တိုင်ပင်ကြတော့ လွယ်ကူစားမြန်ကလဲ သူတချို့တဝက် လုပ်ယူလာမယ်တဲ့ အဲ့တာနဲ့ အီးမေးလ် တစောင်ပို့လာပါတယ်။ ချက်နည်းကို အခြေခံယူတာကတော့ ဝတ်ရည်ဆီကပါပဲ။ ရှု………..

Blue for Snow; Green for Addy

1. မုန့်ဟင်းခါး ဖတ် 2. ကြက်သွန်နီ 3. ကြက်သွန်ဖြူ 4. ဘဲဥ 5. အကြော်မှုန့် 6. ကြက်သွန်ဖြူ၊ နီ ဆီချက် 7. ငါးခူ ၁ ကီလို 8. ဂျင်း 9. စပလင် 10. ငရုတ်ပွခြောက် 11. ငရုတ်ကောင်းမှုန့် 12. ဆန်လှော်မှုန့် 13. ကုလားပဲမှုန့် 14. ငှက်ပျောအူ 15. နံနံပင် 16. ပဲသီးစိမ်း

အဲ့တော့ တာဝန်ကျတဲ့ လစ်နဲ့ အတူ ကိုယ်တို့တွေဈေးဝယ်ထွက်ကြပါတယ်။ အပေါ်က တော့ ကိုယ့်ရဲ့ လစ်ပေါ့ ပိုစ်တစ် မှာ ရေးပြီးတော့ စာရင်း အတိအကျ အဝယ်ထွက်ကြပါတယ်။ တခါတခါ အဲ့လို သူငယ်ချင်းတွေနဲ့စုပြီး
တော့ လုပ်ချင်တာလေးတွေ လျောက်လုပ်စား ရတာ ပျော်ဖို့ ကောင်းပါတယ်။ အင်တာဗျူးမှာ ပါတဲ့ အာရှက လူငယ်တွေရဲ့အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ပေါ့လေ။ ထားတော့။

ကဲ ဝယ်ရမယ့်ဟာတွေ ဝယ်ပြီးတော့ ချက်ရမယ့် အဆင့်ပေါ့။ ပြောအုံးမယ် ငါးခူက အကြီးကြီးပဲ မွေးငါးခူတွေ တကောင်ထဲကို ၁ ကီလို (၆၀ သား) ကျော်ရှိတယ်။ အကုသိုလ်တော့များတယ် လက်ညိုးထိုးပြီး သတ်ခိုင်းရတာ အစွယ်ကို လွှနဲ့ တိုက်တာ ငမိုက်သား မုဆိုး ဆိုပေမယ့် စေခိုင်းတာက ကျတော်မျိုး ဘုရင်မင်းမြတ်လေနော်။ ထားအုံးတော့။

ကဲ ချက်ကြပြုတ်ကြမယ်နော်…..လာပြီ

ပထမဆုံး ဝတ်ရည်နည်းအတိုင်းပဲ ချက်လိုက် သူ့ဘလောခ် ကိုပြေးဘတ်လိုက်နဲ့ လုပ်ပါတယ်။ ငါးခူတွေကို စပလင် နဲ့ နနွင်းနဲ့ ပြုတ်ပါတယ်။ ပုံကိုကြည့်ပါ။ ပုံ ၃ မှာ ပြုတ်ပြီး ကျက်သွားတဲ့ ငါးခူ ကို တညသိပ်ထားတာပါ။ ကြို လုပ်ထားတာ။ လွယ်ကူစားမြိန်က နောက်နေ့ မှလာမှာမို့လို့ ညကတည်းက လုပ်စရာရှိတာတွေ လုပ်ထားတာပါ။

ပြုတ်ပြီးသား ငါးခူးကိုဆယ်ပြီးတော့ နောက် သူငယ်ချင်းတယောက်က အသားနွှင်ပါတယ်။ ပုံထဲက အတိုင်းအကြီး
စား တပန်းကန်ရတယ်။ (မှတ်ချက်။ နောက်တခါ မုန့်ဟင်းခါးကို ဈေးထဲတွင် တွေ့ခဲ့သော ငါးရံ့ နှင့် ချက်ရန်။ ငါးရံ့
သည် အသားပိုများကာ အလယ်ရိုး တချောင်းပဲ ရှိ ငါးခူ အတိုင်း ချို။ ငါးခူ ဖြင့်ထပ်ချက်လျှင်လည်း အရေခွံ မထည့်
ရန်။ စားမကောင်း တီချမ်း မကြိုက်) အိုကေ။ ဆက်……

ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ထား။ ဆန်လှော်မှုန့် ရေဖျော်ထား။ အစကတော့ ကုလားပဲ ပြုတ်ပြီး ကြိတ်ထည့်မလို့ပဲ။ဝယ်လာတဲ့ ပဲက ကုလားပဲ မဟုတ်ဘဲ ဘာပဲ မှန်းမသိ ဖြစ်သွားလို့ ငယ်ငယ်က ကျောင်းမှာစားခဲ့ ဖူးတဲ့ မုန့်ဟင်းခါးကို သတိရပြီး တလောက မာလာဟင်း လုပ်စားတုံးက ကျန်တဲ့ မြေပဲ ထောင်းလှော် တွေကို ထည့်ပါတယ်။ အစားထိုးပေါ့။ တတိယပုံကိုကြည့်ပါ။

ငှက်ပျောအူတွေ နုနုလေးတွေ မိုက်မှမိုက်။ နနွင်းနဲ့ မမဲအောင်ရေစိမ်ထား ပြီးတော့နွှင်ယူ။ အလည်အူ မထည့်နဲ့။

ကဲ ဟင်းအနှစ်ချက်ကြမယ်။ ဆီအိုး ပူလာရင် ပထမဆုံး ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ကို ဆီသတ်ပါမယ်။ နနွင်း အရောင်တင်မှုန့် တခါတည်း ထည့်ပါ။ ဆီသတ်တာ ရရင် ငါးနွှင်ထားတာ ထည့်ပါမယ်။ မွှေးလာတဲ့ အထိ မွှေပေးနေပါ။ ဆား အချိုမှုန့် ငံပြာရည် တခါတည်း ထည့်ပါနော်။ အရသာကို မြည်းယူပါ။ တီချမ်းကတော့ တော်တီးတီးတော် ဆိုတော့ စိတ်မှန်းနဲ့ ပဲထည့်ပါတယ်။

ပြီးရင် အိုးထဲမှာ ရေ ၂ လီတာ ထည့်ပါတယ်။ နောက် မနေ့ညက ငါးပြုတ်ရည်တွေ ထည့်ပါတယ်။ အရိုးတွေကို ပြန်ပြုတ်တာတွေ ထောင်းတာတွေ ရေညှစ်တာတွေ ထပ်မလုပ်တော့ပါဘူး။ ပထမ တခါချက်တုံးက အဲ့လို လုပ်ရတယ် ပြောလို့ လုပ်ကြည့်တာ ညှီပါတယ်။ အဲ့တာကြောင့် တခါသေဖူး ပြင်ဖို့ နားလည် လိုက်ပါတယ်။ ငါးပြုတ်ရည်က စပလင် နိုင်းချင်းနဲ့ဆိုတော့ သိပ်မညှီပါဘူး။ ပြီးတော့ ရေအဖြူနဲ့ ငါးပြုတ်ရေ အရောဆူလာရင် ချက်ထားတဲ့ ငါးအနှစ်ကို ထည့်ပါ။ ပြီးရင် ခုနက ရေဖျော်ထားတဲ့ ဆန်လှော်မှုန့် ထည့်ပါ။ မြေပဲ ထည့်ပါ။

ပြီးရင် အိုးဘဲဥ လိုချင်တဲ့ အတွက် ပြုတ်ပြီးသား (ဆော်ရီး ကော်ရက်ရှင် အိုးကြက်ဥ) ကြက်ဥ တွေကို အလုံးလိုက် ၇ လုံးလောက်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ၄ လုံးကိုတော့ ပါးပါးလှီးပြီး ထည့်ပါတယ်။ နောက် ကြက်သွန်နီ ဥလိုက်တွေထည်ပါတယ်။

ငှက်ပျောအူတွေ ထည့်ပါတယ်။ ဒီနေရာ မှာ စပလင်ထပ်မထည့်တော့ပါဘူး။ စာတွေ လိုက်ဘတ်တယ်ဆိုပေမယ့်လဲ ကိုယ့်ဘာသာ ကိုယ်လိုလျှင်ကြံဆ လုပ်ရပါသေးတယ်နော်။ ကြည့်ကျက်လုပ်ပေါ့။ ဘယ်သူမှ မမွေးလာကတည်းက မတတ်ဘူးနော်။ လုပ်ရင်း တတ်သွားမယ်။

ပြီးတော့ ဟင်းရည်ကို ဆူစေပြီးတော့ ဆားအချိုမှုန့် လိုသလောက်ထပ်ထည့် မြည်းကြည့်။ ပြောရအုံးမယ် သူငယ်ချင်း တယောက် ကို မြည်းခိုင်းလိုက်တာ သူက အငံလိုသေးတယ် ပြောတာနဲ့ ကိုယ်က ငံပြာရည် ယောက်ဇွန်းတဝက်ထပ်ထည့်လိုက်တာ တော်တော်ငံသွားပါတယ်။ ငံသွားတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး တီချမ်း မိုတို အတိုင်း လိုထည့် ပိုရေရောလုပ်လိုက်တာ အိုကေမှာ စိုပြေသွားပါတယ်။

ငရုတ်သီးမှုန့် နံနံပင် ဆီချက်လေးတွေ ထည့် အချဉ်လေး ညှစ်လိုက်ရင် စူပါရှယ် အိမ်ချက် တီချမ်း လက်ရာ မုန့်ဟင်းခါး တခွက်ရပြီပေါ့နော်။ တီကတော့ ကိုယ့်လက်ရာ အရသာစစ်ကို သိချင်တာကြောင့် အချဉ် ငရုတ်သီး မထည့်ပဲ အရင်စားကြည့်ပါတယ်။ တင်တင်၊ စောရီ၊ ချို၊ ကြည်၊ စိန်ဥ၊ အိမ်မဲ၊ ဇကာကြီး၊ တခုမှ မရှုံးဘူးပဲ။
နောက်ဆို “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း” ဆိုပြီးတော့မုန့်ဟင်းခါးရောင်းစားရမယ်။

ကဲ စားချင်စရာမကောင်းလား။ နောက်တနေ့ မနက်ကျတော့ သူငယ်ချင်းက မုန့်ဖတ်ထပ်သွားဝယ်ပြီး အီကြာကွေး ပါဆွဲလာတော့ ပိုကောင်းသွားတာပေါ့။ ဟင်းရည်လဲ မနေ့ ကတနေ့လုံးတည်ထားတော့ တော်တော်လေးကို
အရည်ကျနေပြီလေ။ ရေနည်းနည်ထပ်ရော အချိုမှုန့် လေး နည်းနည်း ထပ်ထည့်လိုက်ရုံနဲ့ ပိုကောင်းတဲ့ မုန့်ဟင်းခါး တခွက်ထပ်ရတာပေါ့။ နှစ်ရက် လုံး စားကြတယ်။ ကောင်းမှကောင်းပဲ။

ကဲ မုန့်ဟင်းခါး ငတ်နေတဲ့ ပြည်ပရောက် ပရိတ်သတ်ကြီးလဲ အားပေးကြပါအုံးနော်။

A Chen
2:56 AM
Monday
20th Feb 2012
Home
Bangkok

သည် king, သည် queen and သည် princess

အမေရောက်ပြီး ဒုတိယနေ့ပါ ခါတိုင်းဆို ကို်ယ့်ဘာသာ မနက်ကို မနိုးနိုးအောင် zif ကုန်းထ ပြီးတော့ ကိုယ်ရေချိုးနေတုံး မောင်ထ ဖျော်ပေးတဲ့ ကော်ဖီ ကို အမြန်မော့ ပြီး ရထားဆီ ပြေးရတာ နေ့တိုင်းပါ စနေ တနင်္ဂနွေ ကျတော့လဲ ညနေ နေမစောင်းမချင်း အိပ်တာဆိုတော့ ဘရိတ်ဖတ်စ် ဆိုတဲ့ မနက်စာ က ကိုယ့်အတွက် မဟုတ်သလိုပါပဲ မောင်နဲ့ ကိုယ်က ပိတ်ရက်ဆိုရင် မနက်စာ နေ့လည်စာ ညစာပေါင်းစားတာပါ ထားတော့ ……

အခုတော့ အမေရောက်လာပြီလေ အဲ့လို လုပ်လို့မရတော့ဘူး ကိုယ်ကမစားတောင် သူက စားပါမယ် အဲ့တော့ ရောက်ရောက်ချင်း ဆိုတော့ ကိုယ်ကလဲ ပိတ်ရက်နဲ့ ကြုံနေလို့ စိတ်ပါလက်ပါ ထ လုပ်ပေးပါတယ် ကြားဖူးကြတယ်မဟုတ်လား သိုးဆောင်း စကားပုံလေ ……
မနက်စာ ကို ဘုရင်လိုစားပါတဲ့ (ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံနှစ်ထောင်းအားရ စားပါပေါ့လေ အဲ့တာကြောင့် အင်္ဂလိပ်ရှ် ဘရိတ်ဖတ်စ် အမေရိကန် ဘရိတ်ဖတ်စ် စတာတွေ က ဘုန်းပေါလအော စားကြသောက်ကြတာကလား) …..အဲ့တာကြောင့်လဲ မနက်စာဟာ တနေ့လုံး စားသမျှ အစားအသောက်တွေထဲမှာ အရေးအကြီးဆုံးလို့ ဆိုလိုတာပေါ့

အဲ့တာကြောင့် တီကလဲ မနက်စာ ကို ဒီလို စိတ်ပါလက်ပါ ဖွယ်ဖွယ် ရာရာ အမေ့ ကို လုပ်ပေးရင်းနဲ့ စားလိုက်ပါတယ် ဟော့ဒေါ့ လို့ခေါ်တဲ့ ခွေးပူတွေကို ကိုယ့်စိတ်ကြိုက် များများလေး ကြော် ကြက်ဥ ကို တဝက်တပျက် ကြော်တာ က နှစ်လုံး ပေါင်မှုန့်မီးကင်လေး ကို ကုလားမ ခြင်းဆွဲတံဆိပ် ချိစ် (ခက်ရင်းနာက ပန်းရောင်အတုံး) နဲ့ အထဲမှာ ယိုသုပ်ပြီး တဖုံ နောက် အသီး အနေနဲ့က ကျွဲကော်သီးလေးတွေ ခွာပြီးသား သိပ်ချိုတယ် ဟော ဖျော်ရည်လဲ မကျန်စေရပါဘူး…..ဘိထ်ရုသ် (Beet roots) လို့ခေါ်တဲ့ မချစ်ဥလား ဘာလား တီ မြန်မာလို မသိ အသင့်သောက် ဘူးလေးတွေနဲ့လာပါတယ် ၁၀၀% ဂျုစ့်လေးတွေလေ အဲ့တာ တခွက် ဝိုင်မဟုတ်ပါနော် စောစောစီးစီး တီချမ်း တို့တော့ လုပ်ချလိုက်ပြန်ပြီ မထင်ပါနဲ့ …….ဘေးကတော့ တနေ့၃ ခွက်ထက်မနည်းတဲ့ ကော်ဖီပါ

ဇာတိလမ်း ကမပြီးသေးပါဘူး ခုနက သိုးဆောင်း စကားပုံလေ သူက မနက်စာ ကိုဘုရင် ကြီး လို စားပြီးသကာလ နေ့လည်စာ ကိုတော့ မိဘုရားကြီးလိုစားပါတဲ့….စားတော့ စား သိပ်တော့မများစေနဲ့ ဆိုလိုတာပေါ့ အဲ့သဟာနဲ့ တီလဲ မြန်ဆန်သက်သာလွယ်ကောင်း အရသာရှိဆိုတဲ့ မိုတို နဲ့ ညီအောင် ရခိုင်မှုန့်တီ ဟင်းရည်ချက်တဲ့ အထုပ်လေး ၃ ထုပ်နဲ့ အမြန် ဟင်းရည်ချက်ပြီး မှုန့်တီ သုပ်လေး နေ့လည်စာ လုပ်စားလိုက်ပါတယ် လုပ်နည်း က ရေးဘူးလို့ ထပ်မရေးတော့ဘူးနော်……

ကျန်ပါသေးတယ် အဲ့ဒီ သိုးဆောင်း စကားပုံကပဲ ညစာ ကို မင်းသမီးလေး လို စားပါလို့ဆိုပါတယ် ဆိုလိုတာက စားတော့စား နည်းနည်းလေးပဲ စားပေါ့လေ အဲ့တာနဲ့ တီက လွယ်လွယ်ကူကူပဲ ကြက်ကြော် ပူပူလေး ကြော်ပြီး ထမင်းဆီဆမ်း ရွှေလင်ဘမ်း နဲ့ ပြီး လိုက်ပါတယ် ကြက်က အမေ မြန်မာပြည်ကနေ တကူးတက ရေခဲရိုက်ပြီး သယ်လာတဲ့ သံဈေး ၁၇ လမ်း က မြန်မာကြက်ပါ အခု တပိဿာ ၁၂ ၀၀၀ ကျပ် တိတိ ဖြစ်သွားပြီတဲ့တော်တို့ရေ အော်………ရွှေပြည်တော် အမိမြေ မြန်မာ အံ့ဖွယ် ပါ့လား…….

မောင်ညီမလေးတို့ ရေ ဒီတပတ် စကားပုံ အလိုက် စားကြမယ် အစီအစဉ် အရ ကတော့ ဒါပဲပဲကွယ် မောင်ညီမလေးတို့ လဲ အစားကိုရှောင် အားကိုဆောင်ပြီးတော့ ကျန်းမာပျော်ရွှင်ကြပါစေကွယ်…

A Chen
2:52 AM
24th April 2011
Sunday
Home
Bangkok

ကိန် လို့ခေါ်တဲ့ ယိုးဒယား အုန်းနို့ခေါက်ဆွဲ

ဒီနေ့တော့ တလောက ကိုတင်ဇာအေး သူ့ဘလောခ် မှာ တင်သွားတဲ့ ယိုးဒယား အုန်းနို့ ခေါက်ဆွဲ (ကိန်) လို့ခေါ်တဲ့ အစားအသောက်တမျိုး ချက်ကျွေးချင်ပါတယ်။ သူက ပြင်ဆင်ရတာလဲ လွယ် ချက်ရတာလဲ လွယ် စားရတာလဲ လွယ် ဆေးရတာလဲလွယ်ပါတယ် အဲ့တာကြောင့် တီ့ မိုတို နဲ့ လဲ ကိုက်ညီ တဲ့ အတွက် ချက်ကျွေးလိုက်ပါတယ်နော်

ပြင်ရတာ ကိုက မခက်တာပါ တွေ့လား ခရမ်းသီး လိုမယ် နောက် ကဖောင်းချက်ရင် ထည့်တဲ့ ပင်စိမ်းရွက်လိုမယ် နောက် ဟင်းချက်မယ့် အနှစ်လိုမယ် (ဆိုင်တွေမှာ ရှာဝယ်လို့လွယ်ပါတယ် သူက ဒီဟင်းချက်တဲ့ အနှစ်ပဲ ယိုးဒယားတွေက ဟင်း အားလုံး လိုလို လုပ်ပြီးသားအနှစ်တွေနဲ့ ချက်တတ်တဲ့ အတွက် ဝယ်တဲ့ အခါ သတိတော့ထားပါနော် ( သေချာချင်ရင် အထုပ်ပေါ်မှာ English လို Red curry လို့ ရေးထားတဲ့ အထုပ်ရှာဝယ်ပါ သူက အစပ်ထုပ်ပါ ၊ နောက်ထပ် Green curry နဲ့ Yellow curry ဆိုပြီးတော့လဲ လာပါသေးတယ် သူတို့ က တော့ အချိုတွေပါ အခုဟာက တော့ အနီ ထုပ်ကို သေချာရှာဝယ်ပါ) ပုံ ကိုသေချာချဲ့ ပြီး အထုပ်ကို ကြည့်ပါ။

ပြီးရင်တော့ နောက်ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းသီးတွေ ကိုလှီး ပြီးရေဆေး စစ်ထားပါမယ် တီက လျာရှည်ပြီး ခရမ်းသီး နှစ်မျိုး ဝယ်ပါတယ် ကြိုက်တဲ့ အမျိုးထည့်ပါ ခရမ်းရောင် အသီး ကိုတော့ အရောင်ပိုလှအောင်ပါ မရရင် အစိမ်းသီးလေးတွေလဲထည့်ရပါတယ် နောက် ခရမ်းကြွပ်သီး လဲထည့်တယ် နောက် တမျိုး အစိမ်း မာမာသေးသေးလေးတွေလေ (ပဲစိမ်းသီးစေ့လေးတွေလိုမျိုး) ရှိသေးတယ် ခရမ်းသီး မျိုးနွယ်ပဲ နည်းနည်းခါးတယ် ယိုးဒယားတွေကတော့ အဲ့တာလေးတွေလဲ ထည့်တယ် ထားတော့ ခရမ်းသီး ရေခင်းပြနေရတာ နဲ့ ရှည်နေပြီစာက
နောက်ပြီး ပုံဘေးက ပင်စိမ်းရွက်ကိုလဲသင်ပြီး ရေစိမ်ထားနော်….

နောက်ပြင်ထားရမှာ က အုန်းနို့ပါ ဒီဟင်းမှာ သူက မင်းသမီးပဲလေနော်။ နောက်တော့ အသား တီက မောင်ကြက်သားမစားတဲ့အတွက် ဝက်သား နဲ့ ချက်ပါတယ် ဒီမှာကတော့ ကြက် ဝက် ငါး အကုန်ချက်ကြပါတယ် အသားလုံးလေးတွေထည့်လဲ ရတယ် ဝက်သား ကို ပုံမှာ ပြထားတဲ့အတိုင်း ပါးပါးလှီးပါ နောက် ငံပြာရည် ဆား အချိုမှုန့် နည်းနည်း နယ်ထားပါ နောက် မင်းသား မုန့်တီ ဖတ်လေးတွေ ကိုပြင်ထားပါ အပေါ်က ပြောတာတွေအကုန်လုပ်ပြီးပြီဆိုရင်တော့ စချက်ပါတော့မယ်

ပထမဆုံး ကျမတို့ ဆီအိုးလေးတည်ပါမယ် ဆီတွေပူလာပြီဆိုရင်တော့ အုန်းနို့ကို နည်းနည်းလေးထည့်ပါမယ် ပြီးရင်အုန်းနို့လေးတွေပြစ်လာအောင် ဆီသတ်ပါမယ် ပုံမှာ ပြထားသလို အပေါက်အပေါက်လေးတွေ ပေါက်လာတဲ့ အထိ လုပ်ပါ တူးမသွားအောင်လဲ မွှေပေးနေအုံးနော် မီးလဲအရမ်းမပြင်းစေနဲ့ အုံး
(အမလေး အကုန် ကိုစေ့စေ့ပေါက်ပေါက် ပြောနေရတာပဲ ခေတ်ကာလသားသမီးတွေများ တကယ် တကယ်….ပြောချင်ဘူး ပြောကိုမပြောချင်ဘူး ဒေါ်မြလေးလို ရင်ဘတ်ကို လက်ကလေးနဲ့ဖိ) ဒါကတော့ ပြဇာတ်မရေးတာ ကြာလို့ စိတ်နည်းနည်းပါသွားတာ ခွင့်လွှတ် …..

နောက်အဆင့်ကတော့ ခုနက အုန်းနို့ ဆီသတ်ထားတာထဲကို ဟင်းနှစ် နှစ်ထုပ်လုံးဖောက်ထည့်လိုက်ပါမယ် ပြီးရင် ဆက်ပြီး မွှေးလာအောင်မွှေပေးနေပါ။ (မတူးစေနဲ့နော်……အင်း ပြောရပြန်ပြီ ကဲဟာ …..ဒေါက်…….ခေါင်း ကို ခေါက်လိုက်တာဖြစ်ပါတယ်) မွှေးလာပြီဆိုရင်တော့ နောက်ဆုံး ပုံမှာ ပြထားသလို ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကို ထည့်ကြော်ပါမယ် ဝက်သား ကိုမွှေးလာအောင်ကြော်ပေးပါမယ်နော်

ဝက်သား ရပြီဆိုရင်တော့ ခရမ်းသီး တွေကိုထည့်ကြော်ပါမယ် ခရမ်းသီး ကို အနူးကြိုက်ရင် ဒီနေရာမှာ အရင်ခဏ ကြော်ပေးပါ ရတယ် ရိုးရိုးပဲဆိုရင်လဲ ခဏနေ ဟင်းရည်အိုး ဆူပွက်ပြီး ရခါနီးမှ ထည့်ရင်လဲရပါတယ် ခရမ်းသီး ကိုနည်းနည်း ပိုနူးချင်ရင်တော့ တီပြထားသလိုပဲ ဟင်းအနှစ် ထဲ ဝက်သားထည့်ပြီး မွှေးလာရင် ထည့်ကြော်ပေးပါ ခရမ်းသီး နည်းနည်းနွမ်းတဲ့ အထိကြော်ပေးပါမယ်နော်

ခရမ်းသီး နဲ့ဝက်သား ဟင်းအနှစ်ကိုကြော်နေတဲ့အချိန်မှာ တပြိုင်တည်း ရေနွေးအဖြူတအိုး တည်ထားပေးပါမယ် ရေနွေးဆူရင် ခုနက ပိုတဲ့ (ဒီအုန်းနို့ က မုန့်လုံးရေပေါ် လုပ်တုံးက ပိုတဲ့ အုန်းနို့ပါပဲ)အုန်းနို့ နည်းနည်းထည့်ပြီး တည်ပေးပါ အုန်းနို့တွေမွှေးပြီးဆူလာပြီဆိုရင်တော့ ခုန က ချက်ထားတဲ့ ခရမ်းသီး ဝက်သား အနှစ် တွေကိုလောင်းထည့်လိုက်ပါမယ် ပြီးရင် အပေါ့ အငံ မြည်းပြီး လိုတိုး ပိုရေရော လုပ်ပေးပါ

နောက်ထပ်ပြင်ထားရမှာ တခုက ကြက်သွေး ပဲသွေး ဘဲသွေး ဝက်သွေး ကြိုက်ရာ ရရာ စားတတ်ရာ ဝယ်ပြီးတော့ သေးသေးလေးတွေ တုံးထားပါ တီက တော့ ခု ချက်တာ ပြုတ်တာ ပြမှာ မို့လို့ပုံရိုက်ကောင်းအောင် ပြင်ထားတာပါ ချက်တော့လဲ အကုန်ပစ်ထည့်တာပဲလေနော့် နောက် ခုနက ရွေးထားပြီး သား သင်ထားပြီးသား ပင်စိမ်းရွက်တွေကို ရေစိမ်ပြီး ဆေးထားပါမယ်

အုန်းနို့ ဟင်းရည်ထဲ ကို ခရမ်းသီးရောအပြီး နောက်တခါ ဆူလာပြီဆိုရင် တော့ ရပါပြီ ခရမ်းသီး နူးမနူး တချက်ကြည့်ပြီးရင် ရပါပြီ အချိုပေါ့ ငံ ကို ခုန က တခါတည်းမြည်းထားပါ ပြီးရင် အသွေးတုံးတွေ လှီး ထားတာ ထည့်ပါမယ် နောက် တခါ ထပ်ပေးဆူလိုက်ပါ အသွေးတွေထည့်ရင် သူက ခဏ ပြန်အေးသွားတတ်လို့ပါ နောက်တခါ ပြန် ဆူပြီးဆိုရင်တော့ အပေါ့အငံ ထပ်မြည်း လိုအပ်ရင် နည်းနည်းပြင် ပါ ပြီးရင်တော့ ပင်စိမ်းရွက် အုပ်လိုက်ရင် အိုးချ လို့ ရပါပြီ

ဒါတွေကတော့ မုန့်တီကိန် နဲ့ စားရမယ့် ငံပြာရည်ပါ ငံပြာရည်ထဲကို ငရုတ်သီးစိမ်း ပါးပါးလှီး ပြီး ခဏ စိမ်ထားပေးပါ အရသာဝင်အောင်ဖြစ်ပါတယ် ဘေးကတော့ နံနံပင်နဲ့ သံပရာသီးပါ နောက်ဆုံးပုံက မုန့်ဖတ်တွေ ထည့်ပြီး ပွဲပြင်တာပါ နံနံပင် ကြိုက်တတ်ရင် နည်းနည်ထည့်ပါ ငံပြာရည် နည်းနည်းဆမ်းလိုက်ပါ ကြိုက်တတ်ရင် ငရုတ်သီးဖတ်လေးတွေ ဆယ်ထည့်ပါ

ခုနက ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ဆမ်းလိုက်ရင် အရသာရှိတဲ့ ကိန်မုန့်တီ တပွဲ ရပါပြီ တီက အသားထက် အသွေးကြိုက်လို့ရွေးထည့်ထားတယ် ကြက်သားနဲ့ ချက်ရင်လဲ အရသာတမျိုး ထူးပါတယ် မြန်မာကြက်ရရင်တော့ ပိုကောင်းတာပေါ့
ဒီမှာတော့ ဆိုင်တွေမှာ သွားစားရင် ဝက်ခေါက်တို့ ပဲပင်ပေါက်ရေနွေးဖျော် တို့ ကြက်ဟင်းခါးသီး ပြုတ် တို့ ကန်စွန်းရွက်ပြုတ် တို့ စတာတွေ နဲ့ အရွက်စိမ်း ပင်စိမ်း ပူဆီနံ စတာတွေနဲ့ လဲတွဲစားကြပါတယ် ကြိုက်သလိုသာ စားကြပေတော့နော်………

A Chen
9:17 PM
21st April 2011
Thursday
Home
Bangkok

တီချမ်း တီမုန့်

မနေ့က ၂၉ရက် ၃လ ၂၀၁၀ ခုနှစ်ပါ။ ဘန်ကောက်မြို့ကြီး မိုးတွေရွာပါတယ်။ သင်္ကြန်အကြိုမိုးပဲလား ရာသီဥတု ဖောက်ပြန်မှုတွေလား တီချမ်းပဲ မဟုတ်တာတွေလုပ်တာများလို့ မိုးနတ်မင်းက သတိပေးနေတာလား (ဘုရား ဘုရား) ပြီးတော့ ရုံးကအပြန် နောက်ကျပါတယ်။ အခုက ၁၀ နာရီ ၆ နာရီ ဆင်းနေလို့လေ။ ပြောပါအုံးမယ် တီက မနက်မနက် မထနိုင်ပါဘူး။ ညဘက်ကျတော့ တော်တော်နဲ့မအိပ်ဘူးလေ။ ၃ ၄ နာ၇ီလောက်မှ အိပ်တာ။ အဲ့တော့ ရုံးအမြဲနောက်ကျပါတယ်။ တော်သေးတာပေါ့ဘော့စ်က အလုပ်ပြီးရင် အိုကေတဲ့ ဘောစ့်မို့လို့ ပြီးတော့တီတို့ တခါတလေ ဝစ်ကန်းတွေကော ညဘက်တွေကော လိုရင် လိုသလို အမြဲ လုပ်နေတာသိလို့လဲပါပါတယ်။ ပြီးတော့ တီတို့ရုံးက အချိန်ကို ကြိုက်တဲ့အချိန် အထက်အရာရှိနဲ့ ညှိယူလို့ရပါတယ်။ ၆ နာရီ တက်ရင် ၃ နာရီဆင်း။ ၇ နာရီတက်ရင် ၄ နာရီဆင်း စသဖြင့်ပေါ့လေ။ အဲ့တာနဲ့ တီကတော့ ၁၀ နာ၇ီတက်ပြီး ၆ နာ၇ီဆင်းတာကို အခု ယူထားပါတယ်။ နောက်တခါ အိမ်ကို တိုက်ရိုက်မပြန်ချင်သေးတာနဲ့ ပါရာဂွန် က ဂေါမန့် မားကတ် ကိုဝင်ပါတယ်။ ထုံးစံအတိုင်း အသားလေး ငါးလေးဝယ်တာပါ။ တပတ်စာ နှစ်ပတ်စာပေါ့လေ။ အများကြီးဝယ်လာဖြစ်ပါတယ်။ ဒီတခေါက်ဝယ်လာတာ ဝက်လျာတချောင်း၊ ကြက်အမြစ် နှစ်ဘူး၊ နှလုံးချည်းပဲတဘူး၊ (အသဲမစားပါ) ဒီမှာက အတွဲလိုက်မဟုတ်ဘူး သပ်သပ်စီ သန့်ထားပြီးသား လိုချင်တာ ဝယ်ယုံပဲ (တယ်အဆင်ပြေ)။ ပြီးတော့ ပေါင် ၅ ချောင်း၊ အတောင်ပံ ၁၀ ချောင်း ဘာချက်ရမလဲမသိသေးဘူး၊ ပေါင်ကတော့ နောက်နေ့ကျ မှိုနဲ့ တရုတ်ချက်ချက်စားမယ် စိတ်ကူးထားတာပဲ။ တီက ပျင်းတော့ တခါတခါဝယ်ရင် အဲ့လို အများကြီးတခါတည်းဝယ်ပြီး ရေခဲသေတ္တာထဲပစ်ထားတတ်တာများပါတယ်။ တခါတလေ ခရီးထွက်ရတော့မယ်ဆိုရင် ရေခဲသေတ္တာရှင်းရတာ က ကို တဒုက္ခ။ ပစ်ရတာတွေအများကြီးပါ။ ဝယ်တာပဲဝါသနာကပါတယ် ကုန်အောင်စားခဲတယ်။ အဲ့တာကြောင့် ချက်ရင်လဲ သူငယ်ချင်းတွေအများကြီးကိုခေါ်ကျွေးရတာပါ။ ဆိုင်မှာသွားစားရင်လဲအဲ့လိုပဲ အများကြီးမှာရတာ ကိုကြိုက်တယ် ပြီးတော့မှ ကုန်အောင်အသေစား မစားနိုင်တော့လဲ တီပြောနေကျ စကားတခွန်းက ဘာတဲ့ “မစားချင်တော့ဘဲနဲ့ အလကား သက်သက် နှမျောလို့ အဝခံမစားနဲ့” တဲ့ မိုက်တယ်နော် ပြီးတော့လဲ အစား အသောက်တွေ ကုန်အောင်မစားတဲ့လူတွေကို တော့ ဒီလိုပြောတတ်ပြန်ပါတယ် “မင်းဒီလို စားနေသောက်နေရတဲ့အချိန်မှာ ကမ္ဘာမှာ လူဘယ်နှသန်းက ငတ်နေလဲဆိုတာ သိလား” ဘာညာပေါ့ အလုံးကြီးကြီးတွေ သွင်းတတ်ပါသေးတယ်။ အော် လူ့အလို နတ်မလိုက်နိုင်နော်။ တကယ် တရားကျပါရဲ့ (ကို့ကိုကိုပြောတာပါ) ကိုကို့ကို မဟုတ်ဘူးနော် (ကိုယ့်ကို ကိုယ်) အလွယ်ရေးတာ။ မမကွမ်ကို အားကျလို့ ခိ…အံမယ် ခုတော့ သူက မှန်နေပြန်တယ်နော် ပြောတဲ့သူတွေကသာ မှားနေပြန်တာ အော် အသင်လောက အပြောင်းအလဲ တယ်မြန်သော ကလော်ကလယ် အသင်လောက ပါကလား….ဟူး…………….ကဲ စကားပြန်ကောက်မယ် (ဘယ်လိုကောက်လဲမသိပါ ပြောနေကျမို့သာပြောတာ သေချာတော့နားမလည်) ပြီးတော့ ရှိသေးတယ် ဘုန်းကြီး ကိုဆွမ်းကျွေးတွေ ဘာတွေအတွက် ပင့်ပြီးရင် ဘုန်းကြီးထောက်ရတယ်တဲ့ တီကတော့ ငယ်ငယ်က ခပ်ရွဲ့ရွဲ့နဲ့တွေးတာ ဘုန်းကြီးကိုထောက်ရင် ဘုန်းကြီးက ခေါက်မှာပေါ့လို့ (ဟဲဟဲ ဒီလိုပေါ့ ဒါမျိုးတွေနဲ့ ကိုတာရာက လုပ်စားလေ့ရှိတယ်။ ) ကဲကဲ စကားပြန်ကောက်မယ်……ပါရာဂွန်မှာဈေးဝယ် ပြီးတော့ မုန့်တီဖတ်တွေတွေ့တာနဲ့ ဝယ်လာသေးတယ် ရခိုင်မုန့်တီချက်စားမယ်ပေါ့။ တလောက ၇န်ကုန်က သူငယ်ချင်းလာတော့ အရင် တီ့အိမ်လာတည်းသွားတဲ့ သူငယ်ချင်းတွေ တပည့်တွေက ထည့်ပေးကြတဲ့ထဲက ငါးဖယ်ကြော်တွေကျန်သေးတယ်။ မုန့်ဟင်းခါး ချက်မလို့ဟာပဲ။ ဒါပေမယ့်…. ခုနက ပြောပြီးပြီလေ ပျင်းနေပါတယ်ဆို။ အဲ့တော့ မုန့်တီပဲ လွယ်လဲလွယ် စားလို့လဲကောင်း။ ကဲ ပြောနေကြာတယ် ချက်လိုက်ကြစို့ လာ………….

ပထမဆုံး မုန့်တီချက်ဖို့ အသင့်စား အထုပ်လေးတထုပ်ပေါ့ သူကတော့ ရေ နို့ဆီဘူး နှစ်လုံးပြောတာပဲ တီကတော့ တအိုးပဲ လာထား…..တီ့ထုံးစံ အစာပလာတွေထည့်အုံးမှာလေနော့ တံဆိပ်က အိမ့်စည်းစိမ်ပါတဲ့ ဘေးကတော့ တီ ထည့်မယ့် အစာပလာတွေထဲက ကြက်သွန်ဖြူပါ တီက မုန့်တီ ဟင်းရည်ဆိုရင် ကြက်သွန်ဖြူတွေကိုပါ ထောင်းရုံထောင်းပြီးထည့်ထားတဲ့ အရည်မျိုးကို ချက်ချင်းပြေးမြင်ပါတယ်။ ငါးလေးတွေ ကင်ပြီးထည့်နိုင်ရင် ပိုကောင်း…………….ရိုးရိုးမဟုတ်ဘူးနော် ကင်မှာ ပိုမွှေးအောင်
ပြီးတော့ လျာရှည် တီချမ်းဖြစ်တဲ့အတွက် ဟင်းရည်ထဲမှာ ဘူးသီးလေးထည့်ပါမယ် အဲ့တာမှ ဟင်းရည်ချည်းပဲ သောက်ရင်လဲ အဖတ်လေးတွေနဲ့ဆိုတော့ ကောင်းတာပေါ့နော့ ဘူးသီးလေးတွေကိုရေဆေးပြီး ပါးပါးလှီးပါမယ်

ပြီးရင် ခုနက အထုပ် သေးသေးလေးပါပဲ အဲ့တာကို ရေထဲထည့် ဘူးသီးဖတ်လေးတွေထည့် ပြီးတော့ ကြက်သွန်ဖြူ ကွဲရုံထောင်းထားတာလေးထည့် ပြီးရေ ကိုဆူအောင်တည်ပါမယ်။ ဒီလိုလွယ်တာနော်။ ငှက်ပျော်သီး အခွဲနွှာတာတောင် ဒီလောက်မလွယ်ဘူး။

ပုံမှာ ပြထားတဲ့အတိုင်းပါပဲ ကြက်သွန်ဖြူ ကို ထောင်း ပြီး တခါတည်းထဲ့ ဆူအောင်တည်………အရေးကြီးတဲ့ အခန်းက ခုမှလာတာပါ ထုံးစံအတိုင်း မဟာဟင်းရည်ပဲပေါ့ အရေးကြီးလာပြီလေ မှတ်ထားကြပါ သားတို့သမီးတို့ မုန့်တီ ဟင်းရည်က တခြား ဟင်းရည်တွေနဲ့ မတူပါဘူး ဟင်းရည်ကျ ဖို့လိုပါတယ် ဘယ်လို ကျရမလဲဆိုတော့ ဆူလာရင် မီးအေးလေးနဲ့ နည်းနည်းကြာကြာလေး တည်ထားပေးရပါမယ် ပြီးရင် ချို ငံပေါ့ မြည်းပေးပါ လိုရင် ဆား ဟင်းချိုမှုန့် (အာဂျီနိုမိုတို…………..) ငံပြာရည် ထည့်ပေးပါ။ တီကတော့ တိုင်းပြီးယက်တဲ့ ပကလာ ဆိုသလိုပဲ တည်လိုက်ပြီဆိုကတည်းက အိုကေပါ ဂွတ်ရှယ်ပဲ ဘာမှကို မပြင်ရတော့ဘူး လက်ဆိပ်က ကောင်းတာ အဲ့လို (အော် ဘယ်တတ်နိုင်မလဲနော် မွေးကတည်းက ဘုရားက ရုပ်ကိုလဲချောအောင် ဟော ပညာဆိုလဲ တော်အောင် ငွေရှာလဲ ကျွမ်းအောင် ဖန်ဆင်းပေးထားတာတာကိုးနော် ဒီကြားထဲ ဟင်းချက်ကလဲကောင်း အင်း………….ဖြူဖြူ့စကားငှားသုံးရရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပဲ ချီးမွမ်းပါတယ်လေနော် )

ကဲ ဟင်းရည် အသင့်ဖြစ်ရင် ခုလို မြန်မာပြည်က ပါလာတဲ့ စပယ်ရှယ် ငါးဖယ်ကြော်လေး ကို ပါးပါးလှီးပါမယ် မြန်မြန်ကုန်သွားမှာ စိုးလို့ အဟေးဟေး (မမဝေ လူကြုံရှိရင် များများ ထပ်ပို့ပါ တီကြိုက်၏)

ဒါတွေကတော့ မုန့်တီဖတ် (ပါရာဂွန်က ဝ်လာတာနော် အချဉ်မဟုတ်) အချဉ်တွေက ဘေးမှာ သံပရာ ရည်ဘူး၊ မန်ကျည်းရေဘူး နဲ့ ငရုတ်သီးဆီချက်ပါ အဲ့တာက တီ အရင် ရှမ်းခေါက်ဆွဲတွေ ချက်စားရင် အမြဲ အသင့်လုပ်ထားတာ အမှန်ကတော့ မုန့်တီအတွက်က ငရုတ်သီးစိမ်းလေးကိုထောင်းရမှာ မီးကင်ပြီး အဲ့တာမှ မွှေးပြီး စပ်တာာ ရှူးရှဲပဲ လောလောဆယ်တော့ အလွယ်ရတာပဲပေါ့နော့ နောက်ဘေးက ကြက်သွန်ဖြူ ဆီချက်ပုလင်း ဒါကလဲ ရှမ်းခေါက်ဆွဲက ဟာပါပဲ အကျန်တော့မဟုတ်ဘူး အပို လုပ်လုပ်ထားတာ စားချင်တဲ့ အချိန် ထ စားလို့ရအောက်လို့

ကဲ ဒါလေးကတော့ ချက်ပြီးသား အသင့်စားစဖွယ်ပေါ့ တီကတော့ သူ့ အော်ရီဂျင်နယ် အရသာ ရအောင် ဘာမှမထည့်ပဲ တပွဲစားပါမယ် ငါးဟင်းရည် ရဲ့ ပြကတိ အရသာပါ အချဉ်တွေ အငံတွေ မထည့်ပါဘူး
ဒါလေးတွေကတော့ နောက်ဆက်တွဲ အချိုတည်းပါ သရက်သီးရယ် လက်ဖက်ရည်စိမ်း သူသူ့ သူငယ်ချင်း ဂရင်းဂဲ ရဲ့ အမျိုး ဂရင်းတီးပါ (အံမယ် သူတို့တောင် မပေါ်လာတာကြာပေါ့)ရယ် ဘေးနားက ဟာလေးက တီ့အကြိုက်ဆုံး ပါရာဂွန် မန်ဒရင်း အိုရီရန်တယ် က ခရမ်ဘရူလေးပါ ဟိဟိ ရေးရင်းတောင် သွားရည်ပြန်ကျတယ် အဲ့လောက်ကြိုက်တာ

သရက်သီးနဲ့ ရေနွေးကြမ်း စိမ်းကတော့ အထွေအထူးပြောစရာမရှိပါ ပြောစရာရှိတဲ့ ကြက်ဥ ပုတင်း ခေါ် ခရမ်းဘရူးလေ ကိုပဲပြောတော့မယ် အောက်မှာကြည့် ….

အင်္နီးကပ်ကြည့်ပါ အမှန်ကတော့ ကြက်ဥပေါင်းပါပဲ ဒါပေမယ့် ဒါပေမယ့် ပေါ့လေ စပယ်ရှယ်ထက်ကို ပိုရှယ်တဲ့ ကြက်ဥပေါင်းပါ သေချာကြည့်ပါ ဈေးလဲကြီးပါတယ် အဲ့ဒီ ခွက်သေးသေးလေး ဖြုတ်မျက်စိလောက်လေးကို ဘတ် ၁၀၀ ပေးရတာပါ ၃ ဒေါ်လာ တိတိ မြန်မာ ကျပ်နဲ့ဆို ၃၀၀၀ ကျပ် တိတိ အံမလေးလေး စီးတီးမတ်မှာဆို ပူတင်း ကိတ် ဘယ်နှတုံးတောင်ဝယ်စားလို့ရသလဲ ကဲပြော………..
သူက ကြက်ဥပေါင်းကို စပယ်ရှယ် နို့အနှစ်တွေနဲ့ အီဆိမ့်နေအောင် လုပ်ပြီး သကာလ အပေါ်မှာ သကြားရည် ကို မီးမြိုက်ပါတယ် ဆိုင်မှာ သွားဝယ်ရင် လုပ်တာ တခါတည်းကြည့်လို့ရပါတယ် အဲ့လိုကောင်းသော ပါ တီကတော့ ဆရာသော်တာဆွေစကားအတိုင်း ၇၅ ခုလောက်တောင်စားလိုက်ချင်ပါသေးတယ်လို့ …

မိသစ်၊ ဗစ်၊ မျိုး၊ ဆာကူရာ၊ မေ ဘယ်သူတွေကျန်သေးလဲ အကုန်ခေါ်လိုက် လာစားလို့…………

မုန့်ဟင်းငါး စားကြွပါ

ကဲကဲ အားလုံးဆာလောင်စွာနဲ့စောင့်နေကြတဲ့ အတွက်အရင်ဆုံးအနံ့အရသာနဲ့ပြည့်စုံတဲ့
မုန့်ဟင်းငါး လေးနဲ့ အိမ်လည်လာသူတွေကို တည်ခင်းဧည့်ခံလိုက်ပါတယ်
တကယ်ချက်ပေးတဲ့ ညီမလေးကတော့ တီနဲ့တူတူ တရုံးထဲလုပ်နေတဲ့ ညီမလေးပါ တကွန်ပေါင်းထဲမှာနေပါတယ် သူကလဲ ဘလောခ်ရေးဖို့ အစီအစဉ်ရှိတယ် (အဲတခါတည်းကြေညာတာပါ)
နောက်သူတကယ်ရေးဖြစ်ရင်မိတ်ဆက်ပေးပါမယ် အရင်က သူက မဂ္ဂဇင်း တွေမှာရေးလေ့ရှိပါတယ် အများဆုံးရေးလေ့ရှိတဲ့ မဂ္ဂဇင်း က “တင်း” (အတင်းမဟုတ်ဘူးနော်) ပါ အဲမြန်မာလိုဘယ်လိုခေါ်လဲတော့မသိ နာမည်တော့ရှိတယ် (ဪ မှတ်မိပြီ ဆယ်ကျော်သက် ခိခိ တီက အဲဒီအရွယ်ကို ကျော်တာတော်တော်ကြာသွားတော့ ဘယ်လိုခေါ်လဲတောင်မေ့နေပြီ ခစ်ခစ်ခစ်) အဲ တီ့ ညီမဆိုတော့ ဒေါ်ရီတာ စကားခဏငှားသုံးရရင် ခ သ မ ဟ ပေါ့နော်(ခေသူမဟုတ်ပါတဲ့) သိချင်ရင်တော့ ဖန်သားပြင်ပေါ်မှာ…မျှော် မကြာမီလာမည်
ကဲကဲ မိတ်ဆက်ပြီးရင်၊စားပြီးရင်ချက်ပြုတ်ခြင်းစမယ်
တီက ၀ိုင်းကူဘေးရှုပ်ပေါ့ ခိခိ

ပထမ ဆုံးဝယ်လာတဲ့ သန့်ပြီးသား ငါးကို ရေစင်စင်ပြန်ဆေးပါတယ်

ပြီးရင် ဂျင်း နဲ့ ကြက်သွန်ဖြူရောထောင်းထားတာကို ငံပြာရည် နည်းနည်းနဲ့ထည့်ပြီး ငါးကိုပြုတ်ပါတယ်

ငါးက ခဏဆိုနူးပြီလေ ပြီးရင်တော့ ဟင်းရည်ထဲကငါးကိုအရိုးနွှင်ဖို့ဆယ်ပါတယ် ဟင်းရည်ကိုတော့ဆူအောင် ဆက်တည်ထားပါမယ်

နွှင်ပြီးသားငါးကို အဆင်သင့်ထားပြီး ခုနက ဟင်းရည်ထဲကို နံနံမြစ် ရှိရင်နည်းနည်းပစ်ထည့်လိုက်ပါ ဒါက ငါးညှီနံ့ကိုလျော့ချင်လို့ပါပြီးရင်တော့ မြောင်းမြဒေါ်ချို အထုတ်ထဲက ငါးအသားနဲ့ ဂျင်းမိတ်သလင် ရောထားတာတွေ ကို ခုနက ဆူနေအောင်ဆက်တည်ထားတဲ့ ဟင်းရည်ထဲထည့်ပြီးမွှေပေးပါမယ်
ငါးကို ထပ်ထည့်တာ က ဟင်းရည်ပိုချိုအောင်ပါ အလွယ်မရရင် အဲဒီရယ်ဒီမိတ် အထုတ်နဲ့ပဲ ဖြစ်သလိုချက်ရင်ရပါတယ် (တချို့တချို့သော ကိုဂျီးများတွေ က ဖြစ်သလိုဆိုမစားချင်ဘူးပြောလို့ပါ နည်းနည်းဒုက္ခခံထားပါတယ် ငါးရိုးနွှင်ရတာ လက်လဲဆူးသွားပါတယ် နိုဝင်ဘာလအထိ ထားပါမယ် ကတိဟာ ကတိဖြစ်ပါတယ်)

ပြီးရင်တော့ အတူပါ ပဲမှုန့်ထုတ်ကိုလဲဖောက်ပြီးရေလေးနဲ့နည်းနည်းဖျော်ပြီးထည့်ပါတယ် နောက်ဆုံးအဆင့်အနေနဲ့ကတော့ ချို၊ငံ၊ပေါ့ မြည်းပေးပါ ပြီးရင် ငရုတ်ကောင်းကြိုက်တတ်ရင်သင့်ရုံလေးထည့်ပြီးတာနဲ့

အမွှေးနံ့ သင်းပျံနေတဲ့ မုန့်ဟင်းငါးကောင်းတခွက်၊တအိုး ရပါပြီ

တီချမ်း

၁၀း၀၃ နာရီ
ဧပရယ်လ ၄ ရက်နေ့ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်