ကြက်သားပြွန်း (ကြက်ကာလသမီးချက်)

အခုတလော ချဉ်ချင်းတပ်နေတာ ကြက်သားကာလသားချက်လို့ ခေါ်တဲ့ ကြက်သားပြွန်းပါ။ အဲ့တာနဲ့ တလောက ညဈေးဘက် ရောက်တော့ မြန်မာကြက် ဒီက အခေါ် အိမ်ချက် ပေါ့ အဲ့တာ တကောင်ကို ဝယ်ပါတယ် ၁ ကီလို စွန်းစွန်းလေးထင်တယ်။ ၁၃၅ ဘတ်လား မသိဘူး ပေးရတယ်။ သေချာတာကတော့ မြန်မာပြည်ထက် အများကြီး ပိုပေါတယ် ဆိုတာပဲ။ တီချမ်းဆိုတဲ့ ကာလသမီးချက်တော့လဲ ကြက်သားကာလသမီးချက်ပေါ့ သို့သော်လဲ လျှို့ဝှက်ချက်က ဘာလဲဆိုတော့ ….ငှဲငှဲငှဲ…….(အမှန်ကတော့ မောင်ချက်ပေးတာပါ ကိုယ်က ခိုင်းယုံပဲ) (:=))

ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင့်လို ယောက်ျားရ (ရွေးယူ)ထားတာ ကိုယ်ကံကောင်းတယ်ပေါ့။ မနာလိုဖြစ်ကြပါ အားကျကြပါ ရွေးချယ်မှု ဥပမာ ယူကြပါ။ ကြားဖူးကြတယ်မှလား အိမ်ထောင်မှု ဘုရားတည် ဆေးမှင်စုပ်ထိုးလေ ကျန်တာတွေအားလုံးက ပညာရှိမကြီး တီချမ်း ပြောသလို “နင်ရွေးချယ်တဲ့ လမ်း” ပဲလေ။

ကြက်သားပြီးတော့ ဘူးသီးလဲ ရှာဝယ်ရပါသေးတယ်။ ဒီမှာက မြန်မာပြည်မှာလို ဘူးသီးအကြီးကြီးတွေ မရှိဘူး။ အသေးလေးတွေပဲ ရှိတယ် နုတော့ ပိုနုတာပေါ့ သို့သော် ဘူးသီးကြီးတွေကိုမှ ဘူးသီးထင်တဲ့ တိုင်းပြည်ကလာ တာကိုးနော်။ သေးလို့ မကြိုက်တာဆိုလို့ဘူးသီး နဲ့ နောက်တခု ပီး………(ဆင်ဆာ) ပဲရှိတယ်။ ထား။

ကြက်သားကိုတော့ ဆိုင်က တခါတည်း တုံးခိုင်းလိုက်ပါတယ်။ ရောင်းတဲ့ မိန်းမ က အကုန်လုပ်ပေးလိုက်တာပါ။ အတုံးတုံးတာကော၊ အူ (ဒီမှာက အူကို မယူပါဘူး လွှတ်ပစ်ကြပါတယ် ကိုယ်က ယူမယ်ပြောတာ နောက်ကျသွား တယ် သူက လှီးရင်း ဖြတ်ရင်း ပစ်ပြီးနေပြီ) အခု ဒီစာကိုရေးနေရင်းနဲ့တောင် စဉ်းစားနေမိတယ်။ အခုတော့ ဒီမှာ ဝယ်တော့ ဒီက ဈေးအတွေ့အကြုံရေးတာပေါ့။ မကြာမီ တီချမ်းတယောက် မြန်မာပြည်ပြန်ရောက်ရင်တော့ တီချမ်း စာတွေထဲမှာ မြန်မာပြည်ကဈေးအတွေ့အကြုံ ဆိုရင် ဈေးသည်တွေ အပေါက်ဆိုးတာ အလေးခိုးတာ
တီချမ်း စွာလန်ကျဲပြန်ရန်ဖြစ်တာတွေ မိုးမွှန်နေတော့မှာပဲလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီက ဈေးတွေကတော့ ဝယ်ရတာ တကယ် စိတ်ချမ်းသာပါတယ်။ ကိုယ်ကေ-ာက်ဖက်လုပ်ပြီး ဒင်းတို့ ကို စကားမပြောချင်ရင် ထိုင်းလို မတတ်သလို ပြုံးပြီး ဟိုဟာ လက်ညှိုးထိုး ဒီဟာလက်ညှိုး ပြုံး (ချင်ယောင်ဆောင်)ပြီး အီးလိုပြောခိုင်း ရင် သဘောကောင်းစွာ လုပ်ပေးကြပါလိမ့်မယ်။ ထား။

အဲ့တာနဲ့ အိမ်ပြန်ရောက်တော့ ကြက်သား ကာလသား ကို ကာလသမီးက ကာလသားကို အပြောနဲ့ ခိုင်းပြီး ချက်ပါ
တော့တယ်။ ပထမဆုံး ဘူးသီးလေးတွေကို ကြိုက်တဲ့ အနေလေးတွေလှီးထားပါ။ (ပုံ-၁)။ ကြက်သားကို နနွင်း၊ ဆား အချို မှုန့် တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ (ပုံ-၂)။ ကြက်သွန် ဖြူ နီ ကို လိုသလောက် ကြိတ်စက်နဲ့ ကြိတ်ထားပါ။ (ပုံ-၃)။ ငရုတ်ဆုံနဲ့ ထောင်းလဲ ရတယ်။ ကိုယ်ကြိုက်သလိုပေါ့။ နိုင်ငံခြားမှာနေနေတာ ဆိုတော့ ငရုတ်ဆုံ တော့ မရှိ။ ရှိလဲ ထောင်းရင် ဘေးအိမ်တွေ နဲ့ သတ်ရဖို့ မြင်တယ်။ ထား။

ပြီးတော့ ချက်မယ်လုပ်တော့ ဆရာလုပ်မယ့် ကာလသမီးနဲ့ တကယ်ချက်ရမယ့် ကာလသားနဲ့ သတ်ကြရပါသေး တယ်။ မောင်က အလွယ် လုံးချက်မယ်တဲ့၊ တီက ကြက်သွန်ဖြူနီ နဲ့ ကြက်သား ကို အရင် ဆီသတ်တဲ့ နည်းနဲ့ချက် မယ်ပေါ့။ လုံးတော့ လုံးတာပဲလေ အစိမ်းစော် မနံအောင်ပေါ့နော်။ အဲ့တာကို ဒင်းက နားမထောင်ပါဘူး။ တခါတည်း အကုန်ထည့်ပြီး လုံးမယ့် နည်းနဲ့လုပ်ပါတယ်။ အဲ့တော့လဲ လုပ်ပေါ့နော်။ သူက တကယ်ချက်မှာကိုး။ အဲ့တာနဲ့ ခုနက နယ်ထားတဲ့ ကြက်သားထဲ ကို ကြက်သွန်ဖြူနီ ကြိတ်ထားတာ ထည့်ပါတယ်။ နောက် အရောင်တင်မှုန့် နည်းနည်းထည့် စပ်စပ်ကလေး စားချင်တဲ့ သူတွေအတွက်တော့ အရောင်တင်မှုန့် ကို ပိုထည့်ပေါ့ ငရုတ်ဆုံနဲ့ ထောင်းမယ့် သူတွေအတွက်တော့ ငရုတ်သီးခြောက်ရေစင်စင်ဆေးပြီး ထည့်ထောင်းလဲ ရပါတယ်။
ပြီးတော့ ဆီနည်းနည်းထည့် ဆားနဲ့ အချိုမှုန့်ကတော့ ခုနက ကြက်သား နှပ်တုံးက ထည့်ပြီးဖြစ်လို့ ထပ်မထည့်တော့ပါဘူးနော်။ ကဲ ပြင်ဆင်တာတွေပြီးပြီဆိုရင်တော့ စချက်ကြရအောင်……

ဒီမှာ တီချမ်း သတိတချက်လွတ်သွားပါသေးတယ်။ တီက ဖဘ ပြေးကြည့်နေတုံး ဒင်းက ခုနက နယ်ထားတဲ့ အိုး ထဲကို ရေလိုသလောက် တခါတည်းထည့်ပြီး တည်ချလိုက်တော့တာပဲ။ တခါ ထပ် သတ်ကြရပြန်ပါတယ်။ လင်နဲ့ မယား လျှာနဲ့ သွား မှလား။ သူက ကိုယ့်ကို လာလာပွတ်လို့ပဲ ရတာ။ ကိုယ်ကတော့ ကြုံတာနဲ့ကိုက်ပစ်တာပဲ။ သူက လျှာ ကိုယ်က သွားပြောပါတယ်။ ဒင်းက အလွယ် ချက်တာလေ သူကြက်မစားတိုင်း။ အဲ့တာနဲ့ တီလဲ တင်းတာပေါ့ အမြင်ကပ်တာနဲ့ ကက်ဆက်ဖွင့်ပြီး အေသင်ချိုဆွေ သီချင်း ဆိုနေလိုက်တယ် အေးရော။

အမှန်က တီက ခုနက လုံးထားတဲ့ ကြက်သားတွေကို ဆီလဲ သင့်ယုံထည့်ထားပြီး ဖြစ်တဲ့ အတွက် အရင် သူ့ချည်း လုံးချင်တာပါ။ ဦးပေါ်ဦးလိုတော့ ဆားမထည့်တော့ဘူးပေါ့။ သူ့ချည်းပါပဲဘုရားပေါ့နော်။(ပြောတာ နားမလည်က စာများများ ဘတ်ကြကုန် အသင် စာဘတ်သူအပေါင်းတို့)။ အဲ့လို ကြက်သားချည်းလုံးပြီးတော့ မွှေးတက်လာပြီ
ဆိုတော့မှ ရေထည့်မယ်ပေါ့။ အဲ့လို အဲ့လို။ အဲ့တာကို ဟင်းက သူ့ကွန်ပျူတာ အဆော့ မပျက် အောင် တခါတည်း
ရေထည့်ပလိုက်တယ်။ ဘာမှ တော့ မဖြစ်ပါဘူး။ သို့သော် ကိုယ်က ပါးစပ်နဲ့ ချက်မယ့် သူ၊ တခါ ဘလောခ်မှာလဲ တီချမ်းဟင်းချက်နေသည် ကဏ္ဍာလေနော်။ ဒင်း ဟင်းချက်နေသည် မှ မဟုတ်တာ။ လူတွေကလဲ တီချမ်း ချက်တာ ကောင်းလွန်းလှချည်ရဲ့ အရသာရှိလှချည်ရဲ့ လိုက်ချက်ဖို့ နည်းလေးတွေ လွယ်လှချည်ရဲ့ စာရေး ကောင်းလှချည်ရဲ့ ဆိုပြီး လာကြ ဘတ်ကြ နည်းနိသျယူကြတာမှလား။ ဘယ်သူကများ ဒင်းကြောင့်လာတာ မှတ်လို့။ အဲ့တော့ မကောင်းရင် တီက နာမည်ပျက်မှာလေနော်။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းပေး အစဉ်အလာ အရ မိန်းမသည် လင် ကို တဗျစ်တောက်တောက် တော့ အနည်းကလေး လုပ်ရပါတယ်။ ဘယ်တော့ မှ ဒင်းတို့ ကို လွယ်လွယ် အလျော့မပေးနဲ့။ မရရင် ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းတွေမှာ ပေးလေ့ရှိတဲ့ GPT နည်းကိုသာသုံး။ အော် ဘာလဲ မသိဘူးလား။ အလွယ်ပြောရင်တော့ ညှစ် ဆွဲ လိမ် ပေါ့ကွယ်။ Grip, Pull and Twist ပေါ့ ဘာကို ညှစ်မလဲ ဘာကို ဆွဲ မလဲ ဘာကို လိမ် မလဲ ဆိုတာတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပေါနော်။ တီကတော့ အဆင်ပြေရာ လက်လှမ်းမီရာပဲ ဟင်းဟင်းဟင်း…..ဆက်ချက်ကြမယ် ပြောပါ
တယ်။ ထား။ ဒါတောင်ဒင်းက အထွန့်တက်ချင်နေသေးတယ်။ သူတို့ တောမှာဆိုရင် ကာလသားကြက်ဆိုတာတဲ့ သူခိုးကြီးညမှာ အလစ်သုတ်တဲ့ ကြက်ကို ပိုင်ရှင် မသိအောင် အမြန်နည်းနဲ့ ချက်ပြီး ကာလသားတွေက ဆွဲပြစ်တာ ဆိုပဲ။ ရေတွေဘာတွေတောင် သေချာမဆေးဘူး ဒီလိုပဲ အကုန်ပစ်ထည့် အမြန်ချက် ကြတာတဲ့။ ပြောပလိုက် ခု နင်ရောင်နေတာ တော မဟုတ်ဘူး ဘန်ကောက်မြို့လို့……………. (မသေးမျှင် အသံတော့ ခဏ ငှားသုံးရတာပေါ့အေ)

ကြက်သားတွေကို ရေနဲ့ အရင်တည်လိုက်ပြီဖြစ်တဲ့ အတွက်….ကြက်သား နူး စပြုရင် ဘူးသီးထည့်ပါ။ ဘူးသီးကို အစကတည်းက တမင် ထည့် မနှပ်ထား မနယ်တာ မချက်တာက ကြက်သား မနုရင် ဘူးသီးပြဲမှာ စိုးလို့ပါနော်။ နောက်တော့မှ ရေလိုသလောက်ထည့်။ အရသာ ချိုပေါ့ငံမြည်း တီ့နည်း အတိုင်း လိုရင် ထည့် ပိုရင် ရေရော။ အိုကေပြီဆိုရင် ရပါပြီနော်။

ပုံကိုကြည့်ပါ ဘယ်လောက်တောင် စားလို့ ကောင်းလိုက်မလဲလို့နော်။ တီကတော့ အရည်သောက်လေး စားချင်တာကြောင့် ရေများများနဲ့ ချက်ခိုင်းလိုက်ပါတယ်။ ဟင်းရည်အဖြစ်လဲ သောက်လို့ ရ ထမင်းနဲ့လဲ ဆမ်းစား လို့ကောင်း။ အဆင်ပြေလိုက်တဲ့ ချက်ရတာလဲ လွယ် (အိုတီချမ်း ချက်ရင် မလွယ်တာ မကောင်းတာ ဘာမှ မရှိဘူး) ဟုတ်တယ်မှလား ပရိသတ်ကြီး။

ကဲ မိန်းဟင်း တခွက်ရပြီဆိုတော့ အရံဟင်း ချက်ရပါမယ်။ သာကီမျိုးတွေမှလား။ မင်းတုန်းမင်း လောက်တော့ အပွဲ ၃၀၀ မဟုတ်ပေမယ့် (အဲ့တာ အလကား ဇာချဲ့ ပြီး ဖြုန်းတီးတာ သက်သက် လို့ ကိုယ်ကတော့ ထင်ပါတယ်။ အင်းလေ… အဲ့တာ ရယ် နောက် တခု နှစ်ခု ရယ်ပဲ သူတို့မှာ လုပ်စရာရှိတာကိုးနော်) မိန်းဟင်းတခု အရံ တခုလောက်တော့ ရှိမှ ကောင်းတာပေါ့နော်။ မရှိတဲ့ အခါလဲမရှိတဲ့ အလျောက်စားဖြစ်ပါတယ်။

အရံအတွက်ကတော့ အဲ့နေ့ကပဲ တွေ့လို့ စားချင်သဟာနဲ့ ဝယ်လာတဲ့ မန်ကျည်းရွက်နုလေးတွေပါ။ ထမင်းမြိန်ဖို့ သုပ်စားကြပါတယ်။ မန်ကျည်းရွက်က တကယ်တန်းပြောရရင် ချက်နည်း ဘယ်နှနည်းမှ မရှိ။ သုပ်ရင် သုပ် မသုပ်ရင် အရည်သောက်။ မဟုတ်ရင် ကင်ပွန်းချဉ်လေးလို ကြော်ချက် ဒလောက်ပါပဲ။ ဆိုတော့ အလွယ်ဆုံးကတော့ သုပ်တာပေါ့။ ကြက်သွန်လေးလဲ ပါးပါးလှီးလိုက်ပါအုံးလေ။ နောက် မြေပဲမှုန့် ထောင်းထား
တာလေးပါရှိရင်တော့ ပို ကေတာပေါ့။ တီကတော့ ဒီမှာ မြေပဲမှုန့်က ထောင်းပီးသား အထုပ်လေးတွေ နဲ့ ရောင်း တာကို ဝယ်ထားပါတယ်။ အရင်တခါ မာလာဟင်းတုံးက ဟာတွေခုထိ မကုန်သေးဘူး။

ပြီးရင် ဘာမှ မလိုတော့ဘူး ဆား အချိုမှုန့် နည်းနည်းထည့် ဆီစိမ်းလေးနဲ့ ဆိုရင် မွှေးမွှေးလေး။ အမှန်က မြေပဲဆီ စစ်စစ် ရရင်တော့ ပိုကောင်းမှာပေါ့ သို့သော် ဒီမှာက ပဲပိစပ်ဆီကလဲ စစ်စစ်လေးပဲ ဆိုတော့ မြန်မာပြည်က စားအုန်းဆီ အရောတွေ ထက်တော့ ပိုစိတ်ချရတာ အမှန်ပဲ။ ရေရှည် ရောဂါဘယ ကင်းဝေးကြဖို့ စားသုံးကုန် တွေအန္တရာယ် ကင်းရှင်းအောင်လဲ လုပ်ဆောင်ပေးကြစေချင်ပါတယ် လွှတ်တော် အမတ်များနဲ့ သမ္မတကြီး ရှင့်။

ဒီနေ့တော့ စိတ်ပါလက်ပါနဲ့ ရုံးမှာ ရေးလိုက်တာ ပိုစ့်လေးက ရှည်ပြီး ဘတ်လို့ကောင်းမယ် ရယ်ရမယ် မျှော်လင့်ပါ တယ်နော်။

ယနေ့ ဘလောခ်ဂင်းကမ္ဘာရဲ့ တီချမ်း ချက်မယ် ပြုတ်မယ် ညှစ် ဆွဲ လိမ်မယ် အစီအစဉ် ဒီတင်ပြီးဆုံးပါပြီရှင်။
မိဘပြည်သူများ မီးမှန်မှန်လာ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပြီး ပိုက်ဆံ အပါအဝင် ၃ ဖြာ ချမ်းသာကြပါစေ။

A Chen
4:08PM
Thursday
3rd May 2012
Office
Bangkok

အာလူး အစပ်မွှေကြော်

တီချမ်းတယောက် ဟင်းမချက်တာတော်တော်ကြာနေပါပြီ။ ဟင်းတင်မချက်တာ မဟုတ်ပါဘူး။ ပိုစ့်လဲ မတင်ဖြစ်ပါဘူး။ ပြန်ခါနီးဆိုတော့ ပစ္စည်းတွေလဲသိမ်းရ၊ ဝယ်စရာ ခြမ်းစရာတွေလဲ လုပ်ရ၊ ကြားထဲမှာ ခဏ ပြန်ဖို့ လဲ လုပ်ရ၊ လက်မှတ်ဘွခ်ရ ခွင့်ယူဖို့လုပ်ရ၊ အို စုံတကာစိနေတာပဲ၊ သူငယ်ချင်းနဲ့ တောင် ပြောဖြစ်နေသေးတယ်
နောက်တခါ “အပြင်ထွက်” အလုပ်လုပ်ဖြစ်ရင် ဘာမှ (ဘာဆိုဘာမှ) မဝယ်တော့ဘူးလို့။ ထားတော့။

စာရေးဖို့ကလဲ စိတ်က မပါပါဘူးလေ။ ပြန်ရောက်ရင် ဘယ်လို ဆက်ရေးမလဲ မပြောနဲ့ ခု ဒီမှာ ရှိနေတာတောင် မရေးဖြစ်တာကြာပေါ့။ ခုနောက်ပိုင်း ဘလောခ်ဂါတွေစာမရးပဲ ရန်ဖြစ်တာ ခေတ်ပြန်စားနေလို့ ကိုယ်လဲ ရန်ပဲ လိုက်ဖြစ်ရမလားတောင် စဉ်းစားနေမိတယ်။

ကဲပါလေ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ ဟင်းလေးချက်ပြီး အေးအေးတင်တာပဲ ကောင်းပါတယ် ဆိုပြီး ……

ခုတလောတော့ အာလူး စားချင်စိတ်ကလေးဖြစ်နေတာပါ။ နောက် ကြက်ကြော်ကိုပဲ ထမင်းကြမ်းနဲ့ စားနေတာ ဒီ တပတ်ထဲ ၄ ခါ မကတော့ဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်ရောက်နေတော့ သူ့ကို ကြေးအိုးလုပ်ကျွေး
သေးတယ်။ အရင်တခေါက်လုပ်ပြီး ပုံတွေတင်တော့ သူက စားချင်တယ် ဘလောခ်မှာလာအော်တာနဲ့လေ။ ချက်နည်းကတော့ ဒီမှာပါ။ ထားတော့ ခုတလောတော့ ရိုးရိုးလေးပဲ စားချင်နေတယ်။ အဲ့တာနဲ့ပဲ…..

ပြီးတော့ ခုနောက်ပိုင်းက ချက်ပြီးသမျှဟင်းတွေကို ဖဘ မှာပဲ အလွယ်တကူတင်လိုက်တော့ တကူးတက ချက်နည်း ဘလောခ် မရေးဖြစ်နေတာတာလဲပါတယ်။ ဖဘ က ပုံတင်ရပိုလွယ်တာကိုး။ ဘလောခ်ဂါက ပုံတင်ရခက်တာရယ် ခုနောက်ပိုင်း ဖီချာ ပြောင်းတာကို မုန်းနေတာရယ်နဲ့ ဘလောခ်ဘက်မလှည့်ဖြစ်တာတောင် ကြာပေါ့။ အဲ့လိုပါ အကြောင်းတွေစုနေတာပါ။

တနေ့ကတော့ လွယ်ကူစားမြိန်ဆီက ပိုစ့်တွေ လိုက်ဘတ်ရင်း သူ အာလူး ချက်တာတွေ့တော့ စားချင်စိတ်ဖြစ်ပါတယ်။ သူ့တောင် ချက်ကျွေးဖို့ ပြောသေးတယ်။ ကိုယ်လဲအရင် ကိုယ် တရုတ် ကုမ္ဗဏီ တခု မှာ လုပ်တုံးက မိတ် (ကရင်မကြီး) က ချက်ကျွေးတဲ့ အာလူး ဟင်းကို သတိရသွားပါတယ်။ ချက်ရတာလဲ အရမ်းလွယ် မွှေးတေးတေးနဲ့ မို့ စားလို့လဲအရမ်းကောင်း။ အာလူး ကြိုက်ရင်တော့ ချက်စားကြည့်သင့်တဲ့ ဟင်းတမျိုးပါပဲ။ နည်းကတော့ တရုတ်နည်းထင်ပါတယ်။ တီချမ်း ချက်တော့ တီချမ်းနည်းပေါ့နော်။ ကဲ ကြည့်ရအောင်။

ပထမဆုံး အာလူးနှစ်လုံး (ကြိုက်သလောက်) ကိုပြုတ်ပါ။ အခွံသင်ပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ချေထားပါ။ အာလူး ပြုတ်တဲ့ အခါ ကျက်မကျက်သိရအောင် တူနဲ့ ထိုးထိုးကြည့်ပေးပါ။ ထိုးလို့ အောက်ထိပေါက်ရင် ရပါပြီ။ ဒီက အာလူး တွေက မြန်မာပြည်လို မဟုတ်ဘူး နိုင်ငံခြားကနေ လာသေးတာ ထင်တယ် ကြီးမှကြီးပဲ။ပြုတ်တာကျက်ရင် ရေအေးနဲ့ ဆေးချလိုက်ပါ သို့ ရေအေးစိမ်ထားလိုက်ပါ။ ပြီးတော့မှ ယောက်ဇွှန်း နဲ့ ချေပေးပါ။ အဲ့လို မလုပ်လို့ လက်ပူလောင်ရင် တီ့ကို လာမပြောပါနဲ့။

နံနံပင်တွေကို အပါးဆုံး တတ်နိုင်သလောက် လှီးထားပါ။ အမှန်က ကြက်သွန်မိတ် နဲ့ မှ ပိုမှန်မှာ ခုတော့ ကြက်သွန်မိတ်မရှိတော့ ရှိတဲ့ နံနံပင်နဲ့ အဆင်ပြေလိုက်ရပါတယ်။ သူလဲ တမျိုးတော့ မွှေးတာပါပဲ။ နောက် လိုတာက ကြက်သွန်ဖြူ ကြိတ်ထားတာရယ် ငရုတ်သီးစိမ်း ပါးပါးလှီးထားတာရယ်။ နောက် ဂျင်း ကိုလဲငရုတ်သီးစိမ်းလိုပဲ ပါးပါးလှီးထားပေးပါ။ ခုတော့ ဂျင်းလဲ မရှိတော့ ငရုတ်သီးပဲ နည်းနည်းပိုထည့်လိုက်တယ်။
အဲ့တာတွေအကုန် အသင့်ပြင်ထားပြီးရင် ကြော်တဲ့ စခန်းစပါမယ်။

မကပ်တဲ့ အိုးကိုသုံးပါ။ အဆင်ပိုပြေပါမယ်။ မရှိရင်တော့လဲ ရှိတာပဲသုံးပေါ့။ မကပ်တဲ့ အိုးရှိကိုရှိမှ မဟုတ်ပါဘူး။ ဆီထည့်ပါ။ နည်းနည်းလေး ပိုထည့်ပါ။ အာလူးက ဆီကို စုပ်မှာ မို့လို့ပါ။ ပြီးရင် ဆီကို ပူအောင်တည်ပါ။ ဆီနည်းနည်း စပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို အရင်ထည့်ပါ။ မွှေးလာအောင် ကြော်ပေးပါ။ မတူးပါစေနဲ့။ ကြက်သွန်လေးတွေ နည်းနည်းလေး အရောင်စပြောင်းစပြုပြီဆိုရင် ရပါပြီ။

ကြက်သွန်အရောင်းစပြောင်းရင် ခုနက ချေထားတဲ့ အာလူးတွေကို ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ နောက် ပဲငံပြာရည်အကြည်နည်းနည်းထည့်ပါ။ ပြီးရင် ခဏဆက်မွှေပေးပါ။ အာလူးက ကျက်ပြီးသားဖြစ်တဲ့ အတွက် အကြာကြီးမွှေစရာမလိုပါဘူး။ နှံအောင်မွှေပေးယုံပါပဲ။ ပြီးရင် နံနံပင် လေးတွေ ထည့် မျှအောင်မွှေ ပြီးတာနဲ့ အိုးချလို့ရပါပြီ။

ပုံကိုကြည့်ပါ။ သူ့ချည်းပဲ စားလို့ ကောင်းပြီး အရသာရှိသလို ထမင်းပူပူလေးနဲ့ တွဲစားရင်လဲသိပ်ကောင်းတဲ့ အိုအိရှိပါပဲ။ အမှန်က ဂျင်းပါရင် ပိုမွှေးမှာ ဖြစ်ပေမယ့် ခုတော့ သရုတ်သီး များများလေးကြောင့်လဲ အရမ်းမွှေပါတယ်။ ပေါင်မုန့်ကြိုက်တဲ့ သူဆို ပေါင်မုန့်ကြားမှာ ညှပ်စားလဲ ကောင်းတာပါပဲ။ ပိုပြီး ဘိုဆန်တာပေါ့ ပေါင်မုန့် နဲ့ အာလူးနဲ့ ဆိုတော့ ကာဘိုဟိုက်ဒရိုတ်တော့ ရီဒန်ဒန့် ဖြစ်နေမယ်။ သို့သော် ကိစ္စ မရှိဘူး -င်ကြီးရင် ၁) ပြလို့ရတယ်။ ၂) အကိုကာလသားတွေကြိုက်တယ် ၃) သင်္ကြန်မှာ ဖော်ချွတ်ပြီး ဝတ်လို့ရတယ်။ ဝင်း ဝင်း ဝင်း ပဲ။

ဒီလောက်ဆိုရင် ပရိတ်သတ်တွေ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ နောက်နေ့မှ ကြက်သား ဘူးသီး ပြွန်း (ကာလသားကြက်) ကိုတင်ပေးပါအုံးမယ်နော်။

A Chen
12:07AM
Wednesday
2nd May 2012
Home
Bangkok

တီချမ်း နဲ့ ဆေးရောင်စုံ ထမင်းပွဲ

တလောက ချက်ထားတာလေးပါ။ ဘလောခ်က ပုံစံ အသစ်ဖြစ်သွားပြန်ပြီ။ မုန်းတယ် ဂျီမေးကောပဲ မသုံးတော့ရင် ကောင်းမယ်။ သောက် ဂူဂဲ (stupid google) ခဏခဏ ပြောင်းပြောင်းနေတယ်။ အလကားရ လို့ သုံးနေတာ ခုတော့ သောက်မြင်ကပ်လာပြီ။ ထားတော့ ……

အရင်တလောက ချက်စားတာလေး ပုံတွေ တင်ထားတာ ခု ပြန်ကြည့်တော့ မှ draft ထဲရောက်နေတာ
တွေ့တယ် အဲ့တာနဲ့ ဖုံခါပြီး ပြန်တင်ပေးလိုက်တယ်နော်။

ပိုစ့်နာမည်ကတော့ ဆေးရောင်စုံ ထမင်းပွဲ လို့ပေးထားပါတယ်။ တခါကလဲ ရေးဖူးတယ် မှလား တရုတ်တွေ က ဟင်းချက်ရင် အရောင်စုံအောင် ချက်ကြတယ်တဲ့။ ထမင်းကြော်ဆို အနီရောင် အတွက် ဥနီ၊ အဝါအတွက် ဘေဘီကွန်း သို့ ကြက်ဥ အစိမ်းအတွက် အရွက် တမျိုးမျိုး ပဲသီး တသဖြင့် ပေါ့ အဲ့လို အရောင် လှအောင် ကြော်လေ့ရှိကြတယ် လို့ အမေပြောတာ မှတ်သားဖူးတယ်။

ခုလဲ တီချမ်းတယောက် ချက်မယ် စိတ်ကူတော့ ရှိတာ အကုန် ထုတ် ချက်ပြုတ် လုပ်ချလိုက်တယ်။

အရမ်းကိုဒေါသထွက်နေပြီ ရေးရင်းနဲ့ သောက် ဘလောခ်ဂါ နဲ့ သောက် ဂူဂဲ (stupid google and it’s new interface) ပုံတွေ တင်ပြီးသားကို အဆင်မပြေတော့ဘူး။

ထားတော့။

ပထမဆုံး ကြော်မယ့် ဟင်းပွဲက ကြက်ဥ နဲ့ ဝက်သားချဉ်ပါ။ ပုံမှ ပြထားတဲ့ အတိုင်း ကြက်ဥ လိုသလောက် ကို ဆား အချိုမှုန့် ငရုတ်ကောင်း မှုန့် တို့ နဲ့ ခေါက်၊ ထည့်မယ် ဝက်သားချဉ် ကို စိတ်ကြိုက် လှီးရင်လဲ လှီး မလှီးရင်လဲ ချေထားပေးပါမယ်။

ပြီးရင် ဝက်သားချဉ် ကို ကြက်ဥထဲရောပြီး မွှေပေးပါ။

ဆီပူလေးနဲ့ ပွပွလေးကြော်လိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားချဉ် ကြက်ဥ မွှေကြော်တခွက်ရတာပေါ့ အဝါရောင်နော်။

မုန်ညှင်းဖြူ ဟင်းရည် ချက်ပါမယ်။ မုန်ညှင်းဖြူ ထုပ်ကို ကြိုက်သလို လှီးထားပါ အကြီးအသေး အနေတော်ပေါ့လေ နောက် ဝက်တုံး ၃ တုံးလေက်ကို တည်မယ့် ဟင်းရည်အိုးထဲထည့်ပါ အရည်ဆူရင် မုန်ညှင်းရွက် ခတ်လိုက်ပါ။

လွယ်ကူ ပြီး ပေါ့ပေါ့ပါးပါး မုန်ညှင်းဖြူ တခွက်ရတာပေါ့နော်။ ဒါက အဖြူပေါ့နော်။

အစိမ်းရောင်အတွက်တော့ ဘိုစားပဲ သီးလေးလဲ ကြော်ပါမယ် ကြော်မယ့် ပဲသီးတွေကို တစောင်းလေးတွေလှီးထား ရေဆေး စစ်ထားပေးပါ။

မကပ်တဲ့ အိုးထဲ ကို ဆီ နည်းနည်းလေးအရင်ထည့်ပါ ငရုတ်သီးခြောက်ကို တခါတည်း ထည့်ပါ ဆီပူ မှ မထည့်ပါနဲ့ နော် မီးကျွမ်း တတ်လို့ပါ။ ပြီးလို့ ငရုတ်သီး မွှေးလာရင် ပဲသီးထည့် နောက် ခဏ မွှေပြီး ကြော်လိုက်ပါ။ ဆားအချိုမှုန့် ထည့် ခရုဆီ ကြိုက်တတ်ရင် နည်းနည်းထည့် ရင် ရပါပြီ။ အစိမ်းရောင်ဟင်းပေါ့နော်။

နောက်တခွက်ကတော့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ။ အရင်ကလဲဒီနေရာမှာ ကြော်နည်း ပေးပြီးသားပါ။

ဝက်သားနဲ့ ကြော်မယ့် မုန်ညှင်းချဉ် ကို တောက်တောက်စင်းထားပါ။

ကြက်သွန်နီ ဥ ကို ၈ စိတ် လှီးထားပါ။ ဝက်သားက ကြိတ်သားပဲ အလွယ် ဝယ်ပါတယ်။

ခုနက လိုပဲ ဆီမပူခင် ငရုတ်သီးခြောက်ကို ထည့်ပါ။ နောက် ကြက်သွန်နီထည့်၊

ပြီးတော့ ဝက်သားထည့်၊ ဝက်သားကို မထည့်ခင် အရင် ကော်မှုန့် ဆားအချိုမှုန့်ငရုတ်ကောင်းမှုန့် တို့ နဲ့ ပဲငံပြာရည် နည်းနည်းထည့်ပြီး အရင်ကြိုနှပ်ထားရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ဝက်သားကို ခုန က ကြော်လက်စ ကြက်သွန်နဲ့ ငရုတ်သီခြောက်ကြော်ထဲထည့် ခဏ ကြော်ပေး အသား ကျက်လာရင် မုန်ညှင်းတောက်တောက်စင်းထားတာတွေ ထည့်။

သကြားနည်းနည်းထည့် ရေနည်းနည်းထည့် ပြီးတော့ ခဏ ပေးဆူ ပြီး ရေခန်းကာနီးရင် ချလို့ ရပါပြီ။ ဒါလေးကတော့ အနီပေါ့လေ။

ကဲ အငွေ့တွေ တထောင်းထောင်းနဲ့ တရုတ်စာ အမြန်အဆန် ကြော်လှော်ချက်ပြုတ် ထားတဲ့ ရောင်စုံ ထမင်းပွဲပေါ့နော်။ အားပေးကြပါအုံး။

တောက် မုန်းတယ် စောက်သုံးမကျတဲ့ စောက် ဂူဂဲလ် stupdi google stupid blogger stupid stupid

A Chen
4:13 PM
Thursday
19th Apr 2012
Office
Bangkok

တီချမ်း ကမ်ဘတ် စားကောင်းလို့ အဝင်မသတ်နိုင်


ကဲဒီတခါတော့ တခါက ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ကမ်ဘတ်ကို လုပ်ကျွေးပါမယ်။ တောင်းတဲ့သူ
ကတော့ ဆူရှီတောင်းတာပါ။ သို့သော်လည်း ဆူရှီ လုပ်ဖို့ အစာပလာမရှိတာနဲ့ပိုလွယ်တဲ့ ကမ်ဘတ်ပဲလုပ်လိုက် ပါတယ်။ တီ ကမလုပ်တတ်ပါဘူး ပထမဆုံး အကြိမ်လုပ်ကြည့်တာပါ။ တီ့ ညီဝမ်းကွဲ က သင်ပေးတာပါ။ သူက ခဏခဏ လုပ်စားနေကြဆိုတော့ လုပ်တတ်ပါတယ်။ နောက်သူက ကိုရီးယားစာတွေ သိပ်ကြိုက်တော့ သူဆရာ လုပ်တာပေါ့။ နောက် ယူကျူ ကလဲ ကိုရီးယားမ လုပ်တာကို ကြည့်ပြီး နည်းယူလိုက်ပါသေးတယ်။ ကဲလုပ်နည်းကို
ကြည့်ကြရအောင်နော်။

ပထမဆုံး ကမ်ဘတ်လုပ်ဖို့ ထမင်းချက်ပါ။ ကမ်ဘတ်လုပ်တဲ့ ဆန်က သပ်သပ်ရှိပါတယ်။ ဆန်းလုံးလေးတွေက လုံးလုံးဝဝလေးတွေ ပြီးတော့ အကြည်လေးတွေ ဂျပန်ဆူရှီဆန်လို့ခေါ်တယ်။ အတိုလေးတွေ အရှည်မဟုတ်ဘူး။ တီတို့ကတော့ အဲ့တာမရှိတော့ ရှိတာပဲ။ အိမ်ကဆန်နဲ့ ချက်လိုက်ပါတယ်။ ထမင်းကျက်ရင် ပူပူလေးကို နယ်မယ့် ပန်းကန်လုံးထဲထည့်ပါ။ နောက် သကြားကို ရှာလကာရှည်နဲ့ ဖျော်ပါ။ ဆား အချိုမှုန့် နည်းနည်းလေးထည့်ပါ။ ပြီး
တော့ ပဲငံပြာရည်အကြည် နည်းနည်းလေးထည့်ပါ။ နောက် နှမ်းဆီလေး နည်းနည်းထည်ပါတယ်။ ပြီးရင်တော့ နှံ့အောင် နယ်ထားပေးပါ။ အော် မေ့လို့ လုပ်တုံးကလဲ ပထမ နှစ်လိပ်ကို တကယ်မေ့သွားတယ် နှမ်းစေ့လေးတွေ
လှော်ပြီးသားရှိရင် ထည့်ပါ။

ကြက်ဥ (အဲ့နေ့ ကကြက်ဥ မရှိလို့ ဘဲဥနဲ့ပဲ လုပ်လိုက်တယ် ပိုဝါတာပေါ့) ခေါက် ဆားအချိုမှုန့် ငရုတ်ကောင်း နည်း နည်းထည့်) ပြီးတော့ မကပ်တဲ့ အိုးမှာ အချပ်ကြီးကြီးရအောင်ကြော်။ ပြီးတော့ ဓါးလေးနဲ့ ပါးပါးလေးလှီးပါ။ သတိထားရမှာက လှီးရယ့် အရာတွေအကုန် ဆိုက်ညီဖို့လိုပါတယ်နော်။

ကြက်ဥ (ဘဲဥ) ပြီးတော့ သခွားသီး ကို ညီညီလေးရအောင် သေချာလှီးပါ။ ပုံကိုကြည့်နော်။ ပြီးရင် ဆားလေး နည်းနည်း ပက်ပြီးတော့ (ပုံ-၂) အတိုင်း လက်နဲ့ ဖွဖွ နယ်လိုက်ပါ။ ပြီးတော့ ၁၅ မိနစ် လောက်နှပ်ထားပါ။ ပြီးရင်
ရေစင်စင်ဆေးပြီးတော့ တစ်ရှုး နဲ့ ဖြစ်ဖြစ် အဝတ်သန့်သန့်နဲ့ဖြစ်ဖြစ် သုပ်ပြီးရေစုပ်ပေးပါ။

ခါကြက်ဥ မုန်လာဥနီကို ပုံအတိုင်း ပါးပါးလှီးပါ။ ပြီးတော့ မကပ်တဲ့ အိုးလေးထဲကို နှမ်းဆီလေးနည်းနည်းထည့်ပါ။ ဆား အချိုမှုန့် အနည်းငယ် နဲ့ မုန်လာဥနီ ကို လှိမ့်ပေးပါ။ ဆီမများပါစေနဲ့နော်။

ပြီးတော့ စူပါမားကက်တွေမှာ ရတတ်တဲ့ ဂဏန်းအတု အသားချောင်းကို တခြမ်းလှီးထားပါ။ ပုံအတိုင်းပေါ့နော်။ ကဲ အကုန်ပြင်စရာရှိတာပြင်ပြီးပြီဆိုရင် လိပ်တဲ့ ဇာတ်လမ်း စပါမယ်။

ပထမဆုံး အောက်ကနေ ဝါးပြားခင်းပါ။ အဲ့တာကလဲ ဂျပန်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပြီးတော့ ရေညှိ ကို အပြောင်ဘက်ကို အောက်ဘက်ကနေထားပြီးတော့ ခင်းပါ။ ပြီးရင် ခုနက နယ်ထားတဲ့ ထမင်းကိုဖြန့်ပါ။ ဇွှန်းနဲ့ ဖြစ်
ဖြစ် လက်နဲ့ဖြစ်ဖြစ် ညီအောင် ဖြန့်ပါနော်။ ပြီးရင် ထောင့်တဘက်ကနေစပြီးတော့ သခွားသီးလေး စတင်ပါ။

ပြီးရင် ကြက်ဥ၊ မုန်လာဥနီကြော်ကိုတော့ တူလေးနဲ့ ညှပ်ညှပ်ပြီးတော့ မျှအောင် သတိထားတင်ပါ။ ပြီးတော့
နောက်ဆုံးအနေနဲ့ အပေါ်ကနေ ဂဏန်းချောင်းကို တင်ပါ။

ပိုသိသာအောင် တဘက်ကနေ ပုံကြီးနဲ့ပြန်ရိုက်ပြထားတယ်နော်။ ပြီးရင် အစပလာတွေ တင်ထားတဲ့ဘက်ကနေ စပြီးတော့ စလိပ်ပါနော်။ ရေညှိဖတ်ကို အရင်စလိပ် အစာတွေပါတာကိုလဲ မထွက်အောင် သေချာလိပ်နော်။ လိပ်လို့ရေညှိ ဆုံးသွားရင် အဲ့တာကို အောက်က ဝါးပြားလေးနဲ့ တခါ ပြန်လိပ်။ ပုံမှာ ပြထားတဲ့ အတိုင်းနော် ဝါးပြား နဲ့ ရေညှိ ကိုလိပ်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဖြစ်သွားလိမ့်မယ်နော်။ အဲ့တာကိုမှ အပေါ်ကနေ ထပ်ပြီး လက်နဲ့ ညှစ်ပါ။ အားရပါးရကိုညှစ်ပါနော်။ အဲ့တာမှ ကျစ်ကျစ်လေး ဖြစ်မှာ။

ပြီးရင် ဝါးဖတ်ကိုခွာလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖြစ်သွားလိမ်မယ်လေနော်။ ပြီးရင် ဓါးထက်ထက်နဲ့ သေချာ လှီးပါ။ တီကတော့ ပုံလှအောင် သေချာရိုက်ထားတာပါနော်။

အကုန်လုံး လိပ်လိုက်တာ ရေညှိ ၅ ပြား အဲ့လောက်ထွက်တယ် (ပုံ ၃)။

ရေညှိ ထမင်းလိပ် ကမ်ဘတ်လေးတွေကို သေချာစီပြီးသကာလ မောင်ကြိုက်တတ်တဲ့ ကြက်သွန်မိတ်လေးတွေ ကို တဘက်ကတင် တဘက်က တွဲစားဖို့ ကမ်ချီလေးတင် လိုက်ရင် အရသာရှိ လုပ်ရတာလဲလွယ်တဲ့ ကမ်ဘတ်လေးတွေ ရတာပေါ့နော်။ ကမ်ချီလုပ်နည်းကိုတော့ ဒီမှာ ရေးထားတယ်နော်။ ကြည့်လိုက်။

ဗူးလေးထဲထည့်ထားတာက နောက်နေ့ ရုံးအသွားအတွက်ပါ။ ဘေးမှာက ရေညှိပြား ကုန်သွားလို့ ပိုတဲ့ ထမင်း နဲ့ ကျန်တဲ့ အစပလာတွေကို သေးသေးလေးတွေ လှီးပြီးတော့ နယ်လိုက်တာပါ။ ကမ်ချီလေးနဲ့ စာတာပေါ့။ အပိုမဖြစ်တော့ဘူး။

A Chen
2:05 AM
Friday
13th Apr 2012
Home
Bangkok

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။

ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။

ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု……

ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။

ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။

ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။

ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။

ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

TCKO (T Chen Kyae O)

သိတယ် စားချင်စရာလေး တီချမ်းချက်ထားတာ တော်လိုက်တာကွယ် လို့တွေးနေကြပြီမှလား ဒီလို စားချင်စရာ အရသာကောင်းကောင်းလေးရအောင် ဘယ်လိုများ တော်တီးတီးတော် လက်စွမ်းပြလိုက်လဲ သိရအောင် ဆက်ဘတ်ကြည့်ကြရအောင်နော်။

ခုတလောတော့ လုပ်စားတာတွေ များနေလို့ ဘယ်ကနေ စတင်ရမှန်းတောင် မသိဘူး။ တီချမ်းတယောက်လဲ
ရေးရင်းရေးရင်းနဲ့ ပရိတ်သတ်လက်ခံမှု အရ ဟင်းချက်ဘလောခ်ဖြစ်မှန်းမသိဖြစ်လာပြီ။ ခုတလော အိမ်မှာ
ချက်တာများလွန်းတော့ လူတွေလဲ မနာလိုဖြစ်နေကြပြီ။ ဒီအပတ် အိမ်မှာ လူတော်တော်စုံကြတယ်။ ညီဝမ်းကွဲတယောက်ရောက်နေသလို အော်ဇီက သူငယ်ချင်းတယောက်လဲ ရောက်နေ နောက်မွေးစားသားကလဲ
ဗီဇာ ကိစ္စ ပြည်တော်ခဏပြန်မယ်ဆိုတော့ ကဲ အဲ့တာဆို မာလာဟော့ပေါ့ လုပ်ကျွေးမယ်ဆိုပြီးတော့ ဘာရှိသလဲ ကြည့်တော့ ဘာမှ မရှိဘူး အဲ့တာနဲ့ လွယ်လွယ်ကူကူ ကြေးအိုးပဲ လုပ်ကျွေးမယ် ဆိုပြီးတော့ လွယ်ကူစားမြိန်ကို ဖုန်းဆက် သူရုံးက အပြန် မုန်ညှင်းရွက်ဘာညာဝယ်၊ အသားဝယ်လာ ဆိုပြီးတော့ ကြေးအိုးပဲ လုပ်ဖြစ်ကြတယ်။ လုပ်မယ်ဆိုတော့လဲ တခါမှ မလုပ်ဘူးဘူး အဲ့တော့ အေအေဘီ ကနေ မေးလိုက်တော့ တယောက်က လင့်ခ်ပေး တယ် မြူးရဲ့ဘလောခ်လင့်ပါ။ နောက် ကိုယ့်ဘာသာ ထပ်ရှာလိုက်တော့ စုဘူးအိမ် ကိုထပ်တွေ့တယ်။ ဒီလိုပဲ လိုက်ဘတ် လိုက်ကြည့်တော့လဲ ချက်တတ်သွားတာပါပဲ။ မွေးကတည်းက တော်တာဆိုတော့ ညှင်းညှင်းညှင်း….

ကဲ ပြင်ဆင်တာ အရင် စပါမယ်နော်။ ကြေးအိုးကလဲ ကယိကထတော့များတယ်။ မွစိလေးတွေ လုပ်ရတာများလို့
အသားကို အရင်ပြင်ပါမယ်။ ကြိတ်သားကို လိုသလောက် ဝယ်ပါ။ အဆီပါတာလေးရွေးဝယ်ပါနော်။ အဲ့တာမှ စား
ကောင်းတာ။ တီတို့ကတော့ ၂ ကီလိုထင်တယ် လွယ်ကူစားမြိန်ဝယ်လာတာ။ အသားတွေကို နယ်မယ့်ဇလုံထဲ
ထည့် ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နည်းနည်းထည့်ပြီးတော့ နှံ့အောင်နယ်ပေး ပါတယ်။ ပြီးရင်ပုံအတိုင်း နှပ်ထားလိုက်ပါနော်။

အသည်းလေးတွေကိုလဲ ပါးပါးလေးလှီးပြီးတော့ ကော်မှုန့်၊ ခရုဆီနည်းနည်း ဆား အချိုမှုန့် တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။

ဟင်းရည်တအိုးကို အရိုးတွေနဲ့ တည်ထားပါ။ ဆားအချိုမှုန့် တို့ ခနော် ဝက်ခဲ တို့နဲ့ ညနေကတည်းက ကြိုတည် ထားပါတယ်။ ဟင်းရည်ကို ဆူတာနဲ့ မီးအေးပြီး တီချမ်း မဟာဟင်းရည်ကြည်အောင်တည်နည်းအတိုင်း ဖြေးဖြေး ချင်းတည်ထားပါတယ်။ နောက် အူချိုတွေကိုတော့ သပ်သပ်မလုပ်ချင်တာနဲ့ ဟင်းရည်အိုးထဲ ပစ်ထည့်ထားလိုက် ပါတယ်။ သူက နည်းနည်းကြာကြာလေး ပြုတ်ရတော့ ပစ်သာထားလိုက် ဘာမှမဖြစ်ဘူး။

ပြီးတော့ မှ ကျက်ပြီဆိုတော့ ဆယ်ထားလိုက်မယ်။ အောက်က ဝက်သားလုံး 7-11 က အဆင်သင့်စားဝက်သားလုံး ပါပဲ။ သူ့ကိုတော့ ချက်တဲ့အခါမှာ ထည့်ပြုတ်ဖို့ ဒီအတိုင်းပဲထားထားပါမယ်။ ဟင်းရည်ထဲထည့်ပြုတ်ထားရင် ပွ သွားတတ်လို့ပါ။

ကြာဇံ ကိုရေစိမ်ပြီး စစ်ထားပေးပါ။ ဆန်ကြာဇံ ကိုရွေးဝယ်ပါနော်။ ငုံးဥ ကိုလဲ ပြုတ်ပြီး ခွာထားပါ။

ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို ဘလန်ဒါနဲ့ကြိတ်ပြီးတော့ ရှာလကာရည် နဲ့ သကြားပါလေရုံလေးထည့်ပြီး ဖျော် ထားပါတယ်။ နောက်တော့မှ ချီလီဆော့ထ် နဲ့ ရောလိုက်တော့ အလွယ် အချဉ်ရည်ရတာပေါ့။

ကြေးအိုးဆိုရင် မပါမဖြစ်က ကျူချိုင်ပါ။ ၃ စင်တီလောက်လေးတွေလှီးထားပါ။ မုန်ညှင်းကိုလဲ သင်ပြီး ရေဆေးစစ်ထားပါမယ်။

ပြုတ်ပါတော့မယ်။ အိုးအလွတ်ထဲကို ခုနက ဝက်ပြုတ်ရည် ကြိုက်သလောက်ထည့်ပါ။ နောက် ဝက်သားလုံးလေးတွေပစ်ထည့် ခဏ ဆူအောင်တည်ပေးပါမယ်။ ခုနက နယ်ပြီးနှပ်ထားတဲ့ အသားတွေကို ဇွှန်းနဲ့ ကော်ကော်ပြီး လုံးထည့်ပါ။

အရည်ဆူလာရင် အရွက်ထည့်၊ ငုံးဥ ထည့် နောက် ခဏထပ်ပေးဆူ ပြီးတော့ ကြာဇံထည့်ပါမယ်။ ကြာဇံက ပရီအကြို စိမ်ပြီး ဖြစ်တဲ့ အတွက် ကြာကြာပြုတ်စရာမလိုပါဘူး။ ကြာကြာပြုတ်ရင် ကြာကြာမစံရဘဲမြန်မြန် ပြဲပါမယ်။ ကြာဇံထည့်ပြီးတာနဲ့ အသည်းထည့်၊ ဆား အချိုမှုန့်ထည့်၊ တချက်နှစ်ချက်လောက်မွှေပေးလိုက်ရင် ရပါပြီ။ အသည်းကို နောက်ဆုံးမှ ထည့်တာ သူက မြန်မြန်ကျက်လွယ်လို့
ရယ် ကြာကြာပြုတ်ရင် မာပြီးစားမကောင်းလို့ရယ်ပါ။ အသည်း ကို အဲ့လိုလေး ထည့်မွှေလိုက်မှ အရည်လေးက နည်းနည်း နောက်တောက်တောက်ဖြစ်ပြီး ဆိုင်လို ထွက်လာပါတယ်။ ခုနကတည်းက အိုးထဲမှာ ကြိုပြုတ်ထားတဲ့ အူချိုကိုတော့ သေးသေးလေးတွေညှပ်ထည့်လိုက်ပါတယ်။

ဆီချက် အတွက်ဆိုရင်တော့ ခုနက ပြုတ်ထားတာတွေအကုန်ကို ဇကာနဲ့ ဆစ်ထုတ်လိုက်ပါ။ နောက် နယ်မယ့် ဇလုံထဲထည့် ပဲငံပြာရည်အကြည်ထည့်။ ဆား အချိုမှုန့် နည်းနည်းထပ်ထည့် နှမ်းဆီ နည်းနည်းလေးထည့် ပြီးရင် နယ်လိုက်လိုက်ရင် အရသာရှိတဲ့ ကြေးအိုးဆီချက်တပွဲရတာပေါ့နော်။ ခုနက ဆစ်ထုတ်လိုက်တဲ့ အရည်ကို ကျူချိုင်ထည့်လိုက်ရင် ဟင်းရည်ရပါပြီ။ ချိုပေါ့ မြည်းပြီး လိုတာထပ်ထည့်ပါ။ အချဉ်လေးနဲ့ တွဲဘက်စားလိုက်ရင် ရှယ် တီစီကေအို ပေါ့နော်။

အသားလုံးလေးတွေက နည်းနည်းကြီးသွားတယ် လွယ်ကူစားမြိန်လက်ချက်ပဲ။

ဒါလေးတွေကတော့ အရည်သောက်နဲ့ ဆီချက် ယှဉ်ပြထားတာပါ။ အရည်သောက်ဆိုလဲ နှမ်းဆီနည်းနည်းလေး ထည့်လိုက်ပါအုံးနော် အဲ့တာမှ ဆိုင်ကလို ကြေးအိုး အရသာကော အနံ့ကော ရပါမယ်။ လုပ်ရတာလဲ လွယ် စားလို့လဲကောင်း ဆိုင်က လို အချိုမှုန့်တွေများပြီး ချွဲပစ်မနေတဲ့ စားပြီးရင် ရေမငတ်တဲ့ TCKO လေးပါနော်။

ရေလည်ကောင်း အရမ်းကောင်း ဂွတ်ရှယ်ကောင်း ကောင်းလွန်းလို့ မွေးစားသားက တောင် နှစ်ပွဲတွယ်ပါတဲ့ တီချမ်းကြေးအိုးပါနော်။

ဘော်နပ်စ်

နောက်နေ့ကျ ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ဟာတခု တင်ပေးမယ်။ မှန်အောင်ဖြေ (၂) မှတ်။

A Chen
2:03 AM
Thursday
12th Apr 2012
Home
Bangkok

ကျန်းမာရေး နဲ့ မုန့်လက်ကောက် (ဘာမှမဆိုင်)

ပုံကိုကြည့်ပြီး ဘာလဲ တွေးနေတာလား မတွေးပါနဲ့လေ ဦးနှောက်တွေပူပါတယ် တီချမ်းတယောက် ရေသောက် တာပါ ငှဲငှဲ ခုတလော ညည အိပ်မရပါဘူး ဘာလို့လဲတော့ မသိပါဘူး ညဘက်မအိပ်ပဲနဲ့ နေ့ဘက်တွေချည်းပဲ အိပ်နေမိတယ် ဖြစ်ချင်တော့ သောကြာနေ့ကတည်းက ခု တနင်္လာနေ့အထိ ရုံးတွေပိတ်ပါတယ် သောကြာနေ့က Chakri နေ့ မို့လို့ပိတ်တာပြောပါတယ် တနင်္လာနေ့ကတော့ မင်းသမီးသေတဲ့အထိန်းအမှတ်နေ့ပါ။ ကိုယ့်အတွက်
ကတော့ ဘာ့ကြောင့်ပိတ်ပိတ် ပိတ်ဖို့ပဲအရေးကြီးပါတယ်။ ထားတော့ အဓိက ပြောချင်တာကပိတ်ရက်တွေကများ
တော့ နေ့ညပြောင်းပြန်ဖြစ်နေတာပါ။ အလကားပြောတာ ပိတ်ရက်များများ မများများ တီချမ်းက နေ့ညပြောင်းပြန်
ဖြစ်နေတာ ကလေးဘဝကတည်းကပါ။ ရေသောက်တာကလဲ ဗျူတီအတွက်ဘာဘာညာညာ မဟုတ်ပါဘူး ကိုယ့် ဘာသာသောက်ချင်လို့ပါ ရေတော့ကြိုက်တယ် တခြားဟာတွေထက်စာရင် နောက် နို့လဲ ကြိုက်တယ် အဲ့တာ
ကြောင့် များများသောက်ဖြစ်တယ် ကော်ဖီအသောက်များတာကိုလဲ ပြန်ဖြေချင်တာပါပါတယ်။ ခွက်ကိုကြည့်လိုက် မီလီ ၅၀၀ ပါ တနေ့ကို ဒီခွက်နဲ့ရေ ၆ ခွက်လောက်သောက်နိုင်ဖို့ကြိုးစားပါတယ်။ ပုံမှန်ကတော့ ၂ လီတာပေါ့ တီကတော့ ဆေးတွေသောက်ရတာများလို့အသည်းကို ကူညီဖို့ ရေပိုသောက်ရပါတယ်။ အဲ့တာကြောင့် ခေါင်းစဉ် ကိုဒီလိုတပ်ထားတာပါ။ ကျန်းမာရေး အကြောင်း ကြီးကြီးကျယ်ကျယ်ရေးမလို့မဟုတ်ပါဘူး။ လူတွေက မေးကြ တယ် တီချမ်း ဘာ့ကြောင့်ဒီလောက်စားပြီးတော့ မဝတာလဲတဲ့ တီထင်တယ် တချို့လူတွေက ဘယ်လောက်စား စားမဝသလို တချို့လူတွေကျတော့လဲ ဘယ်လောက် အစားရှောင်ရှောင် ဝကြတာပါပဲ။ တီ့ ညီမဝမ်းကွဲတယောက်
ရှိတယ် ရေသောက်ရင်တောင် သူ့ခမျာ ဝရှာတယ် အဲ့တော့ တီချမ်းလဲ ဘာမှ မတတ်နိုင်ပါပဲ။ တခုတော့ ဘတ်ဘူးတယ် ငှက်ပျောသီးစားပါ။ ဖီးကြမ်းပေါ့ ရနိုင်ရင်။ သူက ဝတဲ့သူကို ပိန်စေပြီးတော့ ပိန်တဲ့သူကို ပြည့်စေပါ တယ်တဲ့ အမျှင်ဓါတ်ဘာညာကြောင့်ဖြစ်မှာပါ။ တီချမ်းကတော့ချွေးထွက်မယ့် ကိစ္စ ဆို တခုပဲလုပ်တယ်။ အားရင် ကစားတာကလဲ ဖဲ ပဲဆော့တယ်။ စားချင်တာစားတယ် ပျော်အောင်ပဲနေတယ်။ အိပ်ချင်တဲ့ အချိန်အိပ်တယ် စားချင် တာကို စားတယ် စားချင်တဲ့ အချိန်မှာ စားတယ် အဲ့တာတွေကြောင့်ပဲ စိတ်ချမ်းသာပြီး မဝတာလား မသိ။
ထားတော့…….နောက်ကပုံကိုကြည့်ပါ ဘယ်ရုပ်ရှင်ကားထဲကလဲ ဖြေပါ။ (၂ မှတ်)


ညီဝမ်းကွဲတယောက်ရောက်နေပါတယ်။ ဝဝလေးပါပဲ။ သူနဲ့ တီက ငယ်ငယ်ကလေးတည်းက တတွဲတွဲပါ ဘာလို့ လဲဆိုတော့ အစားအသောက်သောင်းကျန်းကြတာတူလို့ တနေ့တနေ့ ဘာလုပ်စားရမလဲ ဘယ်သွားပြီး ဘာစားရ မလဲပဲစဉ်းစားနေကြတာ။ နှစ်ယောက်ရှိပါတယ်။ ခု သူဘန်ကောက်ကို သင်္ကြန်ရှောင်ရောက်နေတော့ တခုပြီး တခု လုပ်စားကြ ချက်စားကြ လုပ်နေကြပါတယ်။

ညီဝမ်းကွဲရောက်တဲ့နေ့မှာပဲ မာလာဟင်း ထပ်လုပ်စားကြပါသေးတယ်။ လုပ်နည်းကိုတော့ ဒီမှာကြည့်လိုက်ကြပါ။
ငရုတ်သီးဆီချက် ကုန်နေလို့တောင် ထပ်ချက်ရသေးတယ်။ ငရုတ်သီး မစပ်ရင် စားမကောင်းပါဘူး။ မာလာ လေ နော် မစပ်ရင် မ“လာ”ပဲ “မာ”ရုံမာနေမှာပေါ့နော်။

ဆီကို အိုးထဲထည့်ပါ နောက်ပြီးတာနဲ့ ချက်ချင်းလိုလို ငရုတ်သီး အစိမ်းမှုန့် အကြမ်းမှုန့် ကိုထည့်ပါ။ နောက် ဝှားကြောဝ်းလို့ ခေါ်တဲ့ ငရုတ်ကောင်းမှုန့် နဲ့ ဆင်ဆင်တူတဲ့ အပွင့်သေးသေးလေးတွေ (တရုတ်မဆလာ တမျိုး) ကို အမှုန့် ကြိတ်ပြီး လှော်ထားတာ ထည့်ပါတယ်။ တချို့လဲ ဆားလေး နည်းနည်းထည့်ပါသေးတယ်။ ပြီးတော့ ဆီပူလို့
မွှေးလာပြီဆိုရင် ရပါပြီ ငရုတ်သီးကြော်ရင် အရမ်းသတိထားရပါတယ်။ မဟုတ်ရင် တူးတတ်လို့ပါ။

နောက်နေ့ကျတော့ မာလာဟင်းကနေ ပိုနေတဲ့ မှို (ပင်အပ်မှို နဲ့ ရှိတာကိ အစို) ကို မုန်ညှင်းဖြူထုပ်နဲ့ ရောကြော်ပါတယ်။ မုန်ညှင်းဖြူက မာတဲ့အတွက် မှို အရင်ကြော်ပါတယ် နောက် မုန်ညှင်း ထည့် ရေလေး စပ်စပ်ထည့် ပါတယ် နောက် အဖုံးတခုခုနဲ့ ခဏအုပ်ပေးပါ။ ပြီးရင် ဆားအချိုမှုန့် ထည့် မြည်းကြည့် အိုကေပြီဆိုရင် ခရုဆီ နည်းနည်း ထည့် ပြီးရင် ချလို့ ရပါပြီ။

ညဘက်ကျတော့ မုန့်လက်ကောက် လုပ်စားကြပါတယ်။ လွမ်းလို့ပါ။ တီက မြန်မာမုန့်တွေလဲ အကုန်ကြိုက်ပါ တယ်။ မုန့်လက်ကောက်၊ ဘိန်းမုန့် မုန်းစိမ်းပေါင်း မုန့်ဘိုင်းတောင့် မုန့်လိပ်ပြာ မုန့်လုံးကြီး ထန်းသီးမုန့် မုန့်လုံးရေပေါ် မုန့်ကြာစိ မုန့်ဖက်ထုပ် အို မုန့် ဆိုပြီးရော အကုန်ကြိုက်တယ် ရေမုန့် ခေါက်မုန့် မုန့်လင်မယား မကျန်စေရပါဘူး။ ငယ်ငယ်က အမ နဲ့ တီ၊ အမတို့ အိမ်ရှိတဲ့ လမ်းထဲမှာ မုန့်လင်မယား ရောင်းကြပါသေးတယ်။ လမ်းသွား လမ်းလာတွေကို ရောင်းတာပါ မနက်မနက်ဆို အဒေါ် (အမ အမေဆီက) ပိုက်ဆံ ၁၅၀ ထင်တယ် ချေးကြတယ်။ အဲ့တာနဲ့ ဆန် နို့ဆီဘူး တလုံး နောက် ရွှေကြည်မှုန့်စတာတွေ ဝယ်ပြီးတော့ အိမ်နားက ကြိတ်စက်မှာ သွားကြိတ် ပြီးတော့ ပိုတဲ့ ပိုက်ဆံနဲ့ကြက်သွန်မြိတ် နဲ့ ပဲပြုတ် ဝယ် ပြီးတာနဲ့ မီးသွေးမီးဖိုလေး ဖိုပြီးတော့ အိမ်ရှေ့မှာ ထိုင်ရောင်းတော့တာပါပဲ။ အဲ့ဒီ အချိန်က အမ တို့ အိမ်က သကြားလုံး စက်ရုံ ထောင်ထားတာ အဲ့တော့ အဲ့မှာ သကြားလုံး နေ့စားနဲ့ လုံးတဲ့ အလုပ်သမတွေ ရှိပါတယ်။ တနေ့လုံးရောင်းလို့ မကုန်ရင် ညနေကျတော့ အဲ့အလုပ်သမတွေကို အကြွေးနဲ့ ရောင်းပေးပါတယ်။ နောက်နေ့
ကျမှ အဒေါ်ဆီက သူတို့ လုပ်ခ ထုတ်တော့ ပြန် ဖြတ်ယူပါတယ်။ နောက် အိမ်နားမှာရှိတဲ့ အချဉ်ထုပ် စက်ရုံကနေလဲ အချဉ်ထုပ်တွေယူယူပြီးတော့ ကျောင်းမှာ ပြန်ရောင်းပါတယ်။ တထုပ်ကို ဆယ်ပြားလား မသိဘူး မြတ်တယ်။ ဆကယ်ထုပ်ရောင်းရင် တကျပ်မြတ်တယ်။ ဒီလိုပါ တီချမ်းတို့က ငယ်ငယ်ကတည်းက ဒီလို ကိုယ့်မုန့်ဖိုး ကိုယ်ရှာပြီး ကျောင်းတက်လာတာပါ။ ထားတော့ စကားတွေ ထုံးစံအတိုင်း လေးရောက်နေပြန်ပါပြီ။ ခုတော့ လောလောဆယ် ရှိတာနဲ့အလွယ် ပဲ လုပ်ဖြစ်တာကတော့ မုန့်လက်ကောက်ပါ။

ပထမဆုံး ကောက်ညှင်းမှုန့် ကို လိုသလောက် နယ်မယ့်ဇလုံထဲ ထည့်ပါ။ အထုပ် ကို မသိမှာ စိုးလို့ ပုံပြထားပါတယ်။ ဒီမှာ ဝယ်တာဆိုတော့ ယပလက်လိုပဲ ရေးထားတယ် နောက် တရုတ်လိုပါတယ်။ အီးလိုမပါပါဘူး တကယ်ပါပဲ ယပလက်တွေ တုံးချက်နော်။ ထားတော့ အဲ့ဒီ ကောက်ညှင်းမှုန့် ကို ကော်မှုန့် နည်းနည်းထည့် ဆားနည်းနည်းထည့် (နောက်ကြော်တဲ့ အကြော်ကို မြန်မာပြည်မှာ အရပ်ထဲမှာ လည်ရောင်းတဲ့ အကြော်သည်တွေလို ကြွပ်ကြွပ်ကလေးနဲ့ မာစေချင်ရင် ကြော်တဲ့အခါ ဆီထဲမှာ ရေသန့်ဘူးထည့်ကြော် (စတာနော် စတာ တကယ်ကြော်ရင် တီချမ်းနဲ့ မဆိုင်))ဆန်မှုန့် နည်းနည်းကို နယ်တဲ့ အခါထည့်နယ်ပါ။ တီကတော့ ဆန်မှုန့်လဲ အလွယ်မရှိတာကြောင့်မထည့်ဖြစ်ပါဘူး။ ပြီးရင် ရေလေး နည်းနည်းစီ ထည့်ပြီး နှံ့အောင်
နယ်ပေးပါ။ ပြီးရင် ပုံ ၃ မှာ ပြထားသလို အလုံးလိုက်ဖြစ်သွားပါမယ်

ကဲ ကောက်ညှင်းမှုန့်ကို နယ်ပြီးရင် ကြော်ဖို့ အဆင်သင့်ဖြစ်ပါပြီနော်။ မုန့်လက်ကောက် လို့ ပြောတဲ့ အတွက် လက်ကောက်ပုံစံလေးတွေဖြစ်အောင် အလုံးလေးတွေလုံးပြီးတော့ ရှည်ထွက်လာအောင် လက်နှစ်ဘက်နဲ့ လိပ် ပြီးရင် ထိပ်နှစ်ဘက်ကို ဆက်ပေးလိုက်ရင် ပုံမှာ ပြထားသလို မုန့်လက်ကောက် ကွင်းလေးရလာတာပေါ့နော်
ပြီးရင်တော့ ဆီပူအိုးထဲကို ထည့်လိုက်ပါ။

ဟိုဘက်ဒီဘက် အကျက်ညီအောင် တူလေးနဲ့ လှန်ပေးပါ။ ကောက်ညှင်းက ပွတက်လာတတ်ပါတယ်။ နောက်ပြီး
ပေါက်လဲပေါက်တတ်ပါတယ် ကြော်ရင် သတိထားပါနော်။ ကြော်လို့ ကျက်သွားတဲ့ မုန့်လက်ကောက်တွေကိုတော့ ပန်းကန်ထဲမှာ တစ်ရှုးဖြန့်ပြီးတော့ တင်ထားပါနော်။

ထညက်လေး ၁၀ လုံးလောက် အလုံးအနေကိုလိုက်ပြီးတော့ ကိုယ်လိုချင်သလောက် ကို ရေသန့်သန့်နဲ့ ကြိုပါ။ ထညက်လုံးတွေအကုန်ပျော်ကုန်ပြီဆိုရင် မီးလျော့လိုက်ပြီးတော့ မီးအေးနဲ့ထညက်ရည် ညောင်စေးကျတဲ့ အထိ ကြိုပါနော်။ ထညက်မစေးရင် စားမကောင်းပါဘူး။

ပြီးရင်တော့ ခုနက ပန်းကန်ထဲမှာ ဖြန့်ထားတဲ့ မုန့်လက်ကောက်ကို ထညက်ရည် စေးစေးလေးနဲ့ တို့တို့ပြီး စားလို့ ရပါပြီ။ လုပ်ရတာလဲလွယ် စားလို့လဲကောင်းတဲ့ အိုအိရှိပါပဲ။

A Chen
12:41 AM
Tuesday
10th Apr 2012
Home
Bangkok

ဝက်သားလုံးကြော်

တလောက ကြည်လဲ့လဲ့ဦးလာတုံးက လုပ်ကျွေးသွားတဲ့ ဝက်သားလုံးကြော်နည်းလေးနဲ့ ထပ်ကြော်ထားတာပါ။ ဘယ်သူလဲ မသိဘူး တလောက ဘယ်ပိုစ့်မှာလဲ မသိဘူး ဝက်သားလုံးကြော်လုပ်နည်း တင်ပါအုံးတီချမ်းလို့
တောင်းဆိုထားတာနဲ့ ခုတော့ ကြုံလို့ ပုံတွေပါ သေသေချာချာရိုက်ပြီး တင်ပေးလိုက်ပါတယ်နော် …….

နည်းကတော့ ကြည်လဲ့ပေးသွားတဲ့နည်းလေးပါပဲ။ သူ့နည်းက လွယ်လဲလွယ်တယ် နောက် များများလဲ စားရတယ် လူများများနဲ့ စုစားကြရင် လုပ်စားကြည့်ဖို့ ရှယ်ပေးလိုက်တယ်။ သူကတော့ ရောင်းတန်း နယ်နည်းပေါ့။ အသားနည်းနည်း အစာများများ ဆိုလိုတာပါ။ ကိုယ့်ဘာသာစားတော့လဲစိတ်ကြိုက် အသားများများ အစာ နည်းနည်း နဲ့ နယ်ပေါ့နော်။ ဟုတ်ပါတယ် ဝက်သားလုံးကြော်မှာ အဓိကက အသားကိုနယ်တာပါပဲ။ ကဲ ကြည့်ရအောင်နော်။

ကြည်လဲ့ပေးသွားတဲ့နည်းက အသား ၁၀ သားအတွက်ပါ။ အသား ၁၀ သားကို နယ်နည်းပါတဲ့နော်။

အသား ၁၀ သား (ဝက် ကြိတ်သား)
ဟင်းချက် ကော်မှုန့် TBS ၃ ဇွှန်း
ပဲမှုန့်စိမ်း TBS ၃ ဇွှန်း
ကြက်သွန်နီ တောက်တောက်စင်း ၂ ဥ
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲငံပြာရည်အနောက် အနည်းငယ်
သကြား အနည်းငယ်
တရုတ်မဆလာ အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ် စတာတွေနဲ့ အသားကိုနယ်ပြီး နှပ်ရပါမယ်တဲ့

တီကတော့ အသားဝယ်လာတာ ၄၀၀ ဂရမ်လောက်ဖြစ်သွားတော့ ကြည့်ကျက်ပြီးတော့ပဲ ထည့်လိုက်တယ် တီချမ်းထုံးစံအတိုင်း လက်မှန်းနဲ့ လက်သရမ်းရတော့တာပေါ့နော် သို့သော်လဲ မွေးကတည်းက တော်တီးတီးတော် တဲ့ သူများထုံးစံ အတိုင်း အိုကေမှာ စိုပြေပါပဲ။ ကြည့်ပါ ပထမ က ကြိတ်သား ၄၀၀ ဂရမ်ပေါ့။ နောက် ကော်မှုန့် ထည့် ပဲမှုန့်စိမ်းထည့်၊ ပုံ ၂ နှင့် ၃ ကိုကြည့်နော်။

ကြက်သွန်နီ တောက်တောက်စင်းတာထည့်။ ငရုတ်ကောင်းမှုန့်ထည့် သကြားထည့် တရုတ်မဆလာထည့်……ပုံ ၂ ကိုသေချာကြည့်ပါ ပဲငံပြာရည်အနောက်လေး နည်းနည်းထည့်ပါသေးတယ်။ အော်နောက်လျှို့ဝှက်ချက်တခု ပြော
ပြရအုံးမယ် နယ်ရတာ ကောင်းအောင် တီက နှမ်းဆီနည်းနည်း ထည့်လိုက်ပါသေးတယ်။ ရေလေးနည်းနည်း
ထည့်လဲ ရပါတယ်။ တီကတော့ အချေဆိုတော့ နှမ်းဆီပဲ။ ခုတလော သင့်ရင့်ပြွန်ကနေ ကိုရီးယားဟင်းချက်နည်း
တွေကြည့်တာများပြီး ဆက်စမီအွိုင်း ကိုဓါတ်ကျနေပါတယ်။ နီနီခင်ဇော် လိုပေါ့ ပဲဆီ နှမ်းဆီ စက်ဆီပဲလေနော်။။။

ပြီးရင်တော့ သေသေချာချာ နံ့နေအောင်နယ်ပါ။ နှံ့ပြီဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း အလုံးလေးတွေလုံးပါ။ အလုံး လုံးတဲ့အခါမှာ အနေတော်ဖြစ်ဖို့သိပ်အရေးကြီးတာ သတိပြုပါ။ မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ပြောပြမယ်။ အလုံးကြီးလွန်းရင် အထဲက မကျက်ပဲနေပါမယ်။ အလုံးသေလွန်းရင် မြန်မြန်တူးလွယ်ပါမယ်။ အပြားလေးတွေ လုပ်မလားလို့တွေးမိသေးတယ် အပြားလေးတွေလုပ်ရင် ဝက်သားလုံးကြော်ဘယ်ဖြစ်တော့မလဲနော် ဝက်သား
ပြားကြော်ဖြစ်သွားမှာပေါ့နော်….. အဲ့တော့ နာမည်အပျက်မခံနိုင်ပါဘူး ဝက်သားလုံးကြော်ဖြစ်အောင် ကြိုးစားလုံး ပါ။ မရရအောင်လုံးပါ တီချမ်း ကိုနာမည်မဖျက်ပါနဲ့။

ပြီးရင် ဆီပူအောင်အရင်တည်ပါ။ ဆီပူပြီဆိုရင်တော့ မီးအလည်အလတ်လောက်နဲ့ ဝက်သားလုံးလေးတွေ ထည့်ကြော်ပါ။ အလုံးတွေကို အကျက်ညီအောင် တူလေးနဲ့အထက်အောက်လှန်ပေးဖို့ မမေ့ပါနဲ့နော်။

ပြီးရင်တော့ ဆီစစ် ဇကာ နဲ့ ကြော်ပြီးသားလေးတွေကို စစ်ထားပါ။ နောက်တော့မှ စားမယ့် ပန်းကန်ထဲ တစ်ရှုး တထပ်ခံပြီးတော့ ဝက်သားလုံးလေးတွေ ထည့်ပြီးရင် တည်ခင်းလို့ရပါပြီ။ ပုံကိုကြည့် လှတယ် မှလား ပုလဲလုံးညီ ကြိုးနဲ့သီ ဆိုတာ ကဗျာထဲမှာတင်ရှိတာ မဟုတ်ဘူး တီချမ်း ဝက်သားလုံးမှာလဲ ရှိတယ်ကွ။ (ဒီတခါ နယ်တာ ဆရာမ မပါတော့ ပဲမှုန့် နည်းနည်းများသွားတယ် အခွံတွေ နည်းနည်းမာ ကုန်တယ်။ ပြီးတော့ လျှာရှည်ပြီး ရေမထည့်ပဲ ချေပြီး နှမ်းဆီထည့်လိုက်တာလဲပါမယ်။ အိုကိစ္စ မရှိပါဘူး အရသာရှိဖို့က အဓိက သူများ တွေတောင် မမာမာအောင် ရေသန့်ဗူးထည့်ကြော်နေကြတာပဲနော် ကိုယ်က ပဲမှုန့် နဲ့မာ တာ မာပစေ မာမာက တော့ မာမာပဲ လို့ မာရေကြောရေ ပြောပလိုက်မယ် ဟွင်းဟွင်း)

နောက် အချဉ်စပ်စရာ ချီးပမ်းချဉ် မရှိတာကော ပျင်းတာကော နဲ့ ပေါင်းစပ် အကြောင်းပြပြီး သကာလ အလွယ် ရှိတဲ့ ဆူကီ့ အချဉ်နဲ့ပဲ တို့စားပလိုက်တာပါပဲ။ ကဲ လွယ်လဲလွယ် ကောင်းလဲကောင်းတဲ့ ဝက်သားလုံးကြော်……. တီချမ်း ကိုယ်တိုင်ဖော်စပ်၍ ယိုးဒယားပြည်တွင် ခေတ္တ ထုတ်လုပ်သည်။ လူမျိုးဘာသာမရွေ မသုံးဆောင်နိုင်ပါ။

A Chen
9:09 Am
Monday
9th Apr 2012
Home
Bangkok

တောင်းဆိုထားတဲ့ လျှို့ဝှက်ချက်များနဲ့ တီချမ်းရဲ့ တိုဟူးနွေး

ဟင်းချက်တာ မတင်တာကြာပါပြီ။ လူတွေကလဲ လာလာမေးကြတယ်။ ခုတီချမ်းတယောက် အပြီးပြန်ဖို့လဲ လုပ် နေတော့ ဘလောခ်ဘက်လဲ သိပ်မလှည့်အားတာပါတယ်။ နောက် အိမ်က အင်တာနက်ကလဲ သိပ်မကောင်း တာနဲ့ ဘလောခ် မရေးဖြစ်တာကြာပေါ့။ တင်ရင်လဲ စာများများ ပုံနည်းနည်း နဲ့ဟာပဲ တင်ရင်တင်ဖြစ်တယ်။ ဟင်း ချက်တာတွေက ပုံအများကြီးတင်ရတာကိုးနော် အပ်လုတ်လုပ်ရတာ အင်တာနက် နှေးရင် သိပ်စိတ်တိုဖို့ကောင်း တယ်။ နောက် မြန်မာပြည်ပြန်ရင် ဘလောခ်ကို ဆက်ရေးလို့ရအောင်လဲ ဒေါ့ကွန်း ပြောင်းဖို့ စဉ်းစားနေပါတယ်။ ဘယ်လိုပြောင်းရမလဲ ထရန်စစ်ရှင်းပီးရိရက်ကို အဆင်ပြေအောင် လာဘတ်သူတွေ ဆက်ချိတ်ထားနိုင်အောင် စတာတွေအတွက်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်နေပါတယ်။

အလုပ်က ထွက်ဖြစ်ပါတယ်။ မေလကုန်ဆိုရင် အကုန်ပြီးပြီ။ ပြန်ပါမယ်။ ခု စဉ်းစားနေတာက နောက် အလုပ်တခု မလုပ်ပဲ ကိုယ့်ဘာသာ တပိုင်တနိုင်လေးနဲ့ မသေရုံလောက်လေး လုပ်မယ် လို့ တွေးနေပါတယ်။ လခစား ဘဝ ကို တော်ပါပြီ။ မောလွန်းလို့ တခါတလေ ကိုယ်မလုပ်ချင်တာကို ပိုက်ဆံယူထားလို့ လုပ်နေရတဲ့ ဘဝကိုမပျော်တော့ ဘူး။ ကိုယ့်ဘာသာ ကိုယ့်ကိုယ်ပိုင်အလုပ်ကို လုပ်ချင်လုပ် မလုပ်လဲ ရတယ်ဆိုတာမျိုးပဲ လိုချင်တယ်။ အရမ်းလဲ မချမ်းသာချင်ဘူးလေ။ ကိုယ်လိုချင်တာတွေ ဝယ်နိုင်ရင်တော်ပြီ။ ဥပမာ ပန်းသီး အဲ၊ ကန်နွမ်လန်းစ်၊ အယ်လ်ဗီ အိတ်တွေ စသဖြင့်ပေါ့။ ပြောရဲတယ်နော်။

နောက်တခုစဉ်းစားနေသေးတယ် မြန်မာပြည်ပြန်ရောက်ရင် အလုပ်မဝင်ပါဘူး။ အဲ့တော့ အားနေမယ် အဲ့တော့ ကျိုင်းတုံ (မွေးဌာနေ ဆီသို့ မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ မှန်းဆကာရည် လွမ်းရပါသည်) ကို ခဏ သွားနေ မယ်လို့ စဉ်းစားနေတာ အသက်အရမ်းကြီးနေပြီဖြစ်တဲ့ အဘွားနဲ့လဲ တူတူနေရအောက် နောက် အဘွားဆီက ဟင်းချက်နည်းတွေသင်မယ် အဒေါ်တယောက်ကလဲ ရှမ်းစာတွေ ချက်တာ သိပ်တော်ပါတယ် သူတို့ဆီက သင် မယ် နောက်ပြီးတော့မှ ရန်ကုန်ပြန်လာ စာအုပ်ထုတ်မယ် ကဲ မပိုင်လား။ အဘွားက သက်သတ်လွတ်စားတာပါ အနှစ် ၃၀ ကျော်ပြီထင်ပါတယ်။ ခုတော့ အသက် ၈၀ ကျော်မှာ တော်တော် ကျန်းမာနေတုံး။ နောက်ဆိုတီလဲ အာသဝေါ အသားဝေါ ကုန်ခမ်းရင် သက်သတ်လွတ်စားဖြစ်မယ်ထင်ပါတယ်။ ခုတောင် တကယ်ပြောတာ လိင်စိတ်တွေလဲ ကုန်ခမ်းနေပါပြီ (မောင်က ပြန်သွားတာကိုးနော်) တဏှာတွေပဲ ကျန်တော့တယ် ခိခိ။ တော်ပြီ အတည်ပြောမယ်နော်။

ထားတော့ အဲ့တာက နောက်ဆုံး အပ်ဒိတ်ပေါ့။ ခုတောင် ကမ္ဘောဒီယား ရောက်နေတာ ဟိုတယ်က ကွန်နက်ရှင်
ကောင်းတာနဲ့ အရင်တခါ လက်ဆောင်တွေအများကြီးပေးတဲ့ စာဘတ်သူ တောင်းဆိုထားတဲ့ တိုဟူးနွေးလေး တင်ပေးလိုက်တယ်နော်။ ပုံတွေက ရိုက်ထားတာကြာပေါ့။ မြန်မာပြည်ပြန်တုံးက အမေနဲ့ ချက်စားဖြစ်တာလေးပါ။

တိုဟူးနွေးကို သိပ်ကြိုက်ပါတယ်။ စားရတာလဲ လွယ် ချက်ရတာလဲ လွယ် စားလို့လဲကောင်း အရသာလဲရှိ ဈေးလဲ
ပေါ၊ ကျန်းမာရေးနဲ့လဲ ညီညွတ် ကဲ ဒီလောက်ကောင်းတာ ဘယ်မှာ သွားရှာမလဲနော်။ ကဲ ချက်နည်းလေး ကြည့် ကြစို့။ အမှန်ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်ပြီးသုံးနိုင်ရင် ပိုကောင်းပါတယ်။ သို့သော်လဲ ပြောင်းလဲ လာတဲ့ခေတ်အရ လူတွေက အချိန်သိပ်မရှိကြပါဘူး။ အဲ့တာကြောင့် မြန်မြန်နဲ့ အလွယ် ကြိတ်ပြီးသား ပဲမှုန့် အရော မစစ်တစစ်တွေပဲ သုံးကြတာပေါ့။ ရေးနေတဲ့ လူကိုယ်တိုင်က မစစ်တစစ်ပဲလေနော်။ (everybody go awwwwwwww)

ကဲ ချက်လိုက်ကြစို့။ အလွယ် လို့ ပြောထားတဲ့ အတိုင်း ကြိတ်ပြီးသား မွှေးပဲ မှုန့် ကိုသုံးပါမယ်။ အစိမ်းမှုန့် ကိုသုံးပါ။ အကျက်မှုန့် မသုံးရပါဘူးနော်။ တီတို့ကတော့ မွှေးကို အဆင်ပြေလို့ သုံးဖြစ်တယ် သို့သော် နောက်ပိုင်း သူက ကွာ သိပ်မကောင်းတော့သလို ခံစားရလို့ ခုတော့ ရှမ်းပြည်ဘက်က လာတယ်ဆိုတဲ့ တခု (တံဆိပ် မမှတ်မိ) ကိုပြောင်း သုံးနေပါတယ်။ ထားတော့ ခုတော့ ရှိတာပဲသုံး။ ဘာမှ မရှိရင် ရှိတာ အကောင်းဆုံးပဲနော်။ မွှေးပဲမှုန့်စိမ်းကို တည
ရေစိမ်ထားပါ။ ပုံကိုကြည့်ပါနော်။ ရေထည့်လိုက်ရင် ပဲမှုန့်တွေက အစိအစိတွေဖြစ်ကုန်ပါမယ်။ လက်နဲ့သေသေချာ ချာချေပေးပါနော်။ ညက်အောင် အနည်ကျတဲ့အထိ ချေပေးပါမယ်။ နောက် အဲ့ရေ နဲ့ပဲ တညသိပ်ထားပါမယ်။ မနက်ကျတော့မှ ရေကို ဖြည်းဖြည်းချင်း လောင်းထုတ်လိုက်ရင် ပုံမှ မှာ ပြထားသလို ပဲနှစ် ကိုရပါမယ်။ တခုပြောပြ အုံးမယ် တချို့တွေက အဲ့အရေ ကို လောင်းမပြစ်ပဲ ချန်ထားပါတယ်။ တိုဟူးကျိုတဲ့အခါပြန်သုံးကြတာပေါ့။ ကုလားပဲ စစ်စစ် ကိုကြိတ်ရင် ကြိတ်ရည်ကို ချန်ထားတတ်ကြပါတယ်။ အဲ့တာကျတော့ ပဲနို့ရည်ချက်လို့ရတာကိုး။ တီတို့ ကျိုင်းတုံက ဈေးတန်းကြီးမှာ ဆိုင်တဆိုင်ရှိပါတယ် တိုဟူးနွေးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီးတော့ ပဲနို့ရည်ကလဲ ကောင်းပုံကနွားနို့ထက်ပို သောက်လို့ကောင်းပြီးတော့ မလိုင်လဲ ပိုတက်ပါတယ်။ သူတို့ကတော့ ကုလားပဲ စစ်စစ် ကိုကြိတ်သုံးပြီးတော့ ကြိတ်ရည်နဲ့ ပဲနို့ ကိုပြန်ချက်တာပါ။ ထားတော့နော်။

တီတို့ကတော့ ရေသန့်ပဲ ပြန်ထည့်တယ်။ စစ်ရေ ထည့်ရင် တိုဟူးက ပိုပြစ်တယ်လို့ ခံစားရလို့။ ကဲ ပြင်ဆင်လို့
ပြီးရင် ချက်မယ့် အိုးထဲကို ရေကြိုက်သလောက်ထည့်။ (လျှို့ ဝှက်ချက်တခုထပ်ပြောပြမယ်နော် အိုးထဲကို ရေထည့် ပြီးရင် ဆီ တစက်နှစ်စက်လောက်ထည့်လိုက်ပါအုံး အဲ့တာက ပဲကိုပိုညက်စေတယ်ပြောပါတယ်။ ပိုအိတာပေါ့။) ပြီးရင် အနှစ်ကို ဖြည်းဖြည်းချင်းလောင်းပါ။ တပြိုင်ထဲမှာ အောက်ကနေ မွှေပေးနေပါ။ ပုံကိုသေချာကြည့်နော်။
တွေ့လား အမေ့လက် ဝဝကြီး။ နောက် လျှို့ ဝှက်ချက်တခု ထပ်ပြောပြမယ်။ မွှေတဲ့အခါ တဘက်တည်းပဲ မွှေ ရပါမယ်။ clock wise or counter clock wise as you like but only one direction. နာရီလက်တံ အတိုင်းပဲ လှည့်ပြီးမွှေမွှေ ပြောင်းပြန်ပဲ မွှေမွှေ ကြိုက်ရာ တဘက်တည်းကို ရွေးပြီး မွှေပါ။ လက်သန်ရာပေါ့နော် ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ်။ ဟိုဘက်မွှေလိုက်ဒီဘက်မွှေလိုက်တော့ မလုပ်ပါနဲ့။ လုပ်ရင်ဘာဖြစ်မလဲ ဟုတ်လား လုပ်ကြည့်လေ
နော် ပြီးတော့ ကွန်မန့်မှာ ပြန်လာပြောပြ ဘာဖြစ်သလဲဆိုတာနော်။ ဘာဖြစ်မလဲဆိုတော့ အနည်းဆုံးတော့ တီ့ ဘလောခ် ကွန်မန့် တက်တာပေါ့။ ညှင်းညှင်းညှင်း

တွေ့လား အိုးကသေးသေးလေးပဲဆိုတော့ ရေလဲ နည်းနည်းလေးပဲ ထည့်တယ်။ နှစ်ယောက်စာပဲကိုးနော်။ ပိုတဲ့ အနှစ်တွေကို ချန်ထားလို့ ရပါတယ်။ နောက်တခါ ချက်ရင် ပြန်သုံးလို့ရတယ်။ လျှို့ဝှက် ချက်နောက်တခုနော်။
ပြီးရင် မွှေနေတဲ့တလျောက်လုံး မီးကို အေးထားပါနော်။ မီးအေးလေးနဲ့ပဲ တောက်လျှောက်မွှေနော်။ ပြီးလို့ တိုဟူး နှစ်တွေပလုံ ပလုံဆိုပြီး ပွက်လာပြီဆိုရင် ရပါပြီ။ အော်မေ့သွားတယ် ဆား နည်းနည်းထည့်အုံးနော်။ နည်းနည်းပဲ ထည့်နော် နောက် ပန်းကန်ထဲကို အစာပလာ ထည့်ရင် ထပ်ထည့်အုံးမှာဆိုတော့ တော်ကြာ ငံကုန်မယ်။ ဒီတခုက ငံသွားရင် အရင်လို ရေရောလို့မရဘူးနော်။

ကဲ တိုဟူးနှစ်တော့ရပြီ။ စားပွဲပြင်ကြစို့။ နောက်ထပ် လျှို့ဝှက်ချက်တခု ထပ်ပြောပြမယ်နော်။ တချို့က ရေစိမ်ကို
ပြုတ်ပြီး တိုဟူးနွေးနဲ့စားပါတယ်။ တချို့က ညှပ်ခေါက်ဆွဲနဲ့ စားပါတယ်။ ရေစိမ်နဲ့စားတာက မန်းလေး လာရှိုးဘက် ကပါ ရှမ်းမြောက်ပေါ့။ တီတို့ ရှမ်းတောင်ဘက်ကတော့ ညှပ်နဲ့ အစားများပါတယ်။ နောက်သူတို့က အသားထည့်
လေ့ရှိတယ် တီတို့က သက်သတ်လွတ်။ ကြိုက်သလိုစားပါလေ။ အသားနဲ့ စားချင်ရင်တော့ အသားနှစ်လေး ချက်ထားပေါ့နော်။ ဒီမှာ ကြည့်ချက်နည်းကို…..ဝက်နဲ့ အမဲနဲ့။ တီတို့ကတော့ သက်သတ်လွတ်ပဲလွေးပါတယ်။
လျှို့ဝှက်ချက်ကဘာလဲဆိုတော့ အများစုက ခေါက်ဆွဲကိုပြုတ်ပြီးတော့ ပန်းကန်ထဲထည့် ပြီးတော့ အပေါ်ကနေ အနှစ်လောင်းကြပါတယ်။ တီတို့ကတော့ ရေစိမ်ဆိုလဲ ပြုတ်ပြီးတော့ ပန်းကန်ထဲမထည့်ပါဘူး စားမယ့် ခေါက်ဆွဲ ကိုပြုတ်ပြီးရင် တိုဟူးနှစ်အိုးထဲ ထည့်လိုက်ပါတယ်။ ညှပ်ခေါက်ဆွဲဆိုလဲ အဲ့အတိုင်းပေါ့ စားသလောက် ကို ထည့် လိုက်ပါ။ ပြီးတော့ တိုဟူးအိုးထဲမှာ ခဏ မွှေပေးလိုက် ခေါက်ဆွဲနဲ့ အနှစ် ထွေးထွေးလေးဖြစ်သွားမှာ အဲ့ခေါက်ဆွဲ
ထွေးကို ကော်ပြီး ပန်ကန်ထဲထည့်ပါ။ အဲ့တာဆို ခေါက်ဆွဲကြိုကြားထဲထိ တိုဟူးအနှစ်က ရောက်သွားတဲ့ အတွက် ပိုစားကောင်းပါတယ်။ ပြီးရင်တော့ အစာပလာထည့်ပါမယ်။ ကျန်ယို့ အငံအမဲ ကို နည်းနည်းထည့်ပါ။ အပြစ်အချို လဲတချို့ကထည့်ကြတယ် ကြိုက်တတ်သလိုပေါ့နော်။ တီတို့ကတော့ အငံပဲ စားတယ်နောက် သိပ်အရမ်းပြစ်တာ မသုံးဘူး။

ပြီးရင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက် နောက် ပါကော်ခြောက်ကော့လို့ ခေါ်တဲ့ တရုတ်မဆလာ ဆီချက် ထည့်။ နောက် မြေပဲဆံလေးတွေ ထောင်းထားတာထည့် နံနံပင်လေးအုပ်လိုက်ရင် အရသာရှိတဲ့ အိမ်ချက် တိုဟူးနွေးတပွဲ ရပါပြီ။ တွဲဘက်စားဖို့အချဉ်ကတော့ ရှမ်းချဉ်လေးကို ဆား အချိုမှုန့် နည်းနည်း နယ် ပြီး နံနံပင် အုပ်လိုက်ရင်ကို အိုအိရှိ စူပါရှယ် ကောင်းမှကောင်းပါပဲ။ ရှမ်းချဉ်တည်နည်းကိုတော့ ဒီမှာ ကြည့်နော်။

ကဲဒီလောက်ဆို တောင်းဆိုထားတဲ့ အေးစုစံနဲ့တကွ ကျန်တီ့ ဟင်းချက်ပရိတ်သတ် အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ မနက်စာလေးတခု လွယ်လွယ်ချက်စားလို့ရတာပေါ့။ အီကြာကွေးလေးရှိရင် ပိုတောင်ကောင်း
သေးတယ်။ တီ့အမ တယောက်ဆို သူက တိုဟူးနွေးကို ခေါက်ဆွဲနဲ့မစားပဲ အနှစ်ကိုပဲ အစာပလာ များများထည့်
ပြီးတော့ အီကြာကွေးကို အတုံးလေးတွေ ဖြတ်ပြီး ကလော်စားပါတယ်။ အဲ့လို စားတာလဲ တမျိုးကောင်းတာပါပဲ။ ကြိုက်သလိုပေါ့နော်။

A Chen
12:59 PM
Friday
30th Mar 2012
Juliana Hotel
Phnon Penh
Cambodia

ညောင်ရွက်မှို ချဉ်ရည်ဟင်း ရှမ်းစတိုင်လ်

တီချမ်းတယောက် ဟင်းမချက်တာကြာပြီလို့ပြောနေကြသူများ ကဲ ချက်ပါပြီနော်။ ဒီတခါတော့ တနေ့က ဈေးထဲသွားတာ ရှားရှားပါးပါး တွေ့တာနဲ့ ညောင်ချဉ်ကို ရှမ်းတို့ရိုးရာ ချဉ်ရည်ချက်စားမယ် စိတ်ကူးပါတယ်။ ပြောရအုံးမယ် ဇာတ်လမ်းပ ညောင်ချဉ်မှတ်လို့ ဝယ်လိုက်တာ အရွက်က သပြေချဉ်ဖြစ်နေတယ် မပြောချင်ဘူး သူတို့က အထုပ်ကလေးတွေနဲ့ ထုပ်ထားတာဆိုတော့ အပြင်ကနေ သေချာမမြင်ရတာလဲပါတယ်။ ကိုယ်ကလဲ စားချင်စိတ်ကပဲ များနေတော့ ဘာပဲဖြစ်ဖြစ် ဆိုပြီးတော့ ဝယ်ချလာတာ။ အိမ်ရောက်တော့မှ သပြေချဉ်ဖြစ်နေတယ်တဲ့ မောင်ပြောတာပဲ ကိုယ်ကတော့ သပြေချဉ် ဆိုတာ မြင်ကိုမမြင်ဘူးဘူး။ ဝယ်လာတော့မှ ပဲ အော်ဒီလိုပါလားလို့သိရတော့တယ်။ ကိစ္စမရှိဘူး ချက်လို့ စားလို့ဖြစ်ရင်ပြီးတာပဲ ဆိုပြီး ဆက်ချက်တယ်။ ကြည့်ကြစို့……


ပထမဆုံး ပဲပုပ်ချပ်တွေကို ရေစိမ်ထားတယ်။ နောက် နံရိုး တအိုးတည်ထားတယ်။ ပဲပုပ်ကို ရေမစိမ်ချင်ရင်လဲ တီ့ လိုပဲ တခါတည်း အရိုးပြုတ်အိုးထဲ ထည့်ပြီး ငပျင်းတည်နည်းအတိုင်းတည်ပလိုက်ရပါတယ်နော်။ ပွက်လာရင် ပဲပုပ်တွေ သူ့ဘာသာ ဟင်းရည်ထဲ အရသာပျော်ဝင်ကုန်မယ်။ ပွက်လာပြီဆိုရင် မီးအေးနဲ့ တည်ထားပါနော်။

ညောင်ချဉ်ကို ရွေးထားရပါမယ်။ ပြီးတော့ ရေဆေးပြီးစစ်ထားပေးပါ။ သပြေချဉ်ဖြစ်ပါတယ်။ ဆော်ရီး ဘယ်လိုအရွက်လဲ သိချင်ရင် ပုံကို ရိုက်ကလစ်နဲ့အကြီးချဲ့ ကြည့်နော်။

ဒါကတော့ ဟင်းရည် အနှစ်ရအောင် ချက်ရမယ့် အဆင့်ပါ။ ကြက်သွန်ဖြူနီ ခရမ်းချဉ်သီးတွေကို ပုံပါအတိုင်းပြင်ထားပါ။ ကြက်သွန်ဖြူနီကို တီကတော့ ရောကြိတ်လိုက်ပါတယ်။ ခရမ်းချဉ်သီးကိုတော့ သိပ်လဲမကြီးတဲ့ ကိုင်းသီးလေးတွေ ရတာနဲ့ တခြမ်းပဲ လှီးထားလိုက်တယ်။ နောက် ပုံထဲကအတိုင်း ကြက်သွန်ဖြူနီ ကိုဆီသတ်၊ နနွင်းမှုန့်လေးထည့်။

ကြက်သွန်တွေ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီးကို ထည့်။ ခရမ်းချဉ်သီးတွေကို မကြေတကြေအနေ ရောက်တဲ့ အထိ မွှေပေးနေပါနော်။

ရပြီဆိုရင်တော့ ခုနက ပဲပုပ်နဲ့ နံရိုးပြုတ်အိုးထဲကို ဟင်းအနှစ်တွေ ထည့်လိုက်ပါ။ နောက် သပြေချဉ်အရွက်တွေ ထည့် ပြီးတော့ အဖုံးခဏ အုပ် ဆား အချိုမှုန့် လိုသလောက်ထည့် အရသာမြည်းပြီးရင် ရပါပြီနော်။

တီချက်တာ အရသာကတော့ အိုကေနေတာပဲ ပြဿနာက ခုမှတက်တာ သပြေချဉ်တွေက ပျော်ကုန်တယ် အဲ့တော့ အရည်သောက်က အဖတ်မပါပဲ အတော်ကိုကျဲကျသွားတာနဲ့ ရေခဲသေတ္တာထဲလှန်တော့ မှိုတွေ တွေ့တာနဲ့ ကောက်ထည့်လိုက်ရတယ် အဲ့တော့မှပဲ အိုကေမှာ စိုပြေသွားတဲ့ အိုအိရှိ ဝက်နံရိုး သပြေချဉ် ပဲပုပ် မှို ရှမ်းစတိုင်လ် အရည်သောက် ရတာပေါ့။

ကဲ ကြည့်လိုက်ဦး ကောင်းလွန်းလို့ ဒီအတိုင်းချည်းပဲ ထိုင်သောက်ပလိုက်တယ် နှစ်ခွက်ဆင့်ပြီးတော့ အေးရော။
ကောင်းမှကောင်းပဲ။ အဲ့နေ့ကလဲ ကြည်လဲ့လဲ့ဦးတို့ရောက်နေတာနဲ့ တုတ်ထိုးလုပ်စားကြသေးတယ်။ လွယ်ကူစားမြိန်တို့ရော အားပေးကြတာနဲ့ အချဉ်ရည်လဲ တအိုးကုန်တာပဲ။ တုတ်ထိုးကတော့ လုပ်နည်းတင်ပြီးသားဆိုတော့ ထပ်မတင်တော့ဘူးနော်။ ပုံတွေတော့ နောက်နေ့မှ တင်ပေးမယ်။ အင်တာနက်ကနှေးနေတယ်။

A Chen
8:46PM
Monday
12th Mar 2012
Home
Bangkok