စာပေ ကိုယ်ခံအား နဲ့ ရိုမန်ဘောထ်

Roman bot’ world
အောင်ရင်ငြိမ်း စာအုပ်ကိစ္စ ကို ခုတလော အပြောများနေကြပါတယ်။
ဘယ်လိုစာအုပ်ပဲ
ထုတ်ထုတ်ပါ။ စာဘတ်သူသာ ကိုယ်ခံအားကောင်းရင်
ရွေးချယ်ဘတ်ရှု နိုင်မှာပါပဲ။ အလွယ်ရတော့ ကလေးတွေ
ပိုလက်လှမ်းမီလာတာ ဟုတ်ပါတယ်။ သို့သော် အခု က
ဘာခေတ်လဲ။ အင်တာနက်ပေါ်မှာ ဒီဟာတွေ
က မရချင်အဆုံး
မမြင်ချင်အဆုံး မလိုချင်မှ ဘုံးပေါလအော ပါ။
အခုလို ဘယ်လို သတင်းအချက်အလက်တွေကိုမဆို
လျှပ်တပြတ်အတွင်းရနိုင်တဲ့ ခေတ်မြန် အင်တာနက်ခေတ်မပြောနဲ့
ကိုယ်တွေ ၁၃၊ ၁၄ နှစ် လောက်……..ကိုယ့်အကိုတွေ အဲ့အရွယ်လောက်၊ ကိုယ့်ဦးလေးတွေ
အဲ့အရွယ်လောက် ကတည်းက အပြာစာပေ
ဆိုတာ ရှိနေတာပါပဲ။ မန္တလာမောင်မောင်တုတ်တို့
ပေါက်ကျော်မ တို့ ကမ္ဘာကျော်ရတနာ ဝင်းထိန် တို့ဆိုတာမျိုး နဲ့ ကိုယ်တွေ ကြီးပြင်းခဲ့ကြရတာပါပဲ။
အပြာစာပေကို အဆိပ်အတောက်စာပေဆိုတာမျိုးပြောနေတာထက် စာပေဆိုတာမျိုးက အမျိုး အစားစုံရှိသင့်ပါတယ်။ ပြောချင်တာက
အပြာစာပေဆိုတာမျိုးကလဲ အသိပညာပြည့်စုံပြီး အရွယ်ရောက် အမျိုးသား၊
အမျိုးသမီးတွေအတွက် ရှိသင့်တဲ့ ဖျော်ဖြေရေး
စာပေတစ်မျိုး လို့မြင် ပါတယ်။
နှိုင်းယှဉ်ပြောရမယ်ဆို…….ရှင်မိုး၊
လွန်းထားထား၊ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ စတဲ့ အပျော်ဘတ်စာပေတွေ၊ စိတ်ကူးယဉ်စာပေ
ဆိုတာတွေလဲ လူငယ်တွေကို ဘာမှ ထူးပြီး အကျိုးပြုတာ မဟုတ်ပါဘူး။ အဲ့လိုပြောလို့
ဖေမြင့် တို့ ညီညီနိုင်တို့ နေဇင်လတ်တို့လို တိုးတက်ကြီးပွားရေးတွေပဲ ဘတ်နေရမယ်
မဆိုလိုပါဘူး။ ကြက်စွပ်ပြုတ်တွေ နဲ့ လဲ ဘဝဆိုတာ အားပေးနေလို့ပြီးတာ မဟုတ်ပါဘူး။
ဘဝဆိုတာ ကြက်စွပ်ပြုတ်လိုအပ်တဲ့
အချိန်ရှိသလို၊ မင်းင်္သီခ လို မင်းမြတ်သူရလို မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်လို
စွန့်လွှတ်စွန့်စား ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားတို့၊ ပျားဆွဲသော မုတ်ဆိတ် တို့ ကိုယ့်
မိဘ ကို သတ်သွားလို့ လက်စားပြန်ချေတဲ့ အက်ရှင်လိုမျိုး တနေ့သောအခါ သာယာသော မြေလတ်မြို့လေးက
ရိုးသားကြိုးစား လူငယ်လေး နဲ့ သူ့ကို မာယာ နဲ့ မျှား မြူဆွယ်စားတဲ့ ထမင်းဆိုင်ရှင်
အပျိုကြီး မမ လို စာအုပ်မျိုး၊ မည်ကဲ့သို့ လုပ်လိုက်သည်မသိ ရန်သူတွေအတုံးအရှုံးကျဆုံးကုန်တယ်
ဆိုတဲ့ ဘုန်းကြွယ်မျိုး၊ နေလင်းအောင်မျိုး၊ ဒေသန္တရ ဗဟုသုတ အလို့ငှာ မြိုင်ရာဇာ
ကတွတ်ပီ လိုမျိုး၊ မုတ်ဆိုးကျော် ဖိုးထော် လိုမျိုး၊ အပျင်းပြေ ရယ်မောစေရတဲ့ ရွှေအိရွှေဘုတ်
လေးမွန်ထွေးမွန်လိုမျိုး၊ အစဉ်အရမ်းမိတဲ့ရှင်ဂွမ်းဂွိ၊ တောင်တန်းက အပျို ယောင်ယမ်းထငိုတဲ့
ညောင်ရမ်းဂွတိုလိုမျိုး၊ အရီးညွှန့် ဘူးညွှန့် ဒိုင်းညောင့် တတ်တဲ့ အာဖျံကွီးလိုမျိုး၊
ပြည်သူ့ဘက်တော်သား ကိုပူစီ၊ မောင်စူပါ၊ ဒီလုံး လိုမျိုး၊ ဖြူဖြူ စိတ်ကူးယဉ်သွားလို့ပါ
ဖေဖေ ဆိုတဲ့ စာပေမျိုး၊ မင်္ဂလာမောင်မယ်လိုမျိုး၊ မိုးသောက်ပန်းလိုမျိုး၊ တေဇ လိုမျိုး၊
တို့ကျောင်းသားလိုမျိုး၊ ဂရင်းညီနောင် ပုံပြင်တစ်ရာလိုမျိုး၊ နုယဉ် လိုမျိုး။
အီစွတ်ပုံပြင်လိုမျိုး စာအုပ်တွေ လိုသလို ဆရာသခင် ဘသောင်း ဘာသာပြန်တဲ့ အာရေဗီယံနိုက်ထ်
တစ်ထောင်တည လိုမျိုး (စကားမစပ် သူလဲ တော်တော် “ပြာ”ပါတယ်) စာပေတွေလိုသလို၊ ပရာဒို
နဲ့ တန်းဝင်လာ ကောင်မလေးကို ဟန်းဖုန်း လက်ဆောင်ပေး(တလုံး သိန်း ၄၀ ခေတ်ကနော်) ညက
ဖုန်းဆက်မယ် မကိုင်မနေရလို့ ခပ်မိုက်မိုက်ပုံစံနဲ့ပြော………..မြီးကောင်ပေါက်မလေးတွေအရမ်းကြွေ
သို့သော် အကျိုးတော့ မရှိ စတဲ့ စာအုပ်မျိုးတွေလဲ လိုတာပါပဲ။
ပြောချင်တာ စာဘတ်သူတွေရဲ့အသက်အရွယ်
အသိဥာဏ် အလိုက် စာပေအမျိုးအစားမျိုးစုံလိုတယ်ဆိုတာပြောချင်တာပါ။ စာဘတ်နာလာတာနဲ့အမျှ၊
စာဘတ်တတ်လာတာနဲ့အမျှ စာဘတ်ခြင်းဆိုင်ရာ ကိုယ်ခံအားကောင်းလာပါလိမ့်မယ်၊ အဲ့တာဆို
ဘယ်လိုစာပေမျိုးက ကိုယ့်ချင်ချဉ်းကို အာသာပြေစေသလဲ ဆိုတာ ကိုယ့်ဘာသာ ရှာဖွေဘတ်ရှုတတ်လာပါလိမ့်မယ်။
ပြောချင်တာက ထုတ်ချင်တဲ့သူ
သူ့ဘာသာ ထုတ် မဝယ်ဘဲနေလို့ရတယ်၊ မဘတ်ပဲနေလို့ရတယ်။ ကလေးတွေလက်လှမ်းမီတာ မမီတာ ပြောမယ်ဆိုရင်တော့
ကျတော်တို့ ကလေးဘဝကတည်းက ဒါတွေ လက်လှမ်းမီခဲ့ပါတယ် လို့ပဲ ပြောပါရစေ။
ဗဟုသုတ ကတော့ ယူသော်ရ၏
လို့ပဲ ပြောမလား။ တီချမ်း မိုတို အတိုင်း လျှာရှည်လေ တွေ့ရှိလေ လို့ပဲ ပြောမလား……မီကို
နိုကို တို့ ဘတ်တော့လဲဘယ်တော့များ အရမ်းချမ်းသာတဲ့ အဖွားက အမွေတွေ လာပုံပေးမလဲ၊
နှိပ်စက်ကြတဲ့ နှိမ်ကြတဲ့ ညီအကို မောင်နှမ ဝမ်းကွဲတွေ ကို ဘယ်လို လက်စားချေလိုက်ရမလဲ၊
ဟော လမင်းမိုမို တို့လို အချစ်အိမ်ထောင်ရေး ဘာညာ ကျတော့ ငါ့ အလှည့်ကျရင်တော့ ယောက္ခ
မတွေ နဲ့ မတည့်တာ မဖြစ်အောင် အိမ်ခွဲနေမယ်၊ တစ်လ တခါလောက် တွေ့တော်ပြီပေါ့၊ ဟိုဘက်အမျိုး
ဒီဘက်အမျိုး စကားအရှုပ်အရှင်း မဖြစ်ရအောင် အိမ်ထောင်ကျပြီးရင်တော့ စိတ်ပေါင်း ကိုယ်ခွာပဲ
ဖြစ်ဖြစ်၊ ကိုယ်ပေါင်း စိတ်ခွာပဲ ဖြစ်ဖြစ် နေကြကောင်းတယ် စသဖြင့်ပေါ့။ အပြာစာအုပ်ဘတ်တော့
ကောင်မလေး နဲ့ ကောင်လေး ချိန်းတွေ့ကြ မှားကြ ဆိုတာမျိုး ဘတ်ရရင် ကိုယ့်အလှည့် ကျ
အဲ့လို မဖြစ်အောင် ငါ ဘယ်လိုထိန်းမယ်လို့ယူပေါ့၊ ကိုယ့်အလှည့်ကျ ငါဘယ်လို ဇိမ်ခံလိုက်မယ်
လို့ စဉ်းစားရင်လဲ သဘောတော်ရှိပါပဲ။
စာအုပ်ကို ကြေငြာပေးနေတာ
မဟုတ်ပါဘူး။ လူတွေမှာ အကောင်းအဆိုး ရှိသလို ကိုယ်ဘယ်လိုလူ နဲ့ သူငယ်ချင်း လုပ်မယ်ဆိုတာ
ကိုယ့်ရွေးချယ်မှုပါ။ ကိုယ်ဘယ်လိုစာအုပ်ဘတ်မယ်ဆိုတာလဲ ကိုယ့်ရွေးချယ်မှုပါ။ တခုပဲ
ကိုယ်ခံအားတော့ ကောင်းပါစေ။
မရေးတာကြာလို့ နည်းနည်းရှည်ရှည်လေး
ရေးလိုက်ပါတယ်။
တီချမ်း
25th June
2014
Yangon | MYANMAR
 Note:
စာအုပ်ကို မဘတ်ရသေးပါဘူး၊ သူများတွေ ရေးတဲ့ ရီဗျူးတွေ ဓါတ်ပုံရိုက်တင်ကြတဲ့ ဟိုတမျက်နှာ ဒီတမျက်နှာ ပဲဘတ်ရပါသေးတယ်။ သို့သော် ပြောချင်တာ အကြောင်းအရာ အဓိက မဟုတ်ဘဲ ရွေးချယ်မှု နဲ့ စာပေ ကိုယ်ခံအား မို့ ရေးလိုက်ပါတယ်။ 

ဃျူး – စုံဏေယက် ဏဲ့ ဠွုမ်းလေချင်း

  
ဃျူး – စုံဏေယက် ဏဲ့ ဠွုမ်းလေချင်း 



ဂျူး ကို ဘယ်က စကြိုက်လဲဆိုတော့ ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေကနေစကြိုက်တာ ဝတ္တုက ဘိုဆန်တယ်လေ အဲ့တော့ ဘိုဆန်တဲ့ ကိုယ်က ကြိုက်တာပေါ့ 


နောက်တော့ အမှတ်တရ ကနေ မြစ်တို့ မိန်းမ ပင်လယ် မိုး ကြေမွ သစ်ပင် စတာတွေ ဆက်တိုက်ဘတ်ဖြစ်တယ် 

အဲ နောက်ပိုင်း လရဲ့အောက်ဘက်ကနေ စလို့ သိပ်မကြိုက်တော့ဘူးလို့ပြောရမယ် သို့သော် ပုဂ္ဂိုလ် စွဲကြီးသူမို့ ဘတ်တော့ ဘတ်ဖြစ်နေတယ် အရင်လိုလက်ရာလးများ တဖန်ပြည်လည် ခံစားရဦးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ

သို့သော် နောက်ပိုင်း တိမ်နဲ့ချည်တဲ့ကြိုး ကြယ်စင်တံတား ပိုချစ်တဲ့သူ ဆုံနေလျက် ကိုယ်မင်းကို ချစ်သူလား စတာတွေကတော့ တူတူချည်းပဲ ထင်တယ် ဂျူး ဟာ အရေးအသားပိုင်းမှာ ကောင်းတာ လက်ခံတယ် သို့သော် ဇာတ်အိမ်တည်ဆောက်ပုံမှာ အားနည်းတယ်လို့ဆိုချင်တယ်

(ဒီနေရာမှာ ခခထ ကို ယှဉ်ပြောချင်တာတော့ မဟုတ် သို့သော် သူက ရေးအားလည်းကောင်းတယ် ဇာတ်အိမ်လဲခိုင်တယ်) သို့သော် မတူတာနှစ်ခု ကိုယှဉ်ပြောလို့တော့မရပေဘူး Bobby Soxxer နဲ့ စိုးစန္̔ဒာထွန်း ကိုယှဉ်သလိုဖြစ်နေတယ် အရသာချင်းက ဘာမှမဆိုင် နှစ်ယောက်စလုံး သူ့လိုင်းနဲ့သူကောင်းနေတယ် သို့သော် ယှဉ်ပြောလို့ ရကောင်းသော အရာများ မဟုတ်

ပြောချင်တာ ခခထ က ဇာတ်အိမ်တည်ဆောက်တာ ခိုင်တယ် သိုင်းသိုင်းဝန်းဝန်း ရှိတယ် ဇာတ်ရုပ်တွေလဲ ကောင်းတယ် ရေးအား ကောင်းမကောင်းကတော့ စာအုပ်အထူကိုသာကြည့်ပေတော့

ဂျူးကတော့ အပေါ်ကပြောထားတဲ့ နောက်ပိုင်း အုပ်တွေမှာ ဇာတ်လမ်းတွေဆင်နေတာပဲ

ဥပမာ

မိန်းမက ပညာတတ် အကြောင်းမဲ့ မာန ကြီး ဆုံးဖြတ်ချက်ချတာ ညံ့ သို့သော် သေလောက်အောင်ချစ်

ယောက်ျားကျတော့လဲ အမြဲ ကျွတ်ဆတ်ဆတ် ဇာတ်ကောင် မိန်းမ ထက် အမြဲ ညံ့
နောက်တခုက အခုနောက်ပိုင်းရေးတဲ့ ဇာတ်ကောင်တွေ မြဝန်းထရံတို့ အင်ကြင်းဝေတို့ နာမည်တွေသာ ပြောင်းသွားတယ် ကိုယ်တော့ မျက်စိထဲ နှင်း ကိုပဲ ပြေးပြေးမြင်နေတယ် ပြောချင်တာ တူတဲ့အချက်တွေရှိတယ် (မိန်းမက ပညာတတ် အကြောင်းမဲ့ မာန ကြီး ဆုံးဖြတ်ချက်ချတာ ညံ့ သို့သော် သေလောက်အောင်ချစ် ) စတာတွေ

ဖြိုးလို ကို မိန်းမ အနေနဲ့ကြည့်ရင် အင်ကြင်းဝေ ပဲ ကိုယ်လိုချင်တာ ကို မသိတာလား သိလျက်နဲ့သတ္တိမရှိတာလား အိမ်စိုးမေ ကို သတိရစေတယ်

အဲ့လိုပဲ မင်းသားတွေကလဲ ဘယ်လိုကြည့်ကြည့် ယုမော် နဲ့ဆင်တာတွေ ရှိနေတယ်

ကိုယ် မြင်ချင်တာ နန္ဒလို ရည်မွန်ပေမယ့် ခပ်ကြမ်းကြမ်း နမ်း ပစ်တတ်တဲ့ ယောက်ျားမျိုး

မောင့် လို ပေါင်မုန့်ထောပတ်သုပ် နဲ့ချော့ ရင် စိတ်ပြေလွယ်ပေမယ့် အလိမ်မာ အိမ်ပါကိုသာ ယူမယ့် ယောက်ျားမျိုး

စတဲ့ ဇာတ်ကောင်မျိုးတွေ မြင်ချင်မိတယ်

နောက် မြစ်တို့၏ က မျက်လုံးမှေးမှေး နဲ့ ကောင် နောက် မိုးထဲက အူကြောင်ကြောင်ကောင်

ဒီ ဆုံနေလျက် မှာလဲ ဂျူးက နောက်ဆုံး စာမျက်နှာတွေနားမှာ အမှတ်တရ လိုလို အတင်း ပြန်ကြိုးစားတယ် လို့ ပြောချင်တယ် သို့သော် အရသာ က မရတော့ဘူး စိတ်လှုပ်ရှားမှု chemistry

ဥပမာ စာမျက်နှာ ၃၂၂ ကနေ ၃၂၅ လိုမျိုးတွေ လစ်ဗင်းတူ ၈ဲသား အရေးအသားမျိုးကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာမျိုး

နောက်ပြီး သီချင်းစားသားတွေပန်းချီကားတွေအကြောင်း မွေးနေ့လက်ဆောင်စာအုပ်အနေနဲ့ ထည့်တာကလဲ နိုဝင်ဘာမိုး တို့ ချစ်သူရေးတဲ့ည တို့ကို တပိုင်းတဆ ပြန်မြင်နေရတယ်

အချုပ်အနေနဲ့ ပြောရရင်တော့ အရင် ဂျူး လက်ရာ ကို အရမ်း မျှော်လင့်နေပြီးတော့ (သူ့လက်ရှိ အသက် အမြင်တွေကို ထည့်မတွက်ပဲ ရသ ရေးသူ စစ်စစ် လက်ရာ) ထင်သလာက် ပြန်မရတဲ့ အခါ ပုဂ္ဂိုလ်စွဲစာဘတ်သူတယောက်အနေနဲ့ အားမလိုအားမရ ဖြစ်တာမျိုးပါပဲ။

တီချမ်း
ညနေ ၆ နာရီ ၄၈ မိနစ် 
ရွှေနန်းတော် ဟိုတယ် 
နေပြည်တော် 
မြန်မာ။ 

အပြင်ကလူ ၁-၂

နာမည်ကိုကြည့်လိုက်တာနဲ့ ကြည်အေးအကြောင်းပြောတော့မယ်ဆိုတာသိမှာပေါ့နော်။ ကြည်အေးအကြောင်း မဟုတ်ပါဘူး။ သူ့ဝတ္ထုအကြောင်းပါ။ ကိုယ်က ဂျူး ပရိတ်သတ်စစ်စစ်ပါ။ အရင်က ကြည်အေးကို မဘတ်ပါဘူး။ ကြည်အေးကို စဘတ်မိတာနွမ်းလျအိမ်ပြန်ပါ။ တကယ်ပါပဲ ဘတ်ပြီးတော့နွမ်းသွားစေပါတယ်။ အဲ့ကတည်းက
မောလို့ မဘတ်ပါဘူး။ သို့သော် စိတ်ကူးချိုချို က ပြန်ထုတ်တော့ စာအုပ်စုတဲ့အနေနဲ့ ကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ် ကိုဝယ်ဖြစ်ပါတယ်။ မဘတ်ဖြစ်သေးပါဘူး။ နောက် အပြင်ကလူကို ပထမ ပိုင်း သပ်သပ်ဝယ်သေးတယ်။ ဒုတိယပိုင်း ရှိမှန်းလဲ မသိပါဘူး။ နောက်တော့မှ စိတ်ကူးချိုချိုကပဲ အပိုင်း ၁-၂ ကို ပူးတွဲပြန်ထုတ်တော့ ဝယ်ဖြစ်တယ်။ အစကတော့ စာအုပ်လေးက သေးသေးသပ်သပ်ရပ်ရပ် နဲ့မို့ပေါ့။ အလွယ်တကူ ခရီးသွားရင်းဘတ်ဖို့လွယ်တယ် ဆိုပြီး ဝယ်လိုက်တာပါပဲ။ မဘတ်ဖြစ်ပါဘူး။

ကြည်အေးကို ကိုင်ကြည့်ရမှာ ကြောက်နေတယ်ပဲ ပြောရမယ်။ ဝိတ်ကြောင့်ဖြစ်မယ်။ တကယ်ပါ ကိုယ်အရင်က ပုဏ္ဏမီိတို့ လမင်းမိုမိုတို့ ရှင်မိုးတို့ လွန်းထားထားတို့ မနော်ဟရီတို့လို အပျော်ဘတ် ပေါ်ပင်တွေဆို တညကို ၄ အုပ်လောက်ပြီး တယ် အိမ်သာ တခါတက်ရင် တအုပ်ပြီးတယ်။ ဟုတ်ကဲ့ အဲ့လို စာတွေကို အိမ်သာဘတ် စာအုပ် များလို့ ကိုယ့်ဘာသာ သတ်မှတ်ပါတယ်။ တခါဘတ်ပြီး နောက်တခါ ပြန်ဘတ်ချင်စရာမရှိ၊ ဘတ်နေရင်းနဲ့ ဇာတ်လမ်းကိုကြိုသိ စတာမျိုးပါ။ နောက် အရေးအသားအနေနဲ့ကလဲ သေသေချာချာ ဘတ်ချင်စရာမရှိ။ ဘတ်ပြီး တော့လဲ ဘာမှမကျန် အဲ့တာဆို ဘာလို့ဘတ်နေသေးလဲဆိုတော့ အပျင်းပြေလို့ပါ။ ကိုယ်မှာ အကုန်ရှိပြီး ခဏခဏ ပြန်ဘတ်ဖြစ်တာကတော့ တာရာမင်းဝေနဲ့ ဂျူးပါ။ ဘက်ပြိုင်ထဲမှာဆို မင်းခိုက်စိုးစံ တို့ တောင် တယ်မကြိုက်ပါဘူး။ အဲ့လိုပါပဲ ဝယ်ပြီး မဘတ်ရသေးတာအများကြီးရှိတယ်။ ခုအလုပ်ထွက်တာလဲ အဲ့တာပါတယ်။ တနှစ်လောက်တော့ နားပြီး (သောက်) အလုပ်မလုပ်ဘဲ တောလို အေးချမ်းတဲ့ အရပ် အင်တာနက်နဲ့ဝေးသော အရပ်မှာ သွားနေပြီး စာအုပ်တွေချည်းပဲ တဝကြီးဘတ်ချင်သေးတာ။ ကိုယ်သိပ်စိတ်ကူးယဉ်ပါတယ်။

ခုတော့ ပြီးခဲ့တဲ့ လကုန်က ဖနွမ်ပင်ကို အလုပ်ကိစ္စနဲ့ သွားရတော့ ဟိုတယ်မှာ အေးအေးဆေးဆေး စာဘတ်ဖြစ်ပါ တယ်။ အဲ့တာနဲ့ အပြင်ကလူ ကို သေသေချာချာ ဘတ်ဖြစ်တယ်။ ကိုယ်ထင်တယ် ဒီလို စာအုပ်ဘတ်ဖို့ ခေါင်းရော ဦးနှောက်ရော နှလုံးသားရော အပြည့်ပေးနိုင်ရမယ်။ စာတကြောင်းချင်းကို ရေးထားတဲ့ အဓိပ္ဗါယ်ကော စာကြောင်း တွေကြားထဲက ဝှက်ထားတဲ့ အဓိပ္ဗါယ်ကော သေသေချာချာ ခံစားနိုင်မှ ဝတ္ထု ကို ဘတ်ပြီးတဲ့ အခါ ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက်ကို ရမယ်လို့ ထင်တယ်။

အရင်နွမ်းလျအိမ်ပြန်ကို ဘတ်တုံးက မောနေတာပဲ မှတ်မိတယ် တီဘီ ရောဂါသည်ကောင်မလေးအကြောင်း ဆိုတာ မှတ်မိတယ်။ အဲ့လောက်ပဲ ရင်ထဲ ထိထိခိုက်ခိုက်မရှိခဲ့ဘူး။ အခုကတော့ မတူဘူး။ ကမျူး ရဲ့ စည်းအပြင်ကလူ ကိုဘတ်ခဲ့ဖူးလို့လား ကိုယ်တိုင်လဲ အပြင်ကလူ ဆန်ဆန် ခံစားခဲ့ရ ဖြစ်နေခဲ့လို့လားတော့ မသိဘူး။ ပိုပြီးတော့ ခံစားနိုင်တယ် ကိုနှင်းနွယ်ကို ပို ကူလူးလို့ရတယ် လို့ခံစားရတယ်။

နောက်တခုကတော့ ကြည်အေးကို သိပ်သဘောကျသွားတယ်။ အတွေးတွေအမြင်တွေ သူဟာ အပြင်ကလူ ၁ ကိုရေးတုံးက ၁၉ ၇၁ ခုနှစ် ကိုယ့်ကို မမွေးသေးဘူး။ သို့သော် ဒီစာအုပ်ထဲမှာ သူရေးထားတဲ့ အရေးအသား အတွေးအခေါ် ပေးချင်တဲ့ မက်စေ့ခ်ျတွေက အခုတောင် ကိုယ်တို့ မြန်မာပြည်မှာ လူတော်တော်များများ မမီသေးဘူးပဲ ပြောရမယ်။ မမီသေးဘူးဆိုတာ ခံစားနိုင်တာ လိုက်မီ တာ ကို မဆိုလိုဘူး။ ကျင့်သုံးနိုင်တာကိုပြောချင်တာ။ ဥပမာ ကလေးတွေကို မိဘတွေ ထိန်းကြောင်းတာနဲ့ပတ်သက်ပြီးပြောထားတာ..ကိုနှင်းနွယ်ရဲ့သူ့သားအပေါ်ဖြစ်စေချင်တဲ့ ဆန္ဒ၊ ကလေးကို ထိန်ကြောင်းချင်တဲ့ ပုံစံကို အေးကို ပြန်ပြောပြနေတဲ့အချိန်မှာ ဒီလိုရေးထားတာ……. “သားကို လွတ်လပ်ခွင့်ပေးချင်တယ်၊ သူဖြစ်စေချင်တာဖြစ်ရမယ်၊ လုပ်ချင်တာလုပ်ရမယ်၊ သားရဲ့ စိတ်ကူကို ကျွန်တော် ရိုသေချင်တယ်၊ သားရဲ့ လူ့အဖြစ်ကို မျှော်တွေးတယ်၊ ကလေးဟာ မိဘနှစ်ပါးစလုံး ပိုင်ဆိုင်တဲ့ ပစ္စည်းမဟုတ်ဘူး၊ ချယ်လှယ်စရာမဟုတ်ဘူး၊ တစ်သီးတခြား ဖြစ်ထွန်းရမယ့် လူ့ဘဝယ တရပ်ဖြစ်တယ်၊ မိဘက ကူညီရုံ ထောက်ပံ့ရုံ
ပဲ။” လို့ရေးထားပါတယ်။ အတွေးအခေါ်တင် အနောက်တိုင်းဆန်တာမဟုတ်ဘူး အရေးအသားလဲ အနောက်တိုင်း ဆန်ပါတယ်။ မှီးထားတာတောင် ဖြစ်နိုင်တယ်။ အဲ့လို မဟုတ်ရင်လဲ စာရေးသူ အဘတ်များတဲ့ အနောက်တိုင်း စာအုပ်တွေရဲ့အတွေးအမြင်လွှမ်းမိုးမှုတွေ အများကြီး မြင်ရတယ်။ အရေးအသားကိုယ်တိုင်ကိုက တော်တော် အနောက်တိုင်းဆန်နေတာ တွေ့ရမယ်။ စကားလုံး အသုံးအနှုံးရွေးချယ်ပုံက အစပေါ့။ ဥပမာ လွတ်လပ်ခွင့်ပေးချင်တယ် တို့ သားစိတ်ကူးကို ကျွန်တော် ရိုသေချင်တယ်တို့ လူ့အဖြစ်ကိုမျှော်တွေးတယ်တို့ အဲ့တာ မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ အသုံးများတဲ့ စကားလုံးမျိုး မဟုတ်ဘူး။ အင်္ဂလိပ်စကားကို မြန်မာပြန်ရင်သာ အတွေးများမယ့်စကားလုံးမျိုးပဲ။ respect, expect, independent စသည်ဖြင့်ပေါ့။

နောက် လက်ထပ်ခြင်းကိုတင်ပြတဲ့ အယူအဆ၊ အချစ်ကို ပုံဖော်ပုံ လက်ထပ်တာ နဲ့ အချစ် ကို နှိုင်းယှဉ်ပြပုံ……
“အချစ်ဆိုတဲ့ ပုံပြင်ဟာ လက်ထပ်ထိမ်းမြားခြင်းမှာ ပြီးဆုံးတယ်လို့ နုနု ထင်တယ်၊ အများတကာလည်း ဒီလိုပဲ မြင်ကြတယ်ထင်ပါရဲ့ ကျွန်တော် မသိဘူး၊ ဒါကြောင့်လဲ လက်ထပ်ထိမ်းမြားခြင်းဟာ အချစ်ရဲ့သင်္ချိုင်းပဲလို့ စကားပုံတောင်ပြုရက်ကြတာပေါ့။ ကြည့်ပါဦးဗျာ၊ အချစ်ဆိုတဲ့ ပုံပြင်ဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ်ဆိုတာ မသိကြတဲ့အတိုင်းပဲ မင်္ဂလာဆောင်တဲ့အမှုကို အကြီးအကျယ်ပြုနေလိုက်ကြတာ ရက်စက်တယ်လို့ဆိုချင်ဆို သူတို့လုပ်နေပုံက အချစ်ဆိုတာကို မသာချနေသလိုပဲ၊ နောက်ဆုံးပြုစုခြင်းပေါ့။ တကယ်တော့ထိမ်းမြားလက်ထပ်ခြင်းဟာ အချစ်ဆိုတဲ့ ကိစ္စရဲ့ အလိုလိုဖြစ်လာတဲ့ ကြံစည်တွေးတောနေစရာမလို တဲ့ တစိတ်တဒေသ အပိုင်းအစလေးပါ။”

အချစ်အပေါ်တွေးမြင်ပုံ ဖွဲ့နွဲ့ပုံတွေက မြန်မာ့ ယဉ်ကျေးမှု နဲ့ ဖြောင့်ဖြောင့်ကြီးမဆန့်ကျင်နေဘူးလား။ ဒါပေမယ့် သိပ်လှတယ်။ ကိုနှင်းနွယ် အမြင်အနေနဲ့ သူ့ကို (အရှေ့တိုင်း) လူ့ဘောင်လောကရဲ့ အပြင်ဘက်ကလူအနေနဲ့ ဖွဲ့ပေမယ့် ရေးတာက စာရေးသူ အမြင်တွေ သူဘတ်ဖူးလို့ လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေက လာတဲ့ အတွေးအခေါ်တွေ လို့ထင်တယ်။ နောက်တခါ ဖွဲ့ဆိုပုံ အနောက်တိုင်း ဆန်ပြန်တယ်။

ကလေးကြောင့်ပန်းကန်ကွဲသွားလို့ နုနုက ကလေးကို ရိုက်တဲ့အခါ…“ပန်းကန်က တစ်ချပ်ဟာ ကလေးစိတ် တစ်ချက် နာကျင်သွားတာရဲ့ ဆယ်ပုံ တစ်ပုံ အဖိုးမတန်ပါဘူး၊ လူဟာ ပစ္စည်းရဲ့ကျွန်မဟုတ်ဘူး” လို့ ရေးထားပြန်တယ်။ ကိုယ်တို့တွေငယ်ငယ်ကတည်းက လိမ်တာ မကောင်းဘူး စောက်နဲ့ မဆဲရဘူးဆိုတဲ့ မိဘ မျိုးကနေ ကြီးပြင်းလာရတာပါ။ ဒါပေမယ့် အရိုက်က မလွတ်ခဲ့ပါဘူး။ ပြောချင်တာက မြန်မာပြည် အရှေ့တိုင်း တွေမှာ မိဘအများစုက ကလေးတွေကို ရိုက်နှက်ဆုံးမတာ ပိုထိရောက်တယ် လို့ ထင်နေ ကျင့်သုံးနေဆဲပါ။ တရုတ်တို့ အိန္ဒိယ တို့လို နိုင်ငံတွေပိုဆိုးမယ်ထင်ပါတယ်။ အနောက်တိုင်းကသာ ကလေးတွေကို သိသာအောင် နားဝင်အောင် စိတ်ရှည်လက်ရှည် ဆုံးမ ပြောပြတတ်တာမဟုတ်ဘူး။ ကလေးကို မလိုအပ်ပဲ ရိုက်ရင် မိဘကို ဖမ်းနိုင်တဲ့ ဥပဒေလဲ သူတို့ဆီမှာပဲ ရှိတယ်လေ။ ပြောချင်တာက စာရေးသူရဲ့ အတွေးအခေါ်တွေအရေးအသားတွေဟာ မြန်မာပြည်အတိုင်းအတာနဲ့ဆိုရင် အနည်းကလေး အနှစ် ၅၀ ကနေ ၁၀၀ လောက်ထိ ရှေ့ပြေးနေသေးတယ်ဆိုတာပြောချင်တာပါ။ ခုထိကို မိဘတော်တော်များများက ကလေးတွေကို ဆုံးမပုံ၊ လူတော်တော်များများက အချစ်နဲ့ အိမ်ထောင်ရေးကို ရှုမြင်ပုံ စတာတွေက ခေတ်နောက်ကျနေသေးတယ်
ပြောရမလား အမြင်ကျဉ်းနေသေးတယ်ပြောရမလား။

နောက် အချစ်ခန်းတွေကို ရေးရာမှာလဲ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က အမျိုးသမီး စာရေးသူတယောက်အနေနဲ့ ဆို လွတ်လပ်ပွင့်လင်းတာကိုတွေ့ရပါတယ်။ (ဘာ့ကြောင့်လူတွေက ရှေ့မှာ ကြည်အေးတယောက်လုံး ရှိရဲ့နဲ့ ဂျူးကိုပဲ အမြဲ အပြစ်မြင်ကြ ပြောကြ ဝေဖန် ကြသလဲဆိုတာ ကိုယ်နားမလည်ဘူး)။

ဇာတ်လမ်းက generic ဆန်တဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ရိုးရိုးပေမယ့် အရေးအသားကတော့ ပထမတန်းစားပါပဲ။ ဒီလို အေးအေးဆေးဆေး အားအားယားယား ကောင်းကောင်းနားပြီး သေသေချာချာဘတ်ရတဲ့ အတွက် တကယ့်ကို ကျေကျေနပ်နပ် ဖြစ်မိတယ်။ အစားကောင်းစားပြီးရင် ကျေနပ်နှစ်သိမ့်မှုမျိုးမဟုတ်ပေမယ့် ကိုယ်ပြောချင်တာ စာဘတ်သူသိပါတယ်လေ။

P.S
မောင်ဒီနေ့ ပြန်ရောက်မယ်။ ခဏနေရင်ကို လေယာဉ်ဆိုက်တော့မှာ ရုံးမသွားပါ။

A Chen
10:37AM
4th Apr 2012
Wednesday
Home
Bangkok