တကယ်တော့ ကိုယ် သိပ်သိပ်…

တကယ်တော့ ကိုယ်သိပ်သိပ်….

တခါတလေ ကိုယ်တို့တွေ ကိုယ့် ချစ်သူရဲ့ ရှေ့ မှာ အေးစက်စက်နဲ့ မထုံတက်သေး ပုံစံ ဟန်ဆောင်တတ်ကြပါတယ်။ အမှန်တကယ်ကတော့ ကိုယ်တို့ စိတ်ထဲမှာ တကယ်ဖြစ်နေတာက တဘက်သား ကို ကိုယ်တို့ ဘယ်လောက် သတိရ၊ လွမ်းဆွတ်၊ တမ်းတ နေလဲဆိုတာတွေ မသိအောင် ဟန်ဆောင်နေတာပါ။

ဖုန်းသံ မြည်လာတဲ့ အချိန်မှာ ကိုယ်တို့ စိတ်ထဲမှာ “သူ” ဆက်လာတာမှန်း သိရက်နဲ့ ဖုန်း ကိုချက်ချင်းကောက်မကိုင်ပါဘူး။ စိတ်ထဲမှာ ၁ ကနေ ၁၀ အထိ အရင်ရေပါတယ်၊ ပြီးတော့မှ ဖုန်း ကို ကောက်ကိုင်ပြီး ပုံမှန်လေသံဖြစ်အောင် ကြိုးစားပြီးထူးပါတယ်။ ကို်ယ်တချိန်လုံးလိုလို ဖုန်းဘေးမှာ ထိုင်စောင့်နေတယ် လို့ သူ့ကို မသိစေချင်ပါဘူး။ ဖုန်းခွက်ကို ကိုင်ပြီးတဲ့ အခါကျမှ ပုံမှန်လေသံ နဲ့ …

“ကျမ ကို ရှာတာ ဘာကိစ္စရှိပါသလဲ” လို့ အေးစက်စက် နဲ့ထူးလိုက်ပါတယ်။ တကယ်တော့ ကိုယ့်စိတ်ထဲမှာ “သူ့” ကို၊ “သူ့” ရဲ့အသံလေးကို သိပ်သိပ် သတိရ တမ်းတနေမိတာပါ။

“သူ့” ကိုမတွေ့ရတဲ့နေ့တွေမှာဆို တနေ့လုံးလိုလို အချိန်တိုင်း နာရီတိုင်း “သူ့” အကြောင်းတွေပဲတွေးနေမိတယ်။ “သူ့” ရဲ့ ရင်ခွင်ထဲမှာ ခိုဝင်ပြီးတော့ မှီတွယ်ချင်မိတယ်။ တကယ့်တကယ် မျက်နှာချင်းဆိုင်လဲ တွေ့ ကြရော ကိုယ်က လက်နှစ်ဘက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတဘက်တချက်မှာ ကပ်လို့ တောင့်တောင့်ကြီး ရပ်ပြီး က္ကုနြေ္ဒကြီး တခွဲသားနဲ့ စကားပြောတတ်တယ်။ သူကတော့ ထင်မှာ ပဲ ကိုယ်က သိပ်အေးတိအေးစက်နိုင်တာပဲလို့။ ဘာခံစားချက်မှမရှိတဲ့ မိန်းမလို့တောင်ထင်နိုင်တယ်။

တကယ်တော့ ကိုယ်က သူနဲ့တွေ့ရတာ ပျော်ရွှင်လွန်းလို့၊ ဝမ်းသာလွန်းလို့ သိပ်သိပ်…ဟန်ဆောင်နေရတာပါ။

ချိန်းတွေ့တာလဲပြီးရော လမ်းခွဲဖို့ အချိန်ရောက်ပြီပေါ့။ အိမ်ပြန်ရတော့မယ်လေ။ အိမ်ပြန်မယ့် လမ်းတလျောက်မှာ တလမ်းလုံး ကိုယ်ဘယ်လောက် ပျော်နေခဲ့သလဲဆိုတာကိုတွေးရင်းနဲ့ မပြန်ချင်သေးပါဘူးလေ လို့ တွေးနေမိတယ်။ တကယ်ပါ ကိုယ်မပြန်ချင်သေးပါဘူး။ သူနဲ့ တူတူ တွဲပြီး တိတ်တိတ်ဆိတ်ဆိတ် ညချမ်းအချိန်အခါမှာ အေးအေးဆေးဆေး လမ်းဆက်လျောက်ချင်နေမိသေးတယ်။ လျောက်ရင်းနဲ့ပဲ မိုးလင်းချင်လဲလင်းသွားပါစေပေါ့နော်။

သူပြောတဲ့ စကားသံလေးတွေ ကိုကြားချင်နေသေးတယ်။ သူပြောပြတဲ့ သူနဲ့ဆိုင်တဲ့ အကြောင်းတွေ ကိုလဲ ဒီ့ထက် ဒီ့ထက် ပိုသိချင်နေမိသေးတယ်။ ဒါပေမယ့်လဲကိုယ်က ဘာမှမပြောဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ သူက ကိုယ့်ကိုအိမ်ပြန်ပို့ရော။

အိမ်ရှေ့ရောက်ပြီဆိုတာနဲ့ သူကတောင် နှုတ်ဆက်စကားမပြောရသေးခင်မှာ ကိုယ်က အရင်ဦးအောင် ချက်ချင်း “နောက်မှတွေ့ကြတာပေါ့” လို့ အမြန်ပြောပြီး အိမ်ထဲလှည့်ဝင်ဖို့ အသင့်ဖြစ်နေပြီ။

သူတောင် လှည့်မထွက်ရသေးဘူး ကိုယ်က အိမ်ဝန်းထဲကိုရောက်နေပြီ။ ဒါပေမယ့် သူလှည့်ထွက်သွားတဲ့ အချိန်ကျမှ ကိုယ်က တိတ်တိတ်ကလေး ပြန်ပြန်လှည့်ပြီးတော့ သူ့ရဲ့ နောက်ကျောပြင်လေးကို ခိုးခိုးကြည့်တတ်တာ သူသိမှသိပါ့မလား။

သူ့ရဲ့ ကျောပြင်လေးကို ကိုယ်သိပ်သိပ် ချစ်တယ်ဆိုတာကော သူသိရဲ့လား။

နောက်တခါများကျရင် ကိုယ်က သိပ်စိမ်းကား အေးစက်တာပဲလို့ သူထင်မြင်မိရင်… တကယ်တော့ ကိုယ်ဘယ်လောက်တောင်မှ သူ့အပေါ် သိပ်သိပ်…သိပ်သိပ်…အလေးထားတယ်ဆိုတာ သူ့ကို သိစေချင်ပါတယ်လေ။

A Chen
2:48 AM
14th Feb 2011
Sunday
Home
Bangkok

လက်စားချေမှု သေးသေးလေးတွေ

ဘဝမှာ တခါမှ လက်စာမချေဖူးဘူး လို့ ပြောချင်ပါသလား။ တခုလောက်မေးပါမယ်။ ဘဝမှာ ချစ်ဖူးပါသလား။ ဘဝမှာ တခါလောက်ချစ်ဖူးတယ်ဆိုရင် အနည်းအများတော့ ကိုယ်တို့တွေ လက်စားချေမှု သေးသေးလေးတွေပဲဖြစ်ဖြစ် လုပ်ဖူးကြပါတယ်။

ဒီနေ့ ကိုယ်နဲ့တူတူနေပေးမယ် လို့ သူ ပြီးခဲ့တဲ့ တရက်က ကတိပေးထားခဲ့တယ်။ အဲတာနဲ့များတောင် ဒီနေ့ကျတော့ သူ့ရဲ့ ဝက်ပေါင်းဝက်သင်းတွေနဲ့ ဘောလုံးသွားကစား ဖို့ (ရုတ်တရက် ကိစ္စ) ပေါ်လာတယ်။ ရတယ် ကိစ္စမရှိဘူး။ သူ့ပိုက်ဆံ အိတ် ကို ကုန်အောင်သုံးပစ်မယ်။ ဖက်ရှင်ဆိုင်တွေအကုန်လျောက်လှည့်ပြီးတော့ ရှိရှိသမျှ မျက်လုံးထဲ လှတယ် ထင်တာ အကုန်ဝယ်ပစ်လိုက်တယ်။ အင်္ကျံတွေ၊ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ။ ဝယ်လဲပြီးရော စိတ်ထဲမှာ နည်းနည်းကျေနပ် သွားသလို ခံစားလိုက်ရတယ်။ နောက်ထပ် ဘေးနားက ဆိုင်တွေဘက်လှည့်ပြီးတော့ ရှိလဲဖြစ် မရှိလဲဖြစ်တဲ့ ပစ္စည်းလေးတွေ ထပ်လျောက်ဝယ်လိုက်တယ်။ ဥပမာ ရေမွှေး၊ နှုတ်ခမ်းနီ စသဖြင့်ပေါ့ ဘာပဲဖြစ်ဖြစ်လေ အဓိကကတော့ စိတ်ထဲရှိသမျှ ဝယ်၊ ဝယ်၊ ဝယ်ပါပဲ။
ကိုယ့် ကို ပစ်ထားသမျှ ကောင်းကောင်း လက်စားချေရမယ် ( မမကွမ်တို့ သတိချပ်စရာပါ)။

တကယ်လို့များ ရှော့ပင်း ထွက်ဖို့ ၊ ဝယ်ဖို့ ချမ်းဖို့ စိတ်မပါနေဘူးဆိုပါတော့၊ အဲ့တာဆိုရင်တော့ အစားပေါ့၊ စား၊ စား၊ စား တွေ့သမျှ စား စိတ်ကူးတည့်ရာစား ဒီလိုနည်းနဲ့ သူ့ကို လက်စားချေရပါမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူမပြောနဲ့ကိုယ့်ကိုကိုယ်တောင် စားနေတဲ့ ပုံစံ ကို မမြင်ချင်တော့တဲ့ အထိ စားပစ်ရပါမယ်။ (ဟမ်ဘာဂါ တို့ဘာတို့ပေါ့ ဖတ်စ်ဖွတ်တွေ)

ဒီလိုနည်းတွေ နဲ့လက်စားမချေချင်ဘူး၊ ကိုယ့်ကိုကိုယ် နှိပ်စက်တဲ့ နည်းတွေ မသုံးချင်ဘူးဆိုရင်လဲကိစ္စမရှိပါဘူး၊ တခြား လက်စားချေစရာ နည်းလမ်းအဖြာဖြာ အများကြီး ရှိနေပါသေးတယ်။ သူထွက်သွားတယ် မှလား၊ ကိုယ်လဲထွက်မယ်၊ သူနောက်ကျမှ ပြန်လာရင် ကိုယ်က သူ့ထက် ပိုညည့်နက်စေရမယ်။

သူ သိပ်တန်ဖိုးထားတဲ့ ကားလေးပေါ့၊ တွေ့မယ် တွေ့မယ်။ ကားတံခါး ကိုဆင်းတိုင်းတက်တိုင်း ဆောင့်ပိတ်မယ်။ စိတ်ပါရင် ခြေထောက်နဲ့တောင် တံခါး ကိုတချက်လောက် ကန်လိုက်အုံးမယ်။

ရှိသေးတယ်…သူသိပ်ချစ်လို့အလိုအရမ်းလိုက်ထားတဲ့ ခွေးလေး၊ မတည့်လို့ဆိုပြီး ချောကလက်မကျွေးဘူး။ ရတယ် ရတယ် သူမသိအောင် ခွေးလေး ကိုချောကလက်တွေ တပြုံတမကြီး ကျွေးလိုက်အုံးမယ်။ သူ ရင်နာ စိတ်နာပြီး သေပစေ…လုံးဝ ဂရုမစိုက်ဘူး။

ဒီနေ့ သူကတိအတိုင်း ကိုယ့်ကို အဖော်မလုပ်ပေးဘူး။ ကိစ္စမရှိဘူး။ ရတယ်၊ နောက်တရက်လောက်ကျရင်လဲ ကိုယ်ကလဲ ပြောထားပြီး ချိန်းထားပြီးတော့ တမင် ကို မေ့ပစ်မယ်။ ပြီးတော့ လှလှပပလေး ဝင်စားဆင်ယင် ပြင်ဆင်ပြီးတော့ သူ့ကို ခနဲ့တဲ့တဲ့ နဲ့ “ ဟွန်း ဒီလောက်ကြီးတဲ့ လူတယောက်တောင်ဖြစ်နေပြီ…. ကိုယ့်ဘာသာ အကြောင်းအရာလေး ဘာလေး ရှာပြီး မနေတတ်ဘူးလား” လို့ပြောလိုက်အုံးမယ်။ ပြီးမှ ပိုက်ဆံအိတ် နဲ့ တကိုယ်လုံး ရှိရှိသမျှတွေ ကိုအကုန် ခါပြီး ကော့ကော့ ကျော့ကျော့လေး ထွက်လာမယ်။

တခုပဲ…..

သူ ကိုယ့် ကို ပေယျလကန် လုပ်တုံးက၊ ပစ်ပစ်ခါခါ ထားပြီး သူ့သူငယ်ချင်းတွေ နဲ့ သွားတုံးက သူ့အပြစ်တွေ ကိုတွေးတွေးပြီး သူကို ပြန် လက်စားချေရတာတွေဟာ အရသာရှိသလောက် သူကိုယ့် အပေါ် ပြန်ကောင်းတဲ့ အခါ ပြန်ချော့တဲ့ အခါကျတော့ ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားရတာကတော့ ဘာလို့များလဲ…..။

A Chen
12:14AM
13 Feb 2011
Sunday
Home
Bangkok

ရိုးစင်းသော

ရိုးစင်းသော ခုတလော သူသိပ်အထီးကျန်နေပါသည်။ နေ့တဓူဝ အလုပ်တွေ ပုံမှန်လုပ်ဖြစ်နေသော်လည်း လူက စိတ်နဲ့ သိပ်မကပ်။ မနက်ဆိုလျင် သူက စောစောထနေကျ၊ မနက်ကို စောစောထပြီး လျင် ကော်ဖီတအိုးနှပ်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်းလမ်းလျောက်ထွက်မည်။ လမ်း လျောက်ထွက်ရာက အပြန်ဈေးကလေးထဲမှာ ဝယ်လာသော နံနက်စာ ကို ကော်ဖီနှင့် စားသောက်မည်။ ဒါတွေက နေ့တိုင်း သူလုပ်နေကြတွေ။ ပြီးလျင်တော့ သတင်းစာ ပို့သမားကို အိမ်ရှေ့ကပြင် ကနေမျှော်မည်။ တခါတရံများ မိုးတွေ လေတွေကြောင့် သတင်းစာ အပို့နောက်ကျလျှင် မနေ့က သတင်းစာကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန် အလှန်လှန် ဘတ်နေတတ်သေးသည်။ ၁၀ နာရီလောက်ဆိုလျှင်တော့ မနက်စာ ချက်ပြုတ်ဘို့ သူစရသည်။ သူ့မနက်စာသည် တကယ်တော့ အင်မတန်မှရိုးရှင်းလှပါသည်။ တကိုယ်တည်းသမားဆိုတော့ များသောအားဖြင့် ဖြစ်သလိုသာ စားလေ့ရှိသော်လည်း သူသည် အစားအသောက်ကို ခုံခုံမင်မင်ရှိသူဖြစ်သောကြောင့် မကြာမကြာဆိုသလို မိမိဘာသာ စားချင်သည်လေးများကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်တတ်ပြန်သေးသည်။ အဲ့ဒီနေ့ကတော့ ပြက္ခဒိန် အလိုအရဆိုလျှင် သောကြာနေ့ဖြစ်သည်။ ၁၃ ရက်နေ့တော့လည်း မဟုတ်ပြန်ပါ။ သို့သော် မိုးတွေကတော့ မဲမှောင်နေအောင်ပင် ပတ်ဝန်းကျင် တပြင်တခွင်လုံး လိုလို မှိုင်းညို့လို့နေသည်။ အတွေးတွေက အတိတ်ကို လွင့်သွားပြန်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တခုခန့်က ဒီလိုမျိုး မိုးသည်းနေ့တနေ့မှာ သူချစ်တဲ့ သူတယောက်ကို သူချစ်လျက်နဲ့ပဲ စွန့်လွှတ်ဖူးခဲ့သည်။ အချိန်က ကုစားပေးလိမ့်မယ်ဆိုသော စကားသည် အခါခပ်သိမ်း မမှန်ပါ။ သူတို့နှစ်ယောက်၏ အဖြစ်အပျက်က သက်သေပဲဖြစ်သည်။ ထိုအချိန်တုံးကတော့ သူသည် တက်ကြွသော ရည်မှန်းချက်ပြည့်ဝသော ရိုးသား ကြိုးစားသော သာမန်လူငယ်လေးတယောက်သာဖြစ်သည်။ သူ့မှာ ရည်မှန်းချက်တွေရှိသည်၊ တောက်ပ သော အနာဂတ်တခုကို သွားမည့် သေချာသော လမ်းကြောင်းရှိသည်။ သူ့ရဲ့ဘေးမှာ ဖဝါးမကွာ လိုက်နေသော နွေးထွေးသည့် အကြင်နာလက်နှစ်ဘက် နှင့် မြဲမြဲခိုင်နေသော ချစ်သူရှိသည်။ ဒါတွေသည် ခုတော့လဲ အိပ်မက်တွေလိုပဲ ဝေးဝါးလွင့်ပါးကုန်ခဲ့ပြီ။ ခုတော့လဲ ဘဝက သူ့အတွက် လှေလှော်ရင်းတက်ကျိုးခဲ့တာလား၊ လမ်းလျောက်ရင် ခြေခေါက်ခဲ့တာလား၊ ကိစ္စ မရှိပါ ဘဝသည် ဘဝပဲ ဖြစ်တဲ့ အတွက်ကြောင့် ခလုတ်ကသင်းတွေ ရှိနိုင်ပါသည်။ ရှိပါလိမ့်မည်။ တက်ကျိုးတော့ လက်ထိုးလှော်ဆိုသလို ခြေခေါက်ရင် ခါပြီး ပြန်ထရမှာပေါ့။ ပြန်ထ ခဲ့ပါသည် ဒီလိုနှင့် သူပြန်ထခဲ့ပါသည်။ အရင်တုံးက ဘေးနားမှာ ရှိခဲ့တဲ့ ချစ်သူဆိုသူကိုလဲ ချစ်သူနှစ်နာမှာစိုးလို့ ဟုသော် အတ္တသက်သက်ဖြင့် သူချစ်သူကို ထားခဲ့ပါသည်။ သူကတော့ ချစ်သူအတွက် ဟုထင်သော်လည်း ချစ်သူကဖြင့် ဒီလိုမြင်ပါ့မလား။ သို့သော် ကိစ္စ မရှိပါ ချစ်သူသည် အခုချိန်ထိ ရင်းနှီးသော သူငယ်ချင်း အဖြစ်ဖြင့် သူ့ဘေးတွင် ရှိနေပါသေးသည်။ ဒါဆို သိပ်မဆိုးသေးဘူး ဟု မိမိဘာသာ ဖြေသိမ့်လိုက်မိသည်။ အတ္တကို သာအနိုင်ပေးမိတာ သူ့ဘဝတွင် ခဏခဏ သို့မဟုတ် အခါခါ ဖြစ်နေကျ အဖြစ်အပျက် တခုသာဖြစ်သည်။ ဒါကလည်း လူပီသတာပဲ ဟု အတ္တကြီးကြီး ဖြင့် သူ့ဘာသာ မိမိကိုယ်ကို ဆင်ခြေပေးမိပြန်သည်။ သူတရားရဲ့လား ကိစ္စ မရှိပါ။ ဘဝရော၊ လောကကြီးရော၊ ကံကြမ္မာရော၊ အချစ်ရော၊ စစ်ရော တရားတာတခုမှမရှိ ဆိုမှတော့ သူကော တရားနေရအုံးမှာတဲ့လားလေ။ ခုတော့လဲ ဘာလိုလိုနဲ့ နေလာလိုက်တာ လူ့ဘဝမှာ တဝက်ကျိုးတော့မည်။ သူ ဘာမှတော့ ဖြစ်မလာသေးပေ။ အိမ်တွေ ကားတွေ စသော ပိုင်ဆိုင်မှုများဖြင့် တိုင်းတာမည်လျှင်တော့ သူခုထိ လူမဖြစ်သေးဘူးပေါ့။ ဒါပေမယ့် လုပ်ခဲ့တဲ့ အလုပ်တွေ အဲ့ဒီ အလုပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူတွေ ရရှိတဲ့ အကျိုးကျေးဇူးစတာတွေ နဲ့ တိုင်းတာမယ်ဆိုရင်တော့ သူတခုခု ဖြစ်ခဲ့ပါပြီ။ လုပ်ခဲ့ပါသည်။ ကိစ္စ မရှိပါ ဒီနေရာမှာ ပေတံမရှိတဲ့ အတွက် ကိုယ်ကြိုက်ရာ ပေတံယူပြီးတိုင်းပါလေ။ ချစ်သူဆိုတာ ဘယ်နေမှန်းမသိတော့ပေမင့် ဘဝလက်တွဲဖော် ဆိုတာ ကိုတော့ သူ လျောက်ရင်း လမ်းမှာ နားလည်လာခဲ့ပါသည်။ ထိုထိုသော သွင်ပြင်လက္ခဏာများနှင့် တိုက်ဆိုင်သော သူတယောက်ကို လည်း တွေ့ခဲ့ပါသည်။ ချစ်သူမဟုတ်ပေမယ့် ချစ်သူယောင်ယောင် ထင်မြင်မိလောက်အောက် ထိုသူကသူ့ ကိုချစ်ခဲ့ပါသည်၊ ချစ်နေပါသည်၊ ချစ်နေဆဲဖြစ်ပါသည်။ သူကကော…? ချစ်သည်ဟု ထင်သလိုလို ရှိသလိုလို တခါတခါတော့လဲ သူကတော့ သူ့ကို အသုံးချယုံပဲ ဟု သူ့ဘာသာတယောက်ထဲ မျက်စိမှိတ်၍ လောကကြီးနှင့်အပြိုင် ငြင်းချင်ပါသေးသည်။ တခါတခါတော့လဲ သူက သူ့ကို အသုံးချနေတာပါ ဟု မြင်ယောင် ထင်ယောင်မိပြန်ပါသည်။ အဲ့တာကရော အရေးကြီးပါသလား…? လူနှစ်ယောက်အတူတူနေရင် ဘယ်အရာက ပိုအရေးကြီးပါသလဲ။ အိမ်ထောင်ရေး ဟု မခေါ်ဆိုနိုင်သော်လည်း တချို့တချို့သော် တရားဥပဒေပါ ပညတ်ချက်များအရ သူအိမ်ထောင်ကျနေပါသည်။ ကိုတာရာကြီးကတော့ လင်းဗင်းတူ ၈ ပဲသား ဟု ပြောပါသည်။ သာယာပါသည်။ သာယာလျှင် အိမ်ထောင်မည်သည်လား? သူ့မှာအဖြေမရှိပါ။ ထို့ကြောင့် ထိုမေးခွန်းကို မမေးသလို ဖြေဆိုဖို့လဲငြင်းဆန်လေ့ရှိသူမှာ သူသာဖြစ်သည်။ အိုးထဲမှ ကော်ဖီကိုခွက်ထဲလောင်းထည့်ကာ သကြား နှစ်တုံးပစ်ထည့်လိုက်သည်။ ကော်ဖီ ကို သူချိုချိုကြိုက်ပါသည်။ သို့သော် ချိုချိုဆိုသော် နာမည်ကိုတော့ သူမကြိုက်ပါ။ မိန်းကလေး များ ကို ချိုချိုအောင်ဟု တချို့ကောင်လေးများစကြတာ ကြားဖူးပါသည်။ သူမကြိုက်ပါ။ သူ့အမြင်တွင် ရိုင်းသည်ဟု မြင်ပါသည်။ ဂျန်ဒါအကြောင်းကို သူသေသေချာချာ နားမလည်သော်လည်း သူဘာကို မကြိုက်သလဲ ဆိုတာကိုတော့ သူသေသေချာချာသိပါသည်။ အိမ်ခန်းထဲ သို့ လှမ်းကြည့်လိုက်သောအခါ သူ့ လက်ရှိ ချစ်သူ (ဘဝ လက်တွဲဖော်) နိုးလာလုပြီ ကိုတွေ့ရသည်။ အပျင်းကြော ဆန့်နေသော ချစ်သူကို ကြည့်၍ ကော်ဖီ ရပြီ မောင် ဟုပြောလိုက်သောအခါ ချစ်သူကပြုံးပါသည်။ ခုတော့လဲ ချစ်သူ့အပြုံးသည် သူ့အတွက် ပွင့်သောပန်းများပဲ ဖြစ်နေသည်မှာ ကာလအားဖြင့် လပြည့် ၆၀ ခန့် ပြည့်ပြီးပြီဖြစ်သည်။ မနက်စာချက်ဖို့ ပြင်ဆင်ယင်း ဘဝဆိုတာ ဒီလိုပါလားဟု အသက် ၃၀ ပြည့်ခါနီး သူတယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ဆင်ခြင်လာမိပါသည်။ A Chen 3:01 PM 11th February 2011 Friday Bangkok

ဟောင်းရှော…? (ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ)

ဘယ်လောက်သေချာသလဲ….?

သူကိုယ့်ကို ချစ်တာ သေချာသလား? ကိုယ်သူ့ကိုချစ်တာ သေချာသလား? ဒီနေ့ နေသာမှာသေချာသလား? မိုးရွာမှာသေချာသလား? မြန်မာ အသင်း ဘောလုံးပွဲမှာ နိုင်မှာသေချာသလား? ဒေါ်လာဈေး တက်မှာ သေချာသလား? ပျော်ရမှာသေချာသလား? ငိုရမှာသေချာသလား?

ဘဝမှာ သေချာမှု က ပိုများသလား၊ မသေချာမှု က ပိုများသလား? မသေချာဘူးဆိုတာကရော သေချာရဲ့လား? သေချာပါတယ်ဆိုတာကရော သေချာရဲ့လား?

ငရဲကြီးမှာ သေချာသလား? နိဗ္ဗာန်ရောက်မှာကော သေချာရဲ့လား? ငရဲရှိတာကော သေချာသလား? နိဗ္ဗာန်ရှိတာကော သေချာသလား?

အကြွေးပေးမှာ သေချာသလား? အကြွေးပြန်ရမှာကော သေချာသလား?

မကုရင် သေမှာသေချာသလား? ကုရင်ကော ပျောက်မှာသေချာသလား?

တကယ်ချစ်တာသေချာသလား? ယူဖြစ်မှာ သေချာသလား? အိမ်ပါတာသေချာသလား? ကားပါတာသေချာသလား? အကုန်ပါတယ်ဆိုရင်ကော သေချာသလား?

အလုပ်ရမှာ သေချာလား? လစာများတာသေချာသလား? လူထုအတွက် လုပ်နေပါတယ်ဆိုတာကကော သေချာရဲ့လား? တကယ်သေချာရဲ့လား?

“ယူ”ထားသလောက် ပြန်မ“အန်”လို့ “ယူအန်”လို့ ခေါ်တာသေချာသလား? ယူနိုက်တက် နတ်သင်းမို့လို့ ယူအန်လို့ခေါ်တာသေချာသလား?

ကိုယ့်ကိုယ်ကိုရောသေချာသလား? သူ့အတွက်ကကော သေချာသလား? အခြေအနေကကော သေချာရဲ့လား?
ယူလိုက်ရင် ပိုသေချာမလား? မယူဖြစ်ရင်ကော (ချစ်တာ…)သေချာလား? စာချုပ်ကကော သေချာရဲ့လား? စိတ်က ပိုသေချာသလား? စိတ်မပါဘဲ စာချုပ်ကြီးပဲဆိုရင်ကော သေချာလား?

အိမ်ထောင်ပြုတာ သေချာသလား? အပျို လူပျို လုပ်တာ ပိုသေချာသလား? အနာဂတ်အတွက်သေချာတာလား? ပစ္စုပ္ဗန် အတွက်သေချာတာလား? အတိတ်ကကော သေချာခဲ့ရဲ့လား?

ညောင်စေ့လောက်လှုရင် ညောင်ပင်လောက်ရမှာ သေချာလား? စိတ်ထားတတ်ရင်ကော သေချာမှာလား? ကောင်းတာလုပ်ရင်ကော ကောင်းတာ ပြန်ဖြစ်မှာ သေချာမှာလား? ခုဘဝမှာ သေချာမှာလား? နောက်ဘဝကျမှသေချာမှာလား?

ကြောင်ဆိုတာကော သေချာလား? ကျားဆိုတာကော သေချာသလား? ကြောင်ကြောင် ကျားကျား ဖြစ်နေတာ က ပိုသေချာသလား?

ကလေးယူမှာ သေချာသလား? ကလေး ရမှာသေချာသလား? ယောက်ျားလေးဆိုတာ သေချာသလား? မိန်းကလေး ဆိုတာသေချာသလား?

ယောက်ျား ကိုယ်ခန္ဓာ ရှိပေမယ့် ယောက်ျားစိတ် ရှိတာသေချာလား? ယောက်ျားဆိုရင် ပိုမြင့်မြတ်တယ်ဆိုတာသေချာသလား? မိန်းမ ဆိုရင် ပိုအူတိုတယ်ဆိုတာသေချာသလား?

ထိုင်ခုံနဲ့ ထိုင်မှာသေချာသလား? ထိုင်ခုံရှိရင် ကော ပိုသေချာသလား?ထိုင်ခုံမလှုပ်မှာကော သေချာသလား? ထိုင်ခုံမှာ ကြာကြာ ထိုင်ရမှာကော သေချာရဲ့လား? ထိုင်ခုံပိုင်ရင် ကော ထိုင်ရမှာ သေချာသလား? ထိုင်ခုံ ကိုအမွေ ရထားရင်ကော ထိုင်ရမှာသေချာသလား? ထိုင်သင့်တာသေချာသလား? ထိုင်ခွင့်ရှိတာ သေချာရဲ့လား? ထိုင်ထိုက်တာသေချာသလား?

စာရေးနေတာ သေချာသလား? အကျိုးပြုမှာသေချာသလား? အပျင်းပြေမှာသေချာသလား? သုတ ပါမှာ သေချာသလား? ရသပေးမှာသေချာသလား? ဒါမှမဟုတ် ဟာသ နဲ့ပျော်ရွှင်စေမှာသေချာသလား?

တကယ်ဘတ်တာသေချာသလား? သေချာဘတ်တာသေချာသလား? တကယ်ခင်လို့ လာတာ သေချာသလား? ပြန်လာလည်စေချင်လို့ လာတာ က ပိုသေချာသလား? ပြန်လိုက်မလည်ရင်ကော နောက်ထပ်လာမှာသေချာသလား?

ခင်ဖို့ကောင်းတာသေချာသလား? ဟင်းချက်တတ်တာကော သေချာရဲ့လား? လျောက်ရေးနေတာ သေချာလား? စေတနာ ထားတာသေချာသလား?
နာမည်ကြီးချင်တာသေချာသလား?

ရည်းစားများတာသေချာသလား? ကံဆိုးတာ သေချာသလား? ချစ်တတ်တာကော သေချာရဲ့လား?

(ဖြေကြည့်နော်)
အန်တီချမ်း said… တနေရာရာမှာ တခုခုကတော့ သေချာမှာပါ
အနည်းဆုံး ဘာမှမသေချာဘူးဆိုရင်တောင်မှ အဲ့ဒီ မသေချာဘူးဆိုတာကြီးကတော့ သေချာနေအုံးမှာပဲလေနော်
နောက်တခု သေချာတာ ရှိသေးတယ်
သေခြင်းတရားပေါ့

အခန်းဆက်ကတော့ ရေးဖြစ်အုံးမှာပါ
ဘတ်တဲ့ လူ အဲ့လောက် မရှိဘူးထင်လို့ ပျင်းပြီး ပစ်ထားမိတယ်
ကိုယ့်အပြစ်ပါ
ဆက်ရေးပါ့မယ်
စထားရင် ဆုံးရမယ် မှလား
အစကောင်းမှ အနှောင်းသေချာမှာလေနော်

A Chen
4:29 PM
4th Feb 2011
Friday
Bangkok

ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်
ကနေတဲ့ မိန်းမငယ်

ကနေတဲ့ မိန်းမငယ်
ဒန်းစင်းလေဒီ လို့ ခေါ်ကြတယ်
သူ့အလှ သူ့ဘဝ
ဖန်တီးသူတွေမြင်ကြတယ်
ပုံတွေ ရိုက်မယ်
စာတွေရေးမယ်
ပန်းချီ အရောင်ချယ်ကြတယ်

ရှင်သန်ရာကမ္ဘာထဲမယ်
ကမယ် ခုန်မယ် သီချင်းဆိုမယ်
ခဏတာဆိုလဲ ပျော်ပျော်နေမယ်
ဘဝတာ တိုလဲ တိုပါစေကွယ်
လူတွေ လူတွေ
လှတယ်ဆိုပြီး မခူးခင်ကွယ်

အလှကြောင့် ဘဝပျက်မယ်
အလှကြောင့် ဘဝခက်တယ်
အပင်ပေါ်ကနေ ပန်ဆင်သူလက်ထဲ
သက်ဆင်းသော်လည်း
အသက်ပျောက်ရတယ်
အဆင်းလှသော်လည်း
ဘဝက မလှတယ်
ဒန်းစင်းလေဒီ
ကနေတဲ့ မိန်းမငယ်

A Chen
4:18 PM
2nd Feb 2011
Wednesday
Bangkok

ခုတလော မမပန်ပန် ရဲ့ ဖဘ ကို ခဏခဏ ရောက်ပါတယ်။ တနေ့ကလဲပုံတပုံ အမြတ်ထုတ်ပြီးကဗျာ ရေးပါတယ်။မဘတ်လိုက်ရတဲ့ သူတွေအတွက် ဒီမှာပါ
ဒီနေ့လဲ ထပ်ရောက်တော့ နောက်တပုံ ကိုမန့်ရင်းနဲ့ ကဗျာ ဖြစ်သွားပါတယ်။ ကလေးဆန်ဆန်ပဲ ရေးထားတာပါ။ ရိုးရိုးတွေးပြီး ရိုးရိုးပဲ တင်ပြပါတယ်။ အဖွဲ့အနွဲ့ထက် အကြောင်းအရာ ပိုစောင်းပေးထားတာပါ။ ကိုယ်ကလဲ ကဗျာဆရာ နာမည်ခံနိုင်တဲ့ အဆင့်မရှိပါဘူး။ ရောက်ရာ ပေါက်ရာ လျောက်ရေးပါတယ်။ အမန်နျူရယ်ပေါ့ ပရော်ဖက်ရှင်နယ် မဟုတ်ပါဘူး။

ကိုယ့် ကဗျာတွေက တကယ့် အဒိုလန့်စန့် ပါပဲ အရင်ကလဲ မွေးနေ့ ဆုတောင်းကဗျာတွေ ရေးပေးလေ့ရှိပါတယ်။ ကာရံမဲ့ထက် ကာရံနဲ့ ကဗျာ တွေ ကိုပိုကြိုက်တတ်ခဲ့တယ် (သစ္စာနီ တို့ ဘာပြောပြော အဟိ) ငယ်ငယ်က မိုးသောက်ပန်း တေဇ တို့ကျောင်းသား ရွှေသွေး မင်္ဂလာမောင်မယ်တွေ ဘတ်တာများလို့

ပုံတွေ သုံးခွင့်ပြုတဲ့ မမပန်ပန် ကိုကျေးဇူး အထူးတင်ကြောင်းပြောလိုပါတယ်။

မောင်ဗေဒါ

မောင်ဗေဒါ

ဗေဒါငယ်ငယ်
မာန်ကြွယ်ကြွယ်
မလှသော်လည်း ကြံ့ခိုင်တယ်
ဘဝ ကိုလဲ ရုန်းကန်တယ်
ရေကိုလဲ စုန်မယ်
လေကိုလဲ ဆန်မယ်
မုန်တိုင်းကိုလဲ အံ့တုမယ်

အတ္တိသယ ဆိုသော်လည်း
လှတယ်
စိတ္တဇ ဟုဆိုသော်လည်း
ရမယ်

ဗေဒါ ငယ်ငယ်
မလှသော်လည်း အရှုံးမခံတယ်
ဘဝကိုလဲ ရုန်းကန်တယ်

A Chen
4:33 PM
2nd Feb 2011
Wednesday
Bangkok

မနက်က ညီမငယ်တယောက်က ဖဘ မှာ ဆရာဇော်ဂျီ ရဲ့ ဗေဒါ စီးရီးထဲက “ရဲခဲ့သည်ပဲ” (ဘယ်ဘက်က လောလောဆယ် ကြိုက်နေတဲ့ ကဗျာ ကော်နာ ကို ကြည့်ပါ) ဆိုတဲ့ ကဗျာလေး ကိုတင်ပါတယ်။

နေ့လည်ပိုင်းကျတော့ ဖဘ မှာ ပုံတွေ လျောက်ကြည့်ရင်းနဲ့ မမပန်ပန် ပုံတပုံမှာ ကွန်မန့် မန့်ရင်း ကဗျာ တပုဒ်ရေးပါတယ်။ အစကတော့ ဒန်းဇင်းလေဒီ (နောက်နေ့တင်မယ့် ကဗျာ) နဲ့ ဗေဒါ ကို “နှိုင်းယှဉ်” ပုံစံလေးရေးထားတာပါ။ နောက်တော့ သပ်သပ်ခွဲထုတ်လိုက်ရင် ပိုကောင်းမယ်ထင်လို့ ဗေဒါ က သပ်သပ် တပုဒ်ဖြစ်လာပါတယ်။ ပုံကိုတော့ ဂူဂဲလ် ကနေရပါတယ်။

ပန်းတွေ ဆိုရင် မိန်းကလေးနဲ့ တင်စားတတ်ကြလို့ ကိုယ်ကတော့ သန်ရာသန်ရာ ကောင်လေး အနေနဲ့ မြင်ကြည့်တယ်။ အဲ့တာကြောင့် ကဗျာ နာမည် ကို မောင်ဗေဒါ လို့ပေးပါတယ်။ ဆရာဇော်ဂျီ ကိုပြောင်လှောင်လိုခြင်း အလျင်းမရှိကြောင်း အရင်ပြောချင်ပါတယ်။

စကားကုန်။ (မကျန်အောင်ပြောတာပါ စကားကြွင်းမဟုတ်ဘူးနော်)
သူငယ်ချင်းက မေးပါတယ် ….နင်က မောင်ဗေဒါလားတဲ့ ပြန်ဖြေလိုက်တယ် “ဟင့်အင်း မဟုတ်ဘူး” လို့
“ကျမ က ဘဲအုပ် တရာ နှစ်ရာမက သုံးရာလောက် နဲ့ တွေ့ချင်တဲ့ မဗေဒါပါ” လို့
ဟိဟိဟိ လူအပြောခံရအောင် လုပ်မိပြန်ပြီ

ရှမ်းတို့ အကြိုက် တီ့ အကြိုက် ဝက်နံရိုး ပိန္နဲသီး ဟင်းရည်

ဒီတခါတော့ ရှမ်း ဟင်းလေးတင်ပေးချင်ပါတယ်။ တီ အရမ်းကြိုက်တဲ့ အစားအစာထဲမှာ ရှမ်း အစားအစာတွေလဲပါသလို ရှမ်း ဟင်းတွေ လဲပါပါတယ်။ ဒီဟင်းဆိုရင် တီငယ်ငယ် ကျိုင်းတုံ ပြန်လည်တဲ့ အခါ အဖွား က သက်သတ်လွတ် ချက်ချက်ကျွေးတတ်သလို အဒေါ်ငယ်လေးကလဲ အသားနဲ့ချက်ချက်ကျွေးတတ်ပါတယ်။ နောက် ကိုယ့် မေမေ (မွေးစား) ကလဲ ငယ်ငယ်က ကြက်သား သက်သတ်လွတ်ဆိုပြီး ဆီပြန် ချက်ချက်ကျွေးလေ့ရှိတော့ ပိန္နဲသီး နဲ့ ကိုယ် သိပ်မကင်းပါဘူး။
ပိန္နဲသီး ကို အမှည့် လဲကြိုက်ပါတယ် (အိမ်ပျော့ဖြစ်ဖြစ် အိမ်မာ ဖြစ်ဖြစ် တီကတော့ အပျော့ ပိုကြိုက်တယ် လူတော်တော်များများကတော့ အိမ်မာ ပဲ ကြိုက်ကြတယ်)။ အစေ့ကို ပြုတ်စားရင်လဲကြိုက်ပါတယ်။
ခုဟာကတော့ ပိန္နဲသီး အစိမ်း အကင်းလေးတွေကို ဟင်းချက်စားတာပါ။
ဒါပေမယ့် ပိန္နဲသီး အစိမ်းလေးတွေက ရခဲတော့ စားရခဲပါတယ်။ ဈေးထဲမှာ အမြဲ မတွေ့ရတတ်ပါဘူး။ တနေ့ကတော့ ဈေးထဲသွားရင်း ဟင်းသီးဟင်းရွက်ဆိုင် တဆိုင်မှာ တွေ့လို့၃ လုံးစလုံး ဝယ်လာခဲ့ပါတယ်။
မချက်ခင် ပထမပြင်ဆင်တဲ့ ပုံလေးတွေကို ကြည့်ကြရအောင်နော်…..

ပထမ ပုံက ခရမ်းချဉ်သီးလေးတွေနဲ့ ဆူးပုပ်ရွက်ပါ။ ခရမ်းချဉ်သီးလေးတွေကို လေးစိပ်ကွဲအောင် လှီး ပြီးတော့ ဆူးပုပ်လေးတွေကိုသင်ထားပါမယ်။ ဆူးပုပ်က ဒီမှာ ဝယ်စားရတာ သိပ်အဆင်ပြေပါတယ် နုနုလေးတွေချည်းပဲ မို့လို့လေ။ မြန်မာ ပြည်မှာ ဆို ရင့်တာတွေပဲ များတယ်။ ဘေးကတော့ ရှမ်းပဲပုတ် ပါ ပဲပုပ် ကိုမီးကင်ထားပြီး အမှုန့်ထောင်းထားတာပါ။ တီက မြန်မာပြည်က လာကတည်းက အမေ့ ကို လုပ်ခိုင်းပြီး သယ်လာတာပါ။ အမှန်က လတ်လတ်ဆတ်ဆတ် ကင်ပြီး ထောင်းရင် အနံ့ အရသာနဲ့ပိုပြည့်စုံတာပေါ့။ ခုတော့လဲ ရှိတာကိုပဲ ကျေးဇူးတင်ရပါတယ်။ တီက အဲ့ဒီ ပဲပုပ်မှုန့် ကို ငရုတ်သီး အကျက်မှုန့် ဆား အချိုမှုန့် တို့ နဲ့သမအောင်မွှေပြီး သရက်သီး အစိမ်းနဲ့ တို့စားတာပါ။ ခုတော့ ဟင်းထဲထည့်စရာဖြစ်သွားတာပေါ့။ ရှမ်းခေါက်ဆွဲထဲလဲ ထည့်ချက်ရပါတယ်။ သူ့ချည်းပဲ မီးကင်ပြီး ဆီဆမ်းစားရင်လဲသိပ်ကောင်းတာပါပဲ။
(မှတ်ချက် တီက ရှမ်းမဟုတ်ပါ၊ မြန်မာ ၅၀% ၊ လီရှော ၂၅ % နဲ့ တရုတ် ၂၅% စပ် ဖြစ်ပါတယ်)

ဒါကတော့ ဈေးထဲကနေ ဝယ်လာတဲ့ ပိန္နဲသီး အစိမ်းပါ ဆိုင်က တော့ အခွံပဲ လှီးပေးလိုက်တဲ့ အတွက် အိမ်ရောက်မှ ကိုယ့်ဘာသာ ပြန်လှီးရပါတယ်။ သူက အစေးတွေ ထွက်တာများလို့ ဓါးကို ဆီသုတ်ပြီး လှီးပေးပါ။ လက်ကိုလဲ သုတ်ရပါတယ်။ ဆေးတဲ့အခါလဲ ဆီနဲ့ အရင် သေချာ သုတ်ပြီးမှာ ဆေးရင် ပိုပြောင်ပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း အနေတော် အတုံးလေးတွေ တုံးပါ။ တခါတခါ ဈေးထဲမှာကို တုံးပြီးသားတွေ ရောင်းတတ်ပါတယ်။ သူက လှီး လိုက်ရင် မဲသွားတတ်တဲ့ အတွက် တခါတလေ သူတို့က ဆားရည်တွေဘာအရည် ညာအရည်တွေစိမ် တတ်ပါတယ် တီလဲသေချာတော့ မသိပါဘူး မမဲအောင်စိမ်တာတော့ သိတယ်လေ။ ပြီးရင် ဘေးမှာ ပြထားတဲ့ အတိုင်းရေစစ်ထားပါမယ်။

ဒါကတော့ ဟင်းအနှစ်ချက်ဖို့ အတွက် ပြင်ဆင်နေတာပါ။ ကြက်သွန်ဖြူနီ ကြိတ်ပြီးသား ကို ပုံမှာ ပြထားတဲ့ အတိုင်းဆီသတ်ပါ။ ခဏခဏ ပြောနေတဲ့ အတွက် မပြောတော့ဘူးနော်။ လူတိုင်း (အများစု) ကတော့ ဆီသတ်တတ်မှာပါ။

ပြီးရင် ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပါမယ်။ မွှေးလာတဲ့ အထိကြော်ပေးပါ။ ပြီးရင်တော့ ခုနက လှီးချွတ်ရေဆေးထားတဲ့ ခရမ်းချဉ်သီး ကို ထည့်ကြော်ပါမယ်။

ခုနက ပြောတာတွေကိုလုပ်နေတဲ့ တပြိုင်တည်းမှာဘဲ ဝက်နံရိုး ကိုဟင်းရည် ပြုတ်ထားပါမယ်။ တီချမ်းရဲ့ ဆွေစဉ်မျိုးဆက် လျှို့ဝှက်ချက်ဖြစ်တဲ့ မဟာဟင်းရည် ကြည်အောင်တည်နည်း ကို ဒီမှာ ဖော်ပြပြီးဖြစ်လို့ ထပ်မပြောတော့ဘူးနော်။ တကယ်လို့ သက်သတ်လွတ် ချက်ချင်တယ် ဆိုရင်တော့ အသားမထည့်ဘဲ ရေချည်းပဲ ဆူအောင်တည်လိုက်ပါနော်။ ပြီးရင်တော့ ခုနက လှီး ပြီးရေးဆေး စစ်ထားတဲ့ ပိန္နဲသီး တွေကို ထည့်ပြုတ်ပါမယ်။ ပိန္နဲသီးတွေ နူးတဲ့ အထိပြုတ်ပေးပါ။ နူးမနူးသိချင်ရင် ဇွန်းလေးနဲ့ ဆယ်ဆယ်ပြီးတော့ ထိုးကြည့်ပါ။

တဘက်ကလဲ ခုနက ကြက်သွန်ဖြူနီ နဲ့သတ်ထားတဲ့ ဆီထဲကို ငရုတ်သီးမှုန့် ထည့်ပြီးတော့ ခရမ်းချဉ်သီး ထည့်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းချဉ်သီး အနည်းငယ် နူးတဲ့ အထိ ကြော်ပေးပါ။ ပြီးရင်တော့ ဆီသတ်ထားတဲ့ အနှစ်ကလဲ ရယ်ဒီပဲ ဟင်းရည် ကလဲ ရယ်ဒီပဲဆိုရင်တော့ ဝမ်းတူးသရီးလို့သာ တိုင်ပင် ပေးပြီးတော့ ဟင်းရည်ထဲကို ဆီသတ်အနှစ်တွေရောထည့်လိုက်ပေတော့။ ပြီးရင် ဆား အချိုမှုန့်စတာတွေကို သင့်အောင် ထည့်ပါ။ တချိန်တည်းမှာဘဲ စစကနဦးက အကျယ်တဝင့် ရှင်းပြခဲ့ပြီးဖြစ်တဲ့ ပဲပုပ်အမှုန့် ကိုထည့်ပါမယ် သင့်တော် သလိုချိန်ဆထည့်ပါ အရသာ အပေါ့အလေး ကိုယ့်စိတ်ကြိုက်လိုက်ပြီးတော့ပေါ့။ တခုပဲ မှာချင်တယ် ပဲပုပ်တွေအများကြီးမထည့်ပါနဲ့ သွေးတိုးရင် တီတာဝန်မယူနိုင်ပါဘူး။ နောက်မှ မပြောဘူးမပြောနဲ့နော်။ တရုတ်စကားပုံရှိတယ် “ပြဿနာ ဆိုတာ ပါးစပ်ပေါက်ကပဲ ထွက်တတ်သလို အနာရောဂါ ဆိုတာလဲ ပါးစပ်ပေါက်ကနေသာ ဝင်လာတတ်ပါသတဲ့” (ဆိုလိုတာကတော့ စကားရှုပ်ရင် ပြဿနာ တက်တတ်သလို အစား မဆင်ခြင်တာကြောင့် လဲရောဂါဘယ ထူပြောတတ်တာ ကိုပြောချင်တာပါ) ရှေးလူကြီးစကား အလေးထားနော်….
နောက်တော့ မှ ဟင်းရည် ပွက်ပွက်ဆူပြီ ဆိုရင် အိုးချခါနီးကျတော့ မှ ဆူးပုပ်လေးတွေ အုပ်လိုက်ရုံပါပဲ။ အဲ့တာဆိုရင် အင်မတန်မှ အရသာရှိတဲ့ ပိန္နဲသီး ဝက်နံရိုးဟင်းရည် ရှမ်းစတိုင်လ် တခွက် ရပြီပေါ့နော်…

ဒီလိုလေး သပ်သပ်ထည့်ပြီး ထမင်းနဲ့ ဆွဲလို့ ရသလို တီ့လိုမျိုးလဲ ထမင်းထဲ တခါတည်း ဆမ်းပြီး အပျင်းစားနည်း စားလို့ ရပါတယ်။ ဘယ်လိုစားစား အိုအီရှိ ဖို့ ကသာ အဓိကလေနော်……….

အားလုံးကိုချစ်တဲ့
တီချမ်း

A Chen
1:57 PM
2nd Feb 2011
Wednesday
Bangkok