မန်းလေး မူလလက်ဟောင်း နှစ် (၃၀) ကျော် ဒေါ်တော မုန့်တီ

မန်းလေး မူလလက်ဟောင်း နှစ် (၃၀) ကျော် ဒေါ်တော မုန့်တီ
ကဲကဲကဲ ဒီတခေါက်တော့ အားလုံးက မျှော်နေကြတဲ့ ဒေါ်တော မုန့်တီ (မန်းလေးအခေါ်)
ရန်ကုန်မှာတော့ နန်းကြီးသုပ်ပေါ့ လေးရေးပေးပါမယ်။
စိတ်မကောင်းစရာ တခုက အဲ့လို အင်မတန် အရသာရှိတဲ့ မနက်စာလေးတွေ ရန်ကုန်မှာ
ပေါပေါသောသော မရတာပါဘဲ။
လိပ်စာ
ကမ်းနားအောက်လမ်း ၂၆ လမ်းဆုံးထောင့်နား ဆက်သွားရင် လှေဆိပ်ပဲ ရှိတော့တယ်။
သွားတာတော့ တော်တော်မှ တော်တော့ကို တမျှော်တခေါ်သွားရတာပါ။ တီတည်းတဲ့နေရာကနေဆို မန်းအခေါ်
၇၅ ပြ လောက်ရှိမလားပဲ
တခါက မရွှေဇင် (ဘလောခ်ဂါ မရွှေဇင်ဦး နဲ့ စည်းစိမ်ရှင် တို့ညီအမ လိုက်ကျွေးလို့
စားဖူးတာပါ) သူ့အရင်က စားဖူးတာက စိုးစိုးမုန့်တီ။ စိုးစိုးမုန့်တီလဲ စစားဖူးခါစက
သိပ်ကောင်းပါတယ်။ အဲ့တုံးက သူက ဒညင်းသီးစေးစေးလေးလဲရပါတယ်။ စာကလေး ဒညင်းသီး ခေါ်တယ်ထင်ပါတယ်။
မြစ်ကြီးနား ဗန်းမော် ဘက်ကလာတယ်ဆိုတယ် အဆိုတော် ကြိုးကြာက တခါစားရင် အလုံး ၅၀ လောက်
တထိုင်ထဲစားတယ် ပြောတယ်။ စားနိုင်လောက်တယ် သူက သေးသေးလေးပဲ ပဲကြီးလှော်ထက် နည်းနည်းပဲ
ကြီးတာကိုး။ နာမည်ကိုက စာကလေး ဒညင်းသီးလေနော် သိမ်းငှက် ဒညင်းတို့ ငှက်ကြီးဝန်ပို
ဒညင်းတို့ မှ မဟုတ်ဘဲနဲ့ ထားပါတော့
နောက်ပြီးတော့ ပြောသေးတယ် Rဇာနည်က ရန်ကုန်ကနေ မှာစားလို့ စိုးစိုး
မုန့်တီကို လေယာဉ် နဲ့တောင် ပို့ပေးရတယ် ဆိုပဲ မာရီယာကာရေး အေဗီယန် နဲ့ ရေချိုးဖို့
လေယာဉ် နဲ့သယ်လာတာထက် ဆိုးနေပြီ သို့သော် နောက်အခေါက်တွေ ထပ်သွားစားတော့ လုံးဝ ကိုမကောင်းတော့တာ
စိုးစိုးပါ မှိုပေါင်းထုပ် ငါးဖယ်ပေါင်းထုပ်တွေလား ထပ်ရောင်းပေမယ့် မုန့်တီကတော့
ပျက်တာမှ ပစောက် ယပင့် ကသတ် ပျက်ပဲ ဆိုင်တွေကလဲ လာစားတဲ့ လူတွေများလာရင် မထိန်းနိုင်တော့တာ
သိပ်ဆိုးတယ်
ဒီတခါ ခေါ်သွားကျွေးတာကတော့ သူငယ်ချင်း မင်းခန့်ပါ ။။။
ခု ဒေါ်တော ကတော့ ရှယ်ပါပဲ။ ရှယ်ရဲ့ ရှယ် စူပါရှယ်လို့ ဆိုချင်ပါတယ်
မုန့်တီ (နန်းကြီး)ကို အမဲသား အမဲကျော် နဲ့ ရတာ သူ့တဆိုင်တွေ့ဖူးသေးတာပဲလေ။ ကြက်သဲကြက်မြစ်
နဲ့ လဲရပါတယ်။ ငါးနဲ့လဲရပါတယ်။ အဲ့တော့ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါသည် ဆိုတာ
သူမှ အစစ်ပေါ့လေ။
နန်းဆိုလဲ ကြီးလတ်ပြား အကုန်ရပါတယ်။ ခေါက်ဆွဲလဲရတယ်။ ဟင်းရည်ကတော့ မန်းဆန်ဆန်
ပိတ်ဆွယ်နဲ့ပါ တီကတော့ အဲ့ဒီ ပိတ်ဆွယ်ဆိုတာကို ကြိုက်ကိုမကြိုက်တာပါ ငှက်ပျော်အူ
အတုလို့ပဲ ခံစားရတယ်။ သို့သော် တူတော့ မတူပေဘူး။ ပုံစံတူတယ် အရသာတူတယ်လေ။။။။။
ပြီးတော့ ဟင်းရည်ထဲကို ကြိုက်တတ်ရင် ငါးဖယ်လုံးထည့်လို့ရပါတယ်။ ပထမ
တော့ သူ့ငါးဖယ်လုံးကို CP တွေ ထုံချိုင်းတွေဖြစ်နေမစိုးလို့အထင်တကြီး မစားမိဘူး…….ဒီတခေါက်သွားစားတော့မှ
အလကားပဲတင်း အပိုတွေထည့်ပေးတာ အမဲကျောတွေကော ကြက်မြစ်ကြက်သည်းတွေကော ဟင်းရည်ထဲမှာ
ငါးဖယ်လုံးတွေ ကော တီချမ်းတို့များ နာမည်တွေကြီးတာ ရောက်လေရာ အလကားတုတ်ရတာများနေပြီပဲ။
အော် ပြီးတော့ ဟင်းရည်ထဲ နူးနေအောင်ပြုတ်ထားတဲ့ ကြက်လည်ချောင်း တောင်ပံရိုးတွေကိုလဲ
သုပ်ပေးပါတယ်၊ ကြက်သည်းမြစ်ထည့်သုပ်လဲ သိပ်ကောင်းတယ်
အပိုပြောတယ်ထင်ရင်လဲ ပုံတွေကို ကြည့်ပါ။ ကြည့်လိုက်တာနဲ့စားချင်စရာမှလား…..တီကတော့
တီ့ထုံးစံအတိုင်း အချိုမှုန့် မလျော့ခိုင်းပါဘူး။ အဲ့တာမှ အရသာ ပြည့်ဝတာ သူငယ်ချင်းကတော့
စားနေကြပုံစံ မှာစားတော့ အချိုမှုန့်တွေ လျော့တာ အရသာ ပေါ့ရွှတ်ရွှတ်နဲ့ စားရတာ ပါးစပ်မပါလိုက်တာ
ဆိုတာလေ……
စကားမစပ် သူငယ်ချင်း အဖွားတယောက် တသက်လုံး အချိုမှုန့်စားတာပါပဲ အသက် ၉
ဝ ကျော်ထိ နေသွားတယ် ဘာပဲ ဖြစ်ဖြစ် တန်ဆေး လွန်ဘေးပေါ့နော်

အပိုတွေလုပ်ပြီးတော့လဲ
အထူးတလည် လျော့စားနေစရာမလိုပါဘူးနော် တီတို့ ရှမ်းပြည်ဘက်ဆို ပဲပုပ် (တက်စာ) ဆား
(သွေးတိုးစာ) အချိုမှုန့် (ပြောကြည့်) ငြုပ်သီးမှုန့် (မှိုနိုင်းချင်း) တွေအကုန် ရောသမမွှေပြီးမှ
မကောက်သီး ခေါ် ပင်စိမ်းသီးလေး နဲ့ တို့တို့စားတာ ဆွေမျိုးမေ့ပေါ့အေတို့ရယ်…….

အဲ့တော့ တီကတော့ ဘယ်သူဘာပြောပြော
ယူဝါရှုဝါ အိချိယို အာဂျီနိုမိုတို…….ပါပဲနော်
အားလုံးကို စားစေချင်တဲ့
T

03:00 AM 30th Jul 2015 
Aureum Palace 
Nay Pyi Taw 
MYANMAR 

မေမြို့အသွား တောလား

(ပုံတွေတင်ရတာ အဆင်မပြေဘူး ဘယ်လိုလုပ်လို့ရလဲ ပြောပြကြပါ။ ခုတော့ စိတ်ပေါက်ပေါက်နဲ့ဒီလိုပဲ တင်လိုက်တယ်) 
မန်းလေးကို ၂၃ ရက်နေ့မှာ
အလုပ်ရှိတော့ ၂၂ ရက်နေ့မှာ လေယာဉ်နဲ့ တက်လာပါတယ်။ ရောက်တဲ့နေ့က စားတဲ့ မြင့်လွင် တုတ်ထိုးတော့
တင်ပြီးပါပြီနော်။ နောက်ထပ်တင်စရာတွေလဲအများကြီး ကျန်ပါသေးတယ်။ ဗထူး မြီးရှည်၊ ဒေါ်တော
မုန့်တီ၊ မစီမာ အချဉ်ပေါင်း၊ ကော့ချောင်မြီးရှည်၊ ဆိတ်ကင် စမူဆာသုပ်၊ အကင်၊ ဂဏန်းချက်၊
နန်းရှေ့ ဝက်ဆီဖတ် မုန့်ပစ်စလက် အများကြီးဆို အများကြီးကျန်ပါသေးတယ်။
ဒီနေ့တော့ မေမြို့တက်လည်ကြဖို့
သူငယ်ချင်းက ခေါ်တာနဲ့ တက်လာခဲ့ကြတယ်။ မန်းလေးကို သဘောကျတာ တခုက အဲ့လို နေ့ချင်းပြန်လေးတွေအလွယ်တကူသွားလို့
ရတဲ့ လည်စရာ ပတ်စရာ နေရာတွေသိပ်များတာကိုပါပဲ။ တနေ့ကတောင် ဆည်တော်လေး ကိုသွားလည်ခဲ့သေးတယ်။
ရေးပါအုံးမယ် သပ်သပ်။
မန်းလေးကနေ ကားနဲ့ တက်လာတော့
၂၁ မိုင်မှာ မနားဘဲ အနီးစခန်း တောက်လျောက် တက်လာပါတယ်။ ၂၅ မိုင်ကျော်လာတော့ ရာသီဥတုလေးက
သိသိသာသာ ပြောင်းလာ တော့ အေးစိမ့်စိမ့်ကလေး ဖြစ်လာတာနဲ့ လမ်းမှာတွေ့တဲ့ “ရှိုင်းရှိုင်း”
ဆိုတဲ့ ရှမ်းခေါက်ဆွဲ ဆိုင်လေးမှာ ဝင်စားခဲ့ပါသေးတယ်။ ဆန်ဖွယ် ဆန်စေး ဂျုံ ဆန်ပြား
အကုန်ရတာပါပဲ။ သို့သော် အသားကတော့ ကြက်သားတမျိုးပဲရတယ်။ ဒါပေမယ့် ဝက်ခေါက်ကြော်ကျတော့
ရောင်းတာပဲ။ လော့ဂျစ်ကို လိုက်မမီပါဘူးလေ။ ဟင်းရည်ကတော့ ဆူပါရှယ်ပဲဆရာ ကြက်ရိုးတွေက
ပြုတ်ထားတာ နူးတောင်နေပြီ။ အရိုးနုလေးတွေနဲ့ စားရင် အိမ်ရှေ့ မင်းသား ဖြစ်မယ်ဆိုတဲ့
အရိုးကပ် အသားလေးတွေကို ပြင်ထွင်ပြီး ဟင်းရည်ထဲ ထည့်ထား တော့ သိပ်ချိုပြီး အရသာရှိတာပေါ့။
ပိုကောင်းစေတာကတော့ ငြုပ်ကောင်းလေးခတ်ပြီး နံနံပင်လေး ကျဲထားတော့ ဟင်းရည်ချည်းပဲတောင်
ထိုင်သောက်နိုင်တယ် အဟုတ်။ တီကတော့ ဆန်ဖွယ် အရည်ဖျော်စားတယ်။ သူငယ်ချင်းလဲ အဖွယ်တပွဲ၊
နောက် နှစ်ယောက်သား မဝ တဝ ဆိုတော့ (နှစ်ယောက်သား မဝတဝလို့သာပြောရတယ် ဒါတောင် မန်းလေးက
မထွက်ခင် ဟိုတယ် နားက ရွှေပြည်မိုး ကဖေးမှာ မန်းမြီးရှည် တပွဲရယ် သူငယ်ချင်းက မုန့်တီသုပ်ရယ်
ကော်ဖီ ဆိုင်နှပ် ခွက်ကြီးတယောက်တခွက်ရယ် စားခဲ့သောက်ခဲ့ကြပါသေးတယ်။) ဆန်စေး အသုပ်
တပွဲကို နှစ်ယောက် တယောက် တဝက် ထပ်စားကြသေးတယ်။ ဝက်ခေါက်ကတော့ ဟင်းရည်ထဲလဲ ထည့်သောက်တယ်။
အချဉ်နဲ့လဲ တို့စားတယ် ကောင်းမှကောင်းပဲ။
တီချမ်း အပိုပြောတယ်ထင်ရင်
ပုံမှာသာ ကွကိုယ် ကြည့်ကြပါတော့ ပိတ်သတ်ရယ်။    

ဆက်လက်ထွက်ခွာလာတဲ့အခါ မိနစ်ပိုင်းလောက်
မောင်းရင်ပဲ အနီးစခန်းက သည်ဗျူး ဝအဝင်လမ်းကို ရောက်ပါတော့တယ်။



ရီဗျူး အဘောက် သည်ဗျူး
ဒီနေရာလေးကို သူငယ်ချင်းတွေသွားသွားနေကတည်းက
သွားကြည့်ချင်နေမိတာ။ နေရာလေးက သာယာလှပလှသလို သည်ဗျူးဆိုတဲ့ အတိုင်း ဗျူးကောင်းကောင်းလေး
နဲ့ပေါ့။ နေရာက မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်နဲ့ နီးပြီးသကာလ သူငယ်ချင်းက ဒေသ
ထွက်ကော်ဖီ ဆိုတာ သိပ်ကောင်းတယ်လို့ 
သတင်းပေးလာတော့ ကော်ဖီသရဲ ကိုယ့် အတွက် သိပ်ကို
သွားသင့်တဲ့နေရာလေးဖြစ်နေတယ်လေ။
ပြီးတော့ စာတွေဘာတွေမတောက်တခေါက်ရေးတဲ့
စိတ်ကူးယဉ်သမား ကိုယ်က သည်ဗျူး မှာလာ ကော်ဖီလေးသောက် သာယာလှပတဲ့ ရှုခင်းလေး ရှုစား၊
Carrie Bradshaw လို ပန်းသီးလက်တော့ပ်လေးနဲ့ စာလေးရေးပေါ့………..ဘယ်လောက်တောင် စိတ်ကူးယဉ်
ပါသလဲဆို နယူးယောက်ခ် သွားတုံးကတောင် အခုလိုပဲ စင်ထရယ်ပတ်ခ်ထဲ မရောက် ရောက်အောင်သွားပြီး
စက္ကူခွက်ကော်ဖီလေး နဲ့ ပန်းခြံ ခုန်တန်းလေးမှာ ပို့စ်တပုဒ်ရေးခဲ့ သေးတာပါ။ အဲ့တုံးကလဲ
အတူတူသွားခဲ့ကြတဲ့ ဟိုးငယ်ငယ်လေး အရင်းခင်တဲ့ ချစ်တဲ့ သူငယ်ချင်းလေးပါပဲ။
ဘာပဲပြောပြော ခုတော့ ဟိုးအဝေးကနေ
ရေတွေ တဝုန်းဝုန်းကျနေတဲ့ ဓါတ်တော်ချိုင့် ရေတံခွန်ကို မျက်စိနဲ့ ပဿာဒ ကျကျ ရှုစား၊
ရေကျသံ တဝုန်းဝုန်းကိုလဲ နားနဲ့ ဖရန ပီတိ သောတဆင် သာယာ လှပတဲ့ ရှုခင်း အေးစိမ့်စိမ့်
ရာသီဥတုနဲ့ဆိုတော့ သာယာမှုက 9 တောင်မကပါ ပေါ့လေ။
ဆိုင်လေးက အနီးစခန်းနားက
လမ်းခွဲလေးကနေဝင်လာရတာပါ။ ချမ်းမြေ့ရိပ်သာ ဝိပဿာနာကျောင်း ရှိတဲ့လမ်းပါပဲ။ ခုလောလောဆယ်တော့
လမ်းလေးက တော်တော် ဆိုးနေပါသေးတယ်။ သို့သော်လဲပြင်တော့ပြင်နေတယ် လမ်းတလျောက် ကျောက်တွေ
ပုံထားတာ တွေ့ခဲ့ရတယ်လေ။ အဝင်လေးနားသာ နည်းနည်းလေး လမ်းဆိုးတာပါ၊ အထဲဝင်လာတော့ လမ်းက
ကောင်းတယ် မပြောသာပေမယ့် မြန်မာပြည်က လမ်းဆိုတော့ လဲ (ကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံရတဲ့
တခြားတခြားသော အရာများလိုပဲ) လက်ခံနိုင်ပါတယ်။ သူငယ်ချင်းပြောတာကတော့ အဲ့လမ်းက ခင်းနေတာ
လ ပေါက်နေပါပြီ တဲ့လေ။
ကဲ ချမ်းမြေ့ရိပ်သာ ဝိပဿာနာကျောင်းဘေးနားကနေဖြတ်ပြီးတော့
ကွန်ကရစ်ကုန်းလေး ကနေဆင်းပြီးရင်တော့ ရောက်ပါပြီ။ အနီးစခန်းနားက ကျတော် တောင်ပေါ်ဆိုပေမယ့်
လမ်းတလျောက် မြေပြန့်လိုပဲ ခံစားရတာလေ။ အဲ့ကလေ လမ်းဘေးဖဲ့ဆင်းပြီး အထဲဝင် လာတော့ ဓါတ်တော်ချိုင့်ဆိုတဲ့အတိုင်းပဲ
ချိုင့်ထဲမှာ ရှိတာကလား။ အောက်ဘက်ကို တော်တော်လေးကို ပြန်နိမ့်ဆင်းဝင်လာရတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့
ရောက်ပါပြီ။ သူက ပုဂ္ဂလိက ပိုင်ပါ။ ဝင်းနဲ့ဘာနဲ့ သေသေချာချာ ကျကျနန ဆောက်ထားပြီးတော့
ဝင်ကြေးကောက်ပါတယ်။ ဝင်းထဲ ဝင်ဝင်ချင်းကတော့ ကားပါခ်ကင်ပါ။ ကားရပ်ပြီးရင် လာရောက် လည်ပတ်တဲ့သူတွေ
အဆင်ပြေစေဖို့ ကားပါတ်ခ်ကင်မှာပဲ ပတ်ပလစ်ခ် တွိုင်းလက် ကလေးရှိပါတယ်။ ခရီးဝေးကနေလာခဲ့တဲ့
သူတွေအဖို့တကယ်ကို အဆင်ပြေစေတာပါပဲ။
အဲ့ကနေမှ သည်ဗျူးပေါ်တက်တဲ့
အတက်ကလေးမှာ ဝင်ကြေးကောက်ပါတယ်။ တယောက် ၁၀၀၀ ကျပ်ပါတဲ့။ သည်ဗျူးရက်စထရန့်မှာ စားစရာစားရင်
ပေးထားသမျှ ဝင်ကြေး ဘယ်နှယောက်ဖြစ်ဖြစ်ပေါ့ ကူပွန်သဘောမျိုးပါ ပြန်နှုတ်ပေးပါတယ်။ ဥပမာ
တီတို့ သူငယ်ချင်း ၂ ယောက်လာတော့ ဝင်ကြေးက ၂၀၀၀ စားတဲ့ထဲက ကျသမျှမှာ အဲ့ ၂၀၀၀ ကို
ပြန်နှုတ်ပေးမယ် အဲ့လိုပါ။ ကြည့်ရတာ တော်တော်များများက သည်ဗျူးကိုလာ ပြီး ဆိုင်မှာ
ဝင်မစားကြပဲ ဗျူးကြည့် ဓါတ်ပုံရိုက်ပြီးပဲ ပြန်သွားကြပုံရပါတယ်။
သည်ဗျူးကနေ ဓါတ်တော်ချိုင့်
ရေတံခွန် (၃ ဆင့်ရှိတယ် ပြောပါတယ် တီကတော့ ပင်ပန်းမယ့် အလုပ်ဆိုဘာမှမလုပ် အိပ်တာနဲ့
စားတာပဲ လုပ်တာဆိုတော့ မသွားပါဘူး) အဲ့အထိ ဆင်းချင်တယ်ဆိုရင်တော့ နောက်ထပ် ရေတံခွန်သွားတဲ့
ဝင်ကြေးက သပ်သပ်ပါ တဲ့ ၂၀၀၀ ထပ်ပေးရပါမယ်တဲ့။ မေးလိုက်သေးတယ် လမ်းတွေဘာတွေ သေချာ လုပ်ထား
လို့လားလို့ ဝင်ကြေးတွေ ဒီလောက် တဖြတ်တဖြတ် ခဏခဏ ကောက်နေရအောင်လို့။ အမှန်တော့ တီတို့လို
စစ်စစ်ပေါက်ပေါက်မေးတတ်တဲ့ (ယေဘုယျ အပြော ရစ်တတ်တဲ့ အမှန်တော့ ကိုယ်တွေက ရစ်တာ မဟုတ်ပါဘူး
ပေးရတဲ့ တန်ဖိုးအတွက် သင့်တော်တဲ့ ဆားဗစ် ကိုလိုချင်တာပါ) ကပ်စ်စတမ်မာတွေက အဲ့လိုတွေ
မေးရင် သင့်တော်တဲ့ အဖြေကို ဝန်ထမ်းတွေက မပေးနိုင်ကြပါဘူး။
အဲ့တာ အဲ့လို နေရာတွေ လုပ်ပြီး
ဝင်ကြေး ကောက်ချင် တဲ့ ပိုင်ရှင်တွေ လိုတာပါ။ တကယ် ဆို ကောက်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး
သေချာ လုပ်ပြီးတော့ ကောက်ရင် ဘယ်သူမှ မပြောနေပါဘူးနော်။ အခုလဲ မေးကြည့်တော့ လမ်းက
အဲ့လောက် မကောင်း ပါဘူးတဲ့။ မကောင်းရင် ဘာလို့ အဲ့လောက် ပိုက်ဆံကောက်နေရတာလဲ လို့ဆိုတော့
ကျောက်တောင်တွေကို အောက်အထိ ပေါက်အောင် လမ်းက တော်တော်လေး ဖောက် ထားရလို့ပါတဲ့။ ဒီလိုဖြေရှင်းမှုကိုတော့
လက်ခံပါတယ်။
တီက ရေတံခွန်ဆိုရင် နည်းနည်းကြောက်တယ်။
ငယ်ငယ် က ကျိုက်ထီးရိုး ကျောက်ထပ် ကို အောက်ကျောက်ထပ်အထိ လမ်းလျောက်သွားဖူးတော့ အဲ့ကတည်းက
မှတ်သွားပါ တယ်။ တခါ မန်းလေး အေးရှားဝေါလ်ဂိတ် ပြင်ဦးလွင်အတက် အစနားက ဒေါ်သီ သနှပ်ခါး
နတ်နန်းလေး မရောက်ခင်ဘေးကနေ ခွဲထွက်ရတဲ့ ဒီးဒုတ် ရေပြာဆိုလဲ ၁၂ ဆင့်ကို ရောက် တော့မယ်
ရောက်တော့မယ် နဲ့ တော်တော် အလိမ် အညာခံပြီး တော်တော်တက်ခဲ့ရဖူး ပါ တယ်။ အဲ့ကတည်းက ရေတံခွန်ဆို
သိပ်သတိထားတယ်။ ပင်ပန်းဆင်းရဲမယ့် အလုပ်တွေ ဘာမှ မလုပ်ချင်ဘူး။ (ထားသခင်မလေးက ငယ်ငယ်လေး
ကတည်းက လက်ကျော်မတင်း နေလာရတာဆိုတော့ ငဲငဲ)
လမ်းမှာ ခုနက ရှမ်းခေါက်ဆွဲစားလာတာရယ်
ခဏနေ မေမြို့ရောက်ရင် ထပ်စားဦးမှာနဲ့မို့ အများကြီး မမှာဖြစ်ဘဲ သူငယ်ချင်း အကြံပြုတဲ့
ဒေသထွက်ကော်ဖီ တယောက်တခွက်ရယ်၊ ငှက်ပျော်သီး နွားနို့နဲ့ ဖျော် Milk Shake ရယ် ချိစ်
ဆင်းဒွတ်ရှ် တပွဲရယ် စားကြပါတယ်။
သည်ဗျူးမှာ သဘောကျမိတာကတော့
ဝန်ထမ်းတွေရဲ့ အက်တီကျူပါပဲ။ အင်မတန်ကို ရည်ရည်မွန်မွန်ရှိပါတယ်။ တခုပဲ အပြင်မှာ
မိုးတွေရွာထားတော့ ခုန်တွေက စိုနေတယ်။ သို့သော် ဗျူး လှလှ မြင်ချင်ရင် အပြင်မှာ
ထိုင်မှသာရမှာမို့ (ဒီလောက် အဝေးကြီး လာခဲ့ပြီး မှတော့လဲ အထဲမှာတော့ မထိုင်ချင်ဘူးလေနော်)
အပြင်မှာ ခုန်သေးလေး ချပေးပါဆိုတော့ အဆင်မပြေဘူးဖြစ်နေတယ်။ ခုန်အပိုမရှိတာကော ချပေးလိုက်ရင်
လမ်းပိတ်မှာ စိုးတာ ရောပေါ့။ သို့သော် ရေတဝက်စိုနေတဲ့ ခုန်တွေကို ရေသုတ်ပေးလိုက်တော့
အဆင်ပြေသွား ပါတယ်။ ခုနက ပြောတဲ့ ဝန်ထမ်းတွေ အက်တီကျူ ကောင်းကြတယ်ဆိုတာ အဆင်ပြေ အောင်
စီစဉ်ပေး နေတဲ့ တလျောက်လုံးက အပြောအဆို အမူအရာတွေကို ဆိုလိုတာပါ။ မျက်နှာ တချက်
ပျက်တာ မဲတာ မရှိပါဘူး။ စားသုံးသူလဲ ကျေနပ်တာပေါ့။
ခုနောက်ပိုင်းတွေ့နေရာတာတွေက
ကပ်စ်တမ်မာ ဆားဗစ် ညံ့ကြတာပါ။ ဆို်င်ရီဗျူးတွေ ရေးရင် မကောင်းတဲ့ ဆိုင်တွေအကြောင်းလဲ
ဝေဖန်ချင်ပါသေးတယ် သွားစားရမယ့် ဆိုင်မျိုးမဟုတ်ဘဲ ရှောင်ကြဉ်ရမယ့် ဆိုင်မျိုးပေါ့။
အားပေးမှာလား???) 
ဆိုင်က အင်တာနက် ဝိုင်ဖိုင်လဲ
ရှိပါတယ်။ သို့သော် ထုံးစံအတိုင်း ဝိုင်းဝိုင်းလည်ပေါ့လေ။ ကွကိုယ်ပဲ တယ်လီနော
လေး ထုတ်သုံးလိုက်တော့မှ အဆင်ပြေတော့တယ်။
ကော်ဖီ တခွက်ကို ပုံမှန်
၂၀၀၀ ပါ။ တီတို့က ခွက်ကြီးသောက်ချင်တယ်ပြောတော့ စီစဉ် ပေးပါတယ်။ သူက Double မရှိတော့
ခွက်အကြီးထဲ ထည့်ပြီး ၂ ခွက်စာ တောင်းလိုက် တာပေါ့။ Sandwich က တပွဲကို Cheese နဲ့
ရိုးရိုး ကို တပွဲ ၄၀၀၀ ပါ။ Banana Milk Shake က တခွက် ၃၅၀၀ ကတော့ ဈေးအနည်းငယ်ကြီးသလို
ခံစားရပါတယ်။ သို့သော် လဲသူ့နေရာ အပြင်အဆင်နဲ့ ဆိုရင် ယူတဲ့ ဈေးက တန်သလိုပါပဲ။
ဆိုင်မှာ စိတ်တိုင်းမကျစရာတခုတော့
ဖြစ်ခဲ့တယ် ဆိုင်နဲ့တော့ မဆိုင်ပေမယ့် ပေါ်လစီ နဲ့ ဆိုင်တာပေါ့။ အမေရိကတို့ ဥရောပတို့မှာဆို
စားသောက်ဆိုင်ကောင်းကောင်းတွေက ကလေးခေါ်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ လာရောက်စားသုံးတဲ့သူတွေအတွက်
“ကြီးစွာသော” စိတ် အနှောက်အယှက်ဖြစ်စေနိုင်လို့ပဲလေ။ တချို့မိဘဆိုတာတွေကလဲ ပိုက်ဆံတတ်နိုင်
လို့ ကလေးတွေသာ တပြွတ်မွေးထားတယ် ဘယ်လိုဆုံးမရမှန်းမသိကြ၊ အဲ့ဒီလို ဘောကျော့ ကလေးတွေကလဲ
အိမ်မှာ အလိုလိုက်ထားကျတော့ ပြောမနိုင် ဆိုမနိုင်တွေဖြစ်၊ လူကြားသူကြားထဲသွားရင်
ဘယ်လိုနေရမယ် ထိုင်ရမယ် ဆိုတာမျိုးက ဆုံးမထားခြင်းလဲမရှိ ဆုံးမရလောက်အောင်လဲအသိရှိပုံမပေါ်ဆိုတော့ကာ
ဆိုင်မှာ လာစားသောက်ကြတော့ ကလေးတသိုက်ခေါ်လာ၊ အော်ဟစ်ဆူညံ၊ ကလေးဘာသာ ဘာဝ ဆူညံတာ သဘာဝကျတယ်
အဲ့တာကြောင့် ခေါ်လာမယ်ဆို ကိုယ့်ကလေးကြောင့် သူများ အနှောက်အယှက်မဖြစ်အောင် ထိန်းနိုင်ရမယ်
မထိန်းနိုင်ရင် အိမ်မှာ ထားခဲ့ သင့်တယ်။ အဲ့တာကြောင့် အထက်က ပြောခဲ့တာ အဆင့်ရှိတဲ့
စားသောက်ဆိုင်တွေက နိုင်ငံကြီးတွေမှာ ကလေး ခေါ်ခွင့်မပေးဘူးဆိုတာ ဆိုင်ရဲ့ စားသုံးသူအပေါ်ထားတဲ့
ဂရုစိုက်မှုကိုပြတဲ့ ပေါ်လစီ ပါပဲ။ ဒါက စားသောက်ဆိုင်နဲ့ ကြုံလို့ပြောတာပါ။ လေယာဉ်
စီးတဲ့ အခါ ခရီးသွားတဲ့အခါ ဘတ်စ်တွေပေါ်မှာ ခဏခဏ ကြုံရပါတယ်။
နောက်ထပ် စိတ်တိုင်းမကျတာ
တခုက ယင်ကောင်တွေ သိပ်များတာပါပဲ။ ယင်မမည်းကြီး တွေတောင်လာပါတယ်။ ဖယောင်းတိုင်တော့
တောင်းတော့ လာထွန်းပေးပါတယ်။ သို့သော်လည်း ယင်ကောင်ကို မတွန်းလှန်နိုင်ပါဘူး။ အဲ့တော့
သာယာနေသော အက်မော စဖီးယားလေးက ယင်ကောင်လေး တလူလူ နဲ့ပေါ့လေ။ သူငယ်ချင်းနဲ့တောင် မန်းလေး
ကနေ တက်လာရင် လမ်းပေါ်မှာ ပြောဖြစ်ပါသေးတယ်။ မေမြို့အပြင်က ဒီဇင်ဘာ ခြံ ဆိုလဲ ယင်ကောင်တလောင်းလောင်း
နဲ့ စားရတာတောင် ရွံပါတယ်။ တခါတခါ သွားစား ချင်စိတ် ဖြစ်လို့ ယင်ကောင်တွေအကြောင်းတွေးမိရင်
သွားချင်စိတ်တောင် ပျောက်ပျောက်သွား ပါတယ်။ ဆိုင်ရှင်တွေဒီကိစ္စကို တခုခုတော့ လုပ်သင့်ပါတယ်။
ခြုံပြီးပြောရင်တော့ သည်ဗျူးသည်
ရီဗျူး တခုတ်တရ လာရေးရလောက်အောင်တော့ ဗျူးက တန်ပါတယ်။ တီ့ စာဘတ်ပိတ်သတ်တွေလဲ ကြုံရင်
တခါလောက်တော့ ဝင်လည် ကြည့်သင့်တယ် လို့ ရက်ကောမန် လုပ်ပါတယ်။
အားလုံးကို စားစေချင်တဲ့
တီချမ်း     





ပါလီလို (၂)

ဒီတခေါက်တော့ သိပ်များများရေးစရာမရှိပါဘူး။ အဓိက က ပါလီယိုသည် ရှော့ပင်း အထရက်ရှင် တခုသာဖြစ်ပြီးတော့ ယိုးဒယားများ၏ ပိုက်ဆံရှာမှုပုံစံကွဲတခုသာဖြစ်ပါတယ်။ သူတို့ က ရှော့ပင်းစန်တာ ကိုရိုးရိုးမလုပ်ဘဲ မြို့ကလေးလိုလုပ်ထားတာပါ။ ကွမ်ပေါင်း တခုလုံးက ရှော့ပင်းအတွက် သီးသန့်မဟုတ်ဘဲ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ အပြင် စားသောက်တန်းလိုမျိုး ကော်ဖီတွေအအေးတွေရောင်းတဲ့နေရာ လိုမျိုး နောက် အပန်းဖြေစရာ နေရာ (ပုံတွေကို ရှုပါ) ဓါတ်ပုံ ရိုက်စရာနေရာလေးတွေ လုပ်ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာပေါ့။ မြန်မာပြည်လို ရောင်းသူ ရောင်းသူများသာမကပေါ့လေ။ ပစ္စည်းရောင်းတာပါပဲ သို့သော်သူက သက်သက်ကြီးရောင်းတာမဟုတ်ပဲ လမ်းကြုံ လည်ရင်း ဝင်ဝယ်သွားပါအုံးဆိုတာမျိုးပေါ့။ စထတစ်ဂျစ်ဖြစ်တယ် ပြောရမယ်။ ဒီမှာ ကိုယ်သတိထားမိတာ နောက်တခုက အဲ့တာပဲ တနိုင်ငံလုံးက ရှော့ပင်းကို ဦးစားပေးတယ် ပြောရမလား အားပေးတယ် ပြောရမလား ကိုယ်တို့ ရုံးနားမှာဆိုလဲအဲ့လိုပဲ ရုံးအများစုက ကွမ်ပေါင်းဘေးဒင်းကြီးတွေ သို့ အဲ့လိုတွေ နားမှာ ဘီတီအက်စ်တွေနားမှာ စုနေတတ်ကြတယ်လေ။ အဲ့လိုပဲ အဲ့လို ရုံးစုရပ်တွေကို မီပြီးတော့ စားသောက်ဆိုင်တန်းတွေပေါ်လာတယ် အဲ့တာတွေနားမှာ နေ့လယ် ထမင်းစားချိန်အမီရောင်းတဲ့ လမ်းလျောက် ရှော့ပင်းဧရိယာတွေပါ ပေါ်လာတာပဲ။ အများကြီး ရှိတယ် အံမယ် ရုံးတက်လူတန်းစားကလဲ မဝယ်မရှိဘဲနော် နေ့တိုင်း ကြိတ်ကြိတ်တိုး စည်းကား လူတွေများ အဝယ်များနေကြတာပါပဲ။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲပြောရမလား။ ထားတော့။


ကြေးသွန်းရုပ်လေးတွေပါ ဓါတ်ပုံရိုက်ဖို့ သက်သက်လုပ်ထားပေးတယ်ထင်တယ်။ ဘာအထိန်းအမှတ်မှတော့ ဟုတ်ဟန်မတူဘူး။ ကိုယ်မသိတာလဲဖြစ်နိုင်ပါတယ်လေ။ သို့မဟုတ် အီတလီ မြို့လေးနဲ့တူအောင် လုပ်ထားတာလားမှ မသိတာ ဥပမာ ကိုယ်တို့ မက္ကစီကို သွားတုံးက ဆို လမ်းပေါ်မှာ အဲ့လို ဘာညာဘာညာ ကြေးသွန်းရုပ်တွေ ခုံတွေ များမှများ။ အနုပညာပေါ့။ ပြောသားပဲ သူ့အရပ်နဲ့သူ့ဇာတ်ပါဆို။ အော် မေ့တော့မလို့ နောက်မှာ သတိထားကြည့်……………. တွေ့လာ?

တွေ့တယ်နော်။ ဒီလို ခုံတန်းလေးတွေလဲရှိတယ်။ ဟိုဟိုဒီဒီ လျောက်ပုံရိုက်ဖြစ်ကြတာပါပဲ။ ဝယ်စရာတော့လဲ ထွေထွေထူးထူး မတွေ့တာပါတယ်။ သူ့ဆီမှာ ရောင်းတဲ့ ပစ္စည်းအများစု ဘန်ကောက်ထဲမှာ ဝယ်လို့ရတာမျိုးတွေပဲ။ နိုင်ငံခြားက လာတဲ့ သူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းမှာပါ။ နောက်ပြီး အီတလီနဲ့ ဆိုင်တာမျိုး ရောင်းတာလဲ မတွေ့ဘူး၊ တခြားနိုင်ငံတွေမှာဆို အဲ့လိုရှိတယ်လေနော်။ တရုတ်တန်းရောက်နေရင် ဘယ်နိုင်ငံက တရုတ်တန်းဖြစ်ဖြစ် တရုတ်ပစ္စည်းတွေကိုတွေ့ရမယ်။ ခုတော့ ဒီလိုမဟုတ်။ ထားတော့။ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာလေးတွေတော့ ကြိုက်တယ်၊ ပထမပုံကိုကြည့် တံတားလေးလေ အောက်မှာ ရေတွေလဲရှိတယ်။ ကြည်ကြည်လေးတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရပါတယ်လေ။ နောက် ဒုတိယ ပုံကိုကြည့် မိုက်တယ် တွေ့လား အဲ့နေရာကိုရောက်ဖို့ အိမ်ကြို အိမ်ကြားကနေတက်ရတာ တကယ့် အီတလီလိုပဲ သို့သော် ညစ်တော့ ညစ်ပတ်မနေ။ နောက် တတိယ ပုံက ကွက်လပ်ကိုကြည့် မိုက်တယ်နော်။ ဇိုကိုလို လိုလို ဘာလိုလိုနဲ့။

ခုနက ကွက်လပ်ပဲ အန်ဂယ်မတူတာ ဓါတ်တိုင်ကတော့ တူတူပဲတွေ့လား။ ကော်ဖီသောက်နေကြသော မောင်နဲ့ ကိုယ်။ ဒေါ်သလင်းက အိမ်သာလားမသိဘူး ခဏသွားတာ ပုံမှာ သူမပါဘူး။ ဟိဟိ။ စကားမစပ် ဒုတိယ ပုံမှာ သေချာကြည့်ပါ ကိုယ့်လက်ကလေးတွေလှမှလှပဲနော်။ မြန်မာနိုင်ငံမှာ စိုးစိုးပြီးရင် အလှဆုံး ဟိဟိ။ သူကတော့ မင်းသမီးမို့ အလျော့ပေးလိုက်မယ်။

ဒါတွေကတော့ နောက်ထပ် ကိုယ့်လက်ရာ ပန်းပို့ထရိတ်တွေပါ။

တူတူညီညီ များကြသည်…………….ပဲ………………

နောက်ထပ် နောက်ထပ် ပန်းပုံတွေ။ အရင်ကလို ပန်းကဗျာတွေ ရေးချင်ပေမယ့် ပန်းနာမည်မသိတာရယ် အင်စပရေးရှင်း မရတာရယ်ကြောင့်မရေးဖြစ်ပြန်ဘူး။ ခက်တာပဲ ကဗျာ ရေးတယ်ဆိုတာကလဲ ဖီလင်လာမှလေနော်။ အချိန်များများ နားရရင်တော့ ရေးဖြစ်မယ်ထင်တာပဲ။

ဒါကတော့ ပါလီယို က ပြန်ထွက်လာပါပြီ။ ကားပတ်ခ် မှာ ရိုက်ထားကြတာပါ။ ကားပတ်ခ်ကတော့ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ နေတော့ တော်တော်ပူတယ် အဲ့နေ့က သီချင်းတပုဒ် ကိုတောင် သတိရမိသေးတော့တယ်။

xxxxxxxxxxx……. နေပူပူ ဆန်းဒေး နေ့တနေ့မှာ ကွယ်…….ပါလီယိုလမ်းထဲ လျောက်မိပြန်တယ်………….xxxxxxxxxxx

နောက်နေ့မှာ ခေါဝ်ရိုဝ် အကြောင်းဆက်မယ်နော်…….ဝိုင်ခြံ အကြောင်းလဲ ကျန်သေးတယ်။ နောက်တပိုင်းတော့ ထပ်မျှော်အုံး။

A Chen
10:22 AM
Friday
27th Jan 2012
Bangkok

ပါလီယို နဲ့ ခေါဝ်ရိုဝ် သို့ အလည် တခေါက် (၁)

ကဲ ဒီခေါက်တော့ တီချမ်း ခရီးသွားတာလေးတွေ ရေးပါအုံးမယ်နော်။ အရင်ကလဲ အလုပ်နဲ့သွားတာ အပျော်သွားတာ ဘာဘာညာညာရေးတတ်ပါတယ်။ ပုံလေးတွေလဲ ဝေဝေဆာဆာနဲ့ပေါ့လေ။ ခုခရီးကလဲ သွားထားတာ ကြာပါပြီ သူငယ်ချင်း အမကြီးတယောက်နဲ့ (သူက ဒီမှာ ခရီးသွားအေဂျင်စီ တွေဘာတွေနဲ့ အရှုပ်တွေလုပ် အဲလေ အလုပ်တွေ လုပ်နေတဲ့သူပါ) သူ့ကိုပဲ စီစဉ်ခိုင်းရတာပါ။ ကားတွေ ဘာတွေကအစပေါ့။ သူနဲ့ ဆက်သွယ်ချင်ရင်တော့ ဒေါ်သလင်း ကိုဆက်သွယ်နိုင်ပါတယ်။ ဒီပိုစ့်ကိုလဲ သူ့ဘလောခ် အတွက်ရေးပေးမယ် ပြောထားတာပါ။ ကြာဆို လွန်ခဲ့တဲ့ နှစ်ကတည်းကပေါ့။ နှစ်ကုန်ပိုင်းကျတော့ ကိုယ်လဲ အလည်တွေလွန် အလုပ်တွေရှုပ်နဲ့မရေးဖြစ်ပါဘူး။ ကြားထဲမှာ တခြားဟာတွေ စိတ်ပါတာလျောက်ရေးနေတာလဲ ရှိတော့ ကိုယ့် ဘူဆန် ခရီးတောင် ၂ ရက်ထဲနဲ့ ရပ်ထားတာပါ။ အရင်ကတော့ ခရီးတွေ ထွက်ရင် ရေးချင်တယ်။ ခုတော့ ခရီးထွက်တာများလို့ မရေးချင်ဘူး။ စိတ်ကလဲ ခက်ပါတယ်။ သူ့အလိုလိုပါမှ ရေးလို့ ထွက်တာကိုးလေနော်။ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းကဆို နိုဝင်ဘာကလဲ ဘန်ကောက်မှာ ရေတွေကြီးလို့ ရုံးက ၃ ပတ်လောက်ပိတ်တာနဲ့ ကိုယ်လဲ ခွင့်ရောယူပြီးတော့ ရန်ကုန်ပြန် တာ ငပလီ နဲ့ ကျိုက္ကထီးရိုး ရောက်ပါတယ်။ နောက်တခါ ဒီဇင်ဘာလ ကျပြန်တော့ ဟော်လီးဒေးတွေ နဲ့ ဆက်ပြီး တခါ ခွင့်ထပ်ယူ တလနီးပါး မြန်မာပြည်ပြန် တောင်ကြီး အင်းလေး မန်းတလေး ထပ်ရောက်ပြန်ပါတယ်။ အဲ့တာတွေလဲ ကြုံတော့ တင်တာပေါ့နော်။ တောင်ကြီး နားက အသစ်ထပ်မံတွေ့ရှိတဲ့ သဘာဝ လှိုင်ဂူ ထန်စမ်းဂူ ဆိုတာလဲ ရောက်ခဲ့ပါသေးတယ်။ ခုတော့ ကြာလဲကြာနေတာနဲ့ မဖြစ်ဖြစ်အောင် ရေးပေးလိုက်တာပါ။ ဒေါ်သလင်းရေ ရောက်ရာအရပ်ကနေ ကျေနပ်တော့နော်။ ရေးမယ်ဆိုပြန်တော့လဲ ပစ်စလက်ခတ် မရေးချင်လို့ ပုံတွေပြန်ရှာ ပြန်စီ သေချာ ပြန်တင်ရပါတယ်။ ပုံတွေ က များနေတော့ ပိုစ့်ကို အပိုင်းလေးတွေ ခွဲပြီးရေးမယ် စိတ်ကူးတယ်။ စိတ်ရှည်လက်ရှည်သာ ဘတ်ကြပေတော့နော်။


ပထမဆုံး သွားမယ်နေ့ မနက်က အစောကြီးထပြီး လမ်းထိပ်ထွက်စောင့်နေတာပါ။ ထုံးစံအတိုင်း ဒေါ်သလင်းက နောက်ကျပါတယ်။ မနက်စောစော အိမ်ကနေ ၈ နာရီလောက်ထွက်ချင်တယ်ဆိုတာကို ၉ နာရီလောက်မှ ရောက်လာပါတယ်။ ထားတော့။ ပုံလေးတွေက ဆံပင်ညှပ်ထားခါစ မောင်ရယ် ကိုယ်ရယ်ပေါ့ (ကိုယ်ကတော့ မညှပ်ထားတော့ ညှင်းသိုးသိုးဖြစ်နေသလိုပဲ အဲ့တာတောင် ဆီနဲ့ ဖိထားတာ မမိုက်ဘူးဖြစ်နေတယ် အပြင်မှာ ပိုချောတယ်) နောက်ဆုံးပုံက အတူတူ အမှတ်တရ။ (စကားမစပ် အမှတ်တရ ကို အမှတ်တယ လို့ ရေးရင် သိပ်မုန်းပါတယ် နောက် ချစ်တရ် တို့ ဘာတို့ ရေးရင်လဲ အယမ်းမုဏ်းပါတရ်) ထားတော့။

ကိုယ်တို့ သွားတဲ့နေရာ က တကယ်တော့ ခေါဝ်ရိုဝ် (ခေါဝ်ဆိုတာက တောင် ရိုဝ် ဆိုတာက ကြီးတာကိုပြောတာ ယိုးဒယားစကားနဲ့ပေါ့ အဲ့တော့ တိုက်ရိုက်ဘာသာပြန်ရင် တောင်ကြီးပါပဲ။ ကိုယ်တို့ သွားဖို့ရည်ရွယ်ထားတာက အဲ့ဒီ က နေရှင်နယ် ပတ်ခ် ခေါ် သဘာဝ လူတွေ ထိန်းသိမ်းပြုပြင်ထားတဲ့ ပန်းခြံ ကိုသွားမှာပါ လမ်းမှာ ပါလီယို လို့ ခေါ်တဲ့ နေရာကို ဝင်ပါမယ်။ အဲ့ဒီ ခေါဝ်ရိုဝ်က နာခွန်ဝါချစီမ မြို့နယ် မှာရှိတာပါ နာခွန်နာယောခ် တို့ ဆာရာဘူရီ တို့ နဲ့ လဲ ဆက်စပ်နေပါတယ်။ အဲ့ဒီ တောင်ကြီး (လို့ပဲဆက်ရေးပါမယ်) နေရှင်နယ် ပတ်ခ် က ယိုးဒယားမှာ ဒုတိယအကြီးဆုံး သဘာဝထိန်းသိမ်းဥယာဉ်ပါ။ စတုရန်း ကီလိုမီတာ ၂ ထောင်ကျော် ကျယ်ပါတယ်။

ကဲ စထွက်တော့မယ် ဆိုင်းဘုတ်အပြာလေးတွေ့တယ်နော် အဲ့တာ ကိုယ့်အိမ်လမ်းထိတ်ပါ။ ဆွိုင်း ကော်လစ် လို့အမည်တွင်ပါတယ်။ ဆွိုင်းဆိုတာ ဒီမှာ လမ်းသွယ်ကိုခေါ်တာပေါ့။ ဖရာထိုင်း ဆိုတဲ့ အရပ် ရချထီဝီ မြို့နယ် မှာ နေပါတယ်။ ဒုတိယ ပုံကိုကြည့်ပါ ဆာရာဘူရီ ဘက်ကို ဦးတည်သွားပါတယ်။ ဆိုင်းဘုတ်ကို သေချာကြည့်ရင်တွေ့မယ် အယုဒ္ဓယဘက်ကို သွားတာနဲပ တဘက်တည်းပါပဲ။ လမ်းမှာသာ ပြန်ခွဲသွားတာပါ။ တတိယပုံကတော့ ဒေါ်သလင်းပါ သူက သူ့ပုံတွေ မထည့်နဲ့ ပြောပါတယ်။ တီကတော့ ထည့်မှာပဲ။

ပုံမှာပါတဲ့ နာရီကိုကြည့်လိုက်ပါ ထွက်ခွာလာတာ တနာရီ မိနစ် ၂၀ လောက်ရှိပါပြီ မောင်ကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ။ တတိယပုံကတော့ လမ်းမှာ ရပ်ပြီး ကားလဲ ဆီဖြည့် လူလဲ ဆီဖြည့်ပါ။ ပြောချင်တာ တခုရှိပါတယ်။ ယိုးဒယားမှာ လူတွေ သွားလာရေး လမ်းပမ်းဆက်သွယ်ရေးတွေကွန်မြူနီကေးရှင်းတွေအကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အမှန်က နိုင်ငံတနိုင်ငံမှာ အဲ့တာတွေက အဓိက ကျတယ်လို့ကိုယ်မြင်ပါတယ်။ အဲ့တာတွေ လုပ်ပေးနိုင်လို့ ပြည်သူတွေ အဆင်ပြေရင် နိုင်ငံ တိုးတက်ဖို့ အစပါပဲ။ ယိုးဒယားက အဲ့တာတွေသိပ်အဆင်ပြေပါတယ်။ လမ်းတလျောက် ဆီဖြည့်ဖို့ နေရာတွေ အများကြီး ရှိပါတယ်။ နေရာတိုင်းမှာလဲ နားနားနေနေ လူတွေအဆင်ပြေအောင် ၇-၁၁ လိုမျိုးဆိုင်တွေ ဘလက်ကင်ညွန် လိုဆိုင်တွေ S&P လိုဆိုင်တွေ ရှိပါတယ်။ နားလို့လဲ ရ ရှော့ပင်လဲ မလွတ်စေရ။ ရောင်းတဲ့လူလဲရောင်းရ ဘယ်လောက်ကောင်းလဲ။ ရှော့ပင်ဆိုလို့ ဒီနိုင်ငံ က အစိုးရက ရှော့ပင်ကို သိပ်အားပေးပါတယ်။ ကိုယ်မှတ်မိတာပြောအုံးမယ်။ ခရီးပိုစ့်ဆိုပေမယ့် ဆိုင်ရာဆိုင်ရာနေရာတွေမှာ နိုင်ငံအကြောင်း ကိုယ့်အမြင်တွေလဲ ထည့်ရေးသွားပါမယ်။ ကိုယ်ဒီရောက်တာ ၃ နှစ်ရှိပါပြီ။ ပထမ တနှစ်ကတော့ သိပ်သတိမထားမိသေးပါဘူး။ ကိုယ်လဲ သွားလိုက်ပြန်လိုက် များနေတာနဲ့ပါ။ ဒုတိယ နှစ်မှာတော့ ၄ လပိုင်းမှာ သူတို့ အဖြူအနီတွေ ဖြစ်ကြတော့ သိနေပါပြီ။ အဲ့မှာ အဲ့ဒီအဖြစ်အပျက်တွေပြီးတော့ အစိုးရက ဘာလုပ်ပေးလဲဆိုတော့ ပိတ်ရက်တွေအစားပြန်ပေးတာမျိုး၊ အခွန်တွေ လျော့ပေးတာမျိုး လုပ်ပြီး နိုင်ငံ့ အရောင်းအဝယ်ကို ပြန်တက် လာအောင်လုပ်ပေးပါတယ်။ စတာစတာတွေပေါ့။ တစွန်းတစ လေ့လာမိတာလေးတွေပါ။ နိုင်ငံရေးကို သိလှလဲ မဟုတ်ပါဘူး။ ထားတော့။ တော်ကြာ သားစိုးလို လူသိရှင်ကြားတောင်းပန်နေရအုံးမယ် အစကတည်းက တီချမ်း
ဆိုစောင့်ကြည့်တဲ့သူတွေက များနေတာ တခုခုမှားတာနဲ့ ဝိုင်းပြောကြမယ်ဆိုတာချည်းပဲ ကြောက်လို့တော့ မဟုတ်ပါဘူး။ လာထားပဲ။

မောင်က ဘာစားတာလဲ မမှတ်မိတော့ဘူး။ ငါးလုံးကြော်ထင်တယ်။ တုတ်နဲ့ထိုးပြီး ကင်တာလား ကြော်တာလား တခုခုပဲ ကိုယ်ကတော့ ဝက်သားပေါက်စီလေးစားတယ်။ နောက် အိုက်ခရမ်လဲ စားကြသေးတယ်။ ရေတွေ ကျွဲရိုင်းတွေ ဆက်လက်ရမယ့် ခရီးအတွက် ရိက္ခာတွေ ဝယ်တယ်။

နောက်တခါ ထပ်ပြီး ခရီးဆက်ကြရပြန်ပါတယ်။ ကြည့်ပါအုံး လမ်းခရီးက သာလိုက်တာ လမ်းတွေဆိုတာ ၁၀ လမ်းသွားတွေလား ၁၂ လမ်းသွားတွေလား ဖြူးနေတာပဲ နိုင်လွန်ကတ်တရာဆိုတာ ကိုယ့်နိုင်ငံမှာ မဲမဲ ပျော့ပျော့ နေပူရင် ဘေးကို ပျော်ထွက်တာမျိုးပဲ မြင်ဖူးတဲ့ ကိုယ့်အတွက်တော့ အရာရာဟာ အထုးအဆန်းတွေချည်းပါပဲလေ။ အော် လမ်းကိုဒီလိုကောင်းအောင်လဲ ခင်းလို့ ရတာလားပေါ့လေ ကိုယ်တို့ နိုင်ငံက လမ်းတွေက တော့ ဘယ်အစိုးရပဲ တက်တက် ပျက်အစဉ် ပြင်ခဏခဏ ပြင်ပြီး ပြန်ပျက်လဲ ခဏခဏ ထပ်ပြင်လဲ ထပ်ပျက် ခဏခဏ ဖြစ်နေတာပါလားပေါ့။ ရုပ်ရှင် သမားတွေ ပြောသလို နည်းပညာ အားနည်းတာမဟုတ်ပါဘူး မြန်မာပြည်ကလဲ အင်ဂျင်နီယာတွေအများကြီးထွက်တာကိုးနော်။ (စလုံးရောက်ကုန်တာတော့ တဘာသာပေါ့) နည်းပညာအားနည်းတာ မဟုတ်ရင် ပစ္စည်းပိုင်းအားနည်းလို့ပေါ့လို ရိုးရိုးလေးပဲ တွေးထင်ခဲ့တာ ဆရာသမားတယောက်ပြောမှ ကိုယ်လဲ ဟင်ဖြစ်သွားပါတော့တယ်။ သူပြောတာကတော့ ခဏခဏပျက်မှ လမ်းပြင်လုပ်သား မြူနီစီပယ်တွေအလုပ်ရှိမှာပေါ့တဲ့။ အော် အင်း…….ဟုတ်သား ဟုတ်သလိုလိုပဲ ပေါ့။ ထားပါ။ နိုင်ငံရေး အကြောင်းသိပ်မသိပါဘူး။ မသိဆို လမ်းပျက်တာ နိုင်င့ရေးနဲ့ ဘာဆိုင်သလဲနော်။ မီးပျက်တာလဲ မဆိုင်ပါဘူးပေါ့ ခုတော့ မီးပျက်တာလဲလွှတ်တော်ထဲမှာ ပြောနေကြ လမ်းပျက်တာလဲ ပြောနေကြတော့လဲ အော် ဒီမိုကရေစီ နိုင်ငံရေးနဲ့တော့ အဲ့တာတွေက ဆိုင်မယ်ထင်ပြန်တာပဲပေါ့နော်။ (အင်း နီးတော့ နီးနေပြီထင်တယ်) အို ဘာတဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အချက်ဘယ်လောက်ဆိုလား……….တော်ပြီ တော်ပြီခရီးထွက်တဲ့ အကြောင်းပဲ ဆက်ရေးတော့မယ် ကိုယ်ကအဲ့လိုပဲ တောင်ဆို မြောက်ရောက်တတ်လွန်းလို့ ။ တွေ့တယ်မှလား လူပျင်းတွေကတော့ ကားပေါ်ရောက်တာနဲ့ အိပ်တော့တာပဲ ပတ်ဝန်းကျင်လေ့လာရမှန်းလဲမသိ အဲ့တာကြောင့်လဲ မတိုးတက်တာနေမှာ။

ဟော……ရောက်ပါပြီလမ်းမှာဝင်မယ့် ပါလီယို ဆိုတဲ့နေရာ ဒီနေရာမှာ အဲ့ဒီ ပါလီယိုလျောက်လမ်း palio walking street သူက ခုနက ဆာလာဘူရီ ဘက်ကိုသွားတဲ့ လမ်းတဝက်လောက်မှာ ရှိတာပါ။ခေါဝ်ရိုဝ် (တောင်ကြီး မေ့မှာစိုးလို့) ဘက်ကိုသွားလို့ရှိရင် အသွားမှာ ဝင်ရင်လဲရသလို အပြန်မှာ ဝင်ရင်လဲ ရပါတယ်။ လမ်းပေါ်မှာပဲ ရှိတာပါ။ သိပ်လဲအထင်ကြီးမနေကြပါနဲ့။ အမှန်ကတော့ ပါလီယို ရှော့ပင်း street လို့ပြောရင်တောင် ပိုမှန်မယ်။ သူက အဲ့ဒီနေရာ ကွက်ကွက်ကလေးကို အီတလီ ပုံစံမြို့ငယ်လေးတခုလိုလုပ်ထားတယ်။ အဆောက်အဦးတွေ လမ်းတွေ ကွက်လပ်တွေ က အစပေါ့။ နောက် သူက ဆောက်ထားတာ သိပ်မကြာသေးဘူး။ အသစ်ပေါ့။ အရင်ကတော့ ဝင်ကြေးကောက်တယ်ပြောတယ်။ ကိုယ်တို့ သွားတော့ ဝင်ကြေးမကောက်တော့ဘူး။ ပုံမှာပြထားတာ နောက်ဘက် ကားပါကင်နားပါ။ ဝင်ပေါက်ကတော့ အများကြီးပဲ ဘယ်ဘက်က ဝင်ဝင်ရတယ်။ မြေပုံလေးတွေရှိတယ်။ You are here ဆိုတာမျိုးလေ။ ရှော့ပင်းတွေကတော့ အစုံပါပဲ။ ပြောရမယ်ဆိုရင် ပစ္စည်းအများစုက ဘန်ကောက်နားက ချပ်တူချပ်မားကက်က နဲ့တောင်တူသေးတယ်။ ဆူဗီးနီးယားလေးတွေ၊ အင်္ကျီ အဝတ်အစားတွေ။ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တန်းတွေရှိမယ် မနက် ၁၀ နာရီ ကနေ ည ၁၀ နာရီ အထိဖွင့်ပါတယ်။ စတိုးဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး စတားဘတ်ခ်စ် ကော်ဖီဆိုင်လဲရှိပါတယ်။ ခုနောက်ပိုင်းမှာ အီတလီ လမ်းကြားဆိုပြီး နာမည်ကြီးလာတာပေါ့။ သူက ထူးတာကတော့ ဓါတ်ပုံရိုက်စရာနေရာလေးတွေပါ လုပ်ထားပေးတယ်။ စားသုံးသူ ကိုစွဲဆောင်နည်းတမျိုးပေါ့။ ပြီးတော့ သူက ခေါဝ်ရိုဝ်ရဲ့ အောက်လက်ရွာလို့လဲ နာမည်ပေါက်သေးတယ်။ အင်း…..ကိုယ်သတိထားမိတာနောက်တခု။ ဒီက ဘန်ကောက်အပြင်ဘက်က မြို့ သေးသေး တော်တော်များများမှာ အဲ့လို outlet ဆိုင်လေးတွေတော်တော်များများရှိတယ်။ ဥပမာ ဖက်ထရားတို့ ဖူးကက်တို့ ဟွာဟင်တို့လို ကမ်းခြေ မြို့တွေမှာ ရှိတတ်သလို ချင်းမိုင်လို တောင်ပေါ်မြို့ မျိုး မဲစောက်လို နယ်စပ်မြို့တွေမှာလဲ ရှိတတ်တယ်။ ဖော်ရိန်နာများတာရယ်၊ export import များပြီး demand များလို့လဲဖြစ်နိုင်တယ်။ အဲ့ဒီ စက်ရုံတွေမှာ လုပ်နေတဲ့ လူများစုကတော့ ဝမ်းနည်းစရာကောင်းစွာနဲ့ သိသာစွာ ကိုယ်တို့ မြန်မာလူမျိုးတွေပဲပေါ့။ ကိုယ့်အတွေ့အကြုံအရတော့ ဒီက လူတွေက ကိုယ်တွေထက်ယှဉ်ရင် အလုပ်လုပ်တာမှာ နည်းနည်းပိုညံ့ပြီးတော့ ပျင်းပေမယ့် ဒီလို လုပ်စားနေရာမှာကျပြန်တော့ ပိုတော်နေပြန်ရော်။ ဥပမာ လက်ဖြစ် handy crafts လေးတွေ၊ နောက် ဒီလို မဟုတ်တာကို အဟုတ်လုပ်ပြီး ဈေးရောင်းနည်းလေးတွေ တော့ သူတို့မို့လို့ စဉ်းစားတတ်ပလေ လို့ ပြောရမလိုပဲ။ ဖတ်ထရားနားက ရေပေါ်ဈေးလိုဟာမျိုး ဟွာဟင်က နှစ်တရာ မြို့ဟောင်း ဆိုတာလိုဟာမျိုးတွေဟာ တကယ်တော့ ရိုက်စားမှ တကယ့်ကို ရိုက်စားပဲ ရကောက်နဲ့ရော ယပလက်နဲ့ပါရိုက်စားတာပါ။ ထားတော့။ သူများနိုင်ငံ မကောင်းကြောင်းတွေ သိပ်မပြောချင်ဘူး။ ကိုယ့်နိုင်ငံကလဲ မကောင်းတော့။

အိမ်သာဆိုင်းလေးတွေက မိုက်လို့ တကူးတက ကိုရိုက်လာခဲ့တယ်။ နောက်တခုက အိမ်သာထဲက ဆိုင်းပါ ပြင်သစ်လိုပါရေးထားသေးတယ်။ ဒီနေရာမှာ အန်ပါထင်တယ် ဝေါ့……..နောက်တခု ပြောရမှာ ဒီကအများသုံး အိမ်သာ အများစုဟာ သိပ်သန့်တယ်ဆိုတာပါပဲ။ အေးလေ သူတို့ဆီမှာ ဗုံးတွေဘာတွေမပေါက်လို့နေမှာပေါ့။ အိုကိုယ်လဲ ဘာတွေပြောမိနေပြန်ပလဲမသိဘူး။ ထားတော့။ အိမ်သာက ဆိုင်းဘုတ်လေးတွေလှတယ် အိမ်သာလဲသန့်တယ် ဒီလောက်ဆိုရပြီ။

ဒါလေးတွေကတော့ ပန်းပုံရိုက်ရတာကြိုက်တဲ့ ကိုယ့်လက်ရာလေးတွေပါ။

ပထမပုံက နန်းညီအတွက်ဖြစ်ပါတယ်။ သူသိပ်ကြိုက်တဲ့ ပန်းချီဆရာရဲ့ ပုံကို ကော်ပီဆွဲထားတာပါ။ အလယ်ပုံက အိမ်သာထဲက ပန်းချီကားလေးပါ။ သဘောကျလို့။ အိမ်သာလေးက သန့်သန့်ရှင်းရှင်းလေးနဲ့ ပုံလေးတွေနဲ့ ဆိုတော့ တကယ့်ကို နာမည်နဲ့လိုက်အောင် တအိမ်လုံးမှာ အသာယာဆုံးပေါ့။ နောက်ဆုံးပုံကတော့ မြင်ကွင်းကျယ်နဲ့ရိုက်ထားတဲ့ ပုံပါ။ မောင်နဲ့ ဝင်ပေါက်ဘက်က တနေရာရာပေါ့။

ပထမပုံက အိမ်သာနားကိုသွားတဲ့ လမ်းကြားလေးပါ။ ပန်းတွေနဲ့ တွေ့လား ဘယ်လောက်သာယာအောင်လုပ်ထားသလဲ။ ဘေးပုံတွေကတော့ မြို့ငယ်လေးနဲ့ တူအောင်လုပ်ထားတဲ့နေရာလေးတွေပေါ့။ အောက်မှာလဲ ပုံတွေ ရှိသေးတယ်။နောက်နေ့ကျဆက်ပြီး အားပေးကြ ကြည့်ကြအုံး။

A Chen
2:03 AM
Monday
23th Jan 2012
Home
Bangkok

ရန်ကုန်-၄- (၁၈ ရက် ဇွန် ၂၀၁၀ခုနှစ် သောကြာ)

ရန်ကုန် ကိုပြန်ရောက်တဲ့ နောက်တနေ့ပါ မနက်ပိုင်း ဘာလို့လဲမသိဘူး ဂမုန်းပွင့်နားကို သွားတာ ဝေဖါတွေတွေ့တာနဲ့ ဝယ်စားမိတယ် ငယ်ငယ်က ကလေးဘဝ ကို သတိရလို့ပါ
ငယ်ငယ်က ဆို အဲ့ဒီ ဝေဖာ ကို သိပ်သိပ်သိပ် ကြိုက်လို့ သိပ်သိပ်သိပ်စားပါတယ် တော်တော်များများလဲ စားဖူးကြမှာပါ ဝေဖာလေးကို နို့ဆီ (ချက်နို့ဆီနော် ဗူးနို့ဆီတောင် မဟုတ်ဘူး) လေးတွေ သုပ်ပြီးတော့ အပေါ်မှာ အုန်းသီးခြစ်လေးတွေ ကပ်ပေးတာလေ မစားဖူးရင် ပုံကြည့် စားဖူးရင် ပုံကြည့်ပြီး သွားရည်ကျပေါ့ ခိခိခိ

ပြီးတော့ ပြန်ခါနီး ရိက္ခာယူတဲ့အနေနဲ့ ဒံပေါက်ဝယ်စားပါတယ် ရောက်ကတည်းက မစားရသေးတာပါ တေးထားတဲ့ လစ်ထဲမှာ သူလဲပါတယ်လေ ငှဲငှဲငှဲ ကိုယ်က ဒံပေါက်ကို ပေါင်နဲ့စားပါတယ် မောင်က ကြက်သားမစားတဲ့အတွက် အမေကြော်ပေးတဲ့ ဝက်ကုန်းပေါင်ရယ် ကြမ်မဆိုင်ချဉ်ဟင်းရယ် အိမ်နားက ဆိုင်ကနေဝယ်လာတဲ့ ဝက်သားဆီပြန်ရယ်နဲ့ စားပါတယ် (ဘေးက ချောချောလေးက မောင့်ပုံပါ အကြွားချပ်)

ညနေကျတော့ ကိုယ်ရောမောင်ပါ အသေကြိုက်တဲ့ ဝက်သားတုတ်ထိုးကို သွားစားကြပါတယ် ကိုယ်စားနေကြ မြေနီကုန်း ရွှေမန်း ရုပ်ရှင်ရုံနားက အဖိုးကြီး တုတ်ထိုးပါ အဖိုးကြီးက စာတတ်ပေတတ်ပါ ဘာလို့ တုတ်ထိုးရောင်းနေလဲတော့မသိပေမယ့် သူ့သားသမီး အကုန် တုတ်ထိုးရောင်းပြီး ကျောင်းထားခဲ့တာလို့ ဆိုပါတယ် တကယ်လဲ စားလို့အကောင်းဆုံးပါပဲ (ကိုယ်စားဖူးခဲ့သမျှ တုတ်ထိုးတွေထဲကပေါ့လေ ယုံလိုက်ပါ ကိုယ်စားဖူးခဲ့သမျှ ဆိုရင် တော်တော်များများ လို့ အဓိပ္ပါယ် ထွက်ပါတယ်နော့) အဖိုးကြီး ဆီမှာ စားရတာ ပျော်ဖို့ ကောင်းပါတယ် သူက ကိုယ့်ကိုဆိုရင် ချောလို့ ဆိုပြီးတော့ ရုပ်ရှင်မင်းသား မော်ဒယ်ဘွိုင်း လို့အမြဲလိုလိုခေါ်စ စပါတယ် လာသမျှ လူတွေ ကိုလဲ အဲ့လို ပြောပြီးမိတ်ဆက်လေ့ရှိပါတယ် (ကိုယ်ကလဲချောတာကိုးလေနော့် ဘယ်တတ်နိုင်မလဲ ညှင်းညှင်းညှင်း) နောက်တခုက အဖိုးကြီးက ခုနက ပြောထားသလို ပညာတတ်ပါ
ဥပမာ အချင်းဆိုရင် ပလယ်စင်တာ လို့ ပြောပြီးတော့ သရက်ရွက် ကို စပလင်း လို့ ပြောပါတယ် လစ်ဗာယူမလားလို့ မေးပြီးတော့ ထရက်ခီယာ လေးကော်လို့ မေးတတ်ပါတယ်
ကိုယ့်အကြိုက်ဆုံးကတော့ ထရက်ခီယာရယ် ပလယ်စင်တာရယ် မေးအောက်သားရယ် အရိုးနုရယ် ပါ
ကျန်တာတွေလဲ ကြိုက်ပါတယ် ဝက်ဆိုရင် အော်သံတောင်စားချင်တယ် ခိခိခိ

ဒါလေးကတော့ မြေနီကုန်း ဦးပြောင်ကနေဝယ်စားလိုက်ပါတယ် ဂွတ်ရှယ်………..
သီးစုံပဲကုလားဟင်းရယ် ကြက်ဆီပြန် ဝက်အသားနီလန် မအီအောင် ပုစွန်ချဉ်ခံ

နောက်မနက်ကကျန်တဲ့ ဝက်ကုန်းပေါင် နဲ့ ကြမ်မဆိုင် ပါပါလိုက်ပါသေးတယ် ဂွတ်ရှယ် ဆူပါရှယ် အသားကုန်ရှယ်ပဲ

ကဲ နောက်တခေါက်မပြန်ခင် အကုန်တင်ပေးလိုက်တာပါ လောလောဆယ်မှာ တင်ထားသလိုပေါ့နော်

လာမည့် ၁၇-၂၉ (အလုပ် ပလပ်စ် ခွင့်) မြန်မာပြည် ထပ်ပြန်ပါအုံးမည် စားစရာများ ကို သွားရည်ကျစရာ သေချာ ရိုက်လာကာ သေချာ တင်ပေးပါအုံးမည်
လာဘတ်သူများ အကုသိုလ် များကြရပေအုံးမည်ပေါ့
ကျန်းမာချမ်းသာ လန်းဖျာကြပါစေသောဝ်…………………

မန္တလေး-ရန်ကုန် (၁၆ ရက် ဇွန် ၂၀၁၀ ခုနှစ် ဗုဒ္ဓဟူးနေ့ည)

မန္တလေးကနေပြန်မယ့် ရက် မနက်က စားဖြစ်အောင် သွားစားလိုက်သေးတဲ့ မန်းမြီးရှည်ပါ
သေသေချာချာ သွားစားတဲ့အတွက် ကောင်းလွန်းစွာ အရသာရှိလှပါတယ် အစပိုင်း ကို အသုပ်စားပြီး ကုန်ခါနီးမှာ ဟင်းရည်တွေ ထည့်လိုက်တော့ အရည် ဖြစ်သွားပါတယ် နှစ်မျိုးလုံးကောင်းတာပါပဲ
ဒီတခေါက်ပြန်လို့ မန်းတလေး သွားဖြစ်ရင် သွားစားပါအုံးမယ်
ဖြစ်နိုင်ရင် နေ့တိုင်းတောင် စားချင်တာ တခြားဟာတွေ စားဖို့ အချိန်ပေးရလို့ ……..ဟင်းဟင်း (မကျေမချမ်း သံ)

အပြန်ခရီး ရဲ့ အညာ ပုံလေးတွေ ကားပေါ်ကနေ ရိုက်လာတာပါ အလွမ်းပြေပေါ့ အညာသူအညာသား ကျမဆွေမျိုးများအတွက်ပေါ့လေ (ခင်ခင်ထူးတွေ ဆန်လိုက်တယ် ညှင်းညှင်း)

ဒါလေးကတော့ လမ်းမှာ စားရတဲ့ ထမင်းဆိုင်လေးပါ အစကတော့ ခေါ်နေတာ မလာလို့ (ဆားဗစ် ညံ့လို့) မကောင်းရေးဖို့ ဆိုင်နာမည်ကို သေသေချာချာ ဓါတ်ပုံရိုက်လာတာပါ စာဘတ်သူတွေ ကို မကောင်းသတင်းပေးမလို့ပေါ့လေ သို့သော် ဘတ်…စားကြည့်တဲ့အခါမှာ အရသာ ကောင်းတာတွေ့ရလို့ အကောင်းပဲရေးပါတော့မယ် ဆားဗစ်ညံ့တာကတော့ မြန်မာ တပြည်လုံး လိုလိုဆိုတော့ ထူးပြီးရေးမနေတော့ပါဘူး

ကြည့်ကြည့်ပါ ဆိုက်ဒစ်ရှ်လေးတွေလဲများပါတယ် ကြက်ဟင်းခါးသီးကြော်ရယ် ချဉ်ပေါင်ကြော်ရယ် ခရမ်းသီးကြော်ရယ် ငါးနီတူ ခြောက်စပ်ကြော်လေးတွေရယ်ပါ တို့စရာကတော့ နည်းနည်းဂွမ်းတယ် မမိုက်ဘူး ငါးပိရည်လဲမကောင်းဘူး

ကိုယ်က ဆိတ်သားဆီပြန်နဲ့စားပါတယ် ဘေးကဟာက ပဲဟင်းရည်ပါ မောင်ကတော့ ဘာမှမစားပါဘူး

ဒါကတော့ ညလယ်ရောက်တဲ့ နေရာမှာစားတာပါ ကိုယ်က ပဲအီကြာ စားပြီးတော့ မောင်က ကြာဇံချက်စားပါတယ် ကော်ဖီကတော့ တယောက်တခွက်သောက်ကြတာပါ ပရီးမီးယား ကို ဖျော်ပြီး နှပ်ပြီးသားပါ မကောင်းပါဘူး အရမ်းချိုလွန်းပါတယ် နို့ဆီတွေ များပြီးတော့လေ မြန်မာ ဆန်ဆန်ပေါ့ ကိုယ်နဲ့တော့ မဖြစ်ပါဘူး ဒါတောင် ကိုယ်က အင်မတန်မှ ကို အချိုစားတာပါ ကိုယ့်အတွက်တောင် ချိုတယ်ဆိုတော့ ပြောမနေနဲ့တော့ ……….

ဒါလေးကတော့ မနက် ပဲခူးအရောက်မှာ စားတဲ့ မုန့်ဟင်းငါးပါ ဂွတ်ရှယ်ပါပဲ
အမြင်မလှသလောက် စားလို့ ကောင်းရှာပါတယ်
မန်းတလေး အပြန်ခရီး ကတော့ ဒီလောက်ပါပဲ

မန္တလေး-၂- (၁၅ ရက် ဇွန် ၂၀၁၀ ခုနှစ် အင်္ဂါ)

နောက်တနေ့မနက်မှာ မြို့ခံသူငယ်ချင်းတွေက အစောကြီး လာနိုးပြီးတော့ မနက်စာလိုက်ကျွေးပါတယ်
နန်းကြီးသုပ်လို့ ကိုယ်တို့ ရန်ကုန်မှာခေါ်တဲ့ သူတို့အခေါ် မန်းမုန့်တီပါ အဲ့ဆိုင်က အင်မတိအင်မတန်မှာ နာမည်ကြီးပါသတဲ့ အာဇာနည် ကတောင် ရန်ကုန်ကနေမှာစားလို့ မနက်လေယာဉ်နဲ့ထည့်ပေးရပါသတဲ့။ ထားတော့ -(၁) အာဇာနည် ကိစ္စ စကားစပ်မိလို့ ပြောပါအုံးမယ်

ဇူလိုင် ၁၉ တုံးက တချို့သူငယ်ချင်းတွေက ဂျီတော့ မက်စေ့ခ်ျမှာ အာဇာနည်နေ့လို ရေးထားကြပါသတဲ့ အဲ့တာကို ကလေးတချို့က ဘာလဲ ဒီနေ့ က အာဇာနည်ရဲ့ မွေးနေ့ လားလို့ မေးပါသတဲ့ ကျုပ်ကတော့ ဟစ်လို့သာ အော်ငိုချင်တော့တာပဲ ကိုယ်တို့ ဂျင်နရေးရှင်း ကိုဆိုးလှပြီထင်နေတာ ဒါကိုသာ ကိုယ်တို့အတွက် လုပ်နေတာ လို့ အော်နေကြတဲ့ လူတွေကြားရင် ဒန်းများစီးချင်ကြမလားဘဲနော်….ထားတော့ -(၂) ကိုယ်လဲ အဲ့လိုကြားရတာတော့ စိတ်မကောင်းပါဘူး…သူတို့လေးတွေက ဂဠုန်ဦးစောဆိုတာကိုလဲမသိကြဘူးဆိုရင်လဲ ကိုယ်ကတော့ အံ့သြမယ်မဟုတ်ဘူး………..

ကဲပါ လျှာရှည်တာ မကောင်းဘူး ဆိုင်တာပဲ ပြောမယ် အောက်မှာ ပုံတွေကိုကြည့်ကြပါ ပထမ ပုံက ကြက်သားဟင်းရည်ပါ ဒုတိယပုံက မနယ်ခင်ပေါ့ သူတို့ က ဖက်ရှင်လားတော့ မသိ ငါးဖယ်လုံးတွေ ထည့်ပါတယ် ရန်ကုန်မှာဆိုလဲ တချို့ဆိုင်တွေ ငါးဖယ်ကြော်ပြားကြီးတွေ ထည့်ကြပါတယ် ကိုယ်ကတော့ မကြိုက်ပါ ငါးဖယ်လုံးတွေ ကို သူငယ်ချင်းကိုပေးလိုက်တယ် စားလို့တော့ ကောင်းပါတယ် မဆိုးဘူးဆိုတာမျိုးပါ ကောင်းလှချည်လား ဆိုတာ မျိုးတော့ မဟုတ်ပါဘူး ထားတော့ -(၃)

စုစုပေါင်း သွားကြတာက ၄ ယောက် ၃ ယောက်က စားတယ် ကိုယ်က မဝလို့ နှစ်ပွဲစားတယ် ရှင်းမယ်ဆိုတော့ တပွဲကို ၁၅၀၀ ဆိုလို့ ပြန်တောင် အန်ပြီး အမ်းလိုက်ချင်စိတ်ပေါက်သွားတယ် ဘယ်တုံးကများ နန်းကြီးသုပ်တပွဲကို ၁၅၀၀ ဖြစ်သွားသလဲပေါ့လေ ငါများ မြန်မာပြည်ကို ပြန်မရောက်တာကြာလို့ ဘာမှမသိတော့တာလားပေါ့ ဒါမှမဟုတ် အခု က ၂၀၅၀ ခုနှစ်ရောက်နေတာလားလို့တောင် သူငယ်ချင်းကိုမေးလိုက်သေးတယ် ကုန်ဈေးနူန်းတွေ ဒီလောက်တောင်မြင့်တက်ကုန်ပြီလားပေါ့
ရန်ကုန်မှာ ဒံပေါက်တပွဲတောင် ၁၅၀၀ ပဲရှိသေးတယ် ကြက်ပေါင် ရင်ပုံ တခြမ်း တချောင်းလုံးပါတယ် ခုဟာက ကြက်သားဆိုတာ အမျှင်လေး မဖြစ်စလောက်နဲ့ ကဲကဲ ဆိုပြီး သက်ပြင်းကိုသာ ခပ်ပြင်းပြင်းချရင်း
ထားတော့ -(၄)

နောက်တခုပါ အားလုံးသိကြတဲ့အတိုင်း ဓညင်းသီးပါ သကြားလေးနဲ့ ပြုတ်ထားတာပါ အရမ်းကြီးမစေးပါဘူး မွှေးတေးလေးနဲ့ စားကောင်းပါတယ် ကိုယ်က ထုံးစံအတိုင်းစားချင်ပါတယ် မှာပါတယ် တွေ့တဲ့အတိုင်းပါပဲ ၇ လုံးတိတိပါပါတယ် မြန်မာငွေ ငဝက် ၅၀၀ ကျပ်ပါ ဆိုင်ရှင်က ပြောပါသေးတယ် အဆိုတော် ကြိုးကြာ က တခါလာရင် အလုံး ၅၀ စားပါသတဲ့ ကိုယ်က ဆယ်တန်း (အဲလေ တက္ကသိုလ် ဝင်တန်း)တုံးက သင်္ချာ ၉၇ မှတ်ရတဲ့အတွက် (အရင်ပိုစ့်မှာ ကြွားပြီးသားပါ) တွက်ကြည့်မိပါတယ် ၇လုံး ၅၀၀ အလုံး ၇၀ ၅၀၀၀ အော် ကြိုးကြာလေးက ၄ ထောင်ဖိုးလောက်တောင် ဓညင်းသီးစားတာပဲလို့လေ သူ့ရည်းစား ကိုယ်စားတောင် ကိုယ်က မဆီမဆိုင် စိတ်ပူမိပါသေးတယ် ထားတော့-(၅)…
ဒီလိုနဲ့ ကိုယ်တို့ ရွှေမန်းမြို့ရဲ့ မနက်စာမှာ ၆၅၀၀ ကျပ် ရှင်းလိုက်ရပါတယ် ရှိစေတော့ ရှိစေတော့ ကိုယ့်အပြစ်နဲ့ ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း လေနော်…………ထားတော့-(၆)

အဲ့တာစားပြီးတော့ ကိုယ်က ထုံးစံအတိုင်းပါပဲ လက်ဘက်ရည်မပါရင် လူက အူကြောင်ကြောင်ဖြစ်နေတတ်တာမို့ အလုပ်ကိစ္စတွေ ဘယ်မှမသွားရသေးခင် လက်ဘက်ရည် ရှာသောက်ရပါတယ် လက်ဘက်ရည် ပုံတော့ ပြန်မတင်ပေးတော့ဘူး ဖြူပြာတို့ မူယာတို့ရဲ့ အကို စမူဆာ နဲ့ ကော်ပြန့်နည်းနည်း စတိ တုတ်လိုက်ပါသေးတယ် ဒါတော့ ကောင်းတယ်ဆရာ ဘာမှအပြစ်မပြောလို ထားတော့-(၇)

နေ့လည်က ဘာစားလဲ မမှတ်မိပါ ပုံလဲမရှိဘူး ဒီတခေါက်ခရီးက လေယာဉ်ပေါ်က ဆင်းကတည်းက စားသမျှ ကို ဓါတ်ပုံနဲ့ မှတ်တမ်းတင်တာနော် တချို့ကျတော့ ဖုန်းနဲ့ ဒါပေမယ့် အပ်လုတ် လုပ်တုံးက အဆင်မပြေလို့ မတင်ရဘူး ထားတော့ -(၈)

ညနေကျတော့ ညနေစာမစားခင် သူငယ်ချင်းနဲ့ တုတ်ထိုးသွားဝါးပါသေးတယ် အရင်ကလဲ စားနေကျဆိုင်ပါ
မန်းတုတ်ထိုးက ရန်ကုန်နဲ့သိပ်မတူဘူးနော် ကြည့် သူတို့က အရည်နဲ့ ပြီးတော့ အဲ့အိုးထဲမှာ အရင်တခေါက်က ဓညင်းသီးတွေလဲ ရှိတယ် ခုတခေါက်တော့မှရှိ ထားတော့ -(၉)

ရန်ကုန်မှာလဲ ခုနောက်ပိုင်းဒီလိုတွေ လုပ်ကြတယ် တချိုကဆိုင်တွေပေါ့ ကိုယ်ကတော့ တုတ်ထိုးဆို မြေနီကုန်းက အရင်ရွှေမန်းရုပ်ရှင်ရုံနားက အဖိုးကြီး (ခုလဲရှိသေးတယ်) ဆီမှာပဲအမြဲစားပါတယ် သူက ကိုယ့်ကို မင်းသားလို့ခေါ်လို့လေ အဟိ သူက လူတိုင်းကိုအဲ့လိုခေါ်တာပါ အဖိုးကြီးက ညက်တာပေါ့ မိန်းကလေးတွေဆိုရင် မော်ဒယ်ဂဲလ်လေးလို့ခေါ်တယ် ခိခိ
ပြီးတော့ သူ့ဆီမှာ ဆရာကြီးနဲ့ ဆရာမကြီးလဲ ရတယ် (မမေးနဲ့ မပြောပြဘူး) ထားတော့-(၁၀)

ပြီးတော့ မန်းတုတ်ထိုးက ဟင်းရည်လဲပေးတယ် အချဉ်ကိုလဲသေချာစပ်ပေးတယ် နောက်ပွဲလေးတွေနဲ့ လှီးပေးတယ် တပွဲကို ၁၀၀၀ ထင်တယ် အဲ့တာနဲ့ ကိုယ်က နှစ်ပွဲမှာစားတယ် ကိုယ်တပွဲ မောင်တပွဲ ဟိဟိ အဲ့မှာ သူငယ်ချင်းက ကိုယ်က ဘန်ကောက်မှာနေတဲ့ အလုပ်လုပ်နေတာပေါ့ လစာ ဘယ်လောက်ရတာ အားလပ်ချိန်တွေမှာ အပျော်တမ်း စာတွေဘာတွေလဲရေးတဲ့ နာမည်ကျော် စာရေးဆရာမ ဘာညာတွေလျှောက်ပြောတော့တာပဲ ဟိဟိ ကိုယ်ကလဲ ဟုတ်တော့ ငြိမ်နေလိုက်တယ်လေ အဲ့တာနဲ့ သူက နင့်ဘလောခ်ပေါ်မှာ ကြော်ငြာပေးလိုက်ပါလားတဲ့ ကိုယ်ကလဲ အစကတည်းက ဓါတ်ပုံက တဂွပ်ဂွပ် ရိုက်နေတာဆိုတော့ အင်းလို့

အဲ့တာနဲ့ ဆိုင်ရှင် ကို ခွင့်တောင်းပြီး ဆိုင်နာမည်နဲ့ သူ့ပုံပါ ပါအောင်ရိုက်ပေးပါတယ် အပြန်အလှန်အနေနဲ့ ကိုယ်က ဘာရသလဲဆိုတော့ ဘေးနားက ပွဲသေးလေးလေ အဲ့တာ အလကားစားရတာ အဟိဟိဟိ

ကဲမှတ်ထားကြနော် မြင့်လွင် ဝက်သားတုတ်ထိုးတဲ့ ၆၈ လမ်း x ၂၈ လမ်းထောင့်

စားလို့တော့ သိပ်မကောင်းပါဘူး မဆိုးပါဘူး ဆိုတာလောက်ပဲပေါ့
………………ရှူး……………..သွားပြန်မပြောနဲ့နော် ထားတော့-(၁၁)

မန္တလေး-၁- (၁၄ ရက် ဇွန် ၂၀၁၀ ခုနှစ် တနင်္လာ)

မန်းတလေး ကိုမနက်အစောကြီးရောက်ပါတယ် သူငယ်ချင်းလာကြိုတာစောင့်နေတာ ပေါ်မလာ ပေါ်မလာနဲ့ နောက်ကျတော့ သူက အိပ်ရာက ထတောင်မထသေးဘူး ဆိုတော့ ကိုယ့်ဘာသာပဲ ဆိုင်ကယ် ငှားပြီး ဘွတ်ခ်ထားတဲ့ ဟော်တယ် ကိုရောက်သွားပါတယ် ရောက်ကတည်း က အိပ်လိုက်တာ နေ့လည်စာစားချိန်ကျမှ ပဲနိုးပါတော့တယ်။ အဲ့တာနဲ့ သူငယ်ချင်းလာခေါ်တော့ မနက်စာနဲ့ နေ့လည်စာ ကိုပေါင်းစားရတော့တာပေါ့
တနင်္ဂနွေ နေ့ မဟုတ်ပေမယ့်လဲ ဘရမ့်ခ်ျပါတယ် ပြီးတော့ မြန်မာဆန်ဆန်ပဲ ဘူဖေးတာပေါ့ ၇၇ လမ်း လား ၇၈လမ်းမှာလားမသိပါဘူး ၇၈ ထင်ပါတယ် ယူနီဆန်းမှာ သွားစားကြပါတယ်

ငါးနီတူသေးသေးလေးတွေ အစပ်ကြော်ထားတာရယ် ပဲပွကြော်ရယ် ဘေးနားက ခွက်သေးက ကင်မွန်းချဉ်ရွက်ကို အရည်လေးစပ်စပ်နဲ့ ချက်ထားတာပါ အရမ်းကောင်းပါတယ် ဘေးက ပုံကတော့ ငါးပိရည်နဲ့ တို့စရာပါ ပြီးတော့ ငါးပိထောင်းလဲပါပါသေးတယ် မြန်မာ ထမင်းဆိုင်မှာစားရတာ အဲ့တာတွေ ကြိုက်တာပဲ
သိပ်သိပ်သိပ်ကောင်းပါတယ်

ဟင်းရည်က လဲနှစ်မျိုးပေးပါတယ် သီးစုံချဉ်ရည်ဟင်းနဲ့ ဘူးသီး ဟင်းခါးပါ ဒီဆိုင်ရဲ့မြန်မာ ဘူးဖေးက မိုက်ပါတယ် တယောက်ကို ၁၅၀၀ ကျပ် ပါ ခုန က ဆိုက်ဒစ်ရှ်တွေ အကုန်ရပါတယ် ပြီးတော့ အသားဟင်း နှစ်ခွက်ရပါတယ် ကြိုက်တာ စားပါ တချို့ဟင်းတွေကိုတော့ သူတို့က အရွက်ဖြစ်ပေမယ့် အသားဟင်းခွက်ထဲထဲ့တွက်ပါတယ်
ဥပမာ မှို၊ အင်ဥ စတာတွေပေါ့

ငါးကြင်းကြော်ချက်ရယ် ဝက်ချိုရယ် ပုစွန် ဆီပြန်ရယ်ပါ

အင်ဥချက်ရယ် (ဒေါ်ရီတာ ရယ် စိတ်တော့မကောင်းပါဘူး သိပ်သိပ်သိပ် စားကောင်းတာပဲ ကိုက်လိုက်ရင် ထုတ်ထုတ် ထုတ်ထုတ်ကလေး အဟေးဟေး ပြောရတာ အရသာရှိလိုက်တာ တဘက်မှာ ဖြစ်နေမယ့် ဒေါ်ရီတာ မျက်နှာ မြင်ယောင်နေရင်းနဲ့တောင် ပြုံးပြီးစာရိုက်နေတာ ဟားဟားဟား ကလီရှေးနော် ဒေါ်ရီတာ ဒါမှမဟုတ် ဟွန်ဒေးဗူးပေါ့ ခိခိခိစ်) ဆိတ်သားဆီပြန်ရယ် ဝက်ကလီစာရယ်ပါ
ညစာကဘာစားတာလဲမမှတ်မိတော့ပါ ရွှေဘဲမှာ တည စားတာ မှတ်မိတယ် စားမကောင်းပါ လုံးဝ လုံးဝ မကောင်းတော့ပါ ဘဲကင်တောင် ပျက်နေပြီ နောက် မစားတော့ဖို့ ဆုံးဖြတ်လိုက်ရတဲ့ဆိုင်ထဲမှာ သူလဲပါသွားတာပေါ့

ညဘက်ကျတော့ အိပ်ခါနီးကို ဟိုတယ်နားက မိုးလင်းဆိုင်မှာ သွားစားပါသေးတယ် ဝက်သားဆီချက် နဲ့ လက်ဘက်ရည် တိုင်ကီပါ ခွက်ကြီးလေ သောက်ကောင်းလေပါပဲ

ရန်ကုန်-မန္တလေး (၁၃ ရက်ည ၁၄ ရက်မနက် ဇွန် ၂၀၁၀ ခုနှစ်)

အစီအစဉ်ထဲမှာမပါတာတခု ဖြစ်လာပါတယ် မန္တလေး သွားဖို့ပါ
အစကတော့ ရည်ရွယ်ထားတာ ၁၁ ရက်နေ့လာတယ် တပတ်နေရမယ် ၁၃ရက်နေ့ မောင်နဲ့ ၅ နှစ်ပြည်မှာ တူတူရှိမယ် တနေရာရာ ရီဟန်းနီးမွန်းမယ်ပေါ့ အရင်သွားခဲ့တဲ့နေရာတွေကလဲ အများသားဆိုတော့ သွားကို သွားရမှ ဆိုတာမျိုးတော့ မဖြစ်ပါဘူး
ဒါပေမယ့် မန်းက တီ့ အလုပ်လုပ်ဖော်လုပ်ဘက် ကွန်မျူနတီတွေက အစည်းအဝေးတခု လာလုပ်ပေးပါ ဆိုတော့ မရည်ရွယ်ပဲ ရောက်ဖြစ်ပြန်ပါတယ် အရင်ကလဲ ခဏခဏ ရောက်ပါတယ် ပြင်ဦးလွင်လဲဆက်တက်ခဲ့ကြဘူးတာပေါ့ ပျော်ခဲ့ရပါတယ့် အချိန် တွေပါပဲ ပြန်ပြောင်းလွမ်းမိတော့လဲ တမ်းတလာပြန် အောင့်မေ့တော့လဲ နွမ်းလျလာပြန်တာပေါ့လေ….
အဲ့တာနဲ့ပဲ အစည်းအဝေးက အမျိုးသား ကာလသားနဲ့ အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေး ဒေသဆိုင်ရာ ဦးစီးမှူးပါပါမှာဆိုတော့ ရှည်နေတဲ့ ကေကို ခုတ်ရပါတယ် ကိုက ကြည့်ကောင်းမနေတာ သိတော့ သပ်ရပ်နေသင့်တယ်လေဆိုပြီးတော့ပေါ့ လကုန်ကျရင်လဲ အာစီယံ အစည်းအဝေးကျရင် ပရယ်ဇန်တေးရှင်းပေးရမယ့် တူတူဆိုပြီးတော့ တော်တော်လေးရှည်နေပြီဖြစ်တဲ့ ကေကို ခုတ်ပစ်ရပါတယ် နှမြောတော့ မနှမြောမိပါဘူး ကိုယ်က အစကတည်းက ကေတိုပဲလေ (ဟုတ်ပါတယ် မိတ်ကပ်လဲမကြိုက် ကေရှည်လဲမကြိုက် အလှအပ လဲ မကြိုက် ဘယ်လို အခြောက်မှန်းမသိ ဆိုသလိုပါပဲ မခြောက်ဘူးထင်ပါတယ် လိင်တူပဲ စိတ်ဝင်စားတာပါပေါ့လေနော် မတူဘူးလေ အဓိပ္ပါယ်ဖွင့်ဆိုချက်ချင်းကနော့်) ထားပါတော့ အဲ့တာနဲ့ မောင်က လက်မှတ်သွားဝယ် နယူးမန်တလာထွန်းပါ (လုံးဝမကောင်းပါ မစီးကြပါနဲ့ မန်တလာမေ ကောင်းတယ် တီ့ကိုယ်တွေ့ တကယ်ပြောတာ) အဲ့တာနဲ့ ညနေကျတော့ ၆ နာရီခွဲကားဖြစ်လို့ ကားဂိတ်ကို ၅ နာရီလောက်ဆင်းကြပါတယ် မောင်နဲ့ ကိုယ်ပေါ့ နှစ်ယောက်တည်း မိုးတွေကလဲ ရွာလိုက်တာ ကားဂိတ်ရောက်တော့ ဗိုက်ဆာတာနဲ့ စားလိုက်သေးတယ် ဆီချက်တပွဲနဲ့ လက်ဘက်ရည်တခွက် ပြီးတော့ ဘေးက မုန့်ထုတ်တွေက ညကျဆာရင်စားဖို့ ကြက်သားဘီစကစ် တထုတ်ရယ် နေကြာစိ အချဉ်ထုတ်တွေရယ် နောက် တိုးတိုး အာလူးကြော် စုံပလုံစိနေတာပဲ အဖွားအိုကြီးနှစ်ယောက် လာတောင်းလို့ ကိုယ်က အဖွားတို့ ဘာစားမလဲ ဆိုပြီး ကိုနဲ့ တဝိုင်းထဲခေါ်ထိုင်စားခိုင်းပါတယ် စားပွဲထိုးတွေက ပါဆယ်ပဲ ပေးလိုက်မယ်ဆိုလို့ ရန်ဖြစ်လိုက်သေးတယ် အဖွားတို့လဲ လူပဲ ဘာညာဆိုပြီး စကားကြီးစကားကျယ်တွေ နဲ့ ဒင်းတို့ ကိုရှင်းပြရသေးတယ် နောက်တော့ ကိုယ့်ဘာသာပဲ နောင်တရစရာဖြစ်လာအောင် အဖွားတွေက လုပ်ကြပြန်ရော အော် အသင်လောက လို့သာ အော်လိုက်ချင်တော့တာပဲ (မောင်ပေါက်ကျိုင်းလိုလေ) ကျွေးနေတဲ့ လူ စေတနာပျောက်အောင်ပြောတတ်ကြတယ် ပြန်မပြောချင်တော့ဘူး စိတ်ကုန်တယ် ကလေးတွေကို ကျွေးရတာပဲကောင်းတယ် ဘာမှစကားမများဘူး ထားတော့ထားတော့ အကုသိုလ် တွေများတယ် မပြောတော့ဘူး

ကားက လမ်းသစ်ကနေလာတာဆိုတော့ ဖြူးနေတာပါပဲ ခုတော့ ကြွက်တွေ ထနေတယ် ပြောတယ် ညကျတော့ နေပြည်တော် အကျော်လား ပျဉ်းမနား မှာလားမသိ အခု feel တို့ ဘာတို့ ရှိတဲ့နေရာမှာ ခဏ ထမင်းစားနားကြတယ် ဆိုက်ဒစ်ရှ်က ၅ မျိုးပေးတယ် ကိုယ်က ဆိတ် ကလီစာ မောင်က ငါးဟင်း စားလို့ ကောင်းပါတယ် ခရီးသွားနေတာ ဆိုတော့ သိပ်လဲ ရွေးလို့မဖြစ်ဘူးလေ ပြီးတော့ မြန်မာပြည်ဆိုတော့ ဒီလိုပါပဲ ပေါ့ အိမ်သာတွေ သန့်လာတာတော့ စိတ်ချမ်းသာရတယ် ခရီးသွားရင် စိတ်ပျက်တာ အဲ့တာတခုပဲ ခုတော့ တော်သေးတာပေါ့ ကိုယ်တွေကတော့ ယောက်ျားလေးတွေဆိုတော့ တော်သေးတယ် (ခုကျတော့လဲ ယောက်ျားဖြစ်သွားပြန်ရောနော်) ကားရပ်လိုက်တာနဲ့ ဘယ်ညာ တဘက်တချက် ဘယ်လိုပေါက်ပေါက်…ခိစ်

ဆိုက်ဒစ်ရှ်တွေကတော့ စားလို့အသေကောင်းတယ် ခရမ်းသီးနှပ်ရယ် သရက်သီး ပိုးတီချဉ်သုပ်ရယ် တီကတော့ သရက်သီး ပိုးတီချဉ်သုပ်ကို တော်တော်စားကောင်းတယ် ဆိတ်ကလီစာ ဆီတွေနဲ့ နယ်ဖတ်ပြီးတော့ သရက်သီး ပိုးတီလေးနဲ့ စားလိုက်တာ ကောင်းမှကောင်း

စားပြီးတော့ လက်ဘက်ရည် နဲ့ ပဲပလာတာ ကို အစာပိတ်တွယ်လိုက်ပါတယ် မုန့်ဟင်းခါးလဲရတယ် ဆိုလို့ မှာလိုက်ပါသေးတယ် မကောင်းပါဘူး မစားဘဲထားခဲ့ပါတယ် ပလာတာတော့ နည်းနည်းပဲ စားလိုက်တယ် မြန်မာပြည်ပြန်ရောက်ကတည်းက ပါးစပ်ဆိုတာကလဲ မစေ့ချင်လောက်အောင်ကို စားချင်တာတွေများနေတာပါ တွေ့တာမှန်သမျှစားတော့တာပဲ တခါတလေများဆို အသေစား စားပြီးရင် လက်ညှိုးထိုး အန် ပြီးတော့ ထပ်စား အဲ့လောက်တောင်ပါ မြန်မာပြည်ကို ချစ်တာ ချစ်တာ တော်ပြီ ဆက်မပြောပြတော့ဘူးနော် တော်ကြာ ရွံစရာကြီးတွေ ဆိုပြီး လာမဘတ်ဘဲနေအုံးမယ် ဟိဟိ

ဒီပုံလေးကတော့ ဝမ်းတွင်းလား ပျော်ဘွယ် လားမသိ ရောက်တော့ မျက်နှာ သစ် ဘာညာ အတွက်ရပ်တာပါ လက်ဘက်ရည်ဆိုင်ရှိပါသေးတယ် ဘာမှတော့ မစားဖြစ်တော့ဘူး တယောက်ကို ပိုကာတဘူး နဲ့ ကျွဲရိုင်း တဘူးစီ သောက်ကြတယ် လောဘ လောဘ အဲ့လိုနဲ့ မနက်ကျတော့ မန်းတလေးရောက်ရော
မန်းတလေး မှာစားတာတွေ ထပ်လာမယ်နော် မန်း ၁- ၂ -၃ ဆိုပြီးတော့ ဆက်မျှော်…………….

A Chen
9:47 pm
11 July 2010
Home
Bangkok

BONUS

မနေ့ညက ဟင်းကောင်းလေး ချက်စားကြပါတယ် မောင်ချက်တာပါပဲ အပိုအနေနဲ့ထည့်ပေးလိုက်ပါတယ် (ကိုကိုကာကာတွေဆန်နေတာ) မောင်က အာလူး ဝက်သားလေး ချက်ပေးပါတယ် အစပ်ပါ ချက်နည်းအရင်က ပြောထားပြီးသာ ပြီးတော့ ဝက်သား ဆီပြန်ဆိုတာ လူတိုင်းချက်တတ်နေတာဆိုတော့ ထပ်မရေးတော့ဘူးနော်
ဝက်သားဆီပြန်နဲ့ လိုက်အောင် အအီပြေလေး ဝက်သားချဉ်သုပ်ပါတယ် တီချမ်းက နေ့တိုင်းလိုလို ဝက်သားချဉ်ပဲ သုပ်စားနေတော့တာပဲလို့မပြောနဲ့နော် ဝက်သားချဉ်က တီသုပ်တာပါ မောင့်လက်ရာထက် ပိုကောင်းပါတယ် မူလလက်ဟောင်းက တီလေနော် သူက တီသင်ထားပေးလို့တတ်တာပဲဟာ
ပြီးတော့ အရွက်ကြော်လေးတခွက်ကပါအောင် ဘေဘီ ကာဘေ့ဂ်ျလေးကိုမှိုနဲ့ ကြော်ပါတယ် ကောင်းမှကောင်း မွေးစားသားရယ် သူငယ်ချင်းတယောက်ရယ်လာစားကြတာ ထမင်းတောင်မလောက်ဘူး ထပ်တည်ရတယ် အဟေးဟေး

ရန်ကုန်-၃- (၁၃ ရက် ဇွန် ၂၀၁၀ခုနှစ် တနင်္ဂနွေ) ဝက်သားမုန်ညှင်းချဉ်

နောက်တနေ့မနက်ကျတော့ အိပ်ရာထ နောက်ကျပါတယ် အဲ့တာနဲ့ မနက်စာကို စိတ်ထဲမှာ ကူးထားတဲ့ အစာအဟာရလေးတွေမမှီဝဲရတော့ဘဲနဲ့ ဖြစ်သလိုပဲ စားဖြစ်ဖို့အကြောင်းက ဖန်လာပါတယ်။ အရင်ရုံးမှာ အတူတူအလုပ်လုပ်ခဲ့ကြတဲ့ လုပ်နေဆဲ ညီမလေးတွေကို သူတို့အတွက် ဝယ်လာတဲ့ ကော်စမက်တစ် လက်ဆောင်လေးတွေ သွားပေးတော့ သူတို့နဲ့ အတူတူပဲ မနက်စာကို ၁၂ နာရီခွဲမှာ နေ့လည်စာနဲ့ ပေါင်းစားရပါတယ် ရုံးက စံရိပ်ငြိမ် မှတ်တိုင်မှာ ဖြစ်တဲ့အတွက် အဲ့နားက အိုင်တီ လက်ဘက်ရည်ဆိုင်မှာ ပဲ ဖြစ်သလိုလွေးလိုက်ပါတယ် ကြည့်ကြပါ …….ဖြစ်သလိုပဲ စားနေရတဲ့ တီ့ဘဝ သနားစရာ …..နော်

လက်ဘက်ရည်ကတော့ မပါမပြီးပေါ့နော် မြန်မာပြည်က လက်ဘက်ရည်ခွက်တွေ သေးသေးကုန်တဲ့အတွက် နှစ်ခွက်သောက်ရပါတယ်။ ပြီးတော့ ဘေးကဟာက ဆိတ်သား ပလာတာ ကို ပလာတာ နှစ်ချပ်နဲ့မှာပါတယ် ဘေးနားက ခွက် ဝါဝါလေးက အားလူးပူတီက အာလူးဟင်းပါ ဆိတ်သားပလာတာက ဆိတ်သားဆီပြန်နဲ့ပဲလာတဲ့အတွက် ထပ်မှာရတာပါ တီက အာလူးကြိုက်ပါတယ်။ အာလူးဟင်းကလဲ လက်ဘက်ရည်နဲ့အပြိုင် နည်းနည်းလာတဲ့အတွက် နှစ်ပွဲမှာရပါတယ် ပြီးတော့ ခုနက ပလာတာတွေကို သေးသေးလေးတွေ ပြန်လှီးခိုင်း အားလူးဟင်းတွေ လောင်းထည့် ဆိတ်သား ဟင်းတွေ လောင်းထည့်း အကုန်ကို သေသေချာချာလေး နယ်မွှေမွှေ ပြီးတော့မှ စားပါတယ် ကောင်းလေစွ အရသာရှိလေစွ ပါပဲ မြန်မာပြည်ကို သတိရလေစွပါပဲ ခုရေးနေတုံးတောင် စားချင်လာပြန်ပါတယ် ချက်စားအုံးမယ် ပလာတာနဲ့ အမဲသားနဲ့

ဒါတွေကတော့ ညီမလေးနှစ်ယောက်စားတဲ့ တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲပါပဲ

ညဘက်ကျတော့ အိမ်ကပ်ဖြစ်ပြန်ပါတယ် အဖွား ပြန်ရောက်လာလို့လေ အဖွားက အသက်ကြီးပါပြီ ၉၀ ရှိပြီလား ကျော်ပြီလား တခုခုပဲ ကျော်ပြီ လို့ ထင်ပါတယ် (အမေတောင် ၅၆ ဆိုတော့။ ပြီးတော့ အမေက သူတို့ မောင်နှမ ၁၁ ယောက်မှာ နံပါတ် ၂ လေ အရင်က လူတွေများမွေးနိုင်လိုက်လေခြင်းနော်) လောလောဆယ်တော့ ကျိုင်းတုံမှာနေပါတယ် သူက ဘယ်မှခေါ်မရဘူး ကျိုင်းတုံမှာဘဲသေမယ် လို့ပြောပါတယ် လူဆိုတာကလဲ အစွဲပေါ့လေနော် ထားပါတော့ အဖွားက သက်သတ်လွတ်စားနေတာပါ သူတို့က ဘာသာရေးအရ စားကြတာမျိုးပါ ထေရဝါဒ မဟုတ်ဘူး မဟာယနလေ ဘုံကျောင်းတွေနဲ့လေ ထိုင်ဝမ်မှာလဲ သိပ်များတယ် နောက်သူတို့ သက်သတ်လွတ်က တမျိုးလေ တီတို့ တွေရဲ့ သက်သတ်လွတ်လိုမဟုတ်ဘူး သူတို့က ကြက်သွန်ဖြူနီ မိတ် မစားကြဘူး အဲ့တာတွေက အညှောင့်ထပ်ထွက်လို့ဆိုလား နွားနို့နဲ့ ကြက်ဥတော့ စားကြတယ် အဲ့လိုပေါ့ ညှောင့်ထပ်မထွက်လို့နေမှာပေါ့ တီလဲသိပ်တော့နားမလည်ပါဘူး ငယ်ငယ်ကတော့ အဖွားဟင်းတွေက စားကောင်းလို့အမြဲလိုလို လိုက်စားဖြစ်တယ် အခုလဲ ကြိုက်တုံးပဲ အဖွားနဲ့သာနေဖြစ်ရင် တီလဲ သက်သတ်လွတ်ကို တသက်လုံးစားနိုင်မယ်ထင်တယ် အဖွားဆို စားတာ နှစ်ပေါင်း ၃၀ ကျော်ပြီလေ အဲ့တာကြောင့်လဲ အသက်ရှည်တာနေမှာ လို့ တခါတခါ တွေးမိသေးတယ် ကိုယ်တို့တွေ က အစုံလျောက်စားကြတော့ မြန်မြန်သေဖို့ ရောဂါမျိုးစုံပို မွေးယူနေသလိုဖြစ်တာပေါ့ တရုတ်စကားပုံလိုလေ “ကိုယ်ခန္ဓာအတွက် ဒုက္ခဆိုတာ ပါးစပ်ကနေဝင်တာ” တဲ့ ဥပမာ ဂျပန်တွေဆိုရင် အစိမ်းပဲစားကြတော့ အသက်ပိုရှည်ကြတယ် ကိုရီးယားတွေက အကင်တွေစားတာများလို့ သွေးကင်ဆာတွေ ဖြစ်ကြတယ် အဟေးဟေး ဆိုင်ဆိုင်မဆိုင်ဆိုင် ပေါ့ ကိုလိုရာဆွဲပြောတာပဲ ထားတော့ ကြည့်ပါ အဖွားစားတာ သိပ်ကို simple ဖြစ်ပါတယ် ကြက်ဟင်းခါးသီး နဲ့ ပဲလိပ်ကြော်တယ် ဟင်းရည်က ပဲပြားရယ် ခရမ်းချဉ်သီးရယ် နောက် စွန်တန်ရယ် ဒါပဲ စားလို့တော့ ကောင်းတယ် တီတောင်အဖွားနဲ့ နည်းနည်းကပ်စားလိုက်သေးတယ် ကောင်းလေစွ အရသာရှိလေစွပါပဲ ဘေးက ပုံက အဖွားပါ မိုက်တယ်နော် ကေဖြူနဲ့ အဖွားကို အရမ်းချစ်ပါတယ် ဒီတခေါက်တောင် မုန့်ဖိုးပေးလိုက်နိုင်လို့ ကျေနပ်မိသေးတယ် ခဏခဏ ကြုံရင်ပို့ပေးနေကြပါ ခုတခေါက်အဖွားက ရန်ကုန်ရောက်နေတာ တရုတ်ပြည်အနှံကို တီ့အဒေါ် တိုးဂိုက် လုပ်တဲ့တယောက်က လိုက်ပို့လို့ အတော်များများ သွားလည်ခဲ့ကြတယ်တဲ့ တီနဲ့တော့ ရန်ကုန်ရောက်လို့ ကြုံလို့တွေ့ရတာပါ အရင်က အဖွားက ရန်ကုန်ခေါ်ရင် လုံးဝ မလာချင်ဘူး ပူတာရယ် တိုက်ခန်းတွေနဲ့ ဆိုတော့ သူက မနေတတ်ဘူး ကျိုင်းတုံက သူ့အိမ်က လေးခန်းတွဲ နှစ်ထပ်အိမ်ကျယ်ကြီးကိုး သားသမီး ၁၁ ယောက်ရယ် သူတို့ရဲ့ မိသားစုတွေ အစွယ်အပွားတွေရယ် အိမ်ဖော်တွေရယ် နေလောက်အောင်ဆောက်ထားတာဆိုတော့ စဉ်းစားသာကြည့်တော့ ဘယ်လောက်ကျယ်မလဲဆိုတာ တီတို့ ငယ်ငယ်တုံးကဆို အိမ်အောက်ကို အဖော်မပါရင်မဆင်းရဲဘူး မြေအောက်ခန်းတွေဘာတွေလဲရှိတယ် အိမ်ကြီးက အရင်ခေတ်ကတော့ စားစရာတွေလဲလှောင်ကြတာကိုးနော် အဲ့လိုတွေကြောင့်အဖွားက လာခဲပါတယ်

ညီရယ် အမေရယ် အဖွားရယ် တီရယ်ပါ ဘေးပုံကတော့ တီနဲ့အဖွား နှစ်ယောက်တည်း

အဖွားနဲ့ ကပ်စားပြီးတော့ တီစားဖို့ အမေက ဟင်းချက်ပေးပါတယ် အိမ်မှာ ရှိနေတာတွေထဲကပဲ လွယ်လွယ်ကူကူ အားလုံးလဲကြိုက်တဲ့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ စာဖတ်သူတွေအတွက် တင်ပေးလိုက်ပါတယ် လိုတာကတော့ ဝက်သားရယ် ခရမ်းချဉ်သီးအနည်းငယ်ရယ် ကြက်သွန်ဖြူ နည်းနည်းရယ် နောက် မုန်ညှင်းချဉ်ရယ်ပေါ့ သူကတော့ ဇာတ်လိုက်ပါပဲ ပုံမှာ ပြထားတဲ့အတိုင်း ဝက်သား ကိုတောက်တောက်စင်းထားပါမယ် နောက် ခရမ်းချဉ်သီးတွေကိုလဲ သေးသေးလေးတွေ လှီးထားရပါမယ် နောက်ကြက်သွန်ဖြူ ကိုလဲ သေးသေးလှီးပေါ့ နောက် ဘေးက ဘူးထဲက မုန်ညှင်းချဉ်တွေပါ တရုတ်မုန်ညှင်းချဉ်ပေါ့ ရှမ်းခေါက်ဆွဲဆိုင်တွေမှာ ပေးတဲ့ ဟာမျိုးလေ ယွင်နန်တရုတ်တွေဆို လုပ်ပါတယ် တီတို့ အိမ်မှာလဲ အမေက တခါတလေ ချဉ်တတ်ပါတယ် အင်း အမေ့ဆီက သင်ရမယ့် အရာတွေ များနေသေးတယ်လေ မရရင်လဲ ဆိုင်တွေမှာ တရုတ်တန်းတွေမှာ (ရန်ကုန်ဆိုရင်တော့) ဝယ်လို့ရနိုင်ပါတယ် တီတို့ဆီမှာလဲရှိတယ် ခုဘန်ကောက် မှာပြောတာပါ အကုန်အသင့်ပြင်ထားပြီးပြီဆိုရင်တော့ ကြော်လှော်တဲ့ အခန်းစပါမယ် အော် ပြောဖို့ကျန်နေတယ်မုန်ညှင်းချဉ်ကိုလဲ သေးသေးလေးတွေဖြစ်အောင် ဓါးနဲ့ တောက်တောက်စင်းထားပါမယ် မဟုတ်ရင် အဖတ်ကြီးတွေ ကြီးနေရင် စားမကောင်းပါဘူး

တီတို့ အိမ်က ဒယ်အိုးနဲ့ ဂစ်မီးဖိုပါ အဲ့တော့ အခု ဘန်ကောက်မှာ တီနေရတာ ဘယ်လောက်စိတ်ဆင်းရဲမလဲဆိုတာ တွေးသာကြည့်ကြပေတော့ ဟိုးအရင် ကျိုင်းတုံအိမ်ဆို ပိုတောင်မိုက်ပါသေးတယ် မိုးပြဲဒယ်တွေနဲ့ ချက်ကြတာပါ ဒယ်အိုးက မီးဖိုထဲမှာ build in ပါ ပြီးတော့ ထင်းနဲ့ချက်တော့ ဟင်းရွက်တွေ ဘာတွေ ကြော်ရင် သိပ်သိပ်သိပ်မွှေးပါတယ် ထားတော့ တီတို့အိမ်ကတော့ လောလောဆယ် အဲ့ဒယ်အိုးကို သုံးပါတယ် မီးကလဲ ကောင်းမှကောင်း

ကြော်ခါနီး ကျတော့ ငရုတ်သီး ခြောက်လေးနည်းနည်း ကို အရင်ဆီပူထဲပစ်ထည့်လိုက်ပါတယ် မွှေးအောင်ပေါ့ နောက်တော့ ကြက်သွန်ဖြူနီထည့် ကြော်ပြီး ဝါလာရင် ခရမ်းချဉ်သီး ထည့် နောက်တော့ အသားထည့် အောက်ဘေးစွန်းပုံက မီးကိုကြည့်လိုက်တော့နော် ဒါမျိုးမှ ကြော်လှော်လို့ကောင်းတာ

အသားတွေ ကျက်ပြီဆိုရင် မုန့်ညှင်းချဉ်ထည့် ပြီးတော့ မွှေပေးပါ မွှေးလာရင် ကျက်ပါပြီ တကယ်လို့ အသားကို သေချာမကျက်မှာ စိုးရင် ရေနည်းနည်းထည့်လို့ရပါတယ် ရေခန်းရင် ကျက်ပြီပေါ့

ပြီးရင် ပန်းကန်ထဲထည့်လိုက်ရင် စားကောင်း ချက်လွယ် အရသာကြွယ်တဲ့ ဝက်သားမုန်ညှင်းချဉ် တခွက်ကိုရတာပေါ့ကွယ် ဘေးက ရုပ်ဆိုးဆိုးက ရှမ်းပြည်ဘက်ကလာတဲ့ ဝက်အူချောင်းအစပ်ကြော်ပါ ဟင်းနည်းနေလို့ ထပ်ကြော်လိုက်တာ အမေက ဟိဟိ ရုပ်ဆိုးပေမယ့် စားကောင်းတယ်နော် အားပေးကြပါအုံး

A Chen
9:42pm
10 July 2010
Home
Bangkok