ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁၀)

(၁၀)

ဝက်ဝံ ကျမဆီက ဓါတ်ပုံတောင်းပြီးတဲ့နေ့ကစပြီးတော့ နောက်နေ့တွေ သူ့ကို အတန်းထဲမှာ မျက်နှာခြင်းဆိုင်းရတိုင်း ကျမစိတ်ထဲမှာ တမျိုးချည်းပဲ၊ အူကြောင်ကြောင် ဖြစ်နေသလို ခံစားရတယ်။ သူက ကျမနောက်တည့်တည့်မှာ ထိုင်တာ တော်ကြာ အတန်းထဲမှာ စာသင်နေတုံး ကျမ ကို သူတချိန်လုံးစိုက်ကြည့်နေရင်…ကျမရဲ့ နောက်စိ ကိုတော့ သူက မြင်နေရပြီး ကျမ ကျတော့ သူ့ကို မမြင်နိုင်ဘူးလေ။ ဒါပေမယ့် သူကတော့ ပုံမှန်အတိုင်းပဲ တိတ်ဆိတ်နေပြန်ပါတယ်။ ရှေ့ကိုတလှမ်းတိုးမယ့် ပုံမျိုးလဲ နည်းနည်းမှ မပေါက်ဘူး။ အဲ့ဒီနောက်ပိုင်းရက်တွေရဲ့ မုန့်စားဆင်းချိန်ရောက်တိုင်းလဲ သူရယ်၊ စင်မင်းနဲ့ ကျောင်းက ကောင်လေးတချို့ရယ် ကျောင်း ကစားကွင်းမှာ ဘတ်စကက်ဘော ကစား နေတာနဲ့ပဲ အချိန်ကုန်နေတာပဲ။ ဝိတ်လျော့တာ အောင်မြင်သွားတဲ့ စင်မင်းကတော့ ကျောင်းမှာ ဒဏ္ဏာရီ တခုလိုလိုပါပဲ။ ကျောင်းမှာရှိတဲ့ ဝနေလို့ အရင်က စိတ်အားငယ်နေတဲ့ ကျောင်းသူဝဝလေးတွေအတွက်လဲ မျှော်လင့်ချက် မီးရှုးတိုင် ထွန်းပေးလိုက်သလိုပဲလေ။ နောက်ဆုံး နည်းနည်းလေးမှတောင်မဝတဲ့ လာဗင်းဒါးကတောင် တနေ့စာသင်နေရင်း မနေနိုင်တော့တဲ့ပုံနဲ့ စင်မင်းကိုမေးလာတဲ့အထိပါပဲ။

“လူစင်မင်း မင်းဘယ် ကာယလေ့ကျင့်ခန်းရုံ မှာ သွားကစားတာလဲ?”

“မဟုတ်ပါဘူးဆရာ၊ ဒီလိုပဲ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပြီးတော့ အစားအသောက် ကိုသတိထားတာလောက်ပါပဲ။” စင်မင်းက အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။ သူ့ပုံစံ ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မော်ဒယ်လ် မင်းသမီးတွေ အင်တာဗျူးမှာ ဖြေနေသလိုပဲ။ ဝိတ်လျော့တယ်ဆိုတာ ဘာမှအရေးမကြီးတဲ့ ကိစ္စ လိုလို ဘာလိုလိုပေါ့။ ဖားကလေးကနေ ဘဝပြောင်းပြီး မင်းသားဖြစ်လာတဲ့ စင်မင်း က ကျောင်းမှာ နောက်ပိုင်း ကောင်မလေးတွေကြားထဲမှာ အရမ်းပေါ်ပြုလာဖြစ်လာပါတယ်။ သူမို့လို့ ကျောင်းကစားကွင်းမှာ ဘတ်စကက်ဘော ကစားပြီဆိုရင် ကျောင်း စာသင် ဆောင် အထပ်တိုင်းလိုလိုရဲ့ ဝရန်တာတွေမှာ ကောင်မလေးတွေ ထွက်ပြီး အားပေးနေ ကြတာ၊ သူ့အကြောင်း ကိုတီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြတာတွေ တွေ့ရပါလိမ့်မယ်။ အပြင်ပုံပန်းသဏ္ဍာန် ပြောင်းလဲလာတဲ့ စင်မင်းဟာ နေ့ချင်းညချင်းမှာပဲ လူကြီးကြီး ဖြစ်လာသလိုပဲ ရင့်ကျက်တဲ့ ပုံပေါက်လာပါတယ်။ ဝက်ဝံကတော့ ခုထိ ကလေးကြီး လိုဖြစ်နေတုံးပါပဲ။ မတ်တပ်ရပ်တဲ့ အခါဆိုလဲ ဘယ်တော့မှ ခါးကို မတ်မတ် ရင်ကို ကော့ကော့ မရပ်တတ်ဘူး၊ ကြည့်လိုက်ရင်အမြဲလိုလို ခါးကကုန်းကုန်း လက်ပြင်က ကုန်းကုန်းနဲ့ မတ်တပ်ရပ်ရင်း အိပ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ပုံနဲ့။ ကျောင်းဝတ်စုံအဖြူ ဆိုတာလဲ သူဝတ်လိုက်မှဖြင့် နွမ်းဖတ်ဖတ်ဖြစ်နေတာယူမလား၊ ခုမှ ချောင်ကနေတိုးထွက် လာသလို ညစ်တီးညစ်စုတ် ဖြစ်နေတာ ယူမလား ဆိုတဲ့အထဲကပါပဲ။ အစာစားရင်လဲ ဘာပဲစားစား အမုန်အမွှား ဒါမှမဟုတ် အကွက် အစွန်းတွေက မျက်နှာပေါ်မှာ ကျန်နေတာ ယူမလား၊ ပခုံးပေါ်မှာ ကျနေတာ ယူမလား၊ အင်္ကျီမှာ ပေနေတာယူမလား။ သူ့ရဲ့ လွယ်အိတ်ဆိုတာကလဲ လေးလိုက်တာဆိုတာ ကျောက်တုံးတွေထဲ့ထားသလား မသိဘူး စားပွဲပေါ်ပစ်တင်လိုက်ရင် “ဒုတ်”ကနဲ မြည်တတ်သေးတယ်။ ကြည့်ရတာ တခါမှ လွယ်အိတ်ဆိုတာကို မရှင်းဘူးဘူးထင်တယ်။ ပြီးတော့ သူ့မှာ ခြေထောက် တုတ်တုတ် တစုံရှိသေးတယ်။ ဖိနပ်တွေဆိုတာ ဘယ်လောက်တောင်ကြီးသလဲဆိုရင် ငှက်ကလေး တသိုက်လောက်တော့ ကောင်းကောင်းမွေးလို့ရတယ်။ ဖိနပ်ကြိုးဆိုတာလဲ ဘယ်တော့မှ သေချာမချည်တတ်ဘူး၊ လျော့တိလျော့ရဲနဲ့ အမြဲ။ ဘက်စကက်ဘော ကစားတဲ့အခါဆိုရင် ခေါင်းက စုတ်ဖွား ချွေးသံတရွှဲရွှဲနဲ့ ဘောလုံး ကို ကြမ်းကြမ်းတမ်းတမ်းပုတ်ပြီး ဟိုပြေးဒီပြေးလုပ်တတ်တယ်။ တခါတလေ အဲလိုပြေးနေရင် သူ့ရဲ့ အမွှေးအမျှင်တွေများတဲ့ ခြေသလုံးတစုံ ကလဲပေါ်ပေါ်လာတတ်သေးတယ်။ ဘောလုံး ကိုခြင်းထဲ ခုန်ပြီး ပုတ်ထည့် တဲ့ အခါများဆိုရင်လဲ ဘယ်တော့မှ စင်မင်းလို ဘာသိဘာသာ ပုတ်ထည့်နေရင်းနဲ့ ခပ်မိုက်မိုက်စတိုင်လ် မျိုး လာအောင် မပုတ်တတ်ဘူး။ စင်မင်းရဲ့ ဘေးမှာ နေရင် သူတို့နှစ်ယောက်က အဲ့လိုမျိုးကို ကွာခြားတာပါ။

အဲ့တာ ဝက်ဝံ အစစ်တဲ့လား? သူငယ်ချင်းအတွက် နွားနောက်ကောင်ကို အန္တရာယ် ရှိမှန်း သိရက်နဲ့ လမ်းလွှဲပေးတဲ့ ဝက်ဝံဆိုတာလေ…? အင်း တခုခုတော့ ရှိရမယ်။

ယောက်ျား အသုံးချနည်း တစ်ရာ

ယောက်ျား အသုံးချနည်း တစ်ရာ

တခါတုံးက လူတစ်ယောက်က “ကြောင်သေ အသုံးချနည်း တစ်ရာ” ဆိုပြီး စာအုပ်တစ်အုပ်ရေးထုတ်ဖူးပါတယ်။ ကြောင်သေကို အစာသွတ် အရုပ်တွေ လုပ်ကြတယ်၊ ကုလားထိုင်လက်တန်းတွေ လုပ်ကြတယ်၊ သားရေတွေ ကို အလှပြ ဖို့အတွက်ထားတယ်၊ အသားကို ကြပ်တိုက်တယ်၊ တချို့ဒေသတွေမှာဆို ကြောင်မွှေးကို လက် အိတ်လုပ်တယ် စသဖြင့်ပေါ့လေ။ ကြောင်မုန်းသူတွေအတွက်တော့ အဲ့စာအုပ် ဖတ်ရင်း ရာနှုန်းပြည့် ကျေနပ်တဲ့ စိတ်အရသာကိုခံစားရမှာ သေချာတယ်။ အဲ့လိုပဲ ကြောင်ချစ်သူတွေကိုလဲ ပြုံးမိနိုင်စေတဲ့ စာအုပ်လေးပါ။ တကယ်လို့ သင်ဟာ ယောက်ျားတွေကို မုန်းလဲမုန်း ချစ်လဲချစ်တဲ့သူဆိုရင် ယောက်ျားအသုံးချနည်း ၁၀၀ ဆိုတဲ့ စာတမ်းမျိုးပြုစု ကြည့်ဖို့ အကြံပေးချင်တယ်။ စရမခက်အောင် ထုံးစံအတိုင်း တီချမ်းက ဥပမာလေး နည်းနည်း ပါးပါးလေးပေးထားမယ်လေ။ ကြည့်ကြည့်ရအောင်နော်…

တံဆိပ်ခေါင်းကပ်စက်။ ။ ကိုယ့်ချစ်သူကို “နမ်းပါ” လို့ မူနွဲ့နွဲ့ တောင်းဆိုလိုက်ပါ။ အဲ သူ့လျာ က ပါးစပ်ထဲကနေ ထွက်လာပြီဆိုတဲ့ အချိန်ကျတော့မှ ကိုယ်အလိုရှိတဲ့ တံဆိပ်ခေါင်း ကို သူ့လျာနဲ့ သုတ်ပြီးတော့ စာအိတ်မှာ ကပ်ပေါ့။

လူ့အသားနဲ့ ပြုလုပ်ထားတဲ့ သဲအိတ်။ ။စိတ်မကျေနပ်ဖြစ်နေတဲ့အခါကျရင် လက်သီးစာကျွေး ပြီး စိတ်အစာဖြေလို့ ရတာပေါ့။ မကျေနပ်ရင် ဆွဲဆိတ်လို့လဲရသေးတယ်။

စွမ်းအားပြည့် ပုလင်းဖွင့်စက်။ ။ဖွင့်လို့မရတဲ့ ဘူးတွေ ပလုံးတွေ ပုလင်းတွေ အကုန်လုံး သူ့ကိုသာထိုးပေးလိုက်ပါ။

အလိုအလျောက် နှိပ်စက်။ ။သူ့ပေါ်မှာ လှဲအိပ်နေပြီးတော့ ကိုယ့်ကို ဇက်ကျောဆွဲ နှိပ်နယ်ပေးပါစေလေ။

သဘာဝလုပ် အနွေးထည်။ ။ဆောင်းတွင်းဆိုရင် အနွေးဓါတ်ကို လုံလုံလောက်လောက်ပေးစွမ်းနိုင်တယ်။ လိုအပ်ရင် အပူအထိတောင် ဒီဂရီ တိုးပေးနိုင်သေးတယ်။ လောင်စာဆီထည့်စရာမလို၊ ထင်း၊ မီးသွေးမလို၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ကိုက်ညီတယ်။

လူ့ပုံစံ တီထွင်ထုတ်လုပ်ထားသော ကရိန်း ဝန်ချီစက်။ ။အိမ်ပြောင်းတာမျိုး၊ သယ်စရာပြုစရာ ရွေ့စရာပစ္စည်းရှိတာမျိုးတွေ၊ ကိုယ်မနိုင်တာ မှန်သမျှ (သို့) သယ်ချင်တာမှန်သမျှ အကုန် သူ့သယ်ခိုင်းရပါတယ်။ (မှတ်ချက် အဖိုးအခက “အရမ်းချစ်တာပဲ” ဆိုတဲ့ မူနွဲ့နွဲ့ ချိုကြည်ကြည် စကားသံလေးတခွန်းထဲပါ)

အေတီအမ်စက်။ ။လကုန်လို့ ကိုယ့်မှာ ပိုက်ဆံပြတ်နေပြီဆိုရင် ကိုယ်ရဲ့ ပိုက်ဆံအိတ်ကို ယာယီဖြည့်ခိုင်းလို့ရတယ်။ ပြန်ပေးစရာက များသောအားဖြင့်မလိုပါ။

အိမ်တိုင်ရာရောက် အစားအသောက်ပို့တဲ့ delivery boy။ ။ ညဘက် ကိုယ် တခုခု စားချင်နေတာ ကိုယ်တိုင်လဲထွက်မဝယ်ချင်ဘူး သေချာတာပေါ့ သူ့လာပို့ခိုင်းလိုက်ပါ။ ဖုန်းလေးတချက်ဆက်ရုံပါပဲ အိမ်တိုင်ရာရောက် လာပို့ပေးပါတယ်။ (ကြုံလို့ ကိုယ်တခါက ညဘက်ကြီး ကော်ဖီသောက်ချင်တယ်လို့ ပူဆာ ဖူးပါတယ် သောက်လဲသောက်ခဲ့ရပါတယ် ခုတော့ ဘယ်ရောက်နေပြီလဲကွယ်…? တခါတခါကျတော့လဲ အလိုလိုက်မှု လိုက်လျောမှုတွေ ဆိုတာ အချစ်ပမာဏနဲ့များ တိုက်ရိုက်အချိုးကျလေလားလို့ တွေးမိတယ် ကိုယ်ကတော့ အဲ့လိုနှင်နှင်ဖြစ်နေတာသေချာတယ် အင်းလေ…ဒါကတော့ ကိုယ်က အတ္တကြီးတာကိုးနော်)

ခေါင်းအုံးပျော့အိအိလေး။ ။ခရီးဝေးသွားရမယ့် ကားလမ်း လေကြောင်းလမ်း ဘယ်အရာမဆို သူ့ ပခုံးကို ခေါင်းအုံးအဖြစ် သဘောထားလိုက်ပေါ့။ (တခါတခါ စဉ်းစားမိပြန်ပါသေးတယ် ကိုယ်က စိတ်ကူးယဉ်တယ်ဆိုတော့လေ…မြက်ခင်းစိမ်းကျယ်ကျယ်ကြီးမှာပေါ့ (အဲ့ဒီမြက်ခင်းစိမ်းကျယ်ကျယ်က မြေပြန့်မဟုတ်ဘဲ ပြေးတက်စရာရှိတဲ့ တောင်ကုန်းလေးနဲ့ ဆိုရင်ပိုကောင်းမယ် တောင်ကုန်းထိပ်ကလေးမှာ ပန်းပွင့်ဖြူဖြူလေးတွေပွင့်တဲ့ အပင်ပုလေးတပင်နဲ့ပေါ့နော်) အဲ့ဒီအပင်အောက်မှာ ချစ်သူ ရဲ့ ဗိုက်သားနွေးနွေးလေးကို ခေါင်အုံးလုပ်ပြီးတော့ အနာဂတ်အတွက် စကားတွေ တောင်စဉ်ရေမရ လျောက်ပြောချင်မိတယ်။ သူက ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် နာလို့ပဲဖြစ်ဖြစ် ဗိုက်က အသံမြည်လာရင် ကိုယ်က ခိုးခိုးခစ်ခစ် ရယ်မှာပေါ့နော်)

စူပါအမှိုက်ပုံး။ ။ အတူတူအပြင်မှာ တခုခုထွက်စားကြတဲ့အခါတိုင်း ကိုယ်စားမကုန်တာ မစားချင်တာ မှန်သမျှ သူ့ပန်းကန်ထဲသာ ပစ်ထည့်ပါ ကုန်သွားပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက ဦးနှောက်ကိုသာ နည်းနည်း အလုပ်ပေးလိုက်ကြည့်ပါ။ ယောက်ျားတွေ အသုံးကျတာ အသုံးကျတဲ့နေရာတွေ တော်တော်များတာတွေ့ရပါလိမ့်မယ်။ အဲ ကိုယ်ကတော့ သုံးတတ်ဖို့လိုတာပေါနော့်။ တန်ဆေးလွန်းဘေးလို့ဆိုတယ်မှလား… ကဲပါလေ ပြောချင်တာက အဲ့လောက် အသုံးဝင်တဲ့ အသုံးတည့်တဲ့ အသုံးကျတဲ့ ယောကျာ်းဆိုတဲ့ အရာကိုယ် ဘယ်လိုများ ကိုယ်တို့တွေ စွန့်ခွာနိုင်ပါ့မလဲနော်…။

မှတ်ချက်။
စာဖတ်သူလဲ စဉ်းစားလို့ရရင် ကွန်မန့်မှာ ဖြည့်ပေးသွားပါ တချိန်ကျရင် ဒီလို စာအုပ်ပြုစုမည့်သူမရှိဘူးမပြောနိုင်ဘူးလေနော်။ အထောက်အကူရတာပေါ့။

A Chen
10:37 AM
27th Oct 2010
Wednesday
Bangkok

သတိထားမိကြပါသလား…?

သတိထားမိကြပါသလား…?

ဒီနှစ်ရဲ့ ဒီလ က ထူးခြားတဲ့ လကလေးတလပါ။

တချို့တချို့တွေလဲ သတိထားမိချင်ထားမိမယ် တချို့တချို့တွေလဲအမှုမဲ့အမှတ်မဲ့ပဲနေမိချင်နေမိမယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ ဒီလကလေးကတော့ ထူးခြားတဲ့လကလေးပါ။

ကိုယ်ခုနောက်ပိုင်း နာရီကို သတိထားပြီးကြည့်ဖြစ်တယ် ခဏခဏ လဲ (း) ရဲ့ ရှေ့နဲ့နောက်က ဂဏန်းတွေ တူနေတာ ကြုံဖူးတယ် တယောက်ယောက်က ကိုယ့်ကို အမြဲ လိုလို သတိတရရှိနေတယ် ဆိုတဲ့ အတွေးက ကိုယ့် ကို ပြုံးမိပြီး စိတ်ချမ်းသာစေပါတယ်။

အချစ်အပေါ်မြင်တဲ့အမြင်တွေ လက်မထပ်ဘဲ အတူနေခြင်းအပေါ်မြင်တဲ့ ကိုယ့်အမြင်တွေ ပြောင်းလဲလာပါတယ်။ အရင်တုံးက လူနှစ်ယောက်တူတူနေတယ် ဆိုတာ ကိုမယုံကြည်တဲ့ ကိုယ်၊ လက်ထပ်ခြင်း အိမ်ထောင်ပြုခြင်း ဆိုတာတွေကို အိမ်ထောင်ကွဲကလာတဲ့ အတွက် မယုံကြည်တဲ့ ကိုယ်၊ ကိုယ့်ပတ်ဝန်းကျင် က မအောင်မြင်တဲ့ အိမ်ထောင်ရေး အများစုကြောင့် မယုံကြည်တဲ့ကိုယ် အဲ့တာတွေ အကုန်လုံးဟာ လူတယောက်ရဲ့ ကိုယ့်အပေါ် စိတ်ရှည်ရှည်နဲ့ ခွင့်လွှတ်ဖြည့်ဆည်းပေးမှုတွေကြောင့် ပြောင်းလဲလာပါတယ်။

သူငယ်ချင်းတွေ မိသားစု အပေါ်ထားတဲ့ ကိုယ့်အမြင်တွေ ပြောင်းလဲလာတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေက ဘဝမှာ အရေးပါပုံ၊ မိသားစု က ကိုယ်ကချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ (အထူးသဖြင့် အမေ) ကိုယ့်အပေါ် တကယ့်အရေးကြုံချိန်ကျတော့ အနားမှာ ရှိနေပေးတာတွေ။ တောင်းဆိုး ပလုံးဆိုး ကိုသာပစ်ရိုးထုံးစံရှိတယ် သားဆိုးသမီးဆိုး ကိုမပစ်ဘူးဆိုတဲ့ စကားပုံ ကို ပိုနားလည်တတ်လာတာ ခံစားတတ်လာတာ (မှတ်ချက် ကိုယ်က သားဆိုးမဟုတ်ပါ ထပ်ဆင့် မှတ်ချက် သမီးဆိုးလဲ မဟုတ်ပါ)။

နှစ်တနှစ်ကုန်တိုင်း ကုန်တိုင်း သူငယ်ချင်းတွေက ဖေ့ဘွခ်မှာ ဘလောခ်တွေမှာ အီးမေးလ်တွေမှာ new year resolution တွေ ရေးရေး ပို့တတ်ကြပါတယ်။ ကိုယ်လဲ လုပ်ချင်တာလေးတွေ မှတ်စု ထားလေ့ရှိပေမယ့် သေချာ ချရေးတာမျိုးတော့ မရှိခဲ့ဘူးပါဘူး။ ဒီနေ့ နန်းညီ ဘလောခ် ကိုဖတ်တော့ သူက “ဒါတွေ လုပ်တော့မည်” ဆိုပြီး လုပ်ချင်တာလေးတွေ ရေးထားတာတွေ့လို့ ကိုယ်ဒီ ယိုးဒယား ကို အလုပ်နဲ့ စပြောင်းလာကာစ က လုပ်ထားတဲ့ ရည်မှန်းချက်လေးတွေ ကိုသွားသတိရမိတယ်။ များများ မဟုတ်ပါဘူး (၄)ခုထဲပါ။ ကိုယ်က မိနန်းညီ လို မယ်လောဘ မှမဟုတ်တာနော်။ A 4 စက္ကူပေါ်မှာ မာကာ နဲ့ရေးထားတဲ့ လုပ်မယ့် အရာလေးချက်က

  1. 1. ငွေစုရန်
  2. 2. အလုပ်များကို ပြီးမြောက်အောင်လုပ်ရန်
  3. 3. ဝတ္ထုပြီးအောင်ရေးရန်
  • အမှတ် ၂ နဲ့ အမှတ် ၃ ကြားမှာ ဘောပင်နဲ့ သေးသေးလေးရေးထားတာ တချက် ရှိပါသေးတယ် အဲ့တာပါထည့်တွက်မှ ၄ ချက်ပါ။ ဘာလဲဆိုတော့ ဝိတ်လျော့ရန်တဲ့။ ကိုယ်က ဝမနေပါဘူး အရပ် ၅ ပေ ၁၁ မှာ ပေါင်ချိန်က ၇၀ ကီလို ဆိုတော့ ဘီအမ်အိုင်နဲ့တွက် ရင် လိုတောင်လိုနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ မဝတာက လှတာမှမဟုတ်တာနော်။ မဝပေမယ့် ဗိုက် က နည်းနည်း ပူချင်နေတာ ရှိသေးတယ်လေ။ နောက် အသက်က ၃၀ နားနီးလာပြီဆိုတော့ ဗိုက်ပူမှာကို စိတ်ပူရတယ်။ ယောက်ျားတွေဟာ ၃၀ ကျော်တာနဲ့ မက်တယ်ဘောလဇင် အပြောင်းအလဲအရ ကိုယ်အလေးချိန်တိုးလာတတ်တာကိုး ဒါတောင် ဘီယာ တွေ ဆေးလိပ်တွေ အရက်တွေ ကိုယ်က မသောက်ပါ။ (မသောက်တော့ပါ) ထားပါ အဲ့တာတွေက လုပ်ရန်ရေးထားတာ ရောက်ကာစကဆိုတော့ ခုဆို နှစ်နှစ်ရှိပြီပေါ့။ တလောကတော့ ၃ လလောက်ကထင်ပါတယ် ၃ ခု ကိုခြစ်ထုတ်လိုက်ပြီးတော့ ၁ ခုပဲထားတော့တယ်။ ဖြစ်မလာလို့လား? မလုပ်နိုင်တော့လို့ လား? ဖြစ်မြောက် ပြည့်စုံသွားလို့လားဆိုတာကိုတော့ ပရိတ်သတ်အတွက် လောလောဆယ် ပဟေဠိ လုပ်ထားမယ်နော်။ ကိုယ့်စာတွေကို ပုံမှန်ဘတ်နေတဲ့သူတွေဆိုရင်တော့ ကိုယ်ဘာတွေ လုပ်ဖြစ်သွားတယ် အောင်မြင်သွားတယ်ဆိုတာာ သိပါလိမ့်မယ်။ ကိုယ့်အကြောင်းတော်တော်များများက ကိုယ့်စာတွေမှာ reflect ဖြစ်တာကိုးနော်။ ထားပါတော့ အခု တခုပဲကျန်တော့တယ်ဆိုတာကတော့ ပိုက်ဆံစုဖို့ပါပဲ။ အဲ့တာတခုတည်းကိုပဲ သီးသန့် ကြီးကြီးလေး ရေးထားပြီးတော့ ဘုတ်မှာ ကပ်ထားတယ်။

ကဲပါလေ ပြောချင်တာတွေလဲ အများကြီး ဆိုင်တာရောမဆိုင်တာတွေပါ အကုန်ပြောပြီးပြီဆိုတော့ (တီချမ်း ထုံးစံအတိုင်း) ခေါင်းစဉ်နဲ့ဆိုင်တာကိုပြန်ကောက်ရပါမယ်။ ဒီနှစ် ရဲ့ ဒီလ က ဘာလို့ထူးခြားတာလဲပေါ့။ မနေ့က ၂၀ ရက် ၁၀ လ ၂၀၁၀ ခုနှစ်လေ သတိထားမိကြပါသလား? ၂၀၁၀၂၀၁၀ ပေါ့။ အမှန်ကတော့ ဒီပိုစ့်လေးကို မနေ့က အမှတ်တရ တင်ချင်တာ။ ထုံးစံအတိုင်း ဟိုလုပ်ဒီလုပ်နဲ့ နေ့ကူးသွားတယ်။ မနေ့ညက ရုပ်ရှင် ၃ ကားကြည့်တယ်လေ။ နန်းညီထက် ဒီတခုမှာတော့ ၃ ဆ သာတာပေါ့နော်။ ဟဲဟဲ။ (မိန်းမ မဆန်စွာ ရယ်လိုက်သည်)

နောက်ဒီလထဲမှာပဲ ရက်တရက်ရှိသေးတယ် အစကတော့ အဲ့နေ့မှာပဲ မြန်မာ့ သမိုင်းအတွက် တခုခု ဖြစ်တော့မလိုလို ရွေးကောက်ပွဲပဲ လုပ်တော့မလိုလို နာမည်ကြီးခဲ့သေးတဲ့ ၁၀ ရက် ၁၀ လ ၂၀၁၀ ပါပဲ အတိုကောက်ရေးရင်တော့ ၁၀.၁၀.၁၀ ပေါ့။

သတိထားမိတဲ့သူတွေလဲထားမိကြပါလိမ့်မယ် မထားမိတဲ့သူတွေလဲ ဘာသိဘာသာပေါ့။ တကယ်တော့ တနေ့ ၂၄ နာရီဆိုတာထက် တလ ရက် ၃၀ ဆိုတာထက် တ နှစ် ရက်ပေါင်း ၃၆၅ (သို့) ၁၂ လ (သို့) ရက်သတ္တ ၄၈ ပတ် စတာတွေဟာ လူ့ဘဝမှာ လုပ်ရမယ့် အရာတွေ လုပ်စရာရှိတဲ့ အရာတွေ လုပ်သင့်တဲ့ အရာတွေ လုပ်ချင်တဲ့ အရာတွေနဲ့ ယှဉ် လိုက်တော့လဲ အလကားပါပဲ။ အလဟသတ် လို့ ပြောချင်တာတော့ မဟုတ် အရေးသိပ်မကြီးဘူးလို့ ပြောချင်တာပါ။ အချိန်ဆိုတာ ပညတ်ပဲမှလား။
တကယ့်တကယ် လုပ်ချင်တာ ကတော့ ခဏ ရပ်ပြီး ဘဝ ကို ကြည့်ချင်တာပါ။ ငယ်ငယ်တုံးက သင်ထားတဲ့ အင်္ဂလိပ် ကဗျာ လေး တပုဒ် ကိုရွတ်ရင်ဖြစ်ဖြစ်ပေါ့။

နောက်တိုး

ဖဘမှာ အမတယောက်ကလာပြောလို့ နောက်ထပ်ထူးခြားတာတခုပါ ဒီလ က သောကြာ နဲ့ စနေ တနင်္ဂနွေ (၅) ရက်စီ ရှိပါတယ် လတလ မှာ ဒီလို ရှိဖို့ ဆိုတာ ခဲယဉ်းပါတယ်။

A Chen
2:07 PM
Thursday
20th October 2010
Bangkok

အချစ်ရဲ့ အရသာ

အချစ်ရဲ့ အရသာ

တခါလေကျရင် စားစရာတမျိုးမျိုးကို အရမ်းတောင့်တမိတာမျိုး တောင့်တမိတဲ့ ချဉ်ချင်းတတ်တဲ့ ခံစားချက်မျိုး ကိုယ့်မှာ ဖြစ်တတ်ပါတယ်။ အရူးလိုပဲ တောင့်တမိတတ်တယ်၊ အရမ်းစားချင်မိတယ်၊ ဒါပေမယ့် လက်ထဲမှာ ရှိတဲ့ အလုပ်တွေကို ပြစ်မသွားနိုင်တာနဲ့ပဲ တောင့်တယုံ တမ်းတ ယုံလောက်နဲ့ပဲ ရပ်ထားရတတ်တယ်။
လူတယောက်ကို လွမ်းမိတာ၊ တမ်းတမိတာလဲ အဲ့လို ခံစားချက်မျိုး နှင်နှင်ပဲဖြစ်ပါလိမ့်မယ်လေ။
အရမ်း ကို အရသာ ရှိလွန်းတဲ့ မုန့်ဟင်းခါးတပွဲ ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင်တယ်။ စိတ်ထဲမှာ ရှိတဲ့ အဲ့ဒီ နှိုင်းယှဉ်လို့မရတဲ့ အရသာကြောင့် ဘယ်လောက်ကြာကြာမှ နောက်တခါ အဲ့အရသာ ကိုခံစားရပါစေ ကိုယ်စောင့်နိုင်တယ်။ အဲ့လိုပဲ ကိုယ်လိုချင်တဲ့အရာကိုမှ မရနိုင်တဲ့အတွက် ရှိတာလေးပဲ စားထားပါ့မယ်လေ ဆိုတဲ့ ရသေ့စိတ်ဖြေစိတ်မျိုးနဲ့တောင် အဆင့်မမှီတဲ့ အနားမှာအလွယ်ရနိုင်တဲ့ မုန့်ဟင်းခါးကိုလဲ ကိုယ်ကြိတ်မှိတ်ပြီး မစားဘူး။
မီးသွေးနံ့လေးတသင်းသင်းနဲ့အရမ်းမွှေးတဲ့ မာလာငါးကင်တကောင်ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင် တယ်။ ငါးကင်ဆိုတာ အရမ်းလွယ်တဲ့ ဟင်းတခွက်ပါ။ မိနစ် ၃၀ ဆိုတာ ဘယ်လောက်တောင် လှပလိုက်တဲ့ “စောင့်စားချိန်” လေးလဲနော်။ ဥပမာ ပြောရရင် မင်းနဲ့ ချိန်းထားပြီး လမ်းထောင့်ကနေ မင်းရဲ့ အရိပ်ကလေးကို မြင်ရဖို့ စောင့်စားနေတဲ့ အချိန်လေးတွေလိုပေါ့။
ဟင်းချိုပူပူလေးတခွက် ကို လွမ်းသလိုမျိုး မင်းကို ကိုယ်လွမ်းချင်တယ်။ ဘာမှစားချင်သောက်ချင်စိတ်မရှိဘူး။ ဟင်းချိုပူပူလေးတခွက် ရဲ့ နွေးထွေးမှု ကိုပဲလိုချင်မိတာ။ အရမ်းသောက်ချင်တဲ့ အချိန်မှာ သောက်ခွင့်ရတဲ့ ဟင်းချိုပူပူလေးတခွက် ဆိုတာ ဘယ်လောက်တောင်မှ ရိုးစင်း ရှင်းသန့်တဲ့ ပျော်ရွှင်မှုလေးလဲနော်။
စားတာနဲ့ အချစ်ဆိုတာ တကယ်တော့ တူညီတဲ့ တောင့်တမှုတမျိုးပါပဲလေ။ ရသတဏှာ လို့ပြောကြတယ်မဟုတ်လား။ ခွဲပြောပြော တွဲပြောပြော အကြုံးဝင်တယ်ထင်ပါတယ်။
ချစ်သူကသာ…“မင်းကို ငါကိုက်စားပစ်လိုက်ချင်တယ်” လို့ပြောလာရင် ကမ်ချီလေးပဲ ဖြစ်ဖြစ် ဘာဂါလေးပဲ ဖြစ်ဖြစ် ဖြစ်ပေးလိုက်ဖို့ ကိုယ်ဝန်မလေးပါဘူး။ ချစ်တဲ့သူ ကိုသာ နွေးထွေးမှု ပျော်ရွှင်မှု စတဲ့ ခံစားချက်တွေ ပေးနိုင်မယ်ဆိုရင်ပေါ့။
ကိုယ်တို့တွေ အားလုံးလိုလို အခုလို ကလေးဆန်မှုလေးတွေရှိခဲ့ကြဘူးမှာပါ။
ဥပမာ ချစ်သူရဲ့ ပခုံးကိုကိုင်ပြီးတော့…
“ကိုယ်မင်းကို ကိုက်ချင်တယ်ကွာ”
“အာ…မလုပ်နဲ့ မလုပ်နဲ့ နာလိမ့်မယ်ကွ”
“ဟာ….မရဘူးကွာ၊ တလုတ်ကလေးပဲ ကိုက်မှာပဲ လာလာ မြန်မြန် လက်ကို ဆန့်ထုတ်လိုက်”
ချစ်သူက လိမ်လိမ်မာမာ နဲ့ ပခုံးကို လှည့်ပေးတဲ့အခါကျရင် ကိုယ်က တချက်တည်း ကိုက်ပစ်လိုက်ပါတယ်။ သူ့ပခုံးပေါ်က လတ်လတ်ဆတ်ဆတ် ကိုယ့်သွားရာနက်နက်လေးတွေကို မြင်ရတဲ့အခါ အရမ်းအရသာရှိတဲ့ ဟင်းကောင်းတခွက် ကိုစားလိုက်ရသလိုပဲပေါ့။ နောက်ဘယ်တော့ ထပ်တခါ စားအုံးမလဲ?
လူ့အသားရဲ့ အရသာကတော့ ဘယ်လိုနေမယ်မသိပေမယ့် အချစ်ရဲ့ အရသာကတော့ ကိုယ့်ကို ချိုအီအီ နဲ့ တိမ်းမူးစေပါတယ်။ ကိုက်ခြင်း ရော အကိုက်ခံရခြင်းရော က ချိုမြိန်တဲ့ နာကျင်ခြင်းစက်ဝန်းလိုပေါ့။
“စောင့်ဆိုင်းခြင်း” ဆိုတာကတော့ မဖြစ်မနေ ကျော်ဖြတ်ရမယ့် အဆင့်တခုပေါ့လေ။ ပမာပြောရရင် ပြီးပြည့်စုံတဲ့ လူ့ဘဝ ရဲ့ အရသာကို စိတ်ကူးယဉ်မြည်းစမ်းကြည့် သလိုမျိုးပါပဲ။
အချစ်ဆိုတာ ဖြတ်သန်းမှု တခုပါ။ ကိုယ်တို့တွေ အရသာရှိရှိ ပျော်ပျော်ရွှင်ရွှင် တခါတခါလဲ ပျင်းရိပျင်းတွဲ ဖြတ်ကျော်နေကြတယ်။

A Chen
3:35 PM
Tuesday
19th Oct 2010
Bangkok

စာကြွင်း
ကိုယ်ကိုက်ချင်တိုင်း နာနာကျင်ကျင် ရှုံ့ရှုံ့ မဲ့မဲ့ ကိုက်ခွင့်ပေးခဲ့တဲ့ မောင့်အတွက် အမှတ်တရ

…မဲ့…

…မဲ့…

ငါ…
ခံစားချက်မဲ့…
အထိန်းအချုပ်မဲ့…
တက်ကြွခြင်းမဲ့…
အကြောင်းအရာမဲ့…
အသိအမှတ်မဲ့…
…မဲ့…
…မဲ့…
…မဲ့…
ဘာသာမဲ့…
သာယာမဲ့…
ကာလာမဲ့…
အရာရာမဲ့…

A Chen
1:50 PM
19th Oct 2010
Tuesday
Bangkok

here is the original credit

ကဗျာ အသုဘ စာ အသုဘ

ကဗျာ အသုဘ စာ အသုဘ

AC:
နင်နဲ့ငါရဲ့ ကဗျာတွေသေပြီလား
နင်နဲ့ငါရဲ့ စာတွေ နေခြည်မဖြာ
နင်နဲ့ငါရဲ့ ကြာရှည်ခင်မင်ရာ
လေနေတာ ဝေနေတာ ကြွေနေရှာ

နင်ရောငါရောကဗျာတွေခမ်းနေသလား
နင်ရောငါရော စာတွေ ပမ်းနေသလား
နင်ရောငါရော အမှာတွေတမ်းနေသလား
လေနီကြမ်းလာရာ
ဖြေမဆည်လွမ်းနာကာ
သေမည်မှန်းမကြာပါ
အော်…
ငါ့နှယ် မြေမဟီကမ်းသာသာ

BS:
ဘုရားဟောတဲ့
မတည်မြဲတဲ့သဘောမှာ
ငါတို့ ကဗျာတွေရော
ပါနေလေရော့သလား . . .

မုန်တိုင်းတွေ ပျာယာခတ်
မိုးစက်မိုးပေါက်တွေ
ကဗျောက်ကသောက်ပြေး
ဒီလိုဝေးနေကြရတဲ့ ဆောင်းကလည်း
အာရုဏ်ကွန့်မြူးခြင်းတွေ
မြုံနေလေရဲ့ . . .
နှလုံးသားနှယ် . . . နံနဲ့နဲ့ဖြေမဆည် ။

AC:
My oh my
Where my lyrical themes?
Why oh why
Where are rhythmical lanes?
Cry oh cry
When my memories sane?
Try oh try
When will my poems rain?

BS:
Line by line
I’m losing my rhymes.
By and By
All nice dreams have flied.
Time by Time
Weeping heart will stop me cry.
Die and die
My rotten inspiration slowly die.

BS and AC
9:12 PM
8th October 2010
Friday
Online
Yangon and Bangkok

ချစ်သေးရဲ့လား…? (၁) (၂)

ချစ်သေးရဲ့လား…? (၁)

နိုးထတဲ့အခိုက် ကိုယ့်တယောက်တည်း
ဘေးနား မင်းက ရှိမှမရှိဘဲ
အခန်းထဲ စိုးမိုးထားတဲ့ အလင်းရောင်မှိန်ဟာ
မိုးလင်းလို့လား
မင်းရှိသလို ထင်ယောင်ထင်မှား

ချစ်ခဲ့ကြတဲ့ အဖြစ်က အတိတ်လား
အိပ်မက်နိုးထ အချစ်က ပျောက်သွား
မင်းနဲ့ တို့ရဲ့ ပေါင်းခြင်းက ညီမျှခြင်းမှာ ဆုံးသလား

ချစ်သေးရဲ့လား မင်းချစ်မှချစ်သေးသလား
တကယ်ချစ်ရဲ့လား
မင်းနူတ်ခမ်းက အတုပြုံးလား
ကျီစားတာလား အမှန်တရားနဲ့ မင်းဖြေပါ
တကယ်အချစ် အစစ်ဟာ ဘယ်လိုများလဲကွာ…

အခန်းကျဉ်းလေးထဲ တုံ့ပြန်သံမဲ့
ကိုယ့်ရဲ့အတွေးထဲ မင်းဘာသာမဲ့
မင်းနဲ့ တို့ရဲ့ ပေါင်းခြင်းက ညီမျှခြင်းမှာ ဆုံးသွား

ချစ်သေးရဲ့လား မင်းချစ်မှချစ်သေးသလား
တကယ်ချစ်ရဲ့လား
မင်းနူတ်ခမ်းက အတုပြုံးလား
ကျီစားတာလား အမှန်တရားနဲ့ မင်းဖြေပါ
တကယ်အချစ် အစစ်ဟာ ဘယ်လိုမျိုးလဲကွာ…

အိုး…………….

ပြန်လွမ်းမိသွား တို့အတိတ်က ဇာတ်လမ်းများ
နောင်တတို့က အသည်းအိမ်မှာ မွန်းကြပ်သွား
ကျီစားတာလား ကံတရားရယ်မင်းဖြေပါ….
ပြုံးခဲ့အုံး ဟန်ဆောင်တဲ့ အပြုံးများ
ပြောခဲ့အုံး လိမ်ညာတဲ့ ပျားစကား
တို့ကို တို့တောင် မသိဘဲအချစ်က မှားသွား

ချစ်သေးရဲ့လား…? (၂)

ကိုယ့်ကားကို ဘေးကပ်မောင်းခဲ့တာ
မြင်ကွင်းများနောက်မှာ ဝေးကျန်ခဲ့ပြီလား
လပြည့်လမ်းမ ညှင်းလေသင်းချိန်ခါ
ကန်ဘောင်ပေါ်မှာတူ နှစ်ကိုယ်ယှဉ်လျောက်မယ်လား

ကိုယ့်ဘေးနားလေး ထိုင်လို့ပေးပါ
ကိုယ့်ပခုံးထက်နားမှာ ခေါင်းမှီထားပါလား
ချစ်ခဲ့ကြတာ ရက်တွေလဲရှည်ကြာ
ဒီအချိန်ကိုယ်ကြားတာ မင်းရဲ့ သက်ပြင်းလား

ချစ်သေးရဲ့လား
ကိုယ်ဒီလိုမေးခွင့်ရှိရဲ့လား
ချစ်သေးရဲ့လား
အကြင်နာတွေ သူပေးခဲ့တာ ငိုဖို့လား
ချစ်သေးရဲ့လား
ကြင်နာသူမင်းအချစ်တွေ လွင်သစ်ဆဲလား
သူတကယ်ချစ်မှချစ်ရဲ့လား

ထိန်ငြီးတဲ့ မီးရောင်မြို့ ပြပါ
အနာဂတ်တို့ဘဝက ဟိုးမှာ ရှိရဲ့လား
မင်းနဲ့ချစ်တာ
ဝေးမှာ စိုးတယ်ကွာ
ကြင်နာသူရင်မှာ ခိုဝင်နားမှာလား

ကိုယ့်ဘေးနားလေး
မင်းထိုင်လို့ငေးတာ
ချစ်ခြင်းရဲ့ပန်းတိုင်
လက်ထပ်ခြင်းတဲ့လား
အဆုံးမဲ့အချစ်ဟာ
ပန်းတိုင်လဲမလိုပါ
နောင်သံသရာဆက်တိုင်
ချစ်ကြမယ်တဲ့လား

ချစ်သေးရဲ့လား
ကိုယ်ဒီလိုမေးခွင့်ရှိရဲ့လား…?

A Chen
11:25 AM
8th October 2010
Friday
Home
Bangkok