ယောက်ျားတွေ ရဲ့ ပြိုင်ပွဲ

ယောက်ျားတွေ ရဲ့ ပြိုင်ပွဲ

ယောက်ျားတွေဟာ တခါတလေကျရင် သူတို့ခေါင်းမာတာကို သက်သေပြဖို့အတွက် မိန်းကလေးတယောက်ကို ချစ်ရေးဆိုတတ်ပါတယ်။ ဥပမာ ကောင်လေးတယောက်က ကောင်မလေးကို အဲ့လောက် ကြိုက်တာလဲ မဟုတ်ဘူး၊ တကယ် နှစ်နှစ်ကာကာ ချစ်သလားဆိုတော့လဲ မဟုတ်ဘူး။ အင်း ဒါပေမယ့် အဲ့ဒီ ကောင်မလေးကိုပဲ သူ့သူငယ်ချင်း တယောက်ယောက်က သို့မဟုတ် တခြား ကောင်လေး တယောက်ယောက်က လိုက်နေတယ် ချစ်ရေးဆိုဖို့ ကြိုးစားနေမယ်ဆိုရင် သူဟာ အဲ့ဒီကောင်မလေးကို သူ့သူငယ်ချင်းနဲ့ သို့မဟုတ် အဲ့ဒီ နောက် ယောက်ျား တယောက်ယောက် နဲ့ အပြိုင်လိုက်တတ်ပါတယ်။

ယောက်ျားတွေမှာ ဒရာမာ မရှိပါဘူး။ ဇာတ်လမ်း မရှုပ်ပါဘူး၊ ကစားကွက် ပရိယာယ် မရှိပါဘူး။ သူတို့မှာ ရှိတာ ပြိုင်ပွဲပဲ။ ဘယ်လို ကစားနည်းပဲ ဖြစ်ဖြစ် သူတို့ အတွက်တော့ ပြိုင်ပွဲပဲ။ ချက်စ်ထိုးတာပြောမလား၊ ဘောလုံး ကစားတာပြောမလား၊ အို ကုန်ကုန်ပြောရရင် ကွန်ပျူတာ ဂိမ်း ဆော့တာတောင် သူတို့အတွက်က ပြိုင်ပွဲပဲ။ အခုပြောနေတဲ့ အရာအကုန်လုံးဟာ သူတို့တွေအတွက်တော့ ပြိုင်ပွဲတွေချည်းပဲ။ ယောက်ျားတယောက်နဲ့ တယောက် ပြိုင်တာ မဟုတ်ရင် ကိုယ့်ဘာသာ ကိုယ်ပြန်ပြိုင်နေတဲ့ ပြိုင်ပွဲတွေပဲ။

မိန်းကလေးတွေကို လိုက်တဲ့ နေရာမှာလဲ ပြိုင်တာပဲ။

ပြိုင်တယ်ဆိုတဲ့ နေရာမှာ သူတို့ အတွက် ဖြတ်သန်းမှု က အဓိက မကျဘူး။ အနိုင်အရှုံး ဆိုတဲ့ ရလဒ်ကသာ ပဓာန။ အဲ့လို အောင်နိုင်မှု ကိုရဖို့အတွက် သူတို့တွေက တခါတခါ သူတို့ ချစ်မိတာက အဲ့ဒီဖြတ်သန်းမှု လို့ ထင်ယောင်မှား တတ်ကြတယ်။ အခုနက အပေါ်မှာ ပေးထဲ့တဲ့ ဥပမာလိုပဲ ကောင်မလေးကို တကယ်တော့မချစ်ဘူး သူငယ်ချင်းက
ချစ်တယ် ကြိုက်တယ် ဆိုတော့မှ ကိုယ်ကလဲ ချစ်တယ် ကြိုက်တယ် ထင်ပြီး အပြိုင်လိုက်ကြိုက်တာ လိုက်တာ ချစ်ရေးလိုက်ဆိုတာ ကောင်မလေး အချစ်ကို လိုချင်တာ။

ဥပမာ နောက်တခု အစက အဲ့ကောင်မလေးကို ရုပ်ရှင်ကြည့်ဖိတ်ဖို့ မရည်ရွယ်ဘူး။ သို့သော် နောက် ယောက်ျား တယောက်က ကောင်မလေးကို ရုပ်ရှင်ကြည့်ဖို့ ချိန်းတာ သိတဲ့ အခါ သူကလဲ ရုပ်ရှင်ကြည့်ဖို့ ချိန်းချင်လာရော။

သူ့ မှာ တခြားကိစ္စ ရှိလို့ ကောင်မလေးကို အိမ်ပြန်လိုက်မပို့နိုင်ဘူး။ ဒါပေမယ့် သူ့ သူငယ်ချင်း/ပြိုင်ဘက်က လိုက်ပို့မယ်လဲ ဆိုရော ချက်ချင်း သူပါ လိုက်ပို့ပါမယ် ဖြစ်ရော။

တခြားယောက်ျားလေးတယောက်နဲ့ ပြိုင်ပြီးတော့ ကောင်မလေးရဲ့ အထင်ကြီးမှု ဂရုစိုက်မှု အလေးပေးမှု တွေကို လိုချင်တဲ့ အတွက် အဲ့လို အချိန်မျိုးမှာ ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ တောင် အချို့ အမူအကျင့်တွေ ပုံစံတွေ ကို ပြင်ဆင်ပစ်တတ်ပါတယ်။ ဒီလိုနဲ့ ပဲ တဖြည်းဖြည်း သူတို့ ဟာ သူတို့ တကယ်ချစ်နေတာ။ တခြား တယောက်နဲ့ ပြိုင်နေတာ မဟုတ်ဘူး လို့ ထင်ယောင် မြင်မှားလာတတ်တယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ချစ်တတ်လာတယ်။ ကြိုးစားတတ်လာတယ်။ မနာလို ဖြစ်တတ်လာတယ်။ သဝန်တိုတတ်လာတယ်။

တကယ်လို့ ပြိုင်ပွဲမှာ အကြောင်းကြောင်းကြောင့် ရှုံးသွားခဲ့ရင်လဲ သူတို့ဟာအရှုံးဆိုတာ ကို အသည်းကွဲခြင်း လို့ လှပတဲ့ ပုံစံ တမျိုးနဲ့ အစားထိုး ခံစားတတ်ကြပါတယ်။ အနိုင်ရသွားခဲ့ရင်တော့ သူတို့ဟာ ပြိုင်ပွဲတပွဲရဲ့ အောင်နိုင် သူဖြစ်ရုံ ပါပဲလား၊ ကောင်မလေးကို တကယ်ချစ်တာ မဟုတ်ဘဲ ပြိုင်ဘက်ကောင်လေးကို အနိုင်လိုချင်မှု သက်သက်ပါပဲလားလို့ အသိတရား ရတတ်ပါသေးတယ်။

ဒါပေမယ့် နောင်နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့ သူတို့ဟာ တကယ်တော့ အဲ့အချိန်က အနိုင်ရခဲ့ပေ မယ့် သူတို့ ရဲ့ ခေါင်းမာမှု ကြောင့် သူတကယ် နှစ်နှစ်ကာကာ မချစ်တဲ့ မိန်းမတယောက်ကို ရခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ မိန်းကလေးကတော့ သူ့အပေါ်မှာ နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာ နဲ့ တကယ်ချစ်ခဲ့တာပါ။

A Chen
5:27PM
Thursday
26th Apr 2012
Home
Bangkok

ရှုပ်ထွေးတဲ့ အချစ်

ခု ခေတ်စားနေတာ ရှုပ်ထွေးတဲ့ အချစ်ပေါ့။ Facebook ပေါ်မှာ ဆို လူတွေက ရီလေးရှင်းရှစ်ပ် စတေးတပ်စ်မှာ complicated လို့ တင်ကြတဲ့ ခေတ်ကိုးနော်။ ရှုပ်ထွေးတယ် ဆိုတာကတော့ တချိန်တည်း တပြိုင်တည်းမှာ တယောက်ထက်ပိုသော လူများနဲ့ ဒိတ်နေတယ် (ဝါ) ချစ်ကျွမ်းဝင်နေတယ် (ဝါ) လေ့လာရင်း တွဲနေတယ် စသဖြင့်ပေါ့ အဓိပ္ဗါယ်ရပါတယ်။

ရှုပ်ထွေးတဲ့ အချစ်တွေကို ကျွမ်းကျင်သူများ လေ့လာကျင့်သုံးသူများ ဟာ အရင်ကတည်း က ယောက်ျားသားများက အများစုပဲ ဖြစ်ပါတယ်။ အရင် နှစ်ပေါင်းများစွာ ကျောင်းသား ဘဝ မှာကတည်းက ရုပ်ရည် ပြောစမတ်ပြုလောက်စ ရာမရှိတဲ့ သူငယ်ချင်းယောက်ျားလေး တယောက်က တပြိုင်တည်းမှာ ရည်းစား ကောင်မလေး ၅ ယောက်ထားတာ သိဖူးပါတယ်။ အဲ့ဒီ ကောင်မလေး ၅ ယောက်ထဲမှာ တချို့ က တပြိုင် တည်းမှာ သူ့ကောင်လေးမှာ တခြား ကောင်မ လေးတွေရှိနေတာ ကို သိနေပြီးတော့ တချို့ကျ တော့လဲ ဘာမှ မသိအောင် ရွှေတံခါးကြီး ပိတ် ဂျိတ် အမှောင်ထဲ မှာ ဖုံးကွယ်ထားခံနေရတာပါပဲ။ တကယ်ပဲ ကိုယ့်ရည်စား ကောင်
လေးက ကျောင်းစာတွေနဲ့ ပိနေလို့ သူ့ကို အချိန်မပေးနိုင်ဘူးမှတ်နေတယ်။ သနားစရာပေတည်း (ခုတလော ကြည်အေးတွေအဘတ်များနေတယ် ခွင့်လွှတ်ကြပါ သူနဲ့ တူအောင် အတင်း ပေတည်းလိုက်ရပေမယ့် ဟန်ကတော့ ကိုယ့်ဟန်ပါပဲ လွှဲမရပါ)။

ခုခေတ်ကတော့ ခေတ်ကြီးပြောင်းလဲ လာပါပြီလေ။ ရှုပ်ထွေးတဲ့ အချစ် (ဝါ) ကွန်ပလီကိတ်တက် ရီလေးရှင်း ရှစ်ပ် လို့ စတေးတပ်စ် တင်သူတွေမှာ မိန်းကလေး အရေအတွက်ကလဲ ရှုပ်ထွေးစွာ ရေတွက်ရမလို ကွန်ပလီကိတ် တက် အနေအထားရောက်လို့လာလို့ပေါ့။ နားရှုပ်ကုန်ပလား။ ဒီလိုလေ ခုခေတ်မှာ မိန်းမတွေ ရဲ့ ဘဝ ရည်မှန်းချက် ဟာ အရင် အိမ်ထောင်ကျ သားမွေး အိမ်တဆောင် မီးတပြောင်နဲ့ ကျေနပ် ရမယ့် ခေတ်မဟုတ်တော့ဘူးလေနော်။ တို့တွေ ရဲ့ မိုးကောင်ကင်ဟာ ခေတ်နဲ့အညီ အဆုံးအစ မရှိ ကျယ်ပြောလာတဲ့ အခါ တို့တွေရဲ့ ရည်မှန်းချက်တွေ ကလဲ ခေတ်ကို အမီ လိုက်ပြောင်းလဲ ကျင့်သုံးလာရတော့မယ်။ သားကို သခင် လင်ကို ဘုရား ဆိုတာ ကိုယ်တွေ ရဲ့ ဘဝ လမ်းဆုံး မဟုတ်တော့ဘူးလေနော်။ (ဤနေရာတွင် ခေတ်မီ ပညာတတ်မိန်းမ များ တီချမ်း ကို ထောပနာ
ပေး၍ မဟာဖို ဟု သူတို့ ကိုယ်သူတို့ယူဆ သူယောက်ျားများ ဒီ အြေ-ာက်မ မဟုတ်တာတွေ ရေးပြန်ပြီဟု ထောပ
နာ ပြုကြသည်)။

အချစ်ရေးမှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်ရခြင်း (ဝါ) ရည်းစားများရခြင်းဆိုတာ တနည်းအားဖြင့်တော့ ကိုယ့်ဘာသာ ကိုယ် ရင့်ကျက် နားလည်ရခြင်း ဖြစ်စဉ်တခုလဲဖြစ်တယ်။ မိန်းမတွေ အတွက် မတူညီတဲ့ ယောက်ျားတွေဆီကနေ ကိုယ့် အကြောင်း ကိုယ် ပိုနားလည် စေတယ် ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ့်ရဲ့အခြားတဘက်ကို ကိုယ့် ကိုကိုယ် တဖန် ပြန် မိတ်ဆက်ပေးသလို ဖြစ်စေတယ်။ နောက်ပြီး ပြောမယ်ဆိုရင် လဲ ကိုယ်တို့ ပတ်ဝန်းကျင်မှာ ခုခေတ်မှာ ၁၀၀ မှတ်ပြည့်တဲ့ ယောက်ျားဆိုတာ ရှိသေးလို့လား။ အကောင်းဆုံးဆိုတဲ့ ယောက်ျား တကယ်တမ်း အမှတ်ပြည့်ပေးကြည့်တော့လဲ အလွန်ဆုံး ရမှာ ဂုဏ်ထူးနားကပ်တဲ့ ၇၀ ပေါ့။ (ဂုဏ်ထူး မထွက်ဘူးနော် ဂန်ဒူးတွေ ပဲ ဂုဏ်ထူးထွက်တာ) ဥပမာ ကိုယ်က တပြိုင်တည်းမှာ အမှတ် ၇၀ တန် ယောက်ျား သုံးယောက်ကို လေ့လာနေ
တယ် ဆိုပါတော့ (မှတ်ချက် ဒီနေရာမှာ ယောက်ျားတွေ ဆိုရင် သူတို့ကိုယ်သူတို့ ဘယ်တော့မှ မျက်နှာများတယ် မသုံးတာ သတိချပ်ပါ နောက်ပြီး ရှေးလူကြီးတွေ ပြောသလို ပြောရမယ် ဆိုရင်လဲ ရည်းစာတထောင် လင်ကောင်
တယောက်မှလား လျှာရှည်လေ တွေ့ရှိလေ လေနော် များများလေ့လာမှ ကောင်းကောင်းရမယ်) ကဲ ၇၀ တန် ၃ ယောက်ပေါင်းလိုက်တော့ ၂၁၀ မနေဘူးလား။ ၁၀၀ % ပြည့် တယောက်ထက် ၁၁၀ တောင်မှ ပိုနေသေးတယ်။

ကိုယ်က တကယ့်ကို ရှုပ်ထွေးတဲ့ အချစ်နဲ့ ယောက်ျားတွေကို လေ့လာတော့မယ် ဆိုပါတော့ သေချာတာကတော့ ကိုယ်တွဲနေတဲ့ တခြား ယောက်ျားတွေမသိအောင် လုပ်ရပါမယ်။ ယောက်ျားတယောက်သာ ရည်စား အများကြီး တပြိုင်တည်း ထားမယ် ဆိုရင် ဘယ်လိုလုပ်မလဲ လို့ သူ့ဖိနပ်ကို စီးပြီး တွေးကြည့်ပါ။ တချို့မိန်းမတွေကျတော့လဲ
တချို့ ယောက်ျားတွေနဲ့ သိပ်မကွာပါဘူး။ အများစုကတော့ ဓလေ့ ထုံးစံ၊ ကာချရယ်၊ မိရိုးဖလာ ဘာညာ ဘာညာ ပလာပလာပလာ တွေ နဲ့ တယောက်ဆို တယောက် ပိတောက်ဆို ပိတောက် လုပ်ကြပါတယ်။ (ဒါကတော့ ကိုယ်ရွေးချယ်တဲ့လမ်းပါပဲ)

တကယ်လို့ကိုယ်ရှာဖွေတာက အရေအတွက်ဆိုရင်တော့ ပေးဆပ်မှု ဆိုတာကလဲ သူ့အထိုက်အလျောက် နဲ့သူ
တော့ ရှိမှာပေါ့။ မမေ့ဖို့ တခုကတော့ ရှုပ်ထွေးတဲ့ အချစ်တွေနဲ့ ကိုယ်က အကောင်းဆုံးကို ရှာဖွေနေတာ ဖြစ်တဲ့ အတွက် နောက်ဆုံးမှာ ရမယ့် ရလဒ်နဲ့ ပြန်ကာနိုင်အောင်တော့ ကြိုးစားရမယ်။ အဲ့လို အကောင်းဆုံး ဆိုတာ ကို လိုချင်လို့လဲ လေ့လာခြင်းဆိုတာ ကို ပြုနေတယ် ဆိုတာ အမြဲ အမှတ်ရပါ။ ယှဉ်ရွေးတယ် ဆိုတာ နှိုင်းယှဉ်စရာ ရှိမှ မှလား နှိုင်းယှဉ် ရမယ် ဆိုကတည်းက တခု တကောင် တယောက် ထက် ပိုတာ ကို ပြောတယ် ဆိုတာ သေချာ သဘောပေါက်ရပါမယ်။ အဓိက က အဆုံး သတ် ရလဒ် သည် ကိုယ်လိုချင်တာ ဖြစ်ဖို့ပဲ။ ကြားမှာ ဖြစ်တာ က ဖြစ်စဉ် တွေပေါ့။ ဖြတ်သန်းမှုပေါ့။ ဖြတ်သန်းမှု ဆိုတာလဲ ယူတတ်ရင် အတွေ့အကြုံပါပဲ။

ကောင်လေးတွေအများကြီး ကိုလေ့လာနေဆဲ မှာ ကိုယ့်ရဲ့ လေ့လာမှု က အကြောင်းတခုခုကြောင့် ပေါ်သွားတယ် ဆိုပါတော့။ ဒီလို ရှုပ်ထွေးတဲ့ အချစ် ကို ကစားတဲ့ သူ ကောင်မလေး တွေမှာ ပြောစရာ စကားတခွန်း ရှိပါသေးတယ်။ တခါတည်း သင်ပေးလိုက်မယ်။ ဓါတ်လုံးပေါ့။ ရေစိမ်သောက် သေးပေါက်တယ် အားနဲ့ ပစ်ရင် အဝေးရောက်တယ်။ လိုသလို သာကြည့်သုံး။

“မီးက မျက်နှာ များတာ မဟုတ်ပါဘူး။ လူတွေ အချစ်ခံချင်တာပါ” မျက်နှာ ပြုံးစူစူလေးနဲ့ ပြော။

ကဲ ဖေ့ဘွခ် က ကွန်ပလီကိတ်တက် ရီလေးရှင်းရှစ်ပ်များ ဝမ်းသာကြစေကုန်။

A Chen
4:59 PM
TGIF
20th Apr 2012
Home
Bangkok

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၂)

ငါမင်းကို တိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၂)

(၁၂)

အဲ့နေ့က ကျောင်းဆင်းတော့ ကျမ လိမ်လိမ်မာမာနဲ့ ကျောင်းစာကြည့်တိုက်မှာ သွားပြီးတော့ အချိန်ပိုနေပါတယ်။ ဝက်ဝံ ကတော့ ဘယ်သွားနေမှန်းမသိ၊ မပေါ်လာပါဘူး။ တကယ်လို့ လူပုလေးသာ ရုတ်တရက် ရှောင်တခင် စစ်ဆေးရေး ဝင်ရင်တော့ ဒီကောင်သေပြီ။ ယောက်ျားလေးတွေ ရဲ့ ခေါင်းထဲမှာ ဘာတွေများထည့်ထားကြသလဲ မသိပါဘူး။ အမြဲတမ်းလိုလို မိုးမကြောက်မြေမကြောက် ပုံစံတွေနဲ့။

ကျမ ပျင်းပျင်းရှိတာနဲ့ စာအုပ်စင်ကနေပြီးတော့ တိရိစ္ဆာန်တွေ နဲ့ပတ်သက်တဲ့ စာအုပ်တအုပ်ယူကြည့်ပါတယ်။
ကျောင်းစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်အများစုကတော့ ထုံးစံအတိုင်း ပျင်းစရာတွေပေါ့လေ။ “ကြောင်မွှေး စာအုပ်ဆိုင်” က စာအုပ်တွေ နဲ့ လုံးလုံးမှ ယှဉ်လို့မရဘူး။ “ကြောင်မွှေးစာအုပ်ဆိုင်”က စာအုပ်တွေက သိပ်စိတ်ဝင် စားဖို့ကောင်းတာ။ တခါက ကျမ အဲ့မှာ ငှားဘတ်ဖူးတဲ့ စာအုပ်ဆိုရင် လူသေအလောင်းကောင်တွေအကြောင်းရေး ထားတာလေ။ နာမည်က “အလောင်းကောင် ပြောတာ နားထောင်ကြည့်ပါ” တဲ့။ လူတွေ သေသွားပြီးရင်တောင် အလောင်းတွေက လက်သည်းဆက်ရှည်တဲ့အကြောင်း စာအုပ်ထဲမှာ ပြောထားတာ သိပ်စိတ်ဝင်စားဖို့ ကောင်း တာပဲ။ နောက် ရှိသေးတယ် “အလောင်း က သင့်ကို သိစေချင်တယ်” နဲ့ “အဲ့ဒီ အလောင်း ကို ဘယ်သူ ယူသွားသလဲ” ဆိုတဲ့ စာအုပ်တွေ။ အို ဘာပဲ ပြောပြော အလောင်းနဲ့ပတ်သက်တာ မှန်သမျှ၊ အရင်ရှေးခေတ်က အလောင်းကောင်တွေရော အခုခေတ် ခေတ်ပေါ် အလောင်းကောင်တွေ ကော အကုန် ကျမ စိတ်ဝင်စားပါတယ်။
တခါတခါ ကျမ ကိုယ့်ကိုကိုယ်တောင် အလောင်းတွေကို စွဲလမ်းနေတဲ့ ရောဂါ ရှိနေသလား စိတ်ပဲ မမှန်ဘူးလား လို့ တောင်ထင်မိတယ်။

ကျမ လက်ထဲက အဲ့ဒီ “နို့ တိုက်သတ္တဝါတွေအကြောင်းသိကောင်းစရာ” ဆိုတဲ့ စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေမိ တယ်။ တနေရာမှာတော့ ဝက်ဝံတွေအကြောင်းပြောထားတာတွေ့လို့ ကောက်ဘတ်ကြည့်တော့….အေရှိယတစ် ဝက်ဝံ မည်းတွေက (သူတို့ကို တိဘက်က လဝက်ဝံလို့လဲခေါ်ကြပါသတဲ့) လူတွေ နဲ့ နီးနီးကပ်ကပ်နေရတာကို ကြိုက်ကြပါတယ်တဲ့။ လူနဲ့ တွေ့နိုင်မယ့် နေရာတွေ မှာ နီးနီးကပ်ကပ် နေလေ့ရှိကြပါသတဲ့။ ဝံညိုတွေကကျတော့ ကျယ်ပြန့်တဲ့ ကွင်းပြင်လိုနေရာတွေ ရှိမှ အသက်ရှင်နိုင်ပါတဲ့။ ဝံပျင်းတွေ ရဲ့ အမွှေးတွေကတော့ အမြဲ လိုလို ဘယ်တော့မှ မဖြီး မသင်ထားတဲ့ ပုံစံနဲ့ ရှုပ်ပွနေတတ်ပါသတဲ့။ ဝက်ဝံ ကကော ဘယ်လို ဝံ အမျိုးအစားမှာ ပါမှာပါ လိမ့်? လွတ်လပ်မှု ကို ကြိုက်တဲ့ ဝံညိုလား? ငြိမ်းချမ်းမှု ကို ကြိုက်တဲ့ လူနဲ့ နီးနီးနေတတ်ကြတဲ့ အေရှီယတစ် ဝံ မျိုး လား? ဒါမှမဟုတ် အမြဲ လိုလို အတန်းတက်တိုင်း ပျင်းနေတတ်တဲ့ ဝံပျင်းမျိုးလား?

ဒါပေမယ့် ပြောသာပြောတာ ဝက်ဝံ က နည်းနည်းမှ ဝက်ဝံ ပုံမပေါက်ပါဘူး။ သူ့ကြည့်ရတာ ကြမ်းတမ်း ရိုင်းစိုင်း ပုံလဲ မရ၊ အကောင်ကြီးသလားဆိုတော့လဲ အဲ့လောက် မကြီးဘူး။ ထုံထုံ အအ ဖြစ်နေသလားဆိုတော့လဲ မဟုတ်။
အဲ့တာတွေအကုန်နဲ့ ပြောင်းပြန် သူ့မှာ ရိုးသားထက်မြက်ပြီး ကလေးဆန်တဲ့ မျက်လုံးတစုံရှိတယ်။ မျက်နှာ မှာ အမြဲ လိုလို ချိတ်ထားတာက ရှက်တတ်တာလား ဒါမှမဟုတ် ရှုပ်ရှုပ်ရှက်ရှက် လုပ်ရမှာ ကြောက်တာလား မသိနိုင် တဲ့ အမူအရာနဲ့။ အဲ့လိုပုံစံ ကောင်လေးတယောက်ဖြစ်ရက်နဲ့ တခါတခါ ကျတော့ သူ့ကို အိမ်မွေး မွှေးပွခွေးလေး
တွေကို စိတ်မရှည်လို့ ချစ်စနိုးနဲ့ အမွှေးဖွပစ်သလိုမျိုး သူ့ရဲ့ နဂိုကတည်းက ပွတတ ဖြစ်နေတဲ့ ခေါင်းကို ဖွပစ်ချင် စိတ်တွေ ဝင်စေတယ်။

အဲ့နေ့က ဝက်ဝံ ပေါ်မလာပါဘူး။ ကျမ ခေါင်းကို လက်နှစ်ဘက်ထဲမှာ ညှပ်ထားပြီးတော့ စာအုပ်ကို ကိုင်ပြီး ငိုင်နေ မိတယ်။ အဲ့အချိန်မှာပဲ စင်မင်း တယောက် စာကြည့်တိုက်ထဲ ပေါက်ချလာပါတယ်။ လွယ်အိတ်ကို လက်ကဆွဲပြီး
တော့ ဝင်လာတာနဲ့ စာအုပ်စင်တွေဘက်ကို တန်းတန်းမတ်မတ်လျောက်သွားပါတယ်။ ကျမ နောက်နားမှာ ထိုင်
နေကြတဲ့ အလယ်တန်းက ကောင်မလေးတွေ သူဝင်လာကတည်းက အချင်းချင်း မျက်စတွေ ပစ်နေကြပြီးတော့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေကြပါတယ်။ ဝက်ဝံ တယောက် သူနဲ့ လဲပါမလာပါဘူး။ ကျမ လက်က နာရီကို ကြည့်မိတော့ အပြစ်ပေးခံထားရတဲ့ တနာရီက ပြည့်ဖို့ ၁၀ မိနစ်လောက်လိုနေသေးတယ်။ အဲ့ဒီ ၁၀ မိနစ် ဆိုတဲ့ အချိန်လေးက ရုတ်တရက် ဆိုသလိုပဲ ကုန်ဖို့ နှေးကွေးလွန်းသွားလိုက်တာ။ ကျမ ဝက်ဝံ အချိန်မီရောက်လာပါစေ လို့ ဆုတောင်းရမလား လူပုလေး ရောက်မလာပါစေနဲ့လို့ ဆုတောင်းရမလား ဝေခွဲမရဖြစ်နေမိသေးတယ်။

နောက်ဆုံးတော့လဲ နှစ်ယောက်စလုံးပေါ်မလာကြပါဘူး။ ကျမ လဲ သက်ပြင်းတချက်ချလိုက်မိတယ် ပြီးတော့
ဘေးမှာ ချထားတဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီးတော့ လက်ထဲက “နို့တိုက်သတ္တဝါများအကြောင်း သိကောင်းစရာ” ကို စင်ပေါ်ပြန်ထားဖို့ ထလိုက်ပါတယ်။

စာအုပ်စင်တခုရဲ့ နောက်မှာတော့ စာအုပ်တအုပ်ကို မတ်တပ်ရပ်ဘတ်နေတဲ့ စင်မင်းကိုတွေ့ ရတယ်။

“လူစင်မင်း နင် ဝန်မိုးညို ကိုတွေ့မိသေးလား?” ကျမ သူ့ကို မေးလိုက်တယ်။

သူက မပြုံးတုံ့တုံ့ပြုံးတုံ့တုံ့ ပုံစံနဲ့ ရယ်မြူးမြူး မျက်လုံးတွေနဲ့ ကျမ ကိုမော့ကြည့်ပြီးတော့ ပခုံးတွန့်ပြပါတယ်။

“သူ့ကိုပြောလိုက်စမ်းပါ၊ လူပုလေးလာသွားတယ်လို့ သူတော့ သေပြီလို့” ကျမ ကြောက်သလိုလိုပုံစံ အမူအရာ တမင်လုပ်ပြီးပြောလိုက်ပါတယ်။ ပြောပြီးပြီးချင် ကျမ လှည့်ပြီး ခြေလှမ်းကျဲကျဲတွေနဲ့ စာကြည့်တိုက်ကနေ ထွက်ခဲ့
တော့တာပဲ။ နှုတ်ခမ်းကိုလဲ ကိုက်ထားရသေးတယ်လေ ရယ်မိမှာစိုးလို့။ စိတ်ပင်ပန်းလိုက်တာ။

A Chen
1:22PM
Thursday
19th Apr 2012
Office
Bangkok

တီချမ်း နဲ့ ဆေးရောင်စုံ ထမင်းပွဲ

တလောက ချက်ထားတာလေးပါ။ ဘလောခ်က ပုံစံ အသစ်ဖြစ်သွားပြန်ပြီ။ မုန်းတယ် ဂျီမေးကောပဲ မသုံးတော့ရင် ကောင်းမယ်။ သောက် ဂူဂဲ (stupid google) ခဏခဏ ပြောင်းပြောင်းနေတယ်။ အလကားရ လို့ သုံးနေတာ ခုတော့ သောက်မြင်ကပ်လာပြီ။ ထားတော့ ……

အရင်တလောက ချက်စားတာလေး ပုံတွေ တင်ထားတာ ခု ပြန်ကြည့်တော့ မှ draft ထဲရောက်နေတာ
တွေ့တယ် အဲ့တာနဲ့ ဖုံခါပြီး ပြန်တင်ပေးလိုက်တယ်နော်။

ပိုစ့်နာမည်ကတော့ ဆေးရောင်စုံ ထမင်းပွဲ လို့ပေးထားပါတယ်။ တခါကလဲ ရေးဖူးတယ် မှလား တရုတ်တွေ က ဟင်းချက်ရင် အရောင်စုံအောင် ချက်ကြတယ်တဲ့။ ထမင်းကြော်ဆို အနီရောင် အတွက် ဥနီ၊ အဝါအတွက် ဘေဘီကွန်း သို့ ကြက်ဥ အစိမ်းအတွက် အရွက် တမျိုးမျိုး ပဲသီး တသဖြင့် ပေါ့ အဲ့လို အရောင် လှအောင် ကြော်လေ့ရှိကြတယ် လို့ အမေပြောတာ မှတ်သားဖူးတယ်။

ခုလဲ တီချမ်းတယောက် ချက်မယ် စိတ်ကူတော့ ရှိတာ အကုန် ထုတ် ချက်ပြုတ် လုပ်ချလိုက်တယ်။

အရမ်းကိုဒေါသထွက်နေပြီ ရေးရင်းနဲ့ သောက် ဘလောခ်ဂါ နဲ့ သောက် ဂူဂဲ (stupid google and it’s new interface) ပုံတွေ တင်ပြီးသားကို အဆင်မပြေတော့ဘူး။

ထားတော့။

ပထမဆုံး ကြော်မယ့် ဟင်းပွဲက ကြက်ဥ နဲ့ ဝက်သားချဉ်ပါ။ ပုံမှ ပြထားတဲ့ အတိုင်း ကြက်ဥ လိုသလောက် ကို ဆား အချိုမှုန့် ငရုတ်ကောင်း မှုန့် တို့ နဲ့ ခေါက်၊ ထည့်မယ် ဝက်သားချဉ် ကို စိတ်ကြိုက် လှီးရင်လဲ လှီး မလှီးရင်လဲ ချေထားပေးပါမယ်။

ပြီးရင် ဝက်သားချဉ် ကို ကြက်ဥထဲရောပြီး မွှေပေးပါ။

ဆီပူလေးနဲ့ ပွပွလေးကြော်လိုက်ရင်တော့ အရသာရှိတဲ့ ဝက်သားချဉ် ကြက်ဥ မွှေကြော်တခွက်ရတာပေါ့ အဝါရောင်နော်။

မုန်ညှင်းဖြူ ဟင်းရည် ချက်ပါမယ်။ မုန်ညှင်းဖြူ ထုပ်ကို ကြိုက်သလို လှီးထားပါ အကြီးအသေး အနေတော်ပေါ့လေ နောက် ဝက်တုံး ၃ တုံးလေက်ကို တည်မယ့် ဟင်းရည်အိုးထဲထည့်ပါ အရည်ဆူရင် မုန်ညှင်းရွက် ခတ်လိုက်ပါ။

လွယ်ကူ ပြီး ပေါ့ပေါ့ပါးပါး မုန်ညှင်းဖြူ တခွက်ရတာပေါ့နော်။ ဒါက အဖြူပေါ့နော်။

အစိမ်းရောင်အတွက်တော့ ဘိုစားပဲ သီးလေးလဲ ကြော်ပါမယ် ကြော်မယ့် ပဲသီးတွေကို တစောင်းလေးတွေလှီးထား ရေဆေး စစ်ထားပေးပါ။

မကပ်တဲ့ အိုးထဲ ကို ဆီ နည်းနည်းလေးအရင်ထည့်ပါ ငရုတ်သီးခြောက်ကို တခါတည်း ထည့်ပါ ဆီပူ မှ မထည့်ပါနဲ့ နော် မီးကျွမ်း တတ်လို့ပါ။ ပြီးလို့ ငရုတ်သီး မွှေးလာရင် ပဲသီးထည့် နောက် ခဏ မွှေပြီး ကြော်လိုက်ပါ။ ဆားအချိုမှုန့် ထည့် ခရုဆီ ကြိုက်တတ်ရင် နည်းနည်းထည့် ရင် ရပါပြီ။ အစိမ်းရောင်ဟင်းပေါ့နော်။

နောက်တခွက်ကတော့ ဝက်သားမုန်ညှင်းချဉ်ကြော်ပါ။ အရင်ကလဲဒီနေရာမှာ ကြော်နည်း ပေးပြီးသားပါ။

ဝက်သားနဲ့ ကြော်မယ့် မုန်ညှင်းချဉ် ကို တောက်တောက်စင်းထားပါ။

ကြက်သွန်နီ ဥ ကို ၈ စိတ် လှီးထားပါ။ ဝက်သားက ကြိတ်သားပဲ အလွယ် ဝယ်ပါတယ်။

ခုနက လိုပဲ ဆီမပူခင် ငရုတ်သီးခြောက်ကို ထည့်ပါ။ နောက် ကြက်သွန်နီထည့်၊

ပြီးတော့ ဝက်သားထည့်၊ ဝက်သားကို မထည့်ခင် အရင် ကော်မှုန့် ဆားအချိုမှုန့်ငရုတ်ကောင်းမှုန့် တို့ နဲ့ ပဲငံပြာရည် နည်းနည်းထည့်ပြီး အရင်ကြိုနှပ်ထားရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ဝက်သားကို ခုန က ကြော်လက်စ ကြက်သွန်နဲ့ ငရုတ်သီခြောက်ကြော်ထဲထည့် ခဏ ကြော်ပေး အသား ကျက်လာရင် မုန်ညှင်းတောက်တောက်စင်းထားတာတွေ ထည့်။

သကြားနည်းနည်းထည့် ရေနည်းနည်းထည့် ပြီးတော့ ခဏ ပေးဆူ ပြီး ရေခန်းကာနီးရင် ချလို့ ရပါပြီ။ ဒါလေးကတော့ အနီပေါ့လေ။

ကဲ အငွေ့တွေ တထောင်းထောင်းနဲ့ တရုတ်စာ အမြန်အဆန် ကြော်လှော်ချက်ပြုတ် ထားတဲ့ ရောင်စုံ ထမင်းပွဲပေါ့နော်။ အားပေးကြပါအုံး။

တောက် မုန်းတယ် စောက်သုံးမကျတဲ့ စောက် ဂူဂဲလ် stupdi google stupid blogger stupid stupid

A Chen
4:13 PM
Thursday
19th Apr 2012
Office
Bangkok

ကျမ ချစ်မိ အလုပ်ရှုပ်သည်

တကယ်ပြောတာ သူတယောက်ကို ချစ်မိပြီဆိုရင် အလုပ်က စရှုပ်လာတော့တာပဲ။ တနေ့တနေ့ ပိုပိုလာတဲ့ အလုပ်တွေ အရင်ကနေ့ရက်တွေထက် များများလာတယ်။ ကိုယ့်နေ့ရက်တွေမရိုးရှင်းတော့ဘူးလေ။

အရင်တုံးကဆိုရင် ဂျာနယ် တွေ မဂ္ဂဇင်းတွေဘတ်လို့ရှိရင် ဗေဒင်ကို ကိုယ့်တယောက်ထဲအတွက်ပဲကြည့်ရတယ်။ ခုတော့ သူ့အတွက် ပါထည့်ကြည့်ရပြီလေ။ အရင်က နက္ခတွေကြည့်ရင် ကိုယ့် စကောပီယို တခု အတွက်ပဲ ခုတော့ သူ့နက္ခပါထည့်ကြည့်ရတယ်။ အရင် ရည်စားဟောင်းတယောက်ကတော့ ငယ်နာမည်လေး ခတ်မေ့မေ့ဆိုတာ ထက် ဘယ်နေ့မွေးလဲ မသိတော့တာပါ။ နက္ခ ဆိုတာ ဝေလာဝေးပဲပေါ့။

အရင်က ဖုန်းကဒ် ကို ဘယ်ကုပ္မဏီက ဈေးအသက်သာဆုံးလဲ ရွေးဝယ်တယ်။ ဘယ်ပက်ဂေ့ဂ်ျ က အကောင်းဆုံး လဲ အပေါဆုံးလဲအသက်သာဆုံးလဲ ကြည့်တယ်။ ပေါလေကောင်းလေ ဈေးပေါပြီး ဖန်ရှင်းများလေ ကြိုက်လေ။ ခုတော့ အဲ့လို လုံးဝမဟုတ်။ ဈေးကြီးမကြီးက အဓိက မဟုတ်တော့ဘူး။ အခု စိတ်ပူတာက လိုင်းမိမမိ၊ တကယ်လို့ လိုင်းမကောင်းတာ ဝယ်မိရင် ရွေးမိရင် တဘက်က သူဘာပြောလဲ ဆိုတာ သေချာမကြားရမှာ စိတ်ပူတတ်ပြီ။ အဲ့တော့ ဈေးကြီးကြီးမကြီးကြီး လိုင်းမိဖို့ အဓိက လိုင်းကြည်ဖို့ အရေးကြီးတယ်။ ကဲ လူတယောက်ကို ချစ်မိတာနဲ့ ကိုယ့် သုံးနေကျ ဖုန်းလိုင်းကိုတောင် ပြောင်းရမယ်ဆို စဉ်းစားသာကြည့်တော့ အလုပ်မရှုပ်လား?

လူတယောက်ကို ချစ်မိရင် ဂျာနယ်တွေ စာတွေလဲ ပိုဘတ်ရတော့မယ်။ ဥပမာ ဆိုပါတော့ ကိုယ်က အိမ်တွင်း အလှဆင်တာနဲ့ ပတ်သက်လို့စိတ်ကို မဝင်စား၊ ဘောလုံး ဆိုတာ ဘာလို့ လုံးနေမှန်းမသိ၊ နိုင်ငံရေးဆိုတာ မီးလာ တာလောက်ပဲ သိတဲ့ သူ သို့သော် ကိုယ်ချစ်မိသော သူက အဲ့တာတွေမှာ လျှာရှည်တတ်သူဆိုပါတော့ ကိုယ့်မှာ သူနဲ့ စကားပြောစရာ ရှိပါမှအရေး ရှာရဖွေရ ဘတ်ရ ရှုရတော့ပေမယ်။ လျှာရှည်လေ တွေ့ရှိလေ ထုံး နှလုံးမူရပေ
တော့မယ်။

ယောက်ျား မိန်းမ ချစ်ကြ ကြိုက်ကြတယ်ဆိုမှတော့ ချိန်းတာ ပြုတာ ရှိမယ် လည်တာ ပတ်တာ ရှိမယ် အိပ်တာ ပြုတာ ဘာညာ (ဆင်ဆာ) ရှိမယ်။ ချစ်သူရယ်လို့ ရှိလာပြီဆိုရင် ကိုယ့်မှာ ပိုသတိထားရမယ့် အရာတွေ ပိုလာပြန်ပြီ။ ဥပမာ ဘယ် ရက်စတောရင့်ကတော့ဖြင့် ပိုရိုမန်တစ်တယ်၊ ဘယ်ကတော့ အရသာပိုရှိတယ်၊ ဘယ်ကတော့ ပိုမှောင်တယ် ဂွင်ပိုကောင်းတယ် စသဖြင့် သူနဲ့ တူတူသွားဖို့ ရာထားရတော့မယ်။ ရီဆတ်ခ်ျတွေ လုပ်ရတော့မယ်။ မှတ်သားထားရတော့မယ်။ အဲ့တာမှ နောက်သူနဲ့ တူတူသွားဖို့ ခွင့်ကြုံလာရင် ကိုယ်က သိနေမှာ။ ဟော မိန်းကလေး သဘာဝ အထာကျရအောင်ကလဲ ကိုယ်က မသိချင်ယောင်ဆောင် ရတဲ့ အခါလဲ ရှိလာအုံးမှာ။ ကဲ လူတယောက်ကို ချစ်ရတာ ဘယ်လောက် အလုပ်ရှုပ်လိုက်သလဲလို့နော်။

လူတယောက် ကို ချစ်မိရင် ကိုယ်က အချိန်ယူပြီးတော့ ဝိတ်ချရမယ်၊ အဝတ်အစားအသစ်တွေလန်းလာလေးတွေ ဝယ်ရမယ်၊ မိန်းကလေးတွေဆိုလဲ အလှပြင်ပစ္စည်း အသစ်တွေစမ်းသုံးရမယ်၊ စကင်းကဲတွေ ဂရုပြုရမယ်။

ကဲ အခုပြောသွားတာတွေက အလုပ်တကယ်ရှုပ်တဲ့ စီမရောက်သေးဘူးနော်။ တကယ်ရှုပ်ရတဲ့ အလုပ်က ခုမှလာမှာ။

အထက်မှာ ပြောသွားတာတွေအားလုံးထက်ပို ရှုပ်စေတဲ့ အလုပ်တခုရှိပါသေးတယ်။ အဲ့တာကတော့ ပြန်ပြောင်း အောင်းမေ့ တမ်းတ သတိရ နေရတာပါပဲ။ ဘာကိုလဲ ဟုတ်လား?။ အရင်တခါကတော့
သူနဲ့ နှမ်းတုံးက ဘယ်လို၊ ဟိုရုပ်ရှင်ကားသွားကြည့်တော့ သူကိုယ့်ကို ဖက်ထားတာ သူ့ကိုယ်ငွေ့လေးက ဘယ်လို၊ သူ့ အသက်ရှုလိုက်ရင် သူ့ဘယ်ဘက်ရင်ဘတ်လေးက ဘယ်လို မြင့်တက်သွားတာ၊ နောက် သူကိုယ့်ကို ပြောဖူး တဲ့ ရင်ခုန်စရာ စကားအခွန်းတိုင်း၊ ကိုယ့်ကို အသက်ရှုမှားစေလောက်တဲ့ ဟိုတခေါက်က အနမ်းလေး၊ ကိုယ့်ကို ရင်သပ်ရှုမော ဖြစ်စေတဲ့ သူ့ရဲ့ရီဝေဝေ အကြည့်လေးတွေ စသဖြင့်ပေါ့။ ကဲ လူတယောက်ကို ချစ်ရတာ အလုပ်မရှုပ်လား။ နောက်ပြီး လူတယောက်ကို ချစ်မိပြီဆိုတာနဲ့ ကိုယ်တို့တွေရဲ့ ပုဂ္ဂလ အချိန်တော်တော်များများ ကို အရင်က ဖြစ်ခဲ့တာတွေ နောက်တွေ့ရင်ဖြစ်မယ့် ဟာတွေနဲ့ တွေးတွေးပြီး မိန်းမော နေရတာနဲ့ ကုန်ပစ်နေရတယ် ဆိုတာ မမှန်လားဟင်။

တီချမ်းပြောတာ မမှန်ဘူးလို့ ကြိုက်သလောက် ငြင်းပါလေ။ ကိုယ်လုပ်ခဲ့တာ ကိုယ်သိမပေါ့။

A Chen
9:54AM
Thursday
19th Apr 2012
Home
Bangkok

ဂျူး စာအုပ်စာရင်း

ဂျူး စာအုပ်စာရင်း

လောလောဆယ် ကျတော့မှာ ရှိတဲ့ ဆရာမ စာအုပ်တွေကို စာရင်းလုပ်ထားတာ တင်လိုက်တယ် မသိလိုက်တာ မရှိလိုက်တာ မရှိရလေအောင် ဖြည့်ပေးကြပါအုံး နောက် မအမမက ကအကြံပေးတာက စာအုပ်ထုတ်ဝေတဲ့ နှစ်အလိုက်တင်နိုင်ရင် ကောင်းမယ်တဲ့ ကျတော့မှာ အဲ့တာတော့ မရှိဘူး ဝယ်ထားတဲ့ တချို့စာအုပ်တွေက ပြန်ထုတ်တာတွေဆိုတော့။ နောက်ပြီးတော့ ဝတ္ထုတို ပေါင်းချုပ်တွေထဲမှာ မပါသေးတဲ့ ဝတ္ထုတို စာရင်းရှိသေးတယ် သန်းခေါင်ယံနာရီစက်များ၊ သတ္တမမြောက်ငါး စတာတွေ အဲ့တာတွေ လစ်သပ်သပ်လုပ်မယ် ဆောင်းပါးများ

  1. နိုဝင်ဘာမိုး
  2. ကျမကိုပြန်ကြည့်နေတဲ့ ကျမရဲ့အရိပ်
  3. မြစ်တစင်းကိုဖြတ်ကျော်ခြင်း
  4. မောင်တို့ယောက်ျားတွေ
  5. မျက်နှာဖုံးများအကြောင်း
  6. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
  7. ကျမချစ်သောမြို့
  8. ကျမချစ်သောနိုင်ငံ
  9. ကျမချစ်သောကမ္ဘာ
  10. မျှော်လင့်ချက်နှင့် အခြားမျက်နှာဖုံးဆောင်းပါးများ
  11. ကျမဘတ်ခဲ့သော စာအုပ်များ

ဝတ္ထုတိုပေါင်းချုပ်များ 1. ရေမျောသီး 2. ဆရာဝန်တယောက်၏ မှတ်စုများ 3. အရောင်များနှင့် ကစားခြင်း 4. အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းတွေ 5. ကျမချစ်သော ယောက်ျားများ 6. ကောင်းကင်မပါတဲ့ ည 7. ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ 8. ချစ်ခြင်း၏ အနုပညာ ဝတ္ထုတိုများ (အခြား)

  1. သန်းခေါင်ယံနာရီစက်များ
  2. မရနိုင်သော ဆုံးရှုံးမှု
  3. မလျောက်ဖြစ်သောလမ်း
  4. သတ္တမမြောက်ငါး
  5. ထိတို့၍မရသူများ
  6. စွန့်လွှတ်ခြင်းအကြောင်း
  7. စိမ်းလဲ့လဲ့ပြာ

လုံးချင်းများ

  1. အမှတ်တရ
  2. ကြာတော့သည်လည်းမောင့်စကား
  3. မရှိမဖြစ်မိုး
  4. မြစ်တို့၏မာယာ
  5. ကြေမွသွားသော တိမ်တိုက်များအကြောင်း
  6. နံရံ၏အခြားတဘက်
  7. ကံကြမ္မာ ကိုမယုံကြည်ကြသူများ
  8. မိန်းမတယောက်၏ ဖွင့်ဟဝန်ခံချက်
  9. ကျမ ၏ သစ်ပင်
  10. ပင်လယ်နှင့်တူသောမိန်းမများ
  11. ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ
  12. လရဲ့အောက်ဘက် မိုင်အဝေးမှာ
  13. ချစ်သူလား စကားတပွင့်ပွင့်ခဲ့တယ်
  14. ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
  15. တိမ်နဲ့ချည်တဲ့ကြိုး
  16. စောင့်နေမယ်လို့မပြောလိုက်ဘူး
  17. ကြယ်ကြွေတို့ ရဲ့ အတောင်ပံ
  18. သူ မင်းကိုဘယ်တော့မ
  19. ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ
  • 2 people like this.
    • Aye Myat Myat Ko တခု ထပ်တွေ့ပြန်ပြီ။ ကျွန်မ၏ပုံရိပ် မဟုတ်ဘူး။ ကျွန်မကို ပြန်ကြည့်နေတဲ့ ကျွန်မရဲ့ အရိပ်။

    • Addy Chen အင်း

    • Addy Chen ခပ်ဆင်ဆင်ပဲလို့ အဲ့စာအုပ် က မကြိုက်တဲ့ အထဲမှာ ထိပ်ဆုံးက

    • Aye Myat Myat Ko မှတ်မိသလောက် ပြန်စဉ်ကြည့်မယ်။ ခုနှစ်တွေကတော့ မသိတော့ဘူး။ သိတဲ့လူဖြည့်။ ရှေ့နောက်ပဲ စဉ်မယ်။ လွဲနေရင် ပြင်ပါ။

    • Addy Chen အမ အဲ့တာဆို စာအုပ် အမျိုးအစားလိုက် အခု စီထားတာ ဘယ်လိုလုပ်မလဲ
      ကျတော် က အခု ကတ် အလိုက် စီထားတာလေ ဥပမာ ဆောင်းပါး ဝတ္ထုတို စသဖြင့်

    • Aye Myat Myat Ko ဟုတ်ဘူး လုံးချင်းကိုပဲ အဲလို အစဉ်လိုက်လေး ဖြစ်ချင်နေတာ။

    • Aye Myat Myat Ko ဒါမဲ့ သေချာပြန်စဉ်ကြည့်မှ ကိုယ်လည်း သေချာ မသိမှန်း သိတော့တယ်။ =D

      ဘာလို့ဆို ငယ်ငယ်က ဖတ်ခဲ့ရတာ အစဉ်တိုင်းမှ မဟုတ်တာ။ ကြုံသလို ဖတ်ခဲ့ရတာလေ။ ဒါပေမဲ့ ယေဘုယျပေါ့။

    • Addy Chen အင်းလေ ကြည့်လုပ်ကြတာပေါ့
      မောင်ဥာဏ်သာတို့ ကလေးတွေကတော့ ပိုလက်လှမ်းမှီမလားပဲ

    • Aye Myat Myat Ko

      ‎1. အမှတ်တရ

      2. ကြာတော့သည်လည်းမောင့်စကား

      3. မရှိမဖြစ်မိုး
      See More

    • Aye Myat Myat Ko ‎17) ကြယ်ကြွေတို့ ရဲ့ အတောင်ပံ *

    • Addy Chen ပြင်လိုက်ပီနော်

    • Addy Chen ဒီနေ့ တခြားလူတွေဘယ်ရောက်နေကြလဲ

    • Nyanthar Zaw တခြားသူတွေ တခြားရောက်နေတာ နေမှာပေါ့ဗျ 😛

    • Addy Chen ဟင် ဘယ်သူမှလဲ ဘာမှ လာမပြင်ပေးကြ မအက်ဒစ်ပေးကြပါလား
      ဂျူး ဖန်တွေလဲဆိုသေးတယ်

    • Aye Myat Myat Ko ပြင်ရအောင်က မြန်မာပြည်ကလူကမှ ပုံနှိပ်မှတ်တမ်းဖတ်ပြီး ပြင်နိုင်မှာ။ ကွန်နက်ရှင်က သိတဲ့အတိုင်း။

    • Addy Chen အင်းပါ ကွန်နက်ရှင်ကိုနားလည်ပါတယ်
      ဒါပေမယ့် အက်တစ်မဖြစ်ကြဘူးလားလို့ အမှန်ဆို အက်မင်တွေလဲ တခုခု လုပ်သင့်တယ်

    • Aye Myat Myat Ko သူ ပျင်းနေတိုင်း

    • Addy Chen အားလဲအားနေတယ်

    • Nyanthar Zaw ပြင်ပေးရမလား ပြင်ပေးမယ်

    • Nyanthar Zaw ‎# သန်းခေါင်ယံနာရီစက်များ
      # မရနိုင်သော ဆုံးရှုံးမှု တွေက ဘယ်ထဲကလဲဗျ

    • Nyanthar Zaw ကျွန်တော့်မှာ ရှိတဲ့စာအုပ်တွေကို နောက်နေ့ ရိုက်တင်ပေးမယ် တိုက်ကြည့်လိုက်ကြပေါ့နော် 😛

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၁)

(၁၁)

ဒီလိုနဲ့ ကျိရိ တယောက်ဖျားလိုက်တာ ၄-၅ ရက်လောက်ကြာသွားတယ်။ သင်္ချာ စာမေးပွဲ စစ်မယ့်ရက်တောင်
ကျောင်းလာမတက်နိုင်ဘူး။ ကျမ သူ့ကို အားကျလိုက်တာ။ ကျောင်းမှာက ကျိရိကလွဲရင် ကျမမှာ တရင်းတနှီးပေါင်း နိုင်တဲ့သူ က မရှိသလောက်ပဲ။ သူမလည်း မရှိရော ကျမလဲ နေ့လည်စာထွက်စားဖို့တောင် ပျင်းလာရော။ အဲ့ဒီနေ့က
နေ့လည် ထမင်းစားလွှတ်ချိန်ကျတော့ ကျမ တဘက်က ဝက်သားချဉ်အသားညှပ်ပေါင်မုန့်စားနေပြီးတော့ တဘက် က ညနေကျရင် စစ်မယ့် သင်္ချာဘာသာရပ်အတွက် စာပြန်နွှေးရင်း လေ့ကျင့်နေမိတယ်။

ကျမ ခေါင်းကို လက်နှစ်ဘက်နဲ့ညှပ်ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဂျီသြမေထရီသင်ခန်းစာတွေကို ကြည့်နေမိတယ်။ အဲ့ဒီ အချိန်မှာပဲ နောက်ဘက်ကနေ တယောက်ယောက်က ကျမ ကျောကုန်းကို လက်ညိုးနဲ့ လာကုတ်နေတယ်။
လှည့်ကြည့်လိုက်တော့ ဝက်ဝံ။ ကြည့်ရတာ ခုနက ခုန်တန်းပေါ်မှာ မှောက်ရက်အိပ်နေရာကနေ ခုမှ နိုးလာသလိုပုံ နဲ့ ကျမ လက်ထဲက အသားညှပ်ပေါင်မုန့်ကိုကြည့်ပြီးတော့….

“ဗိုက်ဆာလိုက်တာ….ငါ့ကို နည်းနည်းကျွေးမလား?”

“ငါ့မှာ အပိုတခုရှိသေးတယ်။” ကျမ သူ့ကို နောက်ထပ် အသားညှပ်ပေါင်မုန့်အပိုတခုပေးလိုက်ပါတယ်။ အစက ကျမ ညနေပိုင်းခဏ နားချိန်ကျရင် စားမလို့ချန်ထားတာ။

“ကျေးဇူးပါပဲဟာ” လို့သူပြောပြီး အားနာပါးနာပုံနဲ့ စားနေလိုက်တာ ပလုတ်ပလောင်းနဲ့ပါးစပ်တဝိုက်မှာလဲ ပေါင်မုန့်
အစတွေကပ်လို့။

“ဒီတပုဒ်နင်တွက်တတ်လား?” ကျမ လက်ထဲက သင်္ချာစာအုပ် ကိုယူပြီးတော့ ပုစ္ဆာကို သူ့ကိုဘတ်ပြလိုက်ပါတယ်။

လေယာဉ်ပျံမောင်းသမားတယောက်ဟာ တောင်ဘက်စူးစူးကို ကီလို ၁၀၀ ပျံပြီးတော့ အရှေ့ဘက်ကို ကီလို ၁၀၀ ထပ်ပျံပါတယ်။ ပြီးတော့ မြောက်ဘက်စူးကို ကီလို ၁၀၀ ထပ်ပျံပြီးတဲ့အခါမှာတော့ သူဟာ မူလစပျံတဲ့နေရာကိုပြန်
ရောက်နေတာတွေ့ရပါသတဲ့။ သူဘယ်နေရာကနေ စပျံတာပါလဲ?။

“မြောက်ဝင်ရိုးစွန်း” ဝက်ဝံက စဉ်းတောင်မစဉ်းစားဘဲနဲ့ တန်းဖြေပါတယ်။
“ဘာလို့လဲ?” ကျမ နားမလည်ဘဲ ပြန်မေးလိုက်တယ်။

ဝက်ဝံက လက်ထဲက ပေါင်မုန့်ကို ကိုက်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အံဆွဲထဲကနေ ကြေတွန့်နေတဲ့ စာရွက် တခုရှာထုတ်လာပြီး အပေါ်မှာ ပုံတပုံ ကျမကိုဆွဲပြပါတယ်။

“ဘာဖြစ်လို့မြောက်ဝင်ရိုးစွန်းဖြစ်ရတာလဲ?”
“ဒါက လှည့်ထားတဲ့ ဥာဏ်စမ်းမေးခွန်းတခုပဲ။ ကမ္ဘာက ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်းနဲ့ သူ့ဝင်ရိုးပေါ်ကနေလည်နေ တာကိုး။ ပြီးတော့ မြောက်ဝင်ရိုးစွန်းဆိုတာက ကမ္ဘာ ထိပ်ဆုံးပိုင်းမှာရှိတာလေ။ သူ့ကို ဗဟိုထားပြီး ပျံတဲ့ အခါ ဘယ်ဘက်ကိုပဲ ပျံပျံ နောက်ဆုံးတော့ မူလနေရာကို ပြန်ရောက်မှာပဲလေ။”

ကျမ သူဆွဲတဲ့ ပုံကိုကြည့်ပြီးတော့ နားလည်သလိုလို မလည်သလိုလိုဖြစ်နေပါတယ်။

“နောက်ထပ် စပျံလို့ရတဲ့ နေရာ နှစ်နေရာရှိသေးတယ်” သူက ပေါင်မုန့်ကို တဖဲ့ထပ်ကိုက်လိုက်ပြီးပြောပါတယ်။
“ဟုတ်လား?”
“နေပါစေတော့ဟာ” သူက ခေါင်းကို တချက်ကုတ်ပြီးပြောပါတယ်။ “လူပုလေးက ဒီမေးခွန်းကိုမေးမှာ မဟုတ်ဘူး။
နောက်ပြီး ကမ္ဘာ့ ဝင်ရိုးတို့၊ အီကွေတာတို့၊ လတ္တီကျူတို့ နဲ့ဆိုင်တဲ့ အကြောင်းတွေ နင့်ကိုပြောပြလို့ရှိရင်လဲ နင်နားလည်မှာမှ မဟုတ်တာ။”
“ငါနားမလည်ဘူးလို့ နင်ဘယ်လိုသိလဲ?” ကျမ မကျေမနပ်နဲ့ပြန်ဘုတောလိုက်ပါတယ်။
“နင်အခု အလွယ်ဆုံး ပထမမေးခွန်ူကိုတောင် မဖြေနိုင်ဘဲနဲ့” သူက အပျင်းကျောတချက်ဆန့်ရင်းပြောပါတယ်။
ကျမ နှုတ်ခမ်းတချက်ကိုက်ပြီး သူ့ကို မျက်စောင်းတချက်ထိုးပစ်လိုက်တယ်။
“ပေါင်မုန့်က ဘယ်လောက်ပေးရသလဲ?” သူ ကျမ ကို ရုတ်တရက် မေးလာပါတယ်။
“နေပါစေ”
“ဘယ်လောက်လဲဆို” သူက ဇွတ်ဆက်မေးနေပါတယ်။
ကျမ လက် ၃ ချောင်းကို ထောင်ပြလိုက်တယ်။ သူက သူ့အိပ်ကပ်ထဲကနေ ပိုက်ဆံ ၃ ကျပ် ရှာပြီး ကျမကိုပေးပါ တယ်။ ပြီးတော့ မျက်လုံးတလက်လက်နဲ့ ..
“အရမ်းစားလို့ကောင်းတာပဲ။ မနက်ဖြန်ကော ငါ့ကို တခုလောက်ဝယ်လာပေးနိုင်မလား?”
ကျမ သူ့ကို ကြောင်ကြည့်နေမိပါတယ်။ ဒီဝက်ဝံတကောင်ဟာ စိတ်ပဲဆိုးရမလား ရယ်ပဲ ရယ်ပြစ်လိုက်ရတော့ မလားကို မသိတော့ပါဘူး။
“ခဏနေ သင်္ချာစစ်တဲ့အချိန်ကျတော့ နင်ငါ့ဆီက အဖြေကို ကူးပေါ့ဟာ” သူက ခေါင်းကိုခုံနောက်မီပြီးတော့အပျင်း
တချက်ထပ်ဆန့်ပြီး ပြောပါတယ်။
“ဘုရား ဘုရား မလုပ်ပါနဲ့” ကျမ အလန့်တကြား သူ့ကို တားမိတယ်။ “လူပုလေးက ဖမ်းတဲ့နေရာမှာကာ အပြစ်ပေး
တဲ့နေရာကော နာမည်ကြီးဟ တော်ကြာ မိသွားမှဖြင့် နင့် နောက်ထပ်တခါ ကျောင်းထုတ်ခံနေရပါအုံးမယ်”။

သူတချက် တည်ကနဲ့ဖြစ်သွားပါတယ်။ ကျမ က သူအရင်ကျောင်းကနေ အထုတ်ခံရတယ်ဆိုတဲ့ ကိစ္စ ဘယ်လိုသိ
နေလဲလို့ တွေးနေပုံပါပဲ။ ကျမလဲ ချက်ချင်းလိုလို ခေါင်းကို ခုံရှေ့ ပြန်လှည့်ပြီးတော့ စာဆက်ကြည့်နေသလို ဟန်
ဆောင်လိုက်ပါတယ်။ ပါးစပ်က ဖွင့်မပြောပေမယ့် ကျမ စိတ်ထဲမှာတော့ သူ့ကို ကျေးဇူးတင်သလိုလို ခံစားရပါ
တယ်။

ညနေပိုင်း သင်္ချာစစ်တော့ ဝက်ဝံပြောတဲ့ အတိုင်းပါပဲ။ ခုနက လေယာဉ်မောင်းသမား ပုစ္ဆာ ပါကိုမလာပါဘူး။ မေး
ခွန်း ခြောက်ပုဒ်ထဲမှာ ကျမ သေသေချာချာဖြေနိုင်တာဆိုလို့ နှစ်ပုဒ်ပဲပါတယ်။ ကျန်တာတွေ အကုန်လုံးလိုလို စိတ် ထဲထင်ရာ လျောက်ဖြေလိုက်တာပါပဲ။ ဝက်ဝံ က သူ့အဖြေလွှာကို အရှေ့ဘက် လက်ဆင့်ကမ်းလာတော့ သူ့အဖြေ လွှာကို ခိုး မကူးမိဖို့ ကျမ တော်တော်စိတ်ထိန်းရတယ်။

ဒီလိုနဲ့ စာစစ်တဲ့ အချိန်ပြီးသွားတော့ လူပုလေးက ရုတ်တရက် ကျမတို့နှစ်ယောက်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးတော့
အေးစက်စက် လေသံနဲ့ …..

“ဝန်မိုးညို နဲ့ ကျန့် ဂျင်းနီ မင်းတို့နှစ်ယောက် အတန်းရှေ့ကို ထွက်လာခဲ့စမ်း”

ဘုရားရေ ကျမ ဝက်ဝံ ရဲ့ အဖြေလွှာကို တချက်လေးပဲ မျက်လုံးဝေ့ကြည့်မိတာပါ။ အဲ့တာတောင် လူပုလေးက သိနေသလား? ကျမ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီးတော့ မရွံတရွံနဲ့ အတန်းရှေ့ ကိုထွက်လာပါတယ်။ ဝက်ဝံက ကျမနောက်ကနေ ထပ်ကြပ်မကွာလိုက်လို့ပေါ့။

“ကဲ ဒါက ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းကြစမ်းပါအုံး? နင်တို့နှစ်ယောက်ထဲက ဘယ်သူ့လက်ချက်လဲ?” လူပုလေးက လက်ထဲက ကျောင်း သားဂျာနယ်တအုပ်ကို ယူပြီး ပထမ တမျက်နှာ ကိုလှန်လိုက်ပါတယ်။ အတန်းသားအားလုံးဘက်ကို မျက်နှာမူ ထောင်ပြပြီးတော့ မေးလာပါတယ်။ အဲ့တာ ဝက်ဝံရဲ့ ဂျာနယ်ပဲ။ စာမျက်နှာ
ပေါ်မှာ သူ့ပုံ ကပ်ထားတယ်…..နေအုံး……အဲ့တာ ဝက်ဝံ ပုံမဟုတ်ဘူး။ ဝက်ဝံက သူ့ပုံက မျက်နှာကို ညှပ်ပြီး တခြား လူတယောက်ရဲ့ ဓါတ်ပုံပေါ်မှာကပ်ပြီး သူ့ပုံလုပ်ထားတာပဲ။ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့လက်ရာက ညံ့လိုက်တာ။ သူ့ ဆံပင်တွေကတောင် ထောင်နေသေးတယ်။

လူပုလေးက ကျမတို့နှစ်ယောက်ကို ခပ်စူးစူးတချက်စိုက်ကြည့်လိုက်ပါတယ်။ ပြီးတော့ ဝက်ဝံရဲ့ ခေါင်းကို ဓါတ်ပုံ
ပေါ်ကနေ ခွာချလိုက်တယ်။ ဘုရားရေ…. အောက်ကပုံက ကျမပုံဖြစ်နေတာကိုး။ လက်စသတ်တော့ ဝက်ဝံ ကျမ ပုံ ကို တနေ့က ယူသွားတာ ဒီလိုသုံးဖို့ပါလား။ ဟိုတနေ့က လူပုလေးက ကျောင်းသားတွေကို ဂျာနယ်တွေထပ်ခိုင်း
တော့ သူက ဓါတ်ပုံပါမလာဘူးလေ။ အဲ့တော့ ကြမ်းပေါ်မှာ ကျမ ဓါတ်ပုံကျနေတာတွေ့တော့ တင်္ခနုပ္ဗတ္တိဥာဏ် စူးရောက်ပြီးတော့ သူ့အရင်ပုံဟောင်းတခုခုက ခေါင်းကိုဖြတ်ပြီး ကျမ ခေါင်းပေါ်မှာ ထပ်ကပ်လိုက်တာပါ။ ကျောင်း ဝတ်စုံရဲ့အထက်ပိုင်းကလဲ ကျောင်းသားကျောင်းသူတွေအကုန် အတူတူ ရှပ်အဖြူပဲဝတ်ရတာလေ အောက်ပိုင်းက မှကွာတာဆိုတော့။ သူမို့လို့ စဉ်းစားနိုင်လွန်းတယ်။

“မင်းရဲ့ဓါတ်ပုံရော?” လူပုလေးက ဝက်ဝံကိုမေးပါတယ်။
“မရိုက်ရသေးပါဘူး” ဝက်ဝံတယောက် ရွံတွံ့တွံ့နဲ့ဖြေပါတယ်။
“အဲ့တာနဲ့ပဲ တွေပကရာပုံတပုံရှာပြီး ကျန့် ဂျင်းနီ ပုံမှာ ကပ်လိုက်တယ်ဆိုပါတော့။ နှစ်ယောက်စလုံးကလဲ အပေါ် ပိုင်းတူနေတာကိုး။ ဒါကဘာလဲ……လူ့အရေခွံ မျက်နှဖုံးလား စက္ကူကပ်ထားတဲ့ မျက်နှာလား? နင်တို့နှစ်ယောက်
တော်တော်လှောင်တတ်ပြောင်တတ်နေတယ်ပေါ့ ဟုတ်လား?” လူပုလေးက ရယ်သလိုလိုလုပ်ပြောနေပေမယ့် မျက်နှာပေါ်က အပြုံးက ပြောနေတာကတော့……“ငါတကယ်ရယ်ရတယ်လို့ပြောနေတယ်ထင်နေလား ငါရွဲ့ပြော
နေတယ်ဆိုတာ နင်တို့ နားမလည်ဘူးလား” ဆိုတဲ့ အဓိပ္ဗါယ်မျိုးနဲ့ပါ။

အတန်းထဲက ကျောင်းသားတွေက လူပုလေး ဒီလိုလဲပြောလိုက်ရော ကျွက်စီကျွက်စီနဲ့ ကိုယ်လုံးတွေ လှုပ်ခတ် ကုန်တဲ့ အထိ ရယ်ကုန်ကြပါတယ်။ အဆူခံနေရတဲ့ ကျမကိုယ်တိုင်တောင် မနေနိုင်ပဲ ခိုးရယ်မိပါသေးတယ်။

“နင်တို့နှစ်ယောက်စလုံး ဒီနေ့ကျောင်းဆင်းရင် စာကြည့်တိုက်မှာ အချိန်ပို တနာရီစီနေပြီး စာကြည့်ရမယ်”။
လူပုလေးက ကျမတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့ အဲ့လိုပြောပြီးမှ အတန်းကိုဖြုတ်ပြီး ထွက်သွားပါတယ်။
ဝက်ဝံ က ကျမ ကိုမော့ကြည့်တယ်။ သူ့အကြည့်တွေက တောင်းပန်နေသလိုလို။

A Chen
5:13 AM
Monday
16th Apr 2012
Home
Bangkok

တီချမ်း ကမ်ဘတ် စားကောင်းလို့ အဝင်မသတ်နိုင်


ကဲဒီတခါတော့ တခါက ပရိတ်သတ်တယောက်တောင်းဆိုထားတဲ့ ကမ်ဘတ်ကို လုပ်ကျွေးပါမယ်။ တောင်းတဲ့သူ
ကတော့ ဆူရှီတောင်းတာပါ။ သို့သော်လည်း ဆူရှီ လုပ်ဖို့ အစာပလာမရှိတာနဲ့ပိုလွယ်တဲ့ ကမ်ဘတ်ပဲလုပ်လိုက် ပါတယ်။ တီ ကမလုပ်တတ်ပါဘူး ပထမဆုံး အကြိမ်လုပ်ကြည့်တာပါ။ တီ့ ညီဝမ်းကွဲ က သင်ပေးတာပါ။ သူက ခဏခဏ လုပ်စားနေကြဆိုတော့ လုပ်တတ်ပါတယ်။ နောက်သူက ကိုရီးယားစာတွေ သိပ်ကြိုက်တော့ သူဆရာ လုပ်တာပေါ့။ နောက် ယူကျူ ကလဲ ကိုရီးယားမ လုပ်တာကို ကြည့်ပြီး နည်းယူလိုက်ပါသေးတယ်။ ကဲလုပ်နည်းကို
ကြည့်ကြရအောင်နော်။

ပထမဆုံး ကမ်ဘတ်လုပ်ဖို့ ထမင်းချက်ပါ။ ကမ်ဘတ်လုပ်တဲ့ ဆန်က သပ်သပ်ရှိပါတယ်။ ဆန်းလုံးလေးတွေက လုံးလုံးဝဝလေးတွေ ပြီးတော့ အကြည်လေးတွေ ဂျပန်ဆူရှီဆန်လို့ခေါ်တယ်။ အတိုလေးတွေ အရှည်မဟုတ်ဘူး။ တီတို့ကတော့ အဲ့တာမရှိတော့ ရှိတာပဲ။ အိမ်ကဆန်နဲ့ ချက်လိုက်ပါတယ်။ ထမင်းကျက်ရင် ပူပူလေးကို နယ်မယ့် ပန်းကန်လုံးထဲထည့်ပါ။ နောက် သကြားကို ရှာလကာရှည်နဲ့ ဖျော်ပါ။ ဆား အချိုမှုန့် နည်းနည်းလေးထည့်ပါ။ ပြီး
တော့ ပဲငံပြာရည်အကြည် နည်းနည်းလေးထည့်ပါ။ နောက် နှမ်းဆီလေး နည်းနည်းထည်ပါတယ်။ ပြီးရင်တော့ နှံ့အောင် နယ်ထားပေးပါ။ အော် မေ့လို့ လုပ်တုံးကလဲ ပထမ နှစ်လိပ်ကို တကယ်မေ့သွားတယ် နှမ်းစေ့လေးတွေ
လှော်ပြီးသားရှိရင် ထည့်ပါ။

ကြက်ဥ (အဲ့နေ့ ကကြက်ဥ မရှိလို့ ဘဲဥနဲ့ပဲ လုပ်လိုက်တယ် ပိုဝါတာပေါ့) ခေါက် ဆားအချိုမှုန့် ငရုတ်ကောင်း နည်း နည်းထည့်) ပြီးတော့ မကပ်တဲ့ အိုးမှာ အချပ်ကြီးကြီးရအောင်ကြော်။ ပြီးတော့ ဓါးလေးနဲ့ ပါးပါးလေးလှီးပါ။ သတိထားရမှာက လှီးရယ့် အရာတွေအကုန် ဆိုက်ညီဖို့လိုပါတယ်နော်။

ကြက်ဥ (ဘဲဥ) ပြီးတော့ သခွားသီး ကို ညီညီလေးရအောင် သေချာလှီးပါ။ ပုံကိုကြည့်နော်။ ပြီးရင် ဆားလေး နည်းနည်း ပက်ပြီးတော့ (ပုံ-၂) အတိုင်း လက်နဲ့ ဖွဖွ နယ်လိုက်ပါ။ ပြီးတော့ ၁၅ မိနစ် လောက်နှပ်ထားပါ။ ပြီးရင်
ရေစင်စင်ဆေးပြီးတော့ တစ်ရှုး နဲ့ ဖြစ်ဖြစ် အဝတ်သန့်သန့်နဲ့ဖြစ်ဖြစ် သုပ်ပြီးရေစုပ်ပေးပါ။

ခါကြက်ဥ မုန်လာဥနီကို ပုံအတိုင်း ပါးပါးလှီးပါ။ ပြီးတော့ မကပ်တဲ့ အိုးလေးထဲကို နှမ်းဆီလေးနည်းနည်းထည့်ပါ။ ဆား အချိုမှုန့် အနည်းငယ် နဲ့ မုန်လာဥနီ ကို လှိမ့်ပေးပါ။ ဆီမများပါစေနဲ့နော်။

ပြီးတော့ စူပါမားကက်တွေမှာ ရတတ်တဲ့ ဂဏန်းအတု အသားချောင်းကို တခြမ်းလှီးထားပါ။ ပုံအတိုင်းပေါ့နော်။ ကဲ အကုန်ပြင်စရာရှိတာပြင်ပြီးပြီဆိုရင် လိပ်တဲ့ ဇာတ်လမ်း စပါမယ်။

ပထမဆုံး အောက်ကနေ ဝါးပြားခင်းပါ။ အဲ့တာကလဲ ဂျပန်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပြီးတော့ ရေညှိ ကို အပြောင်ဘက်ကို အောက်ဘက်ကနေထားပြီးတော့ ခင်းပါ။ ပြီးရင် ခုနက နယ်ထားတဲ့ ထမင်းကိုဖြန့်ပါ။ ဇွှန်းနဲ့ ဖြစ်
ဖြစ် လက်နဲ့ဖြစ်ဖြစ် ညီအောင် ဖြန့်ပါနော်။ ပြီးရင် ထောင့်တဘက်ကနေစပြီးတော့ သခွားသီးလေး စတင်ပါ။

ပြီးရင် ကြက်ဥ၊ မုန်လာဥနီကြော်ကိုတော့ တူလေးနဲ့ ညှပ်ညှပ်ပြီးတော့ မျှအောင် သတိထားတင်ပါ။ ပြီးတော့
နောက်ဆုံးအနေနဲ့ အပေါ်ကနေ ဂဏန်းချောင်းကို တင်ပါ။

ပိုသိသာအောင် တဘက်ကနေ ပုံကြီးနဲ့ပြန်ရိုက်ပြထားတယ်နော်။ ပြီးရင် အစပလာတွေ တင်ထားတဲ့ဘက်ကနေ စပြီးတော့ စလိပ်ပါနော်။ ရေညှိဖတ်ကို အရင်စလိပ် အစာတွေပါတာကိုလဲ မထွက်အောင် သေချာလိပ်နော်။ လိပ်လို့ရေညှိ ဆုံးသွားရင် အဲ့တာကို အောက်က ဝါးပြားလေးနဲ့ တခါ ပြန်လိပ်။ ပုံမှာ ပြထားတဲ့ အတိုင်းနော် ဝါးပြား နဲ့ ရေညှိ ကိုလိပ်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဖြစ်သွားလိမ့်မယ်နော်။ အဲ့တာကိုမှ အပေါ်ကနေ ထပ်ပြီး လက်နဲ့ ညှစ်ပါ။ အားရပါးရကိုညှစ်ပါနော်။ အဲ့တာမှ ကျစ်ကျစ်လေး ဖြစ်မှာ။

ပြီးရင် ဝါးဖတ်ကိုခွာလိုက်ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖြစ်သွားလိမ်မယ်လေနော်။ ပြီးရင် ဓါးထက်ထက်နဲ့ သေချာ လှီးပါ။ တီကတော့ ပုံလှအောင် သေချာရိုက်ထားတာပါနော်။

အကုန်လုံး လိပ်လိုက်တာ ရေညှိ ၅ ပြား အဲ့လောက်ထွက်တယ် (ပုံ ၃)။

ရေညှိ ထမင်းလိပ် ကမ်ဘတ်လေးတွေကို သေချာစီပြီးသကာလ မောင်ကြိုက်တတ်တဲ့ ကြက်သွန်မိတ်လေးတွေ ကို တဘက်ကတင် တဘက်က တွဲစားဖို့ ကမ်ချီလေးတင် လိုက်ရင် အရသာရှိ လုပ်ရတာလဲလွယ်တဲ့ ကမ်ဘတ်လေးတွေ ရတာပေါ့နော်။ ကမ်ချီလုပ်နည်းကိုတော့ ဒီမှာ ရေးထားတယ်နော်။ ကြည့်လိုက်။

ဗူးလေးထဲထည့်ထားတာက နောက်နေ့ ရုံးအသွားအတွက်ပါ။ ဘေးမှာက ရေညှိပြား ကုန်သွားလို့ ပိုတဲ့ ထမင်း နဲ့ ကျန်တဲ့ အစပလာတွေကို သေးသေးလေးတွေ လှီးပြီးတော့ နယ်လိုက်တာပါ။ ကမ်ချီလေးနဲ့ စာတာပေါ့။ အပိုမဖြစ်တော့ဘူး။

A Chen
2:05 AM
Friday
13th Apr 2012
Home
Bangkok

ငွေရှင်းမယ့် အချစ်

image from google

သူငယ်ချင်းတယောက်ရှိပါတယ်။ ဟုတ်ကဲ့ တီချမ်း သူငယ်ချင်းဆိုတော့ ဂေးပေါ့။ ဘန်ကောက်မှာပဲနေတာ။ အိမ်နားမှာပဲ။ အိမ်ချင်းနီးတော့ အမြဲ ဝင်ထွက်သွားလာ၊ တီ့အိမ်ကလဲ သူ့အတွက် စားအိမ်သောက်အိမ်ပဲပေါ့။ ခုတလောတော့ ပေါ်မလာတော်မူပြန်ဘူး။ ဘာ့ကြောင့်လဲ စမ်းစစ်ကြည့်တော့ လားလား ခုတလောမှာမှ ချစ်သူ အသစ်စက်စက်လေး တယောက်ရနေတယ်ဆိုတာကိုး။ ကဲ ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် ပေါ်မလာ အတော်ကြာတော့လဲ ဖုန်းဆက်ရပါတယ်။ အဲ့တော့မှ နောက်တနေ့မှာ ပေါ်လာတော်မူတယ်။ ည (အဲ မနက်ဖြစ်နေပြီ) ၃ နာရီခွဲ ရောက်
ရောက်ချင်းပဲ သူ့ချစ်သူက သူ့ကို ဘယ်လို မနက်မှာ ဖုန်းနဲ့ အိပ်ရာနိုးတဲ့အကြောင်း၊ ညနေကျတော့ အလုပ်မှာ လာကြိုပြီးသကာလ ဒင်နာကျွေးတဲ့အကြောင်း၊ မနေ့က ညကတော့ အသစ်တဖန်ပြန်တင်တဲ့ တိုက်တင်းနစ် 4DX နဲ့ သွားကြည့်တာ ရေတွေဖြန်း၊ အအေးတွေပိုတဲ့ အတွက် သူ့ကို ရုပ်ရှင်ရုံထဲမှာ ပွေ့ဖက် အကြင်နာစွေတဲ့အကြောင်း။ မင်းသားလေး ဂျက်ကို သနားလို့ ကျတဲ့ မျက်ရည်တွေအတွက် ဘေးကနေ ဖေးမ တစ်ရှုးတို့ပေးတဲ့ အကြောင်း ဟုတ်တာတွေရော မမှန်တာတွေရော ရောသမမွေပြီးသကာက “အကြွားမ” က လေ တွေ ပစ်ပါတယ်။ ပြီးတော့ တီက မယုံဘူးပြောလို့ ရုပ်ရှင်လက်မှတ် ဘတ် ၅၀၀ တန် (၁၅ ဒေါ်လာ)ကိုလဲ ပိုက်ဆံအိတ်ထဲကနေ မရမက ရှာဖွေ ထုတ်ပြီးသကာလ ဟုတ်မှန်ကြောင်း အကောင်က သူ့အတွက် အကုန်ခံတဲ့ အကြောင်း သက်သေတည်ပါသေးတယ်။ နောက်သူငယ်ချင်းတယောက်လဲ ရှိပါသေးတယ်။ ချစ်သူများ
နေ့မှာ ပန်းတွေ ဝယ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပို့ခိုင်းတာမျိုး၊ ထားတော့……..အပိုတွေလဲပါမယ်။ တကယ်လဲဖြစ်မယ်၊ မမှန်တာတွေလဲ အများကြီးပါနိုင်တယ် သို့သော် ကိုယ့်အတွက်တော့ ပိုစ့်တခုရဖို့ အတွေးတစ လာပေးတယ်။

ယောက်ျားနဲ့ မိန်းမ နှစ်ယောက်ရဲ့ ရီလေးရှင်းရှစ်ပ် ကို ဆန်းစစ်ချင်ရင် သူတို့ အပြင်ထွက် စားသောက်ကြတဲ့အခါ
ငွေရှင်းတဲ့ အခြေအနေ နဲ့ စိတ်သဘောထားတို့ကိုကြည့်ပြီး သုံးသပ်ရမယ်။

ယောက်ျားတယောက်က စားကြသောက်ကြပြီးစီးလို့ ပိုက်ဆံရှင်းကြတဲ့အခါ ဘေလ် ကိုဘယ်လောက်ကျတယ် ဆိုတာ လုံးဝလုံးဝ မကြည့်ပဲ ပေးလိုက်တယ်ဆိုပါပေါ့ အဲ့တာတင်မက ဝိတ်တာကိုပါ တစ်ပ် များများပေးလိုက်သေး တယ်ဆိုရင် သေချာတယ် ဗေဒင်မမေးနဲ့ တီချမ်းကိုမေး။ ဒင်း အဲ့ဒီ မိန်းမကို ခုမှ စပိုးနေတုံးပဲ။

တကယ်လို့သာ အဲ့လိုမဟုတ်ဘဲ ဘေလ် ကိုသေချာ ဘယ်လောက်ကျသလဲ ကြည့်နေပြီဆိုရင် ကောင်မလေးက အဖြေပြန်ပေးပြီးနေပြီလို့မှတ်။

နောက်ပြီး သူက ဘေလ် ကို သေချာကြည့်တာတင်မကတော့ဘူး ဆိုင်က တွက်တာ မှန်ရဲ့လား မှားများမှားနေမလား ဆိုတာကိုပါ စိတ်မှန်းနဲ့ဖြစ်ဖြစ် တွက်ကြည့်နေပြီ ဆိုရင် သူနဲ့ အဲ့ဒီမိန်းမ ရဲ့အခြေအနေက အားနာစရာမလိုလောက်အောင် တယောက်နဲ့တယောက် သိနားလည် နေပြီဖြစ်တဲ့အဆင့်ရောက်နေပြီပေါ့။ (စကားမစပ် ကြားညှပ်ပြောရရင်တော့ ရန်ကုန် ဟံသာဝတီက ရွှေလီ တချိန်လုံး အမြဲလိုလို ဘေလ်မှားတယ် တမင်များ မှားသလားထင်ရအောင် မှားတယ် အဲ့ဆိုင်သွားစားလို့ကတော့ အခုမှ စလိုက်လိုက် ယူပြီးပြီး သေချာ သာစစ် ကက်ကူလေတာပါရင် ထုတ်သာပေါင်းပစ် တကယ်) ကဲ စကားတွေက ကားကုန်ပြန်ပြီ။

အင်းနောက်တခုက ယောက်ျားက ဘေလ်ကို မျက်စိတဝေ့ပဲကြည့်တယ် ပြီးတော့ အမျိုးသမီးကို ရှင်းခိုင်းလိုက် တယ်ဆိုရင်တော့ သေချာတယ် အဲ့ဒီ အမျိုးသမီးက သူ့မိန်းမ၊အိမ်သူ အဆင့်ရောက်နေပြီပဲ။ “စီးတဲ့ရေ ဆည်တဲ့ ကန်သင်း” မှလား။ ပိုက်ဆံအိတ်ကိုင်ခွင့်ရနေပြီလေ။ (မှတ်ချက် ကပ်စေးမနည်းသော ယောက်ျား အများစု ကိုသာ ဆိုလိုတယ်)။ မိန်းမက ပိုင်ပိုင်နိုင်နိုင်ဖြစ်နေပြီဆိုတာပြတယ်လေနော်။

ကဲ ယောက်ျားတွေကို ပြောပြီးတော့ မိန်းမတွေဘက်လှည့်ရအောင်။

မိန်းကလေးတယောက်က ပိုက်ဆံရှင်းတဲ့အခါ သူအားမနာတမ်းမှာထားတဲ့ ဘေလ် ဘယ်လောက်ကျသလဲဆိုတာ မကြည့်ပဲနဲ့ ရှင်းတဲ့ အခါ သူနဲ့ တူတူလာတဲ့ ယောက်ျားက တစ်ပ် ဘယ်လောက်ပေးသလဲဆိုတာ ကိုပဲ အလေးပေး
လေ့လာနေတယ်ဆိုရင် သေချာတယ် သူ အခုမှ အဲ့လူနဲ့ စတွဲသွားတွဲလာလုပ်တာ။ လေ့လာနေဆဲ အခြေအနေ။

အင်း ဘေလ်ပေါ်က ဘယ်လောက်ကျတယ်ဆိုတာကိုလဲ သေသေချာချာ ကြည့်နေပြီ၊ ယောက်ျားကိုလဲ တစ်ပ် အများကြီးမပေးနဲ့ သူတို့က ဝန်ဆောင်မှုခ ၁၀ % တောင်ယူထားတာ ဘာညာ တီးတိုးတီးတိုး သဖန်းပိုးနေပြီဆိုရင်
သေချာတယ် ဒီမိန်းမ အဲ့ဒီ သကောင့်သားကို ချစ်နေပါပြီ။ မလိုတာ မကုန်စေချင်တော့ဘူးလေ။ ဒါတွေက အပိုမကုန်ရင် ကိုယ့်လက်ဝတ်လက်စားခတွေဖြစ်မှာ မှလား။ မလိုတာချွေတာရမယ်။

တကယ်လိုများ ယောက်ျားက ဘေလ်ရှင်းတာကို မျက်နှာရိပ် မျက်နှာကဲနဲ့ သေချာကြည့်နေတာတို့၊ တစ်ပ်ပေးတာ နည်းတယ် ဘာညာ ဘာညာ ဆူပူဆောင့်အောင်နေပြီဆိုရင် သေချာတယ် သူအဲ့ကောင် ကိုမချစ်တော့ဘူး။ သို့မဟုတ် ဒင်းတော့ ချစ်ပါတယ် ဆို တဲ့ အဖြေကို မမျှော်လင့်နဲ့တော့။ ပြန်ပေတော့ မစဉ်းစားနဲ့ဘဲ။

အင်း တကယ်လို့များ မိန်းမက ဘေလ် ကို သေသေချာချာ တိတိကျကျ စစ်နေပြီ။ ယောက်ျားကိုလဲ တစ်ပ် အများကြီး မပေးနဲ့ ဘာညာ ပြောနေပြီဆိုရင်တော့ သေချာတယ် အဲ့တာ အိမ်ထောင်ရှင်မပဲ။

ကဲ မေးစရာတခုပဲ ကျန်တော့တယ် အဲ့တာကတော့ တီချမ်းတယောက် ဘာအထောက်အထားနဲ့ ဒီလိုပြောနိုင်တာ လဲ သူက ဘာမို့လဲ ဆိုတဲ့ မေးခွန်းတွေ ရှိတယ်ဆိုပါတော့ (အမှန်တော့ တီချမ်းလို ပညာရှင်မ ကို ဒီလို သံသယဝင်ရဲ တာ တကယ်တွေးကြည့်ရင် ကြောက်စရာကြီးနော် သူက သူ့ဆယ့်နှစ်ကြိုးထဲက တကြိုးကြိုးနဲ့ ပစ်လိုက်မှ ကွိနေမယ်)။ ဒီစာတွေ ဘယ်ကလာလဲဆိုတော့ တီ့ ပတ်ဝန်းကျင် လေ့လာမှု၊ အခွေတွေ ရုပ်ရှင်တွေ တီဘတ်တဲ့ စာအုပ်တွေက ရလာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ ကို ပြန်လည်ဖောက်သည်ချတာပါ။
နောက်ပြီးတော့ မိန်းမတွေ ငွေရှင်းမယ့် အချိန်က တကယ်တော့ ၄ ခုပဲ ရှိပါတယ်။ အဲ့တာတွေကတော့…..

  1. သူက အတူတူလာတဲ့ သူရဲ့ ယူထားတဲ့ မိန်းမမို့လို့။ ရှုပ်သွားလား အတူတူလာတဲ့ နှစ်ယောက်က လင်မယားလို့ ပြောတာ။ သူ့ပိုက်ဆံလဲ ကိုယ့်ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံလဲ ကိုယ့်ပိုက်ဆံလေနော်။
  2. ယောက်ျားဆီက လတ်လတ်လောလောမှ ကျောက်မျက်ရတနာလိုမျိုး ရွှေ စိန်လိုမျိုး လက်ဝတ်ရတနာ တခုခု လက်ဆောင်အဖြစ်ရထားလို့ ပြန်လည် မျက်နာလုပ်တာ သော်လည်းကောင်း၊ ထောင်ရ လို့ ရာပြန်စွန့် တာသော်လည်းကောင်း၊ သူကချည်းပဲ ယူနေတယ်ဆိုတဲ့ အပြစ်ရှိသလိုခံစားချက် (guilt) မဖြစ်ချင်လို့ သော် လည်းကောင်း၊တခုမဟုတ်တခုဖြစ် ရမယ်။ အဲ့တာတောင် အများစုက သူတို့ ယောက်ျားရှာထားတဲ့ ပိုက်ဆံနဲ့ပဲရှင်းတာပါပဲ။ (what a free loader, kidding) seriously???
  3. နောက်တခုကတော့ ပိုဆိုးတယ်။ အကောင် (ယောက်ျားက) ရည်းစားဟောင်းမို့လို့ ငွေလုရှင်းတဲ့ နည်းနဲ့ သူအခု ပိုမိုကောင်းမွန်တဲ့ ဘဝ၊ အသက်မွေးဝမ်းကြောင်းမှု နဲ့ ဒင်းထက်ပိုသာနေတယ်၊ နင်မရှိလဲဖြစ်တယ်၊ ငါပိုအောင်မြင်နေတယ် တွေ့လား ဆိုတာကို ပြချင်စိတ်နဲ့ လဲ ရှင်းတတ်ပါသေးတယ်။
  4. ပထမဆုံး ချိန်းတွေ့တဲ့ အချိန်မှာ မိန်းမက လုရှင်းတာဆိုလို့ကတော့ ဘာပြောကောင်းမလဲ ဒီအကောင် ဆက်လိုက်ဖို့ကို မကြိုးစားနဲ့တော့။ နင် ဘယ်လောက်ရှာနိုင်လို့ ငါအမြဲစားတာ ရှင်းနိုင်မလဲ ဆိုတဲ့ အချိုးပေါ့။

ကဲ ဒီလိုဆို ကိုယ့်အဖြစ်အပျက်လေးတွေ နဲ့ ပြန်ချိန်ထိုးကြည့်ပြီးတော့ တီချမ်းပြောတာ ဘယ်လောက်မှန်လဲ ဆန်းစစ်ကြည့်ကြရအောင်နော်။
မှတ်ချက်။ကိုယ့်ကိုကိုယ်မညာကြေး။ ညာလဲ တီချမ်းက သိမှာပဲ။ သူက အရမ်းပညာရှိတယ်တဲ့။ ပြောကြတယ်။
A Chen7:44 AMSaturday
14th Apr 2012Home
Bangkok

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။

ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။

ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု……

ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။

ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။

ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။

ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။

ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok