ပေးဆပ်ခြင်းများစွာနဲ့…

ပေးဆပ်ခြင်းများစွာနဲ့…

“အောင်မြင်တဲ့ ယောက်ျားတယောက်တိုင်းရဲ့ နောက်မှာ မိန်းမတယောက်ရှိတယ်”

ဒီစကားတခွန်းဟာ ကြားရတာများလွန်းလို့ ဖန်တရာတေနေပါပြီ။ အောင်မြင်တဲ့ ယောက်ျားနောက်က မိန်းမ က အောင်မြင်တဲ့ မိန်းမတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ များသောအားဖြင့်က အဲ့ဒီယောက်ျား အောင်မြင်ဖို့ ပေးဆပ်နေရတဲ့ အားပေးနေရတဲ့ အဲ့ဒီယောက်ျားရဲ့မာန ကို အရောင်တင်ပေးနေ ဆင်ပေးနေရတဲ့ မိန်းမ ဖြစ်ဖို့များတယ်။ ပြီးတော့ သူမ အတွက်က ပေးပြီးရင် ပေးရင်ပဲ ဖြစ်နေရလိမ့်မယ်။ ကန့်လန့်ကာ နောက်ကွယ်ကနေ လက်ခုပ်တီးပေးနေတာကလဲသူ့အလုပ်ပဲ။ ဒီလိုနဲ့ ယောက်ျားက အောင်မြင်သွားပါလေရော….ဒါပေမယ့် မိန်းမက ကော စိတ်ချမ်းသာပါ့မလား…? ပျော်ရွှင်ပါ့မလား…?

အောင်မြင်တယ် လို့ သူ့ကိုယ်သူ ထင်နေတဲ့ ယောက်ျားတယောက်က ပြောတာ ကိုယ် နားနဲ့ ဆတ်ဆတ်ကြားဖူးပါသေးတယ်။ ဘာတဲ့….

“အောင်မြင်တဲ့ ဘယ်ယောက်ျားတယောက်မဆို မိန်းမတယောက်တည်း ရှိရုံနဲ့ မလုံလောက်ဘူး” ဆိုပဲကျ ကျဖို့ပဲကောင်းသေးတော့တယ်။

ကဲ..ဒါဆို ယောက်ျားတွေအတွက် ပေးဆပ်သူချည်းသက်သက်ဖြစ်နေတာထက်စာရင်တော့… ကိုယ်တို့ မိန်းမတွေ သူတို့ရှေ့ ကနေသာ လျောက်လှမ်းကြပါစို့ရဲ့။

ကိုယ်က ဒီလိုပြောချင်တယ်…..

“သုခ ချမ်းသာနဲ့ပြည့်စုံတဲ့ မိန်းမတယောက်တိုင်း ရဲ့ နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျား တယောက်ရှိတယ်” ကဲ ကိုယ်ပြောတာ ဟုတ်မဟုတ် ကြည့်ကြည့် ကြရအောင်။

စာရေးဆရာမ ပေါက်စ နောက်မှာ သူ့ထက် အနုပညာ ပိုင်းမှာ ပိုရင့်ကျက်တဲ့ ပိုပြည့်ဝတဲ့ တဲလန့် ပိုရှိတဲ့ သူ့အတွက် ရှဲဒိုးရေးပေးနေတဲ့ ဝါပိုရင့်တဲ့ စာရေးဆရာ ရင့်မာ ကြီးတယောက်ရှိမယ်ကွယ်။ သူက သူမ အတွက် ရေးပေးမယ်၊ စာစီပေးမယ်၊ တည်းဖြတ်ပေးမယ်၊ ဟော စာအုပ်ထွက်ဖို့ က အစအကုန်လိုက်လုပ်ပေးအုံးမယ်။ သူလဲ စာရေးရင်ရေးမယ် မရေးရင်မရေးဘူး။ သူ စာအုပ်ထွက်ချင်လဲထွက်မယ် မထွက်ချင်လဲမထွက်ဘူး။ သူမကတော့ တလ တအုပ်ပုံမှန်ထွက်မယ်။ထွက်အောင်လဲသူက ရေးပေးမယ်။ ကဲ ပိုသေချာတာကတော့ သူမ က သူ့ထက်ပို နာမည်ကြီးမယ်။ သူမ က ငယ်ဂုဏ်လေးလဲရှိမယ် သာမန်လူတွေအတွက်ပြောရရင် အထင်ကရ ဘွဲ့တခုခု လဲ ရထားမယ်။ဆိုပါတော့ ဥပမာ ပြောတာပါ။

ဒါရိုက်တာ မမလေး တယောက်နောက်မှာလဲ သူ့အတွက် အရာရာ ဖြည့်စည်းပေးမယ် နားလည်တဲ့ ယောက်ျားတယောက်ရှိမယ်။ ဇာတ်လမ်းရွေးတာ ဝတ္ထုဘတ်တာ၊ စာရေးဆရာနဲ့ စကားပြောတာ၊ ဇာတ်ညွှန်းခွဲတာ၊ ရိုက်ကွင်းနဲ့ပတ်သက်ကမျှ မင်းသားမင်းသမီး ရိုက်ရက်ချိတ်တာကအစ ရှုတင် ရက်ချိန်း နေရာရှာတာ အလယ် မီးသမား မှန်သမား စက်အဖွဲ့ ကိစ္စ အဆုံး သူက အကုန်စီစဉ်ပေးမယ်။ သူမက အချိန်တန် ရိုက်ကွင်းထဲမှာ ရိုက်ပြီးတော့ အချိန်တန် ဆုတက်ယူရုံပဲ။

သရုပ်ဆောင်မလေးတယောက်နောက်ကွယ်မှာလဲ အောင်မြင်တဲ့ ဒါရိုက်တာ ယောက်ျား တယောက် က ရှိမယ်။ သူမ သရုပ်ဆောင်တာ ညံ့ရင် သူက သင်ပြပေးမယ်။ သူမ အတွက် သူမနဲ့ လိုက်ဘက်မယ့် ဇာတ်လမ်းတွေ ရွေးပေးမယ်၊ ဇာတ်ညွှန်းခွဲပေးမယ်၊ ဒိုင်ယာလော့ခ် တက်ပေးမယ်။ အကုန်လုံး ကိုသေချာသင်ပြပေးမယ်။

ဟော အလှအပ မက်လောက်စရာနဲ့ ပြည့်စုံတဲ့ မော်ဒယ် ပေါက်စ မလေးတယောက်နောက် မှာလဲ အောင်မြင်တဲ့ ပြည့်စုံ ကုံလုံတဲ့ စီးပွားရေး လုပ်ငန်းရှင်ယောက်ျား တယောက်ရှိမယ်။ သူမအတွက် နေစရာ စီးစရာ သုံးစရာ အကုန်ဖြည့်စည်းပေးမယ်။ ရှော့ပင်းထွက်ဖို့ ဒေါ်လာ ၉ သောင်းလောက်လဲ ပေးအုံးမယ်။

သူမတို့ ရဲ့ နှစ်သိမ့်အပြုံးလေးတွေ၊ အားကိုးတဲ့ အကြည့်လေးတွေ၊ မူနွဲ့နွဲ့ နှုတ်ခမ်းလေးတွေ၊ စူတူတူ အပြုံးလေးတွေ၊ ကုန်ကုန်ပြောရရင် သူမတို့ ရဲ့ မျက်ရည်တစက်က အစ ယောက်ျားတွေအတွက် ရှိသမျှ အားကုန်အင်ကုန် အရာရာဖြည့်စည်းပေးစေချင်တဲ့ တွန်းအားတွေ ဖြစ်မယ်။

ကဲ ကိုယ်ပြောတာ ကို သဘောတူပြီလား….?

သုခချမ်းသာနဲ့ ပြည့်စုံတဲ့ မိန်းမတယောက်နောက်ကွယ်မှာ အောင်မြင်တဲ့ ယောက်ျားတယောက် ရှိတယ်ဆိုတာ။

A Chen
12:38 PM
22nd May 2011
In the air
TG 612
Bangkok-Kunming

ယောက်ျားတွေအတွက် လက်ဆောင် (၃) မျိုး……

ယောက်ျားတွေအတွက် လက်ဆောင် (၃) မျိုး……

ယောက်ျားတွေကို လက်ဆောင်ပေးရတာ တခါတခါ သိပ်ခေါင်းခဲတဲ့ ကိစ္စပါ၊* ဟိုတယောက် လို ဘာမှ ကုန်းကောက်စရာ မရှိတဲ့ ယောက်ျား ကျတော့ ကိုယ်တွေက လှည့်တောင် မကြည့် ချင်။ လှည့်တောင် မကြည့်ချင်တော့ ကြိုက်လဲ ဘယ်တော့မှ မကြိုက်ဘူး၊ ဟော ဟိုတယောက် လို အရာရာ ပြည့်စုံနေတဲ့ ယောက်ျားကျတော့လဲ ဘာလက်ဆောင်ပေးရင် ကောင်းမလဲဆိုတာ ခေါင်းခဲရပြန်ရော……

ရှပ်အင်္ကျီ၊ နက်ကတိုင်၊ ခါးပတ်၊ ဘောင်းဘီ၊ လက်ပတ်နာရီ အကုန်လုံး ပေးဖူးနေပြီ…..ဘာမှ အံ့သြစရာ မဖြစ်တော့ဘူး။ မစပရိုင်းစ် တော့ဘူး။ ဖာလာရီ ကားအသစ် တစီးလောက်ဝယ်ပေး ရရင် ကောင်းမလား……ဆိုတော့လဲ မိန်းမတိုင်း က ကား ကို လက်ဆောင်အဖြစ် ဝယ်ပေးနိုင် တာမဟုတ်……(အင်းလေ သူ့ ပိုက်ဆံ နဲ့သူ့ကို ပြန်ဝယ်ပေးရရင်တော့ တမျိုးပေါ့) *

နွေးထွေးမှု ဆိုတဲ့ ကုမ္ဗဏီထုတ် တံဆိပ်ကလေး နဲ့ သိုးမွှေးအင်္ကျီလေး၊ ဦးထုပ်လေး၊ မာဖလာ လေး ထိုးပေးရရင်တော့လဲ စိတ်ကူးလေးက အကောင်းသား၊ သို့သော်………..သို့သော် နောက်က ဘာလဲ ပရိတ်သတ်ကြီး သိပါတယ်လေ…….အခုခေတ်မှာ မိန်းမတော်တော်များများ က သိုးမွှေးထိုးတယ် ဆိုတာ ဂျို နဲ့ လား လို့ မေးကြမယ့်ခေတ်။ ဟင်းတောင် ကညာစစ်ပြီး မချက်ချင်ကြတော့တဲ့ခေတ်၊ အင်တာနက်ရှေ့မှာ သာ ဘလောခ် ရေးနေရရင် ပြီးရောဆိုတဲ့ ခေတ်။*

(သူငယ်ချင်း တယောက်တော့ ရှိတယ် အချုပ် အလုပ် ဝါသနာပါတယ် ဇာထိုးပန်းထိုး တတ်တယ်၊ လက်ဖြစ်တယ် သို့သော်………အခြောက်ကြီးဖြစ်နေတယ် ကိုယ်တွေကပဲ ပိုတော်နေလေသလား….လား…..လား……..)

ဒီလိုနဲ့……….ယောက်ျားတယောက်ကို လက်ဆောင်ပေးဖို့ ကြုံလာတိုင်း ကြုံလာတိုင်း ကိုယ့်မှာ အခက်တွေ့ ရပါတယ်။ ဒုက္ခရောက်ရပါတယ်။ ကူကယ်ရာမဲ့ရပါတယ်။ ဘာပဲပေးပေး၊ ဘယ်လို လက်ဆောင်မျိုးပဲ ဖြစ်ဖြစ် သူ့အတွက်ကျတော့ ချယ်ရီ သီးတွေနဲ့ပြည့်နေပြီးသားဖြစ်နေတဲ့ ချိစ် ကိတ်ပေါ်ကို စတော်ဘယ်ရီ နောက် တလုံး လာတင်သလို ဖြစ်နေတာပဲ။ ရှိလဲဖြစ်တယ် မရှိလဲ ဖြစ်တယ် ဆိုတာမျိုးလေ။ အပိုပဲပေါ့။ အဲ ကိုယ်တို့ မိန်းမတွေအတွက် လက်ဆောင်ပေးဖို့ ကျ တော့ ယောက်ျားတွေအတွက် သိပ်ကို လွယ်ကူနေပြန်ပါတယ်။ စိန်၊ ရွှေ ၊ပုလဲ ဘာဘာညာညာ စတဲ့ အသေးအဖွဲ ကျောက်မျက်ရတာနာ ချည်းသက်သက် ကိုကတင် အမျိုးအစား မနည်းဘူး မှလား၊ မောင်တို့ ယောက်ျားတွေအတွက် သူတို့ပေးချင်တာကို လွယ်လွယ်ကူကူ ခေါင်းမခဲဘဲ ပေးနိုင်ဖို့ ရွေးချယ်စရာများတာပေါ့လေ။

“ခုလာမယ့် မွေးနေ့ ကျရင် ဘာလိုချင်လဲဟင်….?” လို့ ………ယောက်ျားတယောက်ကို မိန်းမ တယောက်က ဒီလိုမေးခွန်းမျိုး မေးဖို့ ကြုံလာတိုင်းလဲ အဲ့ဒီ အမေးခံ ယောက်ျားအတွက်ကလဲ ခေါင်းခဲရတာပါပဲ။ သူ့မှာ ဘာလိုအပ်နေသေးလဲ သူလဲ စဉ်းစားမရဘူးလေ ပြီးတော့ ယောက်ျား တွေ လိုအပ်နေတဲ့ လိုချင်နေတဲ့ အရာ တော်တော် များများ ကလဲ မိန်းမတော်တော်များများ က ဝယ်မပေးနိုင် တာမျိုး…………

နောက်ဆုံးတော့ မိန်းကလေးခမျာ သူ့ အပေါ်ထားတဲ့ သူမ ရဲ့ စိတ်စေတနာ ကိုဖော်ပြဖို့ လက်ဆောင် တခုခုတော့ ဝယ်ပေးမှ ဖြစ်မယ် ဆိုပြီး ….ကောင်းနိုးရာရာ သင့်တော်မယ် ထင်တာလေးကို သူ့ရဲ့လစာ တလစာ လုံးသုံးပြီး ဝယ်ပေးရှာတော့တယ်။ ယောက်ျားလေး အနေနဲ့ က သိပ်ကို ကျေနပ် နှစ်သိမ့်မိပါတယ်။ မိန်းကလေး ရဲ့ သူ့ အပေါ် အလေးထားမှု ကိုလဲ ထိထိခိုက်ခိုက် ခံစားမိတာပေါ့ ဒါပေမယ့်…..ဒီလို လက်ဆောက်လေးတခုထဲအတွက်တောင် ပိုက်ဆံတွေ အများကြီး သုံးတတ်တဲ့ မိန်းကလေးဟာ စီးတဲ့ရေ ဆယ်မယ့် ကန်သင်း ဟုတ်နိင်ပါ့မလား…လို့လဲတွေးနိုင်သေးတယ်နော်။

တကယ်တော့  ယောက်ျားတွေ လိုချင်တဲ့ လက်ဆောင်က (၃) မျိုးပဲ ရှိပါတယ်….

၁) သူ့မာန ကို ဖြည့်စည်းပေးမယ့် အရာ…..။ ။သူ့ကို ယုံကြည် ကိုးစား တာမျိုး၊ ကိုးကွယ် စည်းကပ်တာမျိုး သူ့ ရဲ့ မာန ကို အရောင်တက်စေတဲ့ အရာမျိုးတွေ တထပ် ပြီးတော့ နောက်တထပ်ပေါ့ ပေးလိုက်ပါ…..

၂) လေးစားအထင်ကြီးတဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေ..။ ။တကယ်လို့ သူက ကိုယ့်ရှေ့မှာ တော်တော်တုံးတဲ့ အူကြောင်ကြောင် ကိစ္စ တခုခု လုပ်ခဲ့တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး …. သူ့ကို အဲ့လို မျက်ဝန်းမျိုးလေးတွေသာ လက်ဆောင်ပေးလိုက်ပါ (အရည်လေးတော့ လဲ့ ပစေ နော်)

၃) ဘဝအမောပြေစေမယ့် နှစ်သိမ့်မှုလေးတွေ …..။ ။ကိုယ်ဟာ သူ့အတွက် ဆူးလမ်းလဲ အတူတူဘေးကနေနင်းမယ့် သူ ဆိုတာ ကို သူသိပါစေ။ သူ့ရဲ့ စိတ်အစာ၊ မာန အရောင်၊ သူ့ ရဲ့ အမောပြေမှီတွယ်ရာ….ဆိုတာ ကို သူသိပါစေ။ For better for worse, till death do us part ပေါ့လေ။

သူသာ ကိုယ်တို့တွေ ဆီက ဒီ လက်ဆောင် (၃) မျိုး ကိုရထားရင် ကိုယ့်တို့ က လဲ သူ့ဆီက လက်ဆောင် အမျိုးမျိုး ကို ပြန်ရပြီပေါ့။ ကိုယ်က သူ့ကို ဒီလက်ဆောင် (၃)မျိုးပေးနိုင်ရင် သူကလဲ ကိုယ့်အတွက် လက်ဆောင်တွေ အများကြီး…အများကြီး ပြန်ပေးလာမှာပေါ့နော်။

A Chen
9:41 PM
20th May 2011
Friday
Phuket Airport
Thailand

*မမကွမ်သိပါတယ်လေ……

အလင်းကိုမြင်ပြီ


အလင်းကိုမြင်ပြီ

ရာပန်ဇယ်)

ရက်ပေါင်းများစွာ ပြတင်းက ကိုယ်ကြည့်နေ
လပေါင်းများစွာ အပြင်သို့ အတွင်းကကြည့်
နှစ်ပေါင်းများစွာ ဘယ်တော့မှ ကိုယ်မတွေးခဲ့
ကိုယ် ဘယ်လောက်အထိ အသိအမြင်မဲ့

အခုတော့ကိုယ် ကြယ်ရောင်များကြားမှာ လင်းနေ
အခုတော့ကိုယ် အရာအားလုံး ကိုမြင်
ရပ်လို့ကြည့် အရာတိုင်းလင်းစင်
ကိုယ်ရှိသင့်တဲ့ ဌာနေ

ကိုယ်နောက်ဆုံးအလင်းများကိုမြင်
မြူတွေဟာ ဖယ်ရှားလို့ သွားသလို
ကိုယ်နောက်ဆုံး အလင်းများကိုမြင်
ပြာလင်တဲ့ ကိုယ့်ကောင်းကင်ဖြူး
ဒါတကယ့် နွေးထွေး အစစ် အလင်း
ကမ္ဘာမြေတောင် ရပ်တန့်ရွေ့ပြောင်းသလို
အရာအားလုံးဟာ အသွင် ရုတ်တရက် အကုန် ပြောင်းပြီ
မင်းအနားရှိနေလို့…

ယူဂျင်း)

ရက်ပေါင်းများသွာ အိပ်မက်နောက်ကိုယ်လိုက်လေ
လပေါင်းများစွာ မှုံဝါး ကိုယ့်ဘဝလေး
နှစ်ပေါင်းများစွာ ထင်ရှင်းပြီး ကိုယ်မတွေ့နိုင်
အရာအားလုံး ရှိတည်ခြင်း

အခုတော့ သူ ကြယ်ရောင်များကြားမှာ လင်းနေ
သူ့ကြောင့်သာ ကိုယ်အရာတိုင်း အသိတွေလင်း
သူ့ကြောင့်သာ ရှင်းလင်းစွာ
ဘယ်သွားရမှန်းကိုယ်သိ

တူ)
ကိုယ်နောက်ဆုံးအလင်းများကိုမြင်

ယူဂျင်း)
မြူတွေဟာ ဖယ်ရှားလို့ သွားသလို

တူ)
ကိုယ်နောက်ဆုံး အလင်းများကိုမြင်

ရာပန်ဇယ်)
ပြာလင်တဲ့ ကိုယ့်ကောင်းကင်ဖြူး
(ကြည်စင်တဲ့ ကိုယ့် ကမ္ဘာဟာဖြူး)

တူ)
ဒါတကယ့် နွေးထွေး အစစ် အလင်း
ကမ္ဘာမြေတောင် ရပ်တန့်ရွေ့ပြောင်းသလို
အရာအားလုံးဟာ အသွင် ရုတ်တရက် အကုန် ပြောင်းပြီ
မင်းအနားရှိနေလို့…

တူ)
ကိုယ့်အနားမင်းရှိနေလို့….

A Chen
22nd May 2011
Sunday
10:40 AM
on the plane
TG 612
Bangkok – Kunming
Before take off

မောင်တို့ ခေတ်သစ်ယောက်ျားတွေ

မောင်တို့ ခေတ်သစ်ယောက်ျားတွေ

ကိုယ်ငယ်ငယ်တုံးက ကြားဖူးတာပါ။ အရင်ခေတ်တွေတုံးက မိန်းမတွေ အိမ်ထောင်ဘက်ရွေး ကြမယ် ချစ်သူရည်းစားထားကြမယ်ဆိုရင် နံပါတ်တစ် ပထမ ဦးစားပေးတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အာခီတက်ခ်၊ ဘာညာစတဲ့ ပညာတတ်ယောက်ျားတွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေအဖြစ် နာမည်ကြီးခဲ့ကြပါတယ်။ နောက် ကုန်သည်၊ သူဌေးသား၊ စီးပွားရေး သမား စတာတွေကလဲ အကြိုက်တွေ့စရာတွေပါပဲ။ ဒီလို ပညာတတ် စီးပွားရေးသမား စတာ တွေဟာ မိန်းကလေးတွေအတွက် ကြင်ယာဖက် ရှာစရာသာမက မိဘတွေကလဲ သမက်ဖမ်း ချင်စရာလူမျိုးတွေဖြစ်ခဲ့ကြပါတယ်။ ဟောသူတို့ထက်ပို ရှေ့ ကျရင်တော့ ရှေ့နေ ၊မြို့အုပ်၊ မြို့ပိုင်၊ နယ်ထောက်၊ ဝန်ထောက်၊ တက္ကသိုလ်ကျောင်းအောင်၊ ဘွဲ့ရ စသဖြင့်ပေါ့လေ။ သူ့ခေတ်နဲ့ သူ ဆိုသလိုပေါ့။

ဒီလို ပညာတတ် စီးပွားရေးသမားတွေ ဟာ မိန်းမတွေအတွက် ဘဝ အာမခံချက်ပေးနိုင်တယ်။ လုံခြုံမှုပေးနိုင်တယ်ပေါ့လေ။ ဒါပေမယ့် သူတို့မှာ ချို့ယွင်းချက်တခုတော့ရှိတယ်။ အဲ့တာက ဘာလဲဆိုတော့….သူတို့တွေက ပညာဂုဏ်၊ ဥစ္စာဂုဏ်မောက်တတ်ကြတဲ့ အတွက် “ရိုမန်တစ်” ဖြစ်မှု အပိုင်းမှာ အားနည်းတာပေါ့လေ။ သူတို့ ရဲ့ပညာဂုဏ် ဥစ္စာဂုဏ်တွေကြောင့်လဲ မိန်းမတွေ ကို သူတို့ထက် တဆင့်နိမ့်တဲ့သူတွေလို့ နှိမ်ချင်စရာ သဘောထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုချို့ယွင်းချက်ကလေးက အသေးအမွှားပါ။ ပိစ်အော့ဖ်ကိတ်ခ်၊ ဒရော့ပ်စ်အောဖ့် ဘီယာပါ ခွင့်လွှတ်လို့ ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိန်းမတယောက်ကို မားမားမတ်မတ်ရှေ့ကနေ ဦးဆောင်မယ့် ယောက်ျားတွေဟာ အိမ်ထောင်ဦးစီးတွေပါ ရိုမန်တစ်စရာမလိုပါဘူး။ အားကိုး စရာဖြစ်ရင် အိုကေပါပြီ။

သိပ်မကောင်းပေမယ့် အရင်ခေတ်တွေတုံးက ဝတ္ထုရှားလို့ ကမ္ဘာ့ ဂန္တဝင် ဖြစ်ခဲ့တဲ့ ဂျိန်း အော်စတင် (Jane Austin) ရဲ့ မာန နဲ့အာဂါတ (Pride and Prejudice) ထဲမှာ အဓိက ဇာတ် လိုက် မင်းသမီး အဲလစ်ဇဘက်ကို သူတို့ရဲ့ အကို ဝမ်းကွဲဆွေမျိုး နီးစပ်တော်တဲ့သူက အိမ်မှာ လာတောင်းတော့ အဲလီဇဘက်က သူ မချစ်ပါဘူးဆိုပြီး ငြင်းလိုက်တဲ့ သူကို ပိုက်ဆံရှိတယ်၊ လယ်တွေ မြေတွေပိုင်တယ် မိသားစု အတွက် ဘဝအာမခံချက်ပေးနိုင်တယ် ဆိုတာလေး တချက်ထဲနဲ့ သူ့သူငယ်ချင်းမလေးက ချက်ချင်း ကောက်ယူပစ်လိုက်ပါတယ်။

* ထားပါတော့ ကိုယ့်အတွေးအခေါ်တွေတောင် ရာစု တော်တော်များများ ခေတ်နောက်ပြန် ပြန် ဆွဲနေပြီ။ တနေ့က ရုပ်ရှင်ချန်နယ်တခုမှာ ပြန်ပြလို့ ကြည့်မိရင်း တွေးမိတာတွေပါ။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အများစုမြင်နေရတာတွေကို ရေးချင်တာလဲဖြစ်တယ်။

ဂျိန်းသာ ခုထိ ရှိနေအုံးမယ်ဆိုရင်တော့ ဝတ္ထု ကိုတမျိုးပြောင်းရေးရတော့မှာဘဲ လို့ တွေးမိလို့ ပါ။ မဟုတ်ရင်လဲ ဂျူးတို့ ဘာတို့လို မိန်းမဝါဒီ လို့ နာမည်အတပ်ခံရတဲ့ စာရေးဆရာမတွေ က ပြန်ပြင်ရေးသင့်နေပြီ။

ခေတ်သစ်ယောက်ျားတွေ လို့ ခေါ်ရမယ့် မောင်တို့ ၂၁ ရာစုနှောင်းယောက်ျားတွေဟာ ပညာ တွေလဲ အများကြီး တတ်ချင်မှတတ်တော့မယ်၊ ငွေတွေလဲအများကြီးရှာ နိုင်ချင်မှ ရှာနိုင်မယ်၊ ရာထူး ဂုဏ်သိမ်တွေလဲ ကြီးကြီးမားမား ရှိချင်မှ ရှိတော့မယ်၊ ယောက္ခမတွေ တွေ့တာနဲ့ ကိုယ့် သမီးတွေအတွက် သွားရည် တမြားမြား ကျချင်စရာယောက်ျားမဟာတွေလဲ ဟုတ်ချင်မှ ဟုတ် တော့မယ်။

ခုခေတ်သစ်ယောက်ျားတွေဟာ သိပ်သိပ် စန်းစန်းတင့် (sensitive) ဖြစ်တယ်။ သူတို့ရဲ့ အား ငယ်တဲ့ တခြမ်း ကိုဖော်ထုတ်ပြဖို့လဲ တယ်ဝန်မလေးကြတော့ဘူး။ ယောက်ျား နှင့် မိန်းမသည် တန်းတူဖြစ်သည်။ ထို့အတွက်ကြောင်း အိမ်ထောင့်တာဝန်တွေကို မိန်းမတွေသည်လဲ တန်းတူ ညီမျှ သာတူညီမျှ ပါဝင်ထမ်းရွက်သင့်သည်၊ ထမ်းရွက်ရမည်။ မောင်တထမ်း မယ်တရွက်ခေတ် မဟုတ်တော့။ မောင်ကတထမ်းဆိုရင် မယ်ကလဲတထမ်းပဲ ဆိုပြီး ဂျဲန်ဒါ (Gender) စင်စတိုက် (Gender sensitize) လုပ်ထားတဲ့ ခေတ် ဂျဲန်ဒါ မိန်းစတရမ်း (gender mainstream) လုပ် ထားတဲ့ ခေတ်ကိုရောက်နေပါပြီ။

နောက်ပြီး ခေတ်သစ်ယောက်ျားတွေဟာ ကိုယ့်ကိုယ်ကိုယ် အတွက် တွက်တတ်ပြီးတော့ အတ္တလဲကြီးကြပါတယ်။ ကိုယ့်ရည်းစား တွေကို ကိုယ့်အားကိုယ်ကိုးဖို့ အတွက်လဲ အားပေးတတ်ကြပါသေးတယ်။ တကယ်ပါ ကိုယ်မြင်နေရတာ များပြီ။ စားသောက်ဆိုင်တွေမှာ စားကြ သောက်ကြ ပြီးရင် မိန်းကလေးတွေကို ရှင်းခိုင်းတဲ့ ယောက်ျားလေးတွေက အများစု၊ အဲ့လိုမှ မဟုတ်သေးရင်လဲ အမေရီကန် စစ်စတမ် (American system) ဆိုပြီးတော့ ကိုယ့်အား ကိုယ် ကိုးကြေး ကိုယ့်ဘာသာကိုယ်ရှင်းကြေး ဆိုပြီး မိန်းမတွေကို တန်းတူနေရာပေးတတ်နေကြပါသေးသည်။ အံ့သြဖွယ်ကောင်းလေစွ။ ပြီးတော့ ပိုဆိုးတာက အဲ့လိုတွေ လုပ်ရဲနေလျက်က အိမ်ထောင်ဦးစီး အိမ်ဦးနတ်ဆိုတဲ့ ဂုဏ် ကိုလိုချင်နေသေးသည်။ ခေတ်သစ်ယောက်ျား အများစု သည် အလုပ်ကိုသာ လက်ကြောတင်းအောင်မလုပ်ချင်လျှင်နေမည် ခုနပြောတဲ့ အိမ်ဦးနတ်ဂုဏ်ကိုတော့ လိုချင်ကာ အခန့်သား နေရာယူချင်ကြသည်မှာ ခေတ်ကြောင့်ပဲလား..ဘာလား ဝေခွဲရန်ခက်ခက်လှချေတော့။

တကယ်ပါ အရင်ခေတ်ယောက်ျားတွေဆိုရင် ရှက်လို့ လဲသေမယ့် အနေအထားတွေကို အခု ခေတ် ယောက်ျားတွေက အပြုံးမပျက်လုပ်နေနိုင်ပြီလို့ ကိုယ်ပြောရင် ကိုယ့်ကို တဘက်သတ် စွပ်စွဲတယ် ပြောတယ် လို့ မပြောပါနဲ့။

အရင်းစစ်တော့လဲ အမြစ်မှာ ပေါ်တယ်ဆိုသလို တကယ်တော့လဲ တချိန်လုံး တန်းတူ အခွင့် အရေး လိုချင်လွန်းလို့ တိုက်ယူချင်နေကြတဲ့ တိုက်ယူခဲ့ကြတဲ့ ကိုယ်တို့ မိန်းမတွေ အပြစ်ပါပဲ။

ဒီလိုခေတ်သစ်ယောက်ျားတွေ ပေါ်ပေါက်လာတာဟာ တကယ်တော့ ကိုယ်တို့ ခေတ်သစ်မိန်းမ တွေကလဲ စွမ်းလွန်းလာတာပါပါတယ်။ သမီးရည်းစားကြားမှာ အိမ်ထောင်တွေကြားမှာ ဦးစီး ဦးဆောင် ဟာ မိန်းမတွေ ဖြစ်လာကြပါပြီ။ အခု ခေတ်သစ်ယောက်ျားတွေ ရဲ့ ရည်းစားတွေ က ဆရာဝန်မတွေ၊ ရှေ့နေမတွေ၊ ပညာတတ်မိန်းမတွေ၊ ဘီးဇစ်နက်စ် ဝိုးမန်းတွေ ဖြစ်ကုန် ကြပြီ လေ။ ကဲ ကိုယ်ပြောတာ ဟုတ်သလား မဟုတ်ဘူးလား စာဘတ်သူပဲ ဆုံးဖြတ်ပါလေ။

A Chen
5:26 PM
Monday
23rd May 2011
New Era Hotel
Kunming, China

မှတ်ချက်

ကိုယ်လေးစားသော စာဘတ်သူတယောက်က ဒီအပို်ဒ် ကို ဝေဖန်ထားတယ် ကိုယ်ရေးချင်တာ ကို မရောက်ဘူး ဖြစ်နေတယ် ပြန်ပြင်ပါအုံးမယ်

မိန်းမတွေ ပေါက်ချင်တဲ့ “ချဲ”

မိန်းမတွေ ပေါက်ချင်တဲ့ “ချဲ”

အရင်က အတူတူ အလုပ်လုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းတယောက် က ပြောလာပါတယ်။ သူ့အသက် အခု ၄၀ နားနီးနေပြီ ထားခဲ့ဘူးတဲ့ ရည်းစားတွေလဲမနည်းတော့ဘူး၊ ဒါပေမယ့် သူခုထိ မိန်းမတွေ ဘာလိုချင်လဲဆိုတာ ကို သေချာ သဘောမပေါက်သေးဘူးတဲ့။

ကဲ ဒါဆို ရင် တီချမ်းပြောတာလေး ကိုနားထောင်ကြည့်ပါအုံးနော်။

မိန်းမတွေလိုချင်တဲ့ အရာတွေထဲမှာ အခြေခံအကျဆုံးက ဒီ (၃) မျိုးပါပဲ။ အဲ့တာတွေကတော့
၁) ယောက်ျား
၂) အချစ် နဲ့
၃) လုံခြုံမှုပါ

မိန်းမတွေလိုချင်တဲ့ အရာတွေက သိပ်ကို ရိုးရှင်းပါတယ် ယောက်ျားတွေကသာ အချင်းချင်း တွေ့ကြတဲ့အခါ၊ ဘီယာဝိုင်းမှာ၊ သူငယ်ချင်းချင်း လက်ဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ၊ လူပျိုဝိုင်း မှာ မိန်းမ တွေဘာလိုချင်လဲ မသိဘူး၊ မိန်းမတွေ ဘာကိုလိုချင်တာလဲ ဆိုတဲ့ မေးခွန်း အချင်းချင်းဖြေကြ၊ မေးကြ၊ ဆွေးနွေးကြ ပြောပြောနေကြတာ။ ယောက်ျားတွေအတွက်တော့ မိန်းမတွေ ဘာလိုချင်တာလဲဆိုတာ ရှေးကတည်းက အဖြေမငြိတဲ့ ပဟေဠိပေါ့၊ တကယ်တော့ ဒီအရာ (၃) မျိုး က အပြောလွယ်သလောက် ပြည့်ပြည့်စုံစုံ ရနိုင်ဖို့ကျတော့ သိပ်ခက်ပါတယ်။

ရည်းစားလေးတယောက်၊ ယောက်ျားလေး တယောက်တော့ ရပါရဲ့ (တယောက်ရပါရဲ့ ဆိုလို့ တယောက်ထက်လဲ ပိုမလိုချင်ကြနဲ့နော်) “အချစ်” ရှိဖို့ က မသေချာဘူး၊ ဟော အချစ်ကျတော့ ရှိပါရဲ့ လုံခြုံမှု (sensen of security) ပေးနိုင်ဖို့ကလဲ မသေချာပြန်ဘူး။

ယောက်ျားလဲရှိတယ် အချစ်လဲ ရှိတယ် ဒါပေမယ့်လဲ လုံခြုံမှု ရှိမယ်မရှိဘူး မပြောနိုင်ပြန်ဘူး။

ကဲ အဲ့တာထက်ပိုဆိုးတာက ယောက်ျားလဲရှိပြီ၊ အဲ့ဒီယောက်ျားကိုလဲ ချစ်ပါရဲ့ အဲ့ဒီယောက်ျား ကလဲ လုံခြုံမှုပေးနိုင်ပါရဲ့ ဘာဖြစ်ပြန်သလဲ…..မိန်းမတွေ မိန်းမတွေ ဘာကို စဉ်းစားပါသလဲ ဆိုတော့ ငါ့ ဘဝ က ဒီလောက်ပြည့်စုံနေတာ တကယ်မှ ဟုတ်ပါရဲ့လား…..ငါတကယ်ကော ဒီလောက် ဒီလောက်ကံကောင်းပါ့မလား။ အိပ်မက်နေတာများလား…..စသဖြင့် စသဖြင့် ….ဟော အဲ့အခါကျ ဘာဖြစ်သလဲ…….တကယ်လား ဟုတ်ရဲ့လား ဟုတ်ပါ့မလား…….. လျောက်တွေးနေတဲ့ မိန်းမ ဘယ်လာ လုံခြုံမှု ရှိတော့မလဲ မရှိတော့ပြန်ဘူးပေါ့။

လုံခြုံမှု ဆိုတဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (ခံစားချက်) ကော ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု (ပစ္စည်းဥစ္စာ) အရကော လိုပါတယ်။ မိန်းမတယောက်က ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျား တယောက်ကို ရထားတယ်၊ သူ့ကို ချစ်လဲချစ်တယ် သစ္စာလဲတကယ်ရှိတယ် သို့သော်….. တီချမ်းပြောနေကျအတိုင်းပါပဲ သို့သော် ရဲ့ နောက်မှာ က မကောင်းတာများပါတယ်။ သို့သော် ပိုက်ဆံမရှိဘူး….အဲ့တော့ မိန်းကလေးခများ သူ့ကို ထွန်းပေါက်အောင်မြင်အောင် ကြိုးစားဖို့ပဲ ဖိအားပေးနိုင်တော့တာပေါ့။

ယောက်ျား။ ။အဲ့တာဆိုလဲမင်း ပိုက်ဆံရှိတဲ့ ယောက်ျား ရှာယူပေါ့ကွ……း+(
မိန်းမ။ ။ပိုက်ဆံရှိတဲ့ယောက်ျားကျပြန်တော့လဲ လုံခြုံမှု မပေးနိုင်ပြန်ဘူးလေ…..း=)

မိန်းမတယောက်အတွက်တော့ ယောက်ျားရယ်၊ အချစ်ရယ် လုံခြုံမှု ရယ်ဆိုတာ ချဲ ထိုးသလို ပါပဲ။ ဘယ်လောက်ပေါက်ဖို့ ခက်သလဲဆိုတာ ထိုးဖူးတဲ့ သူတွေ သိကြပါတယ်။ တီယုံတယ် လေ….ဒီလို ချဲမျိုးကျတော့ ဘယ်ဘုန်းကြီးမှလဲ အတိတ်ပေးနိုင်မှာ မဟုတ်ဘူး။

နောက်တခု ရှိသေးတာက ချဲပေါက်တယ်ဆိုတဲ့ သူတွေက များသော အားဖြင့် တုံးတုံး အအ သူတွေများတယ်။ သူများဟစ်ဖြစ်နေတယ် ပြောတာ ကြားလို့ လိုက်ထိုးတယ်။ လေသံဖမ်း တရားနာ ပြီးထိုးတယ်….ဈေးထဲမှာ ကြားလာလို့ထိုးတယ်။ အိပ်မက်ရလို့ ထိုးတယ်၊ စိတ်ထဲ ပေါက်ရာ ဂဏန်းလေး ၃ လုံး ကိုကောက်ထိုးပစ်တယ်။ ဆေးရုံတက်ရလို့ အခန်း နံပါတ်ကို ထိုးတယ်။ မွေးနေ့ ကိုထိုးတယ်……….စိတ်နဲ့ သေချာ တွေးပြီး နံပါတ်ကို သေချာ ရွေးချယ် ပြီး ရှိသမျှ စာရွက်တွေအကုန်လိုက်ဘတ် ရှိသမျှ ဘုန်းကြီးတွေ နောက်လိုက် တနေ့တနေ့ ခါးကုန်း ပြီး ရှိသမျှ နည်းတွေ နဲ့သေချာ တွက်ချက် ပြီးတော့ မှ ထိုး တဲ့ သူတွေ ပေါက်ခဲတယ်။ ခုနက ပြောတဲ့ ဘာကိုမှ သေချာမစဉ်းစား ဘဲနဲ့ ထိုးချင်သလိုထိုးချ လိုက်တဲ့ သူတွေ ပေါက်ကြတယ်။

အဲ့လိုပဲ ခုန က ပြောတဲ့ ဥပမာ နဲ့ ချဲပေါက်တဲ့ မိန်းမတွေဟာများသောအားဖြင့် တုံးတုံး အအ နဲ့ ကံကိုယုံပြီး ထိုးချင်ရာထိုးတဲ့ မိန်းမတွေပဲပေါက်တာ။ သူတို့ဟာ အချစ်ကိုလဲ နားလည်စရာ မလိုဘူး။ ဘယ်လိုချစ်ရသလဲ လဲသိစရာမလိုဘူး ချစ်တတ်ဖို့လဲ ကြိုးစား အားထုတ်စရာ မလို ဘူး။

အချစ်ကို သေချာနားလည်ပြီး ဟိုလိုတွက်လိုက် ဒီလိုချက်လိုက်နဲ့ ထိုးတဲ့ မိန်းမတွေကျတော့ အဲ့ဒီချဲကိုပေါက်ဖို့မပြောနဲ့ တွတ်တောင်မတွတ်ဘူး၊ ဒီလိုပဲ တခါလာလဲ ထိတ်စည်းလွဲလိုက်၊ အလည်ထိုင် မတူလိုက်…..နောက်ပိတ် တခြားစီ ဖြစ်လိုက်နဲ့ပဲ ……….လွဲပြီးရင်းလွဲ ဝေးပြီးရင်းဝေး…..ရှုံးပြီးရင်း ရှုံး………ကြေကွဲ……….အထီးကျန်……….လူလွတ်………အပျိုကြီး. ဖြစ်……….အရိုးဆွေး………….ငှက်ပျော်ပင်ရွေး…………….

A Chen
8:56 PM
20th May 2011
Friday
Phuket Airport
Thailand

ကိုယ်မင်းကို ဘယ်တော့မှ….မချစ်ဘူး

ကိုယ်မင်းကို ဘယ်တော့မှ….မချစ်ဘူး တချို့လူတွေစိတ်လက်ချမ်းသာစွာနဲ့ပြောတာ ကြားဖုူးတယ်။ “တကယ်လို့ သာ အချိန်တွေကို နောက်ပြန်ဆွဲပြီးတော့ အစကနေ ပြန်ရွေးခွင့် ရခဲ့ရင်လဲ ကိုယ် ကတော့ မင်းကိုပဲ ရွေးပြီးချစ်မှာပဲ” လို့လေ။ ကြားဖူးကြလား? ဒါပေမယ့် တချို့ လူတွေကကျတော့….“တကယ်လို့ သာ ကိုယ့်ကိုအစကနေ ပြန်ရွေးခွင့်ပေးရင် ကိုယ်မင်းကို ဘယ်တော့မှ… ချစ်မိမှာမဟုတ်ဘူး” လို့ ဖြေကြတယ်။ ဒီလိုဖြေတဲ့ လူတွေက ခုလက်ရှိလူကို ရွေးချယ်ခဲ့ပြီးတော့မှ နောင်တ ရနေလို့လားဆိုတော့ မဟုတ်ပါဘူး။ ခုလက်ရှိလူ ကိုမချစ်တော့လို့လားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ လည်သွားပြီ လား? ပမာပြောရရင် သူက “တကယ်လို့ သာ အချိန်တွေကို နောက်ပြန်ဆွဲပြီးတော့ အစကနေ ပြန်ရွေးခွင့် ရခဲ့ရင်လဲ ကိုယ်ကတော့ မင်းကိုပဲ ရွေးပြီးချစ်မှာပဲ” လို့ဖြေတဲ့ သူလိုပဲ ခုလက်ရှိချစ်သူကိုလဲ နက်နက်ရှိုင်းရှိုင်း ချစ်နေနိုင်တာပါပဲ။ အချစ်ဆိုတာ တခါတလေတော့လဲ ခါးသီးတတ်ပါတယ်။ တခါတလေကျပြန်တော့ ဝန်ထုပ် ဝန်ပိုးတခုလိုပဲ လေးသေးတယ်။ တခါတခါကျတော့ ကိုယ်တို့ ရဲ့ ဆောက်တည်ရာမရမှု desperateness ကနေ မွေးဖွားတယ်လို့ ကိုယ်က ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ချစ်မိရင် ပြန်ရုန်းထွက်ရ သိပ်ခက်တယ်လေ။ လူတယောက်ကို အစကတော့ ချစ်မိဖို့ စိတ်ကူးမရှိဘူး။ မချစ်ချင်ဘူး။ ဒါပေမယ့် ချစ်မိသွား တယ်။ ချစ်လဲချစ်မိသွားရော ကိုယ့်မှာ စိုးရိမ်ပူပန်လာရတော့တယ်။ သူနဲ့ မပေါင်းရမှာ သူ့ကို လက်လွှတ်ဆုံးရှုံးရမှာ စိုးရိမ်လာတယ်။ ကိုယ့်မှာ စိတ်လုံခြုံမှု မရှိတော့ဘူး။ တဘက်ကကြည့် ပြန်တော့လဲ ကိုယ်ပေးဆပ်ထားတာတွေ များလွန်းလို့ သူနဲ့ လွဲလို့ မဖြစ်ဘူးလို့ တွေးတယ်။ အခုနေ ရှောင်ထွက်မယ် ရုန်းထွက်မယ်ဆိုရင်တော့ ရသေးတယ် ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့ အင်အား၊ ရက်စိတ်နိုင်တဲ့ စိတ်ထား ကိုယ့်မှာ မရှိဘူး၊ အဲ့တာတွေထက်ပိုအရေးကြီး တာက ကိုယ် သူ့ကို မခွဲနိုင်ဘူး။ သူ့ကို တွေ့တဲ့ အခါတိုင်း ကိုယ့် စိတ်တွေ နူးညံ့ညံ့သွားတယ်၊ ပျော့ပျော့သွားတယ်။ လမ်းခွဲစကား ကို ဘယ်လိုမှာ နှုတ်က ပြောမထွက်ဘူး။ ဒီလိုနဲ့ ဆက်သွား ရင် သေချာတယ် ကိုယ် ဒုက္ခရောက်တော့မယ်။ ဒီအတိုင်းဆက်သွားရင် တနေ့ကျရင် ကိုယ်ကလဲ သူ့ကို မုန်းရင် မုန်းလာမယ် ဒါမှမဟုတ် သူက ကိုယ့်ကို မုန်းရင် မုန်းသွားနိုင်တယ်။ နှစ်ယောက်စလုံး ခံစားကြရမယ် စိတ်သောက ရောက်ကြ မယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့ နှစ်ယောက်က ချစ်ရက် နဲ့အတူနေနိုင်ဖို့အခွင့်မရှိတဲ့ လူနှစ် ယောက်မို့လို့လေ။ ချစ်ရက်နဲ့ ကွေကွင်းနေရမယ့် ဒုက္ခ ကို ရင်ဆိုင်ရမှာပေါ့။ အဲ့ဒီတော့ ကိုယ့်ကိုသာ အစကနေ ပြန်ရွေးချယ်ခွင့်ပေးမယ်ဆိုရင်….. “ကိုယ်မင်းကိုဘယ်တော့မှ….ချစ်ဖို့ ရွေးချယ်မိမှာ မဟုတ်ဘူး” မင်းကိုသာ မချစ်ခဲ့ရင်…နာကျင်ခံစားစရာလဲ မရှိဘူး။ မင်းကိုသာ မချစ်ခဲ့ရင်…ပေးဆပ်စရာလဲမလိုဘူး။ ရွေးချယ်စရာလဲ မလိုဘူး။ မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ဝေးရမယ့် ဒုက္ခကိုလဲ ကြောက်စရာမလိုတော့ဘူး။ မင်းကိုသာ မချစ်ခဲ့ရင်…ဆောက်တည်ရာမရ ဖြစ်စရာလဲ မလိုဘူး။ မင်းကိုသာ မချစ်ခဲ့ရင်…ကိုယ်က ချစ်မိလို့ အဆုံးမရှိ တဘက်သတ် ပေးဆပ်ပြီးရင်း ပေးဆပ်နေ ရမှာမျိုးလဲ တွေးပူနေစရာမလိုတော့ဘူး။ မင်းကိုသာ မချစ်ခဲ့ရင်…မင်းနဲ့ ပေါင်းဆပ်နိုင်ခွင့် မရှိလို့ ခံစားရမယ့် ချစ်ရက်နဲ့ ကွေကွင်းရမယ့် ဒုက္ခ ကိုလဲ ခံစားစရာမလိုတော့ဘူး။ ကဲ ဒီလိုဆိုတော့ တနေ့ကျရင် ကိုယ်က မင်းကို… “တကယ်လို့ သာ ကိုယ့်ကိုအစကနေ ပြန်ရွေးခွင့်ပေးရင် ကိုယ်မင်းကို ဘယ်တော့မှ… ချစ်မိဖို့ ရွေးချယ်မိမှာမဟုတ်ဘူး” လို့များ ပြောမိခဲ့ရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မင်းနားလည်ပေးမယ် မဟုတ်လားဟင်?… A Chen 6:03 PM (local time) 24th May 2011 Tuesday New Era Hotel Room (2001) Kunming China

Love last as lust (19th May 2011)

@font-face { font-family: “MS 明朝”; }@font-face { font-family: “MS 明朝”; }@font-face { font-family: “Cambria”; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in 0.0001pt; font-size: 12pt; font-family: Cambria; }.MsoChpDefault { font-family: Cambria; }div.WordSection1 { page: WordSection1; } Love last as lust

I thought I love Might be I wrong? Again and again I look I found
Your smile was sweet But now what’s wrong Again I look The like was gone
I thought I love But now I found The love I think Was not at all
So was it love Or like I asked And now at last I found just lust
P.S. What my friend said was true…
A Chen 6:37 PM 19th May 2011 Thursday By the Sea hotel Cape Panwa Phuket Thailand

ချစ်မိသွားခြင်း (၁၆ရက်နေ့ မေလ ၂၀၁၁ ခုနှစ်)

ချစ်မိသွားခြင်း

လူတယောက်ကို သူ့အကြောင်းဘာမှ မသိဘဲနဲ့၊ အပြင်မှာတောင် လူကိုယ်တိုင်မမြင်ဘူးဘဲနဲ့….ချစ်တတ်ပါသလား? ချစ်တတ်တယ်ဆိုရင်တော့ ကိုယ် မင်းကိုချစ်နေမိပြီ….“xxx” ကိုယ်မင်းကို မောင်လို့ မခေါ်ချင်ဘူး။ ကောင်လေး လို့မခေါ်ချင်ဘူး၊ ကိုလို့မခေါ်ချင်ဘူး (မင်း က ကိုယ့်ထက် အသက်ကြီးမကြီးမသိလို့) ချာတိတ်လို့လဲ မခေါ်ချင်ဘူး၊ ကိုကြီး လို့လဲ မခေါ်ချင်ဘူး…….ဘာလို့လဲဆိုတော့ အဲ့ဒီနာမ်စားတွေက မင်းနဲ့မတိုင်ခင် ကိုယ်တွေ့ခဲ့တဲ့ သူတွေအကုန်လုံး ကို သုံးခဲ့ဖူးပြီးပြီ။ ကိုယ်စဉ်းစားရတယ်…….အော် ခုတော့လဲ ကျယ်ဝန်းပါတယ်ဆိုတဲ့ မြန်မာစကား ကိုယ့်အတွက် နာမ်စားတလုံးတောင် ရှားနေခဲ့ပြီ။ ကိုယ်မင်း ကို သူလို့ခေါ်ရမလား…..။ ကိုယ်တခါမှ ဘယ်သူ့ကို မှ မခေါ်ဘူးတဲ့ နာမ်စားတလုံးပေါ့။ ဒါပေမယ့်လဲ ခေါ်ခွင့် ရှိမရှိမသေချာတဲ့ ဘဝမှာ ကိုယ်မင်း ကို ဝေးဝေးကနေပဲ ချစ်ပါ့မယ်

မင်းရဲ့ ဇင်ယော်တောင်လို တဝက်တပျက်လိုလို ဖြစ်နေတဲ့ မျက်ခုံး မှုန်မှုန်လေးကို ကိုယ်ချစ်တယ်၊ ယောက်ျားလေးတန်မဲ့ရှိနေတဲ့ မင်းရဲ့ ဘယ်ဘက်ပါးပေါ်က စံပယ်တင်မှည့်လေးကိုချစ်တယ်၊ အမေဘေးမှာ ရှက်ပြုံးနဲ့ ဓါတ်ပုံ အရိုက်ခံတတ်တဲ့မင်းကိုချစ်တယ်…..မင်း ညာဘက်နှုတ်ခမ်းအောက်နားက မှည့်လေး ကိုလဲ ချစ်တယ် ပြောရမယ်ဆိုရင် မဆိုစလောက် အနည်းငယ်လေး ပွနေတဲ့ မင်း နှာခေါင်းလေး ကိုလဲ ကိုယ်ချစ်ပါတယ်….

မင်းက ဘယ်လိုလူမျိုးလဲ…စိတ်ထား ဘယ်လိုရှိမလဲ….ရည်းစားရှိလား ချစ်သူရှိနေပြီးသားဖြစ်မလား…. ကိုယ်ဘာမှ မသိပါဘူး…..ဘာနဲ့ကျောင်းပြီးတာလဲ ဘာအလုပ်လုပ်နေလဲ……ဘယ်လို လူမျိုးတွေနဲ့ မင်း ပေါင်းသင်း သလဲ….ဘယ်လိုလူမျိုးကို မုန်းတတ်လဲ…..ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကို ကိုယ်ချစ်တယ်…….မင်းအချစ်ကိုလဲ ကိုယ်မလိုချင်ပါဘူး ကိုယ်မင်းကိုချစ်တာ က မွေးပွဝက်ဝံ ရုပ်ကလေးကို ချစ်သလိုမျိုး…..ဖန်အရုပ်လှလှလေးကိုချစ်သလိုမျိုး…..ဆွတ်ပျံ့ ကြည်နူးဖွယ်ညနေ တခုကို ချစ်သလိုမျိုး…နေဝင်ချိန်ကို ချစ်သလိုမျိုး….မှောင်နေတဲ့ညမှာ တခါတခါလင်းတဲ့ ကြယ်လေးကို ချစ်နေသလိုမျိုး….လင်းလုလု အာရုံ ကိုချစ်သလိုမျိုး……..ငွေနှင်းဖွေးဖွေးလေးတွေကို ချစ်သလိုမျိုး…….မိုးဦးရဲ့ မိုးစက်မိုးမှုန်လေးတွေကို ချစ်သလိုမျိုး……..

ခုတော့ ဖဘ ပေါ်က မင်းပုံလေးကို ခွင့်ပြုချက်မရဘဲ ဒေါင်းလုတ်လုပ် ကိုယ့် ကွန်ပျူတာ မှာ ဒတ်စ်စတော့ပ် စခရင် အဖြစ်တင်ထားတာ သိရင် မင်း ကိုယ့်ကို ခွင့်မလွှတ်လိုက်ပါနဲ့…….မင်း ကိုချစ်မိကတည်းက အပြစ်တွေပြည့်နေခဲ့ပြီးသားကိုယ်ပါ

ဒါပေမယ့် စကားကြီးစကားကျယ်ပြောရရင်တော့ လူ့အခွင့်အရေးကြေငြာစာတမ်း အချက် နံပါတ် (၁၉ ) မိမိ၏ အယူအဆ ကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အရ ကိုယ့် အချစ်ကို မင်းလိုချင်ချင် မလိုချင်ချင်…သိချင်ချင် မသိချင်ချင် တုန့်ပြန်ချင်ချင် မတုန့်ပြန်ချင်ချင်….ကိုယ့်အချစ်ကို ကိုယ် လွတ်လပ်စွာကြေငြာပါတယ် ကြေငြာချင်ပါ တယ် ကြေငြာရဲပါတယ်….

ထပ်ပြောမယ်နော်……
မင်းကိုကိုယ် ………….ချစ်တယ် တုံ့ပြန်ရန်မလို ………..မတုံ့ပြန်ရင်တော့…………

A Chen
10:23 Am
16th May 2011
Monday
Home
Bangkok

တူးအန်ဝမ်း

တူးအန်ဝမ်း

ဟွန့်……….

ဟွန့် လို့ စရမယ်ဆိုကတည်းက ဘယ်လိုစာကများ ကောင်းအုံးမှာလဲနော်….ပြောရအုံးမယ်အရပ်ကတို့ရေ….

နှစ်မျိုးပေါင်းထားတဲ့ အရာမှန်သမျှ ပစ္စည်းမှန်သမျှ ဘယ်လောက်မှ ကောင်းမှာ မဟုတ်ပါဘူး၊ ဘုရားရေ တီချမ်း မကြီး ဘာတွေပြောနေပါလိမ့်။ ဒီလိုလေ…..နှစ်မျိုးစပ်ခေါင်းလျှော်ရည် ပေါ်လာခါစက လူတွေက အထူးအဆန်း ဖြစ်တော့ စိတ်ဝင်စားကြတာပေါ့။ ခေါင်းလျှော်ရည် နဲ့ဆံပင်ပျော့ဆေး ရောထားတာတဲ့လေ။ နောက် သုံးကြည့်တော့ သိပ်မစွံပါဘူး။ ကွာလတီလေ သိပ်ညံ့တယ်။ သုံးပါများလာရင် ဗောက်ပါထ လာမယ်။ တချို့ဆို ဆံပင်တွေဘာတွေ တောင်ကျွတ်ကြသေးတယ်ဆိုပဲ။ ထားပါတော့။…(၁)

မျက်နှာသစ်ဆပ်ပြာနဲ့ ဆားဆပ်ပြာတွဲထုတ်ကြပြန်ပါတယ်။ မဟန်ပါဘူး။ ဘယ်နှယ့် မျက်နှာသစ်ဆပ်ပြာဆိုတာ မျက်နှာ ကို သန့်စင်ဖို့ ဆားဆပ်ပြာဆိုတာကတော့ သေနေတဲ့ ဆဲလ်အဟောင်းတွေ ခွာထုတ်မှာ….ဘယ်မျက်နှာကများ နေ့တိုင်း ဒီလောက်အနှိပ်စက်ခံနိုင်ပါ့မလဲနော့….ထားပါတော့ ….(၂)

အဲကွန်း (လေအေးပေးစက်နဲ့) အပူပေးစက် တွဲထုတ်ကြတယ်။ စက်တခုထည်းပဲ နွေဆိုရင် လေအေးထုတ်ပေး တယ်၊ ဆောင်းဆိုရင် အပူပေးတယ်။ စဉ်းစားကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။ တကယ်သုံးဖူးတဲ့ လူမှသိတယ် ဒီလိုစက်မျိုး တယ်လွယ်လွယ် ပျက်တတ်တာကိုး။ တရုတ်ပြည်ဘက်မှာ အသုံးများပါတယ်။ အအေးကဲတဲ့နိုင်ငံတွေမှာလဲသုံးကြပါတယ်။ ထားပါတော့….(၃)

ကဲ ရှိသေးတယ် နောက်ထပ် စက်တခုထဲပဲ…….၃ ၄ မျိုးသုံးကြတယ် ဘာလဲသိလား…………..?

ကဲပါလေ ခေါင်းစားခံမနေနဲ့ ဆက်ဘတ်ကြည့်လိုက်……
စီဒီဖွင့်တယ်၊ ဗီစီဒီ ဖွင့်တယ်၊ ဒီဗီဒီ ဖွင့်တယ်……….ဟော ခုတခါ အီးဗီဒီ ဖွင့်တယ်…..ပြီးပြီလား မပြီးသေးဘူး…….အမ်ပီသရီးလဲဖွင့်လို့ ရသေးတယ်…..သိကြပါတယ်နော် …..သို့သော် စဉ်းစားကြည့်ကြပါ အဲ့လိုစက်တလုံး အိမ်မှာ ဘယ်လောက်ကြာကြာသုံးရပါသလဲ သေချာတယ် အရင် က ပေါ်တဲ့ ဗီဒီယိုတိပ်ခွေထည့်စက်တွေ လောက်ကြာကြာမခံဘူး သို့သော် ကိုယ်တို့ မြန်မာ လူမျိုးတွေ သိပ်ရက်ရောတယ် တရုတ်စက်မို့လို့ တရက်စုတ်တာပဲ လို့ပြောကြတယ် ခွင့်လွှတ်ကြတယ် လက်ခံကြတယ်….
ထားပါတော့….(၄)

ကဲ…….တီမေးမယ် တကယ်လို့သာ တကယ်လို့သာနော် (ဟိုက်ပိုသက်တစ်ကလီးပေါ့) တကယ်လို့ ဆေးတမျိုးရှိတယ် ဆိုပါတော့ လိမ်းလို့လဲရတယ် သောက်လို့လဲ ရတယ် ဆိုရင် စာဘတ်သူ ဖြေပါ ဒီလိုဆေးမျိုး ကို သောက်ရဲပါ့မလား….?
ထားပါတော့…..(၅)

ဒါပေမယ့် တကယ့်တကယ် အသုံးဝင်တဲ့ ပစ္စည်း ပစ္စည်းကောင်းတွေက ဘယ်တော့မှ ဒီလို အမျိုးမျိုးသုံးလို့ရအောင် ပေါင်းထားတဲ့ တူးအန်ဝမ်းသရီးအန်ဝမ်း ဖိုးအန်ဝမ်း မဟုတ်ကြပါဘူး။ အဲ့လို အရာတွေ က သာမာန် အပေါစား ပစ္စည်းတွေကို ပေါချောင်ကောင်း လိုချင်တဲ့ သူတွေ အတွက် စိတ်ဝင်စားယုံလောက် ဆွဲဆောင်လို့ကောင်းအောင် ထွင်ထားတဲ့ ပစ္စည်းတွေသာပါ။

ကဲ အတည်ပြောမယ်

မိန်းမတွေအနေနဲ့လဲ ဘယ်တော့မှ တူးအန်ဝမ်း သရီးအန်ဝမ်း ဖိုးအန်ဝမ်း ယောက်ျားမျိုးမရှာကြပါနဲ့ မလိုချင်ကြပါ နဲ့ ………သူက ပိုက်ဆံ+ ပညာလဲရှိမယ်၊ အလုပ်ထဲမှာလဲ အောင်မြင်ပြီးတော့+သိပ်ပြီးတော့လဲ ချစ်တတ်မယ်၊ နောက်ပြီးဘောဒီက တောင့်ပြီးတော့+တယောက်ယောက်ဆိုတယောက်ပိတောက်ဆိုမှမိတောက်လို့စွဲစွဲမြဲမြဲ ချစ်တတ်တဲ့လူစားမျိုး၊ …..ဆိုရင်တော့ သေချာတယ် အခြောက်ဆိုမှအခြောက်ပါပဲ(အဲ့လောက်အဘက်ဘက်က ပြည့်စုံကောင်းမွန်နေရင် သေချာတယ် ယောက်ျားမဟုတ်ဘူး အခြောက်ပဲ အခြောက်တွေသာ အဲလောက်တော်နိုင်တာ…အမ်)……လောကကြီးမှာ ရှိရှိသမျှ
အကောင်းတွေချည်းက ဘယ် “ယောက်ျား” တယောက်ဆီမှာ မှ စုမနေနိုင်ပါဘူး။

လောကကြီးမှာ တူးအန်ဝမ်းဆိုတဲ့ ယောက်ျား နဲ့ ပစ္စည်းဆိုတာ ရှိကိုမရှိဘူး…..။
အဲ့ဒီတော့ စိတ်ကူးမလွဲနဲ့ညီမငယ် တခုလောက်ကောင်းတယ်ဆိုရင်ပဲ ကျေနပ်လိုက်ပါ။

ဟွန့်……

A Chen
6:46 AM
May 16th 2011
Monday
Home
Bangkok

ချစ်စရာကောင်းတာလား….မုန်းစရာကောင်းတာလား….

ချစ်စရာကောင်းတာလား….မုန်းစရာကောင်းတာလား….

သူငယ်ချင်းတယောက်က မေးတယ်….“ဘယ်လိုယောက်ျားမျိုးက ချစ်စရာကောင်းပြီးတော့ ဘယ်လိုယောက်ျားမျိုးက မုန်းစရာကောင်းသလဲ”…..တဲ့…..

အင်း ကိုယ်ကတော့ ကိုယ့်ရဲ့ ပုဂ္ဂလ စားသုံးသူစစ်စစ်ရဲ့ ရှု့ထောင့်ကနေ မြင်တဲ့အမြင် နဲ့ ပြောရရင်တော့ …. ….. သေချာတယ်…
ကိုယ့်ကိုချစ်တဲ့ယောက်ျားက ချစ်စရာအကာင်းဆုံးဖြစ်ပြီးတော့ ကိုယ့်ကို မချစ်တဲ့ ယောက်ျား က မုန်းစရာကောင်းတာပေါ့..ဟုတ်ဘူးလား….?

ကဲ သူက ကိုယ့်ကို ချစ်နေတယ်ဆိုပါတော့….သူ့မှာ ချို့ ယွင်းချက်နည်းနည်းရှိနေတယ်၊ ရုပ်ကလဲ သိပ်မလှ ရှာဘူး၊ ပြီးတော့ သူ့ကိုယ်သူ ယုံကြည်မှုလဲမရှိဘူး ပြောရမယ်ဆိုရင်တော့ သူက တကယ်တော့ ကိုယ်နဲ့ မတန်ပါဘူးဆိုပါတော့….ဒါပေမယ့်လဲ သူက ချစ်စရာကောင်းနေသေးတယ်လေ…..ဘာလို့လဲ ဆိုတော့ သူက ကိုယ့်ကို ချစ်နေတယ်ဆိုကတည်းက သူ့မှာ taste ရှိလို့ပေါ့။ သူက အကောင်းကြိုက်တတ်တယ်လေ….

သူက ကိုယ့်ကို မချစ်ဘူးဆိုရင်….သူ့မှာ ကောင်းကွက်တွေ ဘယ်လောက်ရှိရှိ၊ သူ့ရုပ်က ဘယ်လောက်ချောချော၊ ဘက်ကရောင်း ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ…..သူက မုန်းစရာကောင်းနေအုံးမှာပဲ……ဘာလို့လဲဆိုတော့ သူမှ ကိုယ့်ကို မချစ်တာ….။

ကိုယ်တို့ သူငယ်ချင်းတွေကြားမှာ ပြောနေကျ စကားတခွန်းရှိတယ်…အသုံးကျပြီးတော်တဲ့ ယောက်ျားတွေက ကိုယ့်ကို လာ…မချစ်ဘူး…လာချစ်တဲ့သူတွေက ကိုယ့်လောက် တော်တယ်လို့ ကိုယ်က မထင်ဘူး…..ချောတာ မချောတာ ထည့်မပြောသေးဘူးနော်…..ခုခေတ်မှာ ရုပ်ရည်က အသုံးမကျပါဘူး လုပ်ရည်ကိုင်ရည်က သာ အဓိကပါ…

ယောက်ျားတွေ ကိုယ့်ကို ကိုယ်ယုံကြည်မှု မရှိလေ ချစ်စရာကောင်းလေပါပဲ။ ဒါက ရီလေးရှင်းရှစ်ပ် မစခင် အချိန် ကိုယ်တို့ ကို နောက်ကနေ တကောက်ကောက် လိုက်နေချိန်မျိုးမှာပေါ့။ ကိုယ်တို့ မျက်နှာ ကိုပဲ တချိန်လုံး သူ့မှာ ကြည့်ပြီးတော့ ဘယ်အချိန်များ ကိုယ်စိတ်ဆိုး သွားမလဲဆိုတာ စိုးရိမ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုမရှိတာမျိုးကို ပြောချင်ပါတယ်။ အဲ့တာနဲ့ပြောင်းပြန်ပဲ…..ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်းပြီး ဘာလုပ်လုပ် နားထင်သွေးစောင့်နေရင်တော့ မာန်တက်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ အဲ့တာဆို သိပ်မုန်းစရာကောင်းသွားပြီပေါ့။

ဒါပေမယ့် အွန်ကွန်ထရာရီ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ အချိန် ကြာလွန်းလာပြီဆိုရင်တော့ တခါ ချစ်စရာမကောင်းတော့ ပြန်ဘူး။ ဥပမာ တချို့ ယောက်ျားတွေ မိန်းမ က သူ့ကိုတောင်မလိုချင်တော့ဘူး ပစ်ခွာချင်နေပြီ….မလိုအပ်တော့ဘူးလို့ ပြောနေတာတောင် မပျက်နိုင်မဆဲနိုင် မခွာနိုင် မပြီးနိုင် နောက်ကနေ တကပ်ကပ် နွားပိန်တွယ်တွယ်နေတာမျိုး ဆိုရင်တော့လဲ သူ့ကို သူ ယုံကြည်မှု မရှိနိုင်လှချည်လား ကိုယ့်ကိုကိုယ် မချစ်တတ်လှချည်လား၊ အားငယ်တတ်လှချည်လားဆိုပြီးတော့ တမျိုး မုန်းစရာ ကောင်းပြန်ပါတယ်။ အင်းလေ ပြောမယ်ဆိုရင် အဲ့လိုမျိုး ကိုယ့်ကိုကိုယ် မယုံကြည်တတ်တာမျိုးကတော့ ပိုတောင် မုန်းစရာကောင်းပါသေးတယ်။

တကယ်တန်းကျတော့ သူတို့ရဲ့ ကိုယ့်ကိုကိုယ် မယုံကြည်တဲ့စိတ်က ကိုယ့်ကို လာချစ်ခါစ အချိန်အပိုင်းအခြားလေးပဲ ချစ်စရာကောင်းတယ်။ ဥပမာ ကိုယ့်ကို ပထမဆုံးအချိန်ဖုန်းဆက်တုံးက ဖုန်းတဘက်ကနေ ဘာမှမပြောရဲလို့ စကားထစ်နေတာမျိုး…..ဘာပြောရမှန်းမသိလို့ အသက်ပဲ ပြင်းပြင်းရှုနေတာမျိုး…
အဲ့တာ သိပ်ချစ်စရာကောင်းတယ်။ နောက်ပြီး ပထမဆုံး အကြိမ်ချိန်းတွေ့ကြတုံးက ဖြစ်နေတဲ့ မဝံမရဲ အမူအရာလေးတွေ သိပ်သိပ် ချစ်စရာ ကောင်းပါတယ် အဲ နည်းနည်းကြာလာတာတောင် အဲ့လိုမျိုး ဟိုမကိုင်ရဲဒီမကိုင်ရဲ ဖြစ်နေသေးတယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အဆင့်ကနေ စိတ်တိုစရာကောင်းတဲ့ အဆင့်ကို ရောက်သွားပြီပေါ့။ အဲ့ကနေ မှ အဲ့ပုံအတိုင်းပဲ ဆက်သွားနေအုံးမယ် ဆိုရင်တော့ မုန်းစရာကောင်းသွားပြီပေါ့ (မောင်ကျမ ကို ရဲရဲမချစ်ရဲပါဘူးလား….နန်းညီ လိုမူနွဲ့ စွာရေးကြည့်သည် ဟိဟိ)

အဲ့တာနဲ့ နောက်တခါ ထပ်ပြောင်းပြန် ယောက်ျားတွေ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်မှု ရှိလွန်းနေပြန်ရင်လဲ မာန်တက်တဲ့ဘက်ရောက်သွားပြီးတော့ တမျိုး မုန်းစရာကောင်းပြန်ပါတယ်။ ကိုယ်က သူ့ကို သဘောကျမှန်း သူသိလေ သူက သူ့ကိုသူပိုအထင်တွေကြီးလေ ဘဝင်တွေမြင့်လေ အဲ့တာဆို ပိုမုန်းစရာကောင်းလေ။ လမ်းမှာ ကြုံလို့ ဆုံလို့ တွေ့တဲ့ အခါတိုင်း….ကိုယ့် ကို လုံးဝ ဂရုမစိုက်သလို၊ ကိုယ်ရှိနေတယ်ဆိုတာ သူမသိသလို ပုံစံမျိုး အချိုးမျိုး ချိုးတတ်တယ်။ ကိုယ်နဲ့ကြိုက်ဘူးတဲ့ *အကိုကြီး တယောက်ကို ခုထိ သတိရမိသေးတယ်။ ဒီစာရေးနေရင်းနဲ့ပေါ့။ ကိုယ်သူနဲ့ ကြိုက်တော့ ကိုယ်က ၂၀ သူက ၃၀ မာန်သိပ်တက်တာ ဖုန်းဆက်ပြီး ကိုယ့်ကို ကျူတာတောင် သူက အပေါ်စီးက နေချင်သေးတာ။ ခုထိလဲအသက်သာ ၄၀ ရောက်လာတယ် ဗိုက်တလုံးပူပူနဲ့သူက မာန်တက်ကောင်းတုံးပဲ။ အဲ့တာဆိုရင်တော့ အရင်ကထက် နှစ်ဆ ပို မုန်းစရာကောင်းလာပါတော့တယ်။

ကဲပါလေ အဆုံးသတ်ရရင်တော့ စားသုံးသူတွေရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ……ပေါ့နော်….ကိုယ့်ကိုကို ချစ်စရာကောင်းတယ်ထင်တဲ့ ယောက်ျားတွေက မုန်းစရာကောင်းပြီးတော့ ကိုယ့်ကိုကိုယ် မုန်းစရာကောင်းတယ်လို့ ထင်တဲ့ ယောက်ျားတွေ က ချစ်စရာကောင်းနေတတ်ပါတယ်။ သူ့ကိုယ်သူ ချစ်စရာကောင်းတယ်လို့မထင်တော့ သူက ကိုယ့် ကို အကောင်းဆုံးတွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်မယ် အဲ့တာဆိုရင် ကိုယ့်ကို အကောင်းဆုံးတွေ ပေးနိုင်ဖို့ သူအတတ်နိုင်ဆုံး ကြိုးစားတော့မယ်လေ…..မဟုတ်ဘူးလား…။

*(မိုက်တယ် တီချမ်း စာရေးတတ်လာတော့ အရင်က ကြည့်မရတဲ့ ရည်းစားဟောင်းတွေအကြောင်းရေးပြစ်ရမယ် ငှဲငှဲ ရွှေလုံး ငါရေးနေတဲ့တယောက်နင်သိတယ်…ခွိ)

A Chen
2:23 AM
May 16th 2011
Monday
Home
Bangkok