မောင့်အတွက် …..

ဒီတခါတော့ တနေ့က မောင့်အတွက် စိတ်လိုလက်ရ ချက်ပေးတဲ့ ဟင်းလေးတွေ တင်ပေးချင်ပါတယ်။ အဲ့ဒီနေ့က ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး …..အော် မှတ်မိပြီ မောင် သိပ်နေမကောင်းလို့ အဲ့တာနဲ့ မောင် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ပေးမယ် လို့ စဉ်းစားမိတာ။ များသောအားဖြင့် အိမ်မှာက မောင်ပဲ ချက်တာ ဆေးတာ လျှော်
တာ ဖွတ်တာတွေ လုပ်ပါတယ်။ အဲ့နေ့ကတော့ မောင်လဲနေမကောင်းတာနဲ့ ကိုယ်လဲ စိတ်လိုလက်ရရှိတာနဲ့ လုပ် ပေးဖြစ်တာပေါ့။ မောင်ကလဲ ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ်ချက်ကို ပိုကြိုက်ပါသတဲ့။ ချစ်လိုက်ကြတာ
နော် သူများ လင်မယားတွေများ။

မောင်က ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကို သိပ်ကြိုက်ပါတယ်။ ဒီက တရုတ်ဆိုင်တွေမှာ သွားစားကြ တိုင်းမောင်က အဲ့တာ နဲ့ မာလာငါး ကိုအမြဲ မှာပါတယ်။ အဲ့တာနဲ့ ဝက်သားမုန်ညှင်းချဉ်လေး ကြော်ပေးမယ် ဆိုပြီး
တော့ အိမ်မှာလဲ ဝယ်လာတဲ့ ဝက်သား တောက်တောက်စင်းတွေရှိနေတာနဲ့ မုန်ညှင်းချဉ် ရှာတော့ အိမ်မှာ အသင့် ရှိတာက မုန့်ညှင်းချဉ် အချိုချဉ်ဖြစ်နေတယ်။ ရှမ်းမုန်ညှင်းချဉ်က အချိုနဲ့အချဉ် နှစ်မျိုးရှိပါတယ်။ အမှန်က ဝက်သား နဲ့ ကြော်မယ်ဆိုရင်တော့ အချဉ်က ပိုကောင်းပါတယ်။ သို့သော် အိမ်မှာ ရှိတာပဲပေါ့နော်။ အရင်ကလဲအမေကြော် တာကို တခါတင်ဖူးပါတယ်။ ဒီမှာ ပါ။ ခုတော့ ဟင်းချက် ဘလောခ် အတွက် ပိုစ့်တွေ ပြန် အော်ဂနိုက်ဇ် လုပ်နေရ တာနဲ့ ပြန်တင်လိုက်တယ်နော်။ ကဲ ချက်မယ့် ဟာတွေကို ကြည့်ရအောင်….

ဝက်သား တောက်တောက်စင်းကို ဆား အချိုမှုန့် ပဲငံပြာရည်အကြည် ကော်မှုန့်စတာတွေနဲ့ နယ်ပြီး နှပ်ထားပါနော်
ပြီးတော့ ထည့်ကြော်မယ့် မုန်ညှင်းချဉ်ကိုလဲတောက်တောက်စင်းထားပေးပါ။

ငရုတ်သီးခြောက်ကို ရေဆေးပြီး အညှာ ခြွေထားပါ။ခရမ်းချဉ်သီး နှစ်လုံးလောက်ကို လေးစိတ်လှီးထားပါ။
နောက်ထပ်လိုမှာကတော့ ကြက်သွန်ဖြူ နည်းနည်းပါ ဓါးပြားရိုက်ရင် ရိုက်ထား မဟုတ်ရင်လဲ စိတ်စိတ်လေး လှီး ထားပါ။ ကဲပြင်စရာရှိတာတွေပြင်ထားပြီးရင်တော့ ကြော်ပါမယ်။ စလိုက်ကြရအောင်နော်….

အိုးထဲကို ဆီထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်ကို အရင်ကြော်ပါနော်။ ငရုတ်သီးက ဆီပူလာတာနဲ့ တူတူ မွှေးလာပါမယ်။ ငရုတ်သီးခြောက်ကို ဆီပူလာမှ ထည့်ရင် တူးသွားတတ်လို့ သတိထားပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ရပြီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးတွေကို နည်းနည်းနွမ်းတဲ့ အထိ ကြော်ပေးပါနော်။

ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင်တော့ ဝက်သား ခုနက နယ်ပြီး နှပ်ထားတာကိုထည့်ပါ။ ပြီးတော့ ဒယ်ပြား နဲ့ ချေပေး ပါနော်။ တီကတော့ မကပ်တဲ့ အိုးသုံးလို့ သစ်သား ယောင်းမဲ့ မွှေပါတယ်။ ဝက်သား ရပြီဆိုရင်မုန်ညှင်းချဉ်
တောက်တောက်စင်းထားတာကို ထည့်ပါနော်။ ပြီးရင်တော့ ဆား အချို မှုန့် နည်းနည်းထည့်ပါ ပြီးရင် အိုးမချခင်
နောက်ပြီးတော့ သကြားလေးကို လက်ဖဝါးထဲ စဉ်းငယ်ခန့်ထည့်ပြီးတော့ ဖြူး ချလိုက်ပါနော်။ အသားမကျက်မှာ စိုးရင် ရေနည်းနည်းလေး ထည့်ပေးပါ။ ရေခမ်းသွားရင်တော့ အရသာမြည်းကြည့်ပြီး အိုကေရင် ချလို့ရပါပြီနော်။

ကဲ မောင့်အကြိုက် အရသာရှိတဲ့ အိုအီရှိ ဝက်သားမုန်ညှင်းချဉ်ကြော်တပွဲရပြီပေါ့။
ကဲ အသားဟင်းတပွဲတော့ ရပြီဆိုတော့ အရွက်ကြော်လေးတခုလဲ လုပ်ပေးအုံးမှပါပဲနော်။ ရေခဲသေတ္တာထဲကြည့်
လိုက်တော့ ဂေါ်ဖီထုပ်သေးသေးလေးတွေ တွေ့ပါတယ်။ အဲ့တော့ အမြန်ပဲ ထက်ခြမ်းလှီးပြီးတော့ ခရုဆီလေးနဲ့ အမြန်ကြော်ပေးလိုက်ပါတယ်။ ထက်ခြမ်းခြမ်း ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူလေးတွေကိုလဲ ဓါးပြားရိုက် ထားမယ်နော်။ နောက် တရုတ်နည်းနဲ့ ကြော်မှာဆိုတော့ ငရုတ်သီးကိုလဲ နည်းနည်းထည့်ပါမယ်။ ခုနလိုပဲ ငရုတ် သီးခြောက်နဲ့ ကြက်သွန်ဖြူ ကို အရင်ကြော်ပါ မွှေးလာရင် တခါတည်း ဘေဘီ ဂေါ်ဖီလေးတွေ ထည့်လိုက်ပါ။ ဆား အချိုမှုန့် ထည့် ပြီးတော့ ကျက်ခါနီးရင် ခရုဆီနည်းနည် ထည့်လိုက်ရင် ရပြီပေါ့နော်။

တခုသတိထားရမှာက အစိမ်းကြော်ကို မီးပြင်းပြင်းနဲ့ ခဏလေးပဲ ကြော်ပါ ကြာကြာကြော်ရင် အရွက်နွမ်းပြီး စားမ
ကောင်းပါဘူးနော်။ မြင်ဘူးတယ်မှလား ဟောင်ကောင်စားဖိုမှုးတွေ ကြော်တာလေ ရွှီးရွှီးရွှမ်းရွှမ်း ဆိုပြီးတော့ မီး
ပြင်းပြင်းနဲ့ ခပ်မြန်မြန်ကြော်ချလိုက်ဖို့ပါပဲ။ ဒီမှာလဲ အရင်က တခါ ဘေဘီ ဂေါ်ဖီကို မှိုနဲ့ ကြော်ဖူးပါသေးတယ်နော်။

ကဲ အရွက်ကြော် ပူပူလေးလဲရပါပြီနော်။ အရွက်ကြော် နဲ့ ဝက်သားနဲ့ ဆိုတော့ အအီပြေအောင် မောင့်အတွက် ဘိတ်ချဉ်လေးလဲ လုပ်ပေးပါအုံးမယ်။ မောင်က အချဉ်တွေအစပ်တွေ ကြိုက်တယ်လေနော်။ ပြီးတော့ ဘေဘီ
ဂေါ်ဖီ က ဘိတ်ချဉ်နဲ့ သိပ်လိုက်တယ်။ မစားဘူးရင် လုပ်စားကြည့်ကြ။

ဘိတ်ချဉ်ကတော့ လွယ်လွန်းပါတယ် သို့သော် လွယ်တိုင်းလဲ အစပ်အဟပ်ကောင်းမှ အရသာရှိတာနော်။ လွယ်တိုင်း ကောင်းတာမဟုတ်ဘူး။ လုပ်ရတာကတော့ မခက်ပါဘူး ကြက်သွန်ဖြူ ကို အကွင်းလေးတွေပါးပါးရ
အောင်လှီး ငရုတ်သီးစိမ်း ကို ညက်ညက်လေးရအောင် ဓါးနဲ့ တောက်တောက်စင်း ပြီးတော့ ပန်းကန်လုံးထဲ ရော ထည့် ပဲငံပြာရည်အကြည်လေး စမ်း သံပရာသီးလေး ညှစ် ဆား အချိုမှုန့် နည်းနည်းထည့်လိုက်ရင် အရသာ ရှိတဲ့ ဘိတ်ချဉ် ရတာပေါ့။ ပြီးတော့ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ တို့တို့ ပြီးစားရင် စူပါရှယ်ပါပဲနော်။

အော် မေ့တော့မလို့ မောင်က အဲ့နေ့က အရမ်းစားကောင်းတယ်ဆိုပြီး စားတာ ထမင်း ၃ ပန်းကန်တောင်ကုန် တယ်။ ကျေနပ်တယ်အေ။

ဒါလေးကတော့ တနေ့က ဖေဖော်ဝါရီ ၁၄ တုံးက အမှတ်တရ ချစ်သက်လက်ဆောင်အဖြစ် မောင်ပေးတဲ့ စတားဘတ်ခ် က ကော်ဖီနှပ်တဲ့ အိုးနဲ့ ရေနွေးကြမ်း နှပ်သောက်ပါတယ်။ ရေနွေးကို ပီပီသသ သောက်ချင်တဲ့ အတွက် ခဏခဏသွားစားလို့ လက်ဆောင်ရတဲ့ ဖူဂျီ ဂျပန်ဆိုင်က ကြွေခွက်လေးနဲ့ သောက်ပါမယ်။ ရေနွေးက
တော့ လစ်ပ်တန်ပါပဲ။ အထုပ်က ဂျပန် ဂရင်းတီးပါ မသောက်ဖြစ်ဘူးနောက် တခေါက်မှ သောက်မယ်။

ခွက်တံဆိပ် ကိုကြည့်ပါ။ သူက ပိုမိုက်တယ် ကြွေ စစ်စစ် ဖြစ်တဲ့ အတွက် အပူထိန်းပေးတာကော အအေးမမြန် တာကော မဲတာကတော့ ရေနွေးက ပြင်းသွားလို့ပါ လစ်ပ်တန် တထုပ်ကို ရေ တလီတာတောင် မဲပါသေးတယ်။ ပြောရအုံးမယ် မောင်ကရေနွေးမသောက်ဘူး သောက်ခဲတယ်။ ကိုယ်တယောက်ပဲ သောက်ရတာ
အဲ့တာနဲ့ နောက်နေ့ကျတော့ ချုပ်ပါလေရော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော် တော်ပြီ။ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ စားကြည့်ဖို့ မမေ့နဲ့နော်။

A Chen
3:07PM
Sunday
26th Feb 2012
Phavina Service Apartment
Rayong
THAILAND

တက်ပမ်းနေပြီ

မောလှပါပြီလေ။ ဘဝကို ဒီလောက် ပင်ပင်ပန်းပန်း ရုန်းကန်ရတာ၊ တနေ့တနေ့ ဘာအတွက်လဲလို့ ကိုယ့်ကိုကိုယ် ခုတလော မကြာခဏ မေးမိနေတဲ့ မေးခွန်းတခုပေါ့။

ကိုယ်တို့တွေ နေ့တဓူဝ စားဖို့အတွက်၊ အမိုးအကာ (နေဖို့အတွက်)၊ ဝတ်ဖို့ အတွက် စတဲ့ အခြေခံ စားဝတ်နေရေး အပြင် တခြား အပို လိုချင်တာတွေအတွက် တနေ့တနေ့ ငွေနောက်ကို လိုက်နေရပါတယ်။ ကိုယ့်ကိုပဲ ကြည့်၊ နိုင်ငံရပ်ခြားမှာ မိကွဲ သူငယ်ချင်းကွဲ လာနေရတယ်။ ပြန်မေးကြည့်တော့ အလုပ်ထက် ငွေကပဲ အဓိက ဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင် လုပ်ငန်းက လက်ရှိရုံးမှာတော့ ဒီ့ထက် ပိုတိုးတက်ဖို့ မရှိတော့ဘူး။ အဲ့တာအပြင် လက်ရှိ လုပ်နေရတဲ့ အလုပ်တွေက တနှစ်နဲ့ တနှစ် ပုံစံ တူချည်းပဲ၊ လုပ်ငန်း သဘာဝ အရ စိန်ခေါ်မှု မရှိတော့ဘူး။ ပုဂ္ဂလ အနေနဲ့လဲ တိုးတက်ဖို့ မရှိတော့ သလို အသစ် သင်ယူမှုလဲ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် မပြစ်ခွာနိုင်သေးဘူး။ ကိုယ့် ဝင်ငွေ ကို မီခိုနေတဲ့ မိသားစုတွေအတွက်၊ ကိုယ့် လိုအင်တွေအတွက် ကိုယ် ဖက်တွယ်ထားရတယ်။ အဲ့တော့ ဘာဖြစ်လာသလဲ ဘဝ က ပိုပို မောလျလာတယ်။ ခုတော့ တနေ့ တနေ့ အလုပ် ကနေ အိမ်ပြန်တဲ့ အခါနွမ်းလျအိမ်ပြန် ဆိုတဲ့ စကားအသုံးအနှုန်းရဲ့ အဓိပ္ဗါယ် ကို ပိုမို နားလည် ခံစားနိုင်လာခဲ့ပြီ။

အိပ်မက်တွေလား ကိုယ့်မှာ ရှိတာပေါ့။ ရည်ရွယ်ချက် ဆိုတာ ထက် အိပ်မက် လို့ပဲ ကိုယ်က နာမည် တပ်ချင်ပါ တယ်။ ရည်ရွယ်ချက်ဆိုတာက ဖြစ်မြောက် အောင်မြင်ရမယ့် အချိန်ကာလ တခုရှိမယ်၊ အကောင်အထည် ဖော်နိုင် ဖို့ လုံလလဲ လိုတယ်။ ကိုယ်ကတော့ ဖြစ်ချင်စိတ်ပဲ ရှိတာ ဇွဲ မရှိခဲ့ဘူး။ ဖြစ်ချင်လဲဖြစ် မဖြစ်လာရင်လဲ ကျရာနေရာ မှာ အရုပ်ထင်အောင် နေခဲ့တယ်။

ငယ်ငယ်က အဆို ဝါသနာပါတဲ့ အတွက် ဝတ္ထုတွေ ဘတ်ပြီးတော့ အထဲက ဇာတ်ကောင်လို စားသောက်ဆိုင် တခု ခုမှာ သီချင်းဆိုတဲ့ လူတယောက် ဖြစ်ချင်ခဲ့ဘူးတယ်။ တနေ့လုံး အိပ်၊ စာအုပ်တွေဘတ်၊ စားချင်တာကို စားချင်တဲ့ အချိန်မှ စား၊ ထချင်တဲ့ အချိန်မှ ထ၊ အထိန်းအကွပ်မရှိတာ မျိုးမဟုတ်ဘဲနဲ့ လွတ်လပ်မှု ရှိတဲ့ ဘဝမျိုး လိုချင်ခဲ့ဖူး တယ်။ ညနေဘက်ကျတော့ ကော်ဖီဆိုင်လိုမျိုးမှာ ဂစ်တာလေးတီးပြီး သီချင်းဆို သုံးလောက်ယုံ လစာလောက်နဲ့ အသက်ရှုတာထက် အသက်ရှင်တာ ကို ပိုလိုချင်ခဲ့ဖူးတယ်။ ဆယ်ကျော်သက်အရွယ်လေ အိပ်မက် ရဲရဲမက်ခဲ့တာ
ပေါ့။ ဘဝ က ဘယ်လောက် ရုန်းကန်ရတယ် မွန်းကြပ်မှုတွေဘယ်လောက်များတယ် ဆိုတာ ဘာဆို ဘာမှ မသိခဲ့ အရာရာ ပေါ့ပေါ့တွေး ပေါ့ပေါ့နေ ခဲ့တာ။

ခုတော့လဲ ဘဝ က အရာရာ မောပန်းမွန်းကြပ်လှချည့်ရဲ့ လို့ မညည်းချင်ပေမယ့် ကိုယ်ထွက်ပြေးချင်တယ်။ လုံးလုံး
တော့ လွတ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ်ဖြစ်အောင် လုပ်မယ်။ အနည်းဆုံး ကြိုးစားမယ်။ ကိုယ်မလုပ်ချင်တာတွေ
တော်တော်များများကို ငွေအတွက်တောင်ဖြစ်အောင် ကိုယ်ကြိုးစားခဲ့ ဖူးတာပဲ။ ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ အတွက် ဘာ့ကြောင့် မကြိုးစားနိုင်ရမှာလဲနော်။

ခုတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ။ အလုပ်ထွက်မယ်။ အိပ်မက်နောက်ကို လိုက်မယ်။ တနှစ်လောက်တော့ အနည်း
ဆုံးပေါ့။ ဖြစ်မလာတော့ကော ဘာအရေးလဲ တနှစ်လို့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် အလုပ်ပြန်ရှာ မှာပေါ့။ ကိုယ် ရည်မှန်းထားတာတွေဖြစ်မလာတော့လဲ တနှစ် ကိုယ်နားရမယ်၊ စာအုပ်တွေ ကို တဝကြီး ဘတ်ဖို့
အချိန်ရမယ်။ အေးအေး လူလူ နားရမယ် စားချင်တာတွေ ချက်စားမယ်။

ကိုယ်နားမယ်။ တကယ်ပြောတာ။ မောင်ကပြောတယ် နားတဲ့ မောင်ရှာ (လျှာ) ကျွေးမယ်တဲ့။

A Chen
4:39PM
Saturday
25th Feb 2012
Phavina Hotel,
Rayong, THAILAND

ဘန်ကောက် ချမ်းချမ်း နန်းကြီးသုပ်

ကဲ နောက်ထပ် တခုခု လုပ်စားကြဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီတခါတော့ တနေ့က လုပ်စားမယ်လို့ ပြော ထားတဲ့ နန်းကြီးသုပ်ပါပဲ။ အရင်ကလဲ တခါ လုပ်စားဖူးပါတယ်။ မဘတ်ဖူးသေးသူများ ဒီမှာ ပြန်ဘတ်ပါနော်။

ဒီလိုပဲ တနေ့တနေ့ တခုပြီးတခု လုပ်စားရင်းနဲ့မှ မြန်မာ အစားအစာတွေက လုပ်ရတာ တော်တော်လွယ်တာပဲ လို့ သတိထားမိပါတယ်။ မြန်မာဟင်း မုန့် အသုပ် ဘာဘာညာညာ တော်တော်များများမှာ အဓိက မိန်းက ကြက်သွန်
ဖြူနီ ဆီချက်ပါပဲ။ ကိုယ်လဲ ဒီမှာ လာအလုပ်မလုပ်ခင်က ဘာမှ မတတ်ပါဘူး။ အိမ်မှာက အခန့်သားနေရတာပါ
ခြေမွှေးလက်မွှေးမပြောနဲ့ဘာမွှေးမှ မီးမလောင်ဖူးပါဘူး။ ရေတောင် အိမ်ဖော် ခပ်ပေးတာ သောက်တာပါ။ ခုတော့ လင်လဲ ရကော အကုန် လုပ်ရတော့တာပဲ။ အိမ်ထောင်မှု ဘုရားတည် မှလား အိမ်ထောင်ကျတယ် ဆိုတာ တကယ်တော့ အိမ်ဖော်ဖြစ်တာပါပဲ။ ဒါတောင် ကိုယ်က လင်ကို နိုင်ပေလို့မဟုတ်လို့ကတော့ ………ဟွင်းဟွင်း..
ခုတော့လဲလုပ်ရင်းလုပ်ရင်းနဲ့ တော်တော် တတ်ကျွမ်းလာလို့ စာဘတ်သူတွေ ကတောင် တီချမ်း ဟင်းချက်စာအုပ် ထုတ်ပါလားလို့တောင် ပြောလာကြတဲ့ အဆင့်ကိုရောက်နေပြီပေါ့နော်။ နောက် တီချမ်း ယုံလဲယုံကြည် ကျင့်လဲ ကျင့်သုံးတဲ့ မိုတို နောက်တခုက ဘာလဲဆိုတော့ “ဘယ်သူမှ မွေးကတည်းက မတတ်လာဘူး” ဘာမဆို လေ့လာ ချင်တဲ့စိတ် သင်ယူချင်တဲ့ စိတ်သာရှိပါစေ ဖြစ်ရမယ် လုပ်နိုင်ရမယ် ဟစ်တလာဆိုတဲ့ ငပုကလေး ပြောတဲ့ အတိုင်း ပဲ မဖြစ်နိုင်တာ ဘာမှ မရှိ မဖြစ်သေးတာပဲ ရှိမယ်။ အဲ့တော့ စာဘတ်သူ တွေလဲ လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်
……..

ကဲ စကားတွေလဲများပြီးပြီ ဆိုတော့ စချက်လိုက်ကြရအောင်နော်……

နန်းကြီးသုပ်မှာ အဓိကကတော့ တီထင်တာ ပဲမှုန့် နဲ့ အသားဟင်းပါ။ ဒီတခါတော့ မောင်လဲ စားလို့ ရအောင်လို့ နန်းကြီးသုပ်ကို ကြက်သားနဲ့ မချက်ဘဲ ဝက်သားနဲ့ ချက်ကြည့်ပါတယ်။ ထုံးစံအတိုင်း အရည်ကြည် ဟင်းချို တအိုး ကို ဝက်နံရိုးနဲ့ တည်ထားလိုက်ပါတယ်။ အရည်ပိုချိုအောင် အရိုးကြမ်း လဲ ထည့်လိုက်တယ်။ နောက်ပြီးတော့ နံရိုး ကို အသားလေးတွေနွှင်လိုက်တယ် ဟင်းအနှစ်ချက်ရအောင်လို့….ပြီးတော့ ဝက်သား ကီလိုစိတ်သားလောက်ကို အရည်ထဲမှာပဲ ထည့်ပြုတ်ထားတယ်။ ပြီးတော့ အသားတုံးကို အမျှင်လေးတွေ ဖြစ်အောင်နွှင်ထားလိုက်ပါတယ်။ အသားနွှင်ထားတဲ့ ပုံကို ရိုက်ဖို့ မေ့သွားတယ်။ အောက်က ချက်တဲ့ အိုးထဲမှာ ကြည့်လိုက်ပါ။ တချို့ကလဲ ဝက်သား ကိုတုံးပြီး ချက်လဲရတယ်။ တီကတော့ ပြုတ်ပြီးနွှင်တာကို ပိုကြိုက်လို့ အချောင်းချောင်းလေးတွေဖြစ်လို့လေ။

ကဲ ချက်ပါမယ်။ ကြက်သွန်ဖြူနီကို လိုသလောက် ကြိတ်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ ထည့်၊ အရောင်တင် မှုန့် နနွင်းမှုန့်ထည့် ကြက်သွန်ဖြူနီ ကျက်ရင် အသားလေးတွေထည့် ပြီးတော့ ဆား အချိုမှုန့်ထည့် ပြီးတော့ ခဏ
မွှေပေးပါ။ အသားတွေ ကျက်လောက်ပြီဆိုရင် ခုနက အရိုးပြုတ်ဟင်းရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီပျံ လာတဲ့အထိတည်ပေးပါ။ ဆီလေး နည်းနည်းပိုထည့်ပါနော် အသုပ်နယ်တဲ့အခါ ပိုထည့်ရအောင်လို့။ ပုံကိုကြည့်။

တခြားပြင်ဆင်စရာရှိတာလေးတွေလဲ ပြင်ထားရအောင်ပါနော်။ တချို့က အချဉ်ကို မန်ကျည်းရည်လေးနဲ့ စားချင်
တယ်ဆိုလို့ မန်ကျည်းရည်လေးလဲ ပြင်ထားပေးပါတယ်။ တီကတော့ သံပရာသီးနဲ့ ပိုကြိုက်တယ် အချဉ်ချင်းတူတူ ပိုမွှေးလို့ တချို့အသုပ်တွေက မန်ကျည်းရည်နဲ့ လိုက်ပေမယ့် နန်းကြီးသုပ် တို့ ဝက်သားချဉ်သုပ်တို့ကတော့ သံပရာသီးနဲ့ မှလိုက်တယ်ထင်ပါတယ်။ သို့သော်လဲ လူတကိုယ် အကြိုက်တမျိုးဖြစ်တဲ့အတွက် နှစ်မျိုးလုံး ပြင်ပေး
ထားတာပေါ့နော်။ နောက် ကြိုက်တဲ့သူတွေ ထည့်စားလို့ ရအောင် ကြက်သွန်နီကိုလဲအကွင်းလေးတွေ လှီးပေး ထားပါတယ်။ မှတ်ချက် တီကတော့ နန်းကြီးသုပ်ထဲမှာ ကြက်သွန်ထည့်သုပ်တာ “လုံးဝ” မကြိုက်ပါ။

ဒါကတော့ တနေ့က စာဘတ်သူတယောက်က အရင် မန္တလေးသွားတုံးက စားတဲ့ နန်းကြီးသုပ် ပိုစ့်မှာ ကွန်မန့် လာရေးတာနဲ့ ပြန်ကြည့်တာ သူတို့က ငါးဖယ်လုံးလေးတွေ ထည့်တာတွေ့ပါတယ် (မှတ်ချက် တီက ငါးဖယ် ကိုအဲ့လို လုံးတာလဲ မကြိုက်ပါဘူး) အဲ့တော့ ဝက်သားလုံးထည့်ပါတယ်။ ဘာထည့်ရမယ် ဘာမထည့်ရဘူး စည်းမျဉ်း စည်းကမ်း မရှိဘူးလေနော် ကြိုက်တာသာထည့်။ လိုလျှင်ကြံဆ…….ဘာဖြစ်လဲပရိတ်သတ်ကြီး……… (မိုက်ကို ပရိတ်သတ် ဘက်လှည့်လိုက်တယ် ပြီးတော့ ရေတခွက်ပြေးသောက်တယ်)

အခု ဒီမှာ (ထိုင်း) က နန်းကြီးဖတ် ကိုဖရက်ရှ် မရလို့ ကျိုင်းတုံဘက်က ရှမ်းခေါက် မြီးရှည်ခြောက်ကို ရေစိမ်ထား၊
ပြီးတော့ ပြုတ် တော်တော်ကြာကြာ ပြုတ်ရပါတယ်။ သူကတော်တော်မာတာကိုး။ အရင်တခါ လုပ်စားတုံးကလဲ နန်းကြီးဖတ်မရလို့ ဗီယက်နမ် ခေါက်ဆွဲ “ဖာ” (English လို ဘိုသံနဲ့ FUR လို့ ထွက်ပါ မြန်မာသံပီပီသသ မထွက် ပါနဲ့) နဲ့လုပ်စားရပါတယ်။ ပြုတ်ပြီးလို့ နန်းဖတ်တွေ ရပြီဆိုရင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။

ဘဲဥအစားကြက်ဥပဲ ပြုတ်လိုက်တယ်နော် နောက်ပြီးတော့ ခွာပြီး သေးသေးလေးတွေလှီးထားပါ။ ထည့်နယ်လဲ ရတယ် ဖြူးပြီးစားလဲရတယ် တီကတော့ ထည့်လဲနယ်မယ် ဖြူးပြီးလဲ စားမယ်။

ဒါကတော့ ပွဲပြင်ခါနီးပါ။ ခုနက ကြိုပြင်ထားတဲ့ ကြက်သွန်နီ အကွင်းကြီးလှီး၊ မန်ကျည်းရည် ဝက်သားလုံးပြုတ်တို့ အပြင် ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ နောက် မနက်က နံရိုးကနေ ခွာထားတဲ့ ဝက်သား (ဖြူးစားဖို့ပါ) ဆီချက်၊ ဆား အချိုမှုန့် ငရုတ်သီး အကျက်မှုန့်၊ နံနံပင်စတာတွေ လိုပါမယ်။ မုန့်ကျွတ်ကြော်ကိုတော့ မောင်လဲမကြိုက် ကိုယ်လဲ မကြိုက်သလို အလွယ်လဲ မရှိတာနဲ့ မထည့်တော့ပါဘူး။ သူက တကယ်တော့လဲလှပဲလှတာ အရသာလဲမရှိဘူး။ တကယ်လို့ အဲ့လို ထည့်စားမယ် ဆိုရင် ကိုယ်ကတော့ မုန့်ကျွတ်အစား တိုဟူးခြောက်ပြား ကြော်လိုပဲ ထည့်ချင် တယ်။

ဒါလေးကတော့ ပွဲလှလှလေးပြင်ထားတာပါ။ တီက သံပရာသီးနဲ့ ပြင်ပါတယ် ကြက်သွန်နီကွင်းတွေက ပုံရိုက်ရင် လှအောင်ထည့်ထားတာပါ နယ်တော့ ပြန်ဖယ်လိုက်ပါတယ်။ ဘေးကတော့ မနက်က နံရိုးပြုတ်ထားတဲ့ ဟင်းရည် ကို နံနံပင် ခပ်ထားတာပါ။ ကဲ တွေ့လား ဝက်သားလုံးလေးတွေကိုလဲ တဝက်အရွယ်တုံးလေးတွေ ညှပ်လိုက်၊ ကြက်ဥပြုတ်လေးတွေထည့်၊ အသားများများထည့် ဆိုင်ရောင်းတမ်း မဟုတ်ဘဲ အိမ်လုပ်စား ဖြစ်တဲ့ အတွက် စိတ် ကြိုက်သာ ထည့်ပါနော်။ အားမနာပါနဲ့။ အသားများလေး စားကောင်းလေ။ ဆီလေးလဲ ရွှဲပါစေနော်။

ဒါကတော့ နယ်ပြီးဖတ်ပြီးသား ပုံပေါ့။ အရမ်းအရမ်းကို စားကောင်းပါတယ်။ အိုအီရှိ၊ ကောင်းမှကောင်းပဲ။ မစားရတာကြာလို့ ထင်တယ် တော်တော့် ကိုကောင်းတယ်။ တီလဲ စားလိုက်တာ အားရပါးရ နှစ်ပွဲ ကုန်တယ်။ အသားကို အနှစ်ထဲက အသားမျှင်တွေအပြင် နံရိုးက အသားတွေလဲ ထပ်ဖြည့်စားပါသေးတယ်။ မောင်ကတောင်
ပြောနေသေးတယ် ဝက်သားနဲ့လဲ ကောင်းတာပဲနော်တဲ့။

ဒါကတော့ လမ်းထိပ်ကနေ ဝယ်လာတဲ့ ကျွဲကော်သီး အချိုပွဲပါ။

ထုံးစံအတိုင်း နန်းကြီးသုပ်စားပြီးတော့ သူငယ်ချင်းတွေ နဲ့ လေပစ်ဖို့ လုပ်ပါတယ်။ မုန့်ဖုတ်တဲ့ မမယာ နဲ့ တုတ်ထိုး ကြည်လဲ့ တို့လဲ ရောက်နေတာနဲ့ အရက်သောက်ကြမယ် ဆိုပြီး လုပ်ပါတယ်။ တီနဲ့ မယာက ဝိုင်ပဲ သောက်တယ် ကြည်လဲ့ တယောက်ထဲ အရက်ပြင်းသောက်တာ။ ကြက်ကြော် ရယ်၊ သံပရာသီး ကို အခွံနဲ့ သေးသေးလေးတွေ
လှီးထားတာရယ်၊ နောက် ၇-၁၁ ကနေ ဝယ်လာတဲ့ ရေညှိ ရယ် ပုစွန်မုန့်ရယ် အမြည်းတွေပါ။ နည သောက်ချင်နေ
ပြီမှလား။ အရင်တုံးက စီဘောက်စ်တွေမှာ ချိန်းချိန်းသောက်ကြတဲ့ ခွက်ပုန်းဘလောခ်ဂါတွေကို သတိရပါတယ်။

ပြီးတော့ ကြည်လဲ့က ဒေါ်ရီတာ ယူလာတဲ့ စလုံးရောက် မြန်မာပြည်ပေါက်လက်ဖက်ကို ပုစွန်ခြောက် နိုင်းချင်းနဲ့ ကြက်သွန်ဖြူ ပါးပါး ငရုတ်သီးစိမ်း ရိတ်ရိတ်တွေနဲ့ ဆီရွှဲရွှဲဆမ်းပြီးသကာလ နှပ်ပေးပါတယ် ရှယ်ပဲ။

အရက်သောက်တာ တစခန်းရပ်သွားတော့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ တခုပြီးတခု လုပ်စားတတ်ကြတဲ့ တီတို့ ဝါသနာ အရ မမယာ INDEX ကနေ ဝယ်လာတဲ့ ဆင်းဒွတ်ရှ် လုပ်စက်ကို စမ်းကြမယ် ဆိုပြီးတော့ ချိစ် နဲ့ ဘေကွမ် ညှပ် ပေါင်မုန့် လုပ်စားကြပါသေးတယ်။

လုံးဝ မခက်ပါဘူး။ ကိုယ့်ဘာသာ လုပ်စားရင် များများစားရပါတယ် ၇-၁၁ မှာ ဝယ်စားရင် ဈေးကြီးတယ် နှစ်ခုပဲ ရတယ်။ လိုတာက ပေါင်မုန့် နဲ့ ချိစ်ပြားနဲ့ ဝက်ပေါင်ပဲ။ ပုံကိုကြည့်ပါ။

ပြီးရင် စက်ကို အပူပေး၊ ပေါင်မုန့် ပေါ်ကို ဘေကွမ်တင် ချိစ်ပြားထပ် ပေါင်မုန့် နောက်တချပ် ထပ်ညှပ် ပြီးတော့ စက်ထဲထည့်။ ခဏ အပူပေးလိုက်ရင် ရပါပြီ။ စက်က အော်တိုဆိုတော့ မီးငြိမ်းသွားရင် ရပြီပေါ့။ ချိစ်တွေက အပူနဲ့
ပျော်ပြီး ဘေကွမ် နဲ့ ပေါင်မုန့် ကြား ဝင်သွားပါတယ်။

ထုံးစံအတိုင်း အစာပိတ် အနေနဲ့ ကတော့ ကော်ဖီပေါ့နော်။

ဒါကတော့ တနေ့လုံး ရှော့ပင်း ပတ်လာတဲ့ တီချမ်း ခြေထောက်ကို ရေနွေးစိမ်ဖို့ မောင်လုပ်ပေးတာပါ။ ပြီးတော့ လိုရှင်းလေးနဲ့ နှိပ်ပေးသေးတယ်။ မောင် တီချမ်း ကို ရတာ သိပ်ကံကောင်းတယ်နော်။ တီ့ ခြေထောက်ကို ကိုင်ခွင့် ရလို့……….ဟိဟိ။

အမှန်က ပိုစ့်က တနေ့ကတည်းက ပုံတွေ တင်ထားတာ ခုတလော အလုပ် နည်းနည်းများနေလို့ နောက်ကျပြီး တင်ဖြစ်တယ်။ ဟင်းတွေ ချက်ထားတာ ရှိသေးတယ်။ နောက်နေ့မှ နော်……..
ခုတောင် အလုပ်နဲ့ သင်တန်းပေးဖို့ Rayong ရောက်နေလို့ ………ဒီတပတ်လုံး စနေရော တနင်္ဂနွေရော အပါအဝင်
နောက်အပတ် စနေ အထိ သင်တန်း နှစ်ခု Back to Back လုပ်နေပါတယ်။ မအားတော့ သိပ်တင်ဖြစ်မယ် မထင်ဘူး။ တလောက ဟင်းချက်ထားတဲ့ ပုံတင်ပြီးသားတွေ တော့ အားရင် အားသလိုတင်ပါမယ်နော်။

A Chen
12:58 PM
Friday
24th Feb 2012
Phavina Hotel/Service Apartment
Rayong,
THAILAND

မုန့်ဟင်းခါး နဲ့ သူငယ်ချင်းများ

နောက်အပတ်မှာ (အခု အပတ်ရောက်နေပြီပေါ့) လုပ်မယ့် သင်တန်း တခုအတွက် သူငယ်ချင်းတယောက်က မဲစရီယမ် ကနေရောက်နေပါတယ်။ အဲ့တာနဲ့ မလာခင်ကတည်းက သူနဲ့ ဖုန်းပြောရင်း တိုင်ပင်ထားတဲ့ မုန့်ဟင်းခါး ချက်စားကြမယ်ဆိုတာကို အကောင်အထည်ဖော်ဖြစ်ပါတယ်။ ဒီကို ရောက်ကတည်းက မုန့်ဟင်းခါး ငတ်နေတာ ကြာပါပြီ။ တခါတလေ မဲစောက်သွားရင် စားရပေမယ့် သိပ် စိတ်တိုင်းအကျကြီးလဲ မဟုတ်ပါဘူး။ မုန့်ဟင်းခါး ကို ငါးစစ်စစ်နဲ့ချက်တားမျိုးကို ကောင်းကောင်းလေး စားချင်နေတာပါ။ အရင်တခါ ချက်စားတုံးကလဲ ready made အထုပ်ကို သူ့ချည်းမချက်ချင်တာနဲ့ ကတ်ကတစ်နဲ့ ချက်စားကြည့်ပါသေးတယ်။ ဒီမှာ တခါ တင်ဖူးပါတယ်။
မကျေနပ်ပါဘူး။ ကောင်းလဲသိပ်မကောင်းဘူး။ စားလို့တော့ ဖြစ်တယ် ဒါပေမယ့် မကောင်းဘူး။ တီချမ်း ချက်လို့မကောင်းတာဆိုလို့အဲ့တခါပဲ ရှိဖူးသေးတယ်။ တကယ်ပါ။ ဖြစ်ချင်တော့ တရက်က ဝတ်ရည်ကလဲ ရန်ကုန် မုန့်ဟင်းခါးဆိုပြီး ပိုစ့် တင်သေးတော့ ပိုစားချင်စိတ်ဖြစ်မိပါတယ်။ အဲ့တာနဲ့ သူငယ်ချင်းလဲ ရောက်တုံး ဆိုပြီး
နောက် ဘန်ကောက်က သူငယ်ချင်းတယောက်ဖြစ်တဲ့ လွယ်ကူစားမြိန် ကိုပါခေါ်ပြီး ချက်ကြပါတယ်။ ဒေါ်သလင်း ကိုလဲလာစားပါ ခေါ်သေးတယ် သူက မလာတာ မလာတော့လဲ ငတ်ပေါ့နော်။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ခေါ်
တာပဲ။ ထားတော့ အဲ့တာနဲ့ မောင် နဲ့ ကိုယ်နဲ့သူငယ်ချင်းတွေနဲ့ ဒီတပတ် အိမ်မှာ မုန့်ဟင်းခါးလေး ချက်စားဖြစ်ကြ တာပေါ့လေ။ မနက်ဖြန် တုတ်ထိုး လုပ်တဲ့ ကြည်လဲ့လဲ့ဦး ရောက်ပါမယ်။ အဲ့အခါကျရင် နန်းကြီးသုပ်လေးလဲ လုပ်စားကြပါအုံးမယ်။

အဲ့တာနဲ့ တိုင်ပင်ကြတော့ လွယ်ကူစားမြန်ကလဲ သူတချို့တဝက် လုပ်ယူလာမယ်တဲ့ အဲ့တာနဲ့ အီးမေးလ် တစောင်ပို့လာပါတယ်။ ချက်နည်းကို အခြေခံယူတာကတော့ ဝတ်ရည်ဆီကပါပဲ။ ရှု………..

Blue for Snow; Green for Addy

1. မုန့်ဟင်းခါး ဖတ် 2. ကြက်သွန်နီ 3. ကြက်သွန်ဖြူ 4. ဘဲဥ 5. အကြော်မှုန့် 6. ကြက်သွန်ဖြူ၊ နီ ဆီချက် 7. ငါးခူ ၁ ကီလို 8. ဂျင်း 9. စပလင် 10. ငရုတ်ပွခြောက် 11. ငရုတ်ကောင်းမှုန့် 12. ဆန်လှော်မှုန့် 13. ကုလားပဲမှုန့် 14. ငှက်ပျောအူ 15. နံနံပင် 16. ပဲသီးစိမ်း

အဲ့တော့ တာဝန်ကျတဲ့ လစ်နဲ့ အတူ ကိုယ်တို့တွေဈေးဝယ်ထွက်ကြပါတယ်။ အပေါ်က တော့ ကိုယ့်ရဲ့ လစ်ပေါ့ ပိုစ်တစ် မှာ ရေးပြီးတော့ စာရင်း အတိအကျ အဝယ်ထွက်ကြပါတယ်။ တခါတခါ အဲ့လို သူငယ်ချင်းတွေနဲ့စုပြီး
တော့ လုပ်ချင်တာလေးတွေ လျောက်လုပ်စား ရတာ ပျော်ဖို့ ကောင်းပါတယ်။ အင်တာဗျူးမှာ ပါတဲ့ အာရှက လူငယ်တွေရဲ့အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ပေါ့လေ။ ထားတော့။

ကဲ ဝယ်ရမယ့်ဟာတွေ ဝယ်ပြီးတော့ ချက်ရမယ့် အဆင့်ပေါ့။ ပြောအုံးမယ် ငါးခူက အကြီးကြီးပဲ မွေးငါးခူတွေ တကောင်ထဲကို ၁ ကီလို (၆၀ သား) ကျော်ရှိတယ်။ အကုသိုလ်တော့များတယ် လက်ညိုးထိုးပြီး သတ်ခိုင်းရတာ အစွယ်ကို လွှနဲ့ တိုက်တာ ငမိုက်သား မုဆိုး ဆိုပေမယ့် စေခိုင်းတာက ကျတော်မျိုး ဘုရင်မင်းမြတ်လေနော်။ ထားအုံးတော့။

ကဲ ချက်ကြပြုတ်ကြမယ်နော်…..လာပြီ

ပထမဆုံး ဝတ်ရည်နည်းအတိုင်းပဲ ချက်လိုက် သူ့ဘလောခ် ကိုပြေးဘတ်လိုက်နဲ့ လုပ်ပါတယ်။ ငါးခူတွေကို စပလင် နဲ့ နနွင်းနဲ့ ပြုတ်ပါတယ်။ ပုံကိုကြည့်ပါ။ ပုံ ၃ မှာ ပြုတ်ပြီး ကျက်သွားတဲ့ ငါးခူ ကို တညသိပ်ထားတာပါ။ ကြို လုပ်ထားတာ။ လွယ်ကူစားမြိန်က နောက်နေ့ မှလာမှာမို့လို့ ညကတည်းက လုပ်စရာရှိတာတွေ လုပ်ထားတာပါ။

ပြုတ်ပြီးသား ငါးခူးကိုဆယ်ပြီးတော့ နောက် သူငယ်ချင်းတယောက်က အသားနွှင်ပါတယ်။ ပုံထဲက အတိုင်းအကြီး
စား တပန်းကန်ရတယ်။ (မှတ်ချက်။ နောက်တခါ မုန့်ဟင်းခါးကို ဈေးထဲတွင် တွေ့ခဲ့သော ငါးရံ့ နှင့် ချက်ရန်။ ငါးရံ့
သည် အသားပိုများကာ အလယ်ရိုး တချောင်းပဲ ရှိ ငါးခူ အတိုင်း ချို။ ငါးခူ ဖြင့်ထပ်ချက်လျှင်လည်း အရေခွံ မထည့်
ရန်။ စားမကောင်း တီချမ်း မကြိုက်) အိုကေ။ ဆက်……

ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ထား။ ဆန်လှော်မှုန့် ရေဖျော်ထား။ အစကတော့ ကုလားပဲ ပြုတ်ပြီး ကြိတ်ထည့်မလို့ပဲ။ဝယ်လာတဲ့ ပဲက ကုလားပဲ မဟုတ်ဘဲ ဘာပဲ မှန်းမသိ ဖြစ်သွားလို့ ငယ်ငယ်က ကျောင်းမှာစားခဲ့ ဖူးတဲ့ မုန့်ဟင်းခါးကို သတိရပြီး တလောက မာလာဟင်း လုပ်စားတုံးက ကျန်တဲ့ မြေပဲ ထောင်းလှော် တွေကို ထည့်ပါတယ်။ အစားထိုးပေါ့။ တတိယပုံကိုကြည့်ပါ။

ငှက်ပျောအူတွေ နုနုလေးတွေ မိုက်မှမိုက်။ နနွင်းနဲ့ မမဲအောင်ရေစိမ်ထား ပြီးတော့နွှင်ယူ။ အလည်အူ မထည့်နဲ့။

ကဲ ဟင်းအနှစ်ချက်ကြမယ်။ ဆီအိုး ပူလာရင် ပထမဆုံး ကြက်သွန်ဖြူနီ ဂျင်း စပလင် ကြိတ်ကို ဆီသတ်ပါမယ်။ နနွင်း အရောင်တင်မှုန့် တခါတည်း ထည့်ပါ။ ဆီသတ်တာ ရရင် ငါးနွှင်ထားတာ ထည့်ပါမယ်။ မွှေးလာတဲ့ အထိ မွှေပေးနေပါ။ ဆား အချိုမှုန့် ငံပြာရည် တခါတည်း ထည့်ပါနော်။ အရသာကို မြည်းယူပါ။ တီချမ်းကတော့ တော်တီးတီးတော် ဆိုတော့ စိတ်မှန်းနဲ့ ပဲထည့်ပါတယ်။

ပြီးရင် အိုးထဲမှာ ရေ ၂ လီတာ ထည့်ပါတယ်။ နောက် မနေ့ညက ငါးပြုတ်ရည်တွေ ထည့်ပါတယ်။ အရိုးတွေကို ပြန်ပြုတ်တာတွေ ထောင်းတာတွေ ရေညှစ်တာတွေ ထပ်မလုပ်တော့ပါဘူး။ ပထမ တခါချက်တုံးက အဲ့လို လုပ်ရတယ် ပြောလို့ လုပ်ကြည့်တာ ညှီပါတယ်။ အဲ့တာကြောင့် တခါသေဖူး ပြင်ဖို့ နားလည် လိုက်ပါတယ်။ ငါးပြုတ်ရည်က စပလင် နိုင်းချင်းနဲ့ဆိုတော့ သိပ်မညှီပါဘူး။ ပြီးတော့ ရေအဖြူနဲ့ ငါးပြုတ်ရေ အရောဆူလာရင် ချက်ထားတဲ့ ငါးအနှစ်ကို ထည့်ပါ။ ပြီးရင် ခုနက ရေဖျော်ထားတဲ့ ဆန်လှော်မှုန့် ထည့်ပါ။ မြေပဲ ထည့်ပါ။

ပြီးရင် အိုးဘဲဥ လိုချင်တဲ့ အတွက် ပြုတ်ပြီးသား (ဆော်ရီး ကော်ရက်ရှင် အိုးကြက်ဥ) ကြက်ဥ တွေကို အလုံးလိုက် ၇ လုံးလောက်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ၄ လုံးကိုတော့ ပါးပါးလှီးပြီး ထည့်ပါတယ်။ နောက် ကြက်သွန်နီ ဥလိုက်တွေထည်ပါတယ်။

ငှက်ပျောအူတွေ ထည့်ပါတယ်။ ဒီနေရာ မှာ စပလင်ထပ်မထည့်တော့ပါဘူး။ စာတွေ လိုက်ဘတ်တယ်ဆိုပေမယ့်လဲ ကိုယ့်ဘာသာ ကိုယ်လိုလျှင်ကြံဆ လုပ်ရပါသေးတယ်နော်။ ကြည့်ကျက်လုပ်ပေါ့။ ဘယ်သူမှ မမွေးလာကတည်းက မတတ်ဘူးနော်။ လုပ်ရင်း တတ်သွားမယ်။

ပြီးတော့ ဟင်းရည်ကို ဆူစေပြီးတော့ ဆားအချိုမှုန့် လိုသလောက်ထပ်ထည့် မြည်းကြည့်။ ပြောရအုံးမယ် သူငယ်ချင်း တယောက် ကို မြည်းခိုင်းလိုက်တာ သူက အငံလိုသေးတယ် ပြောတာနဲ့ ကိုယ်က ငံပြာရည် ယောက်ဇွန်းတဝက်ထပ်ထည့်လိုက်တာ တော်တော်ငံသွားပါတယ်။ ငံသွားတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး တီချမ်း မိုတို အတိုင်း လိုထည့် ပိုရေရောလုပ်လိုက်တာ အိုကေမှာ စိုပြေသွားပါတယ်။

ငရုတ်သီးမှုန့် နံနံပင် ဆီချက်လေးတွေ ထည့် အချဉ်လေး ညှစ်လိုက်ရင် စူပါရှယ် အိမ်ချက် တီချမ်း လက်ရာ မုန့်ဟင်းခါး တခွက်ရပြီပေါ့နော်။ တီကတော့ ကိုယ့်လက်ရာ အရသာစစ်ကို သိချင်တာကြောင့် အချဉ် ငရုတ်သီး မထည့်ပဲ အရင်စားကြည့်ပါတယ်။ တင်တင်၊ စောရီ၊ ချို၊ ကြည်၊ စိန်ဥ၊ အိမ်မဲ၊ ဇကာကြီး၊ တခုမှ မရှုံးဘူးပဲ။
နောက်ဆို “အပြောကြီးသော နိုင်ငံကျော်ဘလောခ်ဂါ ကျိုင်းတုံ ဒေါ်ချမ်း” ဆိုပြီးတော့မုန့်ဟင်းခါးရောင်းစားရမယ်။

ကဲ စားချင်စရာမကောင်းလား။ နောက်တနေ့ မနက်ကျတော့ သူငယ်ချင်းက မုန့်ဖတ်ထပ်သွားဝယ်ပြီး အီကြာကွေး ပါဆွဲလာတော့ ပိုကောင်းသွားတာပေါ့။ ဟင်းရည်လဲ မနေ့ ကတနေ့လုံးတည်ထားတော့ တော်တော်လေးကို
အရည်ကျနေပြီလေ။ ရေနည်းနည်ထပ်ရော အချိုမှုန့် လေး နည်းနည်း ထပ်ထည့်လိုက်ရုံနဲ့ ပိုကောင်းတဲ့ မုန့်ဟင်းခါး တခွက်ထပ်ရတာပေါ့။ နှစ်ရက် လုံး စားကြတယ်။ ကောင်းမှကောင်းပဲ။

ကဲ မုန့်ဟင်းခါး ငတ်နေတဲ့ ပြည်ပရောက် ပရိတ်သတ်ကြီးလဲ အားပေးကြပါအုံးနော်။

A Chen
2:56 AM
Monday
20th Feb 2012
Home
Bangkok

သခွားသီး အစာသွတ် ဟင်းရည်

အရင်တုံးက “တီချမ်းဟင်းချက်ခြင်း” ဆိုတာကိုရေးရင် နေ့တနေ့မှာစားတဲ့ ဟင်း ၃ ၄ ၅ မျိုးကို တခါတည်း ပိုစ့်တပိုစ့်ထဲ အဖြစ်တင်လေ့ရှိပါတယ်။ ခုနောက်ပိုင်းတော့ စာဘတ်သူ ရှာရလွယ်အောင် ကိုယ်တိုင်လဲရှာရလွယ်အောင် ကက်တဂိုရီ ပြန်ခွဲထားပါတယ်။ အဲ့တော့ နောက်ဆို ဟင်းတွေကို ဆီပျံ ဆိုလဲ ဆီပျံ၊ အရွက်ကြော် အသားကြော် အချိုချက် အရည်သောက် အသုပ် စသဖြင့် အမျိုးအစားခွဲပြီးတော့ တမျိုးစီ ပဲ တင်သွား ပါတော့မယ်နော်။ ဘေူက ”ဘာတွေရှိ”ဆိုတဲ့ ခေါင်းစဉ်မှာ ကြိုက်ရာ ရှာပါနော်။

ဒီတခါတော့ လွယ်ကူ မြန်ဆန် သက်သာ စားကောင်း အရသာ အိုအိရှိ ဖြစ်တဲ့ သခွားသီး ဟင်းရည်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကလဲ အရည်သောက် မရှိရင် အမြဲလို အလွယ်ချက်ဖြစ်တဲ့ ဟင်းရည်ပါ။ တီလဲ ကြိုက်တယ်လေ။ မောင်ကတော့ လုံးဝ မသောက်ပါဘူး။ ကိစ္စ မရှိ ဗိုက်ချင်း ဆက်နေတာမှ မဟုတ်တာနော်။
အရင်ချက်တာ က နှစ်မျိုးပါ အသားလုံးနဲ့ က ဒီမှာ ကြည့်ပြီးတော့ ရိုးရိုးကတော့ ဒီမှာ ကြည့်ပါနော်။

ဒီတခါတော့ ပိုပြီး ရှယ်အောင် ဇွန်းတပ်ပေးလိုက်ပါတယ်။ အသားလုံး ကို ရိုးရိုး မထည့်ပဲ သခွားသီးထဲမှာ ပြန် အစာသွတ်တာမျိုးပေါ့။ တချို့ အသက် ကြိုက်ရင် ထိုင်ဝမ် ကြက်ဟင်းခါးသီးနဲ့လဲအစားထိုးပြီး ချက်လို့ရတယ်နော်။
မြန်မာတွေတော်တော်များများက သခွားသီး ကို တို့စရာအနေနဲ့ပဲ အစိမ်းစားကြတာများတယ်။ တရုတ်တွေက
တော့ အစိမ်းကြော် ချိုချဉ်ကြော်တွေထဲမှာလဲ ထည့်တယ် ဟင်းရည်အဖြစ်လဲ ချက်ကြတယ်။ ကဲ အဲ့တော့ ကြည့်ကြရအောင်နော်……

ပထမဆုံး အစာသွတ်မယ့် အသားကို နယ်ပါမယ် နှပ်ပါမယ်။ အသားတောက်တောက်စင်း ကြိုက်သလောက်ပေါ့
နော် ဆားအချိုမှုန့် ငရုတ်ကောင်း ကော်မှုန့် နည်းနည်းထည့်ပြီး ပဲငံပြာရည်လေး နဲ့ နယ်ထားပါ။ နှပ်ထားပါ။

ပြီးရင် သခွားသီး ကိစ္စ ရှင်းပါမယ်။ ရိုက်ကလစ်နဲ့ သေချာကြည့်လိုက်ပါ အဲ့ဒီ သခွားသီး အရွယ်လတ်လတ် နှစ်လုံး ကို ဘတ် ၅၀ ပေးရပါတယ်။ ဒေါ်လာနဲ့ဆိုရင် အကြမ်းဖျင်း ၁ ဒေါ်လာခွဲကျပြီးတော့ မြန်မာငွေနဲ့ လက်ရှိပေါက်ဈေး ဆိုရင် အကြမ်းဖျင်း ၁၂၀၀ ကျပ်လောက်ကျပါတယ်။ အဲ့တော့ တလုံး ကျပ် ၆၀၀ ပေါ့။ ကတောက်။ ကတောက်။

ပြီးရင် အညှာပါတဲ့ ဘက်ကို သေးသေးလေးလှီးပြီးတော့ အစေးထုတ်ပါ။ ပွတ်လိုက်ပေါ့နော်။ ပြီးရင် အခွံခွာပါ။

အခွံခွာပြီးသား သခွားသီး ကို ပုံမှာ ပြထားတဲ့ အတိုင်း ၄ ပိုင်းပိုင်းပါ သခွားသီး အရွယ်ကိုကြည့်ပြီးတော့ ၃ ပိုင်း ၄ ပိုင်းကြိုက်သလို စဉ်းစားပေါ့နော်။ ပြီးရင် ထမင်းစားဇွန်း အနှောင့်ပိုင်းနဲ့ ရစ်ရစ်ပြီးတော့ အထဲက အစေ့ပိုင်း ကို ကလော်ထုတ်ပါနော်။ ပြီးရင် ပုံ ၃ မှာပြထားတဲ့ အတိုင်း ခုနက နယ်ပြီး နှပ်ထားတဲ့ အသားကို သွတ်ပါ။

ဒီလိုလေးတွေရမယ်နော်။

ကိုယ်လိုချင်သလောက် အိုးလေးနဲ့ ရေတည်ပါ။ သခွားသီးတွေကို တခါတည်း ထည့်တည်ပါ။ ဝက်သားပါတဲ့ အတွက် ရေဆူလာရင် အပေါ်မှာ အဆီအနှစ်လေးတွေ တက်လာပါမယ်။ ဇွန်းနဲ့ခပ်ထုတ်ပေးပါနော်။ ရေက
တော်တော်ကို ဆူလာပြီဆိုရင်တော့ မီးငြိပါမယ်။ သေချာကြည့်ပါနော် တီချမ်းတို့ ရဲ့ မဟာဟင်းရည်ကြည်အောင် တည်နည်းပါပဲ။ ဆူလာပြီဆိုတာနဲ့ အိုးကို အဖုံးမဖုံးတော့ပါဘူးနော်။

ပြီးရင် မီးကို ပုံ ၁ ကနေ ပုံ ၂ လို ညှိပြီး ပြောင်းပေးပါ။ ပြီးရင်တော့ မီးအေးနဲ့ ဆက်ပြီးတော့ အရည်ကျတဲ့ အထိ
တည်ပေးထားပါ။ ဆား အချိုမှုန့် လိုသလို ကြည့်ထည့်ပါ။

သောက်ခါနီးကျမှ ပန်းကန်ထဲကို ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်ရင် အရသာရှိတဲ့ သခွားသီး အစာသွတ် ဟင်းရည် ပူပူ တခွက်ရပြီပေါ့။ တီကတော့ အဲ့နေ့ က သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ ပုံမှာ ပြထားတဲ့ ပန်းကန်လုံး ၄ လုံး သခွားသီး ၄ ပိုင်း ကုန်သွားတယ်။ ညကျတော့ ဗိုက်တောင် နည်းနည်း နာချင်တယ်။

မောင်ကပြောတယ် သခွားသီး က အအေးစာတဲ့ သတိထားစားကြနော်။

A Chen
5:34 PM
17th Feb 2012
Friday
Home
Bangkok

သုမ့်ဆပ် စီးခုံ မူ

ပြောရအုံးမယ် အရပ်ကတို့ရေ တနေ့က ပေါ့ တီချမ်း ပါရာဂွမ်ရောက်တာနဲ့ အသင့်စား အထုပ်လေးတွေ့လို့ဝယ် လာပါတယ်။ သူက မျိုးစုံကိုရှိတာ သုမ့်ယမ်း (တုမ်ယမ်း မဟုတ်ပါ) အတွက်တို့ အရွက်ကြော်ဖို့အတွက်တို့ ဆူကီ အတွက်တို့ သင်္ဘောသီးထောင်း အတွက်တောင် ရှိတယ် တကယ်ပဲ။ ဒီက လူတွေအချိန်တော်တော် ဆင်းရဲတာပဲ လား ပျင်းတာပဲလား ဒုတိယ တခုပိုဖြစ်နိုင်ချေရှိတယ်။ ထားတော့။ အဲ့လို အသင့်စား အသင့်ကြော် အသင့်ပြုတ် အထုပ်တွေက အဲ့လို အမျိုးကို စုံပါတယ်။ တီက တနေ့က အမ လာတုံးက (စာမကျေသူများ ဒီမှာ ပြန်ဖတ်ကြကုန်) လမ်းဘေးမှာ သွားစားတဲ့ ထိုင်းမြောက်ပိုင်း ကြက်ချဉ်စပ်ဟင်းရည်ကို မောင်ပါစားလို့ ရအောင် ဝက်နံရိုးနဲ့ ချက်ပေး မယ်မှန်းထားတာ အခု ပါရာဂွမ်မှာ အဲ့လို အသင့်အထုပ်လေးတွေ့တော့ ချက်ဖြစ်ဖို့ဖြစ်လာပါတယ်။ လွယ်လဲလွယ် စားလို့လဲကောင်း ပူပူစပ်စပ် ရှုးရှဲုချဉ်စပ်ဆိုတော့ နေမကောင်းတဲ့ အခါများ သောက်လိုက်ရင် တခါတည်း ပျောက်
လောက်တယ် အဖျား ပြောတာနော် အသက်မဟုတ်ဘူး။ ထားတော့။ ခုန က စကားကို ပြန်ဆက်မယ်။ ခေါင်းစဉ် ကိုသေချာကြည့်ပါ။ သုမ့်ဆပ် စီးခုံမူ နော် အစက သုမ့်စပ် ဆီးခုံ မူ လို့ပေါင်းထားတာ ခေါင်းစဉ်တပ်ပြီးတော့ ကိုယ့်ဘာသာ တမျိုးကြီးဖြစ်ပြီး ရယ်ချင်လာလို့ ဆလိမ်ကနေ စလုံးကို ပြန်ပြောင်းလိုက်တယ် (စင်္ကာပူ မဟုတ်)။
ကဲ ခြေဆင်းတွေ ရှည်နေပြီ……..စလိုက်ကြစို့နော်။

အမ် သုမ့်စပ်စီးခုံ မူ ဆိုပြီးတော့ ဘာကြီးလဲ လို့အပြစ်တင်မစောပါနဲ့။ တီချမ်း ထုံးစုံ အိမ်ရောက်တာနဲ့ ဗိုက်ကဆာ ဆာမှာပေါ့ ရုံးမှာ တနေ့လုံး ဘာမှ မှမစားတာ ဘယ်စားမလဲပိန်ချင်တာကိုး ပိန်တော့ဘာဖြစ်လဲ ပိန်တော့ ဘလောခ်ဘတ်တဲ့သူတွေ မနာလိုဖြစ်တာပေါ့ ပိန်တော့ လှတာပေါ့ စသဖြင့် ပေါက်ပင်နဲ့ဗျိုင်းပြီးသကာလ….. ရှည်သည့်စကားကို တိုအောင် တိုသည့်စကားကို ပို၍တိုအောင် ပြောရရင် တီချမ်း အိမ်ရောက် ဟင်းမချက်ခင် စနက်ခ်စား ဖြစ်ပါ တယ်။ ဘာစားလဲကြည့်ရအောင်နော် ဘယ်လိုတွေစားသလဲ မမေးပါနဲ့ တီချမ်းက တရုတ် မြန်မာ လီရှော စပ်ထားတာပါ။ မွေးတော့ ကျိုင်းတုံမှာ မွေးပြီး ကြီးတော့ ရန်ကုန်မှာကြီးပါတယ် မြန်မာပြည်
တွင်းမှာကို ကျိုင်းတုံ တောင်ကြီး တာချီလိတ် လားရှိုး စတဲ့ ရှမ်းမြို့တွေမှာ နေခဲ့ဖူးသလို ရန်ကုန် မှာကြီးတော့
မြန်မာအစားအစာ ကိုနှစ်သက်ပါတယ်။ တရုတ်ဖြစ်တဲ့ အတွက် တရုတ်စာကြိုက်ပါတယ် ဂျပန် ကိုရီးယား စာတွေ လဲရောက်ဖူး စားဖူးတော့ ကြိုက်ပါတယ် ဘိုစာတော့ သိပ်မကြိုက်ပါ။ ကုလားပြည်ရောက်ဖူးတော့ ကုလားစာလဲ ကြိုက်ပါတယ်။ (အော် သူများ သားသမီးတွေများ မကြုံကြုံအောင်ကြွားတတ်လိုက်ကြတာနော် တီချမ်းတော့ အဲ့တာမျိုးမပြောတတ်ပေါင်အေ ငတို့က ရိုးသာရယ်) လေကြောရှည်နေတာနဲ့ ရေးတာတောင် ဘယ်ရောက်မှန်းမ သိ အော် အစာပြေစားတာ ကိုပြောနေတာ ကဲ ခုနက လေကြီး လေကျယ်တွေပြောပြီးသကာလ စားတာကိုကြည့် လိုက်တော့ TADA……..ပြောသားပဲ တီချမ်း က အစုံစား သတ္တဝါပါဆို တကယ်ပြောတာပါ အရင်တိုးဂိုက် လုပ်တုံး ကဆို သင်းခွေချပ်၊ လင်းနို့ မြွေ စတာတွေပါ စားဖူးတာပါ။ ကောင်းတယ် ကြိုက်လဲကြိုက်တယ်။ သော်တာဆွေ့စာ
တွေဘတ်ရင်လဲ လယ်ကြွက်တွေ ထန်းရေစိမ်ပြီး ချက်တဲ့ နွားမဒမ်း ပေါင်တွင်းသားတွေမျက်စိထဲမှာကိုသေသေ ချာချာကွက်ကွက်ကွင်းကွင်း မြင်ယောင်လာတယ်။ (ဆရာ စာရေးကောင်းတာက တပိုင်းပေါ့) ဘာတဲ့ “a reader without imagination is blind reader” ဆိုလားဘာလားပဲ ပြောကြတယ်နော်။ ကဲပြောလေဝေးလေ မန်းလေ
ပြဲလေ ဆိုတာလို ဖြစ်နေပြီနော်။ (အဲ့ဒီ မန်းလေးပြဲလေ ဆိုတာကို ခဏခဏ ဘတ်ဖူးတယ် ဘာပြောချင်မှန်းမသိ ဘူး) မောင်ကိုမေးကြည့်တော့ မောင်က…“ပြောမရဘူး လို့ ပြောတာတဲ့” ပြီးတော့ ထပ်ဖြည့်တယ် နင့်လိုပေါ့တဲ့
နောက်ထပ် ထပ်ဖြည့်တယ် “အသိခေါက်ခက် အဝင်နက်”တဲ့။ ထားတော့ တီချမ်းတို့များ စကားကြောတွေ ရှည်နေ
လိုက်တာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင်မသိတော့ဘူး။ အစုံစားသတ္တဝါ အကြောင်းပြောနေတာ။ ကြည့် ရအောင်။ အစာပြေ တီချမ်း ဘာစားလဲလို့ ရှိတာစားတာပေါ့နော် ကိုယ်က ဂျီးများတဲ့သူမှ မဟုတ်တာ။

အိမ်ပြန်ရောက်တော့ ကြည့်လိုက်တော့ ပေါင်မုန့်ရှိတယ် ပုံ ၃ (ဘေးသားမပါဘူး) ပုံ ၂ ဆိတ်သားခြောက် တံဆိပ် အရီးတောင်း ဆီဆမ်း စိုးမြတ်နန္ဒာ လင်မရခင်က ရီဝေယံနဲ့ ကြော်ငြာတာ နောက် ပုံ ၁ ကိုယ့်ဘာသာ အိမ်မှာလုပ် တဲ့ ရှမ်း မုန့်ညှင်းချဉ် အဲ့တာက တလောက လွယ်ကူစားမြိန်နဲ့ ခရမ်းနွယ်တို့ အသုပ်စုံ လာ လုပ်စားကြတုံးက လုပ်
ပေးသွားတာ။ နည်းက တီ့နည်းပဲ ဒီမှာ ပြန်ကြည့်။

ဒါလေးက ယောက္ခမ (မောင့်အမေ) လုပ်ပေးတဲ့ ငပိကြော် ဘာလချောင်ကြော် ကြိုက်သလိုခေါ် စားတာက တီချမ်း ပေါင်မုန့်ကြားထဲငပိကြော်ညှပ်ထည့်ပြီးတော့ ကိုက်ကိုက်စားတာပါ။ ငယ်ငယ်လေးထဲက မေနဲ့ဖေသင်ပေး ထားတာ။ ဘေးက ရေနွေးကြမ်း။ ပြီးတော့ တခါတခါ တူလေးနဲ့ ဆိတ်သားခြောက် နဲ့ မုန်ညှင်းချဉ်လေးကို တရုတ် လို ညှပ်ညှပ်စားတာပေါ့။ မိုက်ဒလယ်နော်။

နည်းနည်းလေးထပ် လျှာ ရှည်အုံးမယ် တီချမ်း မိုတို နောက်တခုကိုက “လျှာရှည်လေ တွေ့ရှိလေ” ဆိုတာကိုးနော်။ မောင်ပေါက်ကျိုင်းလိုမျိုး မေးပါများ စကားရ သွားပါများ ဖိနပ်ပွန်း မအိပ်မနေ အိပ်ရေးပေ တွေ မဟုတ်ဘူးနော်။ အလကားပြောတာ ပိုစ့်ကို ရှည်အောင် ချဲ့ရေးနေတာ တဝကြီး ဘတ်ရအောင်လို့…… ကဲ လျှာကို စိတ်ကြိုက် ရှည်ပြီးသကာလ မှာတော့ လာပါပြီ …….

သုမ့်စပ် စီးခုံ မူ ဆိုတာ ကိုအရင် ရှင်းပြပါမယ်။ သုမ့် ဆိုတာကတော့ ထိုင်းလို အပြုတ် ဟင်းရည်မျိုး ကိုပြောတာပါ။
သုမ့်ယမ်း သုမ့်စပ် စသဖြင့်ပေါ့ စီးခုံ ဆိုတာက ဝက်နံရိုးပါ မူက တော့ ဝက်ပေါ့ ပေါက်တယ်နော် အဲ့တော့ ဝက်နံရိုး နဲ့ ချဉ်စပ် ချက်ထားသော ဟင်းရည် တမျိုး လို့ အဓိပ္ဗာယ်ရတာပေါ့ကွယ်။ ဆိုင်မှာ အဲ့လိုပြောမှာရင် မြောက်ပိုင်းစာ
ရောင်းတဲ့ ဆိုင်တွေမှာ ရပါတယ်။ အိုကေ ရှင်းပြလို့ပြီးပြီဆိုတော့ ချက်ကြရအောင်နော်။


တီထင်တယ် ဒီအသင့်ပြုတ် အထုပ်က သုမ့်ယမ်း အတွက်လဲ ချက်လို့ရအောင် လုပ်ထားတာ။ တီကတော့ သုမ့်စပ်
ပဲချက်လိုက်တယ် မောင်က သုမ့်စပ် ပိုကြိုက်လို့ နောက်ပြီး အိမ်မှာလဲအသင့်စား သုမ့်ယမ်း အနှစ်မရှိလို့ နောက်
ကြုံတဲ့အခါကျတော့ ထပ်ချက်ပေးမယ်လေနော်။ ကတိပေးတာတွေများနေပြီ။ ပါဝင်ပစ္စည်းတွေက ဂျင်းစိမ်းနဲ့ မတည့်တဲ့ မိတ်သလင် တရုတ်ကြီး နဲ့ မတည့်တဲ့ ငရုတ်သီး အခြောက်ကြီးကြိုက်တဲ့ ရှောက်သီးရဲ့အရွက် မသုံးရင် မဖြစ်ဖူး ဆိုတဲ့ အုန်းပင်ရဲ့ အဖူး နဲ့ မငြင်းအခုထည့်ရမယ့် ဂျင်းနုတက် တို့ပဲ ဖြစ်ပါတယ်။ ကဗျာဆန်ချက်နော်….. တီချမ်း အခု အလုပ်မလုပ်ဖြစ်တော့ရင် အငြိမ့်ထဲလိုက်ပါမယ်။ သီးလေးသီး လိုမျိုး ကြီးလေးကြီး ဆိုပြီး တော့ပေါ့

ဂျင်းနုတက် ကို ချက်မယ့် အိုးထဲထည့် ငရုတ်သီး ရှောက်ရွက်တွေကို ပါးပါးလှီးထည့် မိတ်သလင်ထည့် အုန်းဖူးလဲ
ထည့် ပြီးတော့ အိုးကို အသင့်ပြင်ထားပါ။

ဝက်နံရိုးတွေကိုတော့ အရင်တင်ကြိုပြီးတော့ တီချမ်းရဲ့ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ “မဟာဟင်းရည် ကြည်အောင်တည်နည်း” အတိုင်း တည်ထားပါ။ ဆား အချို အပေါ့ မြည်းထားပါ။

ပြီးရင် ပထမအဆင့်အနေနဲ့ ခုနက ပြင်ထားတဲ့ အိုးထဲကို ဟင်းရည် ကိုယ်လိုချင်သလောက် ထည့်ပြီး တည်ပါ။ အိမ်မှာ ခရမ်းချဉ်သီး ရှိရင် အလုံးသေးရင် ထက်ခြမ်းခြမ်းထည့်ပါ ကြီးရင် လေးစိပ်ပေါ့။ နောက်တော့ ဆူအောင် တည်ပေးပါ။ အိုချခါနီးကျရင် နံနံပင် တစည်းလောက် ပစ်ထည့်လိုက်ပါ။

ဟင်းရည် တည်ခင်းမယ့် ပန်းကန်လုံးထဲမှာ ငရုတ်သီး အစိမ်းမှုန့် ဆား အချိုမှုန့် သံပရာရည် တို့ ကို အသင့်ပြင် ထားပါ။ ပွက်ပွက်ဆူနေတဲ့ ဟင်းရည် ကိုပန်းကန်ထဲ လောင်းထည့်လိုက်ရင် တီချမ်း ရဲ့ နောက် မိုတို တခုအတိုင်း
လွယ်ကူ သက်သာ မြန်ကောင်း အရသာရှိ တဲ့ သုမ့်စပ် စီးခုံမူ တခွက် ရပြီပေါ့နော်။ တီ့လို အကျင့်မကောင်းရင် ဟင်းရည်ချည်းပဲ ဒီအတိုင်း ထိုင်သောက်သောက် မောင့်လို ထမင်းလေးနဲ့ စားစား အိုကေမှ အိုကေ အိုအိရှိ ပြီး
ကောင်းမှကောင်းပဲပေါ့နော်။

အကြံအစည် အခုခုတော့ ရှိရမယ် ……..ဟမ်း……..ခေါင်းမှခေါင်း သုမ့်စပ်စီးခုံ မူ…………….

A Chen
4:33 PM
Thursday
16th Feb 2012
Home
Bangkok

တီချမ်း ပိန်ဆေး သံပရာရည်

ကဲ တောင်းဆိုသော ပရိတ်သတ်များအရ ကိုယ့်ရဲ့ လျှို့ဝှက်ချက် ပိန်ဆေး ကိုဖော်ပြပါမယ်။ ဒေါ်ဝင်ဒီက တဂျီဂျီပါ။ စကားမစပ် ပြောရမယ်ဆိုရင် ကိုယ် ခုတလော သိပ်သိပ်သိပ်သိပ်ကြိုက်နေတဲ့ ဘလောခ်ဂါ မ နာမည်ကလဲ ဝင်ဒီပါတဲ့နော်။ စလုံးက တရုတ်မပါ။ (အော် လောကကြီးမှာ တီချမ်း ကြိုက်တယ်ဆိုတဲ့ ဘလောခ်ဂါ လဲရှိသေး တယ်နော်။ အင်းရှိတာပေါ့…….တီချမ်းလဲ လူပဲ) ထားတော့။ အမှန်ကတော့ ပိန်ဆေး အဖြစ်ရယ်လို့ သောက်တာ လဲ မဟုတ်ပါဘူး။ ခုတလောက ဖရက်ရှ် မာ့ကက် ကိုသွားရင် သံပရာသီးတွေကို ကီလိုလိုက်ကို အားရပါးရ ဝယ်
လေ့ရှိတာပါ။ အဲ့တာကြောင့် သံပရာရည်က ခဏခဏ ကိုသောက်ဖြစ်နေတယ်။ အဲ့တာကြောင့်ပိန်သွားသလား ဆိုရင်တော့ တီလဲ မပြောတတ်ဘူး။ စကားမစပ် ပြောပြအုံးမယ် ဘီယွန်စေး ကိုသိကြတယ်မှလား။ သူက အိပ်မက်မက်သော မိန်းကလေးများ ရုပ်ရှင်ရိုက်တော့ အသက်အရွယ် အပိုင်းအခြား ၃ မျိုးလား မသိ သရုပ်ဆောင်
ရတယ်လေ။ အဲ့ဒီမှာ သူက ဆယ်ကျော်သက် သရုပ်ဆောင်ဖို့ လိုတော့ အခု ပြောပြမယ့် နည်းကို သုံးတယ် ပြောပါ
တယ်။ တီချမ်း နည်းမဟုတ်ဘူးနော်။ နောက်ပြီး သူကလဲ အခု လုပ်နေသေးတာ မဟုတ်ဘူးနော်။ တော်ကြာ လုပ်ချင်တာတွေ လျောက်လုပ်ပြီး မဟုတ်က ဟုတ်က တွေဖြစ်မှ တီချမ်းကြောင့်ဖြစ်မယ်။ ဘာလို့ဘီယွန်စေး ကိုထည့်ပြောတာလဲ ဆိုတော့ သံပရာရည်ချင်းတူလို့ပါ။ နောက်ပြီး ဒီနည်းကို နာအိုမီ လို နာမည်ကျော်မော်ဒယ်တွေကလဲ တနှစ်တခါ လုပ်ပါတယ်တဲ့။ သူက ပိန်တာ တင်မက ဒီတော့စစ်ဖီကေးရှင်း လို့ ခေါ်တဲ့ ကိုယ်တွင်း အဆိပ်ပြန်ဖယ်မှုတွေပါ လုပ်ပေးတဲ့ သဘောပေါ့။ နာမည်ကတော့ Master Cleanse Diet လို့ခေါ်ပါတယ်တဲ့။ Maple Syrup Diet, Lemonade Diet လို့လဲ ခေါ်ပါသေးတယ်တဲ့လေ။ အကျယ်သိချင်သူများ ဒီမှာ ဘတ်ပါနော်။ သေချာဘတ်ပါနော်။

သူ့နည်းက သံပရာရည် နဲ့ မေပယ်သကြားရည် ကို ငရုတ်သီးမှုန့် နဲ့ ဖျော်ပြီး အနည်းဆုံး ၁၀ ရက် ဆက်တိုက်
သောက်တာပါ။ တခြားဖြည့်စွက်စာ မစားပါဘူး။ ဒီနည်းကို မွေးစားသမီး က တခါ စမ်းကြည့်လို့သိရတာပါ။ ပိန်လားဆိုတော့ သူကတော့ မပိန်ပါဘူး။ ချီးကျူးစရာကတော့ မိန်းကလေးတွေ ရဲ့ ပိန်ချင်တဲ့ စိတ်က သူတို့ ကို တော်တော် လုပ်နိုင်စေတာပဲ။ သူလဲ ၁၀ ရက်လုံးလုံး ဘာမှမစားဘဲ အဲ့ဒီ ဘီယွန်စေး သံပရာရည်ကို ဗူးနဲ့ ကို သောက်ပါတယ်။ ထားတော့။

တီချမ်းကတော့ ခုနက အပေါ်မှာ ပြောခဲ့ပြီးသလို ပိန်ချင်လို့သောက်တာ မဟုတ်ပါဘူး။ ကြိုက်လို့သောက်တာပါ။
နောက်ပြီးတော့ ခုလို ပိန်သွားတာကလဲ သံပရာရည်ကြောင့်လို့ မပြောနိုင်ပါဘူး။ အကျယ်ကို အောက်မှာ ရှင်းပြပါမယ်။ ခုတော့ လောလောဆယ် တီချမ်းရဲ့ လျှို့ဝှက်ချက် သံပရာရည်ဖျော်နည်းလေးကြည့်ကြရအောင်နော်။

သံပရာသီး ကြီးကြီး အရည်ရွှမ်းမျိုး ၃ လုံးရှာပါ။ ပြီးတော့ ပုံမှာ ပြထားသလို ထက်ခြမ်းလှီးလိုက်ပါ။ ခွက်ကို ကြည့် ပါ။ တီက အိမ်မှာ ရေများများသောက်ဖြစ်အောင် အဲ့လို ခွက် အကြီးစားဝယ်ထားပါတယ်။ တခွက်ကို ၅၀၀ မီလီလီ တာ ရှိလို့ တနေ့ကို ၆ ခွက်လောက်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်အောင် သောက်နိုင်တာပေါ့။ လူတယောက်တနေ့ လိုအပ်တဲ့ ၂ လီတာ အပြင် တီက တီသောက်နေတဲ့ ဆေးတွေ အတွက် ၁ လီတာ ပိုသောက်ပါတယ်။

ပြီးရင် ကိုယ့်ကို ခုလို သံပရာသီးတွေကို စိတ်ရှည်လက်ရှည် ညစ်ပေးမယ် အားကောင်းမောင်းသန် ယောက်ျား တယောက်ရှာပါ (not a MUST just optional) ကပ်ကြွားနော်။ ပုံမှာ ကြည့်ပါ ညှစ်ပြီးသား သံပရာသီးအခွံတွေကို အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပါ။ ဟိဟိ။

သံပရာခွံ တဖတ် ကျသွားလို့ပြန်ဆယ်ရသေးတယ်။ တကယ့်မောင်ပဲ။ ကြည့်လိုက်နော် ခွက်က ၅၀၀ မီလီ ဆိုတော့ သံပရာရည် ကကို ၄ ပုံ ၁ ပုံလောက်ရှိနေတော့ ၁၂၅ မီလီ လို့အကြမ်းဖျင်းပြောလို့ရပါတယ်။ နောက် တတိယပုံမှာ ပြထားတဲ့ အတိုင်း ဆားထည့်ပါ။ ထုံးစံအတိုင်းပဲ ကြည့်ထည့်နော်။ ပြီးရင် သံပရာသီးနဲ့ ဆားကို သမအောင် ခလောက်ပြီးမွှေပါနော်။

ပုံ ၁ က သကြားရည်ပါ။ တီက သကြားတအိတ် ကို ရေ ၂ လီတာ ခန့် နဲ့ ဖျော်ထားတာပါ။ သကြားက တအိတ်ကို ၁ ကီလို ထင်ပါတယ်။ ရေကိုတော့ အရင်ဆူအောင်တည်ပြီး အိုးတခုထဲမှာ သကြားတွေကို ထည့်ပြီး မွှေတာပါပဲ။ မကြိုပါဘူး။ နောက်ပုံ ၂ မှာ တော့ ပျားရည်ပါ။

ခုနက ဆားနဲ့ ဖျော်ထားတဲ့ သံပရာရည်ထဲကို သကြားရည် ပုံမှာ ပြထားတဲ့ အတိုင်း ထည့်ပါ။ ၁၀၀ မီလီလောက်
ပေါ့။ နောက်တော့ ပျားရည် ထည့်ပါ။ ပျားရည်တော့ တီက အားမနာတမ်း များများလေးထည့်လိုက်ပါတယ်။ များတော့ သောက်လို့ကောင်းတာပေါ့။ ချဉ်ချဉ်ကြိုက်ရင်တော့ လျော့ထည့်ပေါ့နော်။ အဲ့တာဆို ခုနက ပျားရည် သကြားရည် သံပရာရည် တို့သည် ခွက် တဝက် မပြည့်တပြည့် ရပါပြီနော်။

သမ အောင် ခလောက်လိုက်ရင် ပုံပါအတိုင်း အရောင်လေးနဲ့ ရပါမယ်။ ပြီးရင် ရေရောပါ။ ရေရောလိုက်ရင် အရည် စုစုပေါင်းက ၃၅၀ ကနေ ၄၀၀ မပြည့်တပြည့် မီလီ လောက်ရပါမယ်နော်။ ပြီးရင် မွှေပါ။

နောက်ဆုံး အဆင့်ကတော့ ရေခဲ ထည့်လိုက်ရင် ပုံမှာပြထားတဲ့ အတိုင်း အရသာရှိတဲ့ ပျားသံပရာ တခွက်ရ တာ
ပေါ့။ တီကတော့ နေ့တိုင်းမဟုတ်တောင် တရက်ခြားတော့ သောက်ပါတယ်။ တခါတခါ တနေ့ နှစ်ခွက်တောင် သောက်သေးတယ်။

ပြီးရင် လဲဒီလိုတွေ မတရားစားပါသေးတယ်။ အဲ့တော့ ပိန်တာ ဘာ့ကြောင့်လဲ မေးရင် တော်တော်ဖြေရခက်ပါ တယ်။ တချို့ လူတွေကျတော့လဲ ရေသောက်ရင်ကို ဝတာပါပဲ။ ညီမ တယောက်ရှိပါတယ် ကြောင်စာလောက် စားတာကို ပြည့်ပြည့်လေးဖြစ်နေလို့သူ့ခများ စိတ်ဆင်းရဲရပါတယ်။ တီကတော့ အသေစားတာပဲ မဝလာပါဘူး။ အရင်ကတော့ ပေါင် ၁၆၀ လောက်ရှိဖူးတယ်။ နောက်တော့ ၁၅၀ က ပုံမှန်တမ်းပဲ။ ခုတော့ ၁၄၀ ပါ။ ဒေါ်သလင်း ပြောသလိုပဲ ဝတာ ပိန်တာ ထက် ကျန်းမာ ဖို့က ပိုအရေးကြီးတာပါနော်။

နောက်ပြီး တီက မနက် ၉ နာရီ တခါတခါ ၉ နာရီ ခွဲလောက်မှ ထတော့ ၁၀ နာရီ ရုံးရောက်ဖို့ ကို မနည်း ပြေးရပါ တယ်။ အဲ့တော့ နေ့တနေ့ ရဲ့ အဓိက အစာအဟာရဖြစ်တဲ့ ဘရိတ်ဖတ်စ် ကို အမြဲ လွတ်ပါတယ်။ ချစ်မောင် ထထ ဖျော်ထားပေးတဲ့ ပရီးမီးယား နှစ်ထုပ် ပလပ်စ် နွားနို့ ကော်ဖီ တခွက်နဲ့ပဲ ရုံးရောက်ရတာ များပါတယ်။ ခုတလောက နေ့လည် ကို ပူလို့ရယ် ရုံးနားက ဆိုင်တွေ ကို အီလာလို့ရယ် ဆိုပြီး နေ့လည်စာ မစားဖြစ်တာ များပါ တယ်။တနေ့လုံး ကော်ဖီ တခွက်ပဲ ဗိုက်ထဲမှာ ရှိတယ်။ တခါတခါ ဆာလာရင်တော့ နေ့လည်ကို တခုခု မုန့်လိုမျိုး နဲ့ ကော်ဖီ နောက်တခွက် ထပ်သွင်းဖြစ်ပါတယ်။ ညနေပိုင်းတော့ အိမ်ရောက်ရင် ခေါက်ဆွဲလိုမျိုး ထမင်းလိုမျိုး တခုခု စားလိုက်ပါတယ်။ နောက် ညကျတော့ မောင်နဲ့ တခုခု ထပ်ချက်စားကြပါတယ်။ ပြီးတော့ ညအိပ်ခါနီးကျရင်
တော့ ကော်ဖီနဲ့ ပေါင်မုန့် လိုမျိုး ခေါက်ဆွဲပြုတ်လိုမျိုး တခုခု စားပါသေးတယ်။ အဲ့တော့ အဲ့လောက်စားနေတာ
တောင်ပိန်သေးသလား မမေးပါနဲ့။ တီချမ်းတို့ က ဆုတောင်ကောင်းတာ ဦးနှောက် ကောင်း တော် မျက်နှာလှ တာတင်မက ဝလဲ မဝ တတ်ပါဘူး။ အဲ့တာကြောင့် စာဘတ်သူတွေလဲစိတ်ထားကောင်းကောင်းထားပြီး ကောင်းမှု များများ လုပ်ရင် ကောင်းကျိုးက ကိုယ်တင်မက အဆီတွေမှာပါ သွားတည်မှာပေါ့နော်။

အာဘွား။

A Chen
8:55 PM
Wednesday
15th Feb 2012
Home
Bangkok

V Day 2012

ဒီနေ့ ကတော့ ဘာရယ်မဟုတ်ပါဘူး အလုပ်ပြေးပါတယ်။ သောကြာကတည်းက ဆက်တိုက် အစည်းအဝေး ၄ ရက် လုပ်လာတာ ဆိုတော့ မောပြီလေ။ မနက်ဖြန်ကျတော့လဲအစည်းအဝေးတခုရှိနေတော့ ပြေးလို့ မရပြန်ဘူး။ အဲ့တော့ ရတဲ့ အချိန်လေးပဲ မြန်မြန်ပြေးရတာ။ ပြီးတော့ ဒီနေ့က စိန့် ဗယ်လင်တိုင်း ကြီးကို သတ်တဲ့နေ့ဆိုတော့ ကလေးတွေ လူကြီးတွေ ပျိုပျို အိုအို သူသူ ငါငါ ဟိုနား တတွဲတွဲ ဒီနား တတွဲတွဲ လုပ်ကြမယ် မှလား။ ကိုယ်တို့လဲ ပါမှာပေါ့။

ပြီးခဲ့တဲ့ ရက်တွေက မနက် မနက် ၈ နာရီ အရောက်သွားရတော့ ဒီနေ့အလုပ်မသွားဘူးဆိုပြီး အတိုးချ အိပ်တာကတော့ တနေ့လုံးပါ။ (မှတ်ချက် ပုံမှန် တီချမ်း အလုပ်ချိန် သည် မနက် ၁၀ နာရီ မှာ ညနေ ၆ နာရီ ထိဖြစ်ပါတယ်။ ထမင်းစားချိန် ၁ နာရီ ပါပါတယ်။ တီချမ်းကတော့ မနက် ကို ၁၀ နာရီ သွားပြီး ညနေ ကို သူများတွေနဲ့ရောယောင်ပြီး ၅ နာရီလောက်ပြန်ပါတယ်) ညနေ ၃ နာရီလောက်မှ နိုးတယ်။ နိုးပြီးတော့လဲ ဘာမှ မလုပ်ချင်သေးတာနဲ့ မောင့် ကို အရင်ထ ခိုင်းပြီးတော့ အိမ်နားက ဆိုင်မှာ ထမင်းသွားဝယ်ခိုင်းပါတယ်။ မောင်က ငါးကြော် နဲ့ စားပြီးတော့ ကိုယ်က ဝက်အူချောင်းနဲ့ ထမင်းကြော် ကို အမဲသား ထပ်ထည့်ခိုင်းပြီးတော့ စားပါတယ်။ ကြက်ဥ ကြော် က နှစ်လုံးပါ။ ပြီးတော့ မောင်နဲ့ ကိုယ် တူတူ ဖက်ပြီးတော့ (အမှန်ကတော့ မောင့်ရင်ခွင်ထဲမှာပေါ့) ငှဲငှဲ ရုပ်ရှင်ကြည့်ကြပါတယ်။ ကိုယ်ကြည့်ပြီးသား I am sam ပါ မင်းသားရှောင်ပင်း နဲ့ ကလေးသရုပ်ဆောင် dakota fanning ပါတဲ့ကားလေးပါ။ အရမ်းသနားစရာကောင်းတယ်။ ဇာတ်လမ်းအကြမ်းက ရှောင်ပင်းက ကျပ်မပြည့်ပါဘူး။ စတားဘတ်မှာ အလုပ်လုပ်ပါတယ်။ သူ့မှာက ၇ နှစ်သား အရွယ် အသိဥာဏ်ပဲရှိတာပါ။ ဇာတ်လမ်းအစမှာပဲ လမ်းပေါ်က မိန်းမတယောက်နဲ့ ကလေးရပါတယ်။ သမီးလေးပေါ့။ the Beatles ရဲ့ သီချင်းတော်တော်များများကို ဇာတ်ဝင်သီချင်းအနေနဲ့ သုံးထား ပါတယ်။ နောက်တော့ ကလေးက ကြီးလာ သူ့ထက်ပို သိလာ။ အတန်းထဲမှာ စာတမင် မတော် အောင် စာမလုပ်တော့တဲ့ ကလေးအဖြစ် ဒါကိုတာ က သရုပ်ဆောင်တာပါ။ နောက်တော့ ဒါကိုတာ ရဲ့မွေးနေ့မှာ ဖြစ်တဲ့ အက်ဆီဒန့် တခုကြောင့် ကလေးကို ဆိုရှယ် ဆားဗစ် တွေက ခေါ်သွားဖို့ ဖြစ်လာပါတယ်။ အဲ့တာကို ရှောင်ပင်းက ရှေ့နေ (မစ်ရှယ်ဖိုင်ဖား) အကူအညီ နဲ့ပြန်ရအောင် တရားဆိုင်တဲ့ မေတ္တာဘွဲ့ ကားလေးပါ။ မောင့်ကို ကြည့်စေချင်လို့ တနေ့ က ပြန်ဝယ်လာတာပါ။ အဲ့တာနဲ့ မောင်နဲ့ တူတူဖက်ပြီးတော့ ရုပ်ရှင်ကြည့်။ ပြီးတော့ ကလေး နှစ်ကောင် နဲ့ ပါရာဂွမ် သွားပါတယ်။ သမီးက TV သွားဝယ်တာပါ။ အစကတော့ သားက ဝယ်ဖို့နောက်တော့ သမီးက ဝယ်ဖြစ်သွားတယ်။ ထားတော့။ ပြီးတော့ sunrise taco ဆိုတဲ့ မက္ကဆီကန် ဆိုင်မှာ ညစာစားကြတယ်။

သားရိုက်ပေးတဲ့ မောင်နဲ့ ကိုယ်နဲ့ ပုံပါ။ တွေ့တယ်နော် ပိန်သွားတာ။ ပိုလဲလှလာတယ်။ ညှင်းညှင်း။

ဒါတွေကတော့ စားဖြစ်ကြတာတွေပေါ့။ မောင်ကတော့ ကြက်သားမစားလို့ ငတ်ပါတယ်။ အရှေ့ဆုံးက နာချို။ အလယ်က ဘာလဲ မမှတ်မိတော့။ နောက်ဆုံးကတော့ တာကိုပါ။

ပြီးတော့ လက်ဆောင် ဝယ်ဖို့ပြင်တော့ ကိုယ်လိုချင်နေတာ ၃ နှစ်ရှိပြီဖြစ်တဲ့ ကော်ဖီ နှပ်တဲ့ ခရား ကိုမောင်က ဝယ်ပေးပါတယ်။ ပြောထားပြီးသားပါ။ ဘာလိုချင်တယ်ဆိုတာကို။ သွားဝယ်တော့ ကိုယ့်ဘာသာပဲ သွားဝယ်လိုက် တယ်။ မောင့်အတွက်လဲ (လွယ်လွယ်) စတားဘတ်ခ် ကပဲ ဝယ်လာလိုက်တယ်။ အမှန်ကတော့ ဗီဒေး မှာ ချောကလက် ကျွေးချင်တာက အဓိကပါနော်။ (ဒီလိုပဲ ပြောရတာပေါ့ ကိုယ်က ပေါတာပဲ ဝယ်ပေးတာကိုးနော်)

TA DA ………….!

အိတ်ကတော့ နှစ်အိတ်နော် ကဲ ဘာတွေပါမလဲ ကြည့်ကြရအောင်…. အသေးလေးကတော့ ဟုတ်ပါတယ် တီက မောင့်ကို ပေးတဲ့ ဗီဒေး လက်ဆောင်ပါ။
အိပ်ချလောင်း……………….

ဟုတ်ကဲ့ expresso ခွက်ကလေး နဲ့ ချောကလက်ပါ။ မောင့်အတွက် က ချောကလက် ဖြစ်ပြီး ကိုယ့်အတွက်က ခွက်ပါ။ အို အပြစ်တင်မစောကြနဲ့လေ ချောကလက် က အသည်းပုံဆိုတာကော တွေ့ရဲ့လား။ ပြီးတော့ လေး ခုတောင် ဆိုတော့ တယောက် နှစ်ခု စားရတာပေါ့။ အော် ကြုံလို့ပြောအုံးမယ် အခု တော်တော်များများ သုံးကြတဲ့ အသည်းပုံဆိုတာ က တကယ်တော့ ကိုယ်တို့ လူ့ အသည်း ဆိုတဲ့ ကလီစာ စစ်စစ် ကို ပုံတူယူတာ မဟုတ်ဘဲ အရှေ့ ကို ကုန်းနေတဲ့ အမျိုးသမီး တင်ပါး ကို ပြောင်းပြန်လှန်ထားတဲ့ ပုံကို ယူထားတာပါတဲ့။ ဖြစ်တော့ ဖြစ်နိုင် တယ် အသည်းဆိုတဲ့ ကလီစာက တော့ ဒီလိုပုံမဟုတ်တာသေချာတယ်လေနော်။ မယုံကြည်တဲ့ သူများ ရှာဖွေ ဖတ်ရှုကြကုန်။ ဤကား တီချမ်းဘတ်မှတ်ထားသော ဗဟုသုတ တပိုင်းတစ မျှသတည်း။

မောင်ပေးတာကို ကြည့်ကြရအောင်နော်…………ဗူး ကြီးကြီးနဲ့လာပါတယ်။ ဖောက်လိုက်တော့ ဒီလိုတွေ့ရပါတယ်။ ဗူးက သူ့ဗူး အစစ် မဟုတ်ပါဘူး။ သူ့ဗူး ရှာမတွေ့တာနဲ့ ရှိတဲ့ လက်ဖက်ခြောက်ဗူး နဲ့ ထုပ်ပေးလိုက်တာပါ။

ဒါ့တာ…………..TADA………!@@@

ဟုတ်ကဲ့ တီချမ်း လိုချင်နေတာ ကြာလှပြီဖြစ်တဲ့ ကော်ဖီနှပ်တဲ့ ဘီကာ ခွက်ကလေးပါ။ လက်ကိုင်ပါတယ်။ စတားဘတ်ခ်က ထုတ်လုပ်ပါတယ်။ ဈေးကြီးတယ် ထင်လို့ (မတန်ဘူးထင်လို့) မဝယ်ခဲ့တာပါ။ ခုတော့ သူများဝယ်ပေးတော့ တန်တန် မတန်တန် ကိုယ့်အလုပ်မဟုတ်တော့ဘူးပေါ့နော်။ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲဖို့ ကသာ ကိုယ့်အလုပ် ဖြစ်သွားတာပေါ့နော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲကြွား အဲလေ…….တော်ပြီလေနော်။

အမြည်း။

နောက်နေ့ကျရင် ချက်ထားတဲ့ ယိုးဒယား မြောက်ပိုင်း စတိုင်လ် ဝက်နံရိုး ချဉ်ရည်ဟင်း ချို ကိုတင်ပေးမယ်။

နောက် တောင်းဆိုနေကြတဲ့ တီချမ်း ပိန်နည်း ကို ပြောပြမယ်။

နောက် သခွားသီး အစာသွပ် ဟင်းရည် ကို နည်းပေးမယ်နော်။

A Chen
01:08 AM
15th Feb 2012
Wednesday
Home
Bangkok

တီချမ်း နဲ့ မာလာဟင်း

ဒီနေ့တော့ အားလုံးကို ယူနန်ရိုးရာ မာလာဟင်းလေး လုပ်ကျွေးချင်ပါတယ်။ “မာလာ” ဆိုတာ တရုတ်စကားပါ။ သူ့ရဲ့ အဓိပ္ဗာယ် အနက်အကျယ် ကို ဒီမှာ တခါရှင်းဖူးတယ်နော်။ ပြန်ကြည့်လိုက်ပါ။ နောက်ဆုံး တခေါက် မြန်မာ
ပြည်က ပြန်လာတုံးက ဝယ်လာတဲ့ ရှမ်းမောမြေ မာလာဟင်းအနှစ်ထုပ် တွေကို မစမ်းကြည့်ရသေးတာနဲ့ ဒီနေ့ တော့ လုပ်စားမယ် စိတ်ကူးပါတယ်။ မောင်ကလဲ ကြိုက်လို့ စားချင်တယ်ပြောနေတာ ကြာပြီလေ။ အရွက်စုံစုံ မဝယ်ဖြစ်သေးတာနဲ့ မချက်ကျွေးရသေးတာ။ နောက် အရင်တခါ တရုတ်ပြည် ယူနန်ဘက် (ကူမင်းသွားတုံးကလဲ) လမ်းဘေးမှာ ခဏခဏ ဝယ်စားဖြစ်တာ သူတို့ က ပိုတောင်မိုက်သေး။ အရွက်မျိုးစုံကို တုတ်နဲ့ ထိုးထားတာ၊ ကြိုက်တာရွေး ချက်ချင်းပြုတ်ပြီး ချက်ချင်းနယ်ပေးလိုက် မာလာ ဟင်းဖြစ်တာပဲ။ မြန်မာပြည်မှာတော့ ရွှေလီမှာ အစားများတယ် မာလာဟင်း ကိုကြိုက်တာနဲ့ပဲသွားသွား စားဖြစ်နေတာ နောက်ပိုင်းတော့ စားရတာ မတန်လို့ မစားကိုမစားတော့ဘူး။ ခုတော့ ကိုယ့်ဘာသာလဲ လုပ်တတ်ပြီ စားလို့ လဲ ကောင်းမှ ကောင်းဆိုတော့ ဈေးကြီးပေး စားစရာမလိုတော့ဘူးပေါ့။ ချစ်သူငယ်ချင်း ဘလောခ် ဘတ်သူတွေကိုလဲ မျှပေးချင်တာနဲ့ ရေးတာပါ။ အရင်ဆုံး ပါဝင်မယ့်ဟာတွေ ပြမယ်နော်။ အမှန်ကတော့ ကိုယ်လုပ်ရင် ကိုယ့်နည်းပါပဲ။ ကိုယ်ကြိုက်တာ ထည့်ပေါ့ ပါရမှာမို့လို့ မကြိုက်တဲ့ အသီးအရွက် ထည့်ရမယ် မရှိပါဘူးနော်။ တီကတော့ ကြိုက်တဲ့ အရွက်တွေအကုန်ထည့် ပစ်တာပဲ။ အဲ့တာကြောင့်လဲ လုပ်လိုက်တာ ဘယ်လောက်ဖြစ်သွားလဲ ဆိုတာ အောက်ပိုင်းမှာ ဆက်ရှု….

ပထမဆုံး တီသပ်သပ်ထပ်ထည့်တဲ့ အရွက်လတ်လတ်ဆတ်ဆတ်တွေ အရင်ပြပေးပါမယ်။

ပန်းဂေါ်ဖီပွင့်၊ မုန်ညှင်းစိမ်း၊ ကိုက်လန်၊ ကန်စွန်း၊ မုန်ညှင်းဖြူ နံနံပင် (အမှန်က နံနံပင်က တခြားအတွက်ပါ) ပုံရိုက်တာ ရောသွားတာ ကြိုက်တော့လဲ ထည့်ပေါ့နော့ မထည့်ရဘူး မရှိသလို ထည့်ရင် မာလာဟင်းမဖြစ်တော့ ဘူးလဲ မဟုတ်ပါဘူး။ အမှန်က တရုတ်နံနံ လို တန်အိုးရွက်လိုဟာတောင် ထည့်လို့ရသေး။ မွှေးတာပေါ့။ ခုတော့ မရှိလို့။

ကောက်ရိုးမှို လတ်လတ်၊ ကြွက်နားရွက်မှို အာလူး။

ရှမ်းမောမြေ မာလာဟင်းအသင့်စားအထုပ်၊ ဇာတ်လမ်းအကျယ်လာပါမယ်နော်။ မြေပဲ ထောင်း (ဒီမှာကတော့ အသင့်လုပ်ပြီးသားအထုပ်တွေရှိတယ် လွယ်မှလွယ်ပဲ) နောက်ဆုံးကတော့ မာလာဟင်း မာလာကြက် ငါးတွေထဲ ထည့်တဲ့ မာလာခေါက်ဆွဲပေါ့။

အိုဒါကတော့ မာလာဟင်းထဲ ထည့်တာ မဟုတ်ပါဘူး မာလာဟင်းအတွက် ပြင်ဆင်နေရင် တီချမ်းဗိုက်ထဲ ထည့်တာပါ။ ဝိုင်က အရင်တခေါက် ဒေါ်သလင်း နဲ့ ခေါဝ်ရိုဝ်က (အပိုင်း ၃ နဲ့ ၄) လာပါအုံးမယ် အပိုင်း (၁ နဲ့ ၂) ကတော့ တင်ပြီးသားနော်။ ဝိုင်ခြံ သွားတုံးက ဝယ်လာတာ မကုန်သေးတာ။ နောက် ချောကလက်
ကတော့ မွေးစားသားက မားသားနေ့ တုံးက ကိုယ့်ကို သတိတရ ဝယ်လာပေးတာ။ မေးပါမယ် အလယ်ပုံက ဝိုင်ခွက်နောက်က (သေးတယ်ထင်လာလို့ လဲမလို့ကြံနေတဲ့ ၃၂ လက်မ LCD SHARP AQUOS) တီဗီ ပေါ်မှာ ပေါ်နေတာ ဘာကားလဲ၊ ဟင့်စ်ပေးမယ် ဟာသ စီးရီးကားပါ။

ဒါတွေကတော့ ရှမ်းမောမြေ အထုပ်ထဲမှာပါတာတွေပါ။ အသားတုပါမယ်၊ ပဲလိပ် ပါမယ်၊ ပဲလိပ် ခေါက်ဆွဲပါမယ်၊ မာလာခေါက်ဆွဲပါမယ်၊ ကြွက်နားရွက်ခြောက်ပါမယ်၊ မှိုခြောက် (ဘုရာစူး တပွင့်ရဲ့ တဝက်ပါမယ်)၊ ကျောက်ပွင့်ပါ မယ်၊ အသားတုပြားပါမယ်။ အလယ်ကတော့ တီခုနက ပြထားတဲ့ အသီးအရွက်တွေ လှီးချွတ် ဆားရေဆေး စစ်ထားတာပါ။ ပုံကို သေချာကြည့်ပါ ၅ မျိုးပါတယ်။ မှန်အောင်ဖြေနိုင်ရင် (၅ မှတ်)။ နောက်ဆုံးက နောက်တိုး ပင်အပ်မှို နဲ့ မိန်းမလှလက်ချောင်း (ရုံးပတီသီး)ပါ။

ဒါတွေက စိမ်ထားတာတွေကို ရေစစ်ပြီး ညစ်ထားတာပါ။ တွေ့လား အရှေ့ ပုံ ၁ က အထုပ်ပါ မာလာခေါက်ဆွဲ၊ ပဲလိပ်ခေါက်ဆွဲ၊ ပဲလိပ်တွန့်၊ ခေါက်ဆွဲဖြူ၊ အလယ်ပန်းကန် ပုံ ၂ က ကိုယ့်ဘာသာ ထပ်ဖြည့်တဲ့ မာလာခေါက်ဆွဲ၊ နောက်ဆုံး ပုံ ၃ က အသားတု ပြန်ညှပ်ထားတယ်၊ ကြွက်နားရွက်၊ ပဲလိပ် ညှပ်၊ အသားတုပြား။

ကောက်ရိုးမှို ဆေး ညှပ် နဲ့ ကြွက်နားရွက် ထပ်ဖြည့် အလတ် (အခြောက်မဟုတ် (ကြွက်နားရွက်ကိုပြောတာ))
ဘေးက ပန်းကန်ကတော့ ဘာမှ မဟုတ်ဘူး မနေ့ က ဝယ်စားတဲ့ ဝက်နားရွက်ကင်၊ ဝက်ကုတ်သားကင် မကုန်တာ ထည့်လိုက်တယ်။ အသားပါတာပေါ့ အဲ့တော့ ဘုရားစူး သက်သတ်လွတ်မဟုတ်ပါဘူးပေါ့။ ဒီလို။ ဒီလို။

ပြီးရင် အကုန်ပြုတ်ပါမယ်၊ မာတာတွေကို တအိုး ပျော့တာတွေကို တအိုး မာတာက ၁၀ မိနစ်လောက် ပျော့တာက အရောင်းမပြောင်းခင် အထိ။ ခေါက်ဆွဲတွေကိုတေ့ မသေချာရင် ဆယ်ဆယ်ပြီး လက်နဲ့ ဖြတ်ကြည့်ပါနော်။
အော်မေ့တော့မလို့ ပြုတ်နေရင်းနဲ့ မှ သတိရလို့ ပဲကြာဇံတထုပ် ပစ်ထည့်လိုက်ပါသေးတယ်။

ကဲနယ်မယ်။ နယ်မယ်ဆိုတော့ ကြည့်လိုက်တာ အိုးက အဲ့လောက်ကြီးတာ မရှိပါဘူး။ အဲ့တော့ လာထား ဇလုံး အကြီးစားနဲ့ ကစ်ပစ်မယ် လို့ဆိုပြီး အာလူး ထမင်းတို့ ရှမ်းမုန်ညှင်းချဉ်ရင်တို့ သုံးတဲ့ ဇလုံးနဲ့ ကို ကစ်ပါတယ်။ ပထမဆုံး အသားတွေ ထည့်တယ်။ မောရှမ်းမြေ မှာ ပါတဲ့ အနှစ်ထုပ်ဆိုတာ ကိုထည့်တယ်။ လက်စသတ်တော့ သူ့အနှစ်ထုပ်က ခေါက်ဆွဲထုပ်ထဲ ထည့်ဖို့ လောက်ပါတာကိုး။ မရဘူး မရဘူး တီချမ်း စကေးနဲ့ ဘယ်လိုမှ ရဘူး။ အဲ့တော့ ဘာလုပ်သလဲ တီချမ်းပဲ အီဗီ ဆီမှာ သွားကြည့်တယ် အနှစ်ချက်နည်း။ သူ့နည်းက ရှုပ်တယ်၊ အဲ့တော့ ကျိုင်းတုံက အဒေါ့်သမီး ကိုဖုန်းခေါ်တယ် သူက မာလာဟင်းလုပ်တာ နာမည်ကြီး သူတခါ နယ်ရင် တရပ်ကွက်လုံး က လာပေါင်းတယ် ဆိုပဲ။ တအိမ် တမျိုးယူလာ သူက ဇလုံအကြီးကြီးနဲ့ နယ် ပြီးတော့ တအိမ် တပန်းကန်စီ ပြန်ခွဲ ယူ ဒီလိုပေါ့။ အဲ့တာနဲ့ ဖုန်းဆက်မေးတော့ လွယ်လွယ်လေးပါကလား။ အိမ်မှာ အသင့်ရှိတဲ့ ငရုတ်သီးဆီချက်
ပြောရအုံးမယ် အိမ်က ငရုတ်သီး ဆီချက်က အမေ့ နည်းအတိုင်း ကြော်ထားတာပါ။ “မာ” (ထုံတုံတုံ ဖြစ်စေတဲ့ အသီး ကြိတ်ပြီး နည်းနည်ထည့်ထားပါတယ်) ငရုတ်သီး ဖြစ်တဲ့ အတွက်တော့ “လာ့” ပြီးသားပေါ့။ အဓိပ္ဗာယ်တွေ နားမလည်ရင် အရင်ပိုစ့် ပြန်ရှာဘတ်နော်။ ဟွန်း ဟွန်း စာမကျေ ရင် အတန်း သစ်တက်လို့ မရဘူး။ ငရုတ်သီး ဆီချက်ပြီးတော့ ကြက်သွန်ဖြူ ဆီချက်တွေ ပစ်ထည့်လိုက်သေးတယ်။ ဆီလေးနဲ့နယ်လို့ ကောင်းအောင်လို့၊
နောက်တော့ လှော်ကြိတ်ထောင်းထားတဲ့ ဝှားကျောဝ်း ခုန က ပြောတဲ့ ထုံတုံတုံ ကိုထည့်ပါတယ်။ ထမင်းစား ဇွန်း အတို ဇီးဘရား တံဆိပ် အမြီးလေးနဲ့ ကလော်ပြီးတော့ ထည့်ပါတယ်။ မောင်က “မာ” တဲ့ အရသာကိုသိပ်မကြိုက် ဘူးဆိုလို့ လျော့ထည့်ပါတယ်။ ပဲငံပြာရည် အကြည် ကလေးလေး တံဆိပ် နည်းနည် ပစ်လိုက်ပါတယ်။ ဆား အချိုမှုန့် မထည့်ပဲ သူ့အစား ဝက်မှုန့် ထည့်ပါတယ် (ခနော်တံဆိပ် ကြက်မှုန့် နဲ့တူတူပါပဲ သူက ဝက်လဲ လာတယ်) ထုံးစံအတိုင်း လင်တော်မောင်က ကြက်မစားတော့ ဝက်ပဲပေါ့။ အမှန်က နမ်းဆီ နည်းနည်းထည့်ရပါမယ်။ အိမ်မှာ က အသင့်မရှိဘူး သံလွင်ဆီပဲ ရှိတယ် အနံ့ မကြိုက်လို့ မထည့်တော့ဘူး။ တော်ကြာ ပျက်ကုန်မယ်။ တရုတ်နဲ့ အီတလီရောပြီးတော့။ ကဲ နယ်ပြီ…..

တွေ့တဲ့ အတိုင်းပါပဲ တဇလုံကြီး ကိုအကြီးစားရတာပါ။ ကလေးနှစ်ကောင် ကိုခေါ်ကျွေးတာ သားတော်မောင်က အပြင်ရောင်နေတာနဲ့ သမီးနဲ့ ကိုယ်နဲ့ မောင်နဲ့ ပဲစားကြတယ်။ ထမင်းလွတ်။ အရသာကို နယ်နေရင်း မြည်းကြည့် လိုတာထပ်ထည့်။ ပိုနေရင် မြေပဲ ထပ်ထည့်။ ဆိမ့်သွားရော။ မာမာ လာ့လာ့ လေးမှာ အရသာက ပိုပြီးအိုအိရှိ
ဖြစ်ပါတယ်။

မောင်တပွဲ ကိုယ်တပွဲ ဘေးကတော့ ကိုယ့် သံပရာရည်။ ခုနေ့တိုင်းနီးပါး သံပရာရည် သောက်ဖြစ်တယ် ပျားရည်နဲ့ ဖျော်ပြီးတော့ ၁၀ ပေါင်ကျသွားတယ် ပိုလှလာတယ်။ တကယ်ပြောတာ။

မောင် ပြောင်သွားပြီ ကိုယ်နည်းနည်း ကျန်နေတယ်။ ဟော…..မောင်ကော ကိုယ်ကော ပြောင်သွားပြီ။

မောင်က အရမ်းကောင်းလို့ ဆိုပြီးတော့ နှစ်ပွဲ စားပါတယ်။ ငါ့အချစ်ကလေး သိပ်တော်တယ် ဆိုင်လက်ရာ ထက်တောင်ကောင်းသေးတယ်ဆိုပြီး ပါးကို နမ်းပါသေးတယ်။ ဘာမှန်းလဲ မသိဘူး။ လူဆိုးပဲနော်။ ပြီးတော့ သူငယ်ချင်း တယောက် အိမ်နားက အလုပ်ဆင်းတော့ လာစားပါတယ်။ ပြန်တော့ သူ့ယောက်ျားအတွက်ဆိုပြီး ပါဆယ်ယူပါတယ်။ ပုံကိုကြည့်ပါ။

သူငယ်ချင်းနဲ့အတူမောင်က နောက်ထပ်တပွဲ ထပ်စားပါတယ်။ ကိုယ်က နည်းနည်း တို့ လိုက်ပြီးတော့ မှ နောက်ဆုံး အစာပိတ် ကော်ဖီရယ် ပေါင်မုန့် ရယ် စထရော်ဘယ်ရီ ဂျမ် ရယ် တွယ်လိုက်ပါတယ်။

ကဲ အိပ်ပြီ။ (အမှန်က ခု ရုံးကနေ ရေးနေတာ)

A Chen
2:25 PM
Friday
10th Feb 2012
Bangkok

တီချမ်း နဲ့ သက်သတ်လွတ်

ကဲကဲကဲ စားလိုက်တာ လို့ မပြောကြပါနဲ့ အပြစ်မတင်ကြပါနဲ့ မနာလိုမဖြစ်ကြပါနဲ့ အဘိဇ္ဇာ မပွားကြပါနဲ့
တီချမ်းလေးကို မေတ္တာထားကြပါ စေတနာထားကြပါ အကြင်နာပွားကြပါ မုဒိတာများကြပါ ချမ်းချမ်းလေးကို အားပေးကြပါကွယ်………တီချမ်းကွ………….ဟေး…………..ဟေး…………..

တီချမ်းတယောက် သက်သတ်လွတ်ကို ကြိုက်ပါတယ်။ ငယ်ငယ်က သာမည သွားတော့လဲ ကြိုက်တယ် အိမ်မှာ မေမေ တို့ မွေးနေ့တိုင်းသက်သတ်လွတ်စားတော့လဲ ကြိုက်တယ်။ အဖွား ဆီ အလည်သွားရင်လဲ အဖွားက ရာသက်ပန် သက်သတ်လွတ်စားတော့ ကြိုက်တယ်။ အခုတော့ တခါတခါ ရန်ကုန်ပြန်တိုင်း လသာက လမ်းမတော်ဆိုင်မှာပဲ သွားသွားစာနေရတယ်။ ကိုယ်လဲ ကြိုက်တယ် သူငယ်ချင်းတွေလဲ ကြိုက်တယ် အဲ့တော့ မကြာ မကြာ ချိန်းချိန်းပြီး သွားစားဖြစ်ကြတယ်။ ဆိုင်နာမည်က လမ်းမတော်ပါ လသာမှာ ရှိပါတယ် စာစစ်ရုံးဘေးနားမှာပါ။ စိုပြေစွာ ကိုမကြိုက်ဘူး၊ ခုတ်ဖူ ကို မကြိုက်ဘူး လမ်းမတော်ပဲ ကြိုက်ပါတယ် လသာမှာ ရှိပါတယ်။

ထားတော့ ခုဟာက တီချမ်း သက်သတ်လွတ်ချက်စားဖြစ်ဖို့ အကြောင်းဖန်လာတာကို ပြောချင်တာပါ။ တရုတ်တွေက ဘယ်နေ့တွေမှာလဲမသိဘူး သက်သတ်လွတ်ချက်စားကြပါတယ်။ ဘယ်လိုပြောရမလဲ …….
(သေချာလိုက်တာနော်)။ နောက်မှ မာမား ကိုပြန်မေးပြီး သေချာပြောမယ်။ လောလောဆယ်က ဟင်းချက်မှာနော်။ အဲ့တာကြောင့် လိုရင်းပဲ သွားမယ်။ အဲ့နေ့ က အမေတို့ ညီအမတွေ ရန်ကုန်မှာ သူတို့ ညီအမ က ၄ ယောက်ရှိပါတယ်။ သူတို့ က မောင်နှမ ၁၁ ယောက်ရှိပါတယ်။ မောထှာ။ ထားတော့ အရင်ခေတ်က တရုတ်တွေ သိပ်မွေးတယ်။ အဲ့နေ့က အော်ကစ်အိမ်ရာမှာရှိတဲ့ အမ အိမ်မှာ ညဘက်အိပ်ပြီးတော့ ဟင်းချက်ဖို့ ဖြစ်လာတယ်။ တီချမ်းကလဲ ဘလောခ် ဘတ် ပရိသတ်တွေအတွက် သေသေချာချာ ကို မှတ်တမ်းတင်လာတာပေါ့။ နော်။ ကဲ ရှု။ မျှော်။

ပဲပြုတ်ထမင်းကြော်

ဒါလေးကတော့ မနက်စောစော နိုးအလာမှာ စားဖို့ အိမ်ဖော်တွေပြင်ပေးထားတဲ့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီပါ။ ကော်ဖီကတော့ ကိုယ်သောက်နေကျ မဟုတ်တော့ ညံ့ချက်။ ပဲပြုတ်ထမင်းကြော်ကတော့ အိုကေပါပဲ။ စားလို့ ဖြစ်ပါတယ်။ ကြော်နည်းလေးပါ တလက်စတည်း ထည့်ပေးလိုက်မယ်နော်။ ဆီကို အိုးထဲထည့်ပါ ဆီပူလာရင် ပဲပြုတ် ထည့် ကြက်သွန်နီ ကြိုက်တတ်ရင် ပါးပါးလှီးထည့်၊ ပြီးတော့ ထမင်းထည့် ကြော်ပါ။ တီကတော့ အော်နားကို နည်းနည်းတူးတာကြိုက်လို့ နည်းနည်းလေး အိုးကပ်အောင် ကြော်စေပါတယ်။ တချို့ကတော့ ပဲငံပြာရည် ထည့်ပါတယ် မြန်မာတွေကတော့ နနွင်းထည့်ပါတယ်။ တီကတော့ ဘာမှ မထည့်ပါဘူး အေးရောနော်။


ခရမ်းချဉ်သီး ပန်ထွေဖျော်

ပထမဆုံး ချက်နည်းပြချင်တာက ခရမ်းချဉ်သီး ပန်ထွေဖျော်ပါ။ လုပ်နည်းက သိပ်လွယ်ပါတယ်။ ခရမ်းချဉ်သီး ကို ဖုတ်၍ သို့ ပြုတ်၍ လုပ်နိုင်ပါတယ်။ ပြီးရင် အခွံနွှာပါ။ ပြီးရင် ဓါးနဲ့ နှုတ်နှုတ်စင်းချင်စင်း မစင်းချင် ရင် ကြိတ်စက်နဲ့ ကြိတ်ပါ။ ပြီးတော့ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး စိမ်းကို ထောင်းထားပါ။ ရောပြီးတော့ ပေါ့။ အချိန်အစားကတော့ ကြည့်ကျက်သာထည့်ပေတော့။ တီ့ ထုံးစံအတိုင်းပဲ။ နံနံပင်ကို ပါးပါးလှီးထားပါ။ ပြီးတော့ ခရမ်းချဉ်သီး မွှေထဲကို ခုနက ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နံနံပင်တွေထည့်ပါ။ ပဲပုပ်မှုန့် (မရှိမဖြစ်ပါရပါမယ်) ဆား အချိုမှုန့် တို့ ထည့်ပြီးတော့ သမ မျှတအောင်မွှေပေးလိုက်ရင် ခရမ်းချဉ်သီး ပန်ထွေဖျော် တခွက်ရတာပေါ့။ အနံ့ ပိုမွှေးစေချင်ရင် ခရမ်းချဉ်သီး ကို ပြုတ်မယ့် အစား မီးဖုတ်ထည့်ပါနော်။ သခွားသီးလေးနဲ့ ကလော်စားရင်တော့ ကောင်းလေစွပေါ့လေ။ (တို့ မစားပါနဲ့ အားမရပါဘူး ကလော်ပြီးတော့သာစားပါလေ)


ကြွက်နားရွက်မှို ပဲကြာဇံကြော်

သိပ်လွယ်ပါတယ် ရေးတောင် မရေးချင်ဘူး သိက္ခာကျ သလိုခံစားရလို့ ဆီထည့် ကြိုတင်စိမ်ထားတဲ့ ကြွက်နားရွက် မှို ထည့် ပဲ ကြာဇံ ထည့် ပဲငံပြာရည် နည်းနည်းထည့် ဆား အချိုမှုန့် ထည့် ခဏ ကြော် သမ မျှတအောင် တူနဲ့ မွှေ အိုကေပဲ စားလို့ ရပြီ။ သက်သတ်လွတ်မို့လို့ အသားမပါဘူးနော်။ ကြိုက်တတ်ရင် ကြိုက်တဲ့ အသားထည့်လို့ရတယ်။ အမှန်က ဒီအတိုင်းလဲ ကောင်းပါတယ်။ အစပ်ကလေး ကြိုက်ရင် ငရုတ်သီးစိမ်း ဓါးပြားရိုက်ထည့်။ ဂေါ်ဖီ တို့ ဘာတို့ လို အရွက်တွေ ထည့်ရင်လဲကောင်းတယ်နော်။

ကိုက်လန် ပဲလိပ် မှိုခြောက်ကြော်

ဆီပူ အိုးတည်ပါ။ ဆီပူလာရင် ရေစိမ်ထားတဲ့ မှိုခြောက်ကို အရင်ကြော်ပါ။ ပဲလိပ်ကိုထည့်ပါ၊ ရေဆေးထားတဲ့ ကိုက်လန် အနုတွေထည့်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ခရုဆီ ထည့်ပါ)။ သက်သတ်လွတ်ဖြစ်တဲ့ အတွက် ဆားနဲ့အချိုမှုန့် ထည့်ပါ။ ပဲငံပြာရည် စဉ်းငယ်ခန့်ထည့်ပါ။ အရောင်လှအောင် ဖြစ်ပါတယ်။

ဟင်းပေါင်း

ပဲပြား လေးတွေ ကို စိတ်ကြိုက်အရွယ်လေးတွေ တုံးထားပြီးတော့ ဆီလေးနဲ့ လှိမ့်ထားပါ။ အရောင်ဝါနုလေး သန်းလာရင် တော်ပါပြီနော်။ ပဲလိပ်ရယ် မှိုရယ် ကို ဆီနဲ့ အရင်ကြော်ပါ။ ပဲပြားထည့်ပါ၊ နောက်ဆုံးမှ မုန်ညင်းဖြူ ထည့်ပါ။ ထုံးစံအတိုင်း ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းထည့် အိုကေပါပဲ။ ပြီးတော့ ဟင်းပေါင်းဖြစ်တဲ့ အတွက် အရွက်တွေ အကုန်ထည့်ပြီးရင် အဖုံးလေးနဲပ ခဏ အုပ်ထားပေးပါ။ ၅ မိနစ်လောက်ဆိုရပါပြီနော်။ မုန်ညင်း နူးနူးလေး နဲ့ ဆို ပိုစားလို့ ကောင်းပါတယ်။ ပိုကောင်းချင်ရင်တော့ တို့စားဖို့ ဘတ်ချဉ် လုပ်ထားပါနော်။ ဘိတ်ချဉ် ကို ကြက်သွန်ဖြူ အကွင်းသေးသေးလေးတွေ လှီး ငရုတ်သီးစိမ်း ပါးပါးလှီး ပဲငံပြာရည် နဲ့ စိမ် သံပရာသီး ညစ်ထည့်လိုက်ရင် ရှယ်ရတာပေါ့နော်။ အဲ့ဒီ ဘိတ်ချဉ်လေးနဲ့ ခုန က မုန်ညှင်း ပေါင်း ကို တို့ တို့ စားရင် ထမင်းတောင် မလိုဘူးဆိုပဲ တီချမ်းပြောတာ။ မယုံရင် လုပ်ကြည့်။


တို့ဟူးသုပ်

အိမ်လုပ်တို့ဟူးသုပ်ကို ရဖို့ အတွက်ကတော့ တို့ဟူး ကို ကိုယ့်ဘာသာ ကြိုတတ်ဖို့ လိုပါတယ်။ အလွယ်နည်းကို ပြောရရင်တော့ မွှေး ပဲမှုန့်အစိမ်းမှုန့် ကို တည ရေထဲမှာ ဖျော်ထားပါ။ သေချာ ကြေအောင် လက်နဲ့ ပါ သေချာ မွှေပါနော်။ ပြီးတော့ အနှစ်ကို စကာ တိုက်ထားပါ။ တီကတော့ အိမ်မှာ ရေစစ် ပိတ်စနဲ့ ဟာမျိုးလေ (အဖြူရောင်ကတော့ကြီးကြီး လိုမျိုးဟာနဲ့) အနှစ် တိုက်ပါတယ်။ အဲ့တာကို တညသိပ်ထားပါ။ နောက်နေ့ကျတော့ လိုချင်တဲ့ အနေ အိုးထဲ ကို ရေထည့်။ ဆီလေး အစက်နည်းနည်းချ (အိုးမကပ်အောင်ပါ)။ ပြီးတော့ ရေစဆူလာရင် ပဲနှစ်ကို ဖြည်းဖြည်းချင်း လောင်းထည့်။ တဘက်တည်းကို ပဲ မွှေပါ။ ဖြည်းဖြည်းလေး မွှေပေးပါ။ မီးအေးလေးနဲ့ မွှေပါ။ ဆား အချိုမှုန့် နည်းနည်းထည့်ပါ။ အရောင်လိုချင်ရင် နနွင်း နည်းနည်း ထည့်ပါ။ တိုဟူးတွေ ရရင် ဘမ်းလေးနဲ့ အအေးခံပါနော်။ (တို့ဟူးနွေး စားချင်ရင်လဲ အဲ့အတိုင်းလုပ်ပါတယ်) အိုကေ တို့ဟူး ရပြီဆိုရင် တော့ အအေးခံထားတဲ့ ဘမ်းထဲကနေ ထုတ် ဓါးလေးနဲ့ ပါးပါးလှီး ပြီးရင် သုပ်မယ့် ပန်းကန်ထဲထည့်ထား။

အချဉ်ရည်ဖျော်နည်း

ရှာလကာရည် အမဲ အကျဲ အပျော့ ကိုသုံးပါမယ်။ အချဉ်ရည်ဖျော်မယ့် ပန်းကန်လုံးထဲ ထည့်ထားပါ။ စဉ်းငယ်ခန့် ပေါ့နော်။ ပဲငံပြာရည် အကြည်နည်းနည်းထည့်ပါ။ သကြား ထည့်ပါ။ ကြက်သွန်ဖြူ ကြိတ် ဆီချက်ထည့်ပါ။ မြန်မာသုပ်ထဲ ထည့်တဲ့ ကြက်သွန်ဖြူ ဆီချက်နဲ့ကွာပါတယ်နော်။ တီချမ်းကတော့ အဲ့လို ကိုသပ်သပ်ခွဲထားတယ်။ ခေါက်ဆွဲတွေ တရုတ်နည်းတွေ နဲ့ စားမယ့် ကြက်သွန်ဖြူ ဆီချက်ကတော့ ကြိတ်ထားပြီး ချက်ထားတာပါ။ ခုပြောနေတဲ့ဟာပေါ့။ နောက် ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း နှုတ်နှုတ်စင်းထားတာလဲ ထည့်ပါ မယ်။ နောက် အရေးကြီးတာက နံနံပင်ပေါ့ အဲ့တာတွေ အကုန်ကို ပန်းကန်လေးထဲ ထည့်ပြီးတာနဲ့ မွှေပါ သမမျှတအောင် မွှေပါနော်။ အရသာကိုလဲကြိုက်သလို မြည်းကြည့်ပါ။ ကျေနပ်ပြီိဆိုတော့ ခုနက လှီးပြီး ပန်းကန်ထဲထည့်ထားတဲ့ တို့ဟူးပေါ် ကိုလောင်းချလိုက်ရင် ရပြီပေါ့နော်။ ပြီးတော့ မှ အပေါ်ကနေ မြေပဲမှုန့် နဲ့ နံနံပင် ထပ်ဖြူးလိုက်ရင် ပိုကောင်းသွားမှာပေါ့ ( သက်သတ်လွတ်မဟုတ်ရင်တော့ ဘီတန် ကို လေးစိပ်စိပ်ပြီး ထည့်ရင် ပိုရှယ်တာပေါ့နော်။ ဗီကန် သက်သတ်လွတ်ဆိုရင်တော့ ဘီတန် ထည့်လို့ရပါတယ်)

သတိထားရန် မြေပဲမှုန့် ကိုနောက်ဆုံးမှ ဖြူးပါနော်။

မုန်ညှင်းချဉ် နဲ့ အသားပြားတုကြော်

ဒီဟာကတော့ မုန်ညှင်းချဉ် နဲ့ ဝက်သားကြော်သလိုပါပဲ။ ကြက်သွန်ဖြူနီ ပါးပါးလှီးထားတာကို ဆီပူထဲမှာ ဆီသတ်လိုက်ပါ။ မုန်ညှင်းချဉ် ကို ပါးပါးလှီး ပြီးထည့်ပါ။ အသားပြားတု ကို စိတ်ကြိုက်အရွယ်လေးတွေ လှီးပြီး ထည့်ပါ။ ဆား အချိုမှုန့် ထည့် ပဲငံပြာရည် နည်းနည်းလေးထည့် ရင် ရပါပြီနော်။

ဂျူးမြစ်သုပ်

ကြက်သွန်နီ ကို ပါးပါးလှီး ပြီး ကြက်သွန်နီကြော် လုပ်ထားပါ။ ဂျူးမြစ်တွေကို လက်နှစ်ဆစ်လောက် လှီး (ချိုး)ပြီးတော့ ရေနွေးဖျော်ထားပါ။ ခရမ်းချဉ်သီး တွေကို သေးသေးလေးတွေလှီးပြီးတော့ ဆီသတ်ထားပါ။ အာလူး ထမင်းလုပ်သလိုပါပဲ။ ကြက်သွန်မထည့်တာပဲ ကွာပါတယ်။ ခရမ်းချဉ်သီး အနှစ်တွေ ကို သပ်သပ်ဖယ်ထားပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။ ငရုတ်သီးဆီချက် ချက်ထားပါ။ ပြီးရင် ဇလုံ တခုထဲကို ရေနွေးဖျော်ထားတဲ့ ဂျူးမြစ်တွေထည့်၊ မြေပဲထောင်းထားတာထည့်၊ ခုနက ကြက်သွန်နီဆီချက်ထည့်၊ ခရမ်းချဉ်သီး အနှစ်ထည့်၊ ငရုတ်သီးစိမ်းထည့် သံပရာသီး ညှစ်ထည့် ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ဂျူးမြစ်သုပ် ရပြီပေါ့နော်။

ဘေဘီကွန်း မှိုခြောက်ကြော်

ဘေဘီကွန်းလေးတွေကို အရင်ပြုတ်ပါမယ်။ ရေနွေးဆူဆူလေးထဲကို ခဏလေးပဲ ထည့်ပြီး ဖျော်ယုံဖျော်ပါ အချိုရည်တွေထွက်ကုန်မှာ စိုးလို့ ဖြစ်ပါတယ်။ မှိုခြောက်တွေကိုလဲ ရေနွေးစိမ်ပြီး လှီးထားပါ။ ကြက်သွန်ဖြူ နှစ်မွှာကို ဓါးပြားရိုက်ထားပါ။ ဆီပူထဲကို ကြက်သွန်ဖြူ ထည့် မွှေးလာရင် မှို အရင်ကြော်ပါ။ (သက်သတ်လွတ်မဟုတ်ရင် ကြက်ပြုတ်ရည် ကြက်သားမှုန့် ခရုဆီ စတာတွေ ထည့်လို့ရပါတယ်) ခုတော့ ခုတော့
………မှိုတွေ ရရင် ဘေဘီကွန်းလေးတွေ ပြုတ်ပြီးသား ကိုထည့် ဆား အချိုမှုန့် ထည့် ပြီးတော့ ကော်မှုန့် ၂ ဇွန်းလောက် ကို ပန်းကန်လုံးလေးနဲ့ ရေဖျော်ထားတာ ထည့်ပြီး အဖုံး အုပ် ခဏ နှပ်လိုက်ပါ။ အဲ့တာဆို အိုအိရှိ မှိုဘေဘီကွန်းကြော်ရပါပြီ။ အရောင်လေးလှချင်ရင် ကြော်ပြီး အိုချခါနီးမှာ ကြက်သွန်မိတ်လေးတွေ ရှည်ရှည်လေး လှီးပြီး ဖြူး လိုက်နော်။

မှိုကြော်

လွယ်လွယ်လွန်းလို့ ပြောတောင်မပြောချင်တော့ဘူး။ ဆီပူအိုးတည်ပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို အရင်ကြော်ပါ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို ဆီသတ်ပြီးရင် တော့ ရေဆေးထားတဲ့ မှို ထည့်ပါ။ မီးလျော့ပြီးတော့ ရေခြောက်အောင်ကြော်ပါ။ ပြုတ်ကြော်ပုံစံမျိုးလေးပါ။ ဆား အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ ထုံးစံ။

ပွဲသိမ်းပဲထောပတ်ဟင်းရည်

ဒါလေးကတော့ တီ့အကြိုက်ဆုံးမို့လို့ နောက်ဆုံးမှ တင်ပေးတာပါ။ ထောပတ်ပဲလေးတွေ ကို အခွံချွတ်ထားပါ ရေဆေးထားပါ။ ပဲတွေကို ရေစပ်စပ်နဲ့ ပြုတ်ထားပါ။ ပြီးရင် ဆီပူမှာ ကြက်သွန်ဖြူနီ ကို ဂျင်းသစ်လေးထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့် နည်းနည်းထည့်ပါ။ ခရမ်းချဉ်သီး နှုတ်နှုတ်စင်းထားတာကို ဆီထဲထည့်သတ်ပါ ပြီးရင် ပြဲနေအောင် ပြုတ်ထားတဲ့ ပဲတွေ ထည့်ပါ။ ဟင်းရည် ကို အနေတော် ပြစ်ပြစ်လေး ရအောင် ရေကို လိုသလောက်ထည့်ပါ။ ဆား အချိုမှုန့် ထည့်ပါ။ ပေးဆူပါ။ ပဲနူးလာပြီးဆိုရင် အရသာမြည်းပြီး ဆူးပုပ်ရွက်လေး အုပ်လိုက်ရင် အရသာအကောင်းဆုံး ပွဲသိမ်းဟင်းလျာ ထောပတ်ပဲ ဟင်းရည် ကိုရပြီပေါ့နော်။

ကဲ ပရိတ်သတ်များ အတော်ပဲ မနာလိ အဲလေ အားရကျေနပ် မုဒိတာပွား အကြင်နာများ မေတ္တာထား နိုင်ကြမယ် မျှော်လင့်ပါတယ်နော်။

အားလုံး ကို ချစ်တဲ့

A Chen
11:21 PM
Wednesday
8th Feb 2012
Home
Bangkok