အချိန်မရှိတော့ဘူး

အချိန်မရှိတော့ဘူး

ကိုယ်တို့ အလုပ်တခုကို လုပ်တယ်မလုပ်ဘူးဆိုတာ များသောအားဖြင့်တော့ အချိန်မရှိလို့ပါပဲ။

သူ့ကို သဘောကျနေတယ်၊ ချစ်နေတယ် လို့ ပြောတယ်ဆိုရင် အဲ့တာ မင်းမှာ အချိန်မရှိတော့ လို့ပါပဲ။ ထပ်ပြီးတော့ သူကိုယ့်ကိုကြိုက်နေလား သဘောကျနေလား၊ မကြိုက်ဘူးလား သဘောမကျဘူးလား ဆိုပြီးတွေးဆနေဖို့အချိန်မရှိတော့ဘူး။ စောစောဖွင့်ပြောလိုက်တော့ ဇာတ်လမ်းစောစောစ လို့ရတယ်၊ သူ့ကို လဲ မင်းကို စောစောချစ်ဖို့အခွင့်အရေးပေးပြီးသားပဲ။

မင်းက ဘယ်တုံးက မှ မှားပါတယ်လို့ တောင်းပန်းလေ့ရှိတဲ့လူမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဒီတနေ့မှာတော့ မင်း သူ့ကို “ကိုယ် မှားသွားပါတယ်” လို့ တောင်းပန်တယ်။ ဘာလို့လဲဆိုတော့ မင်းမှာ အချိန်မရှိတော့ဘူး။ ဒီလောကကြီးထဲမှာ လှည့်ရင်းလည်ရင်း လူပင်လယ်ကြီးထဲမှာ သူ့ကိုတွေ့ခဲ့တာ။ သူက အားလုံးထဲမှာ အကောင်းဆုံးပါ၊ သူ့ကို လက်လွှတ်ရမယ်ဆိုရင် သူ့လောက်ကောင်းတဲ့ နောက်တယောက်ကို ဘဝမှာ ထပ်တွေ့ရလိမ့်မယ်လို့ မင်းကိုမင်း အယုံအကြည်မရှိဘူး။ အသက်တွေကလဲကြီးလှပြီ…မင်း…အချိန်မရှိတော့ဘူး…..။ မင်းတို့ နှစ်ယောက်က type သိပ်တူတယ်။ ခဏခဏ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတိုင်းလဲ မင်း စိတ်ညစ်ညစ်နဲ့ အမြဲတွေးမိတာက မင်းတို့ နှစ်ယောက် က အတူမနေသင့်ဘူးလားလို့ပဲ? ဒါပေမယ့် မတွေ့ရတဲ့ရက်တွေ ရှည်လာပြန်တော့ မင်းသူ့ကို အရမ်းသတိရတယ်။ တကယ်လို့ တယောက်ယောက်ကသာ စမချော့ဘူးဆိုရင် အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်ရတဲ့အဖြစ် ရောက်တော့မယ်။ နောက်ဆုံးတော့ မင်းကပဲ “ကိုယ်မှားသွားပါတယ်ကွာ” ဆိုတဲ့ တောင်းပန် စကားတခွန်းနဲ့ မင်းဘဝထဲက ထွက်မသွားအောင် သူ့ကို တောင်းပန်ရတော့တာပဲလေ။

မင်းသူနဲ့ ရန်အရမ်းဖြစ်ချင်နေတယ်၊ စိတ်ထဲမှာရှိတာတွေကို သူ့မျက်လုံးတည့်တည့် ကိုသေချာ စိုက် ကြည့်ပြီးတော့ အိတ်သွန်ဖာမှောက်အကုန်ပြောချပစ်လိုက်ချင်တယ်။ ဒါပေမယ့် နောက်ဆုံးတော့လဲ မင်းတိတ်ဆိတ်လို့ ဘာမှမပြောဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မင်းမှာ အချိန်မရှိလို့လေ။ မနက်ဖြန်ကျရင်လဲ လုပ်စရာ အလုပ်တွေ က အများကြီးရှိသေးတယ်။ စိတ်ထဲမှာလဲ ပူစရာကိစ္စတွေက အများကြီး၊ ညစ်နေတာတွေက အများကြီး။ တကယ်လို့သာ ရန်ဖြစ်ကြရင် အရာရာကို ပိုပြီးတော့တောင်စိတ်ကုန်မိအုံးမှာ…. အဲ့တော့ နေပါစေတော့ ဆိုပြီး ထားလိုက်မိတော့တယ်။ အချိန်မရှိလို့လေ။

မင်းသူနဲ့ ပြောချင်နေတာ၊ ဆွေးနွေးချင်နေတာ တော်တော်ကြာလှပြီဖြစ်တဲ့ ကိစ္စ တခုရှိတယ်။ ကြည့်ရတာ မင်းတို့ နှစ်ယောက် မလိုက်ဘက်ဘူး။ အတူတူဆက်နေကြဖို့ မသင့်တော် တော့ ဘူးလို့ မင်းခံစားနေရတယ်။ ဒါပေမယ့် နောက်တော့လဲ မင်းက ထားလိုက်ပါတော့မယ် ဆိုပြီး ဒီလိုအတွေးကိုရပ်ပစ်လိုက်တယ်။ ဘာလို့လဲဆိုတော့ မင်းမှာ တကယ်ပဲ အချိန်မရှိလို့ပါ။ လူတယောက်နဲ့ ပြတ်ကြဖို့တောင် မင်းမှာ အချိန်မရှိပါဘူး။

ချစ်ဖို့လဲ အချိန်လိုတယ်။ လမ်းခွဲဖို့လဲ အချိန်လိုတယ်……………ငိုဖို့၊ နာကျင်ဖို့၊ ပြန်ကောင်းဖို့ …
ကိုယ် တို့တွေ အားလုံး သိပ်သိပ်သိပ်အလုပ်များကြပါတယ်… အဲ့အတွက် ပေးဖို့ တကယ်ကိုပဲ….
အချိန်မရှိကြလို့ပါ။

(ကျေးဇူးပြု၍နားဆင်ပါရှန်…..အတွန်းစီယွန်စီဗူဘလဲ……ပထမစာပိုဒ်တွင်ပါသော
ထပ်ပြီးတော့ သူကိုယ့်ကိုကြိုက်နေလား သဘောကျနေလား၊ မကြိုက်ဘူးလား သဘောမကျဘူးလား ဆိုပြီးတွေးဆနေဖို့အချိန်မရှိတော့ဘူး။
ဟုသောစာကြောင်းကို
သူကိုယ့်ကို ကြိုက်နေလား မကြိုက်ဘူးလား သဘောကျနေလား မကျဘူးလား ဆိုတာကို ထပ်ပြီးတော့ တွေးဆနေဖို့ အချိန်မရှိတော့ဘူး
ဟုပြင်ဆင်ဖတ်ရှူပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှန် ကျေးဇူးတင်ပါတယ်ရှန် ပရိသတ်ကြီး ကိုယ်စိတ်နှစ်ဖျာ ကျန်မာ ချမ်းသာ လန်းဖြာ ကြပါစေရှန်
စာဖတ်သူများအတွက် စိတ်အနှောက်အယှက် ဖြစ်သွားပါက အဆင်မပြေမှုများအတွက်တောင်းပန်ကြောင်းပြောကြားလိုပါတယ်ရှန် ပရုဖတ်ရန် အချိန်မရှိတော့လို့ ပါရှန်)

A Chen
12:52 AM
30th July 2010
Friday
Home
Bangkok

TGIF and နန်းကြီးသုပ် on long holidays

ကဲကဲကဲ ပရိတ်သတ်ကြီးများ မချက်ရတာလဲကြာပြီဆိုတော့ (ကြာဆိုတော့တော့ကိုကြာနေပါပြီ) ချက်လိုက်ကြအုံးစို့နော် တီတို့ ရုံးက မနက်ဖြန် စနေ တနင်္ဂနွေ ရယ် လာမယ့် ကပ်ရက် တနင်္လာ အင်္ဂါလဲ ဝါဝင် အစိုးရ ပိတ်ရက်မို့လို့ ပိတ်တယ်ဆိုတော့ လောင်းဟော်လီးဒေး ရပါတယ် အဲ့တော့ မုန့်လေးဘာလေးလုပ်စားကြစို့ပေါ့
မန်းတလေး ပိုစ့်တွေရေးနေရင်းကနေ နန်းကြီးသုပ်အကြောင်းတွေပါလာတယ်လေနော် အဲ့တော့ သတိရသွားတယ် လုပ်စားဖို့ ခု ပိုစ့်က ပုံတွေကတော့ အရင်တခေါက် လုပ်စားကြတုံးက ဟာလေးတွေပါ တင်မယ်တင်မယ်နဲ့ မတင်ဖြစ်သေးတာ ရှိသေးတယ် တခြား ကမ်ချီ ဝက်သား တို့ ဘာတို့ ဟိဟိဟိ အရင်ကြိုပြောထားတာ နောက်မှတင်ပေးမယ်နော်…………..အမြည်းပေါ့

ပထမဆုံး အရင် ကြက်ပေါင် နှစ်ချောင်း ကို ပြုတ်လိုက်ပါမယ် ပြီးရင် ပုံမှာ ပြထားတဲ့ ခနော်ခဲ လေး နှစ်ခဲလောက်ကို ဟင်းရည်ထဲပစ်ထည့်လိုက်ပါမယ် ချိုအောင်ပါ ဆား အချိုမှုန့်ထည့်လဲရပါတယ် တီက ရှိနေတော့ ရှည်လိုက်တာပါ အသားတွေကို ကျက်သွားရင် ဆယ်ထားပြီးခဏ အအေးခံလိုက်ပါ ပြီးရင် …..


ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း အအေးခံထားတဲ့ အသားတွေကို နွှင်ပါမယ် ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေကို ပန်းကန်နဲ့ သပ်သပ်ခွဲထည့်ထားပါ အရိုးတွေကိုတော့ ခုနက ဟင်းရည်အိုးထဲပြန်ထည့်လိုက်ပါမယ် တဆက်တည်း ဟင်းရည်ကိုဆက်တည်ထားလိုက်ပါမယ် ပြီးရင်တော့ ကြက်သား ကိုချက်ပါမယ်

ပထမဆုံးဆီအိုး ကိုပူအောင်တည်ပါမယ် ပြီးရင် ကြက်သွန်ဖြူနီ ကိုကြိတ်စက်နဲ့ ကြိတ်ထားတာ ကိုထည့်ပါမယ်

နောက် နနွင်းမှုန့် နည်းနည်းထည့်ပါမယ် ပြီးရင် ဒုတိယပုံမှာ ပြထားတဲ့အတိုင်း အရောင်တင် ငရုတ်သီး မှုန့် ထည့်ချက်ပါမယ် ပုံမှာ ပြထားတဲ့အတိုင်း နည်းနည်း နီလာတဲ့အထိကြော်ပေးရပါမယ်

ပြီးရင်တော့ နောက်တဆင့်အနေနဲ့ ခုနက နွှင်ထားတဲ့ ကြက်သားတွေကို ထည့်ချက်လို့ရပါပြီ ကြက်သားကို ဖြည်းဖြည်းချင်းကြော်ပေးပါမယ် ဆီ ကို နည်းတယ်ထင်ရင် နည်းနည်း ထပ်ထည့်လို့ရပါတယ် ဘာလို့လဲဆိုတော့ ဒီက ကြက်သားဟင်းထဲက ဆီနဲ့ပဲ တခါတည်း နန်းကြီး နယ်တဲ့အခါ သုံးမှာ မို့လို့ပါ တလက်စထဲ ဘဲဥ ထည့်ချင်ရင် ပြုတ်ထားလိုက်ပါ တီကတော့ ပြုတ်ထားတာ ပုံရိုက်ဖို့ မေ့သွားလို့ ပြုတ်ထားတာတော့ နယ်မှထည့်လိုက်တယ်

ဒါကတော့ မြီးရှည်အခြောက်ထုပ်ပါ နန်းကြီးဖတ်မရှိတော့ ဗီယက်နမ် ခေါက်ဆွဲခြောက်ကိုပဲ အလွယ်သုံးလိုက်ပါတယ် ဘေးကတော့ မွှေးတံဆိပ်ပဲမှုန့် အကျက်ပါ

ခုနက ဗီယက်နမ် fur လို့ခေါ်တဲ့ ခေါက်ဆွဲခြောက်ကိုပဲ ဒီလို ပြုတ်လိုက်ပါတယ် တော်တော်ကြာကြာပြုတ်ရပါတယ် အမှန်က အရင် ရေစိမ်ထားရမှာ တီက မသိလို့ တော်တော်ကြာကြာ ကိုပြုတ်လိုက်ရပါတယ်
ပြူတ်ပြီးတော့ တခါ ရေအေးနဲ့ ဆေးချရပါတယ် အဲ့တာမှ ခုန က ပြုတ်ရင်း ထွက်လာတဲ့ ကော်တွေ ကိုဖယ်ပြီးသားဖြစ်သွားမှာလေ ပြီးရင်တော့ ပန်းကန် သပ်သပ်နဲ့ ထည့်ထားပေါ့

ဒါကတော့ နယ်မဲ့အဆင့်ပါ ပန်းကန်ထဲကို ကြိုက်သလောက်ထည့် ဘဲဥ ပြုတ်ထားတာ ကို လှီးပြီးထည့် အိမ်မှာ လုပ်စားတာ ဖြစ်တဲ့အတွက်ကြက်သားကို ကိုယ်ကြိုက်သလောက် အသေ ထည့် မတရားထည့် အရမ်းကာရောထည့် လောဘတကြီးထည့် ပဲမှုန့်ထည့် ငရုတ်သီးမှုန့် ကြိုက်ရင်ထည့် အချဉ်ထည့် (မှတ်ချက်….သံပရာသီးပဲထည့်ပါတယ် နန်းကြီးသုပ်သည် လုံးဝ မန်းကျည်းချဉ်နဲ့ မလိုက်ပါ) သံပရာသီးမရရင် အသင့်သုံး သံပရာ ရည်ဘူးတွေ သုံးလို့ရပါတယ် မွှေးတော့ သိပ်မမွှေးဘူးပေါ့လေ စားလို့တော့ ဖြစ်ပါတယ်

ကဲသုပ်ပြီးပြီ စားကြပေတော့
နံနံပင် မေ့သွားလို့ မလှတော့ဘူး

စားလို့တော့ ကောင်းမှကောင်း
နည်းနည်းစပ်သွားတယ် ကြက်သားချက်တုံးက ငရုတ်သီးမှုန့် ထည့်တာများသွားလို့
စားလို့တော့ ကောင်းတယ် ရှယ်ပဲ

သောကြာနေ့ကတည်းက ရေးထားတာပါ အဲ့တာကြောင့် ခေါင်းစဉ်က တီဂျီအိုင်အက်ဖ် ဖြစ်နေတာ
ပိတ်ရက် လေးရက်လုံးလုံး ကွန်ပျူတာ ကိုမဖွင့်လို့ ခုမှ တင်လိုက်တယ် နော် ဆော်ရီး….
သေသေချာချာ ကိုနားရသော ပိတ်ရက်လေးပါပဲ ကျေနပ်တယ်ဟေ့ ကျေနပ်တယ်

ချစ်ခြင်း ရဲ့ ကစားနည်း

ချစ်ခြင်း ရဲ့ ကစားနည်း

အသက်ကလေးရ အရွယ်ကလေးရောက်ပြီး စချစ်တတ်၊ အချစ်ကို နားလည်တတ်၊ ခံစားတတ်၊ စိတ်ကူယဉ်တတ် တဲ့အရွယ်ကတည်းက ကိုယ်အမြဲ လိုလို လုပ်ချင်နေတဲ့ ကိစ္စလေးတခု ရှိတယ်။ ညတည ကိုရွေးချယ်မယ် ပြီးတော့ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူကို ဖုန်းဆက်မယ်။ ပြီးတော့…အရမ်းကို ယူကြုံးမရ အပြစ်ရှိနေတဲ့မချိတင်ကဲ လေသံနဲ့…..

“စိတ်မဆိုးပါနဲ့………..ကိုယ်မနေ့က လက်ထပ်လိုက်ပြီ……..”

အဲ့စကားကို သူကြားတဲ့အခါ ဘယ်လို တုံ့ပြန်မှုမျိုးရှိမလဲနော်? ဖုန်းခွက်ရဲ့ တဘက်တချက် ကနေ အကြာကြီးအသံတိတ်သွားမလား။ သက်ပြင်းရှည်ရှည်တချက်ကို လေးလေးပင်ပင် ကြီး ချလိုက်လေမလား…ဒါမှမဟုတ်….စိတ်ထိခိုက်ကြေကွဲသွားတဲ့ အသံနဲ့….

“မင်း ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ” လို့မေးမလား?

အဲ့ဒီတော့မှ ကိုယ် က ကျေကျေနပ်နပ်လေး ရယ်လိုက်ပြီး………………

“မောင့် ကို စတာပါ………..ငတုံးလေးရဲ့” လို့ ပြောမယ်လေ။

နောက် ကိုယ်အမြဲ လိုလိုတွေးမိ စိတ်ကူးယဉ်မိနေတတ်တဲ့ ဇာတ်ကွက် ဆန်ဆန် အဖြစ် အပျက် တခုရှိသေးတယ်။ ညမိုးကြီး စုန်းစုန်းချုပ်မှာ ကိုယ့်ကို အရမ်းချစ်တဲ့သူကို ဖုန်းဆက် မယ်။ ပြီးတော့….

“ကိုယ်ဗိုက်ဆာတယ်”….လို့ ချွဲချွဲလေးပြောမယ်။
“မောင် တခုခုဝယ်လာပို့ပေးမယ်လေ” လို့ သူက ပြောရင်….
“ရတယ် နေပါစေ တော်ပြီ မစားချင်တော့ဘူး”
“သဲ…ဘာစားချင်လို့လဲ မောင်ဝယ်လာပေးမယ်လေ”
“နေပါစေ မစားချင်ဘူး”
“ဘာမှ မစားချင်ဘူးလား?.”
“မစားဘူး”

နောက်တနာရီလောက်ကြာလဲကြာရော သူ့ကို ဖုန်းပြန်ဆက်ပေးပြီးတော့….ဂျစ်တိုက် စိတ်ဆိုးနေတဲ့လေသံနဲ့…
“မောင် ဘာလို့ ကိုယ့်ကို ဘာမှဝယ်မလာကျွေးတာလဲ?”
“သဲ ပဲ ဘာမှမစားချင်တော့ဘူးဆို”
“အင်းလေ…ကိုယ်က မစားချင်တော့ဘူးလေ။ ဒါပေမယ့် မောင် ကတော့ ဝယ်လာပေး လို့ရတာပဲ”

ခုန က အထက်မှာ ပြောပြခဲ့တဲ့ ကိစ္စရော ဇာတ်ကွက်ရော ခုထက်ထိ ကိုယ်အကောင်အထည် မဖော် ဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်လိုပဲ ပြောပြော မလုပ်သင့်ဘူး၊ မကောင်းဘူး မှ လား? နောက်ပြီး ကလေးဆန်လွန်းရာလဲကျတယ်လေ။ ဘယ်လောက်ရူးနှမ်းတဲ့အလုပ်လဲ နော်
နောက်ပြီး ဒီလိုကိစ္စတွေဆိုတာ တွေးကြည့်၊ စိတ်ကူးယဉ်ကြည့်တာနဲ့တောင် ကြည်နူးတယ်၊ စိတ်ချမ်းသာတယ်လေ။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးရဲ့ တနေရာရာမှာ အဲ့လို ကိုယ့်ကို ချစ်နေ တဲ့ လူတယောက်ရှိတယ် ဆိုတာသေချာနေတဲ့အသိက ဘယ်လောက် ကံကောင်းလိုက်လဲလို့။

အချစ်ဆိုတာ ကစားစရာ ကစားနည်းတခု မဟုတ်ပါဘူး။
ဒါပေမယ့် အချစ်ဆိုတာ လူတယောက်က ပျင်းစရာကောင်းတဲ့ကစားနည်းတခု ကို ကိုယ်နဲ့ တူတူ ကစားပေးဖို့ အသင့်ရှိနေတာ မျိုးပါ။ ပြီးတော့ အဲ့ဒီ ပျင်းစရာကောင်းတဲ့ ကစားနည်း ကိုပဲ သိပ်သိပ်သိပ် စိတ်ဝင်စား စရာကောင်းတယ်လို့ သူက ယုံယုံ ကြည်ကြည် မှတ်ထင် နေတာမျိုး လေ။

A Chen
4:09 pm
23rd July 2010
TGIF
Bangkok

မန္တလေး-၂- (၁၅ ရက် ဇွန် ၂၀၁၀ ခုနှစ် အင်္ဂါ)

နောက်တနေ့မနက်မှာ မြို့ခံသူငယ်ချင်းတွေက အစောကြီး လာနိုးပြီးတော့ မနက်စာလိုက်ကျွေးပါတယ်
နန်းကြီးသုပ်လို့ ကိုယ်တို့ ရန်ကုန်မှာခေါ်တဲ့ သူတို့အခေါ် မန်းမုန့်တီပါ အဲ့ဆိုင်က အင်မတိအင်မတန်မှာ နာမည်ကြီးပါသတဲ့ အာဇာနည် ကတောင် ရန်ကုန်ကနေမှာစားလို့ မနက်လေယာဉ်နဲ့ထည့်ပေးရပါသတဲ့။ ထားတော့ -(၁) အာဇာနည် ကိစ္စ စကားစပ်မိလို့ ပြောပါအုံးမယ်

ဇူလိုင် ၁၉ တုံးက တချို့သူငယ်ချင်းတွေက ဂျီတော့ မက်စေ့ခ်ျမှာ အာဇာနည်နေ့လို ရေးထားကြပါသတဲ့ အဲ့တာကို ကလေးတချို့က ဘာလဲ ဒီနေ့ က အာဇာနည်ရဲ့ မွေးနေ့ လားလို့ မေးပါသတဲ့ ကျုပ်ကတော့ ဟစ်လို့သာ အော်ငိုချင်တော့တာပဲ ကိုယ်တို့ ဂျင်နရေးရှင်း ကိုဆိုးလှပြီထင်နေတာ ဒါကိုသာ ကိုယ်တို့အတွက် လုပ်နေတာ လို့ အော်နေကြတဲ့ လူတွေကြားရင် ဒန်းများစီးချင်ကြမလားဘဲနော်….ထားတော့ -(၂) ကိုယ်လဲ အဲ့လိုကြားရတာတော့ စိတ်မကောင်းပါဘူး…သူတို့လေးတွေက ဂဠုန်ဦးစောဆိုတာကိုလဲမသိကြဘူးဆိုရင်လဲ ကိုယ်ကတော့ အံ့သြမယ်မဟုတ်ဘူး………..

ကဲပါ လျှာရှည်တာ မကောင်းဘူး ဆိုင်တာပဲ ပြောမယ် အောက်မှာ ပုံတွေကိုကြည့်ကြပါ ပထမ ပုံက ကြက်သားဟင်းရည်ပါ ဒုတိယပုံက မနယ်ခင်ပေါ့ သူတို့ က ဖက်ရှင်လားတော့ မသိ ငါးဖယ်လုံးတွေ ထည့်ပါတယ် ရန်ကုန်မှာဆိုလဲ တချို့ဆိုင်တွေ ငါးဖယ်ကြော်ပြားကြီးတွေ ထည့်ကြပါတယ် ကိုယ်ကတော့ မကြိုက်ပါ ငါးဖယ်လုံးတွေ ကို သူငယ်ချင်းကိုပေးလိုက်တယ် စားလို့တော့ ကောင်းပါတယ် မဆိုးဘူးဆိုတာမျိုးပါ ကောင်းလှချည်လား ဆိုတာ မျိုးတော့ မဟုတ်ပါဘူး ထားတော့ -(၃)

စုစုပေါင်း သွားကြတာက ၄ ယောက် ၃ ယောက်က စားတယ် ကိုယ်က မဝလို့ နှစ်ပွဲစားတယ် ရှင်းမယ်ဆိုတော့ တပွဲကို ၁၅၀၀ ဆိုလို့ ပြန်တောင် အန်ပြီး အမ်းလိုက်ချင်စိတ်ပေါက်သွားတယ် ဘယ်တုံးကများ နန်းကြီးသုပ်တပွဲကို ၁၅၀၀ ဖြစ်သွားသလဲပေါ့လေ ငါများ မြန်မာပြည်ကို ပြန်မရောက်တာကြာလို့ ဘာမှမသိတော့တာလားပေါ့ ဒါမှမဟုတ် အခု က ၂၀၅၀ ခုနှစ်ရောက်နေတာလားလို့တောင် သူငယ်ချင်းကိုမေးလိုက်သေးတယ် ကုန်ဈေးနူန်းတွေ ဒီလောက်တောင်မြင့်တက်ကုန်ပြီလားပေါ့
ရန်ကုန်မှာ ဒံပေါက်တပွဲတောင် ၁၅၀၀ ပဲရှိသေးတယ် ကြက်ပေါင် ရင်ပုံ တခြမ်း တချောင်းလုံးပါတယ် ခုဟာက ကြက်သားဆိုတာ အမျှင်လေး မဖြစ်စလောက်နဲ့ ကဲကဲ ဆိုပြီး သက်ပြင်းကိုသာ ခပ်ပြင်းပြင်းချရင်း
ထားတော့ -(၄)

နောက်တခုပါ အားလုံးသိကြတဲ့အတိုင်း ဓညင်းသီးပါ သကြားလေးနဲ့ ပြုတ်ထားတာပါ အရမ်းကြီးမစေးပါဘူး မွှေးတေးလေးနဲ့ စားကောင်းပါတယ် ကိုယ်က ထုံးစံအတိုင်းစားချင်ပါတယ် မှာပါတယ် တွေ့တဲ့အတိုင်းပါပဲ ၇ လုံးတိတိပါပါတယ် မြန်မာငွေ ငဝက် ၅၀၀ ကျပ်ပါ ဆိုင်ရှင်က ပြောပါသေးတယ် အဆိုတော် ကြိုးကြာ က တခါလာရင် အလုံး ၅၀ စားပါသတဲ့ ကိုယ်က ဆယ်တန်း (အဲလေ တက္ကသိုလ် ဝင်တန်း)တုံးက သင်္ချာ ၉၇ မှတ်ရတဲ့အတွက် (အရင်ပိုစ့်မှာ ကြွားပြီးသားပါ) တွက်ကြည့်မိပါတယ် ၇လုံး ၅၀၀ အလုံး ၇၀ ၅၀၀၀ အော် ကြိုးကြာလေးက ၄ ထောင်ဖိုးလောက်တောင် ဓညင်းသီးစားတာပဲလို့လေ သူ့ရည်းစား ကိုယ်စားတောင် ကိုယ်က မဆီမဆိုင် စိတ်ပူမိပါသေးတယ် ထားတော့-(၅)…
ဒီလိုနဲ့ ကိုယ်တို့ ရွှေမန်းမြို့ရဲ့ မနက်စာမှာ ၆၅၀၀ ကျပ် ရှင်းလိုက်ရပါတယ် ရှိစေတော့ ရှိစေတော့ ကိုယ့်အပြစ်နဲ့ ကိုယ် ကိုယ်ရွေးချယ်တဲ့လမ်း လေနော်…………ထားတော့-(၆)

အဲ့တာစားပြီးတော့ ကိုယ်က ထုံးစံအတိုင်းပါပဲ လက်ဘက်ရည်မပါရင် လူက အူကြောင်ကြောင်ဖြစ်နေတတ်တာမို့ အလုပ်ကိစ္စတွေ ဘယ်မှမသွားရသေးခင် လက်ဘက်ရည် ရှာသောက်ရပါတယ် လက်ဘက်ရည် ပုံတော့ ပြန်မတင်ပေးတော့ဘူး ဖြူပြာတို့ မူယာတို့ရဲ့ အကို စမူဆာ နဲ့ ကော်ပြန့်နည်းနည်း စတိ တုတ်လိုက်ပါသေးတယ် ဒါတော့ ကောင်းတယ်ဆရာ ဘာမှအပြစ်မပြောလို ထားတော့-(၇)

နေ့လည်က ဘာစားလဲ မမှတ်မိပါ ပုံလဲမရှိဘူး ဒီတခေါက်ခရီးက လေယာဉ်ပေါ်က ဆင်းကတည်းက စားသမျှ ကို ဓါတ်ပုံနဲ့ မှတ်တမ်းတင်တာနော် တချို့ကျတော့ ဖုန်းနဲ့ ဒါပေမယ့် အပ်လုတ် လုပ်တုံးက အဆင်မပြေလို့ မတင်ရဘူး ထားတော့ -(၈)

ညနေကျတော့ ညနေစာမစားခင် သူငယ်ချင်းနဲ့ တုတ်ထိုးသွားဝါးပါသေးတယ် အရင်ကလဲ စားနေကျဆိုင်ပါ
မန်းတုတ်ထိုးက ရန်ကုန်နဲ့သိပ်မတူဘူးနော် ကြည့် သူတို့က အရည်နဲ့ ပြီးတော့ အဲ့အိုးထဲမှာ အရင်တခေါက်က ဓညင်းသီးတွေလဲ ရှိတယ် ခုတခေါက်တော့မှရှိ ထားတော့ -(၉)

ရန်ကုန်မှာလဲ ခုနောက်ပိုင်းဒီလိုတွေ လုပ်ကြတယ် တချိုကဆိုင်တွေပေါ့ ကိုယ်ကတော့ တုတ်ထိုးဆို မြေနီကုန်းက အရင်ရွှေမန်းရုပ်ရှင်ရုံနားက အဖိုးကြီး (ခုလဲရှိသေးတယ်) ဆီမှာပဲအမြဲစားပါတယ် သူက ကိုယ့်ကို မင်းသားလို့ခေါ်လို့လေ အဟိ သူက လူတိုင်းကိုအဲ့လိုခေါ်တာပါ အဖိုးကြီးက ညက်တာပေါ့ မိန်းကလေးတွေဆိုရင် မော်ဒယ်ဂဲလ်လေးလို့ခေါ်တယ် ခိခိ
ပြီးတော့ သူ့ဆီမှာ ဆရာကြီးနဲ့ ဆရာမကြီးလဲ ရတယ် (မမေးနဲ့ မပြောပြဘူး) ထားတော့-(၁၀)

ပြီးတော့ မန်းတုတ်ထိုးက ဟင်းရည်လဲပေးတယ် အချဉ်ကိုလဲသေချာစပ်ပေးတယ် နောက်ပွဲလေးတွေနဲ့ လှီးပေးတယ် တပွဲကို ၁၀၀၀ ထင်တယ် အဲ့တာနဲ့ ကိုယ်က နှစ်ပွဲမှာစားတယ် ကိုယ်တပွဲ မောင်တပွဲ ဟိဟိ အဲ့မှာ သူငယ်ချင်းက ကိုယ်က ဘန်ကောက်မှာနေတဲ့ အလုပ်လုပ်နေတာပေါ့ လစာ ဘယ်လောက်ရတာ အားလပ်ချိန်တွေမှာ အပျော်တမ်း စာတွေဘာတွေလဲရေးတဲ့ နာမည်ကျော် စာရေးဆရာမ ဘာညာတွေလျှောက်ပြောတော့တာပဲ ဟိဟိ ကိုယ်ကလဲ ဟုတ်တော့ ငြိမ်နေလိုက်တယ်လေ အဲ့တာနဲ့ သူက နင့်ဘလောခ်ပေါ်မှာ ကြော်ငြာပေးလိုက်ပါလားတဲ့ ကိုယ်ကလဲ အစကတည်းက ဓါတ်ပုံက တဂွပ်ဂွပ် ရိုက်နေတာဆိုတော့ အင်းလို့

အဲ့တာနဲ့ ဆိုင်ရှင် ကို ခွင့်တောင်းပြီး ဆိုင်နာမည်နဲ့ သူ့ပုံပါ ပါအောင်ရိုက်ပေးပါတယ် အပြန်အလှန်အနေနဲ့ ကိုယ်က ဘာရသလဲဆိုတော့ ဘေးနားက ပွဲသေးလေးလေ အဲ့တာ အလကားစားရတာ အဟိဟိဟိ

ကဲမှတ်ထားကြနော် မြင့်လွင် ဝက်သားတုတ်ထိုးတဲ့ ၆၈ လမ်း x ၂၈ လမ်းထောင့်

စားလို့တော့ သိပ်မကောင်းပါဘူး မဆိုးပါဘူး ဆိုတာလောက်ပဲပေါ့
………………ရှူး……………..သွားပြန်မပြောနဲ့နော် ထားတော့-(၁၁)

တက္ကစီ ခရီးသည်

အသည်းကွဲ တက္ကစီ ခရီးသည်

မြို့တော်ကြီးမှာ နေတဲ့ ကိုယ် မကြာခဏ ဆိုသလို တက္ကစီ ကိုစီးဖြစ်ပါတယ်။ စီးဖြစ်တဲ့ အကြောင်းတွေ အများကြီးရှိသလို အခြေအနေ (ကွန်ဒစ်ရှင်) တွေလဲအများကြီးရှိလို့ပါ။ မီတာ တက္ကစီ တွေကို စီးရတာ စိတ်ချမ်းသာပါတယ်။ လမ်းထိပ်ရောက်တာနဲ့ လက်ကလေးပြ (မိန်းကလေးဆိုရင် ပေါင်ကလေးထုတ်) တားလိုက်ရုံပါပဲ။ အဲကွန်း ပါတယ်၊ ဈေးစစ်စရာ မလို ဘူး၊ သွားချင်တဲ့နေရာ ကိုပြော တန်းဝင်ထိုင်လိုက်ရုံပါပဲ။ တနေ့က သူငယ်ချင်းတယောက်နဲ့ စကားပြောနေရင်းနဲ့ အကြောင်းအရာ က မြို့တော်ကြီးမှာ တက္ကစီ စီးတဲ့ လူတန်းစားတွေ အကြောင်းကိုရောက်သွားပါတယ်။ အသုံးစရိတ်တွေအရမ်းများနေတဲ့ ကိုယ့်ကိုကိုယ် မသိစိတ် က ပြန်သုံးသပ်တာလဲဖြစ်နိုင်ပါတယ်။

မြို့တော်ကြီးမှာ လူတယောက် တက္ကစီ စီးတယ်ဆိုတာ အောက်မှာ ရေးထားတဲ့ အကြောင်းပြ ချက်တွေထဲက မထွက်ပါဘူး။ ဥပမာ…

• လောနေလို့
• နောက်ကျနေလို့
• တခါမှမရောက်ဘူးသေးတဲ့နေရာ ဒေသစိမ်းမို့လို့
• သွားရမယ့်နေရာက တခြားရောက်နိုင်စရာ မုတ်အောဖ့်ထရမ်စပို့တေးရှင်း (လမ်းပမ်း ဆက်သွယ်ရေး ဆိုင်ရာ ရွေးချယ်စရာ) မရှိလို့
• ပျင်းလို့ (ဝါ) ယောင်ချာချာဖြစ်နေလို့ (ဘာလုပ်ရမှန်းမသိလို့) (ကိုယ့်အမေ ဆိုရင် ရန်ကုန်မှာ သူပျင်းတဲ့အခါတိုင်း အဲကွန်းဘတ်စ်တွေကို ဂိတ်စ ဂိတ်ဆုံး ပတ်စီးပါတယ် ကိုယ်တို့က ကိုယ်ပိုင်ကားမှမရှိတာဘဲလေနော်…)
• အသည်းကွဲနေလို့

အောက်ဆုံးတခုကလွဲရင် အပေါ်က အကြောင်းပြချက်တွေတိုင်းမှာ သွားရမယ့် လမ်းက ဝေး လေလေ မျက်လုံးက ပြေးနေတဲ့မီတာပေါ်ရောက်လေလေ နှလုံးခုန်သံက မီတာနဲ့ အပြိုင်မြန် လေလေပါပဲ။ (ပြောချင်တာကို တက္ကစီ စီးနေကျ လူများသိပါလိမ့်မယ် ဝန်ခံချင်တာ ဝန်မခံချင် တာကတော့ တပိုင်းပေါ့လေ)

ဒါပေမယ့် အသည်းကွဲနေတဲ့အခါ ဝမ်းနည်းနေတဲ့အခါ ဘယ်သူကများ မီတာ ဘယ်လောက် ကျမှာ ကို ဂရုစိုက်နေအုံးမှာလဲနော်။

မနက် ရုံးတက်ချိန်… စိတ်ကညစ်နေတယ်ဆိုရင် ဓါတ်ရထားက အိမ်ကနေ ၃ မိနစ် လောက်ပဲ လျောက်ရတာတောင် စိတ်ထဲက လမ်းထိပ်အရောက်မှာ လက်ကလေးလှမ်းပြပြီး ကားထဲကို စိတ်နဲ့ လူနဲ့မကပ်တဲ့ကိုယ်ကို ထိုးသွင်းလိုက်ချင်တာပဲ။

စိတ်ကြည်နေတယ်ဆိုရင်တော့ …. ရထားပေါ်က လူတွေ ကြီးကြီးငယ်ငယ်တွေရဲ့ အပြင် အဆင်တွေ မနက်ရုံးသွားတော့မယ့် အနံ့အသက်မွှေးမွှေးကြိုင်ကြိုင်လေးတွေကို အချိန်ပေး ခံစားဖို့ အာရုံကလာမှာလေနော်။ နောက်ပြီးတော့ တမှတ်တိုင်ပြီး တမှတ်တိုင် အိပဲ့အိပဲ့နဲ့ ရပ်နေမယ့် ဓါတ်ရထားကိုလဲ စိတ်ရှည်ရှည်နဲ့ စောင့်စီးနိုင်မှာပေါ့။

လောလောလတ်လတ် ရည်းစားနဲ့ ရန်ဖြစ်လာတယ်။ ခုပဲ သူ့အိမ်ကနေ ဝုန်းဒိုင်းကျဲ ထွက်လာခဲ့ တယ်။ လမ်းပေါ်ရောက်တာနဲ့ တွေ့တဲ့တက္ကစီ တစီး ကို လက်ပြတား တက်။ မိုချစ်ကနေ အွန်နွစ် ကိုပဲဖြစ်ဖြစ် ဘန်ကောက်ကနေ ပထရားကိုပဲဖြစ်ဖြစ် တောင်ဝင်ရိုးစွန်းကနေ မြောက် ဝင်ရိုးစွန်းကိုပဲ ရောက်ရောက် မီတာက ဘယ်လောက်ပဲကျကျ မီတာပြေးတာ ဘယ်လောက်ပဲ မြန်မြန် ဘယ်သူကများ ဘာကို ဂရုစိုက်နေအုံးမှာလဲနော်….
ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်လေ ဘယ်သူကမှ ကိုယ့်ကို၊ ကိုယ့်စိတ်ခံစားချက်တွေကို ဂရုမစိုက်တော့တဲ့ ဘဝမှာ ကိုယ်ကကော ဘယ်သူ့ကို ဘာတွေကိုများ…ေ-ာက်ဂရုစိုက်နေရအုံးမှာလဲ။

ရည်းစားနဲ့ လမ်းမှာ သွားနေရင်းကနေ ရုတ်တရက် ရန် ထ ဖြစ်တယ်။ စကားများတယ်။ သူက အိမ်လိုက်ပို့မယ် ပြောတာ ကို မလိုချင်ဘူး။ သူ့ မျက်နှာကိုလဲမမြင်ချင်ဘူး။ စိတ်လဲအရမ်းဆိုး တယ်၊ သူ့ကို ကိုယ်စိတ်ကောက်နေတာ ကိုလဲသိစေချင်တယ်…. တွေးနေစရာတောင်မလိုဘူး သိပ်သေချာတာပေါ့ တွေ့ကရာ တက္ကစီ တစီးကိုလှမ်းတားပြီး စောင့်တက်ပလိုက်မှာဘဲ။ အဲ့လိုမှ မလုပ်ရင် ကိုယ့်ကိုကိုယ် ဒုက္ခ ခံပြီးတော့ ဘတ်စ် ကားစောင့်ရအုံးမှာလားနော်….ဟွန့်ဝေးသေး

ကိုယ့်ရှေ့ မျက်နှာချင်းဆိုင်မှာ ရည်းစားက နောက်တယောက်နဲ့ ပြုံးပျော်ကြည်နူးနေတာ လှမ်းတွေ့လိုက်ရတယ် ဘာလုပ်ရအုံးမှာလဲ တွေ့တဲ့ တက္ကစီ ပေါ်ပြေးတက်ရပြန်တာပဲပေါ့….ကားပေါ်ရောက်တာ တောင် ဘယ်ကိုသွားမယ်ဆိုတာ တော်တော်နဲ့ ပြောမထွက်ဘူး…..ဘယ်သွားရမလဲဆိုတာလဲ စဉ်းစားလို့မရဘူး။ (ဘလောခ်ဂါတယောက်ပြောသလို ဒန်းပဲသွားစီးရမလား ရေပဲ သွားကူးရမလား၊ မိုးရေထဲပဲပြေးရမလား?….)

တခါတခါ မြို့တော်ကြီးမှာနေရတာ မွန်းကျပ်လွန်းတယ်၊ အထီးကျန်ဆန်လွန်းတယ်၊ စိတ်ဓါတ် အရမ်းကျတယ်၊ လမ်းကို လျှောက်ဖို့ တလှမ်းတောင် လှမ်းနိုင်မယ့် အားအင်ဆိုတာ နတ္ထိ ဘာလုပ်ရအုံးမှာလဲ…..? တက္ကစီ ကိုတား တက် ကားဆရာ ကို ရောက်ရာပေါက်ရာ လျှောက် မောင်းခိုင်းလိုက်ရုံပဲလေနော်။

တခါကများဆို တက္ကစီပေါ်မှာ စီးလာတယ် ကိုယ်သွားချင်တဲ့နေရာကလဲရောက်နေပြီ။ ဒါပေမယ့် ကားပေါ်မှာ ရေဒီယိုကလာနေတဲ့ သီချင်းက ကိုယ်သိပ်ကြိုက်တဲ့သီချင်းဖြစ်နေ တယ်။ သွားမယ့်နေရာက ရောက်နေပြီ သီချင်းက မဆုံးသေးဘူး။ အဲ့ဒီတော့ ကားဆရာကို ရှေ့နည်းနည်းပတ်မောင်းပါအုံး ပြီးတော့ ဒီနေရာ ကိုပြန်ကွေ့လာပေးပါလို့ ပြောခဲ့ဖူးတယ်။

အဲ့တာကြောင့် မြို့တော်ကြီးရဲ့ ထောင်သောင်းမကတဲ့တက္ကစီ ကားတွေပေါ်မှာ ယူကြုံးမရတဲ့ မျက်နှာပေါ်က မျက်ရည်တွေ၊ သက်ပြင်းတွေ၊ ညိုးငယ်မှုတွေနဲ့ အသည်းကွဲခရီးသည် ပေါင်း များစွာ လိုက်ပါစီးနင်းခဲ့ကြဖူးတယ်။

A Chen
2:43 pm
20 July 2010
Tuesday
Bangkok

မန္တလေး-၁- (၁၄ ရက် ဇွန် ၂၀၁၀ ခုနှစ် တနင်္လာ)

မန်းတလေး ကိုမနက်အစောကြီးရောက်ပါတယ် သူငယ်ချင်းလာကြိုတာစောင့်နေတာ ပေါ်မလာ ပေါ်မလာနဲ့ နောက်ကျတော့ သူက အိပ်ရာက ထတောင်မထသေးဘူး ဆိုတော့ ကိုယ့်ဘာသာပဲ ဆိုင်ကယ် ငှားပြီး ဘွတ်ခ်ထားတဲ့ ဟော်တယ် ကိုရောက်သွားပါတယ် ရောက်ကတည်း က အိပ်လိုက်တာ နေ့လည်စာစားချိန်ကျမှ ပဲနိုးပါတော့တယ်။ အဲ့တာနဲ့ သူငယ်ချင်းလာခေါ်တော့ မနက်စာနဲ့ နေ့လည်စာ ကိုပေါင်းစားရတော့တာပေါ့
တနင်္ဂနွေ နေ့ မဟုတ်ပေမယ့်လဲ ဘရမ့်ခ်ျပါတယ် ပြီးတော့ မြန်မာဆန်ဆန်ပဲ ဘူဖေးတာပေါ့ ၇၇ လမ်း လား ၇၈လမ်းမှာလားမသိပါဘူး ၇၈ ထင်ပါတယ် ယူနီဆန်းမှာ သွားစားကြပါတယ်

ငါးနီတူသေးသေးလေးတွေ အစပ်ကြော်ထားတာရယ် ပဲပွကြော်ရယ် ဘေးနားက ခွက်သေးက ကင်မွန်းချဉ်ရွက်ကို အရည်လေးစပ်စပ်နဲ့ ချက်ထားတာပါ အရမ်းကောင်းပါတယ် ဘေးက ပုံကတော့ ငါးပိရည်နဲ့ တို့စရာပါ ပြီးတော့ ငါးပိထောင်းလဲပါပါသေးတယ် မြန်မာ ထမင်းဆိုင်မှာစားရတာ အဲ့တာတွေ ကြိုက်တာပဲ
သိပ်သိပ်သိပ်ကောင်းပါတယ်

ဟင်းရည်က လဲနှစ်မျိုးပေးပါတယ် သီးစုံချဉ်ရည်ဟင်းနဲ့ ဘူးသီး ဟင်းခါးပါ ဒီဆိုင်ရဲ့မြန်မာ ဘူးဖေးက မိုက်ပါတယ် တယောက်ကို ၁၅၀၀ ကျပ် ပါ ခုန က ဆိုက်ဒစ်ရှ်တွေ အကုန်ရပါတယ် ပြီးတော့ အသားဟင်း နှစ်ခွက်ရပါတယ် ကြိုက်တာ စားပါ တချို့ဟင်းတွေကိုတော့ သူတို့က အရွက်ဖြစ်ပေမယ့် အသားဟင်းခွက်ထဲထဲ့တွက်ပါတယ်
ဥပမာ မှို၊ အင်ဥ စတာတွေပေါ့

ငါးကြင်းကြော်ချက်ရယ် ဝက်ချိုရယ် ပုစွန် ဆီပြန်ရယ်ပါ

အင်ဥချက်ရယ် (ဒေါ်ရီတာ ရယ် စိတ်တော့မကောင်းပါဘူး သိပ်သိပ်သိပ် စားကောင်းတာပဲ ကိုက်လိုက်ရင် ထုတ်ထုတ် ထုတ်ထုတ်ကလေး အဟေးဟေး ပြောရတာ အရသာရှိလိုက်တာ တဘက်မှာ ဖြစ်နေမယ့် ဒေါ်ရီတာ မျက်နှာ မြင်ယောင်နေရင်းနဲ့တောင် ပြုံးပြီးစာရိုက်နေတာ ဟားဟားဟား ကလီရှေးနော် ဒေါ်ရီတာ ဒါမှမဟုတ် ဟွန်ဒေးဗူးပေါ့ ခိခိခိစ်) ဆိတ်သားဆီပြန်ရယ် ဝက်ကလီစာရယ်ပါ
ညစာကဘာစားတာလဲမမှတ်မိတော့ပါ ရွှေဘဲမှာ တည စားတာ မှတ်မိတယ် စားမကောင်းပါ လုံးဝ လုံးဝ မကောင်းတော့ပါ ဘဲကင်တောင် ပျက်နေပြီ နောက် မစားတော့ဖို့ ဆုံးဖြတ်လိုက်ရတဲ့ဆိုင်ထဲမှာ သူလဲပါသွားတာပေါ့

ညဘက်ကျတော့ အိပ်ခါနီးကို ဟိုတယ်နားက မိုးလင်းဆိုင်မှာ သွားစားပါသေးတယ် ဝက်သားဆီချက် နဲ့ လက်ဘက်ရည် တိုင်ကီပါ ခွက်ကြီးလေ သောက်ကောင်းလေပါပဲ

Are you smart or NOT?

Are you smart or NOT?
တော်သလားမတော်ဘူးလား?

တလောက လေ့လာမှုစစ်တမ်းတခုကိုဘတ်လိုက်ရတယ်။ စစ်တမ်းက ဘာပြောထားလဲဆို တော့ ကျောင်းနေအရွယ်ကလေးတွေက ကိုယ့်ကိုကိုယ် “မတော်ဘူး” (not smart လို့သုံးထားပါတယ် stupid လို့မသုံးထားပါ မတော်တာ တုံးတာမဟုတ်ပါ) လို့ထင်ကြတဲ့ အတွက် မိမိကိုယ်ကို ယုံကြည်မှုတွေပျောက်ကုန်တယ်တဲ့။ ကိုယ်တခုတွေးမိတယ် ကိုယ်တို့ လို အရွယ်ရောက်လူကြီး တပိုင်းတွေက ရော အဲ့လို မဟုတ်လို့လားလို့လေ…နော်။ (၂၉ နှစ် ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် လူကြီးတပိုင်း လို့တွက်ပါတယ် ဘရစ်တနီ လှံ လိုပြောရရင်တော့ ကောင်မလေးမကျ မိန်းမကြီးမကျပေါ့လေ။)

ကိုယ်တို့တွေဟာ သူများထက်တော့ ငါ က ပို တော် တာပဲ ပိုသိတာပဲ ပိုတတ်တာပဲ ပိုစမတ် တာပဲ လို့ ထင်ချင်ကြတယ် မျှော်လင့်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကိုယ်ဟာ သူများ တွေလောက် မတော် ပါလားလို့ (တခါတခါ နည်းနည်းတောင် တုံးတဲ့ဘက်ရောက်နေတဲ့ အခါ)
ကိုယ့်ကိုကိုယ် သိလာတဲ့အခါ ဘယ်လောက်များ ခံစားရသလဲလို့နော်။

ကိုယ်တို့တွေဟာ တသက်လုံး ကိုယ်ဟာ တော်တဲ့လူအုပ်စု ထဲမှာပါတယ်လို့ မကြာခဏ သက်သေပြဖို့ အမြဲလိုလိုကြိုးစားနေခဲ့ကြတယ်။ ကိုယ်တို့ ပါးစပ်ဖျားမှာ အမြဲ လိုလို ရေရွတ် နေတတ်တဲ့ စကားတခွန်းက….
“ငါ့ကို ငတုံး ငအ လို့များထင်နေသလား” ဆိုတာပါပဲ။

ကိုယ်တို့ ဘယ်လောက်တော်တယ်ဆိုတာ လူတွေမသိကြမှာ ကို ကိုယ်တို့တွေ ဘယ်လောက် များ စိုးရိမ်ကြပါလိမ့်နော်။ လူတယောက် တော်တယ်မတော်ဘူးဆိုတာကိုရော ဘယ်လိုလူမျိုး က ဝေဖန် ပိုင်းခြားခွင့် သတ်မှတ်ခွင့် ရှိတာပါလိမ့်?

ကျောင်းနေတဲ့အရွယ်တုံးကတော့ ကိုယ်တို့တွေဟာ အတန်းထဲမှာ အဆင့် (၁) ရအောင် ဖြေ နိုင်ရင် တော် တယ်လို့ ထင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်တို့ ဘာကို နားလည်လာလဲဆိုတော့ အဆင့် ၁ ရတဲ့သူတွေဟာ ကိုယ်တွေထက် ပိုတော် လို့ မဟုတ်ဘဲ ပိုကြိုးစား လို့ သာပဲ ဆိုတာ သဘောပေါက်လာခဲ့တယ် (တကယ်ပြောတာ ပြန်စဉ်းစား ကြည့် ကြ အခု အဲ့ဒီအဆင့် ၁ တွေ က ကိုယ့်လောက် ပေါက်ပေါက်ရောက်ရောက်မရှိသလို ကိုယ့် လောက်လဲ လခ မကောင်းကြဘူး။ ခုဆို ဘယ်ရောက်နေကြမှန်းတောင်မသိဘူး။ တလောက နှစ်ပိုင်းတွေတုံးက အရင် အထက်တန်းကျောင်းတုံးက အတန်းထဲမှာ ကိုယ့်ထက် စာတော် အဆင့်ကောင်းတဲ့ သူတွေက ကိုယ့်ဆီမှာ အလုပ်လာတောင်းတာ ကြုံဖူးတယ် သံသရာ လို့ ကိုယ်မတွေးမိဘူး အခုလိုပဲ တွေးမိတယ် သူတို့က ပိုတော်တာ မဟုတ်ဘူး သူတို့ က ကိုယ့်ထက် ပိုကြိုးစား တာ ဝိရိယ ပိုကောင်းတာ ကိုယ် တလ စာ ၇ ရက် ကျက်ရင် သူတို့က ရက်ပေါင်း ၂၀ လောက်ကျက်တာကိုးလေနော် တော်တာကတော့ ကိုယ်ကပိုတော် တာသေချာပါတယ် ရိုက်ပေါက်တွေရေးနေမိပြန်ပြီ ဒါပေမယ့် တွေးကြည့်ပါ စာဘတ်သူ အခု အရင်တုံးက စာဘတ်သူနဲ့ ကျောင်းတုံးက အတူတူ တက်ခဲ့ကြတဲ့ အဆင့် ၁ တွေ ဘယ်ရောက်နေကြပြီလဲလို့) တကယ်တန်းကျတော့ တကယ်တော်တယ်ဆိုတဲ့ လူတွေဟာ ဘယ်တော့မှ အဆင့် ၁ မရကြဘူး (ကိုယ့်လိုပေါ့) ။ ကိုယ်တို့တွေက စိတ်သိပ်များတယ် ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ သိပ်များတယ် ဟိုစပ်စပ် ဒီစပ်စပ် သိပ်လုပ်တတ်ကြတယ် တခုတည်းကိုပဲ အာရုံစိုက်လို့မရကြဘူး။ အဲ သင်္ချာမှာတော့ တော်တတ်ကြတယ် ကိုယ်ဆိုရင် ၁၀ တန်း တုံးက ၁၀၀ (ရဖို့ ၃ မှတ်ပဲလိုတာ) (ဟိဟိ ကပ်ကြွား)

ဟော ဒီလိုနဲ့ အရွယ်ရောက်လာလို့ လုပ်ငန်းခွင်ထဲရောက်လာကြပြန်တော့ ကိုယ်တို့တွေဟာ လူတွေ တော်လားမတော်လားဆိုတာကို သူတို့ ရဲ့ အောင်မြင်မှု ရာထူး အရာရောက်မှုတွေနဲ့ တိုင်းတာကြပြန်ရော်။ ဒါပေမယ့် မကြာခင်မှာဘဲ ဘာကို ကိုယ်တို့ ထပ်တွေ့လာရလဲဆိုတော့ အဲ့တာတွေကလဲတကယ်တော်လို့ မဟုတ်ဘဲ “ကံ” ဆိုတာရယ် “အဆင်အသွယ်” ဆိုတာတွေ ရယ် ပါနေသေးပါလားလို့ သဘောပေါက် လာရပြန်ပါတယ်။ (၁၀၀% လို့တော့မဆိုလိုပါ) အဲ့တော့ ကိုယ်တို့လဲ လူဆိုတာ ပိုတော်ဖို့ထက် ပိုကံကောင်းဖို့ လိုပါလားလို့ တွေးမိလာကြ ပြန်တာပေါ့လေ။

ဟော ………………..

အချစ်ထဲမှာကျတော့ အရာအားလုံးက မျှတပါတယ်။ မင်းဘာသာ မင်း ဘယ်လောက်ကြီး ပဲ တော် နေနေ အချစ်နဲ့ပတ်သက်လာရင်တော့ မင်းလဲ အသည်းကွဲနိုင်တာပဲ ထားခဲ့တာ ခံရနိုင်တာပဲ ကျန်နေခဲ့ရနိုင်တာပဲ။ တကယ်တန်း တော် လှပါချည်ရဲ့ဆိုတဲ့ လူတွေကလဲ အချစ်နဲ့ပတ်သက်လာရင်တော့ တုံး လွန်းနေပါလား နူံ လှချည်လား လို့ ဖြစ်နိုင်ကြတာပဲ။

တော်တယ်မတော်ဘူးဆိုတာ တကယ်တော့ ကိုယ်တို့တွေရဲ့ စိတ်အစာတမျိုးပါပဲ။ အဲ့လို ကိုယ့်ကိုကိုယ် ငါတော်တယ် ဆိုတဲ့ အသိလေးရှိတော့ ကိုယ့်ကိုကိုယ်ကျေနပ်တာပေါ့။ ဒါပေမယ့် တော်တယ်ဆိုတဲ့ လူတိုင်းလဲအောင်မြင်တာ မဟုတ်ပါဘူး။ တော်တယ်ဆိုတဲ့ လူတိုင်းလဲ သူတို့ဘဝ ကိုသူတို့ ပျော်ရွှင်ကျေနပ် နေကြတာမဟုတ်ပါဘူး။ တမျိုးပြောင်းပြောရရင် တော်တယ်ဆိုတဲ့ လူတိုင်းလဲ ပျော်ရွှင်ကျေနပ်ဖွယ် ဘဝ ကိုရနေကြတာ မဟုတ်ပါဘူး။ ကိုယ့်ကို ကိုယ် ငါသိပ်မတော်လှပါဘူး လို့ ထင်နေကြတဲ့ လူတွေနဲ့ သူတို့ က ဘာမှပိုမသာနေပါဘူးလေ။ သူလိုကိုယ်လိုပါပဲ။……………….တွေးမိတာလေးတွေပေါ့ တွေးစရာလေးတွေပေါ့………………

ပိုစ့်စကရစ်ပ်

နန်းညီ ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီးရေးပေးထားတာမဟုတ်ပါ ပြန့်ကျဲနေတဲ့အတွေးလေးတွေ သာဖြစ်ပါတယ်

A Chen
8:06 pm
18 July 2010
Sunday
Home
Bangkok

စိတ်မပြောင်းတတ်တဲ့ချစ်သူ

စိတ်မပြောင်းတတ်တဲ့ချစ်သူ

ကိုယ်တို့ ကိုယ့်ချစ်သူကို အမြဲလိုလိုမေးတတ်တဲ့မေးခွန်းလေးတခုရှိတယ်။

“တချိန်မှာ မင်း ပြောင်းလဲသွားမှာလား?”

ကိုယ်တို့တွေ သူ့စိတ်ပြောင်းလဲသွားမှာ ကြောက်မိတယ်၊ စိုးရိမ်မိကြတယ်၊ အချစ်တွေ ပြောင်းလဲသွားမှာ ကြောက်တယ်။

ဒါပေမယ့် များသောအားဖြင့်ပြောင်းလဲသွားတတ်ကြတာ လူတွေရဲ့ စိတ်မဟုတ်ပါဘူး။ ကိစ္စရပ်တခု အဖြစ်အပျက် တခုအပေါ်မှာထားရှိတဲ့ မြင်တဲ့ သူ့အမြင် သာပြောင်းလဲ သွားတာမျိုးပါ။

လူနှစ်ယောက်ချစ်နေကြတဲ့အချိန်တွေတုံးကတော့ ကိစ္စတရပ် အဖြစ်အပျက်တခု အပေါ်မြင်တဲ့အမြင်တွေဟာများသောအားဖြင့် ထပ်တူမကျတောင် နီးစပ်လေ့ရှိပါတယ်။
အမြင်တွေတူတတ်တဲ့အတွက် တယောက်အပေါ်တယောက်ပိုနားလည်တယ်၊ ပိုတန်ဖိုး ထားတယ်၊ ပိုဝေမျှခံစားလို့ရတယ်။ သူနဲ့ချစ်ရတာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့ ကိုယ့်ကိုကိုယ်ထင်တတ်ကြ သာယာကြ ပီတိဖြစ်ကြရပြီး သူနဲ့ချစ်ရတာကိုတန်ဖိုးထား တတ်ကြတယ်မဟုတ်လား။ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို အမြင်မတူရင်လဲ အိမ်သား မဆိုသာပါဘူး။ လိုက်လဲလိုက်တဲ့ နှစ်ယောက်လို့သာအပြောရှိကြတာပဲလေနော်။

ဒါပေမယ့် နှစ်ယောက်ထဲမှာ တယောက်ကို ပိုမြင်တတ်လာမယ်၊ တာဝန်ပိုယူရတာတွေပိုများ လာမယ်၊ ရင့်ကျက်လာမယ် ဆိုရင် နှစ်ယောက်ကြားကကိစ္စရပ်တခုကို ရှူကြည့်ပုံ၊ သုံးသပ်ပုံ အတွေးအမြင်လဲပြောင်းလဲ ကွာခြား လာတော့ တာပေါ့။

အရင်တုံးက တကယ်လို့ သူကများ ကိစ္စ တခုကို “ကိုယ်တော့ ဒီကိစ္စမှာ..ဒီလိုမြင်တယ်ကွာ…” လို့ပြောခဲ့ရင် သူမကလဲ ခေါင်းကိုအမြန်ညိမ့်ပြီးတော့ “ဟုတ်တယ် ကျမလဲ ဒီလိုပဲ သဘောရ တယ်”…လို့ ဖြေပြီးသား။

အခုတော့ သူက ကိစ္စတခုကို “ကိုယ်ကတော့ ဒီလိုထင်တယ်ကွ…”လို့ပြောလာတဲ့အခါမှာ သူမက “ဟင့်အင်း…..ကျမကတော့ ရှင့်အမြင်ကို သဘောမတူဘူး…” လို့ ခေါင်းခါပြီး ပြန်ပြော တတ်လာပြီလေ။

အဲ့အခါမှာ သူက သူမ သူ့ကို အရင်လို အထင်မကြီးတော့ဘူး၊ သူ့အမြင်တွေကို မလေးစား တော့ဘူး၊ သူ့အတွေးအခေါ်တွေကို တန်ဖိုးမထားတော့ဘူး၊ အရင်လိုသူ့ကို မချစ်တော့ဘူး လို့ခံစားလာရတယ်။ အမှန်တကယ်တော့ သူမက သူ့ကိုချစ်နေဆဲချစ်နေမြဲပါ။ သူမရဲ့ အချစ် တွေက ပြောင်းလဲကုန်တာမဟုတ်သလို သူမကလဲမပြောင်းလဲသွားပါဘူး၊ ကိစ္စတခုကို မြင်တဲ့ သူမအမြင်ကသာ ပြောင်းလဲသွားတာပါ။ သူကတော့ ကိစ္စ တခုကို အရင်လိုပဲမြင်နေတုံး၊ အမြင် မပြောင်းလဲသေးဘူးပေါ့။ ဒီလိုနဲ့ လူနှစ်ယောက်ကြားက ကွာခြားချက် ခြားနားမှု က တဖြည်းဖြည်း ပိုများလာ ပိုကွာခြားလာ ပိုဟလာ၊ တယောက်နဲ့ တယောက် ပိုဝေးသွားသလို၊ ကိစ္စ တွေကို ရှူမြင်သုံးသပ်ပုံတွေလဲ ကြာလေလေ အမြင် မတူတူလေလေ ဖြစ်လာတော့တာ ပေါ့။ ဒီလိုနဲ့ သူမက လဲတဖြည်းဖြည်း သူဟာ သူမနဲ့ ဘဝ လမ်းကို အတူတူလျောက်ရမယ့် သူ ဟုတ်ပါတော့မလားလို့ တွေးမိလာတော့တာပဲ။ သူမ ရဲ့ သူ့အပေါ်မှာထားရှိတဲ့ အချစ်တွေက တဖြည်းဖြည်း ပြောင်းလဲလာသလို သူမကိုယ်တိုင်လဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီလေ။

ဒါပေမယ့် ပထမဆုံး ကနဦးမှာ စတင်ပြောင်းလဲတာက “အချစ်” မဟုတ်ပါဘူး။ “အမြင်” ပါ။ တကယ်လို့သာ ကိုယ့်ချစ်သူ ကို မပြောင်းလဲဘဲ ထာဝရ ချစ်နေစေချင်တယ်ဆိုရင် ကိုယ်ကလဲ ပြောင်းလဲလာတဲ့ ချစ်သူရဲ့ အမြင်အတွေးတွေ ကို သိအောင်လုပ်ရပါမယ်။ ပြောင်းလဲလာတဲ့ ချစ်သူကိုလဲ အသစ်လို့ သဘောာထားပြီး လိုက်သိအောင် တဖန် ရင်းနှီးမှု ယူရပါမယ်။ သူ့ရဲ့ ပြောင်းလဲမှု အတွေးအမြင်တွေကိုလဲ ပြောင်းလဲတဲ့အတိုင်း လိုက် တန်ဖိုးထားတတ်ရပါမယ်။

A Chen
3:10 am
16 July 2010
Best Western Vientiane Hotel
Laos

PS

သူမ ရဲ့ သူ့အပေါ်မှာထားရှိတဲ့ အချစ်တွေက တဖြည်းဖြည်း ပြောင်းလဲလာသလို သူမကိုယ်တိုင်လဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီလေ။

ဒီစာကြောင်းမှားနေတာ ကိုသိတယ်
အမှန်ဆို ဒီလို………………….ဖြစ်ရမှာ………ကိုလဲသိတယ်
ဒါပေမယ့် မပြင်ချင်တော့ဘူး
ဖြည့်ဘတ်လိုက်ကြပါ
ထပ်စဉ်းစားမိတာတခု
ပြင်ရေးလိုက်ရင်တောင် အခုလောက်စာတွေ ရိုက်နေရမှာ မဟုတ်ဘူးလေနော်
အော် လူ့စိတ်ဆိုတာကလဲ ခက်သားလား
ပြင်လိုက်တာထက်
အများကြီး ထပ်ရေးပြီး မပြင်ချင်တဲ့အကြောင်း ကိုပဲ
ပိုပြောချင်မိတာ
ပိုပြောချင်နေမိတာ
ပိုပြောချင်နေတာ