ငါတကောကော

ငါတကောကော

ငါ့ အစွမ်းအစ
ငါ့ပညာ
ငါ့ဥစ္စာ
ငါ့အလှ
ငါ့ဓန
ငါ့ဂုဏ်
ငါ့မာန
ငါ့ပိုက်ဆံ
ငါ့လင်
ငါ့ကုတင်
ငါ့တင်
ငါ့ရင်
ငါ့ပစ္စည်း
ငါ့ရုပ်
ငါ့အထုပ်
ငါ့အတ္တ

(နောက်တိုး)

ငါ့ဘလောခ်
ငါ့စာဖတ်သူ
ငါ့တူမ
ငါ့တူမ ရည်းစာ (မောင်) ဟိဟိ

ငါဟာ နတ္ထိ ပါတကား

A Chen
3:24 am
24th August 2009
Monday
Home, Bangkok

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၂)

(၂)

အဲ့ဒီနှစ်ရဲ့ နွေရာသီမှာ မေမေနဲ့ ကျမ တို့နှစ်ယောက် ရဲ့စစ်အေးတိုက်ပွဲ တလ နား နီး လာပါပြီ။ ပြောရမယ်ဆိုရင် ဇာတ်လမ်း အစကလည်း အဲ့ဒီ “ကြောင်မွှေးစာအုပ်ဆိုင်” က ငှားလာတဲ့ စာအုပ်တအုပ်ကြောင့်ပါပဲ။ အဲ့ဒီနေ့ညက ကျမ က ကိုယ့်အိပ်ခန်းထဲ မှာသေချင် စရာကောင်းတဲ့ ကျောင်းပိတ်ရက်အိမ်စာတွေလုပ်နေခဲ့ပါတယ်။ ကျမ က သင်္ချာ မှာ သိပ်ညံ့ တယ်လေ၊ သင်လေချာလေ ဆိုတာ ကျမ မှအစစ်ပါ။ သင်္ချာ စာမေးပွဲရှိတဲ့ရက်တိုင်းဆို ကျောင်းပြေးလိုက်ရရင် သိပ်ကောင်းမှာပဲ လို့ကျမအမြဲတွေးလေ့ရှိတယ်။ ကျမ တကယ်ကို နားမလည်ပါဘူး၊ တကယ်လို့များ လူတယောက်ဟာ သင်္ချာဆရာ၊ဆရာမ သို့မဟုတ် သင်္ချာ ပညာရှင် ဖြစ်ဖို့မရည်ရွယ်ထားဘူးဆိုရင် အပေါင်း အနှုတ် အမြှောက် အစား ကလွဲပြီးတော့ အဲ့လောက်များများ သိတတ်လေ့လာနေစရာလိုလို့လား။
ဥပမာ ဒီမေးခွန်း တပုဒ်ကိုပဲကြည့်လေ…
ဆပ်ကပ်ပြပွဲတခုရဲ့ ပိုင်ရှင်လူငယ်လေးတဦးဟာ ပင်လယ်ဖျံ အကောင် ၆၀ နဲ့ လှေစီးပြီး မြစ်ကိုဖြတ်ကူးဖို့ကြံနေပါသတဲ့။ လှေပိုင်ရှင်ကလဲ အလွန်လှပ ပညာဥာဏ် ကြီးမားတဲ့ မိန်းမလှလေးပါတဲ့။ လှေပိုင်ရှင်မိန်းမလှလေးက ဆပ်ကပ်ပိုင်ရှင် ကိုပြော တယ်…သူမ တောင်းတဲ့ မြစ်ကူးခ က မြစ်ကိုကူးမယ့် ပင်လယ်ဖျံ အကောင် အရည် အတွက်ရဲ့ တဝက် ပါတဲ့။ အဲ့တာဆိုရင် ဆပ်ကပ်ပိုင်ရှင်လေးဟာ ပင်လယ်ဖျံ ဘယ်နှစ် ကောင် ကို လှေနဲ့တင် ခေါ်သင့်ပြီးတော့ ဘယ်နှစ်ကောင် ကို လှေနဲ့ မြစ်ကူးခအတွက် လှေရှင် မိန်းမ လှလေး ကိုပေးခဲ့သင့်ပါသလဲတဲ့။
ကဲ ကျမမပြောလား မရှုပ် ရှုပ်အောင်လုပ်တာ။ တကယ်ပဲပင်လယ်ဖျံ ဆိုရင် ဘာလို့ သူ့တို့ဘာသာ ရေမကူးသွားနိုင်ရမှာလဲ။ ဘာလို့များလှေနဲ့တင်နေရအုံးမှာလဲ။ ပြီးတော့ လှေ ပိုင်ရှင် လှတာမလှတာ ယောက်ျားဖြစ်တာ မိန်းမ ဖြစ်တာ ကကော ဘာများဆိုင်လို့လဲ?
အဲ့လိုအချိန်မှာပဲ အစက ဟိုဘက်အခန်းမှာ စာဖတ်နေတဲ့မေမေက စာအုပ်တအုပ်ကိုင်ပြီး ကျမအခန်းကိုရောက်လာတယ်။ တံခါး ကိုမှီရပ်ပြီးတော့ မျက်လုံး တွေ စိုစိုရွှဲလို့
“ဂျင်းနီ…ဒီဝတ္ထုရဲ့ ဇာတ်သိမ်း က အရမ်းသနားဖို့ကောင်းတာပဲ သိလား? မင်းသမီး က သွေးကင်ဆာနဲ့တဲ့ သေတော့မယ်။ အချိန်မှာမှ မင်းသားက တိုက်တိုက်ဆိုင်ဆိုင် ထူးဆန်း တဲ့အတိတ်မေ့ရောဂါတမျိုးရတယ်တဲ့။ အဲ့ဒီရောဂါမျိုးက တနေ့ပြီး တနေ့ တဖြည်းဖြည်းချင်း မေ့မေ့ သွားတာတဲ့ မင်းသမီး သေတဲ့အချိန်မှာ မင်းသားက မင်းသမီး ကို ဘယ်သူမှန်း တောင်မသိတော့ဘူးတဲ့……………….” လို့ပြောလာပါတယ်။
“ကျမကတော့ သနားစရာကောင်းတယ် လို့မထင်ပါဘူး။ သိပ်ကို “ငတုံးဆန်တာ”ပဲ” လို့ကျမ က သူမ စကားကိုဖြတ်ချလိုက်ပါတယ်။
သူမ တချက်တိတ်သွားပါတယ်။ ကျမ က ခေါင်းငုံ့ပြီးတော့ ခုန က ပင်လယ်ဖျံ ဘယ်နှစ်ကောင် ကိုလှေနဲ့တင်ခေါ်သွားပြီး ဘယ်နှစ်ကောင်ချန်ထားခဲ့ရ မလဲ လို့တွက် နေ ပါတယ်။ အဲ့တာကြောင့်ကျမ သူမရဲ့ မျက်နှာ ပေါ်မှာ ဖြစ်ပျက်သွားတဲ့ ခံစားချက်တွေ ကို မမြင်လိုက်ပါဘူး။ ရုတ်တရက် သူမ ရဲ့လေသံပြောင်းသွားပြီး အေးစက်စက်နဲ့ …
“နင်က တလျှောက်လုံး “ကျန့်ဟော်” ကိုငါ့ထက်တော်တယ်လို့ အမြဲထင်နေခဲ့တာပဲ”
“ကျန့်ဟော်” ဆိုတာ တရုတ်နန်းတွင်းက ပညာရှိကဝိကြီးမဟုတ်ပါဘူး။ ကျမဖေဖေ ရဲ့နာမည်ပါ။ ဖေဖေ့ နာမည်အရင်းက “ကျန့်ကြွိဟော်” ပါ။ သူ့သူငယ်ချင်းတွေအကုန်လုံးက ကျန့်ဟော်လို့ပဲခေါ်ကြတယ်။ မေမေ စိတ်ဆိုးတဲ့အခါတိုင်း ဖေဖေ့ ကို မိသားစု နာမည် ပါ တတ်ပြီး ခေါ်တတ်လေ့ရှိပါတယ်။ သူမ တို့ ကွာရှင်းပြတ်စဲ ပြီးတဲ့နောက်မှာ တောင် ဒီ အကျင့် က မပြောင်းလဲခဲ့ပါဘူး။
“ ငါက ငါ့ထက်ပိုတော်တဲ့ တတ်တဲ့ ယောက်ျား ကိုယူမှ ဖြစ်မှာပေါ့” သူမက ပြောပါတယ်။
ကျမ ခုနင်က ပြောတဲ့ “ငတုံးဆန်လိုက်တာ” ဆိုတာ သူမ ကိုဆိုလိုတာ မဟုတ်ဘဲ အဲ့ဒီ ဝတ္ထု စာအုပ်ရဲ့ဇာတ်သိမ်း ကိုသာဆိုလိုတာ ဖြစ်ကြောင်း ရှင်းပြဖို့ ကျမတော်တော် စိတ်ကုန်သွားပါတယ်။ ပြီးတော့ ဟိုသောက်သုံးမကျတဲ့ ဖျံမြစ်ကူးတဲ့ ပုစ္ဆာ ကိုရောပေါ့။ ဒါပေမယ့် တကယ်က “ငတုံးဆန်တယ်” ဆိုတဲ့ စကား က မေမေ့ အရှိုက် ကိုထိသွားတာပါ။ ဖေဖေ့ ရဲ့ မေမေ့ နောက်မှထားတဲ့ ရည်းစားက အမှန်တော့ ဖေဖေ့ ရဲ့ ငယ်ချစ်ဟောင်းပါ။ သူတို့ နှစ်ယောက် ကွဲသွားကြတုံးက သူမ က နိုင်ငံရပ်ခြားမှာ ပညာသင်သွားဖို့ အတွက် ဖေဖေ့ ကို ထားခဲ့ တာလေ။ ဖေဖေမင်္ဂလာဆောင်ပြီး နောက်ပိုင်း မှာမှ သူမက နိုင်ငံခြား ကနေ ပြန် လာတာ။ ဒီ ငယ်ချစ်ဦး နှစ်ယောက်ဟာ ဒီလိုနဲ့ နှစ်တွေ အများကြီးခွဲခွာနေခဲ့ရ ပြီး အခုမှ ပြန်တွေ့ကြတာပါ။ ပြန်တွေ့တာနဲ့ တပြိုင်နက် ငယ်ငယ် က ချစ်ခဲ့တာတွေ ဟာ ကောက်ရိုး မီး လို ဟုန်းကနဲ ပြန်တောက်လောင်လာတော့တာပေါ့။ အဲ့ဒီ မိန်းမ က လှပ ထက်မြက် ပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ပညာတတ်မိန်းမလေ။ ကျမ မေမေက အဲ့အချက် ကိုအရမ်း စိတ် နာပါတယ်။ ဘာလို့လဲဆိုတော့ မေမေ က အလယ် တန်းလောက်ပဲ အောင်ခဲ့တဲ့ ကျောင်းသူ တယောက်ပဲ ဖြစ်ခဲ့တာလေ။
“နင့်ကို နင်ပြန်ကြည့်စမ်း” မေမေ က ကျမ ကိုလက်ညှိုးထိုးပြီးတော့ လေသံ ကလဲ ခပ်ချဉ်ချဉ်လေသံ နဲ့ မေးပြောပြောပါတယ်။
“ဘယ်အချိန်တုံးကများ နင့်ခေါင်း ကိုနင် ဒီလိုပုံစံ ဖြစ်အောင်လုပ်ထည့်လိုက်တာလဲ?”
တကယ်က ကျမအဲ့ဒီ ခေါင်းပုံစံ ဖြစ်နေတာ ရက်တော်တော်ကြာပါပြီ။ သူမ က သာအရင်က ဘာမှမပြောခဲ့တာ။ အဲ့ဒီအချိန်က ကျမ တို့ လူငယ်တွေကြားမှာ အဆိုတော် ရီလု က အရမ်းလန်းပါတယ်။ ကျမကလဲ ရီလုကို ရေလည်ခိုက်တယ်လေ။ ရီလု က သီချင်းဆိုကောင်းရုံတင်မဟုတ်ဘူး ဖက်ရှင်မှာလဲ အရမ်း ခေတ်ဆန်ပါတယ်။ ဝတ်တာ စားတာ ပုံစံအရမ်းကျပါတယ်။ Taste ရှိတယ်လေ။ အဲ့တလောတုံးကလဲ ရီလုက သူ့ တခေါင်းလုံးမှာ ရှိတဲ့ဆံပင် တိုစိစိတွေ ကိုအကုန်ကောက်ကွေးပစ်ပြီးတော့ အမဲရောင် တွေဆိုးပစ်ပါတယ်။ ဆံပင် တပင်စီဟာ ကောက်ကောက်ကွေးကွေးနဲ့ ငှက်သိုက်က အမွှေး လေးတွေကျနေတာပဲ။ ပြီးတော့ တမင်ကို မွဲချောက်ချောက် နဲ့ ဂျစ်ကန်ကန် ပုံစံ လုပ်ထား တာ။ ရေရေလည်လည် လန်းတယ်လေ။ ကျမလဲ ဆံပင်ညှပ်ဆိုင်အမြန်ပြေးပြီးတော့ အဲ့လိုဆံပင် ပုံလိုချင်တယ်ပြောညှပ်တာပေါ့။ (နန်းညီ အတိုင်းပဲ) ဒါပေမယ့် ကျမ က ရီလု ရဲ့ ဂျာနယ်ပေါ်က ပုံကို ကျမ ကိုညှပ်ပေးတဲ့ ဆံပင် ညှပ်ဆရာ ကိုယူသွားပြီး မပြမိဘူးလေ။
အဲ့လိုလုပ်ရင်ဂွမ်းမှာပေါ့။ ကျမ က တတ်နိုင်သလောက်တော့ အဲ့လိုပုံလိုချင်တာ ကို သူမြင် အောင်ကြိုးစားပြောပြပါတယ်။ ရလဒ်ကတော့ ကျမ ပြောတာကပဲ မရှင်းလို့လား၊ ဒါမှ မဟုတ် သူ့ ရဲ့နားလည်နိုင်စွမ်းရည် ကပဲနိမ့်လို့လား ကျမ ရဲ့ “ရီလုကေ” က ဂေါ်ဖီထုပ် ခြောက်ကို ပုံပြီးတော့ ခေါင်းမှာ တင်ထားသလိုဖြစ်နေခဲ့ပါတယ်။
“နင့်ကြည့်ရတာ ဖုန်းကြားကျန်နီး ပုံပေါက်နေပြီ” မေမေက ပြောရင်းနဲ့ လေသံကပိုပို အချဉ်ပေါက်လာပါတယ်။ ကျမ မေမေက အဲ့လိုပါပဲ ရန်ဖြစ်ရင် ဘယ်တော့မှာ အားကစား သမား စိတ်ဓါတ် (sport men spirit) မရှိပါဘူး။ ကျမတို့ တကယ်က ဟိုစာအုပ်ကြောင့် စတဲ့ ရန်ပွဲ ပါ။ နောက်ဆုံးတော့ သူမဟာအမြဲပဲ မဆိုင်ရာလေပင့်တတ်ပါတယ်။
“မေမေ မှ ဖုန်းကြားကျန်နီး ကိုမမြင်ဘူးဘဲနဲ့”
“အေး…နင်မရှည်နဲ့ ငါသူ့ ကိုတွေ့ရင်မေးလိုက်မယ်”
“သူ့ ဆံပင် က အဲ့လောက်မရှည်ပါဘူး”
“နင်ကျောင်းစာ ကိုပဲ ကောင်းကောင်းအာရုံစိုက်သင့်တယ် ဘာလို့များ “ဖုန်းကြားခေါင်း” ပြေးညှပ်ရတာလဲ?”
“ကျမ ခုန က စာလုပ်နေတာ မေမေပဲ လာနှောင့်ယှက်တာ”
“ဟင် လက်သည်းတွေလဲ ဆိုးလို့ပါလား” သူမ က ကျမ ကိုဝေ့ဝိုက်ကြည့်ပြီးတော့ နဲနဲ မှကြည့်လို့ မရတဲ့ပုံစံနဲ့ပြောပါတယ်။
ပြောရမယ် ဆိုရင် အဲ့ဒီ လက်သည်းဆိုးတဲ့ကိစ္စ ကလဲ ရီလု ကြောင့်စီးမျောလာရတဲ့ ဖက်ရှင် ရေစီးကြောင်းအသစ်ပါပဲ။ သူက လက်သည်း ကိုတိုတိုလေးတွေညှပ်ပြီးတော့ လက်သည်းတိုင်း ကိုစိတ်ကူးပေါက်ရာ အရောင်လေးတွေ တို့ထားတတ်ပါတယ်။ ရုတ်တ ရက် ကြည့် လိုက်ရင် ဆိုးထားတဲ့ လက်သည်းတွေ ပျက်နေတဲ့ပုံစံလေးလေ။ အရမ်း မိုက် ပါတယ်။
ကျမ လက်သည်းတွေ ကိုအနည်းငယ် ကိုက်လိုက်ပြီးတော့ လေသံပျော့ပျော့နဲ့ …
“ဒီဟာ က ကျမ ကျောင်းစာ ကိုမှမထိခိုက်တာပဲ”
သင်္ချာ ကလွဲပြီးတော့ ကျမ ရဲ့ ကျောင်းသင်ခန်းစာဟာ အခြေအနေတော်တော်ကောင်း တဲ့ အထဲမှာ ပါပါတယ်။ ဒီကျောင်းစာ ကိစ္စ နဲ့ပတ်သက်လို့ကတော့ မေမေ ကျမ ကိုအပြစ် မရှာ နိုင်ပါဘူး။
သူမ ကြည့်ရတာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပုံရပါတယ်။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ ပဲ သူမအခန်းကိုပြန်သွားပါတယ်။ နောက်တနေ့လဲ ကျရော သူမ က ကျမ ကို ကိုယ်ပျောက်လူသား အဖြစ်သတ်မှတ်လိုက်ပုံရပါတယ်။ အဲ့တာ အပြင် စာရွက်တွေနဲ့ စပြီး စကားပြောတော့တာပါပဲ။ အဲ့တာ သူမ က ကျမ ကို “ငတုံးဆန်လိုက်တာ” ဆိုတဲ့စကား အတွက် လက်စားချေနေတာပါ။
မေမေနဲ့ ကျမ စာရွက်အတိုလေးတွေနဲ့ စကားပြောနေကြရုံနဲ့လဲ တူတူ တအိမ် တည်း အသက် ရှင်လို့ ရ နေတာပါပဲ။ အဆင်ပြေနေပါတယ်။ တကယ်ဆို ကျမတို့ တယောက်နဲ့ တယောက် စကားတောင် ပြောဖို့လိုမယ် မထင်ပါဘူး။ တခါတခါ တော့ လဲ နည်းနည်း ပျင်းတာ၊ အထီးကျန်ဆန်တာဘာညာ တော့ရှိမှာပေါ့။ အဲ့တာ ကလွဲရင် ကျမ က စာရွက်တွေနဲ့ စကားပြောရတာ ကိုပိုကြိုက်ပါတယ်။ အနည်းဆုံးတော့ သူမ စာရွက်တွေကို သုံးပြီး ပြောရုံနဲ့ ကျမ ကိုရန်မလုပ်နိုင်ဘူးလေ။
စာရွက်တွေနဲ့ စကားပြောပြီးနေ့ရက်တွေ ကိုကျော်ဖြတ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် တချို့ လျှို့ဝှက်ရမယ့် ကိစ္စ တွေ ကိုယ်ရေးကိုယ်တာ ဆန်လွန်းတဲ့ ကိစ္စ တွေ ကျတော့ ကျမ က စာရွက်နဲ့ မပြောချင်ဘူုးလေ။ ဥပမာ “ကျမ ရဲ့ ဘရာစီရာ ကြယ်သီး ပြုတ် သွားလို့ အသစ်ဝယ်ပေးပါအုံး” ဆိုတဲ့ စာရွက်ငယ်မျိုးက အရမ်း ကိုယ်ရေးကိုယ်တာ
ဆန်သွားပြီလေ။ နည်းနည်းတောင်းပန်တဲ့ပုံစံပေါက်ပြီး စစ်ကျေအေးတဲ့လေသံ ပါနေတယ်။
ကျမဘယ်တော့မှ အဲ့လိုမျိုး မရေးဘူး။ ကျမရဲ့ ဘရာတွေ ကိုအမြဲ မေမေပဲ ဝယ်ပေးနေကြ။
အဲ့လိုနဲ့ မေမေ့ ကိုခေါင်းငုံ့ အရှူံးမပေးချင်တဲ့ အတွက် အဲ့ဒီရက်ပိုင်းက ကျမ သေသေချာချာ မခြောက်တဲ့ ဘရာ နဲ့ ပဲကျောင်းတက်နေရတယ်။ တနေ့လုံး လိုလိုရင်သားတွေ က ယားနေ သလိုလိုခံစားရတယ်လေ။ ဒီလိုပစ္စည်းမျိုးဆိုတာ ကလဲ သူများဆီက ငှားဝတ်လို့ရတာ မျိုး မဟုတ် ဆိုတော့။
ဒီလိုနဲ့တမနက်မှာတော့။ အဲ့ဒီနေ့က မေမေ အလုပ်မဆင်းဘဲ အိမ်မှာ နားရတဲ့နေ့ပေါ့။ ကျမ ရေချိုးခန်း ထဲမှာ သွားတိုက်နေတုံး မေမေက ရေချိုးခန်းတံခါးရှေ့မှာ ပေါ်လာပြီး သူမ ခါး ကို လှည့်ကာ လှည့်ကာ နဲ့ တချက် နှစ်ချက်လောက် ချိုးလိုက်ပြီးတော့ မှ ဘာမှမဖြစ်ခဲ့ သလို ပုံစံမျိုးနဲ့…
“မနက်စာ အပြင်မှာ သွားစာကြစို့” လို့ပြောလာပါတယ်။
လက်စသတ်တော့ သူမက လောလောလတ်လတ်လေးကမှ စားသောက်ဆိုင် အသစ် တခုရဲ့ ဒစ်စကောင့် ကဒ်လျှောက်လာတာကိုး။ ပရိုမိုးရှင်းကာလအနေနဲ့ လူနှစ်ယောက် သွားစားရင် တယောက်စာပဲ ပေးရတယ်လေ။ တကယ်လို့သာ ကျမ ကိုခေါ်မသွားရင် အလကား သက်သက် တယောက်စာ နစ်နာနေမှာပေါ့။
ကျမ တို့ အကြားက စစ်အေးတိုက်ပွဲ က အဲ့နေ့ က ဘူးဖေး စားရင်းနဲ့ နိတ္ထိတံ သွားပါတယ်။
သူမ က ကျမ ကို ခုမှ ဖွင့်ချလိုက်တဲ့ ရေဘုံဘိုင်ခေါင်းတခု လိုပဲ စကားတွေ အဆက်မပြတ် အမျှင်မပြတ် တောက်လျှောက်ပြောပါတော့တယ်။ အဲ့ဒီ အခိုက်အတန့်လေးမှာ ပဲ ကျမ အရင် စာရွက်တွေနဲ့ ဆက်သွယ်ခဲ့ကြတဲ့နေ့တွေ ကိုဘယ်လိုလွမ်းမှန်းမသိ လွမ်းလာ ပါ တော့တယ်။
“ကျမ ဘရာဝယ်ဖို့လိုပြီ” လို့ ကျမ ကပြောလိုက်ပါတယ်။
“စားပြီးရင် တူတူသွားဝယ်မယ်လေ” လို့ မေမေက ဝမ်းသာအားရပြောပါတယ်။ ပြီးမှဖရဲသီး ဖျော်ရည် ကိုပိုက်နဲ့တချက်စုပ်လိုက်ပြီးတော့
“၃၂ အေ မှလား?” လို့ ကျမ ကို ရယ် ဟဟနဲ့ မေးပြောပြောပါတယ်။
“ဘယ်မှာ အဲ့လောက်သေးလို့လဲ” လို့ ကျမ က ပြန်ချေပပါတယ်။
မေမေ က ဟက်ဟက် ပက်ပက် ရယ်ပြီးတော့ ကျမ ခေါင်း ကို ငှဲ့ကြည့်ရင်း
“ဒါ “ရီလုကေ” မှလား? ငါလဲ ဒီပုံစံ သွားညှပ်ချင်တယ်” လို့ပြောလာပါတယ်။
ကျမ ခေါင်း ကိုတအား ရမ်းခါ လိုက်မိတယ်။ ကျမ မေမေနဲ့ ညီအမ လိုလို ဘာလိုလို ဆံပင်ကအစ ပုံစံတွေ မတူနေချင်ပါဘူး။ သူများတွေ နဲ့တူရတာ ကျမ မကြိုက်ဘူး။

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁)

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ်

(ဝမ်းမနည်းပါနဲ့လေ….ငါအသက်ရှင်ခဲ့ဖူးတယ်၊ နင့်အတွက် ငါမျက်ရည်ကျခဲ့ဖူးတယ်

နင့်ကိုငါ ချစ်ခဲ့ဖူးတယ်၊ ဘောက်ဖတ်ကလေး လိပ်ပြာဖြစ်သွားသလို ပါပဲလေ…………..

နင့်ရဲ့အချစ်က ငါ့ကိုလူ့လောကထဲမှာ တောင်ပံဖြန့်…..က…လှ………စေခဲ့ဖူးတယ်)



အခန်း (က)
ဝက်ဝံ နှင့်ဆုံတွေ့ခြင်း

(၁)

၁၆ နှစ်ရဲ့ နွေရာသီ ၊ ကျမ စာရွက်ငယ်ပိစိလေးကိုလှန်ပြီးတော့ စာရေးနေတယ်၊ မေမေနဲ့ ကျမ စာရွက်တွေနဲ့ စကားပြောတာ တလ တောင် ပြည့်တော့မယ်။ သူမ အလုပ် မသွားခင် က “ဒီနေ့ ထမင်းပြန်မစားဘူး ကိုယ့်ဘာသာ အပြင်မှာ စားနှင့်” ဆိုတဲ့စာကြောင်း နှင့်အတူ ထမင်းစားဖို့ ပိုက်ဆံ ကို စားပွဲပေါ်မှာကျမ အတွက် ထားခဲ့ပေးတယ်။ ကျမ ကလဲ ညက အိပ်ရာမဝင် ခင်က “မနက်ဖြန် စာမေးပွဲအတွက်စာအုပ်ဝယ်စရာရှိတယ် ပိုက်ဆံပေး ခဲ့ပါ” ဆိုတဲ့စာလေးထားထားပေးတယ်လေ။ ကျမတို့ အဲ့လိုပဲ အရင်တုံးကလဲ ခဏခဏ စိတ်ကောက် လေ့ရှိကြပါတယ်။ တယောက်နဲ့တယောက် စကားလုံးဝမပြောကြဘူး စာတို ပေစ လေး တွေနဲ့ပဲ ဆက်ဆံမှုလုပ်တယ်။ ဒီလို စိတ်ကောက်ပွဲလေးတွေ မကြာခဏ ကြုံဖူး ခဲ့ကြတယ်။ ကျမ မှတ်မိသလောက်ကတော့ ဘယ်တုံးကမှ တပတ်ထက်မပိုခဲ့ကြဘူး။

၁၉ နှစ်ထဲနဲ့ကျမ ကိုမွေးခဲ့တဲ့ မေမေဟာ အလှပြင်ပစ္စည်းအရောင်းဆိုင်တခုရဲ့ မန်နေဂျာပါ။ မေမေ့ရုပ်ရည်က အလှကြီးဆိုတဲ့အထဲမှာ မပါပါဘူး၊ ဒါပေမယ့် သေသေ ချာချာပြင်လိုက်ရင် ချက်ချင်းကြီးကို တောက်ပပြီး အလှတက်လာတတ်ပါတယ်။ သူမ မှာ တလက်လက် တောက်ပနေတဲ့ မျက်ဝန်း နက်နက်ကလေးတွေနဲ့ ပုခုံးကျော်ကျော် ဖြောင့်စင်းနေတဲ့ ဆံနွယ် အိအိလေးတွေရှိပါတယ်။ အသားအရေ က ဖွေးဖွေးကြီး ဖြူ မနေပေမယ့် ဝင်းဝင်း လေးနဲ့ လှပါတယ်။ ကြည့်လိုက်ရင် တကယ့်ရှိရင်းစွဲအသက်ထက် တော်တော်လေး ငယ် တယ်ထင်ရပါတယ်။ မေမေက လူကောင်သေးသေးလေးပါ ဒါပေမယ့် ကိုယ်ခန္ဓာ မှာ ဆိုလဲ အသားရှိရမယ့်နေရာမှန်သမျှတော့ ပြည့်ပြည့်တင်းတင်း ရှိလှပြန်ပါတယ်။ သူမက ကျမ ကိုအမြဲနောက်ပြောင်တဲ့သဘောနဲ့ “ဒီနေရာ မှာတော့ မင်းအမေ့ရဲ့ အမွေ မရလိုက်ဘူး” လို့ စလေ့ရှိပါတယ်။
မေမေ့ ဆိုင် က ဖောက်သည်တွေမှန်သမျှ မေမေ့ ရဲ့ ကိုယ်လုံးအလှကိုအားကျ ကြပါတယ်၊ ပြီးတော့ မေမေ ကောင်းတယ် ပြောတဲ့ ရင်သားအလှ အပ ဆိုင်ရာ ပစ္စည်း မှန်သမျှအားပေး ဝယ်ယူကြပါတယ်။ မေမေကိုယ်တိုင်ကတော့ ဘာတခုမှမသုံးပါဘူး။ သူမ အလုပ်က ဆင်း ပြီး အိမ်ပြန် ရောက်ပြီ ဆိုတာနဲ့ နောက်တယောက်ဖြစ်သွားတော့တာပါပဲ။ အိမ်မှာဆိုရင် မေမေက ဝတ်သွားဝတ်လာလဲ အဲ့ဒီ ညအိပ်ဝတ် အင်္ကျီ သုံး၊ လေး ထည်ပါပဲ။ ရင်ဘတ်ရှေ့ မှာဘယ်တော့မှလျှော်လို့မပြောင်တဲ့ အစားအသောက်စွန်းကွက်တွေနဲ့၊ ခေါင်း မဖီးဘာမဖီး ကလစ်ကြီးကြီး တခုနဲ့ခေါင်းထိပ်က ဆံပင်တွေကိုအကုန်စုပြီး စည်းထား လေ့ ရှိပါတယ်။ မျက်စိထဲ မဝင်အောင်ပါ။
ပြောရမယ်ဆိုရင် အလှပြင်ပစ္စည်း အရောင်းဆိုင်မှာ သာ အလုပ်လုပ်နေတာပါ အလှအပ လဲ နည်းနည်းမှမမက်မောပါဘူး။ စိတ်ပါလက်ပါ ရှိလွန်းလှတဲ့ တခါတလေမှသာ မျက်နှာ လေး ဘာလေး ပေါင်းတင်တတ်ပါတယ်။ တခါတခါများဆိုရင်မျက်နှာတောင်မသစ် တော့ပဲ ကုတင်ပေါ်တက် ပြီး တန်းထိုးအိပ်တတ်ပြန်ပါတယ်။ ဆိုင်မှာ အားတက်သရော အလှကုန် တွေကို ဝင့်ဝင့် စွင့်စွင့် ကလေးရောင်းနေတဲ့ သူမ နဲ့တခြားစီပါပဲ။
အလုပ်ပိတ်ရက် အိမ်မှာများနားရလို့ကတော့ သူမဟာ တကယ့်ကို အပျင်းကြီး လှတဲ့ ကြောင်မကြီး တကောင်လိုပါပဲ။ တနေ့လုံး အိမ်ရှေ့ က အစိမ်းရောင်ဖျော့ဖျော့ ဆိုဖာကြီး ကိုမောင်ပိုင်စီး ထားပြီးတော့ အဲ့ဒီ ဆိုဖာ ကြီးပေါ်မှာ အားယားကြီး မှောက်လိုက် လှန်လိုက် အစား စားလိုက် တီဗီ ကြည့်လိုက် လုပ်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင်လဲ ပါးစပ် ကြီးဟရက် နဲ့ အိပ်ပြီး ပါးစပ်ကတောင် အာပုတ်ရည်တွေကျနေတတ်ပါတယ်။ တကယ်လို့ များ ကံမကောင်းလှစွာနဲ့ ကျမ ကလဲအိမ်မှာရှိတာနဲ့ ကြုံပြီ ဆိုရင်တော့ ဘာပြောကောင်း မလဲ သူမ ဟာ အဲ့ဒီ ဆိုဖာ ကြီးပေါ်ကနေ တုတ်တုတ်မလှုပ် ကျမ ကို ဟိုဟာ လုပ်ပေးအုံး ဒီဟာလုပ်ပေးအုံး နဲ့ တရစပ် ခိုင်းနေတော့တာပါပဲ။
“ဂျင်းနီ မေ ရေခဲမှုန့် စားချင်တယ် ရေခဲသေတ္တာထဲမှာ မေ့ ကိုယူပေး”
“ဂျင်းနီ နည်းနည်းအေးလာသလိုပဲ မေ့ကိုစောင်လေးတထည်လောက်ယူပေး”
“ဂျင်းနီ မေ အခွေကြည့်ချင်တယ် လမ်းထိပ် ဆိုင်မှာ သွားငှားပေးမလား..ဟင်”
“ဂျင်းနီ ဒီရုပ်သံ လိုင်းက ကြည့်မကောင်းဘူး လိုင်းလာပြောင်းပေး..”
“ရီမုဒ် ကွန်ထရိုး ရှိတယ်မှလား…” လို့ ကျမ ပြန်အော်တော့…..
“ဘယ်ထားမိမှန်းမသိတော့ဘူး” လို့ပြန်ပြောလေ့ရှိပါတယ်။
သူမ ဟာ မိခင်ကောင်းကောင်း မလုပ်တတ်သေးပါဘူး။ တနင်္ဂနွေ ပတ်ပေါင်း တော်တော် များများ ကြာမှတခါ ဆိုသလို အင်မတန် အစားရခက်တဲ့ ဟင်းမျိုး ကို မီးဖို ချောင်ဝင်ပြီး စိတ်မပါလက်မပါ ချက်ပြုတ်တတ်ပါတယ်။ ကျမ ၃ တန်း တက်တဲ့ နှစ်က ဆိုရင် အတန်း ထဲမှာ ရှိတဲ့ ကျောင်းသားတော်တော်များများ က အိမ်ကနေ ထမင်းဗူး ယူ လေ့ရှိပါတယ်။ အဲ့နှစ်က သူမ ဖေဖေ နဲ့ကွာရှင်းပြီးကာစပေါ့………. တယောက်တည်း ကျမလက်ကိုတွဲလို့။ ကျမ စိတ်အားငယ်မှာစိုးလို့ နေ့တိုင်း စားသောက်ဆိုင် ကိုသွားပြီး ဆိုင်ကအသင့်ချက် ပြုတ် ပြီးသားမွှေးကြိုင်နေတဲ့ ဟင်းတွေဝယ် ပြီးတော့ ထမင်းဗူး တခုထဲ ပြောင်းပြီး ထည့်ပေး တတ် ပါတယ်။ အဲ့လိုနဲ့ နေ့လည်ထမင်းစားဆင်းချိန်ရောက်ရင် ကျမ ရဲ့ ထမင်းဗူးက အတန်းထဲမှာ အမွှေးကြိုင်ဆုံးနဲ့ စားချင်စရာအကောင်း ဆုံးဖြစ်နေ တတ် ပါတယ်၊ သူတို့အမေချက်တာတွေပဲ အမြဲစားနေရလို့ငြီးငွေ့နေတဲ့ အတန်းဖော်တွေဆိုရင် အမြဲဘဲ ကျမရဲ့ ထမင်းဗူး ကိုကြည့်ပြီး သွားရည်ကျကြပါတယ်။ ကျမကလဲ အားရဝမ်းသာပဲ သူတို့နဲ့လဲစားလေ့ရှိပါတယ်။ အဲ့လိုနဲ့ ကျမလဲနေ့တိုင်း အိမ်ထမင်း အိမ်ဟင်းစားရတာပေါ့။
မေမေနဲ့ကျမ တခါတလေ ကျမတို့ အိမ်ဝန်းနားကရှန်ဟိုင်းစားသောက်ဆိုင်လေးမှာ သွားစားလေ့ရှိကြပါတယ်။ ဆိုင်ရှင် က လင်မယားစုံတွဲတတွဲပါ။ ဆိုင်ပေါက်ဝ က သံပြား ပေါ်မှာ ကြွတ်ကြွတ်ကလေးကြော်ထားတဲ့ ဖက်ထုပ်ပုံရှိပါတယ်။ မေမေ က ဆိုင်ရှင်မိန်းမကို သူတို့ဆိုင်က လက်ဆောင်ပေးတဲ့ အလှပြင်ပစ္စည်းတွေ လက်ဆောင်ပေးလေ့ရှိပါတယ်။ အဲ့တာကြောင့် ဆိုင်ရှင် အန်တီ က ကျမတို့အပေါ်မှာ အရမ်းကောင်းပါတယ်။ ဟင်း ထူးထူး ဆန်းဆန်းလေးတွေလဲချက်ကျွေးလေ့ရှိပါတယ်။ တကယ်လို့ ရှန်ဟိုင်းအစားအစာတွေ ကို စားရတာ အီလာပြီဆိုရင် အဲ့ဒီ အနီးနားဝန်းကျင်မှာ ဆိုင်လေးတွေ ရှိပါသေးတယ်။ တဆိုင်က အိမ်တိုင်ရာရောက်လိုက်ပို့ပေးတဲ့ ဟမ်ဘာဂါနဲ့ ပေါင်မုန့်ဆိုင်ကလေးပါ၊ အမြဲမွှေးပျံနေတဲ့ ပေါင်မုန့် ဖုတ်တဲ့အနံ့တွေ ပတ်ဝန်းကျင် မှာ သင်းနေတတ်ပါတယ်။
ကျမတို့နေတာ တိုက်နှစ်လုံးတွဲနေတဲ့ အခန်းမှာပါ။ အဲ့ဒီအခန်းက မေမေ ဖေဖေနဲ့ ကွာရှင်းတုံးက ရလိုက်တဲ့ ပိုင်ဆိုင်မှုဆိုပါတော့။ ဒီ ပန်းနုရောင် သုတ်ထားတဲ့ တိုက်နှစ်လုံး တွဲက စုစုပေါင်း ၅လွှာရှိပါတယ်။ တံခါးဝမှာ ဝရံတာလေးတွေတွဲရက်နဲ့ပါ။ ကျမတို့ က တတိယအလွှာ မှာနေပါတယ်။ ကျမ မွေးကတည်းက ဒီမှာနေလာခဲ့ကြတာပါ။ အိမ်ရှေ့ ဟိုဘက် လမ်းပေါ်မှာ ရှိတဲ့ ဗာဒံ ပင်က အရင်တုံးက တထပ်စာအမြင့်ပဲရှိပါတယ်။ ခုတော့ ကျမတို့နေတဲ့ တတိယအလွှာနဲ့ အမြင့်ညီနေပါပြီ။ ဗာဒံသီးတွေ အများကြီး သီးလို့။
ကျမတို့ အိမ်ဝန်းနားမှာ ပန်းခြံလေးတခုရှိပါသေးတယ်။ ပန်းတွေအများကြီး စိုက် ထားတယ်။ ပန်းခြံထဲမှာတော့ ကျောက်တုံးကြီးတွေနဲ့ ကာထားတဲ့ အမိုးအကာနဲ့ ရေကန် ငယ်လေးရယ် အစိမ်းရောင်သုတ်ထားတဲ့ စီးလျှော်တွေနဲ့ ဒန်းတွေရှိပါတယ်။ ကျမ ငယ်ငယ်တုံးက ဒန်းပေါ်ကနေ မကြာခဏ လိမ့်ကျဘူးပါတယ်။ ပြေးခုန်ပစ် အားကစား သမား တယောက် က ၃၆၀ံရှိတဲ့ ဂျွမ်း ထိုးလိုက်သလိုမျိုးပဲလေ။ ပါးစပ်နဲ့အပြည့် သဲတွေလဲ စားလို့၊ မေမေ ဆိုတာ လန့်သွားလိုက်တာ အသက်ပါ ပါသွားမတတ်ပဲ။ အဲ့အချိန်တုံးက မေမေ က ပန်းခြံလေးနား ရှေ့တလမ်းကျော်က စာအုပ်ဆိုင်လေးမှာ ဝတ္ထုတအုပ်ငှားပြီး၊ ပန်းခြံထဲ က ခုံတန်းရှည်ပေါ်မှာ မှီပြီး စာဖတ်လေ့ရှိပါတယ်။ ကျမ ကိုတခြားကလေးတွေနဲ့ ဆော့ချင်သလောက်ဆော့လို့ရအောင်ပေါ့။ သူမ က အချစ်ဝတ္ထု သရဲလေ။ အဲ့လိုတောင်စဉ် ရေမရရေးထားတဲ့ အချစ်ဝတ္ထုတွေ ဖတ်လေ့ရှိတယ်။ အသက်သာ ၃၀ ပြည့်သွားရော သူမ ရဲ့ အကြိုက်ကတော့ ရင့်ကျက်မလာခဲ့ပါဘူး။
အဲ့ဒီ စာအုပ်အငှား ဆိုင်ကလေးက “လက်အိတ် မမ” ဖွင့်ထားတာပါ။ လက်အိတ် မမရဲ့ လက်အိတ်က လက်ပေါ်မှာ စွတ်ထားတာ မဟုတ်ဘူးလေ၊ သူမ ကိုကြည့်လိုက်ရင် အသက်ကတော့ မေမေ့ထက်နည်းနည်း ပိုကြီးမယ် ၊ အသက်နဲ့ မလိုက်တဲ့ ပုခုံးမထောက် တထောက် ဆံပင်တိုကောက်ကောက်လေးနဲ့ အင်္ကျီ ဆိုအမြဲ အမဲရောင်ပဲ ဝတ်လေ့ရှိတယ်။ ဆောင်းရာသီရောက်ရင် သူမက လက်အိတ်တစုံ ကိုခေါင်းမှာ ပတ်ပြီး ခေါင်းဆောင်း အဖြစ် ဆောင်းထားလေ့ရှိတယ်။ သူမ မှာလက်အိတ်တွေက အရောင်စုံကိုရှိတာ…အနီ၊ အစိမ်း၊ ခရမ်း၊ ပျော့ပျော့ပြောင်းပြောင်းလေးခေါင်းပေါ်မှာ ပတ်လို့…။
“လက်အိတ်မမ” က များသောအားဖြင့် စကားများများ ပြောလေ့မရှိပါဘူး။ ပိုက်ဆံ သိမ်းတဲ့စားပွဲမှာ စာထိုင်ဖတ်ရင်ဖတ်၊ မဟုတ်ရင်လဲ အဲ့ဒီစားပွဲနောက်က အခန်းငယ်လေး ထဲမှာ ပုန်းပြီး ဘာတွေလုပ်လို့လုပ်နေမှန်းမသိ ရှုပ်နေတတ်ပါတယ်။ သူမ ဆိုင်က ဘယ်တော့မှပိတ်ရက်မရှိပါဘူး၊ စာအုပ်အမျိုးအစားကလဲတော်တော်စုံတယ်။ စာအုပ် အသစ်တွေလဲထွက်တိုင်းရှိတယ်။ ကျမကတော့ အဲ့ဒီမှာ သွားသွားပြီးကာတွန်းရုပ်ပြ ငှား ဖတ်လေ့ရှိပါတယ်။ ဆိုင်ထဲမှာ အမွှေးရှည်ရှည်နဲ့ စပိန်ကြောင်ဖြူကြီး တကောင် မွေး ထားပါတယ်။ အဲ့ကြောင်ကြီးက အမြဲပဲ စာအုပ်စင်တန်းထဲ မှာဝင်ဝင်ပြီး အိပ်နေ တတ် ပါ တယ်။ ပြီးတော့ စာအုပ်အဖုံးတွေပေါ်မှာလဲ အမြဲလိုလို ချယ်ရီပန်းပွင့်ဖတ်တွေ နဲ့တူတဲ့ သူ့ခြေရာတွေ တင်တင်ထားတတ်ပြန်ပါတယ်။ ပြီးတော့ သူ့ကြည့်ရတာ ဘယ်တော့မှ ကျွတ်လို့ မကုန်မယ့်အမွှေးတွေရှိနေသလိုပါပဲ။ ဆိုင်မှာ ရှိသမျှစာအုပ်တွေပေါ်မှာ ဘယ် တော့ ကြည့်ကြည့် သူ့အမွှေးတွေနဲ့ ကပ်လို့။ မေမေနဲ့ ကျမ နှစ်ယောက်သား တိတ်တိတ် ကလေး အဲ့ဆိုင် ကို “ကြောင်မွှေးစာအုပ်ဆိုင်” လို့နာမည်ပေးထားကြတယ်။ တဆက်တည်း ကြောင်မကြီး ကိုလဲ “မွှေးဖြူမကြီး” လို့ နာမည်မှည့်ခေါ်ထားကြတယ်လေ။

မောင်ပြောတဲ့…

မောင်ပြောတဲ့…

ချစ်သူတွေအတွက်
နားလည်မှုနဲ့ ချစ်ခြင်း
ဘယ်ဒင်း က ပိုအရေးကြီးသလဲ

လူနှစ်ယောက်အတူနေဖို့
ဘာတွေလိုအပ်သလဲ
သံယောဇဉ်နဲ့ ချစ်ခြင်းလား
ခွင့်လွှတ်ခြင်းနဲ့ နားလည်မှုလား
အဲ့ဒါတွေရှိရုံနဲ့
ပြည့်စုံပြီ လို့ဘယ်သူပြောနိုင်လို့လဲ

လူတိုင်းနားမလည်နိုင်တဲ့ အချစ်
ဘယ်သူမှလည်းမကင်းနိုင်ပြန်ဘူး
ပျော်ရွှင်စေတတ်သလို
ဝမ်းနည်းစေတတ်ပြန်တယ်
အကြင်နာတွေနဲ့အတူ
နာကျင်မှုတွေပါ ပေးတတ်ပြန်တယ်

အံ့သြစရာကောင်းတာက
ကြာကြာလည်း
မနာကျည်းစေတတ်ပြန်ဘူး
ဟူး……………………….

မင်းမင်း
(ရေးအချိန်မသိ)

မြစ် နဲ့ စစ်

မြစ် နဲ့ စစ်

ရေပြင်ပေါ်မှာ
လှိုင်းကြက်ခွက်ကလေးတွေ
တဖွေးဖွေး
ညှင်းလေး တဖြူးဖြူးနဲ့
သာယာတဲ့ သဘာဝအလှနဲ့
River Kwai ဆိုတဲ့ မြစ်ကြီးရေ
မင်းအပေါ်မှာ အရိပ်ထိုးနေတဲ့
တံတားကြီးနဲ့ အတူ
စစ်ဆိုတဲ့ အဌိဌာန်ရုံတွေ သာမရှိခဲ့ရင်
မင်း အခုထက် ပိုလှနေမလားပဲနော်
မင်းအပေါ်မှာ အလျားလိုက်
ဖြတ်ဆောက်ထားတဲ့
ရထားလမ်းကြီးရောပေါ့
သူ့ ကိုဆောက်ခဲ့တဲ့
PoW (prisoners of war) လို့ခေါ်တဲ့
စစ်သုံ့ပန်း တွေရဲ့
အသက်သွေးချွေးတွေ သာ
မစွန်းထင်း မပေကျံနေခဲ့ဘူးဆိုရင်
မြစ်နဲ့တံတား ၊လေညှင်းနဲ့ လှိုင်းကြက်ခွက်
ဘယ်လောက်များ ပနံရလိုက်လိမ့်မလဲ
ဒုတိယ ကမ္ဘာစစ်ကြီး ……..
သူ့ ကြောင့်သေခဲ့တဲ့လူတွေ
ဆုံးရှူံးသွားခဲ့တဲ့
အသက်သွေးချွေး စည်းစိမ်ဥစ္စာတွေ
မိဘမဲ့သွားတဲ့ ကလေးတွေ
လင်ယောက်ျားမဲ့ သွားခဲ့ကြတဲ့
မုဆိုးမတွေ
သားမဲ့ သွားတဲ့ မိခင်တွေ
တိုင်းသူပြည်သားမဲ့သွားကြတဲ့ နိုင်ငံတွေ
အနာဂတ်မဲ့ သွားခဲ့ကြတဲ့ ကလေးသူငယ်တွေ
အချိန် အများကြီး ပြန်လည်စတေးရတဲ့
ပြန်လည်တည်ဆောက်မှုတွေ

လူတွေ စစ်ကိုကြောက်ကုန်ကြပြီလား….?
အဲ့လိုထင်လား…?
တခါတခါ
သဘာဝအလှအပတွေ ကို
အကျည်းတန်အောင်လုပ်နေကြတာ
လူဆိုတဲ့
သတ္တဝါတွေပဲ …………

A Chen
6:16 am
16th August 2009
Home
Bangkok
Thailand

mariah

these are the sketches that i have had done when i was young and inspiration are with me
now i am so out of it
and inspiration are all gone………..by time
anyway
just posting as one of my memories………………….

ဒါလေးက ငယ်နုစဉ် က ပိုလုပ်ဖြစ်တဲ့ ၀ါသနာလေးပါ ခုတော့ အချိန်မရတာရယ် စိတ်မပါတာရယ်နဲ့မလုပ်ဖြစ်တာကြာပြီပေါ့ အမှတ်တရအနေနဲ့ တင်ထားတာ မတ်ခ်တွိန်း ပြောသလို ဒီဟာလေးက လူတော်တော်များများမမြင်ဘူးတဲ့ ကိုယ့် “လ” ရဲ့ နောက်တခြမ်းပေါ့

ဒါကိုယ့်အကြိုက်ဆုံး နံပါတ် ၁ အဆိုတော်ပါ
လောလောဆယ်တော့ အရောင်မဲ့ ပဲ တင်ပါမယ်
မိညီ အရောင်ဖြည့်ပေးပြီးရင်တော့ အရောင်နဲ့ ပြန်တယ်ပါမယ်

အချစ်စစ်စစ်များ

အချစ်စစ်စစ်များ

ကိုယ်ဘာလုပ်ရမလဲ….?
အချစ်စစ်စစ်
ဆိုတာတွေ အားလုံးကလဲ
city mart ထဲက
မုန့်ထုတ်တွေလို
expire dates တွေနဲ့လာတာဆိုတော့…..

ခမမ နဲ့ စကားစမြည်မှ

ကျမကိုချစ်သောယောက်ျားတယောက်အကြောင်း

ကျမကိုချစ်သောယောက်ျားတယောက်အကြောင်း

အင်းခေါင်းစဉ်ကိုစတင်လိုက်တာကတော့ ရည်းစားတယောက် အကြောင်း ရေးမလို့ပါ။
ဒါပေမယ့် ရေးမယ်လို့တကယ်တွေးတော့ ထွက်မ လာဘူး။

ဒီလိုလေ အဲ့ဒီ ရည်းစားက တီ့ရဲ့ ဘယ်နှစ်ယောက်မြောက်မှန်းတောင် တီ့ဘာသာ တကယ် မမှတ်မိ တော့ ပါဘူး….ထားပါတော့ တီ့ရဲ့ရည်းစား များစွာ ထဲက ဝမ်းအောဖ့်သည် ပေါ့လေ နော့်။ ကြိုက်လာကြတာတော့ ကြာပါပြီ။ ကြာဆို လေးနှစ်တောင်ရှိပြီပဲ။

အင်းဒီအကြောင်းတွေမပြောခင် တီ့အကြောင်း နည်းနည်း ပြောရ မယ်။ အားလုံးလဲတော်တော်များများ သိပြီး ကြမှာပါ တီက ယောက်ျားတွေကို တစ်ရှုးလောက်သာသဘောထားတဲ့အကြောင်း တစ်ရှုး ဆိုတာ သုံးပြီးရင် လွှင့်ပစ်ရတယ်ဆိုတဲ့အကြောင်းတွေလဲ ဒီ “အမေကြီးက” ဆိုတဲ့ ကဗျာမှာ ရေးခဲ့ဖူးပါတယ်။

တီ့ရဲ့ယောက်ျားတွေနဲ့ ပတ်သက်တဲ့ အမြင်၊ သဘောထား တွေကို အနည်းငယ် လှစ်ဟ ပြတဲ့သဘောပေါ့။
ကိုယ့်ကိုယ်ကို ဖန်မန်နစ်(စ်) လို့ပြောရအောင်ကလဲ နည်းနည်းမှ ဖန်မန်မနစ်ပဲနဲ့ ဖစ်စစ်ကလီး အရရော၊ ဘိုင်အိုလောဂျစ်ကယ်လီးအရရောက ယောက်ျား ရင့်မာကြီး ဖြစ်နေတော့…..။ တီ့မှာ ဘာလို့အဲ့လိုအမြင်တွေ ရှိနေလဲ…? ဆရာမဂျူး စကားငှားပြောရမယ် ဆိုရင် တော့ ဒီလိုအတွေးတွေ တွေးတတ်အောင် တီဘယ်လို စာအုပ်တွေဖတ်ခဲ့လဲပေါ့လေ (အမှန်ကတော့ “သူ့”စာအုပ်တွေဖတ်ခဲ့တာပေါ့နော့ တအုပ်မှမလွတ်ဘူးလေ ခိခိမွှေတာ)။

တီကျင်လည်ကြီးပျင်းရာပတ်ဝန်းကျင်က ယောက်ျားတွေက တယောက်မှ မကောင်းခဲ့ကြဘူးလေ ဦးရီး၊ ဦးလေး၊ ဘကြီး၊ ယောက်ဖ အစ်ကိုဝမ်းကွဲ အက်စက်ထရာ အက်စက်ထရာ စသဖြင့် စသဖြင့် တို့နဲ့ တီ့အဖေ အပါအဝင် ပေါ့။ (ရေးရင်နဲ့တောင် မမပုညီမ ဂျူလီယာလွင်ဦး ရေး တဲ့အဖေ ပိုစ့်ကိုသတိရမိသေးတယ် ကိုကိုကာကာ ကလဲ မိဘမေတ္တာဘွဲ့ ရေးအုံးမှာတဲ့း= (……a BIG sigh huuuuuuuuu……..)

အဲ့လိုမကောင်းတဲ့ယောက်ျားထုကြီးအကြားမှာရှင်သန်ကြီးပြင်းခဲ့ရ ကျမ ဘဝ အဲလေ…. ရေးရင်းနဲ့ မိန်းမသွေး တွေကြွနေပြန်ပြီ…ခိ….. (ဒီနေရာ မှာ တချို့သော အငြင်းသန်တဲ့စာဖတ်သူတွေက စောဒက တက်စရာတခု ရှိ နေပါတယ် တီချမ်းကဝါးလုံးရှည်ရှည်ကြီး သူ့မှာရှိတိုင်း လိုက်ရမ်း နေတယ်၊(တကယ်မရှိပါဘူး ဝါးလုံးရှည်က ကိုကိုကာကာဆီကနေ ခဏ.. ငှားပြီး ရမ်းရတာပါ) ငါးခုံးမတကောင် ကြောင့်တလှေလုံးပုပ် တာပါ၊ ဂျန်နရယ်လိုက်စ် လုပ်လို့မရပါဘူး ဘာညာပေါ့နော်။ ရပါတယ်။

တီကလဲ ကိုယ်ပိုင်စစ်စစ်၊ တီ့အတွေ့ အကြုံအရရေးရတာပဲလေ တီတွေ့ဘူးတဲ့ ယောက်ျားများ ကိုသာ ဆိုလို ပါတယ် တီမတွေ့ဘူးတဲ့ ကွင်းစ တီမတွေ့ဘူးသေးတဲ့ ကွင်းပိတ် ယောက်ျားများကိုမဆိုလိုပါဘူး။ နောင်တွေ့ ခဲ့ရင်လဲ ရေးပါအုံးမယ်။ သူတို့အကြောင်း၊ တွေ့လဲတွေ့ ချင်ပါသေးတယ် ကောင်းမကောင်း မြည်း ကြည့်ရအောင် ညှင်းညှင်းညှင်း (ဤကားစာရေးသူ၏ စကားချပ်)

ထားပါတော့ ပြောရင်းနဲ့ စကားတွေ က ကားပြီးဘေးရောက်နေပြီ။ ပြောချင်တာ က တီ့ကို ချစ်တဲ့ယောက်ျား တယောက်အကြောင်းပါ။ သူက တီ့ ကိုအရမ်းချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် တီက လာဆိုလာ သွားဆိုသွားပါ၊ တီ့ တခွန်းပါပဲ။ မကောင်းတာက တီပါ။ သူ့အပြင် ရည်းစား တွေထားပါတယ် ချိန်းတွေ့ပါတယ် တခါတလေ (တယောက်ကိုတွဲလျှက်) နှစ်ယောက်လုံး မျက်နှာချင်းဆိုင်ပက်ပင်းကြီးတွေ့ပါတယ်။ အဲ့အခါ ကျရင်လဲ အန်တီချမ်း က ခပ်တည်တည်ပါပဲ အပြစ်ရှိတာ တီမဟုတ်သလိုပေါ့ တီ့ အယူအရလဲ တီက အပြစ်မှမရှိပဲကိုး၊ ခိခိ…

တလောတုံးက ဆိုရင် တီ က ဘယ်လောက်တောင်ဆိုးလဲဆိုရင် တီ့ ရဲ့ “kiss” ဆိုတဲ့ ကဗျာထဲက ကောင်လေးနဲ့ သူ့ရှေ့မှာ တင် “အိပ်” တာပါ။ သူဘယ်လိုခံစားရမလဲ လို့တီ တခါ မှမတွေးခဲ့ဘူးဘူး…………..

အဲ့လိုဆိုးတာပါ ပြီးတော့ တီ အလုပ်များနေရင် မတွေ့ချင်ရင် သူ့ ကိုပစ်ထားလေ့ရှိပါတယ် နောက် တော့ တွဲချင်တဲ့သူတွေနဲ့တွဲနေပါတယ် ပြီးတော့မှ “မောင်….ဘယ်သွားနေ၊ပျောက်နေတာလဲဖုန်းလဲမဆက်ဘူး” ဘာညာနဲ့ ရန်တွေလုပ်ပါတယ်။

တီ သူနဲ့တွဲတာ ၄ နှစ်ထဲမှာပါ ပြောရရင်တီ့ဘဝ မှာတွဲဖူးသမျှတွေထဲမှာ သက်တမ်းအရှည်ဆုံးတွဲတဲ့ ယောက်ျားပဲ ဘာလို့လဲဆိုတော့ တီက ယောက်ျားတယောက်ကို ၃ လ အလွန်ဆုံးပဲတွဲတာကိုး။ သူနဲ့ ဒီလောက်သက်တမ်းရှည်တာကလဲ ပြောမယ်ဆိုရင် သူကောင်းလို့ပါ ကိုယ်ကောင်းလို့ မဟုတ်ပါဘူး။

နောက်တခု က တီက သူ့ ကို သူငယ်ချင်းရဲ့ သူငယ်ချင်းဆီ က “လု”ထားတာပါ ထွန်းအိန္ဒြာဗိုလ် သီချင်းအတိုင်း ဆိုရင်တော့ “စံပယ်” လုပ်ထားတာပေါ့။ တီတို့ကတော့ ပဲခူးဘူတာ လို့ပြောလေ့ရှိတယ်။ နားမလည်ဘူးမှလား? နားမလည်ရင်ရှင်းပြမယ်လေ။ စံပယ်ကတော့ရှင်းပါတယ်နော် သီချင်းလေး ကိုသာ ဆိုကြည့်လိုက်(ဟောဟော… စာကိုဖတ်ရင်းနဲ့ စိတ်ထဲကနေ သီချင်းဆိုကြည့်နေပြီ သိနေတယ်နော် အဟက် ဟက် ဟက်) ပဲခူးဘူတာ ဆိုတာကတော့ ပဲခူးဘူတာမှာ က ဂျိုးကြော် စနှိုက်ကြော်တွေ ရောင်းလေ့ရှိတယ်လေ “သူများဆီက နှိုက်ထားတာပေါ့” အဲ့လိုဆိုလိုတာပါ။

ဒီလိုနဲ့ ချစ်လာကြတာလေးနှစ်…မင်းကိုငါလေမေ့ပစ်ဖို့………………. ကြိုးစားနေတာ ခုထိ……ဖြစ်မလာသေးတာ ငါ့ရဲ့အချစ်… ယို့ ယို့ အင်း စိုင်းစိုင်းသာ တွေ့ရင် ဒီတကြောင်း သီချင်းဖြစ်တယ်။

ခုတော့ တီ က ဘန်ကောက်မှာ အလုပ်လာလုပ်နေတော့ ခဏ အလည်ခေါ်ထားပါတယ် ၂ လလောက်ရှိပါပြီ။ အိတ်စကလုစစ်ဗ်လီး လစ်ဗင်းတူ ဂဲသားပေါ့လေ။ လာနေတာ ၂ လ ရှိပြီ တီ သူ့ ကိုဘယ်မှ မပို့ရသေးပါဘူး။ တီကလဲ ဒီ ၁ လ ၂ လ မှ အရမ်းကိုရှုပ်နေတာပါ။ အဲ့တာလဲ သူက ဘာမှမပြောပါဘူး အေးဆေးပါပဲ။

တနေ့ တနေ့ အိမ်မှာနေတယ် အိမ်ရှင်းပေးတယ် တီ ပြန်လာခါနီးရင် အဲကွန်း က အဆင့်သင့်ဖွင့် ထားပေး တယ် တီ ပြန်လာရင် ရေ က အသင့် ခွက်နဲ့ တီ က ရောက်ပြီ ဆိုတာနဲ့ ကုတင်ပေါ်ကို ဝုန်းကနဲ ထိုးချလိုက်ပြီး….“မောင်” လို့အော်လိုက်ရင် လာနှိပ်ပေးပါတယ်။ ပြီးတာနဲ့ တီ ရေစိမ်ဖို့ ရေနွေး စပ်ပေး ပါတယ် ချိုးနေစဉ်မှာ လဲ ဆပ်ပြာလာတိုက်ပြီး နှိပ်ပေးပါသေးတယ်။ ညကျ စားသောက်ပြီးပြီဆိုရင်လဲ သူပဲ ဆေးကြော သိမ်းဆည်းပါတယ် ချက်တာကတော့ တီကလဲ ဝါသနာပါ သူကလဲ တီချက်တာ ကြိုက်လို့ တီ ချက်ကျွေးတာ များပါတယ်။ မနက်ဆိုရင်လဲ တီ က မနိုးသေးဘူး ကော်ဖီခွက် က အသင့်ဖြစ်နေပြီ၊ ပေါင်မုန့် က မီးကင်ပြီးသား ထောပတ်နဲ့ ဂျမ်နဲ့ သွားတိုက်ဆေးက အသင့်ထည့်ပြီးသား ရေချိုးခန်းမှာ ပြီးတော့မှ တီ့ ကိုလာနိုးပါတယ် တီ က အီး အဲ အင်း နဲ့ မထချင် ထချင် အီလေးဆွဲနေပါတယ် (စကားဖြတ်ပြောပါမယ် အဲ့ဒီ အီလေးဆွဲတယ် ဆိုတာ ကြီး ကိုသေချာနားမလည်ပါဘူး ငယ်ငယ်လေးထဲ က မေမေ (တီ့ မွေးစားမေမေက ခဏ ခဏ တီ့ ကိုဆူလို့ မှတ်မိနေတဲ့ စကားလုံးပါ အပျင်းထူတယ် အပျင်းကြောရှည်တယ် လို့တော့ သဘော ပေါက်ခဲ့ပါတယ်) ပြီးတော့ မှ နာရီ ကိုကြည့် မထ မနေ ထရတော့မယ် ဆိုမှ ထ ရေမိုးချိုး ပြီးတော့ ကော်ဖီ ကိုမော့ ပေါင်မုန့် ကို ပါးစပ် ထဲ အမြန်သွတ် သူ့ ကိုကစ်ပေးပြီး ရုံးလစ်ပါတယ် (ဟိဟိ ရုပ်ရှင်ထဲ က အတိုင်းနော် ပရိတ်သတ်များ မြင်ယောင် အားကျ ကြပါဗျို့ ကလေးတွေ လက်ခုတ်တီးပါတယ် ရွှီး ဖြောင်း ဖြောင်း ဖြောင်း)

ခုလဲမနေ့ က တနေ့လုံး တီ့ အဝတ်တွေ တဗီဒိုကြီးကို မီးပူတိုက် ပေးထားပါတယ် တီနောက်အပတ် ဘာလီ သွားမှာ ဆိုတော့ သူက ရှိသမျှအကုန်ထုတ်ပြီး မီးပူတွေ တိုက်ပေးထားပါတယ်။(ပုံတွင်ရှု…..)

ပြီးတော့ လာမယ့် စနေ သြဂုတ်လ ၁ ရက်နေ့ ကျရင် တီ အိမ်ပြောင်းမှာ မို့လို့ သူက ခုကတည်းက အကုန် သိမ်းဆည်း ထားပါတယ်။ အဲ့လောက် ချစ်တာပါ။

(မှတ်ချက် ဒီပိုစ့်ရေးဖြစ်သွားတာ ဒီအဝတ်ပုံကြောင့်ပါ တီ ဘာလီ ကိုညီလာခံ ၂ပတ်သွား တက် ရမယ်ပြော တော့ ရှိသမျှ အင်္ကျီတွေ ထုတ်လျှော်တန်တာလျှော် မီးပူတိုက်တန်တာတိုက် ပေး ထားပါတယ် အဲ့မှာ နည်းနည်း သရိုးသရီလေး heart ထိ သွားလို့ မောင့်အတွက် ဒီပိုစ့်လေးရေးတာပါ )

နောက်တခု က တီ့ရည်းစားပေါင်း ရသိန်း ၆သောင်းမှာ တီ့ အမေ နဲ့ ညီ (အရင်း) သဘောတူတာ သူတယောက်ပဲ ရှိပါတယ် တီ့ သူငယ်ချင်းတွေ တော်တော်များများ က သူ့ကိုသိပါတယ် အရင် အလုပ်ကလူတွေလဲ သိတယ် ညနေတိုင်းလာကြိုလို့ ခိခိ နောက် တီ့ အမျိုးတွေ အဒေါ်တွေ ညီအကို တဝမ်းကွဲ နှစ်ဝမ်းကွဲ အကုန်သိတယ် တချို့ ရည်းစားဟောင်းတွေ လဲ သိကြတယ် တော်တော်များများ က တီအတွက် သူသာလျှင် အသင့်တော်ဆုံး တီ့ အနွံအတာ အခံနိုင်ဆုံး သည်းညည်းအခံနိုင်ဆုံး ဆု၊အမှတ်ပေးကြတယ် အဲ့လောက် တီ့ ပတ်ဝန်းကျင်က လူတွေ က သူ့ ကိုချစ်ကြပါတယ် တီပဲမချစ်တာ ခိခိ တီက သူကလွဲရင် အကုန်ချစ်တယ် အဲ့လိုပါ ဒါပေမယ့် တီ သူ့ ကို သံယောဇဉ်ရှိပါတယ် တူတူနေလာကြတာ ပဲ ၄ နှစ်ရှိပြီလေနော် အဲ့လိုပေါ့

လောလောဆယ်တော့ ဒီလောက်ပဲရေးလို့ရသေးတယ်

သေချာတာကတော့ ကိုယ်က ရီတာ လို မရေမရာ မကွဲမပြား ဝေခွဲမရတွေမဖြစ်နေဘူး (စိတ်မဆိုးပါနဲ့ မမရီတာ) ကိုယ်က အတ္တနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ပါ ကိုယ်လိုချင်တာ ကို ကိုယ်အမြဲသေချာ သိတယ် ရအောင်လဲယူတယ် မလိုချင်ရင်လဲ ငြင်းပစ်ဖို့ဘယ်တုံးကမှ မနှေးဘူး ကိုယ့်ဘဝ မှ အားနာလို့လိုက်လျှော လိုက်တယ်ဆိုတာ မျိုးက တော်တော်ရှားပါတယ် လိုက်လျှောရင် အဲ့တာ ကိုယ်ကိုယ်တိုင်က လိုက်လျှောချင်လို့ပဲ အားမနာတတ်ဘူး အဲ့တော့ အရင်လမ်းဘေးမှာ ရေးပြီးရောင်းတဲ့ (တချို့ အိမ်တွေမှာထောင်ထားတတ်တဲ့ “အားနာလို့ လိုက်လျှောတာ အ တယ်လို့မထင်နဲ့” ဆိုတာမျိုးတွေ ပြောစရာ မလိုတော့ ဘူးပေါ့လေ ဟိဟိ)
အင်း ဘာတွေရေးနေမိမှန်းမသိဘူး ၃ နာရီထိုးနေပြီ ဒီနေ့တနေ့လုံး ညီလာခံ မှာ တော်တော် ပင်ပန်းတယ် presentation ၂ ခု နဲ့ ညနေ session တခု opening speech လုပ်ပေးရတယ် ညနေ event တခု organize လုပ်ရတယ် ပြီးပြီ ညီလာခံအတွက် ကိုယ်လုပ်စရာ အားလုံး မနက်ဖြန် အစည်းအဝေးတခု တက်ပြီးရင် ပြီးပြီ
၁၃ ရက်နေ့ ပိတ်ပွဲမသွားပါ ဒီက ချစ်ချစ် “မြို့ခံချစ်သူလေး” နဲ့ လျှောက်လည်ပါမယ်

ပျော်နေပါတယ်ကွယ် ကွယ် ကွယ်

P.S
အစက စစချင်း ဒီ ပိုစ့် ကိုတည်တုံးက ခေါင်းစဉ်က ကျမ ကို ချစ်သောယောက်ျားများနှင့် ကျမ က ချစ်သောယောက်ျားများပါ နောက်တော့ ခေါင်းစဉ်ကိုပြန်သေချာစဉ်းစားပြီး ကိုယ့်လက်ကိုရော ဦးနှောက် ကိုရော မှတ်ဥာဏ်ကိုရော အဲ့လောက် အပင်ပန်းမခံချင်တာနဲ့ တယောက်ပဲရေးမယ် ဆိုပြီး ဖြစ်သွားတာပါ

P.S.S
(ဒီပိုစ့်ကို မမကွမ်ကြီးဖတ်ရင်း ဖတ်ရင်းနဲ့ မနာလိုဖြစ်နေပါတယ် အိမ်က KLMS ကအဲ့လိုလဲမဟုတ်ဘူး ဘာညာတွေးနေပါတယ် မမရီတာ ကလဲ ကိုကိုသာ အဲ့လိုဆိုရင် မောင့်ကိုပစ်ပြီးတခါတည်း ကိုကို့ ကိုပဲရွေးချလိုက်မှာ ခုခေတ်မှာ ဒီလိုယောက်ျားရှားနေပြီ ဘာညာတွေးနေပါတယ် စာဖတ်သူ အသင်ကလဲ ဖတ်ရင်းနဲ့ တီချမ်းကို မိုက်လိုက်တဲ့ မိန်းမ လို့ပါးစပ်ကနေ ထုတ်ဖော်ပြောပြီး ဒေါမနဿ ပွားနေပါတယ် မောင်ဖိုးစိန်တယောက်ကတော့ ဖတ်ရင်းနဲ့ ဂျေ ဝင်နေပါတယ် အဲ့လို ပြောရင်လဲ “ချမ်းစိတ်ချမ်းသာရင်ပြီးတာပါပဲ” လို့ပြောပါမယ် ပြီးတော့ သူဘာမှမဖြစ်သလို တကယ်ပဲ ဘာမှမဖြစ်သလို နေပါမယ် နန်းညီ ကတော့ တီက ပွဲဆူအောင်လုပ်ပြန်ပြီလို့ပြောနေပါတယ် ဦးမွန်က အိမ်က အကောင်ကို တီ့ ဆီသင်တန်းလွှတ်မှ လို့တွေးနေပါတယ် မြောင်းကလေး ကတော့ ထုံးစံအတိုင်း တဟီးဟီး လုပ်နေပါတယ် မေဒီ တို့ မာလာတို့ ကြယ်တို့ မိရောင်တို့ သဇင်ဏီတို့ ကောင်မလေးငယ်ငယ်လေးများကတော့ တီရေ အပို ရှိသေးရင် မီးတို့လဲလိုချင်တယ် ဟု အပြင်တွင် ကွန်မမန့်ရဲသော် စီပုံးတွင် လာမအော်ရဲသော် စိတ်တွင်းကြိတ်အော်ကြပါသည်…
မှတ်ချက် မိရောင်ကို မသိမသာ ကလေးမများအကြားထည့်ထားပေးပါသည်

ပုံချစ်ဒေါ်…
စကားမစပ် မောင့် ကိုသတိရလိုက်တာကွယ်…ခိခိခိ)

Chen Addy
2:21 am
12th August 2009
Bali, Cakra Hotel
(During ICAAP conference)