မြစ်ဆုံစစ်တမ်း by သစ္စာနီ

မြစ်ဆုံစစ်တမ်း

(ဧရာဝတီမြစ် ရေတိမ်နစ်မည်လော)

အရင်းခံအကြောင်း ဧရာဝတီမြစ်ဟာ သက်တမ်းအားဖြင့် အနှစ် (၁၅) သန်းရှိပါပြီ။ လူ့သက်တမ်းနဲ့ တွက်ကြည့်ရင် ရှည်လျှားလှပြီ ဆိုနိုင်ပေမယ့် ဘူမိသက်တမ်းနဲ့ ဆိုလျှင်တော့ နုပျိုတဲ့အရွယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ ကမ္ဘာမြေကြီးဟာ သက်တမ်းအနှစ် သန်း (၅၀၀) ရှိပါပြီ။ နေစကြာဝဠာရဲ့ သက်တမ်းကတော့ နှစ်သန်း (၄၅၀၀)ပါ။ မဟာစကြာဝဠာ၊ အနန္တစကြာဝဠာတွေရဲ့ သက်တမ်းကတော့ မှန်းစလို့တောင် မရပါဘူး။ ကျနော်ပြောချင်တာက ဘူမိ သက်တမ်းအရ နုပျိုလှပါတယ်ဆိုတဲ့ ဒီမြစ်ကြီးဟာ အရွယ်နဲ့မမျှအောင် အခုအချိန်မှာ ယိုယွင်း၊ အိုမင်း ပျက်စီး နေပါတယ်ဆိုတဲ့ အကြောင်းပါပဲ။ အဲ့တာ ဘယ်သူတွေကြောင့်လဲ။ အဲ့ဒီမြစ်ကို မှီတင်းနေထိုင်ခဲ့ပြီး ဒီမြစ်ကြီးရဲ့ သဘာဝ အရင်းအမြစ်တွေကို မဆင်မချင် ထုတ်ယူ သုံးစွဲခဲ့ကြသလောက် ဒီမြစ်ကြီးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ကျနော်တို့ တစ်တွေကြောင့်ပါပဲ။ မှတ်တမ်းဟောင်းတွေအရ အေဒီ ၆ ရာစုလောက်ကတည်းက မြစ်တစ်ဝိုက်မှာ လူတွေ အခြေချ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ (ပုဂံမတိုင်မီ အနှစ် ၄၀၀ စောပါတယ်)။ အခု ဧရာဝတီမြစ်ရဲ့ အခြေအနေဟာ မြစ်ကောကြီး မဖြစ်ရုံတမယ်သာ ကျန်ပါတော့တယ်။ သောင်တွေထူထပ်လာတယ်။ မြစ်ရေတိမ် လာတယ်။ အရင်နှစ်ပေါင်း များစွာကတည်းက ရေကြောင်းခရီးသွားလာခြင်းရဲ့ အသက်သွေးကြော သဖွယ်ဖြစ်ခဲ့တဲ့ ဒီမြစ်ကြီးဟာ ဟင်္သာတ နဲ့ ဗန်းမော်အထိ (မိုင် ၈၀၀) ခရီးသာ တစ်နှစ်ပတ်လုံး သွားလာနိုင်ပါတယ်။ ဗန်မော် နဲ့မြစ်ကြီးနား (၁၂၅ မိုင်) ခရီးကတော့ တစ်နှစ်မှာ (၇ ကြိမ်) သာ သွားလာနိုင်ပါတယ်။ ရေနည်းသော နွေမှာ မသွားလာနိုင်ပါ။ အခု ဧရာဝတီမြစ်ကြီး ရေးစီးယုတ်လျှော့ ခန်းခြောက်လာရတဲ့ အကြောင်းတွေကတော့ –

(၁) ရေအရင်းအမြစ် ယိုယွင်းပျက်စီး လျော့နည်းလာခြင်း။

(ဧရာဝတီမြစ် အပါအဝင် အာရှကမြစ်ကြီး ၉ စင်းဟာ မြောက်ဖျား ဟိမဝန္တာတောင်တန်းပေါ်က ရေခဲပြင်တွေက အခြေခံပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အဲ့ဒီရေခဲပြင်တွေလည်း တစထက်တစ ယုတ်လျော့လာတာ တွေ့ရပါတယ်။ နောက် လိုအပ်တဲ့ မိုးရေချိန်မရဘူး)

(၂) Global Warming ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခမ်းခြောက်လာတယ်။

(၃) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိမရှိတဲ့အတွက် ဂေဟစံနစ်တွေ ပျက်စီးလာတယ်။

မြစ်ပတ်ဝန်း ကျင်သစ်ပင်တွေကိုခုတ်တယ်။ မြစ်ကြောင်းတစ်လျှောက် ရွှေတူး၊ သတ္တုတူး၊ ကျောက်တူးရာက ထွက်ပေါ်လာ တဲ့အညစ်အကြေးတွေကို ရေထဲစွန့်ပစ်တယ်။ ရေထုညစ်ညမ်းမှုဖြစ်ပြီး မြစ်ထဲမှာရှိတဲ့ သက်ရှိသက်မဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ပျက်စီးဆုံးရှုံးမှုဖြစ်တယ်။ (ဧရာဝတီလင်းပိုင်တွေ မျိုးတုံးမယ့် အန္တရာယ်မျိုး) ချင်းတွင်း၊ စစ်တောင်း စတဲ့ ဧရာဝတီထဲကို စီးဝင်တဲ့ မြစ်လက်တက်တွေကလည်း ကမ်းပါးပြိုမှုကြောင့်ဖြစ်တဲ့ နုံးတွေ၊ သဲတွေ ကို မြစ်ထဲကို တိုက်စား သယ်ဆောင်လာတယ်။ အောက်ခြေမျက်နှာပြင် မြင့်လာတဲ့အတွက် မိုးများတဲ့အခါ မြစ်ရေ လျှံမှုတွေဖြစ်လာတယ်။ (ဒီနှစ် ၂၀၁၁ ဟာ စံချိန်တင်လောက်အောင် ရေကြီးရေလျှံတဲ့နှစ်ဖြစ်တယ်) မြစ်ထဲမှာ သောင်ထွန်းလာတာဟာ မြစ်ကူးတံတားတွေရဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုလည်း ဖြစ်ပါတယ်။ တံတားတွေတည် ဆောက်တာ ကန့်ကွက်စရာမရှိပေမယ့် မြစ်ရေစီးရေလာကို အနှောင့်အယှက် မပေးမယ့် တိုင်ဖျောက်ကြိုး တံတားတွေဆောက်တာ ပိုသင့်တော်မယ်ထင်ပါတယ်။ လက်ငင်းအကြောင်း အထက်ကဆိုခဲ့သလို အဖက်ဖက်က ယိုယွင်း ပျက်စီးလိုက်လာတဲ့ ဧရာဝတီမြစ်ကြီးကို ဘယ်လို ကယ်တင်ရရင် ကောင်းမလဲ။ (အရင်က ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းကို ကျနော်တို့ မည်မည်ရရ မလုပ်ခဲ့ကြဘူး။ အစိုးရအဆက်ဆက် လှစ်လျှူရှုခဲ့ကြတဲ့ ဆိုးကျိုးတွေ အခု ခံရတာပါပဲ။ မကြာခင်ကမှ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက်နဲ့ “မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်း” ကော်မတီဖွဲ့တာ ကြားလိုက်ရပါတယ်။ အားကြိုးမာန်တက်လုပ်ကြရင်၊ နောက်မကျကောင်းပါဘူး) စဉ်းစားနေကြတုန်း ရေနစ်သူကို ဝါးကူထိုးမယ့် ကိစ္စပေါ်လာတယ်။ အဲ့ဒါက မြစ်ဆုံမှာ ရေကာတာကြီး ဆောက်မယ့်ကိစ္စပါပဲ။ အဲ့ဒီမေခ၊ မလိခ၊ မြစ်ဆုံရေကာတာကြီးတွေက မဂ္ဂါဝပ်သောင်းရှစ်ထောင် (၁၈၀၀၀) ကျော် ထုတ်လုပ် ပေးနိုင်မယ်ဆိုတော့… ဘယ်လောက်ကြီးမယ့် ဆည်ကြီးဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ မေခနဲ့ မလိခမြစ်ဆုံမှာ ဒီဆည်ကြီးဆောက်မယ် ကြားကတည်းက ဟိုကကန့်ကွက်၊ ဒီကကန့်ကွက်ပါပဲ။ ဒီကြားထဲ မကြာခင်က လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက ဘယ်သူတွေ ဘာပြောပြော (သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီတွေရော၊ ကုလသမဂ္ဂရော) ဒီစီမံကိန်းကို ဆက်အကောင်အထည် ဖော်မယ်လို့ ထုတ်ဖော် ကြေငြာလိုက်တာဟာ ရည်ရွယ်ထားပုံ မရသော်လည်း မီးပုံထဲကို ဓါတ်ဆီလောင်းလိုက်သလို ဖြစ်သွားတယ်။ နေရာပေါင်းစုံက ကြွက်ကြွက်ညံအောင် အသံတွေ ထွက်လာတယ်။ တစ်ဘက်က နိုင်ငံတော် အကျိုးစီးပွားအတွက် လုပ်တယ်ဆိုပေမယ့် (ငွေနဲ့မပတ်သတ်တဲ့ တစ်ခြားအကျိုးစီးပွား တွေလည်း အများကြီးရှိပါသေးတယ်) အဘက်ဘက် ထောင့်ပေါင်းစုံက လေ့လာသုံးသပ်ပြီး ဆင်ဆင်ခြင်ခြင် ဆောက်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဘေးထွက်ဆိုးကျိုး ဆိုတာကတော့ ရှိစမြဲပါ။ အဲ့ဒီလို စဉ်းစားပြီးမှ ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာသာမလဲ ချိန်ဆဆောင်ရွက်ရပါမယ်။ ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် နိုင်ငံရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေက လေ့လာသုံးသပ် ကြည့်ရအောင်။ (လက်လှမ်းမှီသလောက် ပြောရတာက လေ့လာသုံးသပ်ဖို့လိုအပ်တဲ့ သတင်းအချက်အလက် အပြည့်အစုံ အမှန် အကန်ကို ရနိုင်ဖို့ခက်ခဲလို့ပါ) ဒီကိစ္စမှာလည်း ထုံးစံအတိုင်းပဲ ပွင့်လင်းမြင်သာမှု အားနည်းနေပါတယ်။ ဝန်ကြီးက BANCA အဖွဲ့လေ့လာနေတာ သုံးနှစ်နီးပါးရှိပြီဆိုပေမယ့် အလုပ်ရုံဆွေးနွေးပွဲမှာ ဘန်ကာအဖွဲ့ဥက္ကဌကတော့ (၅)လပဲ ရှိသေးတယ်လို့ ပြောနေကြပါတယ်။ စီမံကိန်းပြီးလို့ လျှပ်စစ်ဓါတ်အား ရောင်းရတဲ့အခါ နိုင်ငံတော်က အမြတ်ငွေရဲ့ (၃၀) ရာခိုင်နှုန်းရမယ်လို့ ဝန်ကြီးကပြောပေမယ့် တကယ်တော့ (၂၀) ရာခိုင်နှုန်းပဲရမယ်။ (၁၀) ရာခိုင်နှုန်းကို ပွဲစားကိုပေးရမယ်လို့ ပြောတဲ့သူကပြောပါတယ်။ သတ်မှတ်အချိန်ကာလ တစ်ခုရောက်တဲ့အခါ နိုင်ငံတော်က ဒီစီမံကိန်းကြီး တစ်ခုလုံးကို အပိုင်ရမယ်။ သတ်မှတ် အချိန်ကာလဆိုတာ အရင်က အနှစ် (၃၀) လို့ သိပေမယ့် အခုတော့ အနှစ် (၅၀)လို့ ပြောနေပြန်ပါတယ်။ အဆိုးဆုံးကတော့ ဘန်ကာ BANCA (Biodiversity and Nature Conservation Association) အစီရင်ခံစာ အပြည့်အစုံကို ပြည်သူထဲကို ချမပြနိုင် တာပဲ။ ဘန်ကာဥက္ကဌ ပြောတာကတော့ ကန်ထရိုက် (တရုတ်ကုမ္ပဏီ CPI နဲ့စာချုပ်ချုပ်ကတည်းက အစီရင်ခံ စာပါအချက်တွေကို သူတို့ သဘောမတူပဲ ထုတ်ဖော်မပြောပါဘူးလို့ ကတိထားခဲ့ရတယ်တဲ့။ ကဲ… ရသလောက် အချက်တွေ အပေါ်မှာပဲ အခြေခံသုံးသပ်ရအောင်)

(၁) စီးပွားရေးရှုထောင့်

ထိုစီမံကိန်းကထွက်မယ့် မဂ္ဂါဝပ် ၁၈၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၁၈၀၀၀)ကို အခမဲ့သုံးနိုင်မယ်။ ရှယ်ယာလည်း ၁၅ ရာခိုင်နှုန်းထည့်ပေးမယ်။ ရောင်းရငွေအမြတ်လည်း ၃၀ ရာခိုင်နှုန်းရဦးမယ်။ (ပွဲစားကို ၁၀ ရာခိုင် နှုန်းပေးရမယ်ဆိုတာ ဟုတ်သလား) နောင်ပေါ်ထွန်းလာတဲ့ စက်မှုလုပ်ငန်းတွေရဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းက ဖော်ထုတ်မယ့်စက်မှုဇုန် (အာရှမှာအကြီးဆုံးစက်မှုဇုန်) တွေက သုံးမယ့် လျှပ်စစ်ပမာဏက မဂ္ဂါဝပ်တစ်သောင်းလောက်ရှိမယ်။ အဲဒါ တရုတ်ဆီက ပြန်ဝယ်ရမယ်။ ၂၀၀၉ မြစ်ဆုံစီမံကိန်း သဘောတူ စာချုပ်ချုပ်ပြီးကတည်းက တရုတ်က အဲဒီဒေသတစ်ဝိုက်မှာ သူ့အလုပ်သမားတွေနဲ့ အခြေခံ တည်ဆောက်မှုတွေလုပ်နေပြီ။ မေခနဲ့မလိခမြစ်နှစ်မြစ်ရဲ့ လက်ဝဲ (၄၅) မိုင်၊ လက်ယာ (၄) မိုင်အတွင်း သစ်ပင်တွေကို ခုတ်လှဲသယ်တာတွေ၊ ရွှေ၊ ကျောက်မျက်ရတနာ တူးဖော်တာတွေ၊ တိရစ္ဆာန်တွေက အစ အဘိုးတန် သစ်တောထွက်ပစ္စည်းတွေကို တရုတ်ပြည်ကို သယ်ဆောင်တာတွေ လုပ်နေတာတွေ၊ လုပ်နေတာ (၂) နှစ်ကျော်ပြီလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောထူ (ကချင်တိုင်းရင်းသား) ပြောတာလည်း ကြားလိုက်ရတယ်။ တည်ဆောက်မယ့် မြေရှင်းလင်းခြင်း (Site Cleaning) လုပ်ရင်းနဲ့တောင် သူတို့ တော်တော် တွက်ချေကိုက်နေပြီ။ နောက် နိုင်ငံတကာမှာ အစဉ်အလာလည်းရှိပါတယ်။ အီဂျစ်က အဆမ်ဆည်၊ ထိုင်းက ဘာမုန်းဆည်၊ သူတို့ တွက်ချက်ခဲ့သလို ရေစီးရေလာ Hydrology မမှန်တဲ့အတွက် ထင်သလောက် လျှပ်စစ်ဓါတ်အားမရ။ ထိန်းသိမ်းခ စားရိတ်ကြီးလို့ ဝင်ငွေနဲ့ထွက်ငွေ မမျှဖြစ်နေတဲ့ ဆည်တွေပါ။ ပညာရှင်တွေ တွက်ချက်တာကို အထင်မသေးဝံ့ပါဘူး။ သူတို့ရဲ့ စက္ကူပေါ်က Equation တွေ၊ နည်းနည်းလွဲရင် ဒုက္ခကြီးကြီးဖြစ်တတ်တာ တင်ပြတာပါ။ မြန်မာပြည်ကပဲ လက်ပံဆည်၊ ပထမ ရေသိုလှောင်နိုင်မယ့် ပမာဏကို မှန်းဆထားတာက ၅၅၀၀ ဧကပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ရေအများဆုံး ဝင်တယ်ဆိုတဲ့ ၂၀၁၀ နှစ်မှာတောင် ၃၉၆၅ ဧကပေပဲ ဝင်တယ်တဲ့။ အခုမြစ်ဆုံဆည်ရဲ့ ရေသိုလှောင်မှု ဧက သိန်း၉၇.၈၈ ရှိပါတယ်။ ထင်တိုင်းပေါက်ပါ့မလား။ မေခမလိခရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ဟိမဝန္တာတောင်ပေါ်မှာ နှင်းတွေ၊ ရေခဲပြင်တွေ တစ်နေ့တစ်ခြား ရှားပါးလာတဲ့အပြင် နောင်လာမယ့် အနှစ် ၅၀ အတွင်း အဲဒီဒေသမှာ မိုးအရမ်းခေါင်မယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောသွားတာလည်း ကြားလိုက်ပါတယ်။ နောက်တစ်ချက်က အနှစ် ၅၀ ပြည့်လို့ ကျနော်တို့ ပြန်ရတဲ့အခါ ဒီဆည်ကြီးဟာ ဘာမှ သုံးမရတဲ့ အနည်အနှစ် တွေပြည့်နေတဲ့ အမှိုက်ကန်ကြီး ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

(၂) သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်

ဒီပြဿနာမှာ အရေးအကြီးဆုံး ထောင့်လည်းဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ကန့်ကွက် နေတဲ့အသံတွေထဲမှာ အဆူညံဆုံး အသံဟာလည်း သူတို့အသံပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလောက် ပြောနေရ လဲဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ မြန်မာနိုင်ငံနဲ့သာ မဟုတ်ပဲ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။ သက်ဆိုင်ရာဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်ခဲ့တဲ့ (ငှားရမ်းခ ဒေါ်လာ ၁.၂၅ သန်းပေးခဲ့ရပါတယ်) ဘန်ကာ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က သူပြောနိုင်တဲ့ အတိုင်းအတာကနေပြီး သူတို့အချိန်ငါးလသာ ရခဲ့တဲ့အတွက် လုံးဝမလုံလောက်ကြောင်း ဖွင့်ထုတ်ပြောပါတယ်။ ဘန်ကာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ နိုင်ငံခြားသတင်းဌာန တစ်ခုနဲ့ တွေ့ဆုံအင်တာဗျူးတဲ့အခါ သူတို့အနေနဲ့ ဒီနေရာမှာ လုံးဝ ဆည်မဆောက် သင့်ကြောင်း အကြံ ပေးတင်ပြခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ဆည်တစ်ခုဆောက်တဲ့နေရာမှာ လိုက်နာသင့်တဲ့အချက် (၈) ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတွေ ထုတ်ဖော် တင်ပြထားတာရှိပါတယ်။ ရေလှောင်ကန် မျက်နှာပြင်သေးရမယ်။ ကျယ်ပြန့်ကြီးမားနေရင် ရေလှုပ်အားကြောင့် အောက်ခြေ ကျောက်တုံးတွေ ပွတ်တိုက်မိပြီး မြေငလျင်လှုပ်နိုင်ပါတယ်။ ဒီမြစ်ဆုံနေရာဟာ စစ်ကိုင်းပြတ်ရွှေ့ကျော (ပဲခူးကနေ တောင်မြောက် ကီလိုမီတာ ၁၀၀၀ ကျော်သွယ်တန်းနေသည့် ငလျင်ကျော) နဲ့ ၁၆ မိုင်ပဲဝေးပါတယ်။ ၁၉၄၆က ကာမိုင်းငလျင်ဆိုတဲ့ ငလျင်အကြီးအကျယ် လှုပ်ဖူးတဲ့ သာဓကရှိပါတယ်။ နောက်တစ်ချက်က သဘာဝတောတောင်နဲ့ စားကျက်တွေကို မထိခိုက်စေရ။ ထိခိုက်မှု နည်းပါးစေရမယ်တဲ့။ ရေနေသတ္တဝါ ရေအောက်အပင်ငယ် ဇီဝမျိုးစုံမျိုးကွဲ Biodiversity တွေလည်း အနည်းငယ်သာ ပျက်စီးစေရမည်တဲ့။ ရေလှောင်ကန် တိုရမယ်။ ဇောက်နက်ရမယ်။ ဆည်ရဲ့ အောက်ဘက်မှာ ရေအားဖြည့်တင်းပေးနိုင်တဲ့ မြစ်လက်တက် ချောင်းလက်တက်တွေ များရမယ်။ သစ်တော အစိတ်အပိုင်းများများ ရေမမြုပ်ရ။ ရေထုမညစ်ညမ်းစေရ။ သဘာဝဂေဟစံနစ် ထူးထူးခြားခြား မပြောင်းလဲအောင် ဂရုစိုက်ရမယ်။ ဆည်က (၈) ဆင့်ဆည်။ ရေကို တဖြည်းဖြည်းခြင်း ဖြည့်ရမယ်တဲ့။ သိရသလောက်တော့ ဆည်တွေက တစ်ခုနဲ့တစ်ခု အတော်နီးတယ်။ သတ်မှတ် ထားတဲ့ နှုန်းအရဆို ဆည်တစ်ခုနဲ့တစ်ခု မိုင်(၆၀) ကွာရမယ်တဲ့။ ဒါမှ ရေစီးကောင်းမယ်။ ရေစီးကောင်းမှ ရေထဲကို အောက်စီဂျင်များများ ရနိုင်မယ်။ အခုဆောက်မယ့်ဆည်တွေဟာ အဲ့ဒီအချက်တွေနဲ့ ဘယ်လောက် ကိုက်ညီမလဲ။ နောက်တစ်ခုက မြစ်ဖျား ဆည်ဆောက်လိုက်တာဟာ ဟိုးအောက်ပိုင်း မြစ်ခြေအထိ ထိခိုက်မှုတွေ ရှိတဲ့အချက်ပဲ။ BANCA အဖွဲ့ကလည်း သူတို့ဆည်ရဲ့အောက်ပိုင်း Downstream မြစ်ကြောင်းတစ်လျှောက် အကျိုးသက်ရောက် မှုတွေကို အသေးစိတ် မလေ့လာရသေးပါဘူးတဲ့။ ဒါပေမယ့် သီအိုရီအရကို မြစ်အထက်မှာ ဆည်ဆောက်ရင် အောက်ပိုင်းမှာ ထိခိုက်မှုတွေရှိတယ်ဆိုတာကိုတော့ လက်ခံကြပြီးသားပါ။ အထူးသဖြင့် (သူတို့က မူလစီးနေ တဲ့ရေရဲ့ ၇ ရာခိုင်နှုန်း သာယူပြီး ၉၃ ရာခိုင်နှုန်း ရေကို လွှတ်ပေးမယ်လို့ ပြောထားပေမယ့် ဒီစကားက တိကျဖို့ ခက်တယ်။ ဆည်ထဲကိုစီးဝင်တဲ့ ရေပမာဏကို လိုက်ပြီးသော်လည်းကောင်း၊ သတ်မှတ်ထားတဲ့ ဓါတ်အားပမာဏ ထွက်ရှိဖို့ လုံလောက်တဲ့ ရေအား ရရှိအောင်သော်လည်းကောင်း၊ ဆောင်ရွက်ရာမှာ အပြောင်းအလဲ ရှိနိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ရေစီးကတော့ နည်းသွားမှာသေချာတယ်။ အဲဒီလိုနည်းတာနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ပင်လယ်ရေငန်က ဝင်ရောက်လာမှာပဲ။ အဲဒီဒေသမှာ ခရီးသွားလာနိုင်တဲ့ ရေကြောင်းလမ်းက မိုင် ၂၀၀၀ ကျော်ရှိတယ်။ ရေငန်ဝင်လာတာနဲ့ လယ်တွေပျက်မယ်။ ဒီတော့ ရေထိန်းတံခါးတွေ တပ်ပေးဖို့လိုတယ်။ မေခက ရေပူဖြစ်ပြီး၊ မလိခက ရေအေးဖြစ်တယ်။ ပိတ်ဆည်လိုက်တဲ့အတွက် ရေကာတာထဲမှာ အဲဒီရေနှစ်မျိုး သမသွားရင် အအေးပိုင်မှာပေါက်ဖွားတတ်တဲ့ သတ္တဝါကလေးတွေ ရှင်သန်နိုင်ပါဦးမလား။ အမေရိကားမှာ သားပေါက်ချိန်ကျ အထက်ကိုဆန်တတ်ပြီး ဥတတ်တဲ့ ဆဲလ်မွန်ငါးတွေအတွက်ရေကာတာ တံခါးတွေဖွင့်ပေး ကြတယ်လို့ဆိုပါတယ်။ နောက် ရေကြောင်းကျဉ်းလာ တိမ်လာတဲ့အတွက် ခရီးသွားလာရေး ခက်ခဲမယ်။

(၃) နိုင်ငံရေးရှုထောင့်

(က) တရုတ်ဟာ နှစ်ပေါင်းများစွာ ကတည်းက မြန်မာနိုင်ငံကို Geo-Politics ပထဝီနိုင်ငံရေးအရ၊ အရေးပါတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့တယ်။ မြန်မာနိုင်ငံမှာ အမေရိကန်လိုလားတဲ့ အစိုးရမျိုးတတ်မှာကို မနှစ်မြို့ဘူး။ ဒါကတော့ သဘာဝတရား အတိုင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာ ဂျပန်လို၊ ဖိလစ်ပိုင်လို အမေရိကန်အခြေစိုက် စခန်းတွေ ရှိလာခဲ့ရင် သူနေ့နေ့ညည ခြောက်ခြားနေမှာပေါ့။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအစိုးရအပေါ် ဦးနေဝင်းတို့ လက်ထက်ကတည်းက အတော်အတန်သြဇာရှိခဲ့တယ်။ အခုလည်း နိုင်ငံရေးသြဇာအပြင် စီးပွားရေးသြ ဇာထူထောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို သူ့ရဲ့လက်အောက်ခံပြည်နယ်အဖြစ် သွတ်သွင်းဖို့ ကြိုးစားနေတယ်။ ဘာညာဆိုတာတွေကတော့ အကြောက်လွန်တဲ့ သူတွေပြောနေတဲ့ အဓိပ္ပါယ်မဲ့စကားတွေသာ ဖြစ်ပါတယ်။ ဒီနေ့ဒီလို ကိုလိုနီနိုင်ငံ ထူထောင်တယ်ဆိုတာ နယ်ချဲ့တယ်ဆိုတာ ခေတ်မရှိတော့တဲ့ သဘောတရား တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဒီလောက် နုံခြာတဲ့ နိုင်ငံမဟုတ်ပါဘူး။ (ခ) နောက်တစ်ချက်က ဒီပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ နအဖအစိုးရ လက်ထက်က မရခဲ့တဲ့ အဆင်ပြေမှုတွေ ရနေပါတယ်။ အပြန်အလှန် နားလည်မှုတွေ တိုးတက်နေလို့ ငြိမ်းချမ်းရေး လမ်းစပေါ်ပြီလို့တောင် ပြောတဲ့သူကပြောနေပါတယ်။ မုန်းစကိုတိုပြီး ချစ်စကိုရှည်ဖို့ ကြိုးစားနေတဲ့ ဒီလိုကာလ မျိုးမှာ “ဒီမြစ်ဆုံဆည်ပြဿနာ” ဟာ အမျိုးသားညီညွတ်ရေးကို ဖြိုခွင်းမယ့် စံနက်တန်အဖြစ် ပြောင်းလဲလာမှာကို သတိထားရှောင်ရှားဖို့ လိုပါတယ်။ (ကချင်တိုင်းရင်းသားတွေ အရေးနဲ့လည်း ပတ်သက်နေတဲ့) ဒါဟာ အစိုးရနဲ့ အတိုက်အခံရဲ့ အားစမ်းပွဲလို့မြင်ရင် (သို့မဟုတ်) အဲဒီအသွင်ရောက်သွားရင် ဆိုးကျိုးတွေပဲ ပေါ်ပေါက်လာစရာ ရှိပါတယ်။ ဒီနေရာမှာ စက်မှုဝန်ကြီးဦးစိုးသိန်း ပြောသွားတဲ့စကားဟာ အင်မတန်အတုယူလေး စားဖို့ကောင်းပါတယ်။ ကောက်နှုတ်ပြရရင်–(ကျနော်တို့အပါအဝင် ကျနော်တို့က မြဲတာမဟုတ်ဘူး။ အခုရာထူးရာခံအာဏာ၊ အခွင့် အာဏာအားလုံးကလည်း ကိုယ်ပိုင်မဟုတ်ဘူး။ ဒါပေမယ့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ သားစဉ်မြေးဆက်သော ပြည်သူတွေကတော့ ထာဝရတည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကြောင့် စည်းရုံးမှု မပျက်ပြားပဲနဲ့ စည်းလုံးမှုချိနဲ့ မသွားစေပဲနဲ့ ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြရင် ပိုအောင်မြင်မယ်)– ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စက်တင်ဘာ ၁၇ – ၂၀၁၁)

(၄) လူမှုရေးရှုထောင့်

(က) ဒေသခံ ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ဒီမေခမလိခမြစ်ဆုံဟာ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အင်မတန် တန်ဘိုးထားတဲ့နေရာမို့ စိတ်နှလုံးထိခိုက် ကြေကွဲကြမှာ သေချာပါတယ်။ နောက်တစ်ချက်က ဒီမြစ်ဆုံဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးထားတဲ့ ရှားရှားပါးပါး ရှုခင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ရေကာတာကြောင့် ဒီရှုခင်း ပျောက်ဆုံးသွားရင် တစ်ခြားဘယ်အရာနဲ့မှ အစားထိုးလဲလှယ်လို့ မရပါဘူး။ (ခ) ရေကာတာ အထက်ပိုင်းက ကျေးရွာ ၁၀၀ လောက်ဟာ အတော်များများ ပြောင်းရွှေ့ ပေးကြရမယ်။ တရုတ် ကုမ္ပဏီက နေထိုင်ဖို့ အစားထိုး လျော်ကြေးပေးမယ် ဆိုပေမယ့် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြတဲ့ နေရာကို ဘယ်သူမှ မစွန့်ခွာချင်ကြဘူးဆိုတာ ဓမ္မတာဖြစ်ပါတယ်။ (ဘန်ကာတစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ ဆည်ရှစ် ခုပိတ်လိုက်ရင် ရေလွှမ်းမိုးသွားမယ့် ဧကက တစ်သိန်းလေးသောင်း လေးထောင်ငါးဆယ် ရှိတယ်လို့ပြောပါတယ်။ အဲဒီရေအောက်ထဲမှာ တံတားတွေ၊ လမ်းတွေ နစ်မြုတ်သွားမှာမို့ ကူးသန်းသွားလာရေး ပျက်မယ်။ လုပ်ငန်းကိုင်ငန်းတွေ ပျက်မယ်။ စိတ်သောကရောက်မယ်။ (ဂ) ဒီဆည် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တရုတ် အလုပ်သမားတွေ သောင်းနဲ့ချီပြီး ရောက်လာမယ်။ သူတို့ ဒီဆည်မပြီးမချင်း နှစ်နဲ့ချီပြီး အခြေချနေထိုင်ကြမယ်။ (အနည်းဆုံး ၈ နှစ်ကနေ ၁၅ နှစ်အထိ) အဲဒီအခါ သွေးနှောမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ တရုတ်ပြည်မှာ ယောက်ျားဦးရေနဲ့ မိန်းမ ဦးရေမမျှလို့ သတို့သမီး လူကုန်ကူးမှုတွေ ရှိနေတာလည်း အားလုံးအသိပဲ။ ဒါတွေဟာ မပြည့်မစုံ လက်လှမ်းမီသလောက် တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီမြစ်ဆုံဆည် တည်ဆောက်လိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်ကို တတ်သိသူတွေက လေ့လာတင်ပြပြီး အများကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် ဆောင်ရွက်ပေးကြရင်ကောင်းမယ်။

အခုအချိန်မှာတော့ ဧရာဝတီအရေးဟာ အားလုံးအရေးပါပဲ။

သစ္စာနီ (စက်တင်ဘာ ၂၀၁၁)

source: ဒီမိုဝေယံ