မီ နှင့် သူမ၏ ကမ္ဘာ သုံးလွှာ

Me and her three worlds

 

ယနေ့ နံနက် က မီ အိပ်ရာထ နောက်ကျလေသည်။ အကြောင်းအရင်းက မနေ့က တနေ့လုံး ည ၈ နာရီ ခွဲထိ ၁၂ နာရီကျော်ကြာ အစည်းအဝေး ၃ ခု ဝင်ရလို့ပင်။ ဒီနေ့ ကားမောင် ပြန်ရန်မှ အပ လုပ်စရာထွေထွေထူးထူးလဲ မရှိတော့ နားနားနေနေပင် အိပ်စက်ဖို့ စဉ်းစားမိလေသည်။

 

၁၀ နာရီခွဲတွင် သိမ်းမည့် မနက်စာကို ၁၀ နာရီ ၁၅ တွင်မှ ကတမ်းကတန်းထ ကာ မျက်နှာ သစ်၍ သွားစားရလေသည်။ ထုံးစံအတိုင်း အလုပ်မရှိသော နေ့များတွင် မနက်စာကို အီလေဆွဲစားတတ်သည်မှာ မီ့ အကျင့်။ မကောင်းမှန်း သိပေမင့် မီ သည်လောက်တော့ အနားယူဖို့ ထိုက်တန်သည်ဟု ကိုယ့်ကိုကိုယ် ဆင်ခြေပေးလေသည်။

 

မနက်စာ စားပြီး ပြန်လာတော့ ရေကူးကန်နားအရောက်တွင် ကျေးငှက်တို့၏ တီတီတာတာ သံသာများ ကြားရလေသည်။ ရေကူးကန်ထဲသိုပ တသွင်သွင် တငြိမ့်ငြိမ့် ရေကျသံသည် ရေကူးကန်ပတ်လည်တွင် စဥ့်အိုးပုံစံ ရာဝင်အိုးများနှင့် လုပ်ယူထားသော ရေပန်းငယ်လေးမှ လာ၏။ ရေကျသံ ပလုံပလုံ နှင့် ကျေးငှက်သံ တီတီတာ သည် အင်မတန် ပနာကျလှသည်ဟု မီထင်မိလေသည်။ ရေကူးကန်ဘေးတွင် ထိုင်၍ စာအုပ်လေး ဘတ်ရသော် ကောင်းမလားဟုပင် တွေးမိ၏။ နောက်ဆက်တွဲ ရေပါကူးလိုက်ရင်ကော…….သို့သော် ၅ နာရီကြာ မောင်းရဦးမည့် ကားလမ်းကြောင်းတွင် အိပ်ငိုက်မည် စိုးသဖြင့် မီ့ စိတ်ကူး ဖျက်လိုက်ရသည်။ ရေကူးထားလျှင် အကြောအချင်များ ပြေ၍ အိပ်ငိုက်မည် မဟုတ်လား။ သို့သော် တငြိမ့်ငြိမ့်တိုက်လာသော လေညှင်းလေးများ၊ ကျေးငှက်တို့၏ ဘာသာဘာဝ မြည်ကျူးသံလေးများ နှင့် ရေကူးကန် ပတ်လည် သြကာသသည် အင်မတန်မှ နားနေချင့်စဖွယ် ဖြစ်နေပေတော့သည်။ မီသည် စိတ်ကို မနည်း ပိုင်းဖြတ်ကာ ………မီ့ အိပ်ခန်းရှိရာ အဆောင်ကြီး သို့ ဝင်လိုက်လေတော့သည်။

 

အဆောင်ခန်းမကြီးထဲ ခြေချလျှင် ချခြင်း ပထမဆုံး ခံစားမိသည်မှာ ပြင်ပ နှင့် မတူသော အပူချိန်ပင် ဖြစ်သည်။ အုတ်တိုက်၏ အေးစိမ့်ခြင်း နှင့် လေအေးပေးစက်၏ ထိန်းညှိပေးထားသော အပူချိန်သည် ခန်းမကြီးထဲ မအေး မပူ အနေအထားလေးကို ဖြစ်စေ၏။ လူတွေများ သူများဆီက ပိုက်ဆံရှာနိုင်ဖို့ ရှာကြံစဉ်းစားတတ်လိုက်တာ ဟု ကန့်လန့်တိုက် တွေးမိသော မီပင် အော် သူတို့က ဧည့်သည်တွေ နေရထိုင်ရ ကောင်းအောင် သက်တောင့်သက်သာ ရှိအောင် စေတနာ ထား တွေးပေးတတ်ပါလား ဟုပင် အကောင်းမြင်လာရသည်။ ခန်းမတလျောက် လှမ်းလျောက်လာရာတွင်လည်း တေးသံ ငြိမ့်ညောင်း သာယာသံများက မကျယ်လွန်း မတိုးလွန်း လှမ်းလျောက်ရာ ခြေလှမ်းတိုင်း ပါလာသလို ခံစားမှုကို ပေးလေသည်။ ခန်းမထောင့်ကျယ်များ၏ သန့်ရှင်းခြင်း သပ်ရပ်ခြင်း အမှိုက်တစ မရှိခြင်းများက ၂၄ နာရီ တပတ်လုံး အဆက်မပြတ် အလေးထား ဆောင်ရွက်မှုကိုလဲ ပြသေး၏။ မြန်မာ စီမံခန့်ခွဲမှုနှင့် နိုင်ငံခြား စီမံခန့်ခွဲမှု ကွာခြားချက်ပင်။ မီ သည် တိုင်းတပါးကို အထင်မကြီးတတ်ပေ။ ယဉ်ကျေးမှု တလေ့ထုံးစံကို မြတ်နိုးတတ်သော သူပင်။ သို့ရာတွင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာ နှင့် စည်းကမ်းရှိမှု၊ ကြီးမြတ်သော စိတ်ထား ရှိမှု၊ ကောင်းသော အလေ့ကို အတုယူမှု တို့၏ ကွာခြားချက်ကိုတော့ မီကောင်းကောင်းနားလည်သည်။ ဤသည်ကိုလည်းပဲ တိုင်းတပါးကို အထင်ကြီးသောကျွန်စိတ်ဟု မီမမြင်၊ တိုးတက် ထွန်းကားလိုသောစိတ်၊ နိုင်ငံကြီးသား ပီသသော စိတ်အခြေ ဟုသာ မီထင်လေသည်။ စည်းကမ်းသည်ပင် လူ၏ မူလ တန်ဖိုး ဖြစ်သည်မှလား။ စည်းကမ်းရှိမှလဲ တိုးတက်ပေမည်။ ဤသည်ကား စာအုပ်ထဲမှာ ဘတ်ရှု သိမြင်လာသော စာတွေ့မဟုတ် နိုင်ငံများစွာ လည်ပတ်သွားလာရာမှ မီရခဲ့သော ကိုယ့်တွေ့ အသိအမြင်ပင်။

 

မြောက်များစွာသော ကော်ရစ်တာ ထောင့်ချိုးများကို ဖြတ်ပြီးသည့်အခါတွင်တော့ မီ့ အိပ်ခန်းလေးရှိရာ လျောက်လမ်းလေး သို့ရောက်ခဲ့ပေပြီ။ သို့တိုင်အောင် မီ့မှာ ရေကူးကန်ဘေးတွင် ကျေးငှက်သာရကာများ၏ တေးသံကို နားဆင်ကာ စာဘတ်၍ ခေတ္တအနားယူရမလား၊ အိပ်ခန်းထဲပဲ ပြန်ကာ အပြန်အတွက် အဝတ်များ ထည့်ရမလား ဝေခွဲမရဖြစ်ဆဲ။

 

သို့သော် အခန်းတံခါး ဖွင့်လိုက်သည်နှင့် တပြိုင်နက် အအေးဓါတ် စိမ့်စိမ့်လေးက မီ့ကို ထွေးပွေ့ကြိုလေသည်။ (ထွေးပွေ့ ဟုသော စကားရပ်သည် နွေးထွေးမှု ကိုသာ သုံးလေသလား၊ အေးစိမ့်သော ထွေးပွေ့မှုကော မရှိနိုင်ဘူးလား……မီ စာအများကြီး ဘတ်ရန် လိုပေသေးသည်) မီ အခန်းထဲက မထွက်ခင် အအေးကို ၂၃ ဒီဂရီ စင်ဒီဂရိတ် ထားခဲ့သည်ကိုး။ မီသည် အအေး အင်မတန်ကြိုက်လေသည်။ နှစ်ရှည်လများ ဆေးစွဲသောက်ခြင်း၏ အကျိုးဆက်ပင်၊ မီ့ ကိုယ့်ခန္ဓာ အပူချိန်က သာမာန်လူ အဖျားတက်နေသလောက်ရှိလေရာ ညညတွင် မီသည် အိပ်သောအခါလည်း အဝတ်မကပ်ပေ။ လေအေးပေးစက်ကို အေးစိမ့်နေအောင် ဖွင့်ကာ စောင်ခြံထူထဲ ကွေးဝင်အိပ်စက်တတ်တာ မီ့အကျင့်။ ဒီဟိုတယ်ကိုလဲ မီအထူးသဖြင့် ကြိုက်နှစ်သက်သည်မှာ အိပ်ခန်းအတွင်း အသုံးပြုထားသော အမန်နတီများခေါ် မွေ့ရာ စောင် နှင့် ခေါင်းအုံးများ ဖြစ်သည်။ ခေါင်းအုံးများ ဖြစ်ပါသည်။ အများစုကို ဖော်ပြသော နာမ်ပင်။ သာမာန်အုံးနေကျ ခေါင်းအုံး လေး အုံးအပြင် သရိုးပီလို ဟုခေါ်သော ဆက်တီသုံး ခေါင်းအုံးသေးသေးလေး ၃ လုံးပါပေသေးသည်။ မီ့ ကုတင် ကျယ်ကြီးသည် ခေါင်းအုံးများ နှင့် ပြည့်နေကာ မီ့ ခန္ဓာကိုယ်လေးသည် စောင်အောက်တွင် ဖုံးကွယ်ပျောက်ရှနေသော ခံစားချက်ကို မီသိပ်ကြိုက်လေသည်။ ကမ္ဘာလောကကြီးကနေ ဘယ်သူမျှ လိုက်မရှာနိုင်အောင် ပုန်းကွယ်နေနိုင်သော ခံစားချက်မျိုး။

 

ထို့နောက် မီ ဖုန်းကလေးဖြင့် မီ ကြိုက်နှစ်သက်ရာ တေးသံလေးများ ဖွင့်ကာ စောင်ခြံအောက်ထဲ တိုးဝင်၍ ထွက်ခွာချိန် မနီးမခြင်း ခန ထပ်နှပ်ရန် အိပ်ရာပုံအောက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

 

အော်…..လူဖြစ်ရကျိုး နပ်လေစွ။

 

၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၈ ခု

ဟီလ်တန် ဟိုတယ်

နေပြည်တော်

၁၁ နာရီ ၂၇ မိနစ်

Leave a Reply

Your email address will not be published. Required fields are marked *